← Chapters

အခန်း ၉၂၁

Vol. 66 Ch. 921

အခန်း ၉၂၁

Vol. 66 Ch. 921

အပိုင်း (၉၂၁) မေးခွန်းရဲ့ အဖြေလွှာကို အစကတည်းက ရေးထားခဲ့ပြီးပါပြီ

အမူအရာကင်းမဲ့သော သူ့မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများ ကင်းစင်နေခဲ့ခြင်း မဟုတ်ချေ။ စိတ်ပျက်အားငယ်ခြင်းနှင့် နာကျင်မှုအတွေ့အကြုံတိုင်းသည် သူ့ဝိညာဉ်တွင် သေးငယ်သော အက်ကြောင်းများကို ချန်ထားခဲ့ပြီး တစ်နေ့တွင် ၎င်းက အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့သည်။ ထိုအချိန်ကျမှသာ သူ့ပတ်ဝန်းကျင်ရှိ လူများသည် သူမည်မျှအထိ ကြွပ်ဆတ်ကျိုးပဲ့လွယ်ကြောင်း အမှန်တကယ် သဘောပေါက်သွားကြပေလိမ့်မည်။

လူသားများသည် ပိုမိုသန်မာလာသည်နှင့်အမျှ သူတို့၏ မူလကို တဖြည်းဖြည်း ဆုံးရှုံးသွားတတ်ကြသည်။ ကံကြမ္မာသည် ကောင်းမင်၏ အားအနည်းဆုံးအချက်ကို ရှာဖွေရန်အတွက် မူလကတည်းက ကောင်းမင်ကို နိုးထစေရန် သဘာဝကျကျပင် လိုအပ်နေခဲ့ခြင်းဖြစ်သည်။

သူ့လက်က ဆက်အားမစိုက်နိုင်တော့ချေ။ နှလုံးသားထဲမှ ငိုကြွေးသံများက ကောင်းမင်အား ရပ်တန့်သွားစေသည်။ ကံကြမ္မာကို သတ်ပစ်ရန်အတွက် သူသည် အကြိမ်ကြိမ်သေဆုံးခြင်းဖြင့် သူ့ကိုယ်သူ ဖျောက်ဖျက်ခဲ့ရပြီး စိတ်ကူးမယဉ်နိုင်လောက်အောင် ပေးဆပ်ခဲ့ရသည်။ သို့သော်လည်း လျိုယီ၏ သေဆုံးခြင်းကို ပေးဆပ်မှုအဖြစ် လိုအပ်လာသောအခါ သူ့နှလုံးသားတဖြစ်လဲ စစ်မှန်သည့် ကောင်းမင်သည် ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိတော့ချေ။

“တကယ်လို့ လျိုယီရဲ့ ရောဂါ ကောင်းသွားရင် ငါတည်ရှိတော့မှာ မဟုတ်ဘူး... တကယ်လို့ လျိုယီက နာကျင်မှုတွေထဲမှာပဲ နစ်မွန်းနေဦးမယ်ဆိုရင် ငါတို့ရဲ့ ဆက်နွှယ်မှုက ပိုနက်ရှိုင်းလာလိမ့်မယ်၊ အဲဒီအခါ ကံကြမ္မာက သူကတစ်ဆင့် ငါ့ရဲ့ နာမည်အစစ်ကို တဖြည်းဖြည်း ရှာတွေ့သွားလိမ့်မယ်... ဒါက လုံးဝ ထွက်ပေါက်မရှိတဲ့ လမ်းပိတ်တစ်ခုပဲ”

ပွေ့ဖက်ထားသည်ကို လွှတ်လိုက်ရင်း ကောင်းမင်သည် ကုတင်၏ အခြားတစ်ဖက်တွင် ထိုင်လိုက်ရာ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

သူမ နိုးနေမှန်း သူသိသလို သူ သူမကို သတ်ချင်နေမှန်းလည်း သူမ သိပေသည်။

“ငါတို့ ဖြတ်သန်းခဲ့ရသမျှ အတွေ့အကြုံအားလုံးက အစစ်အမှန်တွေပါ... စိတ်ပျက်အားငယ်မှုတွေထဲမှာ ဝေ့ဝဲနေတဲ့ သရဲတွေ၊ အတုအယောင်စည်းမျဉ်းတွေထဲမှာ အသက်ရှင်နေကြတဲ့ သက်ရှိသတ္တဝါတွေ၊ ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် ငါ သတိမေ့နေခဲ့တာတွေနဲ့ မင်း နေ့တိုင်း စောင့်ဆိုင်းနေခဲ့တာတွေ အားလုံးက အစစ်အမှန်တွေပါပဲ...”

