အခန်း ၉၂၉
Vol. 66 Ch. 929
အပိုင်း (၉၂၉) သေခြင်းနှင့်ရှင်ခြင်းကို ကျင့်ကြံခြင်း
ဆင်ခြင်တုံတရားသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်နေသော မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေပြီး မှန်ကွဲစတိုင်း၌ ကောင်းမင်၏မျက်နှာများ ထင်ဟပ်နေလေသည်။ သေဆုံးခဲ့ဖူးသော သူ့ကိုယ်ပိုင်ပုံစံအားလုံးသည် သူ့စိတ်ထဲတွင် အော်ဟစ်ဆူညံနေကြလေသည်။ သူသည် လုဇန်ကို ဆုတ်ဖြဲပစ်ချင်သည်၊ စီတုအန်းကို ဆုတ်ဖြဲပစ်ချင်သည်၊ သူ့ကိုယ်သူလည်း ဆုတ်ဖြဲပစ်ချင်နေခြင်းဖြစ်သည်။
၎င်းမှာ စိတ်ဖောက်ပြန်မှု၏ အသွင်ပြောင်းလဲခြင်းကို အညှာအတာမဲ့စွာဖြင့် အရှိန်မြင့်လိုက်ခြင်းဖြစ်ပြီး သူ့မှတ်ဉာဏ်အားလုံးသည်လည်း လောင်စာများ ဖြစ်လာကြတော့သည်။ လုဇန်ကိုယ်တိုင် သေဆုံးရမည်ဆိုလျှင်ပင် သွေးမြို့တော်သခင်အဆင့် ဖြစ်တည်မှုမျိုးရှိသော ကောင်းမင်သည် ဤကဲ့သို့ အသက်ပေး၍ တိုက်ခိုက်လိမ့်မည်ဟု တွေးမိလိမ့်မည် မဟုတ်ချေ။ မဟုတ်သေး ‘အသက်ပေး၍ တိုက်ခိုက်ခြင်း’ ဆိုသည့် စကားလုံးပင် သူ၏ ရူးသွပ်မှုကို ပြည့်စုံအောင် ဖော်ပြနိုင်ခြင်း မရှိချေ။
“မဆူကြနဲ့တော့၊ မဆူကြနဲ့တော့၊ မင်းတို့အားလုံးကို သတ်ခဲ့တာ သူပဲ၊ လူသတ်သမားက ရေနက်ထဲမှာပဲ”
ကောင်းမင်က ‘မင်းတို့အားလုံး’ ဟု ပြောလိုက်ချိန်တွင် သူ့စိတ်သည် လုံးဝကွဲအက်သွားပြီဖြစ်ကြောင်း ပြသနေခြင်းဖြစ်သည်။ သူ၏ အခြားကိုယ်ပွားဗားရှင်းများကို သူစိမ်းများအဖြစ်၊ ပုံမှန်မဟုတ်သောအရာများအဖြစ် စတင်မြင်တွေ့လာခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်အမင်း အန္တရာယ်များလေသည်။ သူသည် စိတ်ဖောက်ပြန်မှု၏ အရှင်သခင်ဖြစ်ပါသော်လည်း သူကိုယ်တိုင် စိတ်ဖောက်ပြန်မှုကမ္ဘာ၏ ဝါးမြိုခြင်းခံနေရပြီ ဖြစ်သည်။ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည်နှင့် စိတ်ဖောက်ပြန်မှုကမ္ဘာသည် အဆက်မပြတ်ချဲ့ထွင်လာမည့် ဧရာမကပ်ဘေးကြီးတစ်ခု ဖြစ်လာမည်ဖြစ်ရာ ၎င်းမှာ ကံကြမ္မာသစ်ပင်ပင် တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသော ဘေးဆိုးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
“မင်းတို့သေဆုံးခဲ့ရတဲ့ အကြိမ်တိုင်းက သူနဲ့ ဆက်စပ်နေတာပဲ၊ မင်းတို့ ငါ့ကို မတားဆီးသင့်ဘူး... ငါနဲ့အတူ လိုက်ခဲ့ကြရမယ်... ငါနဲ့အတူ လိုက်ပြီး သူ့ကို သတ်ပစ်ကြမယ်”
