အခန်း ၉၂၃
Vol. 66 Ch. 923
အပိုင်း (၉၂၃) ငါပိုပြင်ဆင်လာသင့်တာပေါ့
အဆင့်မြင့်စိတ်ဆန္ဒ ပူးကပ်ထားသော နဂါးကင်းခြေများကြီးသည် အိပ်မက်စည်းမျဉ်းများနှင့် ရူးသွပ်မှု စည်းမျဉ်းများကို ရောယှက်၍ သက်ရှိအားလုံး၏ ကံကြမ္မာများကို ဖောက်ထွင်းပြီး လူသားကမ္ဘာဆီသို့ ကျဆင်းလာတော့သည်။ ၎င်းမှာ ဝေဝါးနေသော လူသားပုံရိပ်ကို ထက်မြက်သော ဓားတစ်ချောင်းဖြင့် ထိုးစိုက်လိုက်သည့်အလား ဖြစ်သည်။
လူသားကမ္ဘာရှိ မည်သည့်အရာကမျှ ၎င်းအား မနာကျင်စေနိုင်ပုံရသည်။ ရူးသွပ်မှုစည်းမျဉ်းများသည် လူသားတို့၏ ငြိမ်းချမ်းခြင်းနှင့် ပုံမှန်ဖြစ်ခြင်းတို့အတွက် ဆုတောင်းသံများကြောင့် ပြယ်လွင့်သွားရသည်။ အိပ်မက်ကြိုးမျှင်များနှင့် ကံကြမ္မာကြိုးမျှင်များ ရောယှက်နေသော်လည်း နဂါးကင်းခြေများကြီး၏ မျက်လုံးများအတွင်း၌ စာလုံးများ လင်းထိန်လာလိမ့်မည်ဟူ၍လည်းကောင်း၊ ၎င်း၏ ဧရာမခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံကဲ့သို့သော ပုံစံကွက်များ ပေါ်ထွက်လာလိမ့်မည်ဟူ၍လည်းကောင်း ဘယ်သူမှ မျှော်လင့်မထားကြချေ။ ၎င်း၏ အမြန်နူန်းက ရုတ်တရက် မြင့်တက်လာပြီး ကံကြမ္မာကြိုးမျှင်များ၏ ချည်နှောင်မှုမှ ယာယီရုန်းထွက်ကာ နာကျည်းမှုများ ပြည့်နှက်နေသော ၎င်း၏ အစွယ်များဖြင့် ဝေဝါးနေသော လူသားပုံရိပ်၏ နှလုံးသားကို ကိုက်ချပစ်လိုက်သည်။
ယင်းသည် အပြောင်းအလဲတစ်ခု ဖြစ်သည်။
ဝေဝါးနေသော လူသားပုံရိပ်၏ ရင်ဘတ်တွင် ကြီးမားသော ဒဏ်ရာတစ်ခု ပေါ်ထွက်လာလေသည်။ ၎င်းသည် ၎င်းနှင့်လက်တစ်ကမ်းတွင် အလွန်နီးကပ်နေသော နဂါးကင်းခြေများကြီးကို မကြည့်ဘဲ လူသားတို့၏ ဆုတောင်းသံများကြားမှ ခေါင်းကို ဖြည်းညင်းစွာလှည့်၍ လူသားဆေးရုံဆီသို့ လှမ်းကြည့်လိုက်သည်။
ထက်မြက်သော ဓားသွားက သူမ၏ နှလုံးသားကို ဖောက်ထွင်းသွားပြီး အသက်ဓာတ်မှာ ဖြည်းညင်းစွာ လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ လျိုယီသည် အိမ်သာခန်းနံရံကို မှီထားရင်း အိပ်ပျော်နေပုံ ရသည်။
သူမ၏ နှလုံးသားအတွင်းမှ နှင်းပွင့်များ ကျဆင်းလာပြီး ကောင်းကင်ယံတစ်ခုလုံးကို ပျံ့နှံ့သွားစေ၏။ လူသားဘဝ၏ ရွက်ကြောများ ညှိုးနွမ်းသွားပြီး သက်ရှိအားလုံး၏ ဆုတောင်းသံများမှာ ကြောက်ရွံ့မှုများ၊ စိုးရိမ်ပူပန်မှုများဖြင့် အစားထိုးခံလိုက်ရသည်။ ဝေဝါးနေသော လူသားပုံရိပ်မှာ ခွဲထွက်ရန် ကြိုးစားသော်လည်း နဂါးကင်းခြေများကြီး၏ တစ်ကိုယ်လုံး ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
