အခန်း ၉၀၉
Vol. 64 Ch. 909
အပိုင်း (၉၀၉) ယင်နဲ့ယန်ကြား၌
“အစွန်းအထင်းတွေလား”
ကံကြမ္မာသစ်ပင်သည် အပြစ်ပြောစရာမရှိလောက်အောင် ပြည့်စုံလွန်းလှပြီး သက်ရှိအားလုံးကို ထိန်းချုပ်ထားခြင်းဖြစ်သည်။ ၎င်းကို ထိခိုက်စေနိုင်မည့် မည်သည့်အရာကိုမဆို အတွင်းကမ္ဘာထဲသို့ မောင်းထုတ်ပစ်လေ့ရှိသည်။ သို့မဟုတ်ပါက လုံးဝဖျက်ဆီးပစ်လေ့ရှိသည်။ ယင်းသည် မည်သည့်အားနည်းချက်မျှ ရှိမနေခဲ့သည့် ဖြစ်တည်မှုတစ်ခုပင်။
သို့သော်လည်း ဒါရိုက်တာစွန်းနှင့် ရှန်းလော်တို့ ကံကြမ္မာသစ်ပင်အနီးသို့ ချဉ်းကပ်သွားခဲ့ကြပြီး ပူဇော်မှုပြုသကဲ့သို့ သေစေနိုင်သောတိုက်ကွက်ကို ထုတ်ဖော်ပြီးသွားသည့် ထိုအချိန်၌ပင် ကောင်းမင်သည် ထိုသစ်ပင်ကြီးပေါ်ရှိ အားနည်းချက်တစ်နေရာကို ရှာဖွေတွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ ထိုသစ်ပင်၏ ကြီးမားလှသော ပမာဏနှင့် နှိုင်းယှဉ်ပါက ထိုအနက်ရောင် အမှတ်အသားများမှာ သတိထားမိရန်ပင် အလွန်ခဲယဉ်းပေသည်။ ၎င်းတို့မှာ ထိုသစ်ပင်ကြီးက ဖယ်ရှားပစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ကြီးထွားလာခဲ့သည့် အရာများနှင့် တူပေသည်။
ဒါရိုက်တာစွန်းနှင့် ရှန်းလော်တို့၏ ကံကြမ္မာကို ကွေ့ကောက်ဆန်းပြားသည်ဟု ဖော်ပြ၍မရနိုင်ချေ။ သူတို့၏ ကံကြမ္မာသတ်မှတ်ချက်အရ သူတို့သည် “ကျေးဇူးရှင်” များနှင့် မတွေ့ဆုံမီက မည်သည့်အရာကိုမျှ ချောချောမွေ့မွေ့ မအောင်မြင်ခဲ့ဖူးချေ။ သူတို့ကိုယ်တိုင်လည်း ကြီးမားသော ဆင်းရဲဒုက္ခများကို ခံစားခဲ့ရသလို သူတို့ဘေးပတ်ဝန်းကျင်ရှိ လူများကိုလည်း ထိခိုက်စေခဲ့သည်။ သူတို့သည် ရုန်းထွက်ချင်ခဲ့ကြသော်လည်း ရုန်းထွက်၍မရနိုင်ခဲ့သည့်အလား ရှိနေခဲ့ကြသည်။ ရှန်းလော်၏ မတတ်သာဘဲ လက်ခံခဲ့ရသည့် အခြေအနေနှင့် မတူညီဘဲ ဒါရိုက်တာစွန်းကမူ သူ့ကံကြမ္မာကို ပြောင်းလဲနိုင်ရန်အတွက် ကျိန်စာသင့်ဆေးရုံအတွင်း၌ အချိန်နှင့် အားထုတ်မှု အမြောက်အမြားကို အသုံးပြုခဲ့သည်။ သူသည် ကံကောင်းလာမည်ကို လိုချင်၍ မဟုတ်ပေ။ သူ့သုတေသနပြုချက်များမှာ သူသည် ယခုထက် ပို၍ကံဆိုးလာနိုင်ဦးမလားဟူသည့် အချက်အပေါ်သာ အဓိကအာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။ ဗဟိုသွေးမြို့တော်၏ ပံ့ပိုးမှုနှင့်အတူ သူသည် မိမိ၏ ကန့်သတ်ချက်များကို အဆက်မပြတ် ရှာဖွေစူးစမ်းခဲ့ရာ နောက်ဆုံးတွင် အမှန်တကယ်ပင် ရှာဖွေတွေ့ရှိမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။
