အခန်း ၉၀၈
Vol. 64 Ch. 908
အပိုင်း (၉၀၈) ကံကြမ္မာ၏ အစွန်းအထင်း
သူဌေးချန်သည် ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုမှုပိုင်းတွင် အလွန်ကျွမ်းကျင်လိမ္မာလှသည်။ စကားလုံးအနည်းငယ်မျှဖြင့်ပင် ဒါရိုက်တာစွန်းရင်ထဲရှိ နာကြည်းချက်များ လုံးဝပျောက်ကွယ်သွားရရုံမျှမက သူ့ကိုယ်သူ ထူးခြားထက်မြက်သည့် ဖြစ်တည်မှုတစ်ခုအဖြစ်ပင် အလွန်တရာဂုဏ်ယူဝင့်ကြွားစိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။ ချန်ဂီသည် ဒါရိုက်တာစွန်းတစ်ယောက် ကျိန်စာသင့်ဆေးရုံမှ ဝတ်ရုံနီအဖွဲ့ဝင်များကို ဦးဆောင်ရင်း လမ်းကြောင်းကြီးအတွင်းသို့ အန္တရာယ်ကင်းစွာ ဝင်ရောက်သွားသည်ကို ကြည့်နေပြီးနောက်မှသာ စိတ်အေးလက်အေး ဖြစ်သွားရသည်။
“လူတစ်ယောက်က ပိုသန်မာလေလေ အဆုံးမဲ့လူသားလောကထဲကို ဝင်တဲ့အခါ ပိုကြီးတဲ့ ဖိနှိပ်တွေကို ရင်ဆိုင်ရလေလေပဲ၊ အခု ဝတ်ရုံနီအဖွဲ့ဝင်တွေနဲ့ အမုန်းတရားသရဲတွေရဲ့ အဆင့်ကတော့ ကိုင်တွယ်ရ အဆင်ပြေဆုံး အနေအထားပဲ”
“ဟုတ်တယ်၊ အစကတည်းက အဆုံးမဲ့လူသားလောကကနေ လာခဲ့တဲ့ ကောင်းမင်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးကတော့ အဲဒီထဲကို ဝင်လိုက်တာနဲ့ ကံကြမ္မာရဲ့ ပစ်မှတ်ထားခံရဖို့ များတယ်”
“အခက်ခဲဆုံးခြေလှမ်းကိုတော့ ငါတို့ လှမ်းနိုင်ခဲ့ပြီ၊ လူသားကမ္ဘာထဲက လူတွေအများကြီး ပိုပြီးတော့ သွေးစွန်းလာလေလေ ကံကြမ္မာသစ်ပင်ကြီးရဲ့ စွမ်းအားတွေ ပိုပြီးတော့ အားနည်းသွားလေလေပဲ၊ အဲဒီအချိန်ကျမှ ငါတို့လက်အားသွားပြီး ညကောင်းကင်အထက်မှာရှိတဲ့ လူသားကမ္ဘာရဲ့ အခြေအနေကို သွားစစ်ဆေးနိုင်ကြလိမ့်မယ်”
“ကျုပ်ကတော့ အဲလောက်ကြာအောင် စောင့်နိုင်မှာ မဟုတ်ဘူး၊ ကျုပ်သတ်ချင်တဲ့လူတွေက အခုထိ အဆုံးမဲ့လူသားလောကထဲမှာ ရှိနေတုန်းပဲ”
သူတို့၏ စကားပြောဆိုသံများက တဖြည်းဖြည်း တိုးဖျော့ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်သော သရဲပုံရိပ်များမှာမူ လမ်းကြောင်းအတွင်းသို့ အဆက်မပြတ် ဝင်ရောက်နေကြဆဲဖြစ်သည်။