လူသားကမ္ဘာ၏ အကာအကွယ်အတားအဆီးများသည် နားကွဲလုမတတ် ဟိန်းဟောက်သံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ မရေမတွက်နိုင်သော အိပ်မက်ဆိုးများနှင့် ကံကြမ္မာများသည် ဘဝကြိုးမျှင်တိုင်းပေါ်တွင် အချင်းချင်း တိုက်ခိုက်နေကြသည်။ ကောင်းမင်သည် သူ့အား ချည်နှောင်ထားသော ကံကြမ္မာကြိုးမျှင်များ ပြတ်တောက်သွားကြောင်း သိရှိလိုက်သည်။ ဝေဝါးနေသော လူသားပုံရိပ်က သူ့အပေါ် ထိန်းချုပ်ထားနိုင်စွမ်းမှာ အလွန်လျော့နည်းသွားခဲ့ပြီး သူ့ကိုယ်ပိုင်စည်းမျဉ်းများဖြင့် ၎င်းအား ပြန်လည်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
ယင်းသည် တွန့်ဆုတ်နေစရာလိုဘဲ နောက်ဆုတ်မရသော တိုက်ပွဲတစ်ခု ဖြစ်သည်။ ကောင်းမင်သည် ထိုဝေဝါးသော လူသားပုံရိပ်အတွက် ထွက်ပြေးလွတ်မြောက်နိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို ရူးသွပ်စွာ ဖြတ်တောက်လိုက်ပြီး ဤလူသားကမ္ဘာအတွင်းရှိ ကံကြမ္မာသွေးကြောတိုင်းကို ချေမှုန်းတော့သည်။
စက္ကူမျက်နှာဖုံးက ဖော်ပြခဲ့သောအရာမှာ အစစ်အမှန်ဖြစ်ပေသည်။ယင်းသည် ဆန်းကြယ်ပြီး နက်ရှိုင်းသော ကံကြမ္မာဆိုးတစ်ခုကဲ့သို့ မယုံနိုင်စရာ ဖြစ်ပေသည်။ ၎င်းသည် သက်ရှိအားလုံး၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ဆုတောင်းသံများကို စိတ်တိုင်းကျ ကြိုးကိုင်နိုင်စွမ်းရှိပြီး ကိုယ်ပိုင်စိတ်ဆန္ဒ ရှိကာ အဆုံးမဲ့လူသားလောက၏ စည်းမျဉ်းအားလုံးကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
ပြဿနာမှာ ထိုအရာကို သတ်ဖြတ်ရန် မဖြစ်နိုင်ခြင်းပင်။ ကောင်းမင်သည် ရူးသွပ်စွာ ကြိုးစားနေခဲ့ပြီး နောက်ဆုံး၌ သူ့မျက်ဝန်းများမှ သွေးများ စီးကျလာသည့်အချိန်တွင် အစွန်းရောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တော့သည်။ ကင်းခြေများကြီး၏ ခန္ဓာကိုယ်ပေါ် ဒဏ်ရာတိုင်းက ဝေဝါးနေသော လူသားပုံရိပ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ရူးသွပ်မှုစည်းမျဉ်းများက အတွင်းသို့ စိမ့်ဝင်သွားကြသည်။ ၎င်းသည် ထိုအရာနှင့် အတူတကွ ပေါင်းစပ်လိုနေပြီး ဤကမ္ဘာကြီးတွင် ပုံအပျက်ဆုံး မကောင်းဆိုးဝါးအဖြစ် အတူတကွပြောင်းလဲသွားလိုခြင်း ဖြစ်သည်။
ဝေဝါးနေသော လူသားပုံရိပ်သည် ကင်းခြေများကြီး၏ ကိုယ်ခန္ဓာအတွင်း ပိတ်မိနေပြီး အသည်းအသန် ရုန်းကန်နေ၏။ သူ့အသက်ကိုပင် ရင်းထားရသော ကောင်းမင်သည် ၎င်းအား လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမျှ သေချာပေါက်ပေးမည်မဟုတ်ချေ။
နာရီပေါင်းများစွာကြာအောင် ဝါးမြိုခြင်းနှင့် သန္ဓေပြောင်းခြင်းများ ပြုလုပ်ပြီးနောက် ညဉ့်အမှောင်ဆုံးအချိန်သို့ ရောက်လာမှသာ ပေါင်းစပ်မှုက ပြီးဆုံးသွားခဲ့သည်။ ကောင်းမင်၏ စိတ်ဆန္ဒက ကင်းခြေများကြီးအား နောက်ဆုံးအမိန့်ကို ပေးလိုက်တော့သည်။ ၎င်း၏ ကိုယ်ခန္ဓာသည် တစ်လက်မချင်းစီ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားရမည်ဖြစ်ပြီး ဒဏ်ရာတစ်ခုစီက လမ်းကြောင်းနှစ်ဖက်လုံးသို့ ဆုတ်ဖြဲသွားရမည် ဖြစ်သည်။ သူသည် ပုံပျက်ပန်းပျက်ဖြစ်နေသော ထိုဝေဝါးသည့် ပုံရိပ်ကိုပါ အတူတူ ဆွဲချဖျက်ဆီးပစ်လိုခြင်း ဖြစ်သည်။
