← Chapters

အခန်း ၉၃၁

Vol. 67 Ch. 931

အခန်း ၉၃၁

Vol. 67 Ch. 931

အပိုင်း (၉၃၁) အသေးအမွှားဝိညာဉ်လေးတစ်ကောင်က ဘာလုပ်နိုင်မှာလဲ

စိတ်ဖောက်ပြန်မှုကမ္ဘာကြီး၏ ဗဟိုချက်တွင် ကောင်းမင်ရှိနေပြီး ထူးဆန်းမှုများနှင့် ရူးသွပ်မှုများသည် သူ့ထံမှ ပျံ့နှံ့နေခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်မှုကမ္ဘာကို တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးပြီး ကောင်းမင်၏ “နိုးခြင်း” ကို ခံခဲ့ရသော နံပါတ် ၂ သည် အရာများစွာကို အတင်းအကျပ် ပြန်မှတ်မိလာတော့သည်။

မူလက မသိထိုက်သူအဆင့် ဖြစ်တည်မှုရှစ်ခု ရင်ခွဲရုံရိပ်သာလမ်းတွင် ပိတ်မိနေခဲ့သလိုမျိုးပင်။ အဆိုပါ ရင်ခွဲရုံရိပ်သာလမ်းဆိုသည်မှာ ကောင်းမင် သူ့ခန္ဓာကိုယ်ကို စတေး၍ တည်ဆောက်ခဲ့သည့် လှောင်အိမ်တစ်ခု ဖြစ်သည်။ သူသည် သူ့အသက်ကို ရင်းပြီး မပြောသင့်သူရှစ်ပါးကို ပိတ်လှောင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုမပြောသင့်သူရှစ်ပါးကပင် သူ့သေဆုံးမှု၏ စစ်မှန်သော အကြောင်းအရင်း ဖြစ်ခဲ့လေ၏။

“ဒီတစ်ကြိမ်လည်း အတူတူပဲ ဖြစ်ရမယ်”

နံပါတ် ၂ က ခန့်မှန်းလိုက်သည်။

“အဖေရှိတဲ့နေရာက စိတ်ဖောက်ပြန်မှုကမ္ဘာရဲ့ ဗဟိုချက်ပဲ၊ ရေနောက်တွေ ပြည့်နေတဲ့ အဲဒီ ဧရာမ ကန်ကြီးက ဒီပုပ်ပွနေတဲ့ လူသားကမ္ဘာကို ကိုယ်စားပြုတာ၊ အမှောင်ထုထဲက ငါးမိစ္ဆာတွေက ကံကြမ္မာသရဲတွေနဲ့ ကံကြမ္မာကျင့်ကြံသူတွေကို ကိုယ်စားပြုပြီး သူတို့ခန္ဓာကိုယ်ထဲမှာ အမြစ်တွယ်နေတဲ့ ကပ်ပါးကောင်တွေက လုဇန်ပဲ”

လုဇန်အစစ်သည် လူသားကမ္ဘာနှင့် တစ်သားတည်း ပေါင်းစည်းထားပြီး လူသားပုံသဏ္ဌာန် မရှိတော့ဘဲ မရေမတွက်နိုင်သော သက်ရှိများကြားထဲတွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ မူလက ဆန်းကြယ်သော အယူအဆတစ်ခု ဖြစ်သော်ငြား စိတ်ဖောက်ပြန်မှုကမ္ဘာထဲမှ အရူးတစ်ယောက်၏ စိတ်ကူးကြောင့် အလွယ်တကူပင် ပုံဖော်ဖန်တီးခံလိုက်ရခြင်းဖြစ်သည်။

