အခန်း ၉၀၄
Vol. 64 Ch. 904
အပိုင်း (၉၀၄) အိမ်ပြန်တော့
လူသားကမ္ဘာမှ တစ်စုံတစ်ယောက်သည် အတွင်းကမ္ဘာထံသို့ လာရောက်လည်ပတ်ခဲ့ဖူးကြောင်း ကောင်းမင် သေချာသွား၏။ အဆုံးမဲ့လူသားလောကမှနေ၍ အတွင်းကမ္ဘာအတွင်းသို့ ဝင်ရောက်ရန်မှာ မခက်ခဲသော်လည်း အတွင်းကမ္ဘာမှတစ်ဆင့် အဆုံးမဲ့လူသားလောကဆီသို့ ပြန်သွားရန်မှာမူ အလွန်တရာအန္တရာယ်များပြီး ဒုက္ခများလှသည်။ ကံကြမ္မာ၏ အချုပ်အနှောင်များကို ရုန်းထွက်ဖျက်ဆီးနိုင်ခဲ့သူများသာလျှင် ထိုကဲ့သို့သော အခွင့်အရေးအနည်းငယ်ကို ပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်သည်။
“အဲဒီလူသားကမ္ဘာမှာလည်း ငါ့လိုပဲ ကံကြမ္မာကိုဆန့်ကျင်ပြီး ရုန်းထွက်နိုင်ခဲ့တဲ့လူတွေ ရှိနေတာပဲ”
ညကောင်းကင်အထက်ရှိ လူသားကမ္ဘာကြီးကို လှမ်းကြည့်လိုက်ရင်း ကောင်းမင်သည် တစ်ခါမှ မခံစားခဲ့ရဖူးသည့် အတိုင်းအဆမဲ့ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ပထမဆုံးသော လူသားကမ္ဘာသစ်ရွက်သည် ၎င်း၏ဟန်ဆောင်မှုများကို ဖယ်ရှားလိုက်ပြီးနောက် အခြားသစ်ရွက်အမြောက်အမြားသည်လည်း ကံကြမ္မာသွေးကြောများကို ဆက်တိုက်ဆိုသလို ချေမှုန်းဖျက်ဆီးပစ်လိုက်ကြသည်။ လူသားကမ္ဘာကို ထိုးဖောက်ထားသည့် ထိုသွေးကြောများသည် ကံကြမ္မာက သက်ရှိအားလုံးကို ပိတ်လှောင်ရန်အတွက် အသုံးပြုထားသည့် ချိန်းကြိုးများပင် ဖြစ်သည်။ အဆုံးမဲ့လူသားလောကအတွင်း၌ ကံကြမ္မာကို လုယူရန် ကြိုးပမ်းနေကြသူ အမြောက်အမြား ရှိနေပြီး သူတို့သည်လည်း အောင်မြင်သွားခဲ့ကြပြီ ဖြစ်သည်။
ပြိုလဲမှုသည် အတွင်းပိုင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အတွင်းကမ္ဘာ၏ စည်းမျဉ်း ၁၃ ခုသည် တစ်ခဏချင်းအတွင်း ဦးတည်ရာပြောင်းလိုက်ပြီး ထိုလူသားကမ္ဘာသစ်ရွက်များဆီသို့ ဦးတည်၍ ကြီးထွားလာကြတော့သည်။ အတွင်းကမ္ဘာနှင့် အဆုံးမဲ့လူသားလောကကို ပိုင်းခြားထားသည့် ကံကြမ္မာသစ်ပင်၏ အတားအဆီးမှာ ထိုစွမ်းအားနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုအောက်တွင် စိစိညက်ညက် ပြိုလဲပျက်စီးသွားရတော့သည်။
ထိုအချိန်တွင် အတွင်းကမ္ဘာ၌ဖြစ်စေ သို့မဟုတ် အဆုံးမဲ့လူသားလောက၌ဖြစ်စေ လူတိုင်း၏ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများမှာ အနည်းငယ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ ယင်းမှာ မမြင်နိုင်သော အချုပ်အနှောင်အချို့ အောင်မြင်စွာ ဖျက်ဆီးခံလိုက်ရသည့်အလား ဖြစ်သည်။ သူတို့ခေါင်းပေါ်ရှိ ကောင်းကင်ကြီးမှာလည်း ယခင်ကကဲ့သို့ ဖိအားများ ပေးမနေတော့ဘဲ လေထုကို ရှူရှိုက်လိုက်သည့် အသက်ရှူသံတိုင်းမှာလည်း ခွန်အား ပိုမိုပြည့်ဝလာစေခဲ့သည်။
