← Chapters

အခန်း ၉၃၃

Vol. 67 Ch. 933

အခန်း ၉၃၃

Vol. 67 Ch. 933

အပိုင်း (၉၃၃) ဟင်းလင်းပြင်သွေးမြိုတော်၏ အရှင်သခင်

“မင်း အရင်က ဒီမှာ ရှိနေခဲ့ဖူးတယ် ဟုတ်လား”

ကျိုးကြောင်းဆင်ခြင်တုံတရားအရမူ ယင်းမှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း ကောင်းမင်ကိုတော့ သာမန်လူသားတစ်ယောက်၏ အတွေးအမြင်မျိုးဖြင့် တိုင်းတာ၍မရနိုင်ချေ။

“မင်းက အတွင်းကမ္ဘာရဲ့ အိပ်မက်စည်းမျဉ်းတွေကို ကျွမ်းကျင်ထားတာပဲ၊ မင်း ဒီကို တကယ်ရောက်ဖူးနေတာလည်း ဖြစ်နိုင်ပါတယ်”

ကိုယ်ပိုင်ကိစ္စအသီးသီးဖြင့် ရှုပ်ယှက်ခတ်နေကာ ဥပဒဟိုသွားလာနေကြသည့် လူအုပ်ကြီးသည် ကောင်းမင်နှင့် လုအန်းတို့ကို မြင်လိုက်ရချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး သူတို့၏ နောက်ကျောမှ တရွေ့ရွေ့ လိုက်ပါလာကြတော့သည်။ နက်ရှိုင်းလှသော အိပ်မက်ကမ္ဘာထဲတွင် ကံကြမ္မာသခင်များ တည်ဆောက်ထားသည့် ဤ “အိမ်” ကြီးမှာ အလွန်ကြီးမားလှသည်။ ထူးဆန်းသော အခန်းအတွဲလိုက်များကို ဖြတ်သန်းသွားရင်း အခန်းတိုင်း၌ ဧရာမမှန်ကြီးတစ်ချပ်စီ ရှိနေသည်ကို ကောင်းမင် သတိပြုမိလိုက်သည်။ မှန်မျက်နှာပြင်များကိုမူ အမည်းရောင်ပိတ်စများဖြင့် လုံခြုံစွာ ဖုံးအုပ်ထားကြပြီး ယင်းပိတ်စများကို အလွယ်တကူ လှန်မကြည့်သင့်မှန်း သိသာပေသည်။

မှန်များနှင့် ပိုမိုနီးကပ်လာလေလေ ကောင်းမင်စိတ်ထဲရှိ ရင်းနှီးမှု ခံစားချက်မှာလည်း ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်။

သူ့နောက်တွင် စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသူများ ပိုမိုများပြားလာသည်နှင့်အမျှ ကောင်းမင်သည်လည်း ဖိအားများကို တဖြည်းဖြည်း ခံစားလာရသည်။ သတိကြီးစွာ ထားနေသည့် သူ့ပုံစံကို မြင်သည့်အခါ လုအန်းက ပြုံးရင်း ဆိုလာသည်။

“စိတ်မပူပါနဲ့၊ သူတို့အများစုက ကံကြမ္မာရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ သနားစရာကောင်းတဲ့ သာမန်လူတွေပါ၊ သူတို့ သေဆုံးပြီးတဲ့နောက်မှာ ဝိညာဉ်တွေက ဒီကို ပြန်ရောက်လာကြတာလေ၊ အတွင်းကမ္ဘာထဲက သရဲတွေနဲ့ အတူတူပါပဲ”

အကယ်၍ ဤနေရာတွင် အခြားသူတစ်ဦးဦးသာဆိုပါက လုအန်း၏ ဤနှစ်သိမ့်စကားကြောင့် စိတ်သက်သာရာရသွားမည် မဟုတ်ချေ။

