အခန်း ၉၂၈
Vol. 66 Ch. 928
အပိုင်း (၉၂၈) ရှုထောင့်
နောက်ဆုံးတစ်ကြိမ် တစ်ယောက်နှင့် ရှစ်ယောက် ထိပ်တိုက်တွေ့ခဲ့စဉ်ကမူ ကောင်းမင်သည် အချိန်ဆွဲရန်အတွက်သာ စဉ်းစားခဲ့ပြီး သူ့စွမ်းအားများကို တည်ဆောက်ရန် ဆယ်စုနှစ်ချီ၍ အချိန်ပေးရန်ပင် ဝန်မလေးခဲ့ချေ။ ယခုတစ်ကြိမ်တွင်မူ တစ်ယောက်ချင်းစီ ရင်ဆိုင်ရခြင်းဖြစ်ကာ သူ့မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီဖြစ်သလို သူ့နှလုံးသားထဲတွင်လည်း ပေါက်ကွဲထွက်လာရန် စောင့်ဆိုင်းနေသည့် နာကျင်မှုများဖြင့် ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။
ဖြည်းညင်းစွာ ဝေဝါးလာနေသော အဆောက်အဦးဆီသို့ ကောင်းမင် ရောက်ရှိလာချိန်၌ အရာအားလုံး ပုံမှန်ပြန်နေပြီး လူအများက အဆက်မပြတ်ဝင်ထွက်နေကြဆဲ ဖြစ်သည်။ စီတုအန်းနှင့် လုဇန်တို့၏ ခြေရာလက်ရာများကို လုံးဝရှာမတွေ့ချေ။
အကယ်၍ အချိန်အနည်းငယ်... နှစ်ပတ် သို့မဟုတ် သုံးပတ်လောက် အချိန်ရမည်ဆိုပါက ကောင်းမင်သည် စီတုအန်းကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသော်လည်း ကံကြမ္မာသစ်ပင်က သူ့အား ထိုအခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။ ကံကြမ္မာက သူ့အား လုဇန်ပုန်းအောင်းနေသည့် လူသားကမ္ဘာဆီသို့ ရည်ရွယ်ချက်ရှိရှိ လမ်းပြခေါ်ဆောင်လာခဲ့ခြင်းသည် စီတုအန်းကို ကြားခံအဖြစ် အသုံးပြု၍ ကောင်းမင်၏ကံကြမ္မာကို ပြန်လည်ချိတ်ဆက်ရန်နှင့် ကောင်းမင်၏ နာမည်အစစ်ကို ရှာဖွေရန်အတွက်သာ ဖြစ်သည်။
“ဒီကောင် အဝေးကြီး မပြေးနိုင်လောက်ဘူး... ဒီနားတင် ရှိရမယ်...”
လူသားအရေပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ကောင်းမင် စည်ကားလှသော ရှင်းလုလမ်းမထက်တွင် မတ်မတ်ရပ်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အရူးမျိုးစုံမှာ အသွားအလာ ပြုလုပ်နေကြပြီး ရံဖန်ရံခါတွင်မူ ယာဉ်များတိုက်မိကာ ပေါက်ကွဲသွားသံများ ထွက်ပေါ်နေလေသည်။
“စိတ်ဖောက်ပြန်မှုက ဆက်ပြီး ကြီးထွားနေတုန်းပဲ... ဒါက လုဇန်ကို ပုန်းဖို့ အခွင့်အရေးပေးနေသလို ဖြစ်နေတာ... သူက ငါ့ရဲ့ နေ့ရက်တွေ ရေတွက်ခံနေရပြီဆိုတာ မြင်လို့ ငါနဲ့ ထိပ်တိုက်ရင်မဆိုင်ချင်တာပဲ...”
ကောင်းမင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးမှုများကို ဓားကဲ့သို့သော သူ့လက်ချောင်းများဖြင့် ပွတ်သပ်ထိတွေ့လိုက်သည်။
“စိတ်ဖောက်ပြန်မှုက အရင်ကထက် ပိုစွမ်းအားကြီးလာသလို ပိုပြီးတော့လည်း ကမောက်ကမ ဖြစ်လာတာကို ငါခံစားမိနေတယ်... စိတ်ဖောက်ပြန်မှုရဲ့ အရှင်သခင်ဖြစ်တဲ့ ငါကိုယ်တိုင်တောင် ဒါက ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲသွားမလဲ မသိဘူး... ငါ ဒီစွမ်းအားကို အမြဲတမ်းကြောက်ရွံ့ခဲ့ပြီး ငါကိုယ်တိုင်အသိစိတ်ရှိနေရမယ်လို့ပဲ အမြဲတွေးနေခဲ့မိလို့ ဒါကို ဘယ်တော့မှ အပြည့်အဝ လက်မခံခဲ့ဖူးဘူး...”