ကံကြမ္မာသစ်ပင်သည် အတွင်းကမ္ဘာကို ရူးသွပ်စွာ ဖျက်ဆီးနေခဲ့သည်။ သွေးမြို့တော် ၁၃ခုနှင့် ငရဲသန္ဓေသားတည်ရှိရာ အထီးကျန်ကျွန်းကဲ့သို့သော အဆောက်အအုံအနည်းငယ်မှလွဲ၍ အခြားမည်သည့်နေရာမျှ ဘေးကင်းလုံခြုံမှု မရှိတော့ချေ။ သွေးမြို့တော်သခင်များသည် လေလွင့်နေကြသည့် ထိုဝိညာဉ်များအတွက် ထွက်ပေါက်တစ်ခုကို ရှာဖွေပေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းမှာ အဆုံးမဲ့လူသားလောကသို့ သွားရောက်ကြရန်ပင် ဖြစ်တော့သည်။
၎င်းသည် အလွန်တရာ ရှည်လျားလှသော အိပ်မက်တစ်ခုကို မက်နေရသည့်အလား ခံစားရစေလေသည်။ ယင်းမှာ သွေးနီရောင်ဝင်္ကပါကြီးတစ်ခုအကြောင်း အိပ်မက်ဖြစ်ပြီး သူတို့အားလုံးသည် ထိုဝင်္ကပါအတွင်း၌ အဆုံးမရှိ ရှေ့သို့သာ လျှောက်လှမ်းနေကြရသည်။
ထိုဝင်္ကပါကြီး၏ အပြင်ဘက်တွင်မူ ယင်နှင့်ယန်နှစ်ခုကြားကို ပိုင်းခြားထားသည့် ပါးလျသော အမြှေးပါးတစ်ခု ရှိနေခဲ့ပြီး ၎င်းအတွင်း၌ သရဲလည်းမဟုတ်သလို လူသားလည်းမဟုတ်သည့် သတ္တဝါဆန်းများ ရှင်သန်နေကြသည်။ ယင်းသည် မြေအောက်ငရဲဘုံလည်းမဟုတ်သလို လူသားလောကလည်း မဟုတ်ချေ။ အနက်ရှိုင်းဆုံးအိပ်မက်ကဲ့သို့ အတွင်းကမ္ဘာနှင့် နီးကပ်မနေခဲ့သလို အလယ်အလတ်အဆင့် အိပ်မက်ကဲ့သို့ အဆုံးမဲ့လူသားလောကနှင့်လည်း နီးကပ်မနေခဲ့ချေ။ ယင်းသည် ကံကြမ္မာသစ်ပင်နှင့် အတွင်းကမ္ဘာကြားက နယ်နိမိတ်မျဉ်းဖြစ်ပုံရပြီး အိပ်မက်အတွင်းရှိ လူများကမူ ၎င်းကို ‘ယင်ယန်နယ်ခြားမျဉ်း’ဟု ခေါ်ဆိုကြလေသည်။
သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကောင်းမင်သည် ကံကြမ္မာသစ်ပင်ကြီးကို ဤမျှနီးကပ်လှသော အကွာအဝေးမှနေ၍ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရတော့သည်။ အတွင်းကမ္ဘာအတွင်း ရှိနေစဉ်က ညကောင်းကင်က ပိုင်းခြားထားခဲ့သဖြင့် ကံကြမ္မာသည် ညကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားပြီး သူ့အား အသက်ရှူကျပ်စေသည်ဟုသာ ခံစားခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အနီးကပ် သေချာစွာ စူးစိုက်ကြည့်ရှုလိုက်သည့်အခါမှသာ စစ်မှန်သော ထိတ်လန့်အံ့သြဖွယ်ရာကို ခံစားလိုက်ရတော့သည်။
လူသားတစ်ယောက်ဟူသည် သစ်ရွက်တစ်ရွက်မျှသာ ဖြစ်ပြီး သူတို့၏ အာရုံခံနိုင်စွမ်းဖြင့် ထိုသစ်ပင်ကြီး၏ တစ်ရာခိုင်နှုန်းပမာဏကိုပင် လှမ်းမြင်နိုင်စွမ်း မရှိချေ။ အပြည့်အဝ ကြီးထွားပြီးသွားသည့် သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးပင် ထိုကံကြမ္မာသစ်ပင်ကြီး၏ ရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်ထက်ပင် သေးငယ်လှသည်။