ညကောင်းကင်ယံထက်တွင် အနီရောင်နှင့် အနက်ရောင်နှင်းပွင့်များမှာ ရောယှက်နေကြပြီး ကမ္ဘာပေါ်ရှိ လူအချို့ကို သက်ရောက်နေစေခဲ့သည်။ နှင်းများမှာ ရေခဲအဖြစ် အေးခဲသွားပြီး ရူးသွပ်မှုများကြားတွင် ကွဲအက်ပျောက်ကွယ်သွားခဲ့သည်။ မရေမတွက်နိုင်သော တွန့်လိမ်နေသည့် အသားစများမှာ ဤလူသားကမ္ဘာ၏ သစ်ရွက်များထက်တွင် တစ်ခုတည်းသောကောင်းကင် ဖြစ်လာခဲ့ပြီး ထိုနောက်တွင် အိပ်မက်ဆိုးများကြားတွင် ပျောက်ကွယ်သွားကြသည်။ ပြင်းထန်သော လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့ပြီး အနီးနားရှိ လူသားလောက၏ သစ်ရွက်အချို့ကို သွေးနီရောင်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။ ကောင်းမင်သည် လမ်းမီးတိုင်ကို မှီထားရင်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ့ဦးခေါင်းမှာလည်း ကွဲအက်တော့မည့်အလား ခံစားနေရသည်။ သူသည် အဆက်မပြတ် သွေးအန်နေခဲ့ပြီး သူ့ကိုယ်ခန္ဓာတစ်ခုလုံးမှာ ကင်းခြေများကြီးကဲ့သို့ပင် မရေမတွက်နိုင်သော ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွားလေ၏။
“အဲဒီအရာ သေသွားပြီလား...”
ဤမျှအထိ ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ရပြီး နဂါးကင်းခြေများကြီးမှာလည်း ပျက်စီးသွားခဲ့ကာ သူကိုယ်တိုင်လည်း ညှဉ်းပန်းနှိပ်စက်ခန်းကိုပင် မဖွင့်နိုင်လောက်အောင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်တိုင် ကောင်းမင် မသေချာသေးချေ။ သူ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။
ယင်းသည် ကြည်လင်သော ညချမ်းအချိန်ဖြစ်ပြီး သက်ရှိအားလုံး ခေါင်းမော့ကြည့်လိုက်ရုံဖြင့် ကြယ်တာရာများကို မြင်တွေ့နိုင်သလို သူတို့၏ ကိုယ်ပိုင်အိပ်မက်များကိုလည်း မြင်တွေ့နိုင်ကြသည်။
ကံကြမ္မာသစ်ပင်အတွင်းမှ ထွက်ပေါ်လာသောအရာကိုမူ ကောင်းမင် အမှန်တကယ် သတ်ဖြတ်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
“ကံကြမ္မာမှာ ကိုယ်ပိုင်စိတ်ဆန္ဒ မရှိသင့်ဘူး... ကံကြမ္မာက သွေးပင်လယ်ထဲကို နစ်မြုပ်သွားသလိုမျိုး လူတိုင်းက ကိုယ့်ကိုယ်ပိုင်ကံကြမ္မာကို မြင်နိုင်ရမယ်... ဒါပေမဲ့ ကံကြမ္မာသစ်ပင်က သတ္တဝါအားလုံးကို ကျွန်တွေလို သဘောထားပြီး လူတိုင်းကို အမြတ်ထုတ်ခြယ်လှယ်ခဲ့တယ်... ငါ သတ်ပစ်လိုက်တာက ကံကြမ္မာသစ်ပင်ရဲ့ ‘နိုးထလာတဲ့’ အစိတ်အပိုင်းတစ်ခုပဲ...”