စိတ်များ ကစဉ့်ကလျားဖြစ်လာခြင်းသည် စိတ်ဖောက်ပြန်မှုများနှင့် အမြင်မှားမှုများကို ဖြစ်ပေါ်စေပြီး စိတ်ဖောက်ပြန်မှုကမ္ဘာသည်လည်း ရူးသွပ်မှုများနှင့် ကမောက်ကမဖြစ်မှုများကို ရုပ်လုံးပေါ်လာစေတော့သည်။ အကယ်၍ လူနာတစ်ဦးတွင် စရိုက်တစ်ခု သို့မဟုတ် နှစ်ခုမျှသာ ရှိနေမည်ဆိုပါက ၎င်းတို့ကို ဖျက်ပစ်ရန်အတွက် ကုသမှုခံယူရန် စဉ်းစားနိုင်ပါသေးသည်။
သို့သော်လည်း သတ်ဖြတ်ခံခဲ့ရသည့် နာကျင်မှုများနှင့် နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသော ကိုယ်ပိုင်စရိုက်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာချိန်တွင်မူ… ကုသခံရခြင်း၏ အဓိပ္ပာယ်က ဘာများ အဓိပ္ပါယ်ရှိနိုင်ပါတော့မည်နည်း။
ချုပ်တည်းမှုတွေကို စွန့်ပစ်လိုက်စမ်း၊ ဖျက်ဆီးမှုတွေကို ပွေ့ဖက်လိုက်စမ်း၊ အားလုံးအတူတူ ရူးသွပ်သွားပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်ကြစို့။
မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားရင်း ကောင်းမင်သည် ပုံမှန်လူသားတစ်ယောက်၏ အသွင်အပြင်ကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း သူ၏စိတ်အာရုံနှင့် နှလုံးသားမှာမူ လုံးဝပြိုလဲပျက်စီးသွားပြီ ဖြစ်သည်။ သူသည် စိတ်ဖောက်ပြန်မှုကမ္ဘာ၏ ခြောက်ခြားမှုကို အနည်းငယ်လျှော့တွက်မိခဲ့ခြင်းဖြစ်သည်။ ထိုစွမ်းရည်ကို ဘယ်သောအခါကမှ ထိန်းချုပ်မရနိုင်ပါချေ။ ကောင်းမင်သည် လုဇန်ကို သတ်ဖြတ်ရန်အတွက် ၎င်းအား အပြည့်စုံဆုံးအခြေအနေအထိ တိုက်ရိုက်လှုံ့ဆော်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း စိတ်ဖောက်ပြန်မှု၏ အရှင်သခင်ကိုယ်တိုင်ပင် ထိုသို့ဖြစ်သွားခဲ့ပြီဖြစ်ရာ လုဇန်နှင့် စီတုအန်းတို့မှာ သဘာဝကျစွာဖြင့် ပို၍ပင် ဒုက္ခရောက်နေကြတော့မည်။
ငါးပြတိုက်၏ အပြင်ဘက်တွင် ရှရန်သည် နံပါတ် ၂ ၏ ဝှီးချဲကိုတွန်း၍ အဝင်ဝသို့ ရောက်ရှိလာလေသည်။ သူသည် ကောင်းမင်နောက်သို့ အမီမလိုက်နိုင်၍ မဟုတ်ဘဲ အတွင်းသို့ မဝင်ရဲသောကြောင့်သာ ဖြစ်သည်။
သွေးမြို့တော်သခင်များကို ရေးဆွဲထားသော အရေပြားအလွှာများက တစ်လွှာပြီးတစ်လွှာ ကွဲအက်လာပြီး သူယခင်က ဆွဲခဲ့ဖူးသော ကမောက်ကမပုံရိပ်များသည် ရှရန်၏ ခန္ဓာကိုယ်ထက်မှ ပွင့်လန်းလာကြတော့သည်။
“ဖေဖေက သတ်ဖြတ်မှုတွေနဲ့ လုံးဝရူးသွပ်သွားပြီလား...”