လူတိုင်း၏ ကံကြမ္မာကို ကံကြမ္မာသစ်ပင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သော်လည်း သူကတော့ ကွဲပြားခြားနားနေခြင်းဖြစ်သည်။ ကံကြမ္မာသစ်ပင်သည် ၎င်းအသုံးမဝင်တော့ဘဲ စွန့်ပစ်လိုက်သည့် အညစ်အကြေးများကို အတွင်းကမ္ဘာထဲသို့ စွန့်ပစ်လေ့ရှိရာ ယင်းတို့မှာ အလွန်တရာကံဆိုးလှသည့် လူသားများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ ဒါရိုက်တာစွန်းနှင့် ရှန်းလော်တို့မှာမူ ထိုသူများထဲမှ အထူးချွန်ဆုံးပါရမီရှင်များ ဖြစ်ကြချေသည်။
ကျိန်စာသင့်ဆေးရုံအတွင်း၌ ဒါရိုက်တာစွန်းသည် ထိုကဲ့သို့သော လူများနှင့် သရဲအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို “လူနာများ” ကို ကုသပေးနိုင်ရန်အတွက် သူတို့၏ ကံဆိုးမှုအားလုံးကို သူ့ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းထည့်သွင်းခဲ့သည်။ ထို့ကြောင့် ဆေးရုံအတွင်းရှိ ဝတ်ရုံနီအဖွဲ့ဝင်များအနေဖြင့် ဒါရိုက်တာစွန်းအပေါ် ထားရှိသည့် ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှုများမှာ အမှန်တကယ် စစ်မှန်ပေသည်။
ထိုအနက်ရောင်အမှတ်အသားနှစ်ခု ပေါ်ထွက်လာပြီးနောက် ၎င်းတို့သည် ကံကြမ္မာသစ်ပင်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိသလို လက်ရှိအခြေအနေကိုလည်း... အနည်းငယ်မျှပင် အထောက်အကူမပြုနိုင်ခဲ့ချေ။ ကောင်းမင် သက်ပြင်းလိုက်ပြီး လမ်းကြောင်း၏ ပုံအပျက်ဆုံးအပိုင်းဆီသို့ လျှောက်သွားလိုက်တော့သည်။
ကံကြမ္မာသစ်ပင်၏ အမည်မသိတိုက်ခိုက်မှုများနှင့် ယင်ယန်ကြားရှိ မရေမတွက်နိုင်လောက်အောင် ထူးဆန်းသောအရာများ၏ ကူညီပေးမှုကြောင့် လမ်းကြောင်းတစ်နေရာမှ ကြည်လင်နေသော သွေးများ စိမ့်ထွက်လာခဲ့သည်။ ထိုသွေးများမှာ မည်သည့်အရောင်မျှ မရှိသလို ကောင်းမင်နားမလည်နိုင်သည့် မရေမတွက်နိုင်သော စာသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းတို့မှာ သာမန်လူသားများ၏ အမည်နာမများ ဖြစ်ပုံရလေသည်။
“ကံကြမ္မာရဲ့အလောင်းက တိုက်ခိုက်ခံလိုက်ရတာပဲ၊ ဒါက သူ့သွေးတွေပဲ ဖြစ်မယ်”
