အခန်း ၉၁၃
Vol. 65 Ch. 913
အပိုင်း (၉၁၃) စည်းမျဉ်းများနှင့်အပြောင်းအလဲများ
ကံကြမ္မာကို နားလည်နိုင်သော်လည်း ချုပ်ချယ်၍မရချေ။ ကံသည် မိမိထံ၌သာ ရှိသည်ဖြစ်ရာ ကောင်းကင်ဘုံ၌ မရှိချေ။ သေခြင်းနှင့် ရှင်ခြင်းကြားရှိ(ယင်ယန်နယ်ပယ်) လောကအတွင်းသို့ အကြောင်းမလှဘဲ ရောက်ရှိလာကြသည့် သက်ရှိလူသားတိုင်းသည် နဂါးချိတ်ပိတ်ရွာကို ဖြတ်သန်းကြရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် အပြောင်းအလဲများကြောင့် ရွာအတွင်း ပိတ်မိနေကြသည့် ရွာသားများဖြစ်ကြပြီး ခန္ဓာကိုယ်တွင် အမာရွတ်များနှင့် ဝေဒနာများ ပြည့်နှက်လျက် ကံကြမ္မာ၏ နှိပ်စက်ခြင်းကို ခံနေကြရသောကြောင့် ဖြစ်သည်။ ယင်းသည် အပြောင်းအလဲများကို ပိတ်လှောင်ထားသည့် ဤနေရာတွင် သူတို့ ကြာမြင့်စွာ နေထိုင်ခဲ့ကြသဖြင့် ကံကြမ္မာသစ်ပင် အမုန်းတီးဆုံးဖြစ်သော အပြောင်းအလဲများ၏ အငွေ့အသက်များ စိမ့်ဝင်သွားခဲ့သောကြောင့် ဖြစ်သည်။
ကံကြမ္မာသစ်ပင် အဆုံးမဲ့လူသားလောကကို မထိန်းချုပ်မီက လူတိုင်းတွင် အပြောင်းအလဲများ ရှိကြပြီး လူတိုင်း မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ကြသဖြင့် လူတိုင်း နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ကြသည်။ ကံကြမ္မာသစ်ပင် သက်ရှိအားလုံး၏ ခန္ဓာကိုယ်ထဲ၌ အမြစ်တွယ်ပြီးနောက်တွင်မူ အပြောင်းအလဲများသည် လုံးဝ ပိတ်လှောင်ခံလိုက်ရပြီး သက်ရှိများအတွက် အခွင့်အရေး မရှိတော့ချေ။လူအဖြစ် မွေးဖွားလာရခြင်းကပင် သနားညှာတာမှုတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အပြောင်းအလဲများကို ဤနေရာတွင် ပိတ်လှောင်ထားသဖြင့် နဂါးချိတ်ပိတ်ရွာဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။
ကံကြမ္မာအစစ်၏ အလောင်းသည် လူတစ်ဦးချင်းစီ၏ မျက်လုံးထဲတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာသကဲ့သို့ မြေကြောချိန်းကြိုးကြီး၏ ဗဟိုချက်တွင် ချည်နှောင်ခံထားသည့် အပြောင်းအလဲသည်လည်း ထို့အတူပင် ဖြစ်၏။ အဆင့်မြင့်ဖြစ်တည်မှုများသည် ၎င်း၏ ပုံသဏ္ဌာန်တစ်ခုလုံးကို မမြင်နိုင်ကြချေ။ သူတို့ မြင်တွေ့ရန် လိုအပ်သည်မှာ ၎င်း၏အောက်ရှိ မရေတွက်နိုင်သော အရိုးစုများသာ ဖြစ်သည်။ ထိုသေဆုံးသွားသူများသည်လည်း တစ်ချိန်က အပြောင်းအလဲများ ဖြစ်ခဲ့ကြခြင်းဖြစ်သည်။
“အပြောင်းအလဲတွေ မပေါ်လာခင်က စွမ်းအားတွေအားလုံးကို စည်းမျဉ်းတွေကပဲ အုပ်ချုပ်ခဲ့တာ၊ ကံကြမ္မာသစ်ပင်က ထိန်းချုပ်ထားတဲ့ စည်းမျဉ်းပဲဖြစ်ဖြစ်၊ အတွင်းကမ္ဘာရဲ့ စည်းမျဉ်းပဲဖြစ်ဖြစ်ပေါ့... အပြောင်းအလဲတွေ ပေါ်လာပြီးတဲ့နောက်တော့ စည်းမျဉ်းတွေက ပြောင်းလဲသွားပုံရတယ်”