နံပါတ် ၂ ၏ အကြည့်မှာ လေးနက်နေ၏။ သူသည် ကောင်းမင်၏ နောက်ဆုံး ချန်ထားခဲ့သော အသိစိတ်အပိုင်းအစလေးကို ဆုပ်ကိုင်ထားရင်း ပုံရိပ်ယောင်များကြားမှ အမှန်တရားကို ဖောက်ထွင်းမြင်နေရခြင်း ဖြစ်သည်။
စိတ်ဖောက်ပြန်မှုကမ္ဘာအတွင်း၌ ထူးဆန်းသည့်ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းမင်သည် အောက်ခြေမရှိသည့် ရေကန်ကြီးအတွင်းသို့ ခုန်ဆင်းချလိုက်သည်။ အစစ်အမှန်ကမ္ဘာအတွင်း၌မူ ကောင်းမင်သည် အသွေးအသားများ၊ သရဲများ၊ နတ်ဘုရားများနှင့် ပေါင်းစပ်လျက် လူသားကမ္ဘာ၏ အမှောင်သစ်ရွက်ကြီးအတွင်း၌ ဖုံးလွှမ်းခံထားရခြင်းဖြစ်သည်။
ဘဝကံကြမ္မာများကို ခတ်နှိပ်ထားသောရွက်ကြောများပေါ်တွင် အဆောင်မန္တန်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ လူသားတို့၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ အမှောင်ထုသည် စွမ်းအားတချို့ကြောင့် ထိန်းချုပ်ခံနေရသည်။မြို့တော်အတွင်းမှ ဝတ်ရုံနက်ဝတ်ထားသော ထူးဆန်းသည့် ပုံရိပ်များ ထွက်ပေါ်လာကြသည်။ သူတို့အထဲမှ အများစု၏ ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံကဲ့သို့သော အမာရွတ်များ ရှိနေကြသည်။ ထိုသူတိုင်းထံမှ ပြင်းထန်သော အသက်ဓာတ် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။ သူတို့သည် သူတို့၏ သက်တမ်းကို လမ်းညွှန်အဖြစ် အသုံးပြု၍ မန္တန်အစီအရင်မျိုးစုံကို ထုတ်ဖော်နေကြခြင်း ဖြစ်သည်။
နံပါတ် ၂ သည် အမှန်တကယ်ပင် အမြင်ကျယ်သွားရပြီ ဖြစ်သည်။ လုဇန်သည် ကောင်းမင်ကို ရင်ဆိုင်ရန်အတွက် ဤလူသားကမ္ဘာ၏ စွမ်းအားအားလုံးကို လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ ထိုဝတ်ရုံနက်ဝတ်ပုံရိပ်များသည် သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသည့် သံမှိုများနှင့် တူပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးမြို့တော်ပုံစံကွက်များကို ဖြတ်တောက်နေကြလေသည်။ သူတို့သည်လည်း သားစားကြူးနတ်ဘုရားအနားသို့ ချဉ်းကပ်လာသည်နှင့် အသိစိတ်များ ဆုံးရှုံးကြပြီး မျက်တောင်တခတ်အတွင်းမှာပင် ရူးသွပ်သွားကြရသည်။ ဝတ်ရုံနက်ပုံရိပ်များအပြင်... အတွင်းကမ္ဘာမှ အငြိုးကြီးဝိညာဉ်များနှင့် တူသော မကောင်းဆိုးဝါးများသည်လည်း မှောင်မိုက်ပြီး အန္တရာယ်ရှိသော နေရာမျိုးစုံမှ တွားသွားထွက်ပေါ်လာခဲ့ကြသည်။ သူတို့အထဲမှ အများစုမှာ လူသားတို့၏ စရိုက်လက္ခဏာများကို ထိန်းသိမ်းထားဆဲဖြစ်ပြီး သူတို့၏အရေပြားများမှာ သရဲသင်္ကေတများဖြင့် ဖုံးလွှမ်းနေလေသည်။ အတွင်းကမ္ဘာမှ အငြိုးကြီးဝိညာဉ်များနှင့် မတူသည့်အချက်မှာ သူတို့ဝိညာဉ်များအတွင်း၌ မီးခိုးရောင် ကြိုးမျှင်များ ရှိနေခဲ့ခြင်းပင်။ ၎င်းမှာ ကံကြမ္မာက သူတို့ကို ထိန်းချုပ်ရန် အသုံးပြုသည့် ကံကြမ္မာကြိုးမျှင်များ ဖြစ်ကြသည်။
