အခန်း ၉၀၅
Vol. 64 Ch. 905
အပိုင်း (၉၀၅) ဆေးမှတ်တမ်း ၁၃ခု
“မင်းက ပထမသရဲအုပ်စုကို ဦးဆောင်ပြီး အဆုံးမဲ့လူသားလောကဆီကို သွားရလိမ့်မယ်၊ စွမ်းရည်ပဲဖြစ်ဖြစ်၊ အတွေ့အကြုံပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စည်းမျဉ်းတွေအပေါ် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းပဲဖြစ်ဖြစ် မင်းက အကောင်းဆုံး ရွေးချယ်မှုပဲ”
ချန်ဂီ ပြောလိုက်သည့် စကားလုံးများအားလုံးမှာ ကျိုးကြောင်းဆီလျော်ပေသည်။ ဟန်ဟိုင်းအိပ်မက်သရဲများသည် တိုက်ခိုက်ရေးအပိုင်းတွင် အသန်မာဆုံး မဟုတ်သော်လည်း ဆန်းကြယ်သောစွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အိပ်မက်များအတွင်းသို့ ဖြတ်သန်းသွားလာနိုင်သည်။ ပိုအရေးကြီးသည့်အချက်မှာ အဆုံးမဲ့လူသားလောကအတွင်းရှိ နက်ရှိုင်းသော အိပ်မက်ဆိုးများသည် အတွင်းကမ္ဘာကြီး၏ အိပ်မက်များနှင့် သိမ်မွေ့စွာ ထပ်တူကျနေခြင်းပင် ဖြစ်သည်။
အသင့်တော်ဆုံးလူ၊ အသင့်တော်ဆုံး စွမ်းရည်များကို ပိုင်ဆိုင်ထားပြီး အသင့်တော်ဆုံး စည်းမျဉ်းများကိုပါ ထိန်းချုပ်ထားနိုင်သူ။ ကောင်းမင်သည် သူ့ကိုယ်သူ ဤမျှလောက်အထိ အရေးပါလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။
“ဒီဓားကို မင်းအတွက် ခဏငှားပေးလိုက်မယ်၊ ငါ ဒါကို သုညအတုကို သတ်ဖို့ သုံးခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ လုံးဝမသေဆုံးသွားခဲ့ဘူးလို့ ငါခံစားနေရတယ်၊ သူက အဆုံးမဲ့လူသားလောကဆီကို ထွက်ပြေးသွားခဲ့ပုံပဲ၊ အခု သူ့ပုံသဏ္ဌာန်က ဘယ်လိုမျိုး ဖြစ်နေမလဲတော့ ငါမသိဘူး၊ ဒီပြန်လည်မွေးဖွားခြင်းဓားက သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ကူညီပေးလိမ့်မယ်၊ အဲဒီကောင်က တော်တော်လေး အန္တရာယ်များတယ်”
ဟန်ဖေးသည် ဓားသွားမပါသည့် ဓားကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။ ထိုယုံကြည်မှုကြောင့် ကောင်းမင် တုံ့ဆိုင်းသွားရသည်။
“ယူထားလိုက်ပါ၊ ငါ့မှာ ဖြေရှင်းရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးလို့ပါ၊ မဟုတ်ရင် ငါကိုယ်တိုင် အဆုံးမဲ့လူသားလောကထဲ ဝင်သွားပြီး အဲဒီ သုညအတုရဲ့ ဝိညာဉ် လုံးဝကြေမွသွားတဲ့အထိ သတ်ပစ်မှာ”
ဟန်ဖေးသည် စကားများစွာ မပြောဆိုခဲ့သော်လည်း သူ့လုပ်ရပ်များအရ သူသည် နောက်ဆုံးတွင် ရှင်းလုကို ကာကွယ်ပေးခဲ့သည့် ကောင်းမင်အား အမှန်တကယ် ကျေးဇူးတင်နေကြောင်း ပြသနေလေသည်။
