အခန်း ၉၂၇
Vol. 66 Ch. 927
အပိုင်း (၉၂၇) ငါ မင်းရဲ့ အရေပြားကို တစ်လွှာချင်း ခွာပစ်မယ်
ကံကြမ္မာ ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် စကားလုံးများကို ကြားရတိုင်း ကောင်းမင်၏ နဖူးထက်မှ သွေးကြောများ ဖောင်းကြွလာလေ့ရှိသည်။ ဤမိုင်းကွင်းအတွင်း၌ ရဲရဲဝံ့ဝံ့ လှုပ်ရှားရဲသူဟူ၍ ရှရန်တစ်ယောက်သာ ရှိပေသည်။
“ကံကြမ္မာ ပြောင်းလဲတဲ့အကြောင်းကို နောက်မှပြောကြတာပေါ့... မင်းဘာဖြစ်လို့ မင်းကိုယ်ပေါ်မှာ လုဇန်ရဲ့ပုံကို ဆွဲထားရတာလဲ...”
“လုဇန်လား”
ရှရန်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဆွဲထားသော ဦးခေါင်းပုံများကို မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
“ကံကြမ္မာရဲ့ နာမည်က လုဇန်တဲ့လား... ကျွန်တော်သိတာကတော့ ဘဝကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားက သူ့ဆီကနေ လာတာပဲဆိုတာပဲ... ဒါပေမဲ့ တကယ်တော့ ကျွန်တော်ဆွဲထားတာ သူတစ်ယောက်တည်း မဟုတ်ပါဘူး...”
လူတိုင်း၏ ရှေ့တွင်ပင် ရှရန်သည် သူ၏ အဖြူရောင် ကုတ်အင်္ကျီကြီးကို ချွတ်၍ လူနာ၏ ကိုယ်ပေါ်သို့ ပစ်တင်လိုက်လေသည်။ ထို့နောက် သူက ပထမဆုံးအရေပြားအလွှာကို ဆုတ်ဖြဲပစ်လိုက်ရာ ၎င်းအောက်တွင် ပုပ်ပွပျက်စီးနေသော အရေပြားနှင့်အတူ ရှုဟွမ်အသတ်ခံရသည့် ပုံသဏ္ဌာန်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။
“ပုံရိပ်ယောင် သွေးမြို့တော်လား...”
“ရှိသေးတယ်... အများကြီး ရှိသေးတယ်...”
ရှရန်သည် မိဘများကို မိမိ၏ စာမေးပွဲအောင်စာရင်းကို ထုတ်ပြနေသည့် ကလေးတစ်ယောက်အလား နောက်ထပ် အရေပြားအလွှာတစ်ခုကို ထပ်မံဆုတ်ဖြဲပြပြန်ရာ အချိန်မြစ်ကြီးဖြင့် ဖွဲ့စည်းထားပြီး တစ်ကိုယ်လုံးတွင် သံမှိုကဲ့သို့သော ယဇ်ပလ္လင်များဖြင့် ဖုံးလွှမ်းနေသည့် ငွေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။
အရေပြားအနက်ရှိုင်းဆုံးသို့ ရောက်လေလေ ပိုမိုပုပ်ပွကာ နံစော်လာလေလေ ဖြစ်သည်။ ရှရန်သည် အရေပြားအလွှာများကို တစ်လွှာပြီးတစ်လွှာ ဆုတ်ဖြဲနေရင်း သဘောကျစွာ ရယ်မောနေရာ ၎င်းမှာ ကောင်းမင်၏ မျက်သူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့သည်။
ယခင်က သူသည် စိတ်ဖောက်ပြန်မှုဖြင့် မသိထိုက်သူအဆင့် ဖြစ်တည်မှု ရှစ်ခုကို ပိတ်လှောင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ထိုအရာများ လွတ်မြောက်သွားကြသော်လည်း တစ်စုံတစ်ခုသော အရာမှာ စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်း၌ ထာဝရကျန်ရစ်ခဲ့ပုံရကာ ကမောက်ကမဖြစ်မှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရလေသည်။