အမြစ်များက သက်ရှိအားလုံး၏ အတိတ်နှင့် အနာဂတ်များကို ထိုးဖောက်ထားကြသည်။ ပင်စည်ကြီးကမူ အဆုံးမဲ့လူသားလောကကို ပင့်မထား၏။ အချိန်မြစ်ကြီးမှာမူ တောက်ပသော ဆီးနှင်းစက်များအဖြစ် ပြောင်းလဲသွားပြီး သက်ရှိအားလုံး၏ ယုံကြည်မှုများကမူ ကျိုးကြောင်းဆက်နွှယ်မှုဆိုင်ရာ မျိုးစေ့များကို သီးပွင့်နေစေလေသည်။
လမ်းကြောင်းကိုမူ သွေးမြို့တော် ၁၃ခု၏ စည်းမျဉ်းများနှင့် ရောနှောထားသည့် ကံကြမ္မာအစစ်၏ အလောင်းဖြင့် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ကံကြမ္မာသစ်ပင်သည် အကြောင်းပြချက်တချို့ကြောင့် ၎င်းကို မတားဆီးနိုင်ခဲ့သော်လည်း ဤအချက်က လမ်းကြောင်းမှာ ဘေးကင်းလုံခြုံနေသည်ဟု မဆိုလိုပေ။
အဆုံးမဲ့လူသားလောကကို ဖုံးအုပ်ထားသည့် အမြှေးပါးအတွင်း၌ ဆန်းကြယ်ပြီး ထူးဆန်းလှသည့် အရာမြောက်မြားစွာသည် လမ်းကြောင်းဆီသို့ စုရုံးရောက်ရှိလာနေကြသည်ကို ကောင်းမင် မြင်တွေ့လိုက်ရသည်။ လမ်းကြောင်း၏ နေရာတစ်နေရာမှာမူ သိသိသာသာပင် ပုံစံပျက်ယွင်းလာနေချေသည်။ အကယ်၍ ဤအတိုင်းဆက်ဖြစ်နေမည်ဆိုပါက အတွင်းကမ္ဘာမှ အဆုံးမဲ့လူသားလောကသို့ ဦးတည်မည့်လမ်းကြောင်းမှာ ယင်နှင့်ယန်ကြားတွင် လုံးဝ ပြတ်တောက်ပျက်စီးသွားပေလိမ့်မည်။
“အဆုံးမဲ့လူသားလောကထဲမှာလည်း သရဲတွေ ရှိနေတာပဲလား”
ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်တွင် ဟန်ဟိုင်းသွေးမြို့တော်၏ သရဲတက်တူးများ ပေါ်ထွက်လာခဲ့သည်။ သူ စတင်လှုပ်ရှားရန် ပြင်ဆင်လိုက်သည့်အချိန်တွင် သရဲမန်နေဂျာနိုးထလာသည်ကို သူ တွေ့လိုက်ရသည်။
လမ်းကြောင်းအတွင်းသို့ မဝင်ရောက်မီက သွေးမြို့တော်သခင် ပြောခဲ့သည်မှာ မိမိ၏ စွမ်းအားက ပိုသန်မာလေလေ ကံကြမ္မာ၏ ပစ်မှတ်ထားခံရဖို့ ပိုသေချာလေလေပဲဟု ဖြစ်သည်။ သို့သော်လည်း ဟန်ဖေးသည် လက်ရှိအချိန်တွင် မပြောသင့်သူအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် သရဲမန်နေဂျာကို လမ်းကြောင်းအတွင်းသို့ သေချာပေါက်စေလွှတ်ခဲ့ဆဲ ဖြစ်သည်။
