← Chapters

အခန်း ၉၀၆

Vol. 64 Ch. 906

အခန်း ၉၀၆

Vol. 64 Ch. 906

အပိုင်း (၉၀၆) ဒီကမ္ဘာမှာ ကံကြမ္မာမရှိဘူး

“ဒေါက်တာကောင်း ပြောတာကတော့ ဒီဥမင်လိုဏ်ခေါင်း ပေါ်ထွက်လာတာက အတွင်းကမ္ဘာနဲ့ ဘာမှမသက်ဆိုင်ဘူးတဲ့၊ မူလက ဒါဟာ အဆုံးမဲ့လူသားလောကရဲ့ စွမ်းအားတွေနဲ့ တွယ်ယှက်နေခဲ့တာ၊ ပြီးတော့ ကံကြမ္မာရဲ့ ကြိုးဆွဲရာကနေရတဲ့ လူသားကမ္ဘာက လူတွေကလည်း ကံကြမ္မာကို ပုန်ကန်ချင်နေကြတာလား”

အတွင်းကမ္ဘာသည် အဆုံးမဲ့လူသားလောကသို့ ဦးတည်မည့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုနေပြီး အဆုံးမဲ့လူသားလောကအတွင်းရှိ အချို့သူများကလည်း အတွင်းကမ္ဘာနှင့် ပြန်လည်ချိတ်ဆက်နိုင်ရန် မျှော်လင့်နေကြသည်။

စည်းမျဉ်းနှစ်ခုကို ကျွမ်းကျင်ထားပြီး သာမန်အိပ်မက်သရဲများထက် သာလွန်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသဖြင့် ကောင်းမင်သည် ထိုမပြောသင့်သူနယ်ပယ်အတွင်း အလွန်အမင်းစွမ်းအားကြီးလှသည့် ဖြစ်တည်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ သူသည် ပိန်းပိတ်အောင် မှောင်မည်းနေသည့် ဥမင်လိုဏ်ခေါင်းကို စူးစိုက်ကြည့်ရှုလိုက်သည်။ ယခုတစ်ကြိမ် ပြန်လည်ရောက်ရှိလာခြင်းမှာ ယခင်က မည်သည့်အကြိမ်နှင့်မျှ မတူဘဲ ကွဲပြားခြားနား၏။

အတိတ်နှင့် အနာဂတ်ကို ကိုယ်စားပြုသည့် နတ်ဘုရားနှစ်ပါး၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာကြသည်။ အိပ်မက်စည်းမျဉ်းများနှင့် ရူးသွပ်မှုစည်းမျဉ်းများသည် ဥမင်လိုဏ်ခေါင်းအတွင်းသို့ ပေါင်းစပ်သွားခဲ့ကြပြီး ကောင်းမင်လျှောက်လှမ်းမည့် လမ်းခရီးအတွက် မီးအိမ်များ ထွန်းညှိပေးလိုက်သည့်နှယ် ဖြစ်သည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းမင်သည် အထက်မှနေ၍ တတောက်တောက် စီးကျနေသည့် ရေစက်သံများကို နားစွင့်နေမိသည်။ ယင်းမှာ အချိန်၏ စီးဆင်းသံနှင့်ပင် တူနေသေးသည်။

အတွင်းကမ္ဘာအတွင်း အချိန်သွေးမြို့တော် ရှိနေသော်လည်း ဤဥမင်လိုဏ်ခေါင်းအတွင်းရှိ အချိန်စည်းမျဉ်းများမှာမူ အတွင်းကမ္ဘာ၏ စည်းမျဉ်းများနှင့် လုံးဝ ခြားနားနေလေသည်။