ကောင်းမင်သည် မျက်နှာလေးခု၊ လက်ရှစ်ဖက်ရှိသော ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။ ကန်ထဲက ငါးများအားလုံး အသတ်ခံလိုက်ရပြီဖြစ်ပြီး ကပ်ပါးကောင်များသည်ကား ရှင်သန်ရန် ရုန်းကန်ရင်း သူ့ခန္ဓာကိုယ်ထဲသို့ အလုအယက် တိုးဝင်သွားကြတော့သည်။ နံပါတ် ၂ သည် သူ့ကို ကြည့်ရုံနှင့်ပင် ကျောရိုးတစ်လျှောက် အေးစက်သွားမိသည်။ ကောင်းမင်၏ ခန္ဓာကိုယ်သည်လည်း လူသားပုံသဏ္ဌာန်ကို လုံးဝ ဆုံးရှုံးသွားရပြီဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းပြီး မရင်းနှီးသော အငွေ့အသက်တစ်ခုက သူ့အသွေးအသားထဲတွင် လှိုင်းထလာရသည်။

“ငါတို့ ရေနဲ့ ဝေးတဲ့နေရာကို သွားရမယ်”

ရှရန်သည် ဆင်ခြင်တုံတရား ရှိနေဆဲဖြစ်ပြီး စိတ်ဖောက်ပြန်မှုကို အချိန်ကြာမြင့်စွာကတည်းက အသားကျနေခဲ့သဖြင့် တည်ငြိမ်သောရူးသွပ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

သူက ကြိုးကိုဆွဲကိုင်ရင်း ကောင်းမင်ကို ငါးပြတိုက်အပြင်ဘက်သို့ ဆွဲထုတ်လိုက်လေ၏။ ထိုအချိန်တွင် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်၌ မီးတောက်များ ပြန့်နှံ့နေခဲ့ပြီ ဖြစ်သည်။

လူသားအရေပြားနှင့် မှတ်ဉာဏ်အပိုင်းအစများကို လောင်စာအဖြစ် အသုံးပြုရင်း သွေးနီရောင် မီးတောက်များသည် ပြင်းထန်စွာ စတင်တောက်လောင်လာတော့၏။

သူ့ခန္ဓာကိုယ်ထဲတွင် လုဇန်၏ မီးခိုးရောင်ကြိုးမျှင်များက သူ့စိတ်ဆန္ဒကို လုယူရန် တိုက်ခိုက်နေကြပြီး အပြင်ဘက်တွင်မူ ပြင်းထန်လှသော မီးတောက်ကြီးတစ်ခု ရှိနေခဲ့သည်။ နာကျင်မှုသည် စိတ်ကူးမယဉ်နိုင်အောက်လောင် ပြင်းထန်လှသဖြင့်ကောင်းမင်၏ အော်ဟစ်သံသည် လမ်းမတစ်လျှောက် ပဲ့တင်ထပ်သွားရသည်။ သူ့စိတ်ထဲတွင် ကွဲထွက်သွားသော ကိုယ်ပိုင်အသိစိတ်အားလုံး အော်ဟစ်ကာ သူတို့၏ နာကျင်မှုကို ဖွင့်ထုတ်နေကြသော်ငြား ယင်းက မလုံလောက်သေးချေ။

“မင်းက ပိုငယ်လာတော့ မင်းစိတ်ဓာတ်က ဘာလို့ ပိုအားနည်းသွားတာလဲ”

ရှရန်က နံပါတ် ၂ ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။

“ငါတို့က စိတ်ဖောက်ပြန်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ သူ့ရဲ့ အစိတ်အပိုင်းတစ်ခုသက်သက်ပဲနော်၊ နောက်ပြန်လှည့်လို့ မရတော့ဘူး၊ ငါ နောက်ထပ် လောင်စာနည်းနည်းလောက် သွားရှာလိုက်ဦးမယ်၊ သူ သွေးနီရောင်ပြာတွေအဖြစ် ပြောင်းလဲသွားတဲ့အထိ တောက်လောင်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ”