ရှင်းလုသွေးမြို့တော်ဗဟိုချက်ရှိ လမ်းကြောင်းမှာ ရှုပ်ထွေးစွာ ပျံ့နှံ့သွားပြီး ကံကြမ္မာအစစ်၏ အလောင်းကို သယ်ဆောင်ကာ အဆုံးမဲ့လူသားလောကအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
မရေမတွက်နိုင်သော နောင်တများ၊ ဝမ်းနည်းပူဆွေးမှုများနှင့် စိတ်ပျက်အားငယ်မှုများအကြား ဖုံးကွယ်ထားသည့် စစ်မှန်သောမျှော်လင့်ချက်သည် ကြိုတင်သတ်မှတ်ခံထားရသည့် ကံကြမ္မာအားလုံးကို ချေမှုန်းပစ်လိုက်ပြီ ဖြစ်သည်။
မိမိ၏ကိုယ်ပိုင်ကံကြမ္မာကို မိမိစိတ်ကြိုက် ထိန်းချုပ်ခွင့်ရရှိသည့် ဖြစ်စဉ်နှင့်အတူ အိုမင်းခြင်း၊ မှောင်မိုက်ခြင်း၊ ပုပ်သိုးခြင်း စသည့်နာကျင်မှုများလည်း ထပ်တူထပ်မျှ လိုက်ပါလာလေသည်။ စည်းမျဉ်း ၁၃ခုသည် အတုအယောင်အလှတရားများကို ထိုးဖောက်သွားပြီး အဆုံးမဲ့လူသားလောကထံသို့ အမှန်တရားနှင့် ရွေးချယ်ပိုင်ခွင့် စွမ်းအားများကို တစ်ပြိုင်နက်တည်း ပြန်လည်အပ်နှင်းလိုက်တော့သည်။
ကံကြမ္မာသစ်ပင်ကြီးမှာ စတင်ယိမ်းယိုင်လာ၏။ သွေးကြောများ ပြတ်တောက်သွားသည့် ပထမဆုံးသစ်ရွက်သည် လုံးဝသွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ဒုတိယမြောက်၊ တတိယမြောက် သစ်ရွက်များလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲလာကြတော့သည်။ ကံကြမ္မာအလောင်း၏ လွှမ်းမိုးမှုအောက်တွင်လည်းကောင်း၊ အတွင်းကမ္ဘာ၏ တားမြစ်စည်းမျဉ်း ၁၃ခု၏ သွေးယဇ်ပူဇော်မှုအောက်တွင်လည်းကောင်း လူသားအမြောက်အမြားသည် နောက်ဆုံး၌ ကောင်းကင်ကြီး၏ အရောင်အသွေးကို မြင်တွေ့ခွင့် ရရှိသွားကြပြီ ဖြစ်သည်။ ကံကြမ္မာကြိုးမျှင်များ ပျက်စီးသွားသည့် အသံများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ဧရာမသစ်ပင်ကြီးကို ပတ်ယှက်ထားသည့် ကံကြမ္မာကြိုးမျှင်များလည်း သွေးများဖြင့် လုံးဝနီရဲသွားခဲ့ပြီး တစ်ခုပြီးတစ်ခု ပြတ်တောက်ကုန်သဖြင့် ကံကြမ္မာသစ်ပင်ကြီးမှာ သက်ရှိအားလုံးထံမှ စွမ်းအားများနှင့် ယုံကြည်မှုများကို ဆက်လက်စုပ်ယူနိုင်ခြင်း မရှိတော့ချေ။
လူတိုင်း ကံကြမ္မာကို မယုံကြည်ကြတော့သည့်အခါ ကံကြမ္မာဟူသည် လုံးဝစိတ်ကူးယဉ်ဆန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားရသည်။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ လူတိုင်း၏ ဘဝအတွေ့အကြုံများမှာ မတူညီကြသဖြင့် ကံကြမ္မာအပေါ် ထားရှိသည့် သူတို့၏ သဘောထားများမှာလည်း လုံးဝခြားနားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် ကံကြမ္မာကို လုံးဝပျောက်ကွယ်သွားအောင် ပြုလုပ်ရန် ကြိုးပမ်းခြင်းမှာ အရာမထင်ခဲ့ချေ။