ထိုအရာများသည် ကံကြမ္မာဖြင့် ဖန်တီးထားသော သရဲများဖြစ်ပြီး သူတို့၏ စွမ်းရည်များမှာ သူတို့၏ စွဲလမ်းမှု ပြင်းအားအပေါ် သက်ရောက်မှု မရှိချေ။ သူတို့၏ စွမ်းအားများသည် သူတို့ဝိညာဉ်အတွင်းရှိ ကံကြမ္မာကြိုးမျှင်များနှင့်သာ သက်ဆိုင်နေခြင်းဖြစ်သည်။ သူတို့၏ အတိတ်ဘဝများတွင် ကံကြမ္မာများကို ပြောင်းလဲပစ်ခဲ့ရလေလေ ပိုမိုထိတ်လန့်ဖွယ်ကောင်းသော သရဲများ ဖြစ်လာလေလေ ဖြစ်တော့သည်။
တစ်နည်းအားဖြင့် ဤသရဲအများစုမှာ ဝတ်ရုံနက်ပုံရိပ်များမှတစ်ဆင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ လုဇန်သည် သူတို့ကို သူ့မျိုးနွယ်စုဝင်များအဖြစ် ဘယ်တုန်းကမှ သတ်မှတ်ခြင်း မရှိခဲ့ချေ။ ယင်းသည် သူ၏ လူသားကမ္ဘာ ဖြစ်ပေသည်။ ထူထပ်သိပ်သည်းနေသော မီးခိုးရောင် ကံကြမ္မာကြိုးမျှင်များသည် တစ်ဖက်တွင် ကံကြမ္မာသရဲများနှင့် ချိတ်ဆက်ထားပြီး အခြားတစ်ဖက်တွင်မူ မြို့တော်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်နေရာ ၎င်းတို့ကို တစ်စုံတစ်ယောက်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အလား ထင်မှတ်ရလေသည်။ သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်မှာ ကံကြမ္မာသရဲများ၏ ကိုက်ဖြတ်စားသောက်ခြင်း ခံနေရသော်လည်း ကံကြမ္မာကြိုးမျှင်များကို အံတု၍ ထိုပုဂ္ဂိုလ်အနားသို့ မချဉ်းကပ်မီအချိန်အထိ အဆုံးမဲ့သတ်ဖြတ်မှုများကို ထုတ်ဖော်နေခဲ့သည်။
နံပါတ် ၂ မျက်တောင်ခတ်လိုက်ရာ သွေးများ စီးကျလာပြီး သူ့အမြင်အာရုံက စိတ်ဖောက်ပြန်မှုကမ္ဘာ၏ ရေကန်အတွင်းသို့ ပြန်လည်ရောက်ရှိသွား၏။
မျက်နှာလေးခုနှင့် လက်ရှစ်ဖက်ရှိသော ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်းမင်သည် နေရာတစ်ခုဆီသို့ ကူးခတ်သွားနေခြင်းဖြစ်သည်။ ပင်လယ်ရေမှော်များဖြင့် ဖုံးလွှမ်းနေသော ကြိုးများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်ကြပြီး အမှောင်ထုအတွင်းမှ ပုံပျက်ပန်းပျက်ဖြစ်နေသော ရုပ်ဆိုးလှသည့် ငါးအချို့သည် သူ၏ ရေငုပ်ဝတ်စုံကို ကိုက်ဖြဲနေကြသည်။
“နေရောင်ကိုတောင် ကြောက်ရွံ့ပြီး ရေနက်ပိုင်းထဲမှာ ပုန်းနေကြတဲ့ ပုပ်သိုးနေတဲ့ ငါးပုစွန်တစ်စုကများ... ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား...”
