အခန်း ၉၂၆
Vol. 66 Ch. 926
အပိုင်း (၉၂၆) ကံကြမ္မာကို ပြောင်းလဲခြင်း
ဝှီးချဲပေါ်မှ ကလေးငယ်တွင် သူငယ်ချင်းဟူ၍ အနည်းငယ်သာရှိပြီး ထောင့်တစ်ခု၌ တစ်ကိုယ်တည်း ထိုင်နေခဲ့ခြင်းဖြစ်သည်။ မီးများက သူ့မျက်နှာနှင့် ခန္ဓာကိုယ်တို့ကို လောင်ကျွမ်းစေခဲ့သဖြင့် သူ့အရေပြားတစ်လက်မတိုင်းတွင် အရုပ်ဆိုးလှသော အမာရွတ်များဖြင့် ဖုံးလွှမ်းနေသော်လည်း သူ့မျက်ဝန်းများကမူ တောက်ပစွာ လင်းလက်နေလေသည်။
ထိုကလေးငယ်သည် စာသင်ခန်းတစ်ခုလုံးကို ဖြတ်ကျော်၍ ကောင်းမင်ကို ချက်ချင်း လှမ်းမြင်လိုက်သည်။ သူသည် မီးလောင်ထားသော သူ့လက်များဖြင့် ဝှီးချဲ၏ ဘေးဘောင်များကို တွန်းလိမ့်၍ ဖြည်းညင်းစွာဖြင့်် သို့သော်လည်း ပြတ်သားစွာဖြင့် အနားသို့ ချဉ်းကပ်လာလေသည်။ အခြားဝှီးချဲများပေါ်ရှိ ကလေးငယ်များက ထိုကလေးကို မနာစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ မိဘမဲ့လေးသည် လက်ဖဝါးထဲသို့ ကြွေကျလာသော သစ်ရွက်တစ်ရွက်အလား မိမိ၏ အိမ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
ယခုတွင် ရူးသွပ်မှုစည်းမျဉ်းများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော ကောင်းမင်သည် စိတ်ဖောက်ပြန်မှုကမ္ဘာအပေါ် ပိုမိုကြီးမားသော လွှမ်းမိုးမှုတစ်ခု ရှိနေ၏။ သူ့ရှေ့မှ ကလေးငယ်မှာ နံပါတ်၂ ဖြစ်ကြောင်း သူသေချာပေါက် သိပေသည်။ သူတို့သည် ယခင်စိတ်ဖောက်ပြန်မှုကမ္ဘာတွင် နှစ်ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ဖူးကြလေသည်။
“ဖေဖေ...”
ဝှီးချဲပေါ်တွင် ထိုင်နေသော ကလေးငယ်က ကောင်းမင်ကို မော့ကြည့်လိုက်ရာ သူ့မျက်ဝန်းများအတွင်း၌ မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်ကြောက်ရွံ့မှုများပါ ရောပြွမ်း ပြည့်နှက်နေလေသည်။ သူသည် သူစိမ်းများ၏ ရှေ့တွင် သူ၏ ကိုယ်ခန္ဓာမသန်စွမ်းမှုကို ဂရုမစိုက်သော်လည်း ကောင်းမင်ရှေ့တွင်မူ စိတ်မသက်မသာ ဖြစ်မိသွားပြီး အရုပ်ဆိုးလှသော အမာရွတ်များကို ဖုံးကွယ်ရန် သူ့အင်္ကျီလက်ကပ်များကို အောက်သို့ အတင်းဆွဲချနေခဲ့မိသည်။
“ရှင်းလုသွေးမြို့တော်ပိုင်ရှင်က မင်းကို စိတ်ဖောက်ပြန်မှုကမ္ဘာထဲမှာ ကျန်ခဲ့တာဖြစ်မယ်လို့ ခန့်မှန်းခဲ့တာ... သူ မှန်နေပုံရတယ်...”