အဆုံးမဲ့လူသားလောကသို့ သွားရောက်ခြင်းဆိုသည်မှာ ကံကြမ္မာသစ်ပင်နှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပြီး အခြားသူများ၏ နယ်မြေအတွင်း၌ အမျိုးမျိုးသောအန္တရာယ်များနှင့် ကြုံတွေ့ရပေလိမ့်မည်။ ပြန်လည်မွေးဖွားခြင်းဓားသည် ဟန်ဖေးအား မရေမတွက်နိုင်သော ဒုက္ခများအတွင်းမှ လွတ်မြောက်အောင် ကူညီပေးခဲ့ဖူးပြီး ယခုတွင်မူ သူသည် ဤဓားကို ကောင်းမင်ထံသို့ ခေတ္တငှားပေးခဲ့ခြင်း ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းမင်အား မည်သည့်ထိခိုက်နစ်နာမှုမျှ မဖြစ်စေလိုသောကြောင့်ပင်။
“ငါနဲ့အတူ ခရီးသွားမယ့်သူတွေက မင်းကို ကူညီပေးကြလိမ့်မယ်၊ တကယ်လို့ မင်းအဲဒီမှာ မင်းအိမ်ကို ရှာမတွေ့ခဲ့ရင်လည်း ဝမ်းမနည်းပါနဲ့၊ မင်းမှာ အတွင်းကမ္ဘာထဲမှာလည်း မိသားစုဝင်တွေ ရှိနေပါသေးတယ်”
ပြန်လည်မွေးဖွားခြင်း သတ်ဖြတ်ခြင်းဓားနှင့် သွေးမြို့တော်သရဲပုံစံကွက်များကို ထည့်ချုပ်ထားသည့် အနီရောင်ဝတ်ရုံကို ကိုင်ဆောင်ထားရင်း ကောင်းမင်သည် သူ့ရှေ့ရှိ သွေးမြို့တော်သခင်နှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် သူတို့၏ စရိုက်လက္ခဏာစွမ်းရည်အားလုံးကို ဆွဲဆောင်မှုအပိုင်းတွင်သာ ပုံအောထားကြခြင်းလားဟု သူ သံသယဝင်မိသွားသည်။
“မင်း တခြားသွေးမြို့တော်တွေကိုလည်း သွားလည်ပတ်လို့ ရပါတယ်၊ သူတို့ဆီမှာလည်း မင်းအတွက် ပေးစရာတစ်ခုခု ရှိနေဦးမှာပါ”
သွေးယဇ်ပူဇော်မှုမပြုလုပ်မီက သွေးမြို့တော် ၁၃သုံးခုမှာ မတူညီသည့် ရပ်တည်ချက်များ ရှိနေခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရန်လိုနေခဲ့ကြသည်။ သွေးယဇ်ပူဇော်မှု ပြီးဆုံးသွားသည့်အချိန်တွင်မူ သူတို့ရှေ့မှောက်၌ လမ်းကြောင်းတစ်ခုတည်းသာ ကျန်ရှိတော့သည်။ ယင်းမှာ ကံကြမ္မာ၏ ဖျက်ဆီးတာကို ခံမလား သို့မဟုတ် ကံကြမ္မာကို အမြစ်ပြတ်ချေမှုန်းမလား ဆိုသည်ပင်။ သူတို့၌ အခြားရွေးချယ်စရာ လုံးဝမရှိတော့ချေ။
“ငါ မင်းပြန်လာမှာကို စောင့်နေမယ်၊ အဲဒီအချိန်ကျရင် ငါ့ကို စိတ်ဖောက်ပြန်မှုကမ္ဘာထဲ ဝင်ခွင့်ပေးဖို့ မမေ့နဲ့ဦး”
ဟန်ဖေး ပြောပြီးသည်နှင့် ထွက်ခွာသွား၏။ လမ်းကြောင်းသည် ရှင်းလုသွေးမြို့တော်သို့ ဦးတည်နေပြီး ယင်းက အနာဂတ်တွင် ကံကြမ္မာသစ်ပင်၏ အဓိကတိုက်ခိုက်မည့် ပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ သူ၏ စိတ်အစဉ်အတွင်း တွေးတောစရာအစီအစဉ်များစွာ ရှိနေခဲ့သည်။