စိတ်ဖောက်ပြန်မှုကမ္ဘာသည် အသုံးပြုလေလေ ပိုမိုကြီးထွားလာလေလေ ဖြစ်သော်လည်း တစ်နေ့တွင်မူ ၎င်းက ထိန်းချုပ်မှု လွတ်သွားပြီး ကောင်းမင်ကိုပါ အတူတကွ သင်္ဂြိုဟ်ပစ်ပေလိမ့်မည်။ သို့သော်လည်း ရှရန်ရော နံပါတ် ၂ ပါ ထိုနေ့က ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ပတ်ပတ်လည် ပြေးလွှားလိုက်ရင်း ရှရန်သည် ထူးဆန်းသော အရာမှန်သမျှကို ရှာဖွေပြီးနောက် ကောင်းမင်ထံသို့ ပစ်ထည့်လိုက်လေသည်။ မီးတောက်များ မြင့်တက်လာသော်လည်း စိတ်ဖောက်ပြန်မှုကတော့ မှိန်ဖျော့လာခဲ့သည်။

နှစ်ယောက်သားသည် ကောင်းမင်ကို ကာကွယ်ပေးထားသည့် ရေငုပ်ဝတ်စုံကြီးပါ မီးလောင်သွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ မီးတောက်များသည် ပိုမိုတောက်ပလာပြီး လောကတွင် ပွင့်လန်းနေသည့် ဘယ်လိုပန်းပွင့်မျိုးထက်မဆို ပိုမို လှပနေလေ၏။

မျက်နှာလေးခု၊ လက်ရှစ်ဖက်ရှိသော ရေငုပ်ဝတ်စုံကြီး လောင်ကျွမ်းသွားပြီးနောက် ကောင်းမင်၏ ကိုယ်ပိုင် အသွေးအသားများပါ စတင်အရည်ပျော်လာရသည်။ သူသည် နာကျင်လွန်းသဖြင့် သူ့ခန္ဓာကိုယ်ကို ကုတ်ခြစ်ပစ်နေပြီး သူ့ခန္ဓာကိုယ်ထဲ တိုးဝင်နေသည့် မီးခိုးရောင်ကြိုးမျှင်များကား နောက်ဆုံးတွင် အပြည့်အဝ ထုတ်ဖော်လာတော့သည်။

“ကပ်ပါးကောင်က ကန်ထဲက ငါးတွေပေါ်မှာ ပုန်းနေတာ၊ ဒါကို သတ်ဖို့ဆိုရင် ငါတို့ကိုယ်တိုင် ငါးစားဖြစ်အောင်လုပ်ပြီး ကန်ထဲက မျှားထုတ်ရမယ်”

နံပါတ် ၂ က ကောင်းမင်၏ အစီအစဉ်ကို ခန့်မှန်းလိုက်သည်။ လုဇန်သည် လူသားသစ်ပင်၏ သစ်ရွက်များနှင့် ပေါင်းစည်းထားခဲ့ခြင်းကြောင့် သူ့တွင် သူ့အသက်ကိုရင်း၍ အတင်းအကျပ် ထွက်လာအောင် လုပ်သည့်နည်းလမ်းမှအပ အခြားရွေးချယ်စရာ မရှိခဲ့ချေ။ ထို့နောက်တွင်မူ သူ့အသွေးအသားနှင့်အတူ သူ့ကိုယ်သူပါ ပိတ်လှောင်ပစ်လိုက်ခြင်း ဖြစ်သည်။ လုဇန်သည် ကံကြမ္မာသစ်ပင်၏ အကြည့်ခံရခြင်းကို အလိုမရှိပေ။ ထို့ပြင် အတွင်းကမ္ဘာ၏ စည်းမျဉ်း ၁၃ခုအတွက် သူ့ပရိယာယ်များအပြင် ကောင်းမင်၏ ကံကြမ္မာမဲ့သူ တည်ရှိမှု၏ ဆွဲဆောင်မှုကြောင့်လည်း သူသည် ကောင်းမင်၏ ခန္ဓာကိုယ်ကို လုယူရန်ရွေးချယ်လိမ့်မည်ဆိုသည်မှာ ခန့်မှန်းရန် မခက်ခဲချေ။