အားနည်းချက်တစ်ခု ပေါ်ထွက်လာပြီဖြစ်သည်။ ကံကြမ္မာသစ်ပင်နှင့် ယင်ယန်နယ်ပယ်မှ ထိုထူးဆန်းသော သတ္တဝါများသည် သူတို့၏ တိုက်ခိုက်မှုများကို ထိုအားနည်းချက်ဆီသို့ စတင်စုပြုံတိုက်ခိုက်လာကြတော့သည်။ ကောင်းမင်သည် ထို “ဒဏ်ရာ” ၏ အနောက်ဘက်တွင် ရပ်နေရင်း အခြားဝိညာဉ်များကို အမြန်ဆုံးဖြတ်သန်းသွားကြရန် တိုက်တွန်းရင်း တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ အထူးသဖြင့် သတိမေ့နေသည့် ဒါရိုက်တာစွန်းနှင့် တုံ့ပြန်မှုမရှိတော့သည့် ရှန်းလော်တို့ကို ဖြစ်သည်။
တိုက်ဆိုင်စွာပင် ဒါရိုက်တာစွန်းနှင့် ဝတ်ရုံနီအဖွဲ့ဝင်များ ကောင်းမင်ဘေးမှ ဖြတ်လျှောက်သွားကြချိန်တွင် လမ်းကြောင်းပေါ်ရှိ ဒဏ်ရာက ပိုမိုကျယ်ပြန့်လာလေသည်။ ယင်ယန်နယ်ပယ်မှ သတ္တဝါဆန်းများ အတွင်းသို့ စုပြုံတိုးဝှေ့မလာနိုင်သေးခင် ကောင်းမင်နှင့် သားစားကြူးတို့မှာ ထိုအက်ကြောင်းမှနေ၍ အပြင်သို့ လျှောက်ထွက်သွားနှင့်ပြီ ဖြစ်သည်။
လမ်းကြောင်း၏ အကာအကွယ်မရှိတော့သဖြင့် သူတို့သည် ယင်ယန်နယ်ပယ်မှ မရေမတွက်နိုင်သော သတ္တဝါဆန်းများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သလို ကံကြမ္မာသစ်ပင်၏ အကြည့်ကိုလည်း ခံရတော့မည် ဖြစ်သည်။ သို့သော်လည်း ကောင်းမင်၌ အခြားပိုကောင်းသည့် ရွေးချယ်စရာ မရှိတော့ချေ။ အိပ်မက်ဆိုးများသည် လမ်းကြောင်း၏ အပြင်ဘက်ဧရိယာတစ်ခုလုံးကို ဖုံးအုပ်သွားပြီး များစွာသောသတ္တဝါဆန်းများမှာ အိပ်မက်များအတွင်းသို့ ပျောက်ကွယ်သွားကြသည်။ ကောင်းမင် နောက်သို့လှည့်ကြည့်လိုက်ရာ လမ်းကြောင်းပေါ်ရှိ ဒဏ်ရာမှာ ပြန်လည်ကောင်းမွန်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ့မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွား၏။
လမ်းကြောင်းက လုံးဝပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သဖြင့် သူသည်လည်း နောက်ပြန်မလှည့်နိုင်တော့ချေ။ သို့သော်လည်း သူ့နှောင့်ယှက်မှုသာ မရှိခဲ့ပါက ထိုသတ္တဝါဆန်းများသည် လမ်းကြောင်းကို အရပ်မျက်နှာမျိုးစုံမှ ထပ်မံတိုက်ခိုက်ကြဦးမည် ဖြစ်သည်။ ကောင်းမင်သည် သူ့လက်ချောင်းများကို တင်းတင်းဆုပ်ရင်း ယင်ယန်နယ်ပယ်မှ ထိုသတ္တဝါဆန်းများကို သူ့အိပ်မက်အတွင်း၌ ပိတ်လှောင်လိုက်ရာ သူတို့၏မှတ်ဉာဏ်များနှင့် အတွေးအားလုံးကို သိသွားရသည်။
“ယင်ယန်နယ်ပယ်ဆိုတာ အဆုံးမဲ့လူသားလောကကို ဖုံးအုပ်ထားတဲ့ အမြှေးပါးတစ်ခုပဲ၊ ဒီနေရာမှာ အဆုံးမဲ့လူသားလောကကို သွားလို့ရမယ့်လမ်းကြောင်းတစ်ခုတော့ သေချာပေါက် ရှိနေရမယ်”