“ဒေါက်တာကောင်းပြောတာ မှန်တယ်၊ ဒီဥမင်လိုဏ်ခေါင်းကို ဖန်တီးခဲ့တဲ့စွမ်းအား ဒါမှမဟုတ် ကမ္ဘာနှစ်ခုကြားက ဒီအက်ကြောင်းကြီးကို ဆွဲဖြဲခဲ့တဲ့စွမ်းအားက အတွင်းကမ္ဘာနဲ့ ဘာမှမသက်ဆိုင်ဘူး”

သေဆုံးမှတ်ဉာဏ်အားလုံးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြပြီ ဖြစ်သည်။ ကောင်းမင်သည် ဤမှောင်မိုက်လှသော ဥမင်လိုဏ်ခေါင်းအတွင်း၌ မရေမတွက်နိုင်သော အကြိမ်ပမာဏအထိ လေလွင့်လျှောက်လှမ်းခဲ့ဖူးပုံရသည်။ သူသည် ဤဥမင်လိုဏ်ခေါင်း၏ ထောင့်တိုင်းကို အလွန်ရင်းနှီးနေသင့်သည် ဖြစ်သော်လည်း သူ့စွမ်းအားက အချို့ကန့်သတ်ချက်များကို ဖောက်ထွက်သွားသည့် အချိန်တွင်မူ သူ မြင်တွေ့နေရသည့် ဥမင်လိုဏ်ခေါင်းမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဖုန်မှုန့်များ ထူထပ်နေသည့် နံရံများပေါ်တွင် ထူးဆန်းသော သင်္ကေတမျိုးစုံဖြင့် ပြည့်နှက်နေခဲ့သည်။ ၎င်းတို့မှာ အတွင်းကမ္ဘာ၏ သရဲတက်တူးများ၊ နတ်ဘုရားပုံစံကွက်များနှင့် လုံးဝကွဲပြားသည့် စွမ်းအားစနစ်များ ဖြစ်သဖြင့် ကောင်းမင်အား အန္တရာယ်ရှိသည်ဟု ခံစားရစေသလို တစ်ဖက်တွင်လည်း ရင်းနှီးမှုကိုပါ ပေးစွမ်းနေခဲ့သည်။

ခြေတစ်လှမ်းချင်း နင်းလျှောက်ရင်း သူသည် ဥမင်လိုဏ်ခေါင်း၏ ဗဟိုချက်ဆီသို့ ရောက်ရှိသွားတော့သည်။ ကျောင်းဘတ်စ်ကားကြီးမှာ ဘေးစောင်းလဲနေခဲ့သည်။ ရေစက်များစီးကျရာ ဦးတည်ချက်လည်း ပြောင်းလဲသွားပြီး ဥမင်လိုဏ်ခေါင်း၏ အောက်ခြေမှ အထက်သို့ “ဆန်တက်” နေလေသည်။ ဤနေရာတွင် အချိန်နှင့် အာကာသတို့မှာ လုံးဝဖရိုဖရဲဖြစ်နေခြင်း ဖြစ်သည်။

“မပြောသင့်သူအဆင့်ကို မရောက်သေးရင်တော့ ထူးဆန်းတဲ့အခြေအနေတွေကိုတောင် ရှာတွေ့နိုင်မယ့် အခွင့်အရေး ရှိမှာမဟုတ်ဘူး”

ကောင်းမင်သည် ဘတ်စ်ကားဘေးတွင် ခြေလှမ်းရပ်လိုက်ပြီး သူ့လက်ချောင်းထိပ်လေးများဖြင့် သံချေးတက်နေသည့်နေရာကို အသာအယာ ထိတွေ့လိုက်သည်။ ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများအလား ရှိနေသည့် ဟန်ဆောင်မှုအလွှာတစ်ခုမှာ ချက်ချင်း ပြိုလဲပျက်စီးသွားခဲ့သည်။