သူ မမျှော်လင့်ထားခဲ့ခြင်းမှာ ကောင်းမင်သည် အလွန်ပြတ်သားပြီး သူ့ကိုပါ သင်္ဂြိုဟ်ပစ်ရန်အတွက် သူ့အသွေးအသားခန္ဓာကိုယ်ကိုပါ မီးရှို့လိမ့်မည်ဟူ၍ပင်။

လမ်းမပေါ်က အသံများမှာ ပိုမိုအားနည်းလာပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ပုံပျက်လာသဖြင့် ပုံရိပ်ယောင်ကမ္ဘာသည် အစစ်အမှန်မဟုတ်သလို ဖြစ်လာလေသည်။ နံပါတ် ၂ နှင့် ရှရန်တို့သည် ကောင်းမင်၏ အသွေးအသားများ မီးတောက်ထဲ အရည်ပျော်သွားသည်ကို မြင်တွေ့နေရပြီး ခြောက်ခြားဖွယ်ရာ မီးခိုးရောင်ကြိုးမျှင်များသည်လည်း ဆက်တိုက်ဆိုသလို ပြာများအဖြစ် ပြောင်းလဲနေခဲ့သည်။ အသွေးအသားခန္ဓာကို ကိုယ်စားပြုသည့် ရေငုပ်ဝတ်စုံ၏ အပိုင်းအစအနည်းငယ်သာ ကျန်ရစ်ခဲ့သဖြင့် နံပါတ် ၂ က ထိုထဲမှ အပိုင်းအစ အသေးလေးတစ်ခုကို ကောက်ယူလိုက်သည်။ ရေငုပ်ဝတ်စုံသည် ကပ်ပါးကောင်၏ ပစ်မှတ်မဟုတ်ခြင်းကြောင့် အနည်းငယ် ကျန်ရစ်ခဲ့ခြင်း ဖြစ်သော်လည်း ကောင်းမင်ကိုတော့ ဘယ်သူမှ မကယ်တင်နိုင်ခဲ့ကြချေ။

မီးတောက်များသည် မီးခိုးရောင်ကြိုးမျှင်များကို ကောင်းမင်၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးနေရာအထိ မောင်းနှင်သွားခဲ့သည်။ ကောင်းမင် ဂရုမစိုက်ချေ။ အကယ်၍ သူလုဇန်ကို သတ်ပစ်နိုင်မည်ဆိုပါက ဤရုပ်ပိုင်းဆိုင်ရာခန္ဓာ ပျက်စီးသွားရခြင်းက ထိုက်တန်ပေသည်။ နှလုံးခုန်သံက နှေးကွေးသွားပြီး ကောင်းမင်၏ စိတ်ဆန္ဒကလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ သေခြင်းတရားက အလွန်နီးကပ်နေခြင်းကြောင့် သူ့အသိစိတ်အများစုက လွင့်ပျံသွားခြင်း ဖြစ်နိုင်ပေသည်။ သူ ဘာလုပ်နေလဲကို သူ သိပါသည်။ ယင်းမှာ အစကတည်းက သူပြင်ဆင်ထားခဲ့သည့် အစီအစဉ်ပင် ဖြစ်သည်။

“လောင်စာတချို့ ထပ်ထည့်ရအောင်”