ကောင်းမင်သည် သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့စွမ်းရည်များမှာလည်း အကောင်းအတိုင်း ရှိနေသေးသည်။ သူသည် နံပါတ် ၂ ၏ အမာရွတ်များ ပြည့်နှက်နေသော လက်ကို လှမ်းဆုပ်ကိုင်လိုက်ရင်း ရူးသွပ်မှုစည်းမျဉ်းများကို တံတားအဖြစ် အသုံးပြု၍ သူ့စိတ်ထဲမှ နံပါတ် ၂၏ မှတ်ဉာဏ်များကို ပြန်ပေးရန် ကြိုးစားလိုက်သည်။ မှတ်ဉာဏ်ပူဖောင်းကလေး ကွဲအက်သွားပြီး ကောင်လေး၏ မျက်ဝန်းများအတွင်းမှ တောက်ပမှုမှာ လေးလံသော အနက်ရောင် တိမ်တိုက်ကြီးများဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းခံလိုက်ရသည်။
ကောင်းမင်က သားသတ်ဓားကို ထုတ်ယူ၍ သူ့လက်ကို လှီးဖြတ်လိုက်ပြီး သွေးမြို့တော်သရဲတက်တူး ခတ်နှိပ်ထားသော သူ့အရေပြားကို နံပါတ် ၂ ဆီသို့ ပေးအပ်ရန် ကြိုးပမ်းလိုက်သည်။ ၎င်းမှာ ယခင်စိတ်ဖောက်ပြန်မှု ကမ္ဘာတွင် သူ ပြုလုပ်ခဲ့ဖူးသည့်အတိုင်းပင် ဖြစ်သည်။
သို့သော်လည်း သူအံ့အားသင့်သွားရသည်မှာ ထက်မြက်လှသော သားသတ်ဓားမှာ သူ့အပေါ်တွင် မည်သည့် သက်ရောက်မှုမျှ ရှိမနေခြင်းပင်။ သူ နောက်ထပ်မကြိုးစားရသေး ကောင်လေးသည် သူ့လက်ကို ရုတ်တရက် ခါထုတ်ပစ်လိုက်ပြီး မှတ်ဉာဏ်စီးဆင်းမှုကို ဖြတ်တောက်လိုက်တော့သည်။
“နံပါတ် ၂...”
ကောင်းမင် အနည်းငယ်စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
“ဖေဖေ... သားကို ထပ်မလိုချင်တော့ဘူးလား...”
ကောင်လေးသည် အဖြေတစ်ခုကို စောင့်ဆိုင်းနေသည့်အလား ကောင်းမင်၏ မျက်လုံးများကို စိုက်ကြည့်လာ၏။
“မင်းက ပုံရိပ်ယောင်ကမ္ဘာရဲ့ လွှမ်းမိုးမှုကို ခံထားရလို့ ကိစ္စတွေအများကြီးကို မေ့နေတာပါ... ငါက အရင်ပုံရိပ်ယောင်ကမ္ဘာတုန်းကပဲ မင်းအဖေ ဖြစ်ခဲ့တာ...”
“တော်ပါတော့...”
ကောင်လေးသည် သူ၏ ဝှီးချဲကို ဆုပ်ကိုင်၍ နောက်သို့ အနည်းငယ် ဆုတ်ခွာသွား၏။
“သား အတိတ်က ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာ မသိချင်တော့ဘူး၊ ဘာကိုမှလည်း ပြန်မမှတ်မိချင်တော့ဘူး၊ ပြီးတော့... ကြီးလည်း မကြီးချင်တော့ဘူး...”