ကောင်းမင် သူ၏သားသတ်ဓားကို ဆုပ်ကိုင်၍ ကြိုးများကို ဖြတ်တောက်ပစ်လိုက်သည်။ သူသည် ထိုငါးပုစွန်များအပေါ် ပိုမိုရက်စက်ကြမ်းကြုတ်စွာဖြင့် သူတို့၏ နှလုံးသားများနှင့် အဆုတ်များကို ထိုးဖောက်၍ ဦးခေါင်းများကို ဖြတ်တောက်ပစ်လိုက်ရာ ၎င်းတို့၏ သွေးများသည် သူ့ရေငုပ်ဝတ်စုံပေါ်ရှိ ပုံစံကွက်များကို စွန်းထင်သွားစေတော့သည်။
“လုဇန်၊ မင်းက သက်ရှိအားလုံးကို ကျွန်ပြုပြီး ကံကြမ္မာသစ်ပင်အသစ် ဖြစ်လာချင်နေတာပဲ... ဒါပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းက ဒီငါးကန်အသေးလေးထဲမှာပဲ ပုန်းနေရဲတဲ့ကောင်ပဲ၊ မင်းရဲ့ အကြီးမားဆုံးရုန်းကန်မှုက ကန်ထဲကရေတွေကို နောက်ကျိအောင်လုပ်ပြီး ငါးတွေအားလုံးကို မင်းတို့အားလုံးက နဂါးတွေဖြစ်တယ်လို့ ပြောနေတာပဲ၊ ဟုတ်တာပဲ... ရေတွေကို နောက်ကျိအောင် လုပ်လိုက်တာက မင်းရဲ့ ရုပ်ဆိုးပြီး ရွံစရာကောင်းတဲ့ရုပ်ကို မင်းကိုယ်တိုင် မမြင်ရတော့ဘူးလေ... မင်းကိုယ်တိုင် တွန့်လိမ်ပုံပျက်နေတဲ့အရာတစ်ခု ဖြစ်လာရင်တောင်မှ... ဒါက နဂါးတစ်ကောင်ပဲလို့ မင်းကိုယ်မင်း လှည့်စားနေနိုင်တာပေါ့...”