ကောင်းမင် ယင်းကို ဖြတ်မမြင်နိုင်ချေ။ အပြောင်းအလဲကို လွှတ်ပေးလိုက်သူသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပထမဦးဆုံး သက်ရောက်မှုခံရမည်မှာ သေချာသဖြင့် ဘယ်သူမှ မသိနိုင်ချေ။
“အပြောင်းအလဲဟာ ကံကြမ္မာသစ်ပင်နဲ့ အဆုံးမဲ့လူသားလောကကို သေချာပေါက် ရိုက်ခတ်လိမ့်မယ်၊ ဒါပေမဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးလည်း ရှိတာပေါ့၊ မြေပြင်ပေါ်က လူသေလောင်းပုံကြီးက သက်သေပဲ”
“တုံ့ဆိုင်းနေစရာ မလိုဘူး။ ငါ ဒီအဆင့်အထိ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့တာကလည်း ဒီအကြောင်းရင်းတွေကြောင့်ပဲ”
အဆုံးမဲ့သော အိပ်မက်ချည်မျှင်များ၏ ဆွဲငင်မှုနှင့်အတူ ကောင်းမင်သည် ဆက်လက်ကြီးထွားနေဆဲဖြစ်သော နဂါးကင်းခြေများကြီးအား မြေကြောများကို ရိုက်ခွဲခိုင်းလိုက်တော့သည်။
နဂါးချိတ်ပိတ်ရွာ တည်ရှိသည့် နယ်မြေကြီးမှာ စတင်ပြောင်းလဲလာပြီ ဖြစ်သည်။ ချိန်းကြိုးတစ်ချောင်း ပြတ်တောက်သွားတိုင်း အပြောင်းအလဲ၏ ‘ခန္ဓာကိုယ်’ အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်သွားပြီး ကောင်းမင်နှင့် အိပ်မက်ဆိုးနဂါးကင်းခြေများ၏ ခန္ဓာကိုယ်များမှာမူ မရှင်းပြနိုင်သော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာလေသည်။
မြေကြောအားလုံး ပျက်စီးသွားချိန်တွင် ကံကြမ္မာသစ်ပင်၏ ချိတ်ပိတ်မှုကို အချိန်ကြာမြင့်စွာ ခံခဲ့ရသည့် အပြောင်းအလဲသည် နောက်ဆုံးတွင် လွတ်မြောက်သွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။ ကောင်းမင်နှင့် အိပ်မက်ဆိုးနဂါးကင်းခြေများ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးမြို့တော်သရဲတက်တူးထက် ပိုမိုနက်ရှိုင်းသော ပုံစံကွက်များ ပေါ်ထွက်လာခဲ့သည်။
၎င်းတို့သာမက နဂါးချိတ်ပိတ်ရွာမှ ရွာသားများ၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များလည်း ကွာကျလာပြီး မှိန်ဖျော့ဖျော့နဂါးပုံစံ တက်တူးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
နောက်ဆုံး ဟိန်းဟောက်သံတစ်ခုနှင့်အတူ မြေကြောချိန်းကြိုးအားလုံးကို ရိုက်ချိုးပစ်လိုက်သည့် နဂါးကင်းခြေများကြီးသည် ဧရာမသင်္ချိုင်းဂူထဲမှ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။ ဆိတ်သုဉ်းနေသော ရွာပျက်ကြီးမှ လူများသည် မြေပြင်ပေါ် ဒူးထောက်ချလိုက်ကြပြီး ကံကြမ္မာကြောင့် ရူးသွပ်နေခဲ့ကြသည့် အချို့ ရွာသားများမှာ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်လှသော အိပ်မက်ဆိုးနဂါးကင်းခြေများကြီးကို ညွှန်ပြလျက် အော်ဟစ်နေကြလေသည်။
“နဂါး... နဂါး... နဂါး...”