ကောင်းမင်ကိုယ်တိုင်ပင် ဤထူးခြားသော ပြောင်းလဲမှုကို သတိမပြုမိခဲ့သော်လည်း စိတ်ဖောက်ပြန်မှု ကမ္ဘာအတွင်း ပိတ်မိနေခဲ့သော ရှရန်ကမူ သတိပြုမိခဲ့သည်။ ဤကမ္ဘာကြီးအပေါ် သူ၏ ပြိုင်ဘက်ကင်းသော ကြိုက်နှက်သက်မှုကြောင့် သူသည် ထိုအရာများကို သူ့ကုလားထိုင်၏ ထောင့်စွန်းများမှ တူးထုတ်ကာ သူ့ကိုယ်ပေါ်တွင် လာရောက်ကပ်ငြိစေခဲ့ခြင်း ဖြစ်သည်။
ရူးသွပ်မှုနှင့် ပတ်သက်လျှင် ရှရန်သည် စိတ်ဖောက်ပြန်မှု ကမ္ဘာအတွင်း၌ အစွဲလမ်းဆုံးလူတစ်ဦး ဖြစ်ပေလိမ့်မည်။ သူသည် ၎င်းကို အမှန်တကယ် မြတ်နိုးလှပြီး သူ့ဝိညာဉ်မှာလည်း ၎င်းနှင့် ထပ်တူနက်ရှိုင်းစွာ ပဲ့တင်ထပ်နေခြင်းဖြစ်သည်။ ကောင်းမင်အနေဖြင့် ယခုအခါ ရှရန်အား ထွက်ခွာခွင့် ပေးခဲ့မည်ဆိုလျှင်ပင် သူသည် သေချာပေါက် ထွက်ခွာသွားတော့မည် မဟုတ်ချေ။
တစ်လွှာပြီးတစ်လွှာ ကွာကျနေသော လူ့အရေပြားများကို ကြည့်ရင်း ကောင်းမင်သည် ရှရန်၏ သွေးစွန်းနေသော လက်ကို လှမ်းဆွဲလိုက်သည်။
“တော်လောက်ပြီ... ငါ ဒီကိုလာတာ မင်းကို မေးစရာရှိလို့...”
ပုပ်ပွနေသော လူသားအရေပြားထံမှ ပြင်းထန်သော အနံ့ဆိုးများ ထွက်ပေါ်နေလေသည်။ ရှရန်သည် ကွဲအက်နေသော သူ့မျက်နှာကို မော့၍ အနည်းငယ် ဝေခွဲမရ ဖြစ်သွားရသည်။
“ငါ အရင်တုန်းက မင်းကို ကလေးတစ်ယောက်ရဲ့ စိတ်ထဲကို ပေးဝင်ခဲ့ဖူးတယ်... အဲဒီကလေးက လုဇန်ငယ်ငယ်တုန်းကပဲ...”
“ကျွန်တော်အခု မှတ်မိပြီ၊ သူခေါင်းထဲက ကမ္ဘာကြီးက လုံးဝကို ပုပ်သိုးပျက်စီးနေတဲ့ ကမ္ဘာကြီးပဲ... အသက်ရှင်နေတဲ့ လူရယ်လို့မရှိဘဲ ပုပ်ပွနေတဲ့ အသားတုံးကြီးတွေ အချင်းချင်း ဝါးမြိုနေကြတာ... သူတို့မှာ ရုန်းကန်ရတာတွေ၊ စိုးရိမ်ပူပန်ရတာတွေ မရှိသလို တခြားစိတ်ခံစားချက်အားလုံးလည်း မရှိကြဘူး... အမြင်အာရုံထဲမှာရှိသမျှ အရာအားလုံးက တွဲချုပ်ထားတဲ့ အသားတွေနဲ့ တွန့်လိမ်နေတဲ့ ပိုးလောက်ကောင်တွေချည်းပဲ...”
ရှရန် ပြန်လည်တွေးတောလိုက်သည်။
“အပြင်ကလူတွေက ကြိုးမျှင်တွေနဲ့ ချည်နှောင်ခံထားရပြီး သူတို့ရဲ့ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဘဝကို ဖြတ်သန်းနေကြရတာ... ဒါပေမဲ့ သူ့စိတ်ထဲက ကမ္ဘာထဲမှာတော့ ဘာကြိုးမျှင်မှမရှိဘဲ ပုပ်သိုးနေတဲ့အသားအားလုံးဟာ နောက်ဆုံးကျတော့ သူ့ရဲ့ ဧရာမကိုယ်ကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာကြတာ...”