အတွင်းကမ္ဘာအတွင်း နှစ်ရှည်လများစုဆောင်းထားခဲ့သည့် စိတ်ပျက်အားငယ်မှုများနှင့် အဆိုးမြင်စိတ်ခံစားချက်များမှာ သွေးများဖြင့် အောင်မြင်စွာ ယဇ်ပူဇော်ခံလိုက်ရပြီ ဖြစ်သည်။ သွေးမြို့တော် ၁၃ခုမှာမူ လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် စိတ်ဝိညာဉ်များကဲ့သို့ မှုန်ဝါးဝါး ဖြစ်လာကြလေသည်။ ကံကြမ္မာအစစ်၏ ရုပ်အလောင်းနှင့် ပေါင်းစပ်သွားခြင်းနှင့် ထိုအချက်များအားလုံး ပူးပေါင်းသွားခြင်းတို့ကြောင့် စိတ်ကူးမယဉ်နိုင်သည့် ပေးဆပ်မှုနှင့်အတူ ကံကြမ္မာသစ်ပင်၏ သစ်ရွက်တစ်ဝက်ခန့်မှာ သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး လူသားမျိုးနွယ်၏ ထက်ဝက်နီးပါးမှာလည်း ကံကြမ္မာ၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားခဲ့ကြချေပြီ။
ထိုခြေလှမ်းကို အောင်မြင်စွာလုပ်ဆောင်ပြီးနောက် ကောင်းမင်သည် သွေးမြို့တော်ပုံစံကွက်ပေါ်သို့ လဲပြိုကျသွားတော့သည်။ သူသည် လက်ရှိအချိန်အထိ ဖြစ်ပျက်သမျှအရာအားလုံး အိမ်မက်တစ်ခုအလား မရေမရာ ခံစားနေရဆဲ ဖြစ်သည်။
သူ့နောက်ဘက် သွေးမြို့တော်ပုံစံကွက် ၁၃ခု၏ ဗဟိုချက်တွင်မူ အဆုံးမဲ့လူသားလောကသို့ ဦးတည်မည့် လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။ အတွင်းကမ္ဘာအတွင်း မေ့လျော့ခံထားရသည့် ထိုမှတ်ဉာဏ်များ၊ လေလွင့်နေကြသည့် ထိုဝိညာဉ်များ၊ မတွေ့ဆုံနိုင်ဘဲ အမြဲတစေတမ်းတနေခဲ့ကြရသည့် ထိုမျက်နှာပိုင်ရှင်များအားလုံးသည် ဤလမ်းကြောင်းမှတစ်ဆင့် အဆုံးမဲ့လူသားလောကအတွင်းသို့ ဝင်ရောက်နိုင်ကြပြီ ဖြစ်သည်။
သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သည်။ ကောင်းမင် ခေါင်းမော့ကြည့်လိုက်သည်။ ရှင်းလုသွေးမြို့တော်ဗဟိုချက်ရှိ လမ်းကြောင်းမှာ ကံကြမ္မာအစစ်၏ အလောင်းနှင့် လုံးဝ ပေါင်းစပ်သွားပြီး မတူညီသောကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးထားပြီ ဖြစ်သည်။ လမ်းကြောင်း၏ တစ်ဖက်မှာ အတွင်းကမ္ဘာ၏ အမှောင်ထုအတွင်း အမြစ်တွယ်နေပြီး အခြားတစ်ဖက်မှာမူ ပျံ့နှံ့ ကြီးထွားသွားခဲ့ကာ လူသားမျိုးနွယ်၏ ထက်ဝက်ခန့်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ဤသွေးလမ်းကြောင်းမှာ မူလက ရှိနေခဲ့သည့် ကံကြမ္မာသစ်ပင်နှင့်အတူ ယှဉ်တွဲပေါက်ရောက်လာသည့် ပင်ပျိုအသစ်တစ်ပင်နှင့် အလားသဏ္ဌာန် တူနေလေသည်။
“ငါလည်း... ဒီလမ်းကြောင်းကနေတစ်ဆင့် အိမ်ပြန်လို့ရမလား”
ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်၏ ဒေသခံတစ်ယောက် မဟုတ်ချေ။အတွင်းကမ္ဘာအတွင်း၌ သူ့အား ကောင်းယန်ဟု ခေါ်ဆိုကြပေသည်။ သူ၏ အမည်အစစ်နှင့် အိမ်မှာမူ လူသားကမ္ဘာ၏ တစ်နေရာရာတွင် သေချာပေါက် ပုန်းကွယ်နေမည် ဖြစ်သည်။
အတွင်းကမ္ဘာ၏ ညကောင်းကင်ကြီးသည် စုတ်ပြဲနေခဲ့ပြီး မြေပြင်ပေါ်တွင်လည်း သိပ်သည်းသော အနံ့ဆိုးများ ပျံ့လွှင့်နေခဲ့ကာ သွေးပင်လယ်အတွင်း၌လည်း အလောင်းများ ပြည့်နှက်နေခဲ့သော်လည်း ဤအရာအားလုံး ထိုက်တန်ပေသည်။
“အောင်မြင်သွားပြီ”
“ငါတို့က လူသားလောကရဲ့ သုံးပုံတစ်ပုံလောက်ပဲ နီရဲသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာ၊ ဒါပေမဲ့ အခုတော့ ငါတို့မျှော်လင့်ချက်ထက် အများကြီး ကျော်သွားခဲ့ပြီ၊ သစ်ရွက်တွေလိုမျိုး ဆက်ဆံခံနေရတဲ့ အဲဒီလူသားကမ္ဘာတွေထဲမှာ လူတွေအများကြီးက ကိုယ့်ကံကြမ္မာကနေ ရုန်းထွက်ဖို့ အစွမ်းကုန် ကြိုးစားနေကြတုန်းပဲ”
ချန်ဂီနှင့် ဟန်ဖေးတို့သည် ငရဲဘုံအတွင်း အတူတကွ မတ်တတ်ရပ်လိုက်ရင်း လူသားကမ္ဘာကို လှမ်းကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် မရေမတွက်နိုင်သောပုံရိပ်များကို မြင်တွေ့နေရပုံပေါ်သည်။
“ကံကြမ္မာအစစ်ကို ကံတရားလို့ ဖော်ပြရင် ပိုတိကျလိမ့်မယ်၊ ဒါက လူတစ်ယောက်ရဲ့ အတိတ် ဒါမှမဟုတ် အနာဂတ်အပေါ်မှာ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်တာမျိုး မရှိခဲ့ဘူး၊ လူတိုင်းမှာ အဆုံးမဲ့အခွင့်အရေးတွေ ပိုင်ဆိုင်ထားကြတယ်၊ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်နေခဲ့လို့ပဲ လက်ရှိကံကြမ္မာက အခွင့်ကောင်းယူနိုင်ခဲ့ပြီး သူ့ကို အစားထိုးဖို့ တဖြည်းဖြည်း အကောင်အထည်ဖော်နိုင်ခဲ့တာ”
ဒေါက်တာကောင်းသည် ကောင်းမင်နှင့် အလွန်နီးနေပြီး သူ့ဘာသာ ပြောဆိုနေသည့်အလား ရေရွတ်လိုက်သည်။
“ဒီကံကြမ္မာသစ်ပင်က တစ်ယောက်ယောက်က သူ့လိုမျိုး ကြီးထွားလာပြီး နောက်ဆုံး သူ့နေရာကို အစားထိုးသွားမှာကို အရမ်းစိုးရိမ်နေခဲ့တာ၊ ဒါကြောင့်မို့လို့ သူက ကန့်သတ်ချက်တွေကို အစွမ်းကုန် ဖန်တီးထားခဲ့တာပေါ့၊ စည်းမျဉ်းအားလုံးကို အစောဆုံးချိုးဖောက်ခဲ့တာကလည်း သူကိုယ်တိုင်ပဲ”
ကောင်းမင်သည် ဒေါက်တာကောင်းကို လျစ်လျူရှုထားဆဲဖြစ် သူ့အား မည်သည့်အရာမျှ မမေးမြန်းခဲ့ချေ။ ခွန်အားအချို့ ပြန်လည်ရရှိလာပြီးနောက် သူသည် သွေးယဇ်ပူဇော်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရထားသည့် သားစားကြူးနတ်ဘုရားဆီသို့ လျှောက်သွားလိုက်ပြီး သူ့အခြေအနေကို သွားရောက်စစ်ဆေးလိုက်သည်။