ကောင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးလောင်ဒဏ်ရာများ ဖုံးလွှမ်းနေရာ ၎င်းကို ကြည့်လိုက်ရုံဖြင့်ပင် သူသည် မည်မျှပြင်းထန်သော နာကျင်မှုများကို အောင့်အည်းသည်းခံနေခဲ့ရကြောင်း သိသာလှပေသည်။ ကောင်းမင်သည် ယခင်ကလည်း နံပါတ် ၂ ၏ မှတ်ဉာဏ်များကို မြင်တွေ့ခဲ့ဖူး၏။ သူသည် ငယ်စဉ်ကတည်းက မသေဆေးကုမ္ပဏီ၏ စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ် မွေးမြူခံခဲ့ရသည်။ သူသည် အလွန်ဉာဏ်ရည်ထက်မြက်လွန်းသဖြင့် အခြားစမ်းသပ်ခံများကပင် ကြောက်ရွံ့ခဲ့ကြရပြီး မသေဆေးကုမ္ပဏီသည် သူ ထွက်မပြေးစေနိုင်ရန်အတွက် ပထမဆုံး သူ့ခြေထောက်များကို ဖြတ်ပစ်ခဲ့ကြသည်။ ထို့နောက် သူ့အား ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် သူ့အတန်းထဲရှိ အခြားမိဘမဲ့ကလေးများ၏ အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်ခဲ့ကြသည်။ နောက်ဆုံးတွင်မူ သူ့ဦးခေါင်းကိုပင် ခွဲစိတ်ကာ သူ့ဦးနှောက်တစ်ခုတည်းကိုသာ ချန်ထားခဲ့ကြတော့သည်။ နံပါတ် ၂ ၏ ကမ္ဘာဆိုသည်မှာ ဖန်အိုးတစ်လုံးသာ ဖြစ်သည်။ သူသည် ထိုဖန်အိုးအတွင်း၌ ကြီးပြင်းခဲ့ရပြီး အခြားကလေးငယ်များ၏ သေဆုံးမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းကျမှသာ ရှင်းလုသွေးမြို့တော်သခင်၏ ကယ်တင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက်တွင်မူ သူသည် သုညအတုနှင့် ဆုံတွေ့ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံကို ခံစားခဲ့ရကာ နောက်ဆုံး၌ သူ့အသိစိတ်အငွေ့အသက်တစ်ခုကို ကောင်းမင်က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်မှု ကမ္ဘာအတွင်းရှိ မသိထိုက်သူ ဖြစ်တည်မှုရှစ်ခုကို အတတ်နိုင်ဆုံး အချိန်ဆွဲ ထိန်းချုပ်ထားနိုင်ရန်အတွက် နံပါတ် ၂ သည် လရောင်နှင့် မီးလျှံများကြားတွင် လောင်ကျွမ်းကာ သေဆုံးခဲ့ရရှာသည်။
“လူကြီးတွေရဲ့ ကမ္ဘာက လုံးဝမကောင်းဘူး...”
နံပါတ် ၂ သည် အလွန်ဉာဏ်ရည်ထက်မြက်သူတစ်ဦး မဖြစ်ချင်တော့။ စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်းရှိ ကလေးတစ်ဦးအဖြစ် နေထိုင်ရသည်ကပင် ပိုမိုကောင်းမွန်လှချေသည်။
စိတ်ဖောက်ပြန်မှုကို ထပ်မံအသုံးပြုရင်း... ကောင်းမင်သည် နံပါတ် ၂ ၏ ကြွင်းကျန်ရစ်သော နာကြည်းမှုများက စိတ်ဖောက်ပြန်မှုကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟူ၍ မျှော်လင့်မထားခဲ့ချေ။ သူနှင့် အခြားသွေးမြို့တော်သခင်များသည် နံပါတ် ၂ ကို သေချာပေါက် ကယ်တင်နိုင်ကြသော်လည်း နံပါတ် ၂ ကိုယ်တိုင်က ငြင်းဆန်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်တော့သည်။
“မင်း သေချာရဲ့လား...”
ကောင်းမင် နံပါတ် ၂ ၏ ဝှီးချဲဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ့ရှေ့မှ ကလေးငယ်မှာ နံပါတ်၂ စိတ်ကူးထဲရှိ သူ့ကိုယ်သူ ပုံဖော်ထားသော ရုပ်သွင်အစစ်အမှန် ဖြစ်လေသည်။ သူသည် ဤအသက်အရွယ်တွင် ဦးနှောက်ထုတ်ယူခြင်း ခံခဲ့ရပြီး ဘဝ၏ လက်ကျန်အချိန်များကို ဖန်အိုးတစ်လုံးထဲ၌သာ ကုန်ဆုံးရတော့မည့် ကလေးငယ်တစ်ဦး ဖြစ်သည်။
“သေချာပါတယ်... လုံးဝကို သေချာပါတယ်...”