ဆုံးဖြတ်ချက်ချပြီးနောက် ကောင်းမင်သည် ချက်ချင်း စတင်လှုပ်ရှားတော့သည်။ သူသည် ကံကြမ္မာ၏ သတ်မှတ်ချက်အတွင်းမှ ရုန်းထွက်နိုင်ခဲ့သူတစ်ဦး ဖြစ်သဖြင့် ကံကြမ္မာအနေဖြင့် သူ၏ နာမည်အစစ်ကို ရှာမတွေ့ခင်အထိ သူ့အား ထိခိုက်စေရန် ခဲယဉ်းပေသည်။ တစ်ဖက်တွင်လည်း ကောင်းမင် ပိုင်ဆိုင်ထားသည့် စည်းမျဉ်းနှစ်ခုလုံးမှာ ထိုဆန်းကြယ်သော သတ္တဝါဆန်းများအပေါ်တွင် အလွန် သက်ရောက်မှု ရှိနေလေသည်။ အိပ်မက်များကို ရက်လုပ်ရင်းနှင့် ထူးဆန်းဆန်းကြယ်မှုများကို ထွေးပိုက်၍ သူသည် သူ၏ ထပ်ခါတလဲလဲ သတ်ဖြတ်ခြင်းလုပ်ငန်းစဉ်ကြီးကို စတင်လိုက်တော့သည်။
နောက်ဆုံး ထိုသတ္တဝါဆန်းများ ဆုတ်ခွာမသွားမီ ကောင်းမင်သည် သူ၏ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်း၌ လုံးဝပြည့်လုနီးပါး ဖြစ်သွားပြီဟု ခံစားလိုက်ရသည်။
သူ့နောက်ရှိ လမ်းကြောင်းမှာမူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။ လမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာကြသည့် အတွင်းကမ္ဘာမှ ပထမဆုံးသရဲအသုတ်သည် အဆုံးမဲ့လူသားလောကဆီသို့ ဘေးအန္တရာယ်ကင်းစွာ ရောက်ရှိသွားကြပြီ ဖြစ်သည်။
“ငါတစ်ယောက်ပဲ အပြင်မှာ ကျန်ခဲ့တာပေါ့”
ယခုတွင် ကောင်းမင်သည် နောက်ဆုံးတွင် အတွင်းကမ္ဘာနှင့် လုံးဝကွဲပြားသည့် ဤနေရာကို စူးစမ်းခွင့်ရတော့သည်။ ယင်ယန်နယ်ပယ်နှင့် ကံကြမ္မာသစ်ပင်သည် အတူတကွ ကြီးထွားနေကြခြင်းဖြစ်ပြီး ကံကြမ္မာသစ်ပင်၏ အစိတ်အပိုင်းတစ်ခုအလား ဖြစ်နေသော်လည်း တစ်ဖက်တွင်လည်း ထူးဆန်းသော အခြေအနေများဖြင့် ပြည့်နှက်နေခဲ့သည်။ ကံကြမ္မာသစ်ပင်သည်ပင် ၎င်းအတွင်းရှိ ဆန်းကြယ်သော သတ္တဝါဆန်းများ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်။
“ဒီအရာတွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ၊ သူတို့က ကံကြမ္မာသစ်ပင်ရဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေတဲ့ သက်ရှိအားလုံးရဲ့ အတွေးတွေနဲ့ စွဲလမ်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပုံပျက်နေတဲ့ဖြစ်တည်မှုတွေနဲ့ တူတာပဲ”