ကောင်းမင်သည်လည်း ထိုစကားကို ကြားပြီးနောက် သိပ်များများစားစား ပြန်မပြောတော့ဘဲ လုအန်းနောက်မှလိုက်၍ အိမ်၏ ဗဟိုချက်ဆီသို့ လိုက်ပါသွားခဲ့သည်။ ထူးဆန်းသော အခန်းတွဲများ၏ အလယ်ဗဟိုတွင်မူ စက္ကူမျက်နှာဖုံးများဖြင့် ပြုလုပ်ထားသည့် ဂူသင်္ချိုင်းတောင်ကုန်းကြီးတစ်ခု ရှိနေလေသည်။

“အသက်ဆိုတာ စက္ကူလေးတစ်ချပ်လိုပဲ နုနယ်လှပါတယ်၊ ဒါပေမဲ့ ဒီလောက်များပြားလှတဲ့ အသက်တွေကို စုပုံလိုက်တဲ့အခါမှာတော့ ဘယ်တောင်တန်းထက်မဆို ပိုမြင့်သွားခဲ့ပြီ”

လုအန်းသည် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ရင်း ဂူသင်္ချိုင်းတောင်ကုန်းကြီးဆီသို့ ဦးညွှတ်ဂါရဝပြုကာ အမွှေးတိုင်ကိုးတိုင်ကို ထွန်းညှိလိုက်သည်။

မကြာမီအချိန်အတွင်း အရပ်မျက်နှာအသီးသီးမှ ဝတ်စုံမျိုးစုံဝတ်ဆင်ထားပြီး စက္ကူမျက်နှာဖုံးများ တပ်ဆင်ထားသည့် ကံကြမ္မာသခင်များသည် သူတို့အခန်းများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြတော့သည်။ သူတို့၏ အငွေ့အသက်များသည် မှောင်မိုက်ကာ ရှုပ်ထွေးနေသဖြင့် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ခွဲခြားသိနိုင်ရန် ခက်ခဲပေသည်။

“ဒါတွေအကုန်လုံးက ကံကြမ္မာသခင်တွေချည်းပဲလား”

ကောင်းမင်၏ စိတ်ဆန္ဒက သူတို့အပေါ် ဖြတ်သန်းကြည့်ရှုလိုက်သောအခါ ကံကြမ္မာသခင်အရေအတွက်မှာ သူထင်မှတ်ထားသည်ထက် များပြားလို့နေ၏။

လုအန်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကောင်းမင်ရှေ့တွင် ရပ်လိုက်ပြီး အခြားကံကြမ္မာသခင်များကို ကောင်းမင်နှင့် မိတ်ဆက်ပေးနေသကဲ့သို့ သို့မဟုတ် စက္ကူမျက်နှာဖုံး ဂူသင်္ချိုင်းထဲမှ ဝိညာဉ်များကို နှစ်သိမ့်ပေးနေသကဲ့သို့ ဆိုလိုက်သည်။

“လုဇန် သေသွားပြီ၊ ပြီးတော့ ကံကြမ္မာသစ်ပင်ရဲ့ ‘ဝိညာဉ်အဆီအနှစ်’ ကလည်း ကောင်းမင်ရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီ၊ ဒါဟာ မရေမတွက်နိုင်တဲ့ ခေတ်အဆက်ဆက်အတွင်း ကံကြမ္မာအတွက် အပြင်းထန်ဆုံး ဒဏ်ရာရတာပဲ”

စက္ကူမျက်နှာဖုံးများအောက်မှ မျက်ဝန်းများသည် ကောင်းမင်ကို စိုက်ကြည့်လာကြပြီး ထိုမျက်ဝန်းများထဲတွင် ရိုသေလေးစားမှု၊ စူးစမ်းလိုမှု၊ အံ့ဩတုန်လှုပ်မှုများနှင့်အတူ အရာအားလုံးထက် ပိုမိုပြင်းထန်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားကြသည်။

သူတို့ ပြောနေကြသည့် ဝိညာဉ်အဆီအနှစ်ဆိုသည်မှာ ကောင်းမင် နားလည်ထားသည့် ‘နိုးထမှု’ ကို ဆိုလိုခြင်း ဖြစ်သည်။ စိတ်ဖောက်ပြန်မှုကမ္ဘာထဲတွင် နိုးထမှုကို ဆုံးရှုံးလိုက်ရခြင်းသည် ထာဝရ ပျက်စီးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အရာအားလုံး ဆုံးရှုံးသွားခြင်းဟုလည်း ဆိုနိုင်ပေသည်။ ကံကြမ္မာသစ်ပင်ကြီးအတွက်မူ နိုးထမှုမှာ အလွန်တရာအရေးပါလှသည်။