“ငါတို့ လူသားလောကရဲ့ တစ်ဝက်လောက်ကို နီရဲသွားအောင် လုပ်နိုင်ခဲ့ပြီ၊ ကံကြမ္မာသစ်ပင်က အတွင်းကမ္ဘာအပေါ် သေချာပေါက် လက်စားချေတိုက်ခိုက်လာလိမ့်မယ်၊ အဲဒီအထဲမှာ ဗဟိုသွေးမြို့တော်က အဓိကခံရလိမ့်မယ်၊ ဒါကြောင့်မို့လို့ ငါတို့ မင်းနဲ့အတူ အိမ်ကို လိုက်မပေးနိုင်တာပါ”
ချန်ဂီသည် ကောင်းမင်ဘေးမှ ဖြတ်လျှောက်သွားရင်း ပြုံးလိုက်သည်။ သူသည် အထက်ရှိ လူသားလောကကို လှမ်းကြည့်လိုက်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
“ကံကြမ္မာရဲ့ ချည်နှောင်မှုကို ခံထားရတဲ့လူတွေဟာ ကြောက်ရွံ့မှုကို ခုခံနိုင်စွမ်း အားနည်းကြမှာ သေချာတယ်၊ အဆုံးမဲ့လူသားလောကထဲမှာ သရဲအိမ်တစ်အိမ်လောက် ဖွင့်လိုက်ရင်တော့ အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ”
“ခင်ဗျားရဲ့ စိတ်ဝင်စားမှုက နည်းနည်းတော့ ထူးဆန်းတာပဲ”
ကောင်းမင် မနေနိုင်ဘဲ ပြန်ခြေပလိုက်မိသည်။
သွေးမြို့တော်သခင်နှစ်ဦး ထွက်ခွာသွားပြီးနောက် ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ အခြေအနေကို စတင်စစ်ဆေးလိုက်သည်။ သွေးယဇ်ပူဇော်မှုကြောင့် သူသည် ထိခိုက်မှုကြီးကြီးမားမား ခံစားခဲ့ရသဖြင့် ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
“ကောင်းမင်၊ ငါ ပြောတာ ဆုံးအောင် နားထောင်ပါဦး”
မြေပြင်ပေါ်တွင် အပြစ်မီးလျှံများ စွန်းထင်းနေသည့် ချိန်းကြိုးများကို တရွတ်တိုက်ဆွဲသံနှင့်အတူ ဒေါက်တာကောင်းသည် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့ဆီ လျှောက်လာခဲ့သည်။ သူသည် သူတို့နောက်သို့ လမ်းတစ်လျှောက်လုံး လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ပင် အလွန်အရေးကြီးသည့် စကားတစ်ခွန်းပြောရန် ရှိနေခဲ့သည်။
“အဆုံးမဲ့လူသားလောကဟာ ကံကြမ္မာသစ်ပင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ၊ တကယ်လို့ ငါတို့သာ ဝင်မစွက်ဖက်ဘူးဆိုရင် အဲဒီအနီရောင်သစ်ရွက်တွေက ပြန်လည်သန့်စင်သွားနိုင်တယ်၊ ကံကြမ္မာသစ်ပင်က ဒီဘေးဒုက္ခကို ကျော်လွှားနိုင်ပြီး ကံကြမ္မာအလောင်းတွေရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်သွားမယ်ဆိုရင် ငါတို့အတွက် နောက်ထပ်အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး”
“ဒါတွေအကုန်လုံးကို ကျုပ်သိပြီးသားပါ”
“ငါ မင်းနဲ့အတူ အဆုံးမဲ့လူသားလောကထဲ လိုက်ခဲ့မယ်၊ မင်း အဲဒီမရင်းနှီးတဲ့ စည်းမျဉ်းကမ္ဘာသစ်ထဲ ရောက်သွားလို့ ပြဿနာတစ်ခုခု ကြုံတယ်ဆိုရင် ညှဉ်းပန်းနှိပ်စက်ခန်းထဲက ချိန်းကြိုးတွေကတစ်ဆင့် ငါ့ကို ရှာလို့ရတယ်”