ကောင်းမင်သည် သူကိုယ်သူ စကားပြောနေသည့်အလား ထင်မှတ်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများသည် ရပ်တန့်လျက် ပုံမှန်လူသားများက အရူးတစ်ယောက်ကို စိုက်ကြည့်နေကြသကဲ့သို့ သူ့အား လှမ်းကြည့်လိုက်ကြသည်။ နောက်ဆုံးတစ်ချက် ထိတွေ့လိုက်ပြီးနောက် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဟန်ဟိုင်းသွေးမြို့တော်၏ သရဲတက်တူးများမှာ ကြေမွပျက်စီးသွားပြီး စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်း၌ ပြန်လည်စုစည်းသွားကြလေသည်။ သူသည် အိပ်မက်နှင့်ရူးသွပ်မှုဟူသော စည်းမျဉ်းနှစ်ခုလုံးကို သူ့ခန္ဓာကိုယ်ပေါ်၌ တံဆိပ်ခတ်နှိပ်လိုက်တော့သည်။
အတွင်းကမ္ဘာမှ လူများသည် ဟန်ဟိုင်းက အိပ်မက်စည်းမျဉ်းများကို ထိန်းချုပ်ထားသည်ဟုသာ သိရှိကြသည်။ အမှန်တကယ်တွင် ရူးသွပ်မှုစည်းမျဉ်းများသည်လည်း ဟန်ဟိုင်းနှင့်သာ သက်ဆိုင်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ၎င်းကို မသိထိုက်သူသစ္စာဖောက်တစ်ဦးက လုယူသွားခဲ့ခြင်း ဖြစ်သည်။ ကောင်းမင်သည် ထိုမသိထိုက်သူအဆင့် ဖြစ်တည်မှုမှာ မည်သူဖြစ်ကြောင်း မမှတ်မိတော့သလို သိလည်း မသိချင်တော့ပေ။ သူလုပ်ချင်သည့်အရာမှာ စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်း၌ ထာဝရ နေထိုင်တော့ရမည့် အန္တရာယ်ဖြင့် စွန့်စား၍ ဟန်ဟိုင်းသရဲတက်တူးကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန်နှင့် ဟန်ဟိုင်းသွေးမြို့တော် သရဲတက်တူးကို ပြန်လည်တည်ဆောက်ရန်သာ ဖြစ်သည်။
“လုဇန်... မင်းသာ အရင်အတွေ့အကြုံတွေကို သုံးပြီး စိတ်ဖောက်ပြန်မှုကမ္ဘာကို ရင်ဆိုင်ဖို့ ကြိုးစားမယ်ဆိုရင်တော့... မင်း ဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ်...”
