အခန်း ၉၀၇
Vol. 64 Ch. 907
အပိုင်း (၉၀၇) သွေးမြို့တော်ထဲက ဂူသင်္ချိုင်း
ယင်းမှာ ကောင်းမင်သည် နာကြည်းချက်ရှိ၍ မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း စူးစမ်းလိုစိတ်ရှိရုံသာ ဖြစ်သည်။ ဟင်းလင်းပြင်သွေးမြို့တော် ပြသခဲ့သည့် တိုက်ခိုက်ရေး စွမ်းအားအပေါ် မူတည်၍ တွက်ချက်ကြည့်မည်ဆိုပါက ယင်းသည် သွေးနီရောင်သွေးမြို့တော်ထက် အနည်းငယ်သာ အားနည်းပေလိမ့်မည်။ သွေးယဇ်ပူဇော်မှုပြုလုပ်စဉ်အတွင်း အခြားသွေးမြို့တော်များသည် မိမိတို့၏ တာဝန်များကိုသာ ထမ်းဆောင်ခဲ့ကြသော်လည်း ဟင်းလင်းပြင်သွေးမြို့တော်တစ်ခုတည်းကသာ ညကောင်းကင်ယံရှိ မျက်လုံးများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဟင်းလင်းပြင်သွေးမြို့တော်သည် အခြားသွေးမြို့တော်များထက် ကံကြမ္မာသစ်ပင်ကို ပိုမုန်းတီးနေပုံရသည်။ ၎င်းသည် ဗဟိုသွေးမြို့တော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ မိစ္ဆာနတ်ဘုရားများမှာ အလွန်ရှေးရိုးစွဲဆန်လွန်းသည်ဟု ခံစားရသောကြောင့် ဖြစ်ပုံရသည်။
“ငါ ဟင်းလင်းပြင်သွေးမြို့တော်ထဲကနေ သရဲတစ်ကောင်ထွက်လာတာတောင် တစ်ခါမှ မမြင်ဖူးဘူး”
အတွင်းကမ္ဘာ၌ စည်းမျဉ်း ၁၃ခုထဲမှ တစ်ခုဖြစ်သည့် “ဘာမှမရှိခြင်း” ကို ကိုယ်စားပြုသည့် စည်းမျဉ်းတစ်ခု အမှန်တကယ် ရှိနေသော်လည်း ဤစည်းမျဉ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည့် သရဲများမှာမူ အလွန်ရှားပါးပေသည်။
ကောင်းမင်သည် ဟင်းလင်းပြင်သွေးမြို့တော်နှင့် အတော်ဝေးသည့်နေရာတစ်ခုတွင် ရှိနေဆဲဖြစ်သော်လည်း အိပ်မက်အတွင်းမှ ထွက်ခွာလိုက်သည်။ သူသည် အိပ်မက်အတွင်း ဆက်လက်မလျှောက်လှမ်းချင်၍ ဟင်းလင်းပြင်သွေးမြို့တော်၏ ဘေးပတ်ပတ်လည်တွင် မည်သည့်သရဲတစ်ကောင်တစ်လေမျှ ရှိမနေသောကြောင့် ဖြစ်သည်။
ညကောင်းကင်မှနေ၍ တွဲလောင်းကျနေသည့် ကံကြမ္မာချိန်းကြိုးများကို လိုက်လံကြည့်ရှုရင်း ကောင်းမင်သည် အဆန်းကြယ်ဆုံးဖြစ်သည့် ချိန်းကြိုးတစ်ချောင်းကို ရှာတွေ့လိုက်သည်။ ဤကြိုးသည် သံချေးတက်နေပြီး မီးခိုးရင့်ရောင်ဖြစ်နေကာ စွမ်းအားတစ်ခုကြောင့် တိုက်စားခံထားရသည့်အလား ဖြစ်နေလေသည်။
ချိန်းကြိုးများ၏ ဗဟိုချက်ဆီသို့ တွားတက်သွားရင်း ညကောင်းကင်နှင့် မြေပြင်အကြား၌ တစ်စုံတစ်ခု တည်ရှိနေပုံရသော်လည်း ကောင်းမင်အနေဖြင့် သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ချေ။ သူသည် အိပ်မက်စည်းမျဉ်းများကို သုံး၍ ၎င်းကို ဖြည်းညင်းစွာထိတွေ့လိုက်ရာ အိပ်မက်ကြိုးမျှင်လေးများသည် သွေးမြို့တော်တစ်ခု၏ ပုံကြမ်းကို တဖြည်းဖြည်း ပုံဖော်ပေးလာခဲ့သည်။