ကောင်လေးက ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည်။
“ကောင်းပြီလေ...”
ကောင်းမင် ဆက်လက်မတိုက်တွန်းတော့ဘဲ သူ့အကြည့်မှာ ကောင်လေးဆုပ်ကိုင်ထားသော ဆီဆေးပန်းချီကားလေးဆီသို့ ရွှေ့လျားသွားခဲ့သည်။
“ပန်းချီဆရာကြီးကလည်း ထွက်မသွားချင်ဘူးတဲ့... သူက သားထက်တောင် ဒီနေရာကို ပိုသဘောကျနေသေးတယ်...”
ကောင်လေးသည် ယခင်ကဲ့သို့ပင် အလွန်လျင်မြန်ဖြတ်လတ်နေဆဲ ဖြစ်သည်။ ကောင်းမင် မမေးမြန်းရသေးမီ ကောင်းမင်၏ အတွေးများကို ကြိုတင်ခန့်မှန်းမိနေပြီဖြစ်သည်။
ပန်းချီဆရာကြီးဆိုသည်မှာ ရှရန်ကို ဆိုလိုခြင်း ဖြစ်ရပေမည်။ ကောင်းမင် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ရင်း ဆက်လက် မမေးမြန်းတော့ချေ။
“မင်း ပန်းချီဆရာကြီး ဘယ်မှာရှိလဲ သိလား... ငါ သူ့ကို မေးစရာနည်းနည်းရှိလို့ပါ...”
“သူက ဆေးရုံတစ်ရုံရဲ့ သေခါနီးလူနာတွေကို ပြုစုစောင့်ရှောက်တဲ့ လူနာဆောင်မှာ အလုပ်လုပ်နေတာပါ... သူ ဒီနေရာကို အရမ်းကြိုက်နေတာ...”
ကောင်လေးလက်ထဲမှ ဆီဆေးပန်းချီကားကို လှမ်းယူလိုက်ရင်း ကောင်းမင်က ၎င်းအား ခေတ္တစိုက်ကြည့်လိုက်သည်။
“ငါ လုပ်စရာကိစ္စတစ်ခု ရှိသေးတယ်... မင်း ဒီမှာပဲနေပြီး ငါ့ကို စောင့်နေပါ...”
“ဟုတ်ကဲ့ပါ...”
“အမှန်တော့... ပြင်ပကမ္ဘာကြီးက ဒီလောက်အထိ ပြီးပြည့်စုံမနေဘူးဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါ မနက်ဖြန်ရဲ့ ကမ္ဘာကြီးကို ဒီနေ့ထက် ပိုကောင်းအောင် လုပ်ပေးပါ့မယ်...”
ခေတ္တမျှ တွေးတောပြီးနောက် ကောင်းမင်သည် သွေးမြို့တော်၏ တံဆိပ်ခတ်နှိပ်ထားသော အရေပြားစတစ်ခုကို လှီးဖြတ်၍ ကောင်လေးအား လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ထွက်ခွာလာခဲ့သည်။
ကောင်လေးသည် ထိုအရေပြားစကို ကြည့်ရင်း ၎င်းအား ဂရုတစိုက်ထုပ်ပိုးလျက် သူ့အိတ်ကပ်အတွင်းသို့ ထည့်သွင်းလိုက်လေသည်။
“ငါ့အဖေက သူ့ရဲ့ တက်တူးကို ခွာပြီး ငါ့ကို လက်ဆောင်ပေးခဲ့တာ... သူငါ့ကို ဂရုစိုက်တာပဲ...”
သူသည် သူ၏ဝှီးချဲကို ဆုပ်ကိုင်လျက် စာသင်ခန်း၏ နောက်ဆုံးတန်းဆီသို့ ပြန်လည်မောင်းနှင်သွားလေသည်။ ထပ်မကြီးချင်တော့သော ထိုကောင်လေးသည် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်မိတော့သည်။
“တခြားကလေးတွေမှာ ဒီလိုမျိုးမရှိဘူးကွ...”