သူ၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းရန် ထပ်မကြိုးစားတော့သလို စိတ်ဖောက်ပြန်မှုကမ္ဘာကိုလည်း မငြင်းပယ်တော့ဘဲ ကောင်းမင်သည် ပုံမှန်ဖြစ်ခြင်းနှင့် ရူးသွပ်ခြင်းကြားမှ စည်းကို ကိုယ်တိုင် ရိုက်ချိုးပစ်လိုက်တော့သည်။ သူသည် သူ့ကိုယ်သူ ဤနံစော်ပုတ်သိုးနေကာ လုံးဝရူးသွပ်နေပြီဖြစ်သော လူသားကမ္ဘာအတွင်းသို့ တစ်သားတည်း ပေါင်းစပ်ပစ်ချင်နေခဲ့သည်။
မပြောသင့်သူအဆင့်တွင်သာ မြင်တွေ့နိုင်သည့် စည်းမျဉ်းကြိုးမျှင်များသည် ဆက်လက်၍ အသွင်ပြောင်းလာကြပြီး သူ့ခြေဖဝါးအောက်ရှိ မြို့တော်ကြီးအတွင်းသို့ ရိုက်ခတ်ဝင်ရောက်သွားခဲ့သလို လူတိုင်း၏ နှလုံးသားအတွင်းသို့လည်း ထိုးဖောက်ဝင်ရောက်သွားကြသည်။ မိနစ်အနည်းငယ်အတွင်းတွင် မြို့တော်ကြီးနှင့် လမ်းသွားလမ်းလာများအားလုံးသည် လုံးဝပြောင်းလဲသွားကြတော့သည်။
သူ ပထမဆုံးအကြိမ် စိတ်ဖောက်ပြန်မှုကို စမ်းသပ်ခဲ့စဉ်ကမူ မသိထိုက်သူရှစ်ပါးသည် ကောင်းမင်ကို တားဆီးရန်အတွက် သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းများကို အသုံးပြုခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ လုဇန်သည် ပုန်းအောင်းရန်သာ စဉ်းစားနေခြင်းဖြစ်သည်။ စိတ်ဖောက်ပြန်မှုကမ္ဘာ၏ ချဲ့ထွင်လာမှုကို ဘယ်သူမှ မတားဆီးနိုင်တော့ချေ။
ဆင်ခြင်တုံတရားဆိုသည်မှာ ပွင့်လန်းနေသည့် ဝိညာဉ်တစ်ခု၏ ပုံသဏ္ဌာန်၊ ဘဝတစ်ခုစာ မှတ်ဉာဏ်များပြည့်နှက်နေသော ကြည်လင်နေသည့် ဖန်အိုးတစ်လုံးနှင့် တူပေသည်။ ယခုအခါ ကောင်းမင်သည် သူ၏ဆင်ခြင်တုံတရားကို ရိုက်ချိုးပစ်လိုက်ပြီဖြစ်ရာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ဖန်ကွဲစများထက်၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာကြီးသာ ထင်ဟပ်နေတော့သည်။ စိတ်ဖောက်ပြန်မှု၏ ရူးသွပ်မှုမှာ ရည်ရွယ်ချက်ရှိရှိ အရှိန်မြှင့်ခံလိုက်ရသဖြင့် လုဇန်အတွက် လုံးဝ ပြင်ဆင်ရန်အချိန် မရှိတော့ချေ။
ထိုကောင်တွင် လှည့်ကွက်များစွာ ရှိသည်ကို သူသိသဖြင့် စတင်ကတည်းက စိတ်ဖောက်ပြန်မှုကို အသုံးပြု၍ သူ့အား သူ့ကိုယ်ပိုင်နယ်မြေအတွင်းသို့ ဆွဲသွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ထိုကောင်သည် စိတ်ဖောက်ပြန်မှု ဆန့်ကျင်ရန် အချို့ပြင်ဆင်မှုများကို ပြုလုပ်ထားနိုင်သည်ကိုလည်း သူသိသဖြင့် သူ့ဆင်ခြင်တုံတရား အားလုံးကို ခြွေမွပစ်ရပါစေဦးတော့... လုဇန်ကို အတတ်နိုင်ဆုံးနှင့် အလျင်မြန်ဆုံး ရူးသွပ်သွားအောင် ပြုလုပ်ချင်နေခြင်း ဖြစ်သည်။မြို့တော်ကြီးမှာ ပုံပျက်ပန်းပျက် ဖြစ်လာပြီး၊ လမ်းမများလည်း ကောက်ကွေ့လာကာ၊ လမ်းသွားလမ်းလာများသည်ပင် လူသားများနှင့် လုံးဝမတူတော့ဘဲ တဖြည်းဖြည်း ပြောင်းလဲလာကြတော့သည်။