၎င်းကို မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော်လည်း မလွဲဧကန်တည်ရှိနေခြင်း ဖြစ်သည်။
ကောင်းမင်သည် တံခါးကို ရှာဖွေရန်အတွက် အချိန်အတော်ကြာ အားထုတ်ခဲ့ရသည်။ သူသည် မည်သည့်ခုခံမှုမျှ မကြုံတွေ့ရဘဲ ပွင့်နေသည့် တံခါးအတွင်းသို့ တိုက်ရိုက် လျှောက်ဝင်သွားခဲ့သည်။
သူသည် တံခါးကို ကျော်ဖြတ်လိုက်ချိန်မှာပင် ဘေးပတ်ပတ်လည်ရှိ မြင်ကွင်းမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ အဆောက်အအုံများသည် ကောင်းမင်၏ ဘေးပတ်ပတ်လည်တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြပြီး မည်သည့်အချိန်တွင်မဆို လုံးဝ ပျောက်ကွယ်သွားနိုင်သည့်အလား ရှိနေသလို နောက်တစ်စက္ကန့်တွင်မူ လုံးဝ ကွဲပြားခြားနားသည့် အဆောက်အအုံအသစ်တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာကြပြန်သည်။
“ဒီသွေးမြို့တော်က သေဆုံးလုနီးပါးဖြစ်နေတဲ့ အရာတွေကို ဝါးမြိုနေတာပဲ”
ကောင်းမင် တွေးလိုက်မိသည်။ သူသည် မြို့တော်အတွင်းသို့ ခပ်ဝေးဝေး မလျှောက်ရသေးမီ ရုတ်တရက် သူ့ခြေလှမ်းကို ရပ်တန့်လိုက်မိသည်။ သူသည် အရိပ်ကမ္ဘာအတွင်းရှိခဲ့သည့် ကျန်းတင်း၏ စူပါမားကတ်လေးကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အရိပ်ကမ္ဘာသည် အိပ်မက်ချိုးဖျက်မြို့နှင့် ပေါင်းစပ်သွားခဲ့သဖြင့် ဤဆိုင်လေးမှာ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင်သည် ၎င်းကို ဤနေရာတွင် ထပ်မံမြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူသည် စူပါမားကတ်ဆီသို့ လျှောက်သွား၍ မှန်တံခါးကို တွန်းဖွင့်လိုက်ရာ အတွင်းပိုင်းရှိ ပရိဘောဂ အခင်းအကျင်းအားလုံး သူ့မှတ်ဉာဏ်များအတွင်းရှိခဲ့သည့်အတိုင်း ထပ်တူကျနေသည်ကို တွေ့လိုက်ရလေသည်။
“ဒါက...”
ကျန်းတင်းနှင့် ပုံစံတူသည့် သရဲတစ်ကောင်သည် စူပါမားကတ်အတွင်း ရှိနေခဲ့ပြီး စင်ပေါ်ရှိ ပစ္စည်းများကို စစ်ဆေးရင်း အလုပ်ရှုပ်နေခဲ့သည်။
“ကျန်းတင်းလား”
ကောင်းမင်၏ အသံကို ကြားလိုက်ရသောအခါ ထိုလူသည် သူ့ခေါင်းကို ဖြည်းညင်းစွာ လှည့်လာလေသည်။ သူ၏ အရိုးတည်ဆောက်ပုံမှာ ကျန်းတင်းနှင့် တူညီလှသော်လည်း ပို၍ ငယ်ရွယ်ပုံရကာ ဝါကျင်ကျင်စက္ကူမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားခဲ့သည်။
ထိုလူသည် မည်သည့်စကားမျှမဆိုဘဲ ကောင်းမင်အား အချိန်အတော်ကြာ စူးစိုက်ကြည့်ရှုနေလေသည်။ စက္ကူမျက်နှာဖုံးအောက်တွင်မူ မျက်လုံးများ ရှိမနေဘဲ ဟာလာဟင်းလင်းဖြစ်နေသည့် အမည်းရောင် တွင်းပေါက်ကြီးနှစ်ခုသာ ရှိနေခဲ့သည်။