ကောင်းမင်သည် အစပိုင်းက မပြောသင့်သူဖြစ်တည်မှုအချို့၏ ချိတ်ပိတ်ခံထားရသည့် သာမန်လူတစ်ယောက်ဖြစ်သော ရှန်းလော်ကို သရဲမန်နေဂျာက ကာကွယ်ပေးစေချင်၍ ဟန်ဖေး ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်မည်ဟု တွေးမိခဲ့သည်။ လက်ရှိအချိန်တွင်မူ သူသည် ရှင်းလုသွေးမြို့တော်သခင်ကို လုံးဝ အထင်မှားမိကြောင်း သဘောပေါက်သွားပြီ ဖြစ်သည်။
ထိုသွေးမြို့တော်သခင်သည် မပြောသင့်သူဖြစ်တည်မှုကို မီးရှူးတိုင်တစ်ခုအဖြစ် အသုံးပြု၍ ကံကြမ္မာသစ်ပင်အနေဖြင့် ရှန်းလော်ကို ပိုမိုလျင်မြန်စွာ ရှာတွေ့နိုင်အောင် တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားခဲ့သည့်အတိုင်းပင် ယင်နှင့်ယန်ကြားရှိ ထိုထူးဆန်းသည့်သတ္တဝါများသည် သရဲမန်နေဂျာထံမှ ထွက်ပေါ်နေသည့် မပြောသင့်သူအငွေ့အသက်ကို အာရုံခံမိသွားကြပြီး လမ်းကြောင်း၏ တစ်နေရာတည်းဆီသို့ စုပြုံတိုးဝှေ့လာကြကာ ပုရွက်ဆိတ်အမည်းကောင် အုပ်ကြီးအလား သိပ်သည်းစွာ ဖုံးအုပ်ပစ်လိုက်ကြတော့သည်။
ကံကြမ္မာအစစ်၏ အလောင်းဖြင့် တည်ဆောက်ထားသည့် လမ်းကြောင်းသည် ပြင်းထန်သော ဖိအားများကို ရင်ဆိုင်နေရပြီး အမျိုးမျိုးသောစွမ်းအားများက အရပ်မျက်နှာအသီးသီးမှနေ၍ ၎င်းကို ဖိသိပ်ချေမှုန်းနေကြသဖြင့် ပုံမှန်မဟုတ်သော ထိုဖြစ်တည်မှုများသည် ၎င်းကို တဖြည်းဖြည်း ပုံပျက်လာစေလေသည်။
“ကြည့်ရတာ ပိုစောစောလုပ်ရတော့မယ့်ပုံပဲ”
သရဲမန်နေဂျာ၏ အကြည့်က အလွန်လေးနက်သွား၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ဒဏ်ရာများ စတင်ပေါ်ထွက်လာလေသည်။ ယင်းမှာ ကံကြမ္မာက သူ့အား စတင်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။ ရှန်းလော်၏ ခန္ဓာကိုယ်ပေါ်တွင် သရဲတက်တူးများကို စတင်ထွင်းထုလိုက်သည်။ သရဲမန်နေဂျာသည် အချိန်မရွေးချေမှုန်းဖျက်ဆီး ခံလိုက်ရနိုင်သည့်အလား လုံးဝအာရုံစူးစိုက်ထားပြီး အလွန်တရာ လေးနက်နေခဲ့သည်။