အနာဂတ်ကို ကိုယ်စားပြုသည့် ကောင်းမင်၏ ညာဘက်မျက်လုံးအတွင်း၌မူ ဘတ်စ်ကားက ပုံမှန်အတိုင်းပင်။ သို့သော်လည်း အတိတ်ကို ကိုယ်စားပြုသည့် သူ၏ ဘယ်ဘက်မျက်လုံးအတွင်း၌မူ သူစီးနင်းခဲ့ဖူးသည့် ဘတ်စ်ကား၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းတစ်ခုလုံးတွင် အဆောင်စာရွက်များဖြင့် သိပ်သည်းစွာ ပြည့်နှက်နေခဲ့ချေပြီ။

ယင်းက အလွန်တရာ သွေးပျက်ခြောက်ခြားဖွယ်ကောင်းလှပေသည်။ အေးစက်စက်လေပြင်းများ တိုက်ခတ်လာချိန်တွင်မူ ၎င်းတို့သည် နဂါးအကြေးခွံများအလား သွေးနီရောင်အလင်းတန်းများဖြင့် လင်းထိန်နေခဲ့ပုံရသည်။

သူသည် အဆောင်စာရွက်များထဲမှ တစ်ခုကို ဆွဲဖြဲလိုက်သည်။ ၎င်း၏ အနောက်ဘက်တွင်မူ လူတစ်ယောက်၏ မွေးသက္ကရာဇ်နှင့် မွေးဖွားချိန်ကို ရေးသားထားပုံရသည်။ ကောင်းမင် ၎င်းကို သေသေချာချာ မစစ်ဆေးရသေးမီမှာပင် ဝါကျင်ကျင်စက္ကူပြားလေးမှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ အဆောင်စာရွက်ပြာစလေးများသည် ကောင်းမင်၏ မျက်လုံးများဆီသို့ လွင့်ပျံလာကြသည်။ သူ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူ့လက်များကို ဝေ့ယမ်း၍ အိပ်မက်စည်းမျဉ်းများကို သုံးကာ ဥမင်လိုဏ်ခေါင်းကို လင်းထိန်စေလိုက်သည်။

ထိုပုံရိပ်ယောင်ကမ္ဘာကြီးအတွင်း၌ ဥမင်လိုဏ်ခေါင်းထဲ မြှုပ်နှံခံထားရသည့် ရုပ်အလောင်းများမှာ မျက်လုံးများ ဖွင့်ဟလိုက်ပုံရသည်။ သေဆုံးသွားခဲ့ကြသည့် ကောင်းမင်တစ်ယောက်ချင်းစီတိုင်းတွင် မတူညီသည့် မွေးဖွားခြင်းဆိုင်ရာ ကံကြမ္မာဇယားတစ်ခုစီ ရှိနေကြပုံရပြီး အချို့မှာ ကောင်းမွန်သော်လည်း အချို့မှာမူ ဆိုးရွားလှသည်။ ဤအလောင်းများသည် ကမ္ဘာပေါ်ရှိ မွေးသက္ကရာဇ်တိုင်းနှင့် ကံကြမ္မာတိုင်းနီးပါးကို ဖြတ်သန်းခဲ့ကြဖူးခြင်း ဖြစ်သည်။

“စကြာဝဠာကြယ်ပွင့်တွေရဲ့ ကောင်းချီးပေးမှုကို ခံထားရတဲ့ ကံကြမ္မာ၊ ရှစ်ဆသော ကြီးပွားချမ်းသာခြင်း၊ နတ်ဆေးသမားတော် ကြယ်ပွင့်၊ ရန်နဲ့ကွေတို့ စည်းစိမ်ကြွယ်ဝမှုပေါ် ထိုင်နေခြင်း၊ လေဟုန်စီး၍ စွမ်းအားများ ရရှိလာခြင်း...”