ယင်ယန်နယ်ပယ်သည် အဆုံးမဲ့လူသားလောက၏ အပြင်ဘက်တွင် ဖုံးအုပ်ထားခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်နှင့် သတ်မှတ်ထားသည့် တည်နေရာများတွင်သာ ၎င်းနှင့် အတူတူ ပေါင်းစပ်သွားလေ့ရှိသည်။ ဤနေရာတွင်မူ နေ့အလင်းရောင်မရှိသလို ကောင်းကင်နှင့် မြေပြင်ဟူသည့် သဘောတရားလည်း ရှိမနေချေ။ လှိုင်းထနေသည့် ယင်စွမ်းအင်များ၊ သေခြင်းအငွေ့အသက်များဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံအမျိုးမျိုးနှင့် မြေပြင်အနေအထားမှလွဲ၍ မရေမတွက်နိုင်သော ခြောက်ခြားမှုများဖြင့်သာ ပြည့်နှက်နေခြင်းဖြစ်သည်။
၎င်းတို့သည် မပြောသင့်သူ သို့မဟုတ် သွေးမြို့တော်သခင်များနှင့် လုံးဝကွဲပြားပေသည်။ ၎င်းတို့ထဲမှ အများစုတွင် ကိုယ်ပိုင်လွတ်လပ်သည့် အသိစိတ်များ ရှိမနေကြသလို သီးသန့်ဖြစ်တည်မှုများလည်း မဟုတ်ကြချေ။ သို့သော်လည်း ၎င်းတို့သည် အလွန်အမင်းစွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ကောင်းမင်သည် မိုးကုတ်စက်ဝိုင်းတွင် ရွေ့လျားနေကြသည့် ဧရာမခေါင်းပြတ်ဘီလူးများကို မြင်တွေ့လိုက်ရသည်။ တစ်ကောင်ချင်းစီသည် တောင်တန်းကြီးများအလား ကြီးမားလှပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် အနက်ရောင်မြူခိုးများ ရစ်သိုင်းနေကြသည်။ ၎င်းတို့၏ လည်ပင်းပြတ်များမှ မရေမတွက်နိုင်သော ကြိုးမျှင်များစွာ ထွက်ပေါ်နေပြီး ကြိုးမျှင်တစ်ခုချင်းစီ၏ အဆုံးသတ်တွင်မူ ‘အတွေး’ တစ်ခုစီ ရှိနေခဲ့ကြသည်။
လူသားသစ်ပင်တစ်ပင်၏ အရွက်တစ်ရွက်ပေါ်တွင်မူ ဧရာမဖားပြုတ်ကြီးနှင့် တူသည့် သတ္တဝါဆန်းတစ်ကောင် လဲလျောင်းနေခဲ့သည်။ ၎င်း၏ ပါးစပ်ကြီးသည် လူသားကမ္ဘာ၏ သုံးပုံတစ်ပုံခန့်ကို ဖုံးအုပ်ထားပြီး ၎င်း၏ ရှည်လျားလှသောလျှာကြီးက တွဲလောင်းကျနေလေသည်။ လူသားကမ္ဘာအတွင်းမှ မရေမတွက်နိုင်သော ဝိညာဉ်များ ထွက်ပေါ်နေကြပြီး ၎င်း၏ ပါးစပ်အတွင်းသို့ အလုအယက် တိုးဝှေ့ဝင်ရောက်နေကြသည်။
အချို့လူသားကမ္ဘာများတွင်မူ ကောင်းမြတ်ခြင်းကို ကိုယ်စားပြုသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ဆိုးယုတ်ခြင်းကို ကိုယ်စားပြုသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူတို့ကို မြှုပ်နှံထားကြသည်။ ၎င်းတို့၏ သစ်ရွက်ကြောများမှာ ကံကြမ္မာ၏လှောင်ပိတ်မှုကို ခံထားရသည့်အလား လက်ရှိအချိန်တွင် ကောင်းခြင်းဆိုးခြင်းဆိုင်ရာ ချိန်းကြိုးများအဖြစ် ပြောင်းလဲနေကြပြီ ဖြစ်သည်။ ထိုနေရာရှိ နေထိုင်သူများသည် ကံကြမ္မာ၏ ထိန်းချုပ်မှုမှ ရုန်းထွက်နိုင်ခဲ့ကြပုံရသော်လည်း ပိုမိုလေးလံသော ကမ္မအချုပ်အနှောင်များ၏ ဖိနှိပ်မှုကိုမူ ထပ်မံခံစားနေကြရသည်။