နံပါတ် ၂ တွင် သူ့ကိုယ်ပိုင်ရွေးချယ်မှု ရှိသကဲ့သို့ ကောင်းမင်တွင်လည်း ရှိ၏။ သူ့အရှိန်အဟုန်က တိုးလာခဲ့ပြီး ရူးသွပ်မှုစည်းမျဉ်းများသည် ဧရာမလက်တံကြီးများအသွင်သို့ ပြောင်းလဲသွားကာ သူ့နောက်၌ ကခုန်လျက် သူ့အကြည့်များနှင့်အတူ မြို့တော်၏ ထောင့်စွန်းများဆီသို့ စူးစမ်းရှာဖွေနေကြတော့သည်။
ကောင်းမင် ပထမဆုံးအကြိမ် စိတ်ဖောက်ပြန်မှု စွမ်းရည်ကို အသုံးပြုခဲ့စဉ်က အချိန်ဆွဲရန်အတွက်သာ ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့ကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဖြစ်သည်။ သူ့ရှာဖွေမှုမှာ အလွန်နှေးကွေးနေသည်ဟု ခံစားရသဖြင့် သူက ဆီဆေးပန်းချီကားဆီသို့ လက်လှမ်းလိုက်သည်။
“ရှရန်က တစ်ချိန်က သုညအတုရဲ့ စိတ်ထဲကို ဝင်ဖူးတယ်... နောက်ပိုင်းကျမှ သုညအတုက ထွက်ပြေးသွားခဲ့ပြီး ရှရန်ကို စိတ်ကမ္ဘာထဲမှာ ချန်ထားခဲ့တာ... ရှိနေတဲ့ အချက်အလက်တွေအရ သုညအတုဆိုတာ လုဇန်ပဲ ဖြစ်ရမယ်... ရှရန်က လုဇန်နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ကို သေချာပေါက် ပေးနိုင်လိမ့်မယ်...”
ရှရန်သည် ပန်းချီဆွဲရသည်ကို အလွန်တရာ မြတ်နိုးသူဖြစ်သည်။ သို့သော်လည်း ပန်းချီဆွဲရသည်ကို မြတ်နိုးသူတစ်ဦးက ဘာလို့ သေခါနီးလူနာဆောင်မှာ အလုပ်လုပ်နေရတာလဲ...။
ရူးသွပ်မှုစည်းမျဉ်းလက်တံများကို လမ်းမများထက်တွင် တွားသွားစေလိုက်ရင်း ကောင်းမင်သည် ရှရန် အလုပ်လုပ်နေသော ဆေးရုံဆီသို့ ရောက်ရှိလာလေသည်။ သူ မြင်တွေ့လိုက်ရသည်မှာ ရှရန်သည် သေလုဆဲဆဲဖြစ်နေသော လူနာတစ်ဦး၏ ကိုယ်ပေါ်တွင် ပန်းချီဆွဲနေခြင်း ဖြစ်သည်။ လူနာ၏ မိသားစုဝင်များမှာ ဘေးတွင် ရပ်နေကြပြီး အသက်ပင် ဝဝမရှူရဲကြချေ။ သို့သော်လည်း ရှရန်သည် ကောင်းမင်ကို လှမ်းမြင်လိုက်ရသည်နှင့် ဟင်္သာရောင်စွန်းထင်နေသော သူ့စုတ်တံကို ချက်ချင်း ချလိုက်ပြီး သူ့နှာခေါင်းစည်းကို ချွတ်လျက် ကောင်းမင်အား လက်လှမ်းပြလာလေသည်။
“အဖေ... အဖေ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ...”
ရှရန်၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ကောင်းမင်စိတ်ထဲတွင် ပိုမိုဆိုးရွားသော ခံစားချက်ကို ရရှိလိုက်ရသည်။
“မင်း ဘာတွေလုပ်နေတာလဲ...”