မွေးဖွားခြင်းဆိုင်ရာ ကံကြမ္မာဇယား (ဇာတာခွင်) ဆိုသည်မှာ လူတစ်ယောက်၏ ကံကြမ္မာဆီသို့ ဦးတည်မည့် လျှို့ဝှက်ကုဒ်တစ်ခု ဖြစ်ပြီး သူတို့ မွေးဖွားလာကတည်းက တစ်ဘဝလုံး လိုက်ပါလာလေ့ရှိသည်။ မွေးဖွားလာသည့်အချိန်တွင် လူကြီးမိဘများက ထိုကံကြမ္မာဇယားအပေါ် မူတည်၍ မင်္ဂလာရှိမည့် အမည်နာမကို ရွေးချယ်ပေးလေ့ရှိကြသည်။ အိမ်ထောင်ပြုမည့်အရေးကို ဆွေးနွေးကြသည့်အခါ ရိုးရာဓလေ့အရ မောင်နှံနှစ်ဦး၏ ကံကြမ္မာဇယားများကို တိုက်ဆိုင်စစ်ဆေးလေ့ရှိကြသည်။ ဘဝ၏ အရေးကြီးဖြစ်ရပ်များတွင်မူ ကံကြမ္မာဇယားကို သုံး၍ ဗေဒင်ဆရာများနှင့် တိုင်ပင်လေ့ရှိကြသည်။ ပြီးလျှင် နာရေးအခမ်းအနားများတွင်မူ ကံကြမ္မာဇယားချင်းမတည့်ဘဲ ခလောက်ဆန်နေသူများကို ထိုလုပ်ငန်းစဉ်အတွင်းမှ ဖယ်ပေးရန် တောင်းဆိုလေ့ရှိကြသည်။ ကောင်းမင်သည် ဤသဘောတရားများကို နားလည်သော်လည်း ထိုအလောင်းများကမူ လူတစ်ယောက်တွင် မည်သို့သောကံကြမ္မာမျိုး ရှိနေပါစေ နောက်ဆုံးတွင် မည်သူမျှ ကံကြမ္မာ၏ သတ်မှတ်ချက်မှ မရုန်းထွက်နိုင်ကြောင်း တိုက်ရိုက်အကျဆုံး နည်းလမ်းဖြင့် သူ့အား ပြောပြနေကြခြင်း ဖြစ်တော့သည်။

ကောင်းမင် နောက်ထပ်အဆောင်တစ်ခုကို ဆွဲဖြဲလိုက်ပြန်သည်။ ပြာစလေးများ သူ့မျက်လုံးများအတွင်း ပြည့်နှက်သွားချိန်တွင် သူသည် သူ့ကိုယ်သူ ပြန်လည်ကြည့်ရှုလိုက်သော်လည်း သူ၏ လက်ရှိကံကြမ္မာကိုတော့ ခွဲခြားသိမြင်နိုင်ခြင်း မရှိခဲ့ချေ။

သူ၏ ကိုယ်ပိုင်ကံကြမ္မာမှလွဲ၍ ကမ္ဘာပေါ်ရှိ အခြားကံကြမ္မာအားလုံး ဤနေရာတွင် သေဆုံးသွားကြပြီ ဖြစ်သည်။

“ငါ ဒါကို နားမလည်နိုင်ဘူး၊ သူတို့အားလုံးက ငါဖြစ်နေခဲ့ပေမဲ့ တစ်ဖက်မှာလည်း ငါမဟုတ်ပြန်ဘူး၊ ငါက သူတို့ထဲက တစ်ယောက်ချင်းစီ ဖြစ်ခဲ့ဖူးပေမဲ့ သူတို့ရဲ့ ကံကြမ္မာတော့ ငါ့မှာ ရှိမနေဘူး”