အခြားလူသားကမ္ဘာများ၏ အနီးတွင်မူ အမှောင်ထုအတွင်းမှ နန်းတော်ကြီးများ ထွက်ပေါ်နေကြပြီး ကံကြမ္မာသွေးကြောများဖြင့် ပတ်ယှက်နေကြရာ နတ်ဘုရားတောင်တန်းကြီးများနှင့် တူနေလေသည်။ သို့သော်လည်း အမှန်တကယ်တွင်မူ ဧရာမခေါင်းတလားကြီးများနှင့် တူနေခြင်းဖြစ်သည်။ ထူးခြားဆန်းကြယ်ပြီး အံ့သြဖွယ်ကောင်းလှသည့် ထိုဖြစ်တည်မှုများသည် အဆုံးမဲ့လူသားလောကတစ်ခုလုံးတွင် ပြန့်နှံ့နေကြခြင်း ဖြစ်သည်။ ၎င်းဖြစ်တည်မှုများမှာ မရေမတွက်နိုင်အောင် များပြားလှသော်လည်း ကိုယ်ပိုင်အသိစိတ်များ ရှိမနေကြဘဲ ပင်ကိုယ်သိစိတ်အရသာ လှုပ်ရှားနေကြသည်။ သို့မဟုတ် သူတို့ကို ဖွဲ့စည်းထားသည့် စုပေါင်းအတွေးများကြောင့် ဖြစ်နိုင်ပေသည်။
“ဒါက ငါ စိတ်ဖောက်ပြန်မှုကို သုံးပြီးတဲ့နောက် ဖြစ်လာတဲ့ ကမ္ဘာနဲ့ အတော်လေးတူတာပဲ”
ကောင်းမင်သည် စိတ်ဖောက်ပြန်မှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ချေ။ ၎င်းကို ပြန်တွေးမိရုံဖြင့်ပင် သူ့ခန္ဓာကိုယ်က နာကျင်လာရသည်။ အကယ်၍ သူသာ ထိုအရာများကို ဝါးမြိုပစ်မည်ဆိုပါက ဘာတွေဆက်ဖြစ်လာမလဲကို သူ တွေးလိုက်မိသည်။
အချိန်အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်တွင်မူ...
ကောင်းမင် သူ့လက်ကို မြှောက်လိုက်တော့သည်။ သူသည် စိတ်ဖောက်ပြန်မှုအတွင်းရှိ ဆန်းကြယ်သော အရာများကို ထပ်မံအသုံးမပြုဝံ့တော့ဘဲ ၎င်းအတွင်းရှိ ရူးသွပ်မှုများနှင့် အဓိပ္ပာယ်မဲ့မှုများကိုသာ ပြန်လည်တွေးတောလိုက်ရင်း ပထမဆုံးအကြိမ်အဖြစ် သူ့စွမ်းအားအားလုံးကို အိပ်မက်တစ်ခု ဖန်တီးရန်အတွက် ပုံအောထည့်သွင်းလိုက်တော့သည်။ သူသည် အတွင်းကမ္ဘာထဲ ရှိနေစဉ်က မဆင်မခြင် မလှုပ်ရှားဝံ့ခဲ့သလို ဟန်ဟိုင်းသွေးမြို့တော်၏ အရှင်သခင်ဖြစ်သည့် သူ့ကိုယ်သူလည်း မည်မျှအစွမ်းထက်ကြောင်း မသိသေးချေ။ သို့သော်လည်း ကံကြမ္မာသစ်ပင်၏ နယ်မြေသို့ ရောက်ရှိလာချိန်တွင်မူ သူသည် သူ၏ စိုးရိမ်မှုအားလုံးကို လုံးဝဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။