အမာရွတ်များဖြင့်သာ ဖွဲ့စည်းထားသော သူ့မျက်ဝန်းများမှာ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလေသည်။ အတိတ်နှင့် အနာဂတ် နတ်ဘုရားများသည် ထိုမျက်ဝန်းများအတွင်း၌ ကိန်းအောင်းနေကြခြင်းဖြစ်သည်။ ကောင်းမင်၏ အကြည့်က ရွှေ့လျားသွားပြီး ကံကြမ္မာသစ်ပင်၏ ဧရာမပင်စည်ကြီးပေါ်သို့ ကျရောက်သွား၏။ ၎င်း၏ အမြစ်အနည်းငယ် ညှိုးနွမ်းသွားခဲ့ပြီး အရေးကြီးဆုံးမှာ ထို ‘နိုးထမှု’ သေဆုံးသွားခြင်းနှင့်အတူ ကံကြမ္မာသစ်ပင်ထက်ရှိ ‘အနက်ရောင်အမှတ်အသား’ နှစ်ခုမှာ စတင်ပြန့်နှံ့လာသဖြင့် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သော လူသားလောကသစ်ရွက်အများအပြားမှာ တဖြည်းဖြည်း သွေးနီရောင်အဖြစ် ပြောင်းလဲလာနေခြင်း ဖြစ်သည်။
ကောင်းမင်သည် ထို ‘အနက်ရောင်အမှတ်အသား’ နှစ်ခုနှင့် အလွန်ရင်းနှီးပေသည်။ ၎င်းတို့မှာ အတွင်းကမ္ဘာမှ သူရဲကောင်းနှစ်ဦး၏ စတေးမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်များ ဖြစ်ကြသည်။ ၎င်းတို့မှာ မူလက ကံကြမ္မာသစ်ပင်၏ စွန့်ပစ်ခံထားရသော အနက်ရောင်ကံကြမ္မာဆိုးများ ဖြစ်ပြီး ယခုတွင်မူ ၎င်း၏ အနက်ရှိုင်းဆုံးနေရာများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်နေပုံရသည်။
ဒယိမ်းဒယိုင်ဖြင့် အားယူထရပ်လိုက်ရင်း ကောင်းမင်၏ ဒဏ်ရာများမှာ ပြင်းထန်လှသော်လည်း သူ့မျက်လုံးများကမူ ထိတ်လန့်ဖွယ်ကောင်းသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။
ကံကြမ္မာသစ်ပင်သည် မရှုံးနိမ့်နိုင်သူ မဟုတ်ချေ။ ယင်းက သူ့အတွက် အရေးအကြီးဆုံးအချက် ဖြစ်သည်။
ကောင်းမင်သည် သူမျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ရင်း လူနာဆောင်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ ဝေဝါးနေသော လူသားပုံရိပ်နှင့် တိုက်ခိုက်နေသည့် အဆုံးအဖြတ် အခိုက်အတန့်၌ သူ့အား ချည်နှောင်ထားသော ကံကြမ္မာကြိုးမျှင်များမှာ တဖြည်းဖြည်းနှင့်... ဆက်နွှယ်မှု ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူ့အသိစိတ်များ ပြန်လည်ရောက်ရှိလာချိန်၌ လျိုယီနှင့် ထိတွေ့မိခြင်းကြောင့် ငြိတွယ်ခဲ့ရသော ကံကြမ္မာကြိုးမျှင်အများစုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဒဏ်ရာဗလပွဖြစ်နေသော ခန္ဓာကိုယ်ကို တရွက်ဆွဲ၍ ဆေးရုံအတွင်းသို့ ပြန်ဝင်လာခဲ့ရာ ကောင်းမင်သည် အရေးပေါ်လူနာဆောင်၏ အပြင်ဘက်တွင် လျိုယီကို ထပ်မံမြင်တွေ့လိုက်ရလေသည်။
သန့်ရှင်းစင်ကြယ်သော အဖြူရောင်ပိတ်စဖြင့် ဖုံးလွှမ်းခံထားရသဖြင့် သူမသည် အပြစ်အနာအဆာကင်းသော ရေခဲပြင်တစ်ခုနှင့် တူနေလေသည်။
ကောင်းမင်သည် သူမဘေးတွင် ရပ်နေရင်း သူ့ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ ဘာပျောက်ဆုံးသွားမှန်း သူ မသိချေ။ သူသိသည်မှာ သူအစိတ်အပိုင်းတစ်ခုမှာ ထာဝရပျောက်ကွယ်သွားပြီဖြစ်ပြီး ဘယ်တော့အခါမှ ပြန်ရှာတွေ့ရှိတော့မည် မဟုတ်ကြောင်းပင်။
သူသည် အိပ်မက်သရဲ၏ စွမ်းရည်များနှင့် ရူးသွပ်မှုစည်းမျဉ်းများကို အသုံးပြုရန် ကြိုးစားသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ချေ။ သူသည် သူ့ရင်ဘတ်အသားများကို လက်နှစ်ဖက်ဖြင့် ဆုတ်ဖြဲပစ်လိုက်ပြီး ညှဉ်းပန်းနှိပ်စက်ခန်းကို ဖွင့်လှစ်ရန် ကြိုးစားနေခဲ့ရာ တည်ရှိမနေတော့သော ဝိညာဉ်တစ်ခုကို အစားထိုးဖြည့်ဆည်းရန် ကြိုးပမ်းနေသည့်အလား ဖြစ်နေခဲ့သည်။
သွေးများက နေရာအနှံ့ စီးကျလာခဲ့သည်။ ရုတ်တရက် ကောင်းမင်၏ ကိုယ်ခန္ဓာကို တစ်စုံတစ်ခုက လာရောက်ထိတွေ့လိုက်သဖြင့် သူ ထုံထိုင်းစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
လျိုယီ၏ မိခင်သည် သစ်သီးအမျိုးမျိုး ပြည့်နှက်နေသောအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏ လက်ချောင်းများမှာ တစ်စုံတစ်ခုကြောင့် ပြတ်ရှကာ သွေးများ စီးထွက်နေသော်လည်း ထိုနည်းလမ်းဖြင့် သမီးဖြစ်သူ၏ အသက်ကို ထိန်းချုပ်ထားနိုင်မည့်အလား ၎င်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
“ဒါတွေအားလုံးက အန်တီ့အပြစ်တွေပါ... အိတ်ကို ပိုတင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့သင့်တာ... သမီးက အဲဒါကို ဘယ်အချိန် ယူသွားလဲဆိုတာ မသိလိုက်ရဘူး... အန်တီ အဲ့ဒါကို လှမ်းဆွဲထားခဲ့သင့်တာ...”