“ငါ နောက်ဆုံးတော့ ကြားခံကို မဖြတ်တောက်နိုင်ခဲ့ဘူး... မင်းကို သတ်လိုက်တာက ငါ့ကိုယ်ငါ သတ်လိုက်တာနဲ့ ဘာမှမခြားဘူး...”

“ငါ သေခြင်းရှင်ခြင်း တိုက်ပွဲတွေကို မကြောက်ပါဘူး... အရက်စက် အကြမ်းတမ်းဆုံး တိုက်ပွဲတွေကိုတောင် ငါ ဖြတ်သန်းခဲ့ဖူးတာပဲ... ငါ ကံကြမ္မာနဲ့အတူ အသေခံဖို့ အဆင်သင့် ပြင်ဆင်ထားခဲ့ပေမဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရမယ့် တိုက်ပွဲက ဒီလိုပုံစံ ဖြစ်လာလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူးလေ...”

“ငါကံကြမ္မာကို မမြင်နိုင်ဘူး၊ မရှာနိုင်ဘူး... ငါ့ရှေ့မှာ ရပ်နေတဲ့သူတွေအားလုံးက ငါ့နှလုံးသားထဲမှာ သိမ်းဆည်းထားတဲ့လူတွေ ဖြစ်နေကြတယ်...”

စည်းမျဉ်းများနှင့် စွမ်းအားများမှာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်နိုင်ခြင်း မရှိချေ။ သူသည် သူ့ဒဏ်ရာများ ပိုမိုဆိုးရွားလာသည်ကိုလည်းကောင်း၊ သူ၏ အသက်ဓာတ် လွင့်ပျံသွားတော့မည်ကိုလည်းကောင်း စောင့်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ကံကြမ္မာတွင် အခြေခံကျသော စွမ်းရည်တစ်ခု ရှိပေသည်။ ၎င်းမှာ ပုံမှန်မဟုတ်သော ဖြစ်ရပ်များအားလုံးကို ဖယ်ရှားပစ်ရန်ဖြစ်ပြီး အဆုံးမဲ့လူသားလောကအတွင်းသို့ ဝင်ရောက်လာသော ဝိညာဉ်များကို ‘ပုံမှန်’ အခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်း ဖြစ်သည်။ တစ်ဖက်လူအား သူ ပြောပြချင်သောအရာများကို ပြောဆိုပြီးနောက် ကောင်းမင် ဖြည်းညင်းစွာ ထရပ်လိုက်သည်။

“တခြားနည်းလမ်းတွေ ရှိနေနိုင်ဦးမှာပါ၊ ဥပမာ... ဒီလူသားကမ္ဘာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားတာမျိုးပေါ့”