“လူတွေကို ကယ်နေတာလေ... ဪ... ဒါနဲ့ ကျွန်တော်မေ့သွားတယ်... အဖေက အရက်သမား၊ လူတောမတိုးတဲ့သူ၊ ပြီးတော့ အစွမ်းအစမရှိတဲ့ အကြမ်းဖက်သမားတစ်ယောက်ပဲ... အဖေက စာအများကြီး မသင်ခဲ့ရတော့ ဒီလိုအရာတွေကို နားမလည်တာက ပုံမှန်ပါပဲ...”
ရှရန်သည်လည်း ယခင်စိတ်ဖောက်ပြန်မှုကမ္ဘာ၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်သေးပုံ ရသည်။ သူနှင့် နံပါတ်၂ နှစ်ဦးလုံးမှာ ကောင်းမင်၏ မိသားစုဝင်များ ဖြစ်ကြသော်လည်း နံပါတ် ၂ မှာ မိသားစု၏ ဗဟိုချက်ဖြစ်နေခဲ့ပြီး ဆရာရှမှာမူ တစ်ဝက်တစ်ပျက် စွန့်ပစ်ခံထားရသော အခြေအနေမျိုး ဖြစ်နေခြင်းဖြစ်သည်။
“ဒီလို ကွေးကောက်နေတဲ့စာလုံးတွေက လူတွေကို ကယ်တင်နိုင်လို့လား...”
“လူတွေကို ကယ်တင်နိုင်ရုံတင်မကဘူး... ဘဝကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်၊ ကံကောင်းမှုတွေကို တိုးတက်စေတယ်၊ ထူးခြားတဲ့ အရာအများကြီးကိုလည်း လုပ်ပေးနိုင်သေးတယ်...”
ရှရန်သည် အားရဝမ်းသာဖြင့် သူ့အဖြူရောင် ကုတ်အင်္ကျီကြီးကို ဖြဲပြလိုက်ရာ ၎င်းအတွင်း၌ အဆောင်စာသားများ၊ ဆုတောင်းစာသားများဖြင့် ဖုံးလွှမ်းနေခဲ့သလို မရေမတွက်နိုင်သော လူသားဦးခေါင်းများနှင့် ပုံပျက်ပန်းပျက်ဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေလေသည်။ ကလေးငယ်များ၊ အဘိုးအိုများ... သူတို့အားလုံးမှာ လုဇန်၏ ရုပ်သွင်နှင့် လုံးဝ ဆင်တူနေကြသည်။
သူ့ဘေးရှိ လူနာမိသားစုဝင်များသည် ရှရန်ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ပုံများကို မြင်တွေ့လိုက်ရသောအခါ မျက်လုံးများပင် ပြုတ်ကျလုမတတ် ပြူးထွက်သွားကြပြီး သူ့အရေပြားကို ဆုတ်ဖြဲပစ်ချင်စိတ်များပင် ပေါက်လာကြတော့သည်။
“ဒီကမ္ဘာကြီးက နာမကျန်းဖြစ်နေခဲ့ပြီ ဖြစ်သလို... စိတ်ဖောက်ပြန်မှုက သူတို့ကို ပိုပြီးတော့တောင် ရူးသွပ်သွားစေပြီပဲ...”
ကောင်းမင် မျက်မှောင်ကြုတ်ရင်း ရှရန်ကို စိုက်ကြည့်လိုက်သည်။
“မင်းက အတော်လေး လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခဲ့တာပဲ...”
“ဒါဟာ ကျွန်တော်ငယ်ငယ်ကတည်းကစလို့ အဖေ ကျွန်တော့်ကို ပထမဆုံးအကြိမ်အဖြစ် ချီးမွမ်းလိုက်တာပဲ...”
ဆရာရှသည် သူ့ပန်းချီစုတ်တံကို ကောက်ကိုင်လိုက်သည်။
“အဖေ... ကျွန်တော် အဖေ့အတွက်လည်း တစ်ပုံလောက် ဆွဲပေးပါရစေ... ဒါက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်နော်... ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာပါ... ဒါက ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်...”