စိတ်ဖောက်ပြန်မှုကမ္ဘာ၏ မှတ်ဉာဏ်များက အပ်ဖျားလေးများအဖြစ် ပြောင်းလဲသွားကြပြီး အိပ်မက်စည်းမျဉ်းများနှင့် ရူးသွပ်မှုစည်းမျဉ်းတို့ကို ချည်မျှင်များအဖြစ် အသုံးပြုရင်း ကောင်းမင်သည် ၎င်းတို့ကို ယင်နှင့်ယန်ကြားရှိ နယ်ပယ်အတွင်း၌ အတူတကွ စပ်ယှက်ချုပ်လုပ်တော့သည်။ အချိန်အတော်ကြာပြီးနောက် ကောင်းမင်ရှေ့ရှိ ညကောင်းကင်ကြီးမှာ ဧရာမသက်ရှိသတ္တဝါတစ်ကောင် ပေါက်ဖွားလာတော့မည့်အလား ပြင်းထန်စွာ တွန့်လိမ်လာတော့သည်။ နောက်တစ်စက္ကန့်တွင်မူ ဒဏ်ရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ယင်းက လူတစ်ယောက်၏ အရေပြားကို ခွာထုတ်လိုက်သည့် ပထမဆုံးဓားချက် ဖြစ်ပြီး ၎င်း၏ နောက်တွင်မူ နံပါတ် ၂ က ဦးခေါင်းခွံဖောက်စက်ဖြင့် ဦးခေါင်းခွံကို ပွင့်သွားစေခဲ့သည့် ဒဏ်ရာ၊ လက်တစ်ဝက် ဖြတ်ခံလိုက်ရသည့် ဒဏ်ရာနှင့် ပုံပျက်နေသည့် လူတစ်ယောက်က သူ့ကိုယ်သူပုံမှန်လူတစ်ယောက်ဖြစ်အောင် အတင်းအကျပ်ပြုလုပ်ခဲ့သည့် ဒဏ်ရာတို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြတော့သည်။ ပုံရိပ်ယောင်ကမ္ဘာအတွင်း ကောင်းမင်အာရုံခံမိခဲ့ဖူးသည့် ဒဏ်ရာတိုင်းမှာ အမှောင်ထုထဲတွင် ပွင့်ဟလာကြသည်။ ယင်းမှာ အစသာ ရှိသေးသည်။ နောက်ပိုင်းတွင်မူ အိုမင်းခြင်းသွေးမြို့တော်သခင်ကြောင့် ဖြစ်ပေါ်လာရသည့် “သစ်ပင်” ၏ မီးလောင်ဒဏ်ရာများ ထွက်ပေါ်လာပြီး ထိုမြို့တော်သခင်တစ်ဦးတည်းကပင် မတူညီသည့် ဒဏ်ရာပေါင်း ငါးဆယ်ကျော်ကို ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် သွေးစွန်းနေသည့် အချိန်မြစ်ကြီးနှင့် အလောင်းများက အချိန်ယဇ်ပလ္လင်ကို ဝါးမြိုရာမှ ထွက်ပေါ်လာသည့် အက်ကွဲကြောင်းများလည်း ပါဝင်နေခဲ့သည်။
အဆက်မပြတ် ပေါ်ထွက်လာသော ဒဏ်ရာများနှင့် အက်ကြောင်းများကို ကောင်းမင်က အတူတကွ ချုပ်လုပ်လိုက်ချိန်တွင်မူ ၎င်းတို့မှာ အလွန်မယုံနိုင်ဖွယ်ကောင်းသော ဆန်းပြားသည့်ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ နောက်ဆုံးတွင်မူ ညကောင်းကင်အတွင်း၌ အမျိုးမျိုးသော ဒဏ်ရာများဖြင့် စုစည်းတည်ဆောက်ထားသည့် ခြေထောက်တစ်သောင်း ပါသော ဧရာမသတ္တဝါဆန်းကြီးတစ်ကောင် ပေါ်ထွက်လာတော့သည်။ ယင်းမှာ အပိုင်းပိုင်းပြတ်တောက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးတစ်ကောင် သို့မဟုတ် ဆိုးယုတ်လှသော စကြဝဠာကောင်းကင်ယံမှ ဧရာမကင်းခြေများကြီးတစ်ကောင်နှင့်ပင် တူနေသေးသည်။