ရှရန်ဖော်ပြခဲ့သော ကမ္ဘာကြီးသည် လုဇန်ထိန်းချုပ်ထားသော ဤကမ္ဘာသစ်ရွက်နှင့် အလွန်ဆင်တူလှသည်။
“တကယ်လို့ အဖေက သူ့ကို ရှာချင်ရုံတင်ဆိုရင် မခက်ပါဘူး... ကျွန်တော် အဖေ့ကို ကူညီပေးနိုင်တယ်...”
လူနာမိသားစုဝင် အချို့၏ စူးစူးစိုက်စိုက် အကြည့်များအောက်တွင်ပင် ရှရန်သည် သူ၏ အပြင်ဘက်ဆုံး အရေပြားကို ဆုတ်ဖြဲ၍ ကောင်းမင်ထံ လှမ်းပေးလိုက်လေသည်။
“အဖေ... ဒါကို ယူသွားပြီး ကစားနေလိုက်ပါ... အဖေလည်း အသက်ကြီးပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင် နေရဖို့က အရေးကြီးဆုံးပဲ...”
ရှရန်၏ အရေပြားကို ကိုင်ထားရင်း ရူးသွပ်မှုစည်းမျဉ်းများကို ထိန်းချုပ်ထားသည့် ကောင်းမင်ကိုယ်တိုင်ပင် ရှရန်သာလျှင် အစစ်အမှန်ရူးသွပ်မှု ဖြစ်သည်ဟု ခံစားလိုက်ရသည်။ ဤကောင်သည် လုံးဝနောက်ပြန်လှည့်နိုင်တော့မည် မဟုတ်ချေ။
ထိုလူသားအရေပြားထက်တွင် လုဇန်၏ ငယ်စဉ်ဘဝမှ အိုမင်းရင့်ရော်ချိန်အထိ ဘဝဇာတ်ကြောင်း တစ်ခုလုံးကို ပန်းချီဆွဲထားခြင်း ဖြစ်သည်။ လုဇန်၏ စိတ်ကမ္ဘာအတွင်း၌ ရှရန်သည် ထိုသူ၏ ဘဝတစ်ခုလုံးကို တိတ်တဆိတ် စောင့်ကြည့်ကာ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ဖူးသည်။ ယင်ယန်နယ်ပယ်ကြားသို့ မတော်တဆ ရောက်ရှိလာသော ခရီးသည်များနှင့် မတူဘဲ လုဇန်သည် နဂါးချိတ်ပိတ်ရွာတွင် မွေးဖွားလာသူဖြစ်ပြီး မွေးရာပါ ပုံပျက်နေကာ အားနည်းပြီး အူကြောင်ကြောင်နိုင်လှသည်။ သူသည် အလွန်ငယ်ရွယ်စဉ်ကတည်းကပင် သူ၏အနက်ရှိုင်းဆုံးနေရာ၌ ဒေါသနှင့်ဆိုးယုတ်မှုများ တောက်လောင်နေခဲ့ခြင်း ဖြစ်သည်။
ရွာအတွင်းရှိ ကလေးငယ်များသည် အသက်ငါးနှစ်အရွယ်တွင် ဘဝသက်တမ်း သတ်မှတ်ခြင်း ခံကြရသည်။ လူကြီးများက ကလေးတစ်ဦး၏ လက္ခဏာလမ်းကြောင်းများမှတစ်ဆင့် သူတို့၏ မွေးရာပါသက်တမ်းကို မြင်တွေ့နိုင်ကြသည်။ သက်တမ်းတိုသူများသည် ကျေးရွာ၏ အရင်းအမြစ်များကို ဖြုန်းတီးခြင်းမရှိစေရန်အတွက် နဂါးချိတ်ပိတ်ရွာ၏ ဖုန်းရွှေအတွက် ယဇ်ပူဇော်ခံကြရသည်။ သက်တမ်းရှည်သူများသည် အသက် ၁၀ နှစ်အရွယ်တွင် အချို့သော ‘နတ်ဘုရားသဖွယ် ဖြစ်တည်မှုများ’ နှင့် ကိုက်ညီမှု ရှိမရှိ သိရှိနိုင်ရန်အတွက် ဓလေ့ထုံးတမ်းတစ်ခုကို ဖြတ်သန်းကြရပြီး ၎င်းတို့ကို ကြိုဆိုသည့် စီတန်းလှည့်လည်ပွဲများတွင် ပါဝင်ကြရသည်။ အသက် ၁၈ နှစ်သို့ ရောက်ရှိချိန်တွင်မူ လူကြီးမိဘများက သူတို့ကို သရဲတက်တူးဆွဲရန် အခွင့်အရေး ပေးကြလိမ့်မည် ဖြစ်သည်။ သူတို့သည် သူတို့၏ ဘိုးဘေးများ၏ နာမည်ပြားများကို မြေအောက်သို့ ယူဆောင်သွားကာ နိမိတ်ဆိုးများ၏ ရုပ်ပုံများကို ကူးယူ၍ မိမိတို့၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးထိုးကြရသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သရဲတစ်ကောင်၏ အသွင်ကို ဆယ်ပုံသုံးပုံခန့်တူအောင် ဆွဲနိုင်ခဲ့မည်ဆိုပါက သူတို့သည် ကျေးရွာမှ ထွက်ခွာခွင့်ရရှိကြပြီး ယင်နှင့်ယန် နယ်ပယ်ကြားရှိ အခြားနေရာများဆီသို့ သွားရောက်နိုင်ကြသလို သို့မဟုတ် အဆုံးမဲ့လူသားလောကအတွင်းသို့ ဝင်ရောက်နိုင်ကြသည်။ လုဇန်သည် မူလက သက်တမ်းတိုရန် ကံပါလာခဲ့သဖြင့် အသက်သုံးနှစ်ထက် ပို၍ အသက်မရှင်နိုင်ခဲ့ချေ။ သူ့မိဘများသည် သူတို့၏ အသက်များကို စတေး၍ လုဇန်အား ယင်သားရဲတစ်ကောင်အဖြစ် ရှင်သန်ခွင့် ရရှိစေရန် လဲလှယ်ပေးခဲ့ကြသည်။ မုန်းတီးမှုများဖြင့် ကြီးပြင်းလာရပြီးနောက် သူသည် အခြားကလေးများနှင့်အတူ ဘိုးဘေးခန်းမခန်းအတွင်းသို့ ဝင်ရောက်ကာ ဘိုးဘေးနာမည်ပြားများကို ရွေးချယ်ခဲ့ကြသည်။ အခြားကလေးများက မိမိတို့၏ ကိုယ်ပိုင်ဘိုးဘေးများကို ရွေးချယ်ခဲ့ကြစဉ် လုဇန်ကမူ ပူဇော်စားပွဲ၏ အောက်ခြေတွင် မြုပ်နှံထားသော အက်ကွဲနေသည့် နာမည်ပြားတစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုလုမိသားစုဝင်သည် ကံကြမ္မာကို လုယူရန်အတွက် အဆုံးမဲ့လူသားလောကအတွင်းရှိ လူများစွာကို သတ်ဖြတ်ခဲ့ပြီး သူမ၏ ညီမအရင်းကိုပင် ချန်မထားခဲ့ဘဲ နောက်ဆုံး၌ ကျေးရွာအတွက် ကြီးမားသော ဘေးဒုက္ခများကို ဆောင်ကြဉ်းလာခဲ့တော့သည်။ သူသည် အသက်ရှင်နေသေးသော်လည်း ရွာရှိလူကြီးများက သူ့အား ကွပ်မျက်ခဲ့ကြပြီး နဂါးချိတ်ပိတ်ကျေးရွာအတွင်းရှိ သူ၏ ခြေရာလက်ရာ အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြကာ သူ၏ ဘိုးဘေးနာမည်ပြားကိုလည်း ကိုယ်တိုင် ရိုက်ခွဲပစ်ခဲ့ကြသည်။ မြေအောက်သို့သွားခဲ့ကြသော ရွာသားများထဲတွင် လုဇန်တစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ သူသည် ဆယ်ပုံကိုးပုံခန့်တူသော သရဲရုပ်ပုံကို ဆွဲနိုင်ခဲ့ပြီး ယင်နှင့်ယန် နယ်ပယ်နှင့် လုံးဝကွဲပြားခြားနားပြီး ကောင်းခြင်းဆိုးခြင်းတို့၏ အရိပ်အောက်တွင် ဖုံးလွှမ်းနေသော လူသားကမ္ဘာအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့တော့သည်။