ထို့နောက်တွင်မူ ဒေါက်တာကောင်းသည် ဆေးမှတ်တမ်း ၁၃ စောင်ကို ထုတ်ယူလိုက်သည်။
“မင်း ဒီနေရာသို့ ရောက်လာတာက ငါနဲ့ဆိုင်တယ်ဆိုပေမဲ့လည်း ငါ မင်းကို သေချာပေါက် ပြောပြရမယ့် အချက်တစ်ခု ရှိသေးတယ်၊ ဒါက ငါဟာ နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ဘူးဆိုတာပဲ”
ထိုစကားကို ကြားလိုက်သောအခါ ကောင်းမင်သည် သူ့အကြည့်ကို သားစားကြူးနတ်ဘုရားထံမှ ဖယ်ခွာ၍ ဒေါက်တာကောင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။
“မြို့သုံးမြို့ဆုံမှတ်မှာ ရှိနေတဲ့ ဥမင်လိုဏ်ခေါင်းက အရမ်းရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့တာ၊ အစပိုင်းတုန်းက အဲ့ဒီဘေးပတ်ပတ်လည်မှာ ဝေ့ဝဲနေတဲ့ စွမ်းအားတွေက အတွင်းကမ္ဘာနဲ့ ဘာမှမသက်ဆိုင်ခဲ့ဘူး၊ တစ်နည်းအားဖြင့်ပြောရရင် အဲဒီဥမင်လိုဏ်ခေါင်းကို အဆုံးမဲ့လူသားလောကက လူတွေက ငါတို့မသိရတဲ့ နည်းလမ်းအချို့ကို သုံးပြီး ဖွင့်ခဲ့ကြတာပဲ၊ သူတို့က မင်းကို တိုက်တိုက်ဆိုင်ဆိုင် ရွေးချယ်လိုက်မိရုံသက်သက်ပဲ”
ဒေါက်တာကောင်းသည် စကားကို လိမ်ပြောခဲသူဖြစ်သည်။ သူ့မျက်စိထဲတွင် လှည့်ဖြားခြင်းဆိုသည်မှာ အလွန်တရာ အောက်တန်းကျလှသည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။
“မင်းတို့ထဲက အများအပြားဟာ ဥမင်လိုဏ်ခေါင်းထဲမှာ သေဆုံးခဲ့ကြရတယ်၊ မင်းက ဘယ်လူသားကမ္ဘာကနေ လာခဲ့လဲဆိုတာ အခုအချိန်ထိ ငါအသေအချာ မသိရသေးပေမဲ့လည်း ငါ့ရဲ့ လေ့လာစောင့်ကြည့်မှုတွေနဲ့ တွက်ချက်မှုတွေအရဆိုရင် မင်းဟာ ဒီလူ ၁၃ ယောက်နဲ့ ဆက်နွှယ်မှုတချို့ ရှိနေရမယ်၊ ဆေးမှတ်တမ်းတွေပေါ်မှာ တွယ်ယှက်နေတဲ့ ကျိုးကြောင်းဆက်နွှယ်မှုတွေကတစ်ဆင့် မတူညီတဲ့ လူသားကမ္ဘာတွေကို မင်း ခွဲခြားနိုင်လိမ့်မယ်၊ မင်းအိမ်ကို မကြာခင် ရှာတွေ့နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်”
သွေးယဇ်ပူဇော်မှုသည် ဒေါက်တာကောင်းအပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှု ရှိစေခဲ့သည်။ အတွင်းကမ္ဘာတစ်ခုလုံးတွင် သူ့ရန်သူများ ပြန့်နှံ့နေကြောင်း သူ သိထားသည်။ ယင်းကို ပြောကြားပြီးနောက် သူပျောက်ကွယ်သွားတော့သည်။
ထိုဆေးမှတ်တမ်း ၁၃ သုံးစောင်မှာ မတူညီသည့် လူသားကမ္ဘာ ၁၃ခုမှ ရရှိထားခြင်း ဖြစ်သည်။ တစ်စောင်ချင်းစီတိုင်းပေါ်တွင် စိုးရိမ်ရလူနာ သတိပေးချက်များ ပါရှိနေပြီး တစ်စောင်စီပေါ်ရှိ အမည်များကိုလည်း ခြစ်ထုတ်ထား၏။ သို့သော်လည်း ၎င်းတို့ပေါ်တွင် ကပ်ထားသည့် ဓာတ်ပုံများမှာမူ ကောင်းမင်နှင့် တစ်ပုံစံထဲ ထပ်တူကျနေလေသည်။