နဂါးချိတ်ပိတ်ရွာ၏ အောက်ခြေတွင် အကျဉ်းချခံထားရသည့် အပြောင်းအလဲသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင်သည် ယင်းက ထွက်ခွာသွားခြင်းလား သို့မဟုတ် သူနှင့် နဂါးကင်းခြေများ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခြင်းလားကို မသိချေ။ သူ ယင်းကို စိတ်ရှည်လက်ရှည် အာရုံခံကြည့်လိုက်ရာ အိပ်မက်နှင့် ရူးသွပ်မှု စွမ်းအားများမှာ ပိုအစွမ်းထက်လာကြောင်း တွေ့ရှိလိုက်ရလေသည်။ စည်းမျဉ်းအားလုံးတွင် ကန့်သတ်ချက်များ ရှိကြသော်ငြား ယခုအခါ သူ့အပေါ်ရှိ ထိုကန့်သတ်ချက်များမှာ ရိုက်ချိုးခံလိုက်ရပြီဖြစ်သဖြင့် ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
သူသည် စည်းမျဉ်းများနှင့် အပြောင်းအလဲများကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယင်းကို ခံစားမိပြီးနောက် ကောင်းမင်သည် ကံကြမ္မာသစ်ပင်၏ ကိရိယာများအဖြစ် အသုံးပြုခံထားရသည့် ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ များကို ကြည့်လိုက်သည်။ အိပ်ပျော်နေသော အကောင်းအဆိုး ဗုဒ္ဓရုပ်ပွားတော်နှင့် ခေါင်းတလားကဲ့သို့သော နန်းတော်ငယ်တို့သည် အရင်ကနှင့် မတူဘဲ သိသိသာသာ ပြောင်းလဲသွားပုံရသည်။ ရှည်လျားသော လျှာကြီးတစ်ခု ထွက်ကျနေသည့် ဖားပြုပ်ကဲ့သို့သော မကောင်းဆိုးဝါးသည်လည်း ၎င်းမျက်လုံးများကို တိတ်တဆိတ် အသာအယာ ဖွင့်ဟလာလေသည်။
ပိုမိုဝေးကွာသော နေရာတွင်မူ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ့လည်ပင်းတွင် ရစ်ပတ်ထားသည့် မရေတွက်နိုင်သော အတွေးများကို လွှတ်ပေးလိုက်ရာ ၎င်းတို့က အဆုံးမဲ့လူသားလောကဆီသို့ လွင့်မျောသွားကြသည်။
“ယင်ယန်နယ်ပယ်ကြားက ဒီ ‘နတ်ဘုရားလို ဖြစ်တည်မှု’ တွေအပေါ် ကံကြမ္မာရဲ့ ထိန်းချုပ်မှု လျော့နည်းသွားပြီပဲ”
အကျပ်အတည်းမှ လွတ်မြောက်လာခြင်း၏ သက်ရောက်မှုများသည် ဆက်လက် ပြန့်ပွားနေဆဲ ဖြစ်သည်။ လူသားလောက၏ သစ်ရွက်သစ်များမှာ ကံကြမ္မာသစ်ပင်မှ ပေါက်ဖွားလာကြသော်လည်း ကံကြမ္မာသွေးကြောများ တဖြည်းဖြည်း ပြတ်တောက်သွားသည်နှင့်အမျှ ၎င်းတို့၏ အရောင်အဝါများ မှေးမှိန်သွားကြရသည်။ တောင်တန်းများ ပြိုကျလာ၍ မြေပြင်ကြီးလည်း အက်ကွဲလာရာ ကောင်းမင်သည် ခန္ဓာကိုယ်တွင် နဂါးတက်တူးများ ရှိနေပြီး မြေပြင်ပေါ်၌ တုံးအစွာ ဒူးထောက်နေကြဆဲဖြစ်သော ရွာသားများကို ကြည့်ရင်း ညှဉ်းပန်းနှိပ်စက်ခန်းတံခါးကို ပြတ်သားစွာ ဖွင့်လှစ်လိုက်လေသည်။