ငိုကြွေးနေသော သူ့ကိုယ်သူ တင်းကျပ်စွာထိန်းချုပ်ရင်း ကောင်းမင်သည် နောင်တအရိပ်အယောင် တစ်စွန်းတစ်စမှ မရှိဘဲ လူနာဆောင်အတွင်းမှ လျှောက်လှမ်းထွက်ခွာသွားလေသည်။ သူနှင့် လျိုယီကြားမှ အကွာအဝေး ပိုမိုဝေးကွာလာသည်နှင့်အမျှ သူ့အရိပ်၏ အရောင်မှာ ပိုမိုနက်မှောင်လာပြီး သူ့စွမ်းရည်အမျိုးမျိုးအပေါ် ကန့်သတ်မှုများက တဖြည်းဖြည်း အားနည်းသွားကာ လွင့်မျောနေသော ဝိညာဉ်များနှင့် သရဲများ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့ကြားမှ အကွာအဝေးကို ခြေတစ်လှမ်းချင်းစီ တိုင်းတာရင်း ကောင်းမင်သည် ဆေးရုံအပြင်ဘက်ရှိ လမ်းမပေါ်တွင် ရပ်တန့်လိုက်လေသည်။ ထိုနေရာမှနေ၍ လူနာဆောင်လေးကို လှမ်းမြင်နေရသည်။ မှိန်ဖျော့နေသော လမ်းမီးတိုင်များအောက်တွင် ကောင်းမင် မျက်လုံးများမှိတ်လိုက်ပြီး သူ၏ စိတ်ဆန္ဒကို အိပ်မက်စည်းမျဉ်းများမှတစ်ဆင့် အိပ်မက်ဆိုးနဂါးကင်းခြေများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်တော့သည်။ နဂါးကင်းခြေများကြီးသည် နဂါးချိတ်ပိတ်ရွာ၏ အောက်ခြေမှ အပြောင်းအလဲကို လုယူထားခြင်းဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ထိုအပြောင်းအလဲက မည်သည့်အရာဖြစ်ကြောင်းကို ကောင်းမင် မသိချေ။ သို့သော်လည်း ၎င်းက ကံကြမ္မာ၏ ပိတ်ဆို့မှုကို ခံထားရသဖြင့် ကံကြမ္မာကို သေချာပေါက် သက်ရောက်မှုရှိစေမည်ဖြစ်ပြီး လျိုယီ၏ ကံကြမ္မာကိုပင် ပြောင်းလဲကောင်း ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။

ဤသည်မှာ ကောင်းမင်၏ အစီအစဉ်ဖြစ်သော်လည်း သူ ထိုအကြောင်းကို အသံထွက် မပြောဝံ့ချေ။ နဂါးကင်းခြေများ၏ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်မီ ကံကြမ္မာက တစ်စုံတစ်ခုကို သတိပြုမိသွားမည်စိုးသဖြင့် ထိုအကြောင်းကို ထပ်မံမတွေးဝံ့ခဲ့ချေ။ ဒဏ်ရာများဖြင့်သာ လုံးဝ တည်ဆောက်ထားသော ဧရာမကိုယ်ခန္ဓာကြီးမှာ ရူးသွပ်မှုများ၊ နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။ နဂါးကင်းခြေများကြီးမှာ ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ အချို့ကို ဝါးမြိုထားပြီး အပြောင်းအလဲကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာတစ်ခုလုံးကို ချေမှုန်းပစ်နိုင်စွမ်း ရှိနေပုံရသည်။

လူနာဆောင်အတွင်း၌ ခြေသံများ မှေးမှိန်ပျောက်ကွယ်သွားသည်ကို ကြားပြီးနောက် လျိုယီ မျက်လုံးများ ဖွင့်လိုက်ရာ မျက်ရည်များက သူမမျက်နှာထက်တွင် ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။ အရာအားလုံး အစစ်အမှန်များသာ ဖြစ်သည်။ သူမ ရူးမသွားခဲ့ချေ။

ခေါင်းလှည့်လိုက်ရာ လျိုယီသည် ဆေးရုံပြတင်းပေါက်မှတစ်ဆင့် လမ်းမီးတိုင်အနီးရှိ ကောင်းမင်ကို လှမ်းမြင်လိုက်ရလေသည်။

ညကောင်းကင်ကို ဆန့်ကျင်၍ အထီးကျန်နေသော ကင်းခြေများကြီးသည် လူသားဆေးရုံကို စိုက်ကြည့်နေခဲ့ပြီး ၎င်း၏ ဒဏ်ရာများ ပွင့်ထွက်သွားကာ စုဆောင်းထားသမျှ စွမ်းအားများကို ထုတ်လွှတ်လျက် လူသားလောက၏ သစ်ရွက်ဆီသို့ အရှိန်အဟုန်ဖြင့် ကြိတ်ခြေတော့သည်။

လျိုယီသည် အသံမထွက်ရန် ကြိုးပမ်းရင်း သူမခန္ဓာကိုယ်ကို အားယူကာ ထထိုင်လိုက်သည်။ ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည့်အလား သူမသည် မိခင်ဖြစ်သူ၏ အိတ်အတွင်းသို့ လက်လှမ်း၍ သစ်သီးခွံနွှာသည့် ဓားတစ်ချောင်းကို တိတ်တဆိတ် ထုတ်ယူလိုက်လေသည်။