“အတွင်းကမ္ဘာထဲက စွန့်ပစ်ခံဝိညာဉ်တွေက ကံကြမ္မာရဲ့ ရုပ်အလောင်းတွေကို လူသားလောကထဲ ပြန်ပို့ပေးခဲ့တယ်၊ သွေးပင်လယ်ကြီးကလည်း လျှံထွက်လာပြီး ကံကြမ္မာသစ်ပင်ရဲ့ သစ်ကိုင်း သစ်ရွက်တွေကို သွေးနီရောင် ဆိုးပစ်လိုက်ပြီ... အရာအားလုံးက သူ စီစဉ်ထားခဲ့တဲ့အတိုင်း အတိအကျပဲ”

လုအန်းသည် သူ့လက်များကို ဆန့်တန်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာအမာရွတ်မျိုးစုံမှာ နဂါးပုံစံကွက်များအဖြစ်သို့ ပြောင်းလဲသွားကြလေသည်။

“နဂါးချိတ်ပိတ်ရွာအောက်ခြေက အပြောင်းအလဲတွေ လွတ်မြောက်သွားခဲ့ပြီ၊ ပြီးတော့ အကျိုးအကြောင်းတွေရဲ့ အသက်သွေးကြောကို ခိုးယူထားခဲ့တဲ့ လုဇန်လည်း ပျက်စီးသွားခဲ့ပြီ၊ ငါတို့တွေဟာ ကံကြမ္မာသစ်ပင်ကြီးကို ဖြတ်တောက်ဖို့အတွက် ပိုပြီး နီးစပ်လာခဲ့ကြပြီ”

မည်သည့် အောင်ပွဲခံအော်ဟစ်သံမှ ထွက်ပေါ်မလာသော်လည်း အသက်မဲ့နေသည့် ထိုမျက်ဝန်းများထဲ ရုတ်ချည်းတောက်ပလာသည့် အလင်းတန်းများကပင် လုအန်း၏ စကားများသည် ကံကြမ္မာသခင်များအပေါ် မည်မျှ သက်ရောက်မှုရှိစေခဲ့သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သူတို့သည် အဆုံးမဲ့လူသားလောကကြီးထဲတွင် အပင်ပန်းခံ ရုန်းကန်ခဲ့ကြရပြီး အနက်ရှိုင်းဆုံး အိပ်မက်များ၏ ချည်နှောင်ခြင်းကို ခံခဲ့ကြရသည်။ မျိုးဆက်တစ်ခုပြီးတစ်ခု စတေးခဲ့ကြရပြီး နောက်ဆုံးတွင် ဤအဆုံးမဲ့ စိတ်ပျက်အားငယ်မှုများကြားမှ အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီ ဖြစ်သည်။ အမွှေးတိုင်နံ့များမှာ သူတို့ဘေးပတ်ပတ်လည်တွင် ရစ်ဝဲနေပြီး အိပ်မက်ကမ္ဘာထဲတွင် လေညင်းတစ်ချက် တိုက်ခတ်လာသကဲ့သို့ ဂူသင်္ချိုင်းတောင်ကုန်းပေါ်မှ စက္ကူမျက်နှာဖုံးများမှာ တဖျတ်ဖျတ် လှုပ်ရှားသွားကြသည်။

ကံကြမ္မာသခင်များ၏ ဘဝသည် ဆင်းရဲပင်ပန်းမှုများနှင့်သာ သတ်မှတ်ခံထားရပြီး နေ့အလင်းရောင်ကို မြင်တွေ့နိုင်စွမ်း မရှိကြချေ။ ဤနေရာရှိ မျက်နှာဖုံးတစ်ခုချင်းစီတိုင်းမှာ မိမိတို့နှင့် သက်ဆိုင်ရာ လူသားကမ္ဘာသစ်ရွက်များပေါ်တွင် ကံကြမ္မာကို ပြောင်းလဲပေးခဲ့ကြပြီး သေဆုံးသွားသည့်တိုင် မည်သည့်အမည်နာမမှ မချန်ရစ်ခဲ့ဘဲ မြေမှုန့်အဖြစ်သို့သာ ပြန်လည်ရောက်ရှိသွားကြသည့် ကံကြမ္မာသခင်တစ်ဦးချင်းစီကို ကိုယ်စားပြုနေခြင်း ဖြစ်သည်။