“ငါ မင်းတို့ကို ခေါ်သွားပေးမယ်”
နဂါးချိတ်ပိတ်ရွာ ပျက်စီးသွားခြင်းနှင့်အတူ ရွာသားမျိုးဆက်များ ခံစားခဲ့ရသည့် အမာရွတ်များ မှေးမှိန်သွားပြီဖြစ်ပြီး သူတို့ သယ်ဆောင်ထားရသည့် ဘေးဒုက္ခများနှင့် ကမ္မအနှောင်အဖွဲ့များလည်း အကျပ်အတည်းအတွင်း၌ ပျောက်ကွယ်သွားခဲ့ပုံရသည်။ ရွာသားအများစုသည် ကောင်းမင်စကားကို နာခံကြပြီး ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။ အတွင်းကမ္ဘာမှ သရဲများ ပြည့်နှက်နေသည့် အခန်းကြီးက ဤသနားစရာကောင်းသော ဝိညာဉ်များကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။
“လျှောက်မပြေးကြနဲ့... အထဲဝင်ခဲ့ကြ”
အသက်ကြီးသော ရွာသားအချို့မှာမူ ထွက်မလာကြဘဲ ဘိုးဘေးခန်းမဆီသို့ ဦးတည်ပြေးသွားကြခြင်းဖြစ်သည်။ သူတို့သည် ဝဲယာနှစ်ဖက်ရှိ ‘ဆန်းကြယ်’ သော ရုပ်တုများကို ဂရုမစိုက်ဘဲ သူတို့၏ ဘိုးဘေးနာမည်ပြားများကို အလျင်အမြန် ယူဆောင်၍ သူတို့ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်ကြသည်။
ဝုန်း...။
ဘိုးဘေးခန်းမကြီး ပြိုကျသွားခဲ့ပြီဖြစ်သော်လည်း အဖိုးအိုများမှာ ထိခိုက်ခြင်း မရှိကြချေ။ ပြိုကျလာသော တိုင်လုံးကြီးများကို အိပ်မက်ဆိုးများထဲမှ ထွက်ပေါ်လာသည့် သရဲများက ပင့်မထားကြခြင်းကြောင့် ဖြစ်ပေသည်။ သူတို့ ကျေးဇူးတင်စကားပင် မပြောရသေးမီ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခံလိုက်ရတော့သည်။
အသက်အကြီးဆုံးဖြစ်သော ရွာအကြီးအကဲအဖိုးအိုတစ်ဦးသာ ကျန်ရစ်ခဲ့ပြီး အက်ကြောင်းထပ်နေသည့် နာမည်ကတ်ပြားများ ထည့်ထားသည့် ဇလုံကို ကိုင်လျက် ရပ်နေလေ၏။ သူ့ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများကဲ့သို့ ထူထပ်သော နဂါးပုံစံကွက်များ ပြည့်နှက်နေသဖြင့် အတွင်းကမ္ဘာမှ သာမန်သရဲများပင် သူ့အနားသို့ မကပ်ရဲကြချေ။
အဖိုးအိုသည် ကောင်းမင်ကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ရွာ၏ အခြားတစ်ဖက်ကို ညွှန်ပြလျက် ကောင်းမင်အား ထိုနေရာသို့ အမြန်သွားရန် တိုက်တွန်းနေပုံရသည်။
ကောင်းမင်က ထိုအဖိုးအိုကို သူ့ပုခုံးပေါ်သို့ ပိုးလိုက်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရာ နောက်တစ်စက္ကန့်၌ ရွာအဝင်ဝရှိ ညိုးနွမ်းနေသောသစ်ပင်ခြောက်ကြီး၏ ဘေးတွင် ပေါ်ထွက်လာခဲ့သည်။ ပေါင်းမြက်များကို ဖယ်ရှားလိုက်ရာ ရေတွင်းတစ်တွင်းကို တွေ့လိုက်ရသည်။