နောက်ဆုံးမျဉ်းကြောင်းကို ရေးဆွဲပြီးနောက် သရဲမန်နေဂျာ၏ ခန္ဓာကိုယ်သည် ပြာအဖြစ် ပြောင်းလဲသွားပြီး ရှန်းလော်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားတော့သည်။ ထိုအခါမှ ကံကြမ္မာ၏ အကြည့်နှင့် အာရုံစိုက်မှုတို့က ရှန်းလော်ထံသို့ လွှဲပြောင်းရောက်ရှိသွားရသည်။ ဤသို့ဖြင့် အချိန်အတော်ကြာအောင် ဆွဲဆန့်ထားနိုင်ခဲ့ပြီး သူတို့၏အနောက်ဘက်မှမူ သွေးဆာနေသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျိန်စာသင့်ဆေးရုံမှ ဝတ်ရုံနီအဖွဲ့ဝင်များ လမ်းကြောင်းကြီးအတွင်းသို့ ခြေချလိုက်သည့်အချိန်၌ မူမမှန်မှုတစ်ခု ပေါ်ပေါက်လာတော့သည်။ ကံကြမ္မာသစ်ပင်ပေါ်ရှိ ကမ္မစွမ်းအင်များ ကျဆင်းလာပြီး လမ်းကြောင်းက ပိုမိုပြင်းထန်စွာ တုန်ခါလာခြင်းဖြစ်သည်။
ကြီးမားသော ပေးဆပ်မှုတစ်ခု ရှိမည်ဆိုလျှင်ပင် ကံကြမ္မာသစ်ပင်သည် လမ်းကြောင်းကို လုံးဝ ဖျက်ဆီးပစ်ရန်အတွက် အစွမ်းကုန်ကြိုးစားရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။
သူတို့ရှေ့တည့်တည့်တွင်မူ သရဲမန်နေဂျာ၏ ပူးကပ်ခံထားရသည့် ရှန်းလော်ရှိနေခဲ့ပြီး သူ့နောက်တွင်မူ ကျိန်စာသင့်ဆေးရုံမှ ဝတ်ရုံနီအဖွဲ့ဝင်တစ်စု ရှိနေကြသည်။ အလယ်တွင် ရပ်နေသောကောင်းမင်သည်လည်း နှလုံးခုန်နူန်း ပြင်းထန်နေခဲ့သည်။ သူသည် ဤမျှထိအလွန်အမင်းစိတ်မသက်မသာ ခံစားရမှုများမှာ သူ့ရန်သူများကြောင့် ထွက်ပေါ်လာခြင်းလား သို့မဟုတ် သူ့အသင်းဖော်များကြောင့် ဖြစ်ပေါ်လာခြင်းလားဆိုသည်ကို မပြောနိုင်တော့ချေ။
“ခုနတုန်းက အားလုံးအဆင်ပြေနေခဲ့တာပါ၊ ဒါပေမဲ့ ဒီဝတ်ရုံနီတွေ ဝင်လာကတည်းက ကံကြမ္မာသစ်ပင်က စလှုပ်ရှားလာခဲ့တာ၊ ဘယ်လို ဆက်နွယ်မှုတွေ ရှိနေလို့လဲ”
ကောင်းမင်သည် ကမ္မစွမ်းအားများကို လက်နက်တစ်ခုအဖြစ် အသုံးပြုသည်ကို ယခင်က တစ်ခါမှ မမြင်တွေ့ဖူးသဖြင့် ၎င်း၏ သက်ရောက်မှုများကိုလည်း မသိချေ။
သူသည် ကံကြမ္မာသစ်ပင်က လမ်းကြောင်းအပေါ် တစ်စုံတစ်ရာ လုပ်ဆောင်လိုက်ပြီ ဖြစ်ကြောင်း အသေအချာယုံကြည်နေခဲ့သည်။ သူသည် ထိုသစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် သရဲပုံစံကွက်များ ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းမှာ အတွင်းကမ္ဘာ၏ စည်းမျဉ်းများမှာ ကံကြမ္မာသစ်ပင်အတွင်းသို့ စိမ့်ဝင်သွားခဲ့ပြီဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်။