နောက်ဆုံးပစ္စည်းကို နေရာချပြီးနောက် စူပါမားကတ်ကို သန့်ရှင်းရေးလုပ်လိုက်ရင်း ထိုလူသည် မထွက်ခွာမီ နှစ်ကြိမ်သုံးကြိမ်ခန့် ထပ်မံစစ်ဆေးလိုက်သေးသည်။
သူ တံခါးကို ဆွဲချလိုက်ပြီး သော့ခတ်ကာ လှည့်ထွက်သွားသည့် အချိန်တွင် စူပါမားကတ်အဆောက်အအုံကြီးမှာ တဖြည်းဖြည်း ပြိုလဲပျက်စီးသွားပြီး ယခင်က မတည်ရှိခဲ့ဖူးသည့်အလား လုံးဝပျောက်ကွယ်သွားတော့သည်။ ထို့နောက် ထိုလူသည် သွေးမြို့တော်၏ အရပ်မျက်နှာတစ်ခုဆီသို့ လျှောက်လှမ်းသွားလေသည်။
ကောင်းမင်သည်လည်း သံသယများစွာဖြင့် သူ့နောက်သို့ လိုက်ပါသွားလိုက်သည်။ စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသည့် ထိုလူရိပ်သည် ကျန်းတင်းထံမှ ပျောက်ဆုံးသွားခဲ့သည့် အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သလို သို့မဟုတ် ကျန်းတင်းစိတ်ကူးယဉ်တမ်းတခဲ့ဖူးသည့် သူ၏ ပြီးပြည့်စုံသော ပုံစံတစ်ခုလည်း ဖြစ်နိုင်ပေသည်။
အဆောက်အအုံတစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားခဲ့ပြီး စက္ကူမျက်နှာဖုံးများ ဝတ်ဆင်ထားကြသည့် သရဲများ ပေါ်ထွက်လာကြသည်။ ကောင်းမင်သည်လည်း သူတို့ကြားတွင် ရောနှောလိုက်ပါသွားရင်း သွေးမြို့တော်၏ ဗဟိုချက်ရှိ ဧရာမသင်္ချိုင်းဂူကြီးတစ်ခု တည်ရှိရာနေရာသို့ ရောက်ရှိသွားခဲ့သည်။
စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားကြသည့် သရဲများသည် အရပ်မျက်နှာအသီးသီးမှနေ၍ ထိုသင်္ချိုင်းဂူဆီသို့ လျှောက်သွားနေကြပြီး ၎င်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ရှေ့မှောက်ရှိ ဧရာမသင်္ချိုင်းဂူကြီးမှာ အရာအားလုံးကို မြှုပ်နှံပစ်နိုင်စွမ်းရှိပုံရပြီး ၎င်းက ကောင်းမင်အား ပေးစွမ်းသည့် ခံစားချက်မှာ ဟန်ဟိုင်းအောက်ခြေရှိ သင်္ချိုင်းဂူကပေးခဲ့သည့် ခံစားချက်နှင့် လုံးဝ ကွဲပြားလှပေသည်။ ယင်းမှာ အသက်ရှင်နေသည့် သင်္ချိုင်းဂူတစ်ခုနှင့် တူပေသည်။
ကောင်းမင်ကိုယ်တိုင်လည်း ဤအခြေအနေကို အလွန်အဓိပ္ပာယ်မရှိဟု တွေးမိလိုက်သည်။ သူသည် သူ့ရှေ့ရှိ ကျန်းတင်းနှင့်တူသည့် သရဲကို လှမ်းဖမ်းရန် ကြိုးပမ်းလိုက်သော်လည်း သူ့လက်က ထိုသရဲ၏ ခန္ဓာကိုယ်ကို ဖြတ်သွားသဖြင့် ထိုသရဲ သင်္ချိုင်းဂူအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကိုသာ မတတ်နိုင်ဘဲ ကြည့်ရှုနေရတော့သည်။
“ခင်ဗျားက ဟင်းလင်းပြင်သွေးမြို့တော်ရဲ့ ပိုင်ရှင်လား”
ကောင်းမင် မျက်မှောင်ကြုတ်ရင်း ထိုသင်္ချိုင်းဂူနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သွေးမြို့တော်တိုင်းတွင် အနည်းဆုံး သွေးမြို့တော်သခင် တစ်ဦးစီ ရှိရမည် ဖြစ်ပြီး ထိုသူမှာ သွေးမြို့တော်၏ ထောက်တိုင်ပင် ဖြစ်သည်။