“ဒါက မင်းတို့ရွာရဲ့ ထွက်ပေါက်လား”
ထိုရေတွင်းမှာ အလွန်နက်ပေသည်။ ကောင်းမင်၏ အမြင်အာရုံဖြင့်ပင် အောက်ခြေကို မမြင်နိုင်ချေ။ ယင်ယန်နယ်ပယ်ကြားတွင် ကောင်းကင်နှင့် မြေကြီးဟူသော သဘောတရား မရှိသဖြင့် ရေတွင်းသည် မြေအောက်သို့ ဦးတည်နေခြင်း မဟုတ်နိုင်ချေ။ အဖိုးအို၏ လက်ဟန်ခြေဟန်ကို ကြည့်ပြီး ကောင်းမင် အသာအယာခေါင်းညိတ်လိုက်ကာ အဖိုးအိုအား ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ပစ်ထည့်လိုက်ပြီး နဂါးကင်းခြေများကို အခြား ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ များကို ဆက်လက် ဝါးမြိုရန် အမိန့်ပေးခဲ့ရင်း သူကိုယ်တိုင်လည်း ရေတွင်းထဲသို့ ခုန်ချလိုက်တော့သည်။
သူသည် အလင်းရောင်အားလုံး ပျောက်ကွယ်သွားသည်အထိ ဆက်တိုက်ကျဆင်းနေခဲ့သည်။ ကောင်းမင်သည် သူ့လက်ဖဝါးထဲရှိ စက္ကူမျက်လုံး စိတ်လှုပ်ရှားကာ တုန်ခါနေသည်ကို ခံစားမိနေပြီး တစ်စုံတစ်ခုသော နေရာသို့ ချဉ်းကပ်မိလာသည်နှင့်အမျှ သူ့နှလုံးခုန်သံမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။
အမှောင်ထုအတွင်း အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက် ကောင်းမင်၏ မျက်စိရှေ့တွင် အရောင်အသွေးများ ရုတ်တရက်ပေါ်ထွက်လာပြီး အိပ်မက်၏ စည်းမျဉ်းများအရ အသံမျိုးစုံ သူ့နားထဲသို့ တိုးဝင်လာတော့သည်။ ဤသည်မှာ အဆုံးမဲ့လူသားလောက၏ ရေရွတ်သံများ ဖြစ်တော့သည်။
ယင်ယန်နယ်ပယ်သည် အဆုံးမဲ့လူသားလောကနှင့် နီးကပ်စွာဆက်နွှယ်နေခြင်းဖြစ်ပြီး အချို့လူများ၏ အိပ်မက်များသည် မမြင်နိုင်သောနယ်နိမိတ်ကို ထိတွေ့နိုင်ကြပေသည်။ အကယ်၍ ကောင်းမင်သာ အခြားစည်းမျဉ်းများကို ကျင့်ကြံထားခြင်း ဖြစ်ပါက ဝင်ရောက်ရန် ခက်ခဲလိမ့်မည်ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူသည် အိပ်မက်သရဲတစ်ကောင် ဖြစ်နေချေသည်။
“အိပ်မက်ထဲ ဝင်မယ်”
စက္ကူမျက်နှာဖုံးမှ ပြုလုပ်ထားသည့် မျက်လုံးကို ဆုပ်ကိုင်လျက် ကောင်းမင်သည် အရောင်အသွေး စုံလင်သော အိပ်မက်ပူဖောင်းတစ်ခုအတွင်းသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ထူးဆန်းရူးသွပ်သော အိပ်မက်ဆိုးများစွာကို ဖြတ်သန်းရာ ထွက်ပေါက် ၁၃ ခုကို မြင်တွေ့လိုက်ရပြီး ၎င်းတို့ထဲမှ တစ်ခုချင်းစီသည် ဒေါက်တာကောင်း သူ့အား ပေးခဲ့သည့် အရေးကြီးလူနာမှတ်တမ်း ၁၃ စောင်နှင့် ကိုက်ညီနေလေသည်။