ကောင်းမင်၏ ကိုယ်ခန္ဓာမှာလည်း စတင်ချို့ယွင်းလာလေသည်။ သူသည် သူ့နှလုံးသားအတွင်းမှ ဖောက်ထွက်ရန် ကြိုးစားနေသည့် သူ့ကိုယ်တွင်းအင်္ဂါများကို အဆက်မပြတ် ဆုတ်ဖြဲနေသည့် သူ့ဗားရှင်းအမျိုးမျိုးကို ခံစားနေရသည်။ သူ့ဦးခေါင်းထဲတွင်လည်း အလွန်ပြင်းထန်စွာ ကိုက်ခဲလာခဲ့သည်။ သူ၏ အတိတ်မှတ်ဉာဏ်များကလည်း လျင်မြန်စွာ ပျောက်ကွယ်လျက်ရှိရာ ဤဖရိုဖရဲဖြစ်မှုများကြားတွင် မီးရှူးတိုင်တစ်ခုကဲ့သို့ မြင့်မားစွာ မြှောက်တင်ထားသည့် အတွေးတစ်ခုသာ ကျန်ရစ်တော့သည်။ ထိုအတွေးမှာ စီတုအန်းနှင့် လုဇန်တို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်ရန်ပင် ဖြစ်လေသည်။
သူ့အသိစိတ်မှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ဆုတ်ဖြဲခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ကောင်းမင်သည် ဤနေရာသို့ ရောက်ရှိလာရန် သူ့ကိုယ်ပိုင်အလောင်းများကို နင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်မှုကမ္ဘာ၏ ခြောက်ခြားဖွယ်ရာများကို လုံးဝဥဿုံ ထုတ်လွှတ်လိုက်ပြီးနောက် ထိုအလောင်းများသည် ပြန်လည်အသက်ဝင်လာကြသည့်အလား ထင်မှတ်ရသည်။ ကောင်းမင်သည် မရေမတွက်နိုင်သော ကိုယ်ပိုင်စရိုက်အမျိုးမျိုး ရှိနေသည့် စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်လာပြီ ဖြစ်သည်။ သူ မြင်တွေ့ရသမျှ ကမ္ဘာကြီးတစ်ခုလုံးတွင် သေဆုံးခဲ့ဖူးသော သူ့ကိုယ်ပိုင်ဗားရှင်းများ ပြည့်နှက်နေပြီး သူ့နားထဲတွင်လည်း မရေမတွက်နိုင်သော အသံများဖြင့် ဆူညံနေတော့သည်။
“မဆူကြနဲ့တော့၊ မဆူကြနဲ့တော့၊ စီတုအန်းနဲ့ လုဇန်ကို အရင်ဆုံးသတ်ပစ်ကြ၊ သူတို့ကို မဖြစ်ဖြစ်အောင် သတ်ပစ်ရမယ်”
စိတ်ဖောက်ပြန်မှု၏ လွှမ်းမိုးမှုမှာ ရုတ်တရက်ထိုးတက်လာလေသည်။ စီတုအန်းနှင့် လုဇန်တို့သည် သူတို့၏ အားနည်းချက်များကို ပြတ်သားစွာ ထုတ်ဖော်လာကြရသည်။ ညှဉ်းပန်းနှိပ်စက်ခန်းအတွင်းရှိ နှိပ်စက်ကိရိယာများ၏ အငွေ့အသက်များသည် မြို့တော်၏ တစ်စုံတစ်ခုသော လမ်းကြောင်းဆီမှ ထွက်ပေါ်လာလေသည်။
“ညှဉ်းပန်းနှိပ်စက်ခန်းထဲမှာ ပိတ်လှောင်ခံရဖူးတဲ့ ဘယ်သူမဆို အဲဒီအငွေ့အသက်တွေ စွန်းထင်နေမှာပဲ... မင်းကို ရှာတွေ့ပြီ... စီတုအန်း”
ကောင်းမင် မြှားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။ သူ ထွက်သွားပြီးမကြာမီ၌ ရှရန်သည် နံပါတ် ၂၏ ဝှီးချဲကို တွန်းလျက် ထွက်ပေါ်လာလေသည်။
ဝှီးချဲပေါ်ထိုင်နေသော နံပါတ် ၂ သည် ကောင်းမင်ပေးအပ်ခဲ့သော အရေပြားစဖြင့် သူ့မျက်လုံးများကို ဖုံးအုပ်ထားခဲ့သည်။ သူသည် လုံးဝကွဲပြားသော ကမ္ဘာကြီးတစ်ခုကို မြင်တွေ့လိုက်ရပြီး ၎င်းမှာ စိတ်ဖောက်ပြန်မှု၏ ပြင်ပရှိ အစစ်အမှန်လူသားကမ္ဘာကြီး ဖြစ်ပုံရသည်။
နံပါတ် ၂ ၏ အမြင်တွင် ကောင်းမင်သည် မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော သရဲနတ်ဘုရားနှင့် လုံးဝ တစ်သားတည်းပေါင်းစပ်သွားပြီဖြစ်သည်။ သူ၏ အသွေးအသားများသည် အထိန်းအကွပ်မဲ့စွာ ကြီးထွားလာနေပြီး ဖုန်းရွှေအစီအရင်အတိုင်း တည်ဆောက်ထားသော ဧရာမမြို့တော်ကြီးကို အရူးအမူး တိုက်ခိုက်ဖျက်ဆီးနေခဲ့သည်။
“ဖေဖေက ပုံမှန်တက်တူးတွေပါတဲ့ အရေပြားကို ငါ့အတွက် ချန်ထားခဲ့တာပဲ... ဒါက သူနောက်ဆုံး ချန်ထားခဲ့တဲ့ ဆင်ခြင်တုံတရားလေးပဲ...”