စူးရှလှသော အော်ဟစ်မြည်တမ်းသံက လူသားလောက၏ အဆုံးမဲ့ ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ များကို ရက်စက်ကြမ်းတမ်းစွာ နှောင့်ယှက်လိုက်သည်။ ကင်းခြေများကြီးက အချို့အတားအဆီးများကို ချိုးဖျက်၍ လူသားလောက၏ အကာအကွယ်ကို ထိုးဖောက်တော့မည့်အချိန်၌ အဖြူရောင်ရွက်ကြောများက အပေါ်သို့ ဆန့်တန်းလာပြီး ၎င်း၏ ကိုယ်ခန္ဓာကို ရစ်ပတ်လိုက်ကြသည်။

လူသားလောကသစ်ရွက်များပေါ်ရှိ အခြားသော ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ များက ၎င်းအား တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ ဤ ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ များသည် လူသားများကို အမြတ်ထုတ်ရန်သာ ဝံ့ရဲကြပြီး လူသားလောက၏ သစ်ရွက်များကို ဖျက်ဆီးရန် သို့မဟုတ် ကံကြမ္မာ၏ သွေးကြောများကို ဖျက်ဆီးရန် တစ်ခါမှ မတွေးတောရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက ‘ကပ်ဆိုး’ တစ်ခုကို သေချာပေါက် ဆောင်ကြဉ်းလာမည်ဖြစ်ကြောင်း သူတို့ သိရှိကြသောကြောင့်ပင် ဖြစ်သည်။

လျိုယီသည် ဆရာဝန်များနှင့် သူနာပြုများကို နှောင့်ယှက်မိမည်စိုးသဖြင့် ဆေးရုံအခန်းတံခါးကို ဂရုတစိုက် တွန်းဖွင့်လိုက်သည်။ သူမ ကော်ရစ်ဒါအတိုင်း လျှောက်လှမ်းလာရာ လူနာဆောင်များအတွင်းရှိ အိပ်မပျော်သေးသော အခြားလူနာများက သူမအား မသိမသာ လှမ်းကြည့်လိုက်ကြသည်။ ထိုလူနာများသည် ဆေးဝါးများ သောက်သုံးထားကြပြီး ဆရာဝန်များနှင့် ပူးပေါင်းပါဝင်ပါက ပြန်လည်သက်သာလာကြမည့်သူများ ဖြစ်ကာ ဆေးရုံ၏ စည်းကမ်းချက်များကို တိတ်တဆိတ် လိုက်နာနေကြသူများ ဖြစ်သည်။

ကင်းခြေများကြီးသည် အဆုံးမဲ့အိပ်မက်ဆိုးများကို ပြန့်နှံ့စေလိုက်ပြီး ကြယ်တာရာကောင်းကင်ကို လှုပ်ခတ်သွားစေလိုက်သည်။ ၎င်းခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတိုင်းတွင် ချွန်ထက်သော သွားများဖြင့် ပြည့်နှက်နေလေသည်။၎င်းသည် ကံကြမ္မာ၏ သွေးကြောများကို ဖြတ်တောက်၍ ညကောင်းကင်အောက်ရှိ လူသားလောကအတွင်းသို့ ၎င်း၏ ဦးခေါင်းကို ထိုးသွင်းလိုက်လေသည်။

နံရံကို မှီထားရင်း လျိုယီ၏ ဒဏ်ရာများမှာ မသက်သာသေးချေ။ သူမသည် သူမဒဏ်ရာများကို ဖိထားရင်း ဆေးရုံ၏ စောင့်ကြည့်ကင်မရာများ မရှိသော နေရာတစ်ခုဆီသို့ လျှောက်လာကာ သန့်စင်ခန်းအတွင်းသို့ ချောင်းကြည့်လိုက်သည်။ ဤလူသားကမ္ဘာကို ဖုံးလွှမ်းထားသော ကောင်းကင်ယံမှာ ကင်းခြေများကြီးကြောင့် စုတ်ပြဲလုနီးပါး ဖြစ်နေခဲ့ချေပြီ။ ဦးခေါင်းတစ်ထောင်၊ မျက်နှာတစ်ထောင်ရှိသော ‘ဆန်းကြယ်မှု’ တစ်ခုနှင့် ဆုတောင်းစာများ ဖုံးလွှမ်းနေသော ‘ဆန်းကြယ်မှု’ တစ်ခုတို့သည် စွမ်းအားတချို့၏ မောင်းနှင်မှုကြောင့် ကင်းခြေများကြီး၏ ခန္ဓာကိုယ်ကို လာရောက်ဆွဲကိုင်လိုက်ကြသည်။