သွေးယဇ်ပူဇော်မှု အောင်မြင်သွားသည့်အတွက်ကြောင့် လက်ရှိအချိန်တွင် အတွင်းကမ္ဘာသည် ကံကြမ္မာသစ်ပင်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စွမ်းအားကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ သွေးမြို့တော် ၁၃ခုမှာလည်း ကံကြမ္မာ၏ လက်စားချေတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုများကို စတင်ပြုလုပ်နေကြပြီ ဖြစ်သည်။ ကောင်းယန်နှင့် အကျဉ်းချုံး စကားပြောပြီးနောက် ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်ဆီ ပြန်လည်သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှုနှုန်းသည် ပြင်ပကမ္ဘာနှင့် မတူညီသဖြင့် ကောင်းမင်တစ်ယောက် ဟန်ဟိုင်းသွေးမြို့တော်သို့ ပြန်မရောက်ခဲ့သည်မှာ အလွန်ကြာမြင့်နေပြီဟု ခံစားနေရသည်။
သူသည် ဟန်ဟိုင်းမြို့သားတစ်ဦး၏ အိပ်မက်အတွင်းသို့ မဝင်ရောက်မီအထိ မရေမတွက်နိုင်သော ဝိညာဉ်များ၏ အိပ်မက်များကို ဖြတ်သန်းသွားလိုက်သည်။ နောက်အခိုက်အတန့်တွင်မူ ကောင်းမင်သည် ခန့်ညားထည်ဝါပြီး ကြီးမားလှသော ဟန်ဟိုင်းသွေးမြို့တော်ကြီးကို မြင်တွေ့လိုက်ရတော့သည်။ အိပ်မက်အတွင်းမှ လှမ်းထွက်လိုက်ရင်း ကောင်းမင်သည် သူ့ရှေ့တွင် ရှိနေသည့် သွေးနီရောင်အိပ်မက်ဆိုးများဖြင့် တည်ဆောက်ထားသည့် မြို့တော်ကြီးကို စူးစိုက်ကြည့်ရှုလိုက်လေသည်။ ယခင်က ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့သော သွေးမြို့တော်ကြီးသည် ဖြည်းညင်းစွာ ပြန်လည်နိုးထလာခဲ့ပြီ ဖြစ်သည်။
“ဒါက တကယ်ကြီး အဆိုးဝါးဆုံးမကောင်းဆိုးဝါးတွေ နေတဲ့နေရာနဲ့ တူနေတာပဲ”
ကောင်းမင်က ရိုးသားစွာ မှတ်ချက်ချလိုက်မိသည်။ မရေမတွက်နိုင်သော ဝိညာဉ်များနှင့် သရဲများသည် အိပ်မက်တစ်ခုစီအတွင်းရှိ မှတ်ဉာဏ်များကို ဝါးမြိုနေကြပြီး နောင်တများကို ဆွဲဖြဲနေကြလေသည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤမြင်ကွင်းကို မျက်လုံးဖွင့်ကြည့်မိမည်ဆိုပါက သူသည် ငရဲဘုံ၏ ၁၉ ထပ်မြောက်သို့ ရောက်သွားပြီဟု ထင်မှတ်သွားပေလိမ့်မည်။
“ဘယ်သူက ကိုယ့်ရဲ့ကိုယ်ပိုင်မိသားစုကို ဒီလိုမျိုး ခေါ်ပါ့မလဲ”
ကောင်းယန်၏ အသံက ကောင်းမင်နားထဲတွင် ပဲ့တင်ထပ်လာ၏။
“နောက်တစ်ခါကျရင် မင်း အိမ်မှာပဲ နေခဲ့ပါ၊ ငါပဲ အပြင်ထွက်မယ်”