“ကောင်းမင်”
ဒေါက်တာကောင်းက တစ်စုံတစ်ရာ ပြောချင်နေသော်လည်း ကောင်းမင်ကမူ လုံးဝ ပြတ်ပြတ်သားသားပင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
သွေးနီရောင်လမ်းကြောင်း လုံးဝတည်ငြိမ်သွားသည်နှင့် ချန်ဂီနှင့် ဟန်ဖေးတို့ နှစ်ဦးလုံးသည် ကောင်းမင်ထံသို့ တစ်ချိန်တည်း ရောက်ရှိလာကြသည်။
“အတွင်းကမ္ဘာက ကံကြမ္မာကို သတ်ဖြတ်နိုင်စွမ်းရှိတဲ့ စည်းမျဉ်း ၁၃ ခုကို အဆုံးမဲ့လူသားလောကဆီ လွှတ်လိုက်ပြီ၊ ကံကြမ္မာအစစ်ရဲ့အလောင်းနဲ့ ပေါင်းစပ်သွားတဲ့အတွက် လူသားကမ္ဘာမှာ ရှင်သန်နေကြတဲ့ လူတွေမှာလည်း ကံကြမ္မာကို သတ်ပစ်ဖို့ အခွင့်အရေးရှိသွားကြပြီ”
ဗဟိုသွေးမြို့တော်မှ ရောက်ရှိလာပြီး သွေးယဇ်ပူဇော်မှုအတွက် အများဆုံးပေးဆပ်ခဲ့ရသည့် ချန်ဂီသည် သွေးမြို့တော်သခင်တစ်ဦးအနေဖြင့် ကြီးမားသော ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း သူ့မျက်နှာပေါ်တွင်မူ စိတ်ပျက်အားငယ်မှုအရိပ်အယောင် တစ်စိုးတစ်စိမှ ရှိမနေချေ။ ယင်းမှာ ဆင်းရဲဒုက္ခအားလုံးသည် နေမင်းကြီးကို ယာယီကွယ်ထားသည့် တိမ်တိုက်တစ်ခုသာ ဖြစ်ပြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်ကြောင်း ပြသနေခဲ့သည်။
“ကံကြမ္မာသစ်ပင်က သက်ရှိအားလုံးအပေါ် ထားထားတဲ့ ထိန်းချုပ်မှုကို လုံးဝဆုံးရှုံးသွားပြီ၊ အခုဆိုရင် ငါတို့မှာ သူ့ကို လုံးဝအမြစ်ပြတ် ချေမှုန်းပစ်ဖို့ အခွင့်အရေး ၅၀ရာခိုင်နူန်း ရှိနေပြီ”
ကောင်းမင်က ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူထံတွင် ပြောစရာစကားများ ကျန်နေသေးကြောင်း အာရုံခံမိလိုက်သည်။
“ငါက ငါ့မျှော်လင့်ချက်အားလုံးကို တခြားသူတွေအပေါ်မှာပဲ ပုံအောထားမှာ မဟုတ်ဘူး၊ ဒါကြောင့် အတွင်းကမ္ဘာကလည်း အဆုံးမဲ့လူသားလောကထဲသို့ ဝင်ပြီး သွေးရောင်တွေဖြစ်အောင် လုပ်လိမ့်မယ်၊ ကံကြမ္မာသစ်ပင်ကို သတ်ပြီးတဲ့အချိန်ကျမှပဲ အဲ့ဒီသွေးရောင်တွေက ပျောက်ကွယ်သွားမှာ ဖြစ်ပြီး လူသားကမ္ဘာဟာ လူတိုင်းအတွက် စစ်မှန်တဲ့လူသားကမ္ဘာတစ်ခု ဖြစ်လာလိမ့်မယ်”
ချန်ဂီက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ့အမူအရာကို ကြည့်မနေပါက သူပြောလိုက်သည့် စကားလုံးများကြောင့် သူ့အား လူဆိုးတစ်ယောက်ဟု အလွယ်တကူ အထင်မှားသွားနိုင်ပေသည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သူ့တွင် ကြင်နာမှုအပေါ် သူ့ကိုယ်ပိုင်နည်းလမ်း ရှိနေခြင်း ဖြစ်သည်။
“ကျွန်တော့်ကို ဘာလုပ်ပေးစေချင်လို့လဲ”
ကောင်းမင် ခန့်မှန်းမိလိုက်သည်။