လုဇန်သည် လူသားတို့၏ အသက်များအပေါ် မည်သည့် လေးစားမှုမှ မရှိချေ။ အရာအားလုံးမှာ အသုံးချစရာ ကိရိယာမျှသာ ဖြစ်သည်။ သူ့တွင် ကောင်းခြင်း သို့မဟုတ် ဆိုးခြင်းဟူသော အယူအဆ မရှိချေ။ ဘဝကံကြမ္မာကို ပြောင်းလဲရန် သူ၏ ပထမဆုံးသော ကြိုးစားမှုကို ပြီးမြောက်စေရန်အတွက် သူ့အား ခေါ်ယူကျွေးမွေးခဲ့သော မိသားစုကို သတ်ဖြတ်၍ ကံကြမ္မာရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်ခဲ့လေသည်။ ပိုမိုကောင်းမွန်သော ကံကြမ္မာတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက်တွင်မူ ထိုသူအား မိမိကို စွဲလမ်းချစ်ခင်လာစေရန် နည်းလမ်းမျိုးစုံပြုလုပ်ခဲ့ပြီး နောက်ဆုံး၌ မိမိ၏ အိမ်ထဲတွင် ပိတ်လှောင်ကာ ကံကြမ္မာပြောင်းလဲမည့် နည်းလမ်းမျိုးစုံကို စမ်းသပ်ရန်အတွက် အတင်းအကြပ် ပူးပေါင်းဆောင်ရွက်စေခဲ့သည်။
လုဇန်သည် ဤကဲ့သို့သောအရာများကို အလွန်များပြားစွာ ပြုလုပ်ခဲ့ဖူးသည်။ သူ မည်မျှကြာအောင် တည်ရှိနေခဲ့သည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး သူသည် ဘဝကံကြမ္မာ မည်မျှကို ပိုင်ဆိုင်ထားခဲ့သည် သို့မဟုတ် နှလုံးသား မည်မျှကို လဲလှယ်ခဲ့ဖူးသည်ကို မည်သူမျှ မသိရှိကြချေ။
ထိုရက်စက်ကြမ်းကြုတ်လှသောလူသည် မည်သည့်အရာကိုမဆို စွန့်ပစ်နိုင်စွမ်း ရှိသည်။ သူ့တွင် မည်သည့် စည်းမျဉ်းမျှ မရှိသလို၊ မည်သည့်အားနည်းချက်မျှလည်း မရှိချေ။ မျှော်လင့်ချက်ကို မယုံကြည်သလို မျှော်လင့်ချက်မဲ့မှုများကိုလည်း တမင်တကာ လိုက်လံရှာဖွေနေခြင်း မရှိချေ။
သူ၏ အကြီးမားဆုံးသော ရည်မှန်းချက်မှာ လူတစ်ဦးပေါ်ရှိ ကံကြမ္မာကြိုးမျှင်အားလုံးကို ဖြတ်တောက်၍ ကံကြမ္မာ၏ ထိန်းချုပ်မှုအောက်မှ လုံးဝလွတ်မြောက်သွားရန် ဖြစ်သည်။ အတွင်းကမ္ဘာသို့ ဝင်ရောက်ခဲ့ကြသော ကောင်းမင်၊ စီတုအန်းနှင့် အခြားသူများအားလုံးမှာ သူ၏ ‘လက်ရာမွန်’ များပင် ဖြစ်ကြတော့သည်။
“ငါ စိတ်ဖောက်ပြန်မှုကမ္ဘာထဲကို ပထမဆုံးအကြိမ် ဝင်ခဲ့တုန်းက လုဇန်ရဲ့ ရုပ်ရည်က ပြီးပြည့်စုံလုနီးပါးဖြစ်တဲ့ ကလေးတစ်ယောက်ရဲ့ ပုံစံမျိုးပဲ... ဘာဖြစ်လို့လဲဆိုတော့ သူက စိတ်ဖောက်ပြန်မှုနဲ့ တစ်ခါမှမထိတွေ့ဖူးဘဲ အဆုံးမဲ့လူသားလောကနဲ့ ဝေးနေခဲ့လို့ အချိန်ခဏကြာပြီးနောက်မှာ ရူးသွပ်သွားခဲ့ပြီး သူ့အတိတ်တွေကို မေ့လျော့သွားခဲ့လို့ပဲ... အခုဆို ဒါက သူ့အပေါ် စိတ်ဖောက်ပြန်မှုကို ဒုတိယအကြိမ် အသုံးတာပဲ... သူ့ရဲ့ စရိုက်အတိုင်းဆိုရင် သူ သေချာပေါက် သတိထားနေလိမ့်မယ်... ဒီတစ်ကြိမ်မှာ သူ ဘယ်လိုပုံစံမျိုး ရှိနေမလဲဆိုတာ ငါသိချင်မိတယ်...”