ဆရာရှသည် အနုပညာအပေါ် လွန်ကဲသော စိတ်ဆန္ဒရှိသူတစ်ဦး ဖြစ်သည်။ သူသည် သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ပေါ်တွင် ပန်းချီဆွဲလိုက်ပြီး ထို့နောက် ပန်းချီကားကို ခွာယူကာ မီးပုံထဲသို့ ပစ်ထည့်လိုက်လေ၏။ တောက်ပသော မီးတောက်များက ကောင်းမင်၏ နှလုံးသားကို ဖုံးလွှမ်းသွားပြီး နောက်ဆုံး အသွေးအသားအပိုင်းအစနှင့် နောက်ဆုံး မီးခိုးရောင်ကံကြမ္မာကြိုးမျှင်လေးတို့မှာ ပြာအဖြစ် ပြောင်းလဲသွားသည့်အထိ လောင်ကျွမ်းသွားတော့သည်။ နံပါတ် ၂ က ကောင်းမင်၏ ဘေးနားသို့ ဖြည်းညင်းစွာ တွားသွားလိုက်သည်။

စိတ်ဖောက်ပြန်မှုကမ္ဘာကြီးမှာ မတည်မငြိမ် ဖြစ်လာချေပြီ။ နံပါတ် ၂ သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးလောင်ဒဏ်ရာများကို ထိတွေ့ကြည့်လိုက်သည်။ ကောင်းမင်နှင့် နှိုင်းယှဉ်လျှင်တော့ သူသည် အတော်လေး ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

“စိတ်ဖောက်ပြန်မှုထဲမှာ နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့၊ ငါ အပြင်ကို တကယ် ထပ်မထွက်ချင်တော့ဘူး”

နံပါတ် ၂ က သက်ပြင်းချရင်း ရေငုပ်ဝတ်စုံ၏ အကြွင်းအကျန်များကို စစ်ဆေးလိုက်ပြီး မီးခိုးရောင် ကြိုးမျှင်များအားလုံး လောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်မူ ထို အကြွင်းအကျန်များကို ကောင်းမင်ချန်ထားခဲ့သည့် တစ်ခုတည်းသော အရေပြားအပိုင်းအစနှင့်အတူ ပူးကပ်ထားရှိလိုက်သည်။

“မင်းကော ဘာလုပ်မှာလဲ၊ ထွက်သွားမှာလား”

“ငါက စိတ်‌ဖောက်ပြန်မှုထဲ ထာဝရရှင်သန်နေမှာ၊ တစ်နေ့နေ့မှာ ငါ သူ့နေရာကို အစားထိုးပြီး ကိုယ်ပိုင်အသိစိတ်နဲ့ ထွက်သွားနိုင်တဲ့အထိပေါ့”

ဆရာရှသည် နံပါတ် ၂ ထက်ပင် ပို၍ ပြတ်သားလှသည်။ သူက သူ့ပန်းချီစုတ်တံကို သူ့နှလုံးသားထဲသို့ ထိုးစိုက်လိုက်ပြီး သွေးများကို အကြွင်းအကျန်များနှင့် ကောင်းမင်၏ အရေပြားပေါ်သို့ လောင်းချပစ်လိုက်လေသည်။

“ငါ မေးစရာတောင် မလိုတော့ဘူးပဲ”

နံပါတ် ၂ က မီးမြှိုက်ခံထားရသည့် သားသတ်ဓားကို ကောက်ကိုင်လိုက်သည်။ သူ့ခံစားချက်များသည် အလွန်ရှုပ်ထွေးနေသဖြင့် နောက်ဆုံးတွင်မူ ခေါင်းခါရင်း သူ့ကိုယ်သူ ပြန်လည်ခုတ်ပိုင်းလိုက်လေသည်။

“မင်း ငါတို့ဆီကို ဒီလောက်ထိ ခဏခဏ လာကြည့်နေဖို့ မလိုပါဘူး၊ မင်းဝိညာဉ်က ကွဲအက်ပြီး ရူးသွပ်သွားတိုင်း ပြီးရင် အဲ့ဒီရူးသွပ်မှုစည်းမျဉ်းတွေထဲမှာ ပြန်စုစည်းခံရတိုင်း... ဒါက တော်တော်လေး နာကျင်ရတယ်”