သူတို့သည် ၎င်းကို တားဆီးရန် ကြိုးစားကြသော်လည်း အင်အားချင်းကွာခြားမှုနှင့် ကင်းခြေများကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို လုံးဝ အထင်သေးထားခဲ့ကြခြင်း ဖြစ်သည်။

ချွန်ထက်နေသည့် သွားများပြည့်နေသော ဒဏ်ရာများက ဧရာမမေးရိုးကြီးများအဖြစ် ပြောင်းလဲသွားပြီး ချဉ်းကပ်လာသော ‘ဆန်းကြယ်မှု’ ကို ပြင်းထန်စွာ ကိုက်ချပစ်လိုက်သည်။ ကင်းခြေများကြီးသည် ၎င်း၏ခန္ဓာကိုယ် ပျက်စီးသွားမည်ကို ဂရုမစိုက်ချေ။ ၎င်း၏ ခြေထောက်ပေါင်း သောင်းချီ ဖြတ်တောက်ခံရပါစေဦးတော့... ၎င်းသည် ၎င်း၏ ကိုယ်ပိုင်ခန္ဓာဖြင့်သာ ရန်သူကို ရစ်ပတ်ညှစ်သတ်ပစ်ပေလိမ့်မည်။

ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှု’ နှစ်ခုထဲမှ တစ်ခုမှာ သေဆုံးသွားခဲ့ကာ အခြားတစ်ခုမှာ ထွက်ပြေးလွတ်မြောက်သွားလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွနေသော အနာများဖုံးလွှမ်းနေသည့် နဂါးကင်းခြေများကြီးသည် လူသားကမ္ဘာအတွင်းသို့ ထပ်မံ၍ ဝင်ဆောင့်ပြန်ရာ ယခုတစ်ကြိမ်တွင် လျိုယီနှင့် ပိုမို နီးကပ်လာပုံရသည်။

ဓာတ်မီးရောင်တစ်ခုက ဆေးရုံကော်ရစ်ဒါထက်သို့ ကျရောက်လာ၏။ အခြားတစ်ဖက်မှ သူနာပြုနှစ်ဦး လျှောက်လာကြသည်။ သူတို့ မတွေ့သွားမီ လျိုယီသည် သန့်စင်ခန်းအတွင်းဝင်၍ အိမ်သာခန်းတစ်ခုအတွင်း ပုန်းအောင်းကာ မိခင်ဖြစ်သူ၏ အိတ်ထဲမှ ရှာတွေ့ခဲ့သော သစ်သီးလှီးဓားကို ထုတ်ယူလိုက်သည်။

ဓားတစ်ချောင်းဖြင့် ပန်းသီးခွံကို ဂရုတစိုက် ခွာယူရသကဲ့သို့ လူ့နှလုံးသားသည်လည်း ထိုနည်းအတိုင်းပင်။

လျိုယီတွင် ဒဏ်ရာများစွာ ရှိနှင့်နေပြီးဖြစ်သည်။သူမသည် ကားအက်ဆီးဒင့်အတွင်းမှ ယခုလေးတင် ကယ်ဆယ်ခံထားရသည့်အလား ဖြစ်နေလေသည်။ သူမ အနားယူနေသင့်သော်လည်း ထိုအစား ဓားကို တဖြည်းဖြည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

“ဒါက အစစ်အမှန်ပဲ... ငါမရူးဘူး... အဲဒါက အစစ်အမှန်အိပ်မက်တစ်ခု မဟုတ်ဘဲ အခိုက်အတန့်တိုင်းကို ငါတကယ် ဖြတ်သန်းခဲ့ရတာပဲ...”