မည်သည့်ပြန်ဖြေသံမျှ ရှိမနေခဲ့သလို မည်သည့်တုံ့ပြန်မှုမျှလည်း မရှိခဲ့ချေ။ သရဲအားလုံး သင်္ချိုင်းဂူအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးနောက်တွင်မူ အရောင်ဖျော့ဖျော့ အဖြူရောင်စက္ကူမျက်နှာဖုံးတစ်ခုမှာ သင်္ချိုင်းဂူပေါ်မှ လွင့်ပျံကျလာခဲ့ပြီး ကောင်းမင်ရှေ့သို့ ကျရောက်လာလေသည်။ ယင်းမှာ ဟင်းလင်းပြင်သွေးမြို့တော်က ကောင်းမင်အား ပေးလိုက်သည့် လက်ဆောင်တစ်ခု ဖြစ်ပုံရသည်။
“ဒီပစ္စည်းက တကယ့်ကို မင်္ဂလာမရှိတာပဲ”
ပုံမှန်တွေးတောတတ်သည့် မည်သည့်သက်ရှိလူသားမဆို သင်္ချိုင်းဂူထဲမှ ပျံထွက်လာသည့် စက္ကူမျက်နှာဖုံးတစ်ခုကို မိမိမျက်နှာပေါ်သို့ အလွယ်တကူ ဝတ်ဆင်လိမ့်မည် မဟုတ်ချေ။
ကောင်းမင်သည် ထိုသင်္ချိုင်းဂူခြံဝင်းအတွင်းသို့ သွားကြည့်လိုစိတ် ပြင်းပြနေသော်လည်း ထိုအတွေးက သူ့စိတ်အတွင်း ဖြတ်သန်းသွားသည့်အခိုက်အတန့်တွင် ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးစက်သွားရသည်။ သူ နောက်သို့လှည့်ကြည့်ရာ မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သည့်အလား ဖြစ်နေသည့် အဆောက်အအုံများကြားမှ များစွာသောမျက်နှာများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး စက္ကူမျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး သူ့အား သွေးပျက်ဖွယ်ကောင်းသော အကြည့်များဖြင့် စူးစိုက်ကြည့်ရှုနေကြချေသည်။
“ထူးဆန်းလွန်းတဲ့ သွေးမြို့တော်ပဲ”
ဟင်းလင်းပြင်သွေးမြို့တော်သည် လူသားနှင့်သရဲအားလုံးတို့ ပျောက်ဆုံးသွားခဲ့သည့် အစိတ်အပိုင်းများကို စုဆောင်းနေပုံရပြီး ၎င်းတို့ကို အသက်ဝင်နေသည်ဟု ကောင်းမင် ခံစားရသည့် သင်္ချိုင်းဂူအတွင်း ထည့်သွင်းမြှုပ်နှံထားခြင်း ဖြစ်သည်။ ထိုစက္ကူမျက်နှာဖုံးကို ကိုင်ဆောင်ရင်း ကောင်းမင်သည် ရှင်းလုသွေးမြို့တော်ဆီသို့ ကပျာကယာ ပြန်ထွက်လာခဲ့တော့သည်။
သူမရှိသည့် အချိန်အတောအတွင်း ကံကြမ္မာသစ်ပင်သည် လမ်းကြောင်းကို ဖျက်ဆီးရန်အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ရှင်းလု၏ မိစ္ဆာနတ်ဘုရားနှင့် မပြောသင့်သူအင်အားစုများ၏ တားဆီးခြင်းကို ခံခဲ့ရသည်။ သူတို့၏ တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်ခဲ့ကြောင်း ပျက်စီးယိုယွင်းနေသည့် မြေပြင်ကြီးက သက်သေပြနေပေသည်။
“မင်းကို ထပ်ရှင်းပြစရာကိစ္စတွေ ရှိသေးလား”
ဟန်ဖေး၏ မျက်နှာတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသော်ငြား သူ့အကြည့်များမှာမူ ထိုသားသတ်သမား၏ ဓားကဲ့သို့ပင် အမြဲတစေ စူးရှလင်းလက်နေဆဲ ဖြစ်သည်။