ငါးပါးဟက်များနောက်သို့ လိုက်ပါ၍ ၎င်းတို့၏ခန္ဓာကိုယ်များကို ဆုတ်ဖြဲပစ်ရင်း ကောင်းမင်သည် ရေမှော်များဖြင့် ဖုံးလွှမ်းနေသောကြိုးကို ဆုပ်ကိုင်ကာ အောက်သို့ ဆက်လက်ဆင်းသက်နေခဲ့သည်။ ရေငုပ်ဝတ်စုံ၏ လက်ရှစ်ဖက်စလုံးမှာ သူ့နောက်ကျော၌ ဆန့်တန်းနေကြလေသည်။
လုဇန်နှင့် စီတုအန်းတို့ကို သတ်ဖြတ်ရန်ဟူသော အတွေးက သူ့စိတ်ထဲတွင် မီးလျှံများကဲ့သို့ တောက်လောင်နေပြီး ကွဲအက်နေသော သူ့အသိစိတ်များကို ယာယီစုစည်းပေးနေ၏။ ကောင်းမင်သည် သူ့လက်ထဲမှ သားသတ်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နောက်ဆုံး၌ ရေကန်အောက်ခြေသို့ ငုပ်လျှိုးရောက်ရှိသွားတော့သည်။
ကန်၏ အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံးသော နေရာတွင် ဧရာမကောင်းဆိုးဝါးတစ်ကောင် ရှိနေခဲ့သည်။ ၎င်းမှာ နေငါး (sunfish) တစ်ကောင်၏ ပုံသဏ္ဌာန် ရှိကာ ၎င်းခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အနီရောင်အိမ်လေးများကို ထွင်းထုထားသလို အချိန်ကာလအပိုင်းအခြား မတူညီသော စီတုအန်း၏ မျက်နှာပုံစံမျိုးစုံကိုလည်း ရေးထွင်းထား၏။(TL note – Sunfish ဆိုတာက ပင်လယ်သတ္တဝါပေါင်းစုံရဲ့ ကိုက်ခဲစားသောက်တာကို ခံရပြီး ခန္ဓာကိုယ်ထဲမှာလဲ ကပ်ပါးကောင်မျိုးစုံနေထိုင်နေတဲ့ ငါးကြီးမျိုးပါ။)
ရေနက်ပိုင်းထဲမှ ပွင့်ဟလာသော မျက်လုံးများကို စိုက်ကြည့်လိုက်ရင်း ကောင်းမင်၏ သတ်ဖြတ်လိုစိတ်များမှာ ကန်အတွင်းရှိ ရေများကိုပင် ဆူပွက်သွားစေတော့မည့်အလား ထင်မှတ်ရလေသည်။
“စီတုအန်း... မင်း ဘာဖြစ်လို့ လူသားဆန်မှုအားလုံး ပျောက်ဆုံးသွားခဲ့တာလဲ...”
ပင်လယ်ပြင်တွင် အသက်မွေးဝမ်းကျောင်းပြုကြသော ရေလုပ်သားများသည် ငါးကို မချက်ပြုတ်မီအချိန်အထိ ဘယ်တော့မှ အပေါ်အောက် လှန်လေ့မရှိကြချေ။ ဘယ်တော့မှလည်း နေငါးကြီးတစ်ကောင်ကို သင်္ဘောဝမ်းထဲတွင် ချန်ထားခဲ့လေ့မရှိကြချေ။ ထိုငါးကို လာဘ်ပိတ်သောငါးဟုပင် သတ်မှတ်ကြသည်။ ၎င်းအား အရေပြားခွာ၊ အရိုးထုတ်၍ ကလီစာများ ဖယ်ရှားပစ်ပြီးနောက်တွင်မူ... ကတ်တီသုံးထောင်ခန့်ရှိသော ငါးကြီးထံမှ စားသုံး၍ရသော အသားမှာ ကတ်တီသုံးရာခန့်ပင် မပြည့်ချေ။ အိုးကိုယ်တိုင်ပင် ၎င်းအား ချက်ပြုတ်ရန် ရှက်ရွံ့မိပေလိမ့်မည်။
ထိုသတ္တဝါကြီးမှာ နှစ်ပေါင်းများစွာ မလှုပ်မယှက် ရှိနေခဲ့သဖြင့် ၎င်းတစ်ကိုယ်လုံးတွင် ကပ်ပါးကောင်များဖြင့် ဖုံးလွှမ်းလို့ နေ၏။ ကောင်းမင်သည် ထိုမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်အတွင်းမှ ပိုးလောက်ကောင်များ ထွက်ပေါ်လာပြီး အခြားငါးများ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ ဤနည်းလမ်းဖြင့် ကန်အတွင်းရှိ ငါးများကို ထိန်းချုပ်နေခြင်း ဖြစ်ပုံရသည်။