“ဟုတ်တယ်... သူက မင်းကို သူ့ရဲ့တစ်ခုတည်းသော ကျောက်ဆူးအဖြစ် သုံးခဲ့တာ... မင်းမရူးသွပ်သွားသရွေ့... သူ့မှာ သူ့ကိုယ်သူ ပြန်ရှာတွေ့နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်...”
ရှရန်၏ ပါးပြင်များက အက်ကွဲလာပြီး သွေးစက်များသည် နံပါတ် ၂ ၏ ဝှီးချဲပေါ်သို့ တစက်စက် စီးကျလာလေသည်။
“သူက မင်းကို လက်ဆောင်တစ်ခု ပေးခဲ့တာ... ဒါပေမဲ့ တကယ်တော့ မင်းကသာ နတ်ဘုရားက သူ့ကို ပေးခဲ့တဲ့ လက်ဆောင်ဖြစ်နေတာပါ...”
“သူ့ကို ကူညီပေးနိုင်တဲ့လူတွေက အရမ်းနည်းလွန်းတယ်...”
သူ့အရေပြားပေါ်ရှိ သရဲတက်တူးများသည် နံပါတ် ၂ ၏ မျက်လုံးများအနီးသို့ ဖြည်းညင်းစွာ ကြီးထွားလာလေသည်။ ကောင်လေးသည် ကိစ္စများစွာကို ပိုမိုမှတ်မိလာပြီ ဖြစ်ရာ သူ့အမူအရာမှာလည်း တဖြည်းဖြည်း ပိုမိုလေးနက်လာခဲ့သည်။ သူ့ရှုထောင့်မှကြည့်လျှင် ပုပ်ပွနေသော လူသားကမ္ဘာသစ်ရွက်တစ်ခုလုံးမှာ အတွင်းဘက်သို့ လိပ်ဝင်နေခြင်းဖြစ်သည်။ လုဇန်သည် ဤနေရာတွင် ‘နတ်ဘုရား’ ‘အလောင်း’ များကိုပင် မြှုပ်နှံထားခဲ့ခြင်းဖြစ်ပြီး သူ့နည်းလမ်းများမှာ အလွန်အမင်း ရူးသွပ်လှသည်။
“အတွင်းကမ္ဘာက သေခြင်းတရားကို ကျင့်ကြံတာဖြစ်ပြီး အဆုံးမဲ့လူသားလောကကတော့ ရှင်သန်ခြင်းကို ကျင့်ကြံတာပဲ... ဒါပေမဲ့ ဘာဖြစ်လို့ ရှင်သန်ခြင်းက သေခြင်းတရားထက် ပိုရက်စက်ကြမ်းကြုတ်တယ်လို့ ခံစားနေရတာလဲ...”