“အလျင်လိုဖို့ မလိုပါဘူး၊ ဗဟိုသွေးမြို့တော်က မကောင်းဆိုးဝါးတွေ အခုထိ ရောက်မလာကြသေးဘူး”
“ရှင်းပြရမယ့်ကိစ္စတွေ အများကြီးရှိသလို သတိရနေရမယ့် လူတွေကလည်း အများကြီးပဲ၊ ဒါက လုံးဝ နှုတ်ဆက်ခြင်းတော့ မဟုတ်ပါဘူး၊ ကျွန်တော် ပြန်လာတဲ့အချိန်ကျရင် သူတို့ကို သွားရှာမှာပါ”
ကောင်းမင်၌ သူတွေ့ဆုံလိုသည့် လူအမြောက်အမြား အမှန်တကယ် ရှိသော်လည်း အကယ်၍ သူ့ဝိညာဉ်သာ အဆုံးမဲ့လူသားလောကအတွင်း လုံးဝပျောက်ကွယ်သွားခဲ့ပါက ဝမ်းနည်းပူဆွေးမှုများကို ထပ်တိုးအောင် ပြုလုပ်ရန်မလိုအပ်ဟု ခံစားရသည်။ အကယ်၍ သူသာ အသက်တစ်ရှိုက်စာမျှ ကျန်ရှိနေဦးမည်ဆိုပါက သေချာပေါက် ပြန်လာခဲ့မည် ဖြစ်သည်။
“ကောင်းပြီ၊ ဒါဆို ထွက်ခွာဖို့ ပြင်ဆင်ကြစို့”
ဟန်ဖေးသည် ပြန်လည်မွေးဖွားခြင်း သားသတ်ဓားအတွင်းသို့ ကုသခြင်းစွမ်းအားတစ်ခု ထည့်သွင်းပေးလိုက်သည်။
“ဂရုစိုက်ပါ”
သူ့အနောက်တွင်မူ သရဲမန်နေဂျာဟု လူသိများသည့် မပြောသင့်သူသည် ကြောင်အမ်းအမ်း ဖြစ်နေသည့် ရှန်းလော်ကို ဦးဆောင်ရင်း လမ်းကြောင်းဆီသို့ လျှောက်လာခဲ့သည်။
“ဒီကလေးက အခုထိ မသေသေးဘူးလား”
ကောင်းမင်သည် မည်သူ့ကိုမျှ အလွယ်တကူ ဂရုစိုက်လေ့မရှိသော်လည်း ရှန်းလော်ကတော့ ခြွင်းချက် ဖြစ်သည်။
“သူက သုညအတုနဲ့အတူ ပြန်ရောက်လာပြီး အချိန်အတော်ကြာအောင် နှိပ်စက်ခံခဲ့ရတာလေ၊ သူသေလုနီးပါး ဖြစ်နေတဲ့ အချိန်မှ ငါအချိန်မီရောက်သွားပြီး ကယ်နိုင်ခဲ့တာ”
ဟန်ဖေးသည် ရှန်းလော်၏ အကြည့်များ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး ကောင်းမင်သည်လည်း သူ့လေသံအတွင်းမှ မတတ်သာသည့် အရိပ်အယောင်ကို အာရုံခံမိလိုက်သည်။
“တခြားသရဲတွေ မလိုက်ဘဲနေလို့ရပေမဲ့ ငါကတော့ သူ့ကို အဆုံးမဲ့လူသားလောကဆီကို သေချာပေါက် ပို့ပေးရလိမ့်မယ်၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ကံကြမ္မာသစ်ပင်ကြီးကို ကိုးကွယ်ခိုင်းလိုက်တာကလည်း မဆိုးတဲ့ကိစ္စပဲ”
ကောင်းမင်နောက်တွင် သွေးမြို့တော်များမှ သရဲများ စုရုံးလာကြသည်။ သူသည် ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးကို ဖွင့်လိုက်ပြီး အတွင်းသို့ ဝင်ရောက်လိုသည့် သရဲအချို့ကို ဝင်ခွင့်ပြုလိုက်သည်။ ထို့နောက်တွင်မှ သူသည် သရဲမန်နေဂျာနှင့် ရှန်းလော်တို့ကို ဦးဆောင်ရင်း သွေးနီရောင်လမ်းကြောင်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားတော့သည်။
“လမ်းခရီးမှာ အန္တရာယ်ကင်းပါစေ”