ထိုမကောင်းဆိုးဝါး၏ မျက်လုံးများမှာ ကောင်းမင်အပေါ်သို့ ကပ်ညှိနေပြီး အရုပ်ဆိုးလှသော ၎င်း၏မေးစေ့နှုတ်ခမ်းဝမှာ အနည်းငယ်ပွင့်ဟလျက် အသံများ ထွက်ပေါ်နေရာ ၎င်းမှာ ကောင်းမင်နှင့် ဆက်သွယ်ပြောဆိုရန် ကြိုးစားနေသည့်အလား ဖြစ်သည်။
၎င်းကိုယ်ခန္ဓာက အဆင့်တစ်ခုအထိ သန္ဓေပြောင်းနေသော်လည်း ၎င်း၏ဆင်ခြင်တုံတရားမှာမူ အကောင်းအတိုင်း ရှိနေဆဲ ဖြစ်ပုံရသည်။ ၎င်းမှာ ကောင်းမင်၏ အခြေအနေနှင့် လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။
“မင်း ဘာတွေ ပြောချင်နေသေးတာလဲကွ... သေလိုက်တော့”
သားသတ်ဓားကို ဆုပ်ကိုင်ရင်း ကောင်းမင် လွှဲခုတ်လိုက်ရာ ကန်အတွင်းရှိ ရေများမှာ ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာပြီး သူ့အား သွေးများနှင့် အမှောင်ထုများကြား ပို၍ ဖုံးလွှမ်းသွားစေတော့သည်။
နံပါတ် ၂ သည် ငါးပြတိုက်၏ အပြင်ဘက်တွင် ခဏ အနားယူလိုက်သည်။ သူ့မျက်လုံးထောင့်မှ သွေးများကို သုတ်၍ ကောင်းမင်၏ ဆင်ခြင်တုံတရားကို အသုံးပြုကာ အခြေအနေကို ထပ်မံစူးစမ်းကြည့်ရှုလိုက်ပြန်သည်။
အစစ်အမှန်ကမ္ဘာအတွင်း၌ သားစားကြူးနတ်ဘုရား၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကံကြမ္မာသရဲများကို ဖိနှိပ်ထားသဖြင့် ၎င်းတို့အား အနားသို့ မချဉ်းကပ်နိုင်အောင် ပြုလုပ်ထားသည်။ ၎င်းသည် ကျိုးပဲ့ပျက်စီးနေသော အလောင်းများကို နင်းခြေလျက် နေနှင့်လကို ကွယ်ပျောက်စေကာ မြို့တော်၏ အစွန်းနားဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဖရိုဖရဲဖုန်းရွှေအစီအရင်များနှင့် ကံကြမ္မာ၏ နှောင့်ယှက်မှုများကို ဖောက်ထွက်လာပြီး သားစားကြူးနတ်ဘုရားသည် အဆောက်အဦးဟောင်းတစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် စီတုအန်းကို ရှာဖွေတွေ့ရှိသွားတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အတွင်းကမ္ဘာမှ သွေးမြို့တော်သရဲတက်တူးများဖြင့် ဖုံးလွှမ်းနေသော်လည်း ထိုတက်တူးများ၏ တန်ပြန်ခတ်မှုကို မခံနိုင်တော့သဖြင့် သူ့မျက်လုံးများမှလွဲ၍ ကျန်ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းသော သတ္တဝါဆန်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားရပြီ ဖြစ်သည်။
သူသည် မြေအောက်၌ ပိတ်လှောင်ခံထားရပြီး သူ့ခန္ဓာကိုယ်ဆီမှ မီးခိုးရောင် ကံကြမ္မာကြိုးမျှင်များ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းတို့မှာ ကံကြမ္မာသရဲများနှင့် ချိတ်ဆက်နေခြင်း ဖြစ်သည်။