ယခင် စိတ်ဖောက်ပြန်မှုကမ္ဘာကို မသိထိုက်သူရှစ်ပါးက ပူးပေါင်းပြီး ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ကောင်းမင်သည် နောက်ဆုံးအသိစိတ်ရှိသည့် သက်ရှိလူသား ဖြစ်လာခဲ့လေ၏။ နံပါတ် ၂ နှင့် ရှရန်တို့ လဲကျသွားပြီးနောက် သူတို့၏ ကျန်ရှိနေသော စိတ်ဆန္ဒများသည် ကောင်းမင် ချန်ထားခဲ့သည့် အရေပြားထဲသို့ စိမ့်ဝင်သွားကြပြီးနောက် စိတ်ဖောက်ပြန်မှု၏ ရူးသွပ်မှုစည်းမျဉ်းများကား ဝုန်းခနဲမြည်ဟည်းရင်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။

ကောင်းကင်ယံတွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ဖြစ်လာပုံရသည်။ ကံကြမ္မာသစ်ရွက်၏ ရွက်ကြောများ ကွဲအက်သွားကာ လုဇန်ထိန်းချုပ်ထားသည့် လူသားကမ္ဘာသစ်ရွက်သည်ကား ပုပ်သိုးခြင်း အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။ လူသားကမ္ဘာအတွင်းတွင် သားစားကြူးနတ်ဘုရား၏ ဧရာမခန္ဓာကိုယ်ကြီးသည် ကုန်းမြေအနှံ့ လွင့်စင်သွားခဲ့သည်။ ပုပ်သိုးခြင်း စည်းမျဉ်းများနှင့် ရူးသွပ်မှုစည်းမျဉ်းများအားလုံးနီးပါး ဖျက်ဆီးခံလိုက်ရကာ မျိုးစေ့နှစ်ခုသာ ကျန်ရစ်ခဲ့လေ၏။

ကောင်းမင်သည် အဆုံးမဲ့သတ်ဖြတ်မှုများကြောင့် သူ့ရုပ်ခန္ဓာက တောင့်မခံနိုင်တော့ဘဲ ပြာအဖြစ် ပြောင်းလဲသွားရသည်။ သူ့နှလုံးသားသည်ကား လုဇန်နှင့်အတူ ကမ္မမီးတောက်၏ လောင်ကျွမ်းခြင်းကို ခံခဲ့ရပြီး အဆုံးမဲ့လူသားလောကအတွင်း၌ တစ်ခါမှမမြင်ဖူးသည့် ကြောက်မက်ဖွယ်စိတ်ဆန္ဒတစ်ခုသာ ကျန်ရစ်ခဲ့ကာ ဗဟိုသွေးမြို့တော်မှ သွေးနီရောင်ဝတ်ရုံ၏ ကာကွယ်မှုကို ခံထားရ၏။ နောက်ပိုင်းတွင်မူ သွေးနီရောင်ဝတ်ရုံက ပြိုလဲသွားပြီး သူ့စိတ်ဆန္ဒမှာ သားစားကြူးနတ်ဘုရား၏ ဦးခေါင်းအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။

“အရေပြားအပိုင်းအစတွေ၊ ရေငုပ်ဝတ်စုံ အပိုင်းအစတွေ...”

ပြင်းထန်သော နာကျင်မှုများကြားက မျက်လုံးပွင့်လာချိန်တွင်မူ ကောင်းမင်သည် ဖျက်ဆီးခံထားရသော လူသားကမ္ဘာသစ်ရွက်ကို မြင်တွေ့လိုက်ရလေသည်။ စိတ်ဖောက်ပြန်မှု၏ စွမ်းအားကို တစ်ကြိမ် အသုံးပြုပြီးနောက်တွင်မူ ၎င်းမှာ လုံးဝ အထိန်းအကွပ်မဲ့သွားသဖြင့် ကောင်းမင်ကိုယ်တိုင်လည်း ဘာဖြစ်လာမည်ဆိုသည်ကို မသိခဲ့ပါချေ။