လျိုယီသည် ကောင်းမင်၏ အသံကို ပြန်လည်ကြားယောင်နေပြီး စာလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။

သူမလက်ချောင်းများက ဖြူဖျော့နေသော လည်ပင်းကို အသာအယာ ထိတွေ့လိုက်မိသည်။ သူမသည် အလွန်ပိန်လှီနေသဖြင့် သူမ၏ လက်ချောင်းထိပ်များက ဖောင်းကြွနေသော သွေးကြောများကို အာရုံခံမိနေပြီး အနည်းငယ်ပင် တုန်ခါနေခဲ့သေးသည်။ ယင်းမှာ အသက်ဇီဝတစ်ခု၏ တုန်ရင်မှုပင် ဖြစ်သည်။ ပွေ့ဖက်မှုတစ်ခုကပင် ဤမျှအထိ အလွန်နာကျင်နိုင်ခြင်းပင်။

“သူမသိတာက အမှန်တကယ်တော့ ငါ အရာအများကြီးကို သိနေခဲ့တယ်ဆိုတာပဲ... ကားအက်ဆီးဒင့်ကနေ နိုးလာပြီး မှတ်ဉာဏ်တွေဆုံးရှုံးနေတဲ့ လူတစ်ယောက်ကို အပြင်မှာ တစ်ယောက်တည်း အလုပ်လိုက်ရှာပြီး လျှောက်သွားနေတာမျိုး ငါက ဘယ်လိုလုပ် ခွင့်ပြုထားနိုင်မှာလဲ...”

“သူမသိတာက ငါသူ့ကို အမြဲတမ်း အဝေးကနေ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေခဲ့ပေမဲ့ သူ့ရှေ့ရောက်ရင်တော့ ပြုံးပြနေခဲ့တယ်ဆိုတာပဲ...”

“သူမသိတာက သူအလုပ်လုပ်ခဲ့တဲ့ နေရာမှန်သမျှကို ငါသွားခဲ့ဖူးတယ်၊ သရဲအိမ်မှာ အလုပ်လုပ်တဲ့ လူတွေနဲ့ရော... အဲဒီ တာဝန်ခံဆရာဝန်နဲ့ပါ ငါတွေ့ခဲ့ဖူးတယ်...”

“ငါသူ့ကို အဲဒီကြောင်လေး ပေးခဲ့တာက ငါ့ဘေးမှာ ရှိနေရင်တောင် သူအထီးကျန်နေတုန်းပဲလို့ ငါ ခံစားရလို့ပဲ... ငါသူ့ကို အဲဒီဂိမ်းဦးထုပ်လေး ပေးခဲ့တာက ငါ တကယ်တော့ အရာအားလုံးကို သိနေတယ်လို့ သူ့ကို ပြောပြချင်လို့ပဲ... ဒါပေမဲ့ သူကတော့ ငါပေးတဲ့ဂိမ်းကို တစ်ခါမှတောင် မကစားခဲ့ဖူးဘူးထင်ပါရဲ့...” (အခန်း ၅၃၉ နှင့် ၅၄၀ ကို ကြည့်ပါ)

သူမသည် သူမလက်ထဲရှိ ဓားကို ကြည့်ရင်း အမှောင်ထုထဲတွင် ငိုကြွေးနေပုံရသော်လည်း မည်သည့်အသံမျှ ထွက်မလာချေ။ မျက်ရည်များကသာ သူမ၏ ပါးပြင်ထက်သို့ တစ်စက်ချင်းစီ လျှောကျလို့ နေခဲ့သည်။

“ငါက အချစ်ကြောင့်နဲ့ သေခြင်းတရားကို ရွေးချယ်မှာ မဟုတ်ပါဘူး... အဲဒါက အရမ်းအဓိပ္ပာယ်မဲ့ပြီး မိုက်မဲတဲ့အရာပဲ... ဒါပေမဲ့ သူဘာလုပ်နေသလဲ၊ သူဘာကို ရင်ဆိုင်နေရလဲဆိုတာ ငါသိတယ်... သူငါ့ကို ဘာလို့ သတ်ချင်နေရလဲဆိုတာ ငါသိတယ်၊ ငါ အကုန်လုံး သိနေခဲ့တာပါ...”

All Chapters