ရှေ့သို့ ဆက်လက်လျှောက်လှမ်းရင်းနှင့် ဥမင်လိုဏ်ခေါင်း၏ အဆုံးသတ်သည် ရှင်းလုဆီသို့သာ ဦးတည်နေတော့ခြင်း မဟုတ်ဘဲ လူသားလောက၏ အခြားအမည်မသိနယ်ပယ်များနှင့်ပါ ချိတ်ဆက်နေခဲ့ပြီ ဖြစ်သည်။ ရှင်းလုသွေးမြို့တော်အတွင်းရှိ ကံကြမ္မာအစစ်၏အလောင်းဖြင့် တည်ဆောက်ထားသည့် လမ်းကြောင်းနှင့် မတူညီဘဲ ဤဥမင်လိုဏ်ခေါင်း၏ လမ်းကြောင်းမှာမူ သာမန်လူများသာ ဖြတ်သန်းသွားလာနိုင်ခြင်း ဖြစ်သည်။ မပြောသင့်သူအဆင့် သရဲများ ၎င်းအတွင်းသို့ ဝင်ရောက်မည်ဆိုပါက သူတို့၏ စွမ်းအားအားလုံး ဆုံးရှုံးသွားနိုင်သလို မတော်တဆမှုအမျိုးမျိုးနှင့်လည်း ကြုံတွေ့ရနိုင်ပေသည်။

အချိန်အတော်ကြာ လေ့လာစောင့်ကြည့်ပြီးနောက်တွင်မူ ကောင်းမင်သည် ရှေ့သို့ ဆက်မသွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ့ရင်ဘတ်ကို ဆွဲဖြဲလိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခန်းတံခါးကို အသာအယာ ဖွင့်လှစ်လိုက်တော့သည်။

“အိမ်ကို အတူတူ ပြန်ကြစို့”

မရေမတွက်နိုင်သော သေဆုံးခြင်းများကို ဖြတ်သန်းပြီးနောက် ဤဥမင်လိုဏ်ခေါင်း၏ ဆန်းကြယ်မှုသည် ကောင်းမင်၏အလောင်းများနှင့် ခွဲခြားမရအောင် တွယ်ယှက်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အတွင်းကမ္ဘာကြီးတစ်ခုလုံးတွင် ကောင်းမင်တစ်ဦးတည်းသာ ဤဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။

မှန်ပေသည် သူသည် ထိုအရာမျိုးကို မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပါချေ။

အိပ်မက်စည်းမျဉ်းများကို ထိန်းချုပ်ရင်း ကောင်းမင်သည် မှောက်နေသည့်ဘတ်စ်ကားနှင့် သေဆုံးသွားခဲ့ကြသည့် မိမိ၏ အလောင်းတစ်ခုချင်းစီကို ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ပို့ဆောင်လိုက်ပြီး သူ့မှတ်ဉာဏ်များအပေါ် မူတည်၍ အတွင်း၌ ဥမင်လိုဏ်ခေါင်းကို ပြန်လည်တည်ဆောက်လိုက်လေသည်။

“ကမ္ဘာနှစ်ခုကြားက ဒီအက်ကြောင်းကို ထိန်းသိမ်းထားတဲ့ စွမ်းအားက အဆုံးမဲ့လူသားလောကကနေ လာတာ၊ အဆောင်တွေဖုံးအုပ်နေတဲ့ ဘတ်စ်ကားနဲ့ မရေမတွက်နိုင်တဲ့ ငါ့အလောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းဆိုတာ ကြားခံတွေသက်သက်ပဲ၊ အခုတော့ ဒီကြားခံတွေအားလုံးကို ညှဉ်းပန်းနှိပ်စက်ခန်းထဲ ရွှေ့လိုက်ပြီ”

ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းကို နေရာရွှေ့ရန်အတွက် သူ၏ ကိုယ်ပိုင်အလောင်းများကို အုတ်ခဲများအဖြစ် အသုံးပြုရင်း ခုနစ်ရက်တိုင်တိုင် အချိန်ယူခဲ့ရသည်။ ဥမင်လိုဏ်ခေါင်းတွင် တွယ်ကပ်နေသည့် စွမ်းအားများမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ ညှဉ်းပန်းနှိပ်စက်ခန်းနှင့် ပေါင်းစပ်သွားခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ ဥမင်လိုဏ်ခေါင်းသည် သတ်မှတ်ထားသည့် အချိန်တစ်ခုတွင် မတူညီသည့်ကမ္ဘာနှစ်ခုကြား သာမန်လူများကို ဖြတ်သန်းသွားလာခွင့် ပေးနိုင်ဦးမလားကိုတော့ ကောင်းမင် မသေချာပေ။ နောက်ဆုံးအလောင်းကို ညှဉ်းပန်းနှိပ်စက်အခန်းအတွင်း၌ ထည့်သွင်းမြှုပ်နှံလိုက်ချိန်တွင် ကောင်းမင်ရှေ့မှောက်ရှိ မြင်ကွင်းမှာ စဉ်ဆက်မပြတ် ပြောင်းလဲလာတော့သည်။ သူသည် မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း အလင်းရောင်များမှာမူ သူ့ထံသို့ ဆက်တိုက် ချဉ်းကပ်လာနေကြသည်။ ဥမင်လိုဏ်ခေါင်းမှာ ၎င်း၏ ပန်းတိုင်ဆီသို့ ဦးတည်မောင်းနှင်နေသည့် ရထားတစ်စင်းအလား ပြောင်းလဲသွားခဲ့ပုံရသည်။ အလင်းရောင်များက ကောင်းမင်ကို လုံးဝဝါးမြိုသွားသည့်အခိုက်အတန့်တွင်မူ မြို့သုံးမြို့ဆုံမှတ်တွင် ရှိနေခဲ့သည့် ဥမင်လိုဏ်ခေါင်းမှာ အတွင်းကမ္ဘာကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

“ညှဉ်းပန်းနှိပ်စက်ခန်းက အရင်ကထက်စာရင် နည်းနည်းထူးဆန်းသွားသလိုပဲ”

ဥမင်လိုဏ်ခေါင်းအတွင်း၌ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ရသော်လည်း ကောင်းမင်သည် အဆုံးမဲ့လူသားလောသို့ သွားရောက်ရဦးမည် ဖြစ်သည်။ သူသည် သွေးမြို့တော်တိုင်းကို သွားရောက်လည်ပတ်ရန် ပြောခဲ့သည့် ချန်ဂီ၏ အကြံပြုချက်ကို မလိုက်နာခဲ့ဘဲ နေရာနှစ်ခုကိုသာ ရွေးချယ်ခဲ့သည်။ ယင်းတို့မှာ သွေးနီရောင်သွေးမြို့တော်နှင့် ဟင်းလင်းပြင်သွေးမြို့တော်တို့ ဖြစ်ကြသည်။

သွေးယဇ်ပူဇော်မှုအတွင်း သွေးနီရောင်သွေးမြို့တော် ပြသခဲ့သည့် စွမ်းအားမှာ ကောင်းမင်အား အံ့အားသင့်စေခဲ့သည်။ ထို့အပြင် သူ့၌ သွေးနီရောင်သွေးမြို့တော်ထံ ပြန်လည်အပ်နှံရမည့် အရာတစ်ခုလည်း ရှိနေသေးသည်။

သူ ရောက်ရှိစဉ်ကကဲ့သို့ ကောင်းမင်သည် မည်သည့်အသံမျှ မထွက်စေဘဲ တိတ်တဆိတ် ထွက်ခွာသွားပြီး သွေးပင်လယ်ဘေးတွင် ရှိနေသည့် ရှေးဟောင်းသွေးမြို့တော်ကြီးထံသို့ မရောက်မချင်း အိပ်မက်များအတွင်းသို့ ဖြတ်သန်းသွားလိုက်သည်။

“ရပ်လိုက်”

သွေးစွမ်းအင် လှိုင်းလုံးကြီးတစ်ခုက အလောင်းများပြည့်နှက်နေသည့် သွေးပင်လယ်နှင့် ချိတ်ဆက်သွားပြီး နားကွဲလုမတတ် ပြင်းထန်လှသည့် မိုးခြိမ်းသံကြီးက ကောင်းမင်အား အိပ်မက်အတွင်းမှ အတင်းအကျပ် ထွက်ခွာစေလိုက်သည်။