ဤဘေးကပ်ဆိုးမှ လွတ်မြောက်သွားကြသည့် သက်ရှိများသည် လုဇန်၏ ကျွန်ပြုမှုကို မခံရတော့သလို ကံကြမ္မာ၏ အချုပ်အနှောင်များမှလည်း ရုန်းထွက်နိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် ပုပ်သိုးဆွေးမြေ့ခြင်း၏ ဗဟိုချက်ဆီသို့ နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုလေးစားစွာ လှမ်းကြည့်နေကြလေသည်။ တစ်ချိန်က ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးထားခဲ့သည့် သားစားကြူးနတ်ဘုရားသည် ယခုတွင် သူ့အရိုးနှင့် အသွေးအသားများအားလုံး ပေါင်းစည်းလိုက်လျှင်ပင် သာမန်လူတစ်ယောက်၏ အမြင့်လောက်သာ ရှိတော့သည်။

သားစားကြူးနတ်ဘုရား၏ သရဲမျက်နှာလေးခုလုံး အိပ်ပျော်သွားကြပြီဖြစ်သည်။ ကောင်းမင်သာလျှင် ထိုခန္ဓာကိုယ်ကို ထိန်းချုပ်နေရခြင်း ဖြစ်၏။

စီတုအန်းနှင့် လုဇန်တို့ကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ပြီး သူ့ကိုယ်ပိုင်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ခြင်းကြောင့် ကောင်းမင်ကို ချည်နှောင်ထားသည့် ကံကြမ္မာကြိုးမျှင်များမှာ နောက်တစ်ကြိမ် ပြတ်တောက်သွားရသည်။ ပိုအရေးကြီးသည်မှာ ကံကြမ္မာသစ်ပင်သည် ဤကဲ့သို့ လုံးဝယုတ္တိမရှိဘဲ စည်းမျဉ်းများကို လျစ်လျူရှုထားသည့်အရာကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းပင်။ လူသားလောက သစ်ရွက်များနှင့် ဖုံးလွှမ်းခံထားရသည့် စိတ်ဖောက်ပြန်မှုကမ္ဘာကြီးသည် ကံကြမ္မာသစ်ပင်မှ ထွက်ပေါ်လာသည့် “နိုးထမှု” ကိုပါ အတူတကွ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်တော့၏။

“ဒီတစ်ကြိမ်တော့ ငါသူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ပြီ၊ ဒါပေမဲ့ ငါ့မှာလည်း ဝိညာဉ်အပိုင်းအစလေးတစ်ခုပဲ ကျန်တော့တယ်...”

ကောင်းမင်သည် မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း စုတ်ပြဲနေသည့် ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။ ညကောင်းကင်ယံအထက်က ကံကြမ္မာသစ်ပင်ကြီးကတော့ သိသိသာသာပင် ချို့ယွင်းလာနေချေပြီ။ လူသားကမ္ဘာသစ်ရွက်များ သွေးရောင်အဖြစ် ပြောင်းလဲသွားသည့် အရှိန်က ရုတ်တရက် မြန်ဆန်လာပြီး မရေမတွက်နိုင်သော “နတ်ဘုရားသဖွယ် ဖြစ်တည်မှု” များသည် ကံကြမ္မာ၏ ထိန်းချုပ်မှုကနေ စတင် ရုန်းထွက်လာကြပြီ ဖြစ်သည်။

ကံကြမ္မာသစ်ပင်သည် သက်ရှိအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်ဦးချင်းအနေဖြင့် ရုန်းကန်ရန်အခွင့်အရေးက အလွန်ရှားပါးလှသည်။ သို့သော်လည်း ၎င်းအားနည်းလာသည်နှင့် များစွာသောလူများသည် ကံကြမ္မာ၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်မည့် ဖြစ်နိုင်ခြေကို မြင်တွေ့လာကြရပြီ ဖြစ်၏။

All Chapters