“မင်း ခဏခဏ ပြောနေတဲ့ ‘သူ’ ဆိုတာ ဘယ်သူလဲ”

ကောင်းမင်က လုအန်းစကားကို ဖြတ်ပြောလိုက်သည်။

“ဘယ်ကံကြမ္မာသခင်မှ အဲဒီလူရဲ့ နာမည်ကို မပြောဝံ့ကြဘူး၊ အဲဒါက ကြောက်လို့မဟုတ်ဘဲ ကာကွယ်ပေးချင်လို့ပဲ၊ သူက အနက်ရှိုင်းဆုံး အိပ်မက်ကမ္ဘာနဲ့ ယင်နဲ့ယန်ကြားက အိမ်ကို တည်ဆောက်ပေးခဲ့တာ၊ သူဟာ ကံကြမ္မာမြစ်ကြီးထဲကနေ ပထမဆုံး ခုန်ထွက်နိုင်ခဲ့တဲ့ ငါးတစ်ကောင်ဖြစ်သလို ပထမဆုံး အတောင်စုံခဲ့တဲ့ ငှက်တစ်ကောင်လည်း ဖြစ်တယ်”

လုအန်း၏ စွမ်းအားသည် ကံကြမ္မာသခင်များအားလုံးထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူသာ အားနည်းမည်ဆိုပါက စုံစမ်းစစ်ဆေးရန်အတွက် လုဇန်၏ လူသားကမ္ဘာထဲသို့ ခိုးဝင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဤကဲ့သို့သော ထိပ်သီးကံကြမ္မာသခင်တစ်ယောက်ကပင် ထိုလူနှင့်ပတ်သက်၍ အလွန်ရိုသေလေးစားစွာဖြင့် ဆိုလာလေသည်။

“သူက ငါတို့အားလုံးအတွက် လမ်းတစ်ခု ဖောက်လုပ်ပေးခဲ့တယ်၊ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကြားထဲကနေ တစ်ခုတည်းသော အခွင့်အရေးကို ရှာဖွေပေးခဲ့တာပါ”

“မင်းက အခွင့်အရေးတွေအကြောင်းပဲ အမြဲတမ်း ပြောနေတာပဲ၊ မင်းတို့ ဒီအခွင့်အရေးကို ဘယ်လိုအသုံးချဖို့ ပြင်ဆင်ထားလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

ကောင်းမင်သည် လုအန်း၏ စကားများကို အခြားသူများထက် ပိုမိုနားလည်နိုင်စွမ်း ရှိပေသည်။ သူသည်လည်း ဥမင်လိုဏ်ခေါင်းထဲတွင် ထပ်ခါတလဲလဲ သေဆုံးခဲ့ရပြီး သူ့ကိုယ်ပိုင် ရုပ်အလောင်းများမှတစ်ဆင့် ပြီးပြည့်စုံသော သားစားကြူးနတ်ဘုရားတစ်ပါးကို ဖန်တီး၍ သူ့ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးရခဲ့ခြင်း မဟုတ်ပါလား။