ကောင်းယန်သည် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ကောင်းမင်တစ်ယောက် မည်မျှဆိုးရွားလှသော အခြေအနေများကို ဖြတ်သန်းခဲ့ရကြောင်း သိထားသဖြင့် ကောင်းမင် ပြန်ရောက်လာသည်ကို မြင်သောအခါ သူ၏ စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ကွယ်သွားတော့သည်။
“ဒါကတော့ မဖြစ်နိုင်မှာ စိုးမိတယ်၊ငါက နောက်ထပ် အဆုံးမဲ့လူသားလောကဆီ သွားရဦးမှာ၊ ငါ့ရဲ့ မူလအစကို ဖုံးကွယ်ထားတဲ့ နေရာပေါ့”
ကောင်းမင် ပြုံးလျက် ငြင်းပယ်လိုက်သည်။
“မင်းပဲ အရင်သွားပြီး အလုပ်ရှုပ်နေလိုက်စမ်းပါ၊ ငါ ဒီမြို့တော်ကြီးကို တစ်ယောက်တည်း လျှောက်ပတ်ကြည့်ချင်သေးတယ်”
“မင်းအသက်ရှင်နေသရွေ့တော့ စက္ကန့်တိုင်းက အစအသစ်တစ်ခုပဲလေ၊ အတိတ်ကို ထပ်ပြီး လိုက်မရှာနေပါနဲ့တော့၊ ငါနဲ့အတူ အတွင်းကမ္ဘာထဲမှာပဲ နေခဲ့စမ်းပါ”
ကောင်းယန်က သူ့အား ဆက်နေရန် ဖျောင်းဖြပြောဆိုလိုသော်လည်း ကောင်းမင်ကမူ သူ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ထားခဲ့ပြီးသား ဖြစ်သည်။
“ငါ ပြန်လာမှာပါ၊ အဲဒီအချိန်ကျရင် ကံကြမ္မာသစ်ပင်ကြီးက အမြစ်ကနေ ဆွဲနုတ်ခံရပြီး ဖြစ်နိုင်သလို ငါတို့ တစ်ယောက်ချင်းစီတိုင်းလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို လက်ထဲမှာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ကြလိမ့်မယ်”
ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်အတွင်း လျှောက်လှမ်းနေခဲ့သည်။ သူသည် သူ၏ ခြေလှမ်းဟောင်းများကို ပြန်လည်နင်းလျှောက်၍ ဟန်သဲ့ကိုယ်ပိုင်ကျောင်းဆီသို့လည်းကောင်း၊ ခြောက်ခြားဂိမ်းကစားသမားများ၏ ရုံးချုပ်ဆီသို့လည်းကောင်း၊ စီတုအန်း၏ ဆေးရုံဆီသို့လည်းကောင်း လျှောက်သွားနေခဲ့ပြီး စည်းမျဉ်းများအတွင်း ပျောက်ကွယ်သွားကာ သူ ကံကြမ္မာပြောင်းလဲပေးခဲ့သည့် လူများနှင့် သရဲများကို လိုက်လံကြည့်ရှုနေခဲ့သည်။
အရိပ်ကမ္ဘာ၊ အိပ်မက်ချိုးဖျက်မြို့နှင့် ဟန်ဖေး ယခင်က တည်ဆောက်ခဲ့ဖူးသည့် လူနှင့် သရဲ အတူနေထိုင်ရာဇုန်တို့မှာမူ အချင်းချင်း ချိတ်ဆက်နေခဲ့ကြသည်။ အချို့နေရာများမှာမူ ကောင်းမင်၏ မှတ်ဉာဏ်များအတွင်း၌သာ တည်ရှိနေခဲ့ကြသည်။ ဥပမာအားဖြင့် ကျန်းတင်း၏ စူပါမားကတ်နှင့် သူနှင့် ရှရန်တို့ အတူတူ အလုပ်လုပ်ခဲ့ကြဖူးသည့် ဂိမ်းကုမ္ပဏီတို့ကဲ့သို့ ဖြစ်သည်။
ခြေလှမ်းတစ်လှမ်းချင်း လျှောက်နေရင်း နောက်ဆုံးတွင် ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်၏ အစွန်းပိုင်းဖြစ်သော ထိုဥမင်လိုဏ်ခေါင်း၏ အဝင်ဝတွင် ခြေလှမ်းများ ရပ်တန့်လိုက်တော့သည်။