ရှရန်၏ အရေပြားမှ သွေးများမှာ ခြောက်သွေ့သွားပြီ ဖြစ်သည်။ ရူးသွပ်မှုစည်းမျဉ်းများ၏ အဆက်မပြတ် လှုံ့ဆော်မှုအောက်တွင် အရေပြားပေါ်ရှိ လုဇန်၏ မျက်နှာမှာ စတင်၍ ပုံပျက်ပန်းပျက် ဖြစ်လာလေသည်။ ၎င်းမှာ မျက်နှာတစ်ခုတည်းသာ ဝါးနေသည့် ဓာတ်ပုံတစ်ပုံနှင့် တူလှပေသည်။ တစ်ချိန်တည်းမှာပင် မြို့တော်၏ ဒေသတစ်ခုသည်လည်း စွမ်းအားတစ်ခုခုက စိတ်ဖောက်ပြန်မှု၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ကာ သူ့အသိစိတ်များကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည့်အလား စတင်၍ အစစ်အမှန်မဟုတ်သကဲ့သို့ ဖြစ်လာတော့သည်။ ၎င်းကို အာရုံခံမိလိုက်သဖြင့် ကောင်းမင်သည် လူသားအရေပြားကို ချက်ချင်းသိမ်းဆည်းလိုက်ပြီး ထိုလမ်းကြောင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။ သူ၏ ဆင်ခြင်တုံတရားမှာလည်း ဖြည်းညင်းစွာဖြင့်နှင့် လျော့ကျပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် သူကိုယ်တိုင် မရူးသွပ်သွားမီ လုဇန်နှင့် စီတုအန်းတို့၏ ဝိညာဉ်များကို ခြေမွပစ်လိုပြီး သူတို့အတွက် ပြန်လည်ရှင်သန်နိုင်မည့် မည်သည့်အခွင့်အရေးမျှ ချန်မထားလိုချေ။
ဆေးရုံလူနာဆောင်အတွင်း၌ သွေးများဖုံးလွှမ်းနေသော ဆရာရှသည် ပြတင်းပေါက်ဘေးတွင် ရပ်နေပြီး သူ့ကိုယ်သူ ပြန်လည်ပွေ့ဖက်ထားသော်လည်း သူ့အကြည့်များကမူ အဝေးသို့ ပြေးလွှားသွားနေသော ကောင်းမင်နှင့် တဖြည်းဖြည်း ဝေဝါးလာနေသော အဆောက်အအုံများဆီသို့ စိုက်ကြည့်နေလေသည်။
“တစ်ယောက်က ကမ္ဘာကြီးတစ်ခုလုံးကို ပုပ်သိုးပျက်စီးအောင် လုပ်ဆောင်နေပြီး... နောက်တစ်ယောက်ကတော့ ကမ္ဘာကြီးတစ်ခုလုံးကို ရူးသွပ်သွားအောင် လုပ်ဆောင်နေတာပဲ... ဘယ်သူက မိစ္ဆာအစစ်ဖြစ်တယ်ဆိုတာတော့ ဆုံးဖြတ်ရခက်သား...”
ရှရန်သည် သူ့ဒဏ်ရာအတွင်းသို့ လက်လှမ်း၍ အရေပြားအလွှာများကို ကြမ်းကြမ်းတမ်းတမ်း ဆုတ်ဖြဲပစ်လိုက်ပြန်သည်။ အနက်ရှိုင်းဆုံးသော အရေပြားအလွှာပေါ်တွင်မူ ရေးဆွဲထားသော ကောင်းမင်၏ နာမည်များဖြင့်သာ လုံးဝ ပြည့်နှက်နေလေသည်။