“ကံကြမ္မာသစ်ပင်က သက်ရှိအားလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတာ၊ အဆုံးမဲ့လူသားလောကထဲမှာ ငါတို့တွေ ဆန့်ကျင်တွန်းလှန်ချင်တဲ့ စိတ်ကူးလေး နည်းနည်းပဲ ရှိနေရင်တောင် ဖိနှိပ်ခံရမှာပဲ၊ လူတိုင်းက ကံကြမ္မာရဲ့ ဇာတ်ညွှန်းအတိုင်း သေခြင်းတရားဆီကိုပဲ လျှောက်လှမ်းနေရတာ၊ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး၊ မမျှော်လင့်ထားလောက်အောင် အရမ်းထူးချွန်ပြီး ကံကြမ္မာအလိုကျ နာခံတတ်တဲ့ လူနည်းစုလေးတွေပဲ ‘နတ်ဘုရားလို ဖြစ်တည်မှုတွေ’ ဖြစ်လာကြပြီး ရှေးဟောင်းမိစ္ဆာအချို့ကတော့ ယင်နဲ့ယန်ကြားထဲမှာ ပုန်းနေရင်း ‘မိစ္ဆာဆန်တဲ့ ဖြစ်တည်မှုတွေ’ ဖြစ်လာကြတာပေါ့”

“ငါတို့တွေဟာ အချိန်တစ်ခုကြာတဲ့အထိ ကံကြမ္မာသစ်ပင်ကြီးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ သူက လူသားလောကရဲ့ စည်းမျဉ်းအားလုံးကို ပိုင်ဆိုင်ထားပြီး စနစ်တကျဖြစ်တည်မှုကို ကိုယ်စားပြုနေတာ၊ သူ့ရဲ့ အမြစ်တွေက အတိတ်နဲ့ အနာဂတ်အထိပါ ပြန့်နှံ့နေခဲ့တာ၊ ငါတို့ လေ့လာခဲ့သမျှ တိုက်ခိုက်ရေးနည်းလမ်းတွေက ကံကြမ္မာအပေါ်မှာ လုံးဝအကျိုးသက်ရောက်မှု မရှိခဲ့ဘူး”

ပြောလိုက်သူမှာ အခြားကံကြမ္မာသခင်တစ်ဦး ဖြစ်သည်။ သူမသည် ပိန်ပိန်ပါးပါးဖြင့် အားနည်းပုံ ပေါက်သော်လည်း သူမခန္ဓာကိုယ်ထဲတွင်မူ ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားပြီး သူမ၏ သွေးကြောမှတ်များပေါ်တွင်လည်း ချိတ်ပိတ်အဆောင်များ ဖုံးလွှမ်းနေခဲ့သည်။

“ကံကြမ္မာသစ်ပင်ကို ထိခိုက်အောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ သူ မတတ်မြောက်ထားသေးတဲ့ စည်းမျဉ်း ၁၃ ခုပဲ ရှိတယ်၊ အဲဒါက အတွင်းကမ္ဘာရဲ့ သွေးမြို့တော် ၁၃ ခုပဲ”

လုအန်းက ကောင်းမင်ကို လှမ်းကြည့်လိုက်သည်။

“ကံကြမ္မာကို သတ်နိုင်မယ့်နည်းလမ်းကို ရှာဖို့အတွက် ငါတို့တွေဟာ နက်ရှိုင်းတဲ့ အိပ်မက်ကမ္ဘာကနေတစ်ဆင့် အတွင်းကမ္ဘာဆီကို သွားမယ့်လမ်းကြောင်းကို ရှာဖွေခဲ့ကြတယ်”

အမျိုးသမီး ကံကြမ္မာသခင်က အခန်းထဲရှိ မှန်ချပ်ပေါ်တွင် ဖုံးအုပ်ထားသည့် အမည်းရောင်ပိတ်စကို မတင်လိုက်သည်။ အတွင်းဘက်တွင်လည်း သင်္ချိုင်းဂူတစ်ခု ရှိနေခဲ့ပြီး ယင်းမှာ ကောင်းမင် ယခင်က မြင်တွေ့ခဲ့ဖူးသည့် ဧရာမသင်္ချိုင်းဂူကြီး ဖြစ်နေလေသည်။

“ဟင်းလင်းပြင်သွေးမြို့တော်လား”

“မင်းက အဲဒါကို ဟင်းလင်းပြင်သွေးမြို့တော်လို့ ခေါ်တာလား”