“ငါတို့ မင်းကို လူသားကမ္ဘာထဲကို ပထမဆုံးဝင်ရောက်မယ့် ‘သရဲ’ တစ်ကောင် ဖြစ်လာစေချင်တယ်”
ချန်ဂီသည် ဗဟိုသွေးမြို့တော်၏ သရဲပုံစံကွက်များ ရေးထွင်းထားသည့် အနီရောင်ဝတ်ရုံတစ်ထည်ကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။
“ငါတို့နဲ့ မတူတဲ့အချက်က မင်းဟာ အဆုံးမဲ့လူသားလောကကနေ လာခဲ့တာဖြစ်လို့ မင်းကို အဲဒီကမ္ဘာက ငြင်းပယ်မှာ မဟုတ်ဘူး”
“ပြန်သွားရမှာလား”
ကောင်းမင်စိတ်ထဲတွင် အမျိုးမျိုးသော မှတ်ဉာဏ်အပိုင်းအစများ ဖြတ်ပြေးသွားကြသည်။ သူ ပထမဆုံးအကြိမ် ဥမင်လိုဏ်ခေါင်းထဲမှ ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ မရေမတွက်နိုင်သော သေဆုံးမှုများ၊ မိမိ၏ ကိုယ်ပိုင်အလောင်းများဖြင့် ခင်းကျင်းထားသည့် လှေကားထစ်များအတိုင်း တက်လှမ်းခဲ့ရမှုများ၊ နောက်ဆုံးတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများအကြား မျှော်လင့်ချက် အရိပ်အမြွက်လေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရမှုများ၊ သားစားကြူးနတ်ဘုရားအပေါ် မှီခို၍ မိမိ၏ မှတ်ဉာဏ်များကို မိမိ၏ အသွေးအသားများအတွင်း ဖုံးကွယ်ထားခဲ့ရပြီး ပြောင်းလဲမှုအတွက် အခွင့်အရေး ရရှိခဲ့ရမှုများအထိ ဖြစ်သည်။ ဟန်ဟိုင်းမြို့တော်အတွင်း လူနှင့် သရဲ ပြောင်းပြန်ဖြစ်နေသည့် အမှန်တရားကို သိရှိခဲ့ရခြင်းမှစ၍ အချက်အလက်များ ရရှိရန်အတွက် ရှင်းလုအတွင်းသို့ ဝင်ရောက်ခဲ့ရခြင်းနှင့် ထို့နောက်တွင်မှ အတွင်းကမ္ဘာအတွင်း ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်ခဲ့ရခြင်းအထိ ခြေလှမ်းတိုင်းမှာ ဆင်းရဲဒုက္ခများနှင့် တိုက်ပွဲများဖြင့်သာ ပြည့်နှက်နေခဲ့ခြင်းဖြစ်သည်။
“ငါနောက်ဆုံးတော့ အိမ်ပြန်လို့ရပြီလား”
လွန်ခဲ့သည့် အချိန်အတော်ကြာကတည်းက ‘အိမ်’ ဟူသော စကားလုံးမှာ ကောင်းမင်အတွက် စိတ်ကူးယဉ်ရန်ပင် မဝံ့ရဲခဲ့သည့် စည်းစိမ်တစ်ခု ဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်းသည် သူ့ရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူသည် အဆုံးမဲ့လူသားလောကအတွင်းသို့ ပြန်လည်သွားရောက်ရန် အမှန်တကယ် လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်း၌ သူ့အဖေနှင့်အမေတို့ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
(TL note - အဆုံးမဲ့လူသားလောက (Endless Human Realm) ဆိုတာ ကံကြမ္မာသစ်ပင်ပေါ်မှာ ရှိနေတဲ့ မရေမတွက်နိုင်တဲ့ သစ်ရွက်တွေပါ။ လူသားကမ္ဘာ (Human World) ကတော့ သစ်ရွက်တစ်ရွက်ပေါ့။ရောနေမှာ စိုးလို့ပါ)