ကြင်နာတတ်သော ထိုအမျိုးသမီး၏ ဆံပင်များသည် ဖရိုဖရဲ ဖြစ်နေလေသည်။ သူမအိတ်ထဲမှ သစ်သီးများနှင့် အသုံးအဆောင်ပစ္စည်းအမျိုးမျိုးမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားကြသည်။ ဆရာဝန်များနှင့် သူနာပြုများက သူမအား လှမ်း၍ ထူမပေးလိုက်ကြသည်။
မြေပြင်ပေါ်တွင် လိမ့်ဆင်းသွားသော ပန်းသီးများကို ကြည့်ရင်း ကောင်းမင် ဆေးရုံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က အချိန်ကို အမှတ်ရမိသွားခဲ့သည်။ သူမ၏ မိခင်သည်လည်း ထိုအိတ်ထဲမှ သစ်သီးများကို ထုတ်ယူ၍ သူ့အား ကျွေးခဲ့ဖူးသည်။
ကောင်းမင်နှင့် လျိုယီတို့ကို အတူတကွ ချည်နှောင်ထားသော ကံကြမ္မာကြိုးမျှင်များမှာ ပိုမို ပါးလွှာလာပြီး ကြားခံမှာလည်း ပျက်စီးသွားပြီ ဖြစ်သည်။ သူသည် နောက်ဆုံးကျန်ရှိနေသော ကြိုးမျှင်နောက်သို့ လိုက်ပါရင်း သန့်စင်ခန်းအခန်းကျဉ်းလေးဆီသို့ ရောက်ရှိလာလေသည်။ သွေးများက ဖြူလွှလွှနံရံထက်တွင် စွန်းပေနေခဲ့သည်။ အခန်းကျဉ်းလေး၏ နောက်ကျောတွင် ကောက်ကောက်ကွေးကွေး စာလုံးအချို့ကို ရေးသားထားလေသည်။ ထိုစာသားများတွင် မည်သည့် နာကျင်မှု သို့မဟုတ် မည်သည့်စိတ်ပျက်အားငယ်မှု အရိပ်အယောင် မရှိချေ။ သူမသည် အခြားသူများကို စိတ်မပူစေချင်ပုံရသဖြင့် ရိုးရိုးရှင်းရှင်းပင် ရေးသားထားခဲ့ခြင်းဖြစ်သည်။
“ဒါက နောက်ဆုံးအကြိမ်ဖြစ်မှန်းသာ သိခဲ့ရင်... ဒီနေ့ ငါအလှဆုံး ပြင်ဆင်လာခဲ့မှာပေါ့...”
ထိုစာလုံးလေးများမှာ ပိုမိုလင်းထိန်လာခဲ့သည်။
နောက်ဆုံးကျန်ရှိသော ကံကြမ္မာကြိုးမျှင်မှာ ပြတ်တောက်သွားပြီ ဖြစ်သည်။ ကံကြမ္မာသစ်ပင်သည် လျိုယီမှတစ်ဆင့် ကောင်းမင်၏ နာမည်အစစ်ကို ထပ်မံ ရှာဖွေနိုင်တော့မည်မဟုတ်သလို လျိုယီကို ကြားခံအဖြစ် သုံး၍ ကောင်းမင်အား ဖျောက်ဖျက်ပစ်နိုင်တော့မည် မဟုတ်ချေ။ သို့သော်လည်း ကောင်းမင်စိတ်ထဲတွင် မည်သည့် ဝမ်းသာမှုမှ မရှိပါချေ။ သူသည် ထိုစာလုံးများကိုလည်းကောင်း၊ သူ့အတွက် မည်သည့်အခါမျှ ထပ်မံရှိလာတော့မည်မဟုတ်သော ကန့်သတ်ချက်များကိုလည်းကောင်း စိုက်ကြည့်နေမိသည်။
သူ့မျက်နှာပေါ်တွင် မည်သည့်မျက်ရည်မှ စီးကျမလာချေ...။ ပြတင်းပေါက်အပြင်ဘက်တွင်မူ မိုးဖွဲလေးများ ရွာသွန်းနေပုံရပြီး ကြည်လင်သော မှန်ပြတင်းပေါက်ပေါ်မှတစ်ဆင့် အောက်သို့ စီးကျနေလေသည်။
အချို့သော လူသားများသည် ရောက်ရှိလာခဲ့ကြပြီး ခြေလှမ်းတိုင်း ပေါ့ပါးသိမ်မွေ့လှသဖြင့် တစ်ညတွင် သူတို့ ထွက်ခွာသွားကြလိမ့်မည်ဟူ၍ မည်သူမျှ သတိပြုမိလိမ့်မည် မဟုတ်ချေ။
နောက်ပိုင်းတွင်မူ ကံကြမ္မာကြိုးမျှင်များအားလုံးမှာ ပြတ်တောက်သွားသော ကဗျာတစ်ပုဒ်ကဲ့သို့ ကျိုးပျက်သွားချေပြီ။
မိုးကုပ်စက်ဝိုင်းတွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ မိုးစဲသွားပြီးနောက် အနီရောင် နေမင်းကြီးမှာ ဖြည်းညင်းစွာ မြင့်တက်လာပြီး ကောင်းမင်အပေါ်သို့ ဖြာကျလာရာ သူ၏ အနည်းငယ် ကုန်းနေသော ကျောပြင်နှင့် သူ့ခန္ဓာပေါ်ရှိ ဒဏ်ရာတိုင်းကို လင်းထိန်သွားစေလေသည်။