သူသည် ဝင်ရောက်ရန်အတွက် တစ်ခုကို ကျပန်းရွေးချယ်ချင်နေသော်လည်း ရှင်းလုသွေးမြို့တော်သခင်၏ အသွားမရှိသော ပြန်လည်မွေးဖွားခြင်းဓားက ရုတ်တရက် ဦးတည်ချက်တစ်ခုဆီသို့ ညွှန်ပြလိုက်၏။
“ဟိုနေရာလား”
သူ့အကြည့်များက ၁၃ ခုမြောက် ထွက်ပေါက်ပေါ်သို့ ကျရောက်သွား၏။ အိပ်မက်ပူဖောင်းပေါက်ကွဲသွားပြီးနောက် ကောင်းမင် သူ့မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူသည် ပိန်းပိတ်အောင် မည်းမှောင်နေသော ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ရပ်နေခဲ့ပြီ ဖြစ်သည်။
ဥမင်လိုဏ်ခေါင်းကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်ပြီး ရေညှိများ ဖုံးလွှမ်းနေသည့် မြေပြင်ပေါ်တွင် ယာဉ်အကြွင်းအကျန်များ ပျံ့ကြဲနေခြင်းကို ကြည့်ခြင်းအားဖြင့် စွန့်ပစ်မခံရမီက ဤနေရာတွင် ပြင်းထန်သော ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပုံရလေသည်။
ခြစ်ရာများကို အချိန်ကာလက ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင် ဥမင်လိုဏ်ခေါင်း၏ ထွက်ပေါက်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်သည်။
သူသည် စုတ်ပြဲနေသော ယူနီဖောင်းကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး အင်္ကျီပေါ်တွင် ‘ဟန်ရှန်းအကျဉ်းထောင်’ ဟူသော စာလုံးများကို ဝေဝါးစွာ မြင်တွေ့နေရသည်။ သူ့တွင် ဒဏ်ရာအမြောက်အမြား ရှိနေပြီး ဦးခေါင်းအနောက်ဘက်မှလည်း သွေးများ စိမ့်ထွက်နေဆဲဖြစ်ရာ ယာဉ်တိုက်မှုတစ်ခုအတွင်းမှ လတ်တလော ထွက်လာသူနှင့် တူလှပေသည်။
ဥမင်လိုဏ်ခေါင်းထဲမှ ထွက်လိုက်ချိန်တွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ကောင်းကင်ယံနှင့် အထက်ရှိ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် သစ်ပင်များကို မြင်တွေ့လိုက်ရပြီး ငိုကြွေးသံအချို့ကိုလည်း ဝေဝါးစွာ ကြားလိုက်ရသည်။
လိုဏ်ခေါင်းအဝင်ဝတွင် အသုဘငွေစက္ကူအချို့ ပျံ့ကြဲနေပြီး မီးဖိုတစ်ခုအတွင်း အဝတ်ဟောင်းများ လောင်ကျွမ်းနေခဲ့သည်။ သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးက သူတို့ဝယ်လာသည့် သစ်သီးများကို မြေပြင်ပေါ်တွင် ချထားကြ၏။ လွင့်ပျံနေသည့် စက္ကူဖြူများကြားမှ ကောင်းမင်သည် အိပ်မက်ရှည်ကြီးတစ်ခုမှ နိုးထလာခဲ့သကဲ့သို့ ခံစားလိုက်ရလေသည်။
“ဒါက လူသားကမ္ဘာလား”