ဆရာရှသည် ကောင်းမင်၏ ‘လက်ဆောင်’ ကို မရခဲ့သဖြင့် နံပါတ် ၂ မြင်တွေ့နေရသော ရှုထောင့်ကို မမြင်နိုင်ချေ။ သူသည် နံပါတ် ၂ ကို တွန်း၍ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာပြီး ကောင်းမင်တစ်ယောက် စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်း၌ အရူးအမူးပြေးလွှားရင်း တစ်ခုတည်းသော ငါးပြတိုက်ကြီး၏ တံခါးအား ရိုက်ချိုးပစ်လိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။
“စီတုအန်း”
သူမှတ်ဉာဏ်များက ပို၍ ပို၍ မြန်ဆန်စွာ ပျောက်ကွယ်လျက် ရှိနေ၏။ ကောင်းမင်သည် အမြင့်ဆုံးအမြန်နူန်းဖြင့် ချဉ်းကပ်သွားရင်း ငါးပြတိုက်အတွင်းရှိ ဧရာမငါးကန်ကြီးကို စိုက်ကြည့်လိုက်သည်။ သန္ဓေပြောင်းနေသော ထိုကန်ကြီးအတွင်း၌ နောက်ကျိညစ်ညမ်းနေသော အမည်မသိအရာများဖြင့် ပြည့်နှက်နေကာ ရံဖန်ရံခါတွင်မူ ဧရာမမျက်လုံးကြီးများ ထွက်ပေါ်လာလေ့ရှိသည်။
ငါးပြတိုက်ဆိုသည်မှာ လှပပြီး ရိုမန်တစ်ဆန်သော နေရာတစ်ခု ဖြစ်သင့်သော်လည်း ဤဧရာမ ကန်ကြီးအတွင်း၌မူ သန္ဓေပြောင်းငါးသေကောင်များဖြင့် ပြည့်နှက်နေပြီး လုဇန်ဖျက်ဆီးထားခဲ့သော လူသားကမ္ဘာကြီးတစ်ခုကဲ့သို့ပင် ပြင်းထန်သောအနံ့ဆိုးများ ထွက်ပေါ်နေခဲ့သည်။
မြင်နိုင်သောအရာနှင့် မမြင်နိုင်သောအရာများသည် အမြဲတမ်း ရောပြွမ်းယှက်နွယ်နေလေ့ရှိသည်။ လုဇန်သည် ရေကို နောက်ကျိအောင် ပြုလုပ်ပစ်လိုက်ခြင်းဖြင့် ထွင်းဖောက်မြင်ရသော ဖန်သားပြင်၏ အခြားတစ်ဖက်မှ မိမိအား စိုက်ကြည့်နေမည့် အကြည့်များကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့သော်လည်း... သူ အလောင်းများကို မည်မျှ ဖန်တီးခဲ့ပါစေဦးတော့... သူတို့သည် ကန်အတွင်းရှိ ငါးမျှသာ ဖြစ်နေကြဆဲဖြစ်သည်။
မည်သည့်ကြောက်ရွံ့မှုမျှ မရှိဘဲ ကောင်းမင်သည် သူ့ဘေးရှိ ထူးဆန်းသော မျက်နှာလေးခု ရေငုပ်ဝတ်စုံကို လှမ်းယူ၍ ဝတ်ဆင်လိုက်ပြီး ထိုကန်ကြီးအတွင်းသို့ တိုက်ရိုက် ခုန်ဆင်းလိုက်တော့သည်။ အမှောင်ထုနှင့် အေးစိမ့်မှုများက သူ့အား လွှမ်းမိုးသွားခဲ့ပြီး အရပ်ရှစ်မျက်နှာမှ စိတ်ကူးမယဉ်နိုင်လောက်သော ဖိအားများ ထွက်ပေါ်လာလေသည်။ အကယ်၍ ထိုထူးဆန်းသော ရေငုပ်ဝတ်စုံ၏ အကာအကွယ်သာ မရှိခဲ့ပါက သူသည် ဒဏ်ရာရသွားပြီး ဖြစ်ပေလိမ့်မည်။
“အောက်မှာပဲ”
ယင်းသည် ငါးပြတိုက်တစ်ခုအတွင်းရှိ ကန်တစ်ကန်သာ ဖြစ်သော်လည်း ၎င်းတွင် အောက်ခြေမရှိသည့်အလား ထင်မှတ်ရပေသည်။ ကောင်းမင်သည် ညှဉ်းပန်းနှိပ်စက်ခန်း၏ အငွေ့အသက်များနောက်သို့ ဇွဲနဘဲကြီးစွာဖြင့် လိုက်လံရှာဖွေနေရင်း သူ့အား လာရောက်တိုက်ခိုက်နေသောအရာများမှာ ငါးများလော သို့မဟုတ် လူသားများလော ဟုတ်မဟုတ်ကိုပင် တဖြည်းဖြည်းနှင့် ခွဲခြားနိုင်စွမ်း ကင်းမဲ့လာရတော့သည်။