လမ်းကြောင်းမှာ ကျိန်စာသင့်သွားခဲ့သကဲ့သို့ ကြည်လင်လာခဲ့ပြီး ၎င်း၏ အစွန်းပိုင်းများက အဆုံးမဲ့လူသားလောကပြင်ပရှိ ပါးလျလှသော အမြှေးပါးနှင့် အရည်များအလား အတူတူ ပေါင်းစပ်သွားကြတော့သည်။ ဤနှုန်းအတိုင်းဆက်ဖြစ်နေမည်ဆိုပါက လမ်းကြောင်းသည် အဆုံးမဲ့လူသားလောကဆီသို့ ရောက်တော့မည်မဟုတ်ဘဲ အတွင်းကမ္ဘာနှင့် ယင်ယန်နယ်ပယ်တို့ကိုသာ ချိတ်ဆက်ပေးနိုင်တော့မည် ဖြစ်သဖြင့် ကံကြမ္မာသစ်ပင်အတွက် ခုခံရန်ကြားခံဇုန်တစ်ခုကို ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
“ကံကြမ္မာက ငါတို့ကို ဒီလောက်လွယ်လွယ်နဲ့ အထဲပေးဝင်မှာမဟုတ်ဘူးဆိုတာ ငါကြိုသိသားပဲ”
ဗဟိုသွေးမြို့တော်မှ ဝတ်ရုံနီအဖွဲ့ဝင်များသည် အနောက်ဘက်အကျဆုံးမှ လိုက်ပါလာကြခြင်းဖြစ်ပြီး သူတို့တွင်လည်း ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်တစ်ခု ရှိနေပုံရသည်။ ရှေ့ဆုံးမှ ရှိနေသည့် ဒါရိုက်တာစွန်းသည် သူ့ခန္ဓာကိုယ်အတွင်းသို့ သွေးပြွန်အမြောက်အများကို ထိုးစိုက်လိုက်ရာ သူ့အငွေ့အသက်များမှာ ဘေးပတ်ပတ်လည်ရှိ ဝတ်ရုံနီများ၏ ရိုသေလေးစားသော အကြည့်များအောက်တွင် တဖြည်းဖြည်း ပိုသန်မာလာတော့သည်။
“ငါ ကျိန်စာသင့်ဆေးရုံရဲ့ ဒါရိုက်တာဖြစ်လာပြီးတဲ့နောက်မှာ နည်းလမ်းအမျိုးမျိုးကို သုံးပြီး ငါ့ကိုယ်ငါ ပိုသန်မာအောင် လုပ်ခဲ့တယ်၊ အဆက်မပြတ် ကြီးထွားလာခဲ့ပြီး လူသားတွေရဲ့ ကန့်သတ်ချက်တွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖောက်ထွက်ခဲ့သလို သရဲတွေရဲ့ အချုပ်အနှောင်တွေကိုလည်း ချိုးဖျက်ခဲ့တယ်”
ဒါရိုက်တာစွန်းထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ ရောက်ရှိသွားတော့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ အမျိုးမျိုးသော ကြောက်မက်ဖွယ်အရာများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့အရိပ်အတွင်း၌ပင် ကျိန်စာများဖြင့် တရွရွတက်နေခဲ့ပြီဖြစ်သည်။ ကောင်းမင်သည် သူတို့နှင့် ခပ်လှမ်းလှမ်းနေချင်သော်လည်း သူ့ရှေ့တွင်ရှိနေသည့် သရဲမန်နေဂျာ၏ ပူးကပ်ခံထားရသော ရှန်းလော်၏ခန္ဓာကိုယ်တွင်လည်း အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးများမှာ အချင်းချင်းချိတ်ဆက်သွားကြပြီး မှိန်ဖျော့ဖျော့ မီးခိုးရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာခဲ့သည်။