ဟန်ဖေးသည် လမ်းကြောင်းကို တိတ်တဆိတ် စူးစိုက်ကြည့်ရှုနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင်မူ ဗဟိုသွေးမြို့တော်မှ သရဲများ ရောက်ရှိလာကြသည်။ ချန်ဂီကိုယ်တိုင် အဖွဲ့ကို ဦးဆောင်လာခြင်း ဖြစ်ပြီး သူ့နောက်တွင်မူ အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် ဆရာဝန်တစ်ဦး လိုက်ပါလာခဲ့သည်။
“ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ၊ ဗဟိုသွေးမြို့တော်က ကံကြမ္မာရဲ့ အဓိကပစ်မှတ်ထား ခံနေရတာလေ၊ ခင်ဗျားရဲ့ အခြေအနေက ကျုပ်ထက် ပိုလွယ်မနေဘူးနော်”
ဟန်ဖေးသည် အနည်းငယ် အံ့အားသင့်သွားရသည်။
“လူတစ်ယောက်ကို လာနှုတ်ဆက်တာပါ”
ချန်ဂီသည် ကောင်းခြင်းဆိုးခြင်းများကို ဖယ်ရှားပေးနိုင်သည်ဟု ဆိုကြသည့် ကျိန်စာသင့်လက်အိတ်များကို ဝတ်ဆင်ထားရင်း ထိုလူ၏ ပုခုံးကို လှမ်းဖက်လိုက်သည်။
“ဒါက ကျိန်စာသင့်ဆေးရုံရဲ့ ဒါရိုက်တာစွန်းပဲ၊ သူ့အောက်မှာ မရေမတွက်နိုင်တဲ့ ဝတ်ရုံနီတွေ ရှိသလို သူရဲ့စီမံခန့်ခွဲမှုအောက်မှာ ကျိန်စာသင့်ဆေးရုံဟာ သရဲတွေတောင် ကြောက်ဒူးတုန်ရတဲ့အထိ ဖြစ်လာခဲ့တာလေ”
“တကယ်တော့ ငါတို့ရောက်နေတာ ကြာပါပြီ၊ ဒါပေမဲ့ သူဌေးက ငါ့ကို စောင့်ခိုင်းနေလို့ပါ”
ဒါရိုက်တာစွန်းထံမှ ခန့်ညားထည်ဝါလှသော ဖိအားများနှင့်အတူ ကပ်ဘေးအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
“သူတို့မှာလည်း ရှင်းလုသွေးမြို့တော်ထဲမှာ ‘အနက်ရောင်ကံကြမ္မာ’ ရှိတဲ့လူတစ်ယောက် ရှိနေတာလေ”
ချန်ဂီက ရှင်းပြလိုက်သည်။
“မင်းတို့ တွေ့ဆုံမိကြရင် မျှော်လင့်မထားတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်လာမှာကို ငါ စိုးရိမ်လို့ပါ”
“အနက်ရောင်ကံကြမ္မာလား”
ဟန်ဖေးက တိတ်တဆိတ်ဖြင့် နောက်သို့ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိပြီး ချန်ဂီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ခင်ဗျားက အရမ်းစဉ်းစားပေးတတ်တာပဲ”
“ဒါကြောင့်မို့လို့ ငါဘေးဖယ်ပေးခဲ့တာပေါ့”
ဒါရိုက်တာစွန်းသည် မိစ္ဆာနတ်ဘုရားတစ်ကောင်ဖြစ်စေ သို့မဟုတ် တစ္ဆေနီတစ်ဦးဖြစ်စေ သူ့ဘေးပတ်ပတ်လည်ရှိ ဝတ်ရုံနီများအားလုံးမှာမူ သူ့အား လုံးဝ နာခံနေကြသည်။ ဒါရိုက်တာစွန်း၏ စကားလုံးများအတွင်းမှ အာခံလိုသည့်အရိပ်အယောင်ကို အာရုံခံမိလိုက်သဖြင့် ချန်ဂီ ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။
“ဒါက သူတို့ရဲ့ ထက်မြက်မှုကို ရှောင်ရှားနေတာ မဟုတ်ပါဘူး”
သူသည် ဒါရိုက်တာစွန်း၏ပုခုံးကို ပုတ်လိုက်ပြီး ကြီးမားသော စိတ်ခံစားချက်နှင့်အတူ ပြောဆိုလိုက်လေသည်။
“မင်း ‘ဘုရင်ချင်း ထိပ်တိုက်မတွေ့ရဘူး’ ဆိုတဲ့ စကားကို ကြားဖူးလား”