“ကျုပ်က တစ်ခုခု ပြန်ပေးဖို့ လာခဲ့တာပါ”

သူသည် သူ့စိတ်ထဲမှ ကြည်လင်နေသော မှတ်ဉာဏ်အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်လေသည်။ ယင်းက သူ့လက်ထဲတွင် မိခင်တစ်ဦးနှင့် ကလေးတစ်ဦး၏ ဓာတ်ပုံတစ်ပုံအဖြစ် ပြောင်းလဲသွား၏။

“ဒါက စိတ်ဖောက်ပြန်မှုကမ္ဘာထဲက ရွှယ်စီ(အရာရှိရွှယ်)ရဲ့ အမှတ်တရပစ္စည်း ဖြစ်သလို သူရဲ့ အားနည်းချက်လည်း ဖြစ်တယ်”

အမြဲတစေတည်ငြိမ်နေခဲ့သည့် သွေးပင်လယ်အတွင်း၌ ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်ထွက်လာပြီး အမျိုးမျိုးသော လက်နက်များ စိုက်ဝင်နေသည့် ဧရာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာခဲ့သည်။ ထိုလက်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများကို သယ်ဆောင်လာခဲ့သော်လည်း ထိုဓာတ်ပုံကိုမူ အလွန်ညင်သာစွာဖြင့် လှမ်းယူသွားခဲ့သည်။

ဧရာမလက်ကြီး သွေးပင်လယ်အတွင်းသို့ ပြန်လည်မနစ်မြုပ်သွားမီ မြေပြင်ပေါ်သို့ တစ်စုံတစ်ခု ပစ်ချပေးခဲ့သည်။

“ထွက်သွားတော့၊ သွေးနီရောင်က မင်းကို မကြိုဆိုဘူး”

ကောင်းမင်သည် မြေပြင်ပေါ်ရှိ ပစ္စည်းကို ကောက်ယူရင်း ဖြန့်ကြည့်လိုက်ရာ ယင်းမှာ နားလည်ရခက်သောသည့် မြေပုံတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းပေါ်တွင် မတူညီသည့် လူအမြောက်အမြား ရေးသားထားသည့် စာသားများဖြင့် ပြည့်နှက်နေပြီး ပါဝင်သည့် အကြောင်းအရာများမှာလည်း လူအမည်များလော သို့မဟုတ် နေရာအမည်များလော ဆိုသည်ကို မရှင်းလင်းချေ။

သူခေါင်းခါလိုက်ရင်း ကောင်းမင်သည် အိပ်မက်အတွင်းသို့ ပြန်လည်ငုပ်လျှိုးသွားကာ အတွင်းကမ္ဘာအတွင်း သတိမထားမိလောက်အောင် အလွန်သေးငယ်သည့် ဟင်းလင်းပြင်သွေးမြို့တော်ဆီသို့ ဦးတည်လိုက်တော့သည်။

အကယ်၍ သွေးမြို့တော် ၁၃ခု၏ စုပေါင်းယဇ်ပူဇော်မှုသာ မရှိခဲ့ပါက သူသည် ၎င်းတည်ရှိရာ တည်နေရာကို သိနိုင်လိမ့်မည် မဟုတ်ချေ။

“ငါ စိတ်ဖောက်ပြန်မှုကမ္ဘာထဲမှာ မင်းကို ရှာဖို့ နှစ်ပေါင်းများစွာ အချိန်ကုန်ခဲ့ပေမဲ့ အခုထိ ရှာမတွေ့သေးဘူး၊ မင်းမှာ ဘယ်လိုထူးခြားချက်တွေ ရှိနေမလဲဆိုတာ ငါတကယ် စိတ်ဝင်စားမိတယ်”

All Chapters