“ဒါက ဗဟိုသွေးမြို့တော်နဲ့ ရှင်းလုသွေးမြို့တော်တို့ ပြင်ဆင်ထားတဲ့ အစီအစဉ်လား”
ကောင်းမင် မျက်မှောင်ကြုတ်ရင်း ထို “ပါရမီရှင်” နှစ်ယောက်ကို လှမ်းကြည့်၍ မည်သည့်အပြုအမူမျှ မလုပ်ဝံ့ခဲ့ချေ။ ပြင်ဆင်ပြီးနောက်တွင် ဒါရိုက်တာစွန်းသည် ဝတ်ရုံနီအဆင့်နှင့် မိစ္ဆာနတ်ဘုရားအဆင့်တို့ကြားတွင် ရှိနေသည့် ထူးဆန်းသော သူ့နှလုံးသားကို ဆုပ်ကိုင်ရင်း သူ့မျက်လုံးများဖြင့် ကံကြမ္မာသစ်ပင်ကို စူးစိုက်ကြည့်ရှုလိုက်တော့သည်။
တစ်ချိန်တည်းတွင် သရဲမန်နေဂျာသည် ရှန်းလော်၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ပြီး သရဲတက်တူးများဖြင့် သူ၏ စိတ်ဆန္ဒများကို စုပ်ယူပစ်လိုက်သဖြင့် ရှန်းလော်မှာ နာကျင်လွန်းလှ၍ လူးလိမ့်နေရတော့သည်။ ထိုနှစ်ဦးလုံးသည် ပြတ်သားလှသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ထားခဲ့ကြပုံရသည်။ အတိုင်းအဆမဲ့လှသော စိတ်ဆန္ဒများနှင့်အတူ တစ်ယောက်က မိမိ၏ နှလုံးသားကို ကံကြမ္မာထံသို့ ပူဇော်လိုက်ပြီး အခြားတစ်ယောက်ကမူ မိမိ၏ ယုံကြည်မှုကို ပူဇော်လိုက်ကြခြင်းဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ကောင်းမင်မှာ လုံးဝအံ့အားသင့်သွားရသည်။
စွန်းလေးသည် ပြာအဖြစ် ပြောင်းလဲသွားပြီး ဝတ်ရုံနီအဖွဲ့ဝင်တစ်ဦး၏ ဖမ်းထိန်းခံလိုက်ရရင်း ပြုံးလျက် သတိမေ့သွားတော့သည်။ ရှန်းလော်လည်း သူ့စိတ်ဆန္ဒများ ဆုံးရှုံးသွားပြီးနောက် သရဲမန်နေဂျာ၏ ကူညီပေးမှုနှင့်အတူ အမုန်းတရားများဖြင့် ပြည့်နှက်နေသည့် ပုံရိပ်တစ်ခုဆီသို့ လဲပြိုကျသွားတော့သည်။
ထိုနှစ်ဦးလုံး သူတို့၏ စွမ်းအားပြည့်တိုက်ကွက်များကို ထုတ်ဖော်ပြီးသွားသော်လည်း အခြေအနေမှာ အနည်းငယ်မျှပင် မတိုးတက်လာသေးသည်ကို ကောင်းမင် သတိပြုမိလိုက်သည်။ သို့မဟုတ် တစ်နည်းအားဖြင့် ပြောရလျှင် မည်သည့်သက်ရောက်မှမှ ရှိမနေခဲ့သဖြင့် သူ့မျက်လုံးများက အနည်းငယ် တွန့်ကွေးသွားရသည်။
ထိုနှစ်ဦးလုံး သူတို့၏ အသိစိတ်များကို လုံးဝဆုံးရှုံးသွားကြသည့် အချိန်မှသာ ကောင်းမင်သည် ကံကြမ္မာသစ်ပင်၏ ပြစ်ချက်မဲ့ပင်စည်ကြီးပေါ်တွင် အနက်ရောင်အမှတ်အသားနှစ်ခု ပေါ်ထွက်လာသည်ကို သတိပြုမိလိုက်လေသည်။