“မှန်တယ်၊ ဘာမှမရှိခြင်းဆိုတာ ဖြစ်တည်မှုမရှိတာကို ဆိုလိုတာမဟုတ်ဘူး၊ အငြင်းပွားမှုတွေ၊ မေးခွန်းတွေနဲ့ စိတ်ကူးစိတ်သန်းတွေကနေတစ်ဆင့် ကမ္ဘာကြီးအပေါ် ကြားဝင်စွက်ဖက်ပြီး အခွင့်အလမ်းသစ်တွေကို အတည်ပြုပေးတာကို ဆိုလိုတာပဲ၊ ငါတို့ ကံကြမ္မာသခင်တွေဟာ ဘဝတစ်ခုလုံးကို အဓိပ္ပာယ်မရှိတဲ့အရာတွေ၊ မဖြစ်နိုင်တဲ့အရာတွေနဲ့ ကုန်ဆုံးခဲ့ကြရပေမဲ့ ဒီဘာမှမရှိခြင်းဆိုတဲ့ အတွင်းကမ္ဘာရဲ့ စည်းမျဉ်းတွေနဲ့တော့ တစ်ထပ်တည်း ကျနေခဲ့ကြတယ်”

လုအန်းက ရှင်းပြသည်။

“တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးမှုတွေနဲ့ မရေမတွက်နိုင်တဲ့ ကြိုးစားမှုတွေကနေတစ်ဆင့် အဆုံးမဲ့လူသားလောကကနေ အတွင်းကမ္ဘာထဲကို ကျဆင်းသွားကြတဲ့လူတွေဟာ ဘာမှမရှိခြင်း(ဟင်းလင်းပြင်) သွေးမြို့တော်ရဲ့ သခင်တွေ ဖြစ်လာခဲ့ကြတာပေါ့”

“ခဏနေပါဦး”

ကောင်းမင်သည် လုအန်း၏ စကားသုံးနှုန်းပုံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရခြင်း ဖြစ်သည်။ ဘာမှမရှိခြင်းသွေးမြို့တော်၏ သခင်များနှင့် ဆုံတွေ့ခဲ့ခြင်း မဟုတ်ဘဲ၊ ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟူ၍ပင်။

“ဘာမှမရှိခြင်းသွေးမြို့တော်ရဲ့ သခင်က တစ်ယောက်တည်း မဟုတ်ဘူးလား”

“ခပ်သိမ်းသောအရာတွေနဲ့ တည်ရှိမှုအားလုံး တည်ရှိနေတဲ့အခါ အရာအားလုံးက တည်ရှိနေမှာပဲ၊ ခပ်သိမ်းသောအရာတွေနဲ့ သက်ရှိတွေ ပျက်စီးသွားတဲ့အခါ အရာအားလုံးက ဘာမှမရှိခြင်း (ဗလာ) အဖြစ် ပြောင်းလဲသွားမှာပဲ၊ ဘယ်ဝိညာဉ် ဒါမှမဟုတ် ဘယ်စွဲလမ်းမှုကမှ အတွင်းကမ္ဘာထဲက ဘာမှမရှိခြင်းရဲ့ သခင် ဖြစ်မလာနိုင်ပါဘူး၊ ဒါက မူလကတည်းက ဗလာဖြစ်နေတဲ့ အခြေအနေတစ်ခုကို ကိုယ်စားပြုနေတာ၊ လူသားလောကထဲက သက်ရှိတွေ အဲဒီထဲကို ဝင်သွားပြီးမှသာ အဲဒီဘာမှမရှိခြင်းကို အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုပေးနိုင်ခဲ့တာပေါ့”

“မင်းတို့ သွေးမြို့တော်တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ ငါသိပ်မယုံကြည်နိုင်ဘူး ဖြစ်နေတယ်”

ကောင်းမင် ပထမဆုံးအကြိမ် စိတ်ဖောက်ပြန်မှုစွမ်းရည်ကို အသုံးပြုခဲ့စဉ်က ဟင်းလင်းပြင်သွေးမြို့တော်ထဲ၌ မသိထိုက်သူဖြစ်တည်မှုကို လုံးဝရှာမတွေ့ခဲ့ချေ။ ထိုဖြစ်တည်မှုတွင် ရုပ်ခန္ဓာမရှိခြင်းဟူသည့် အချက်မှာ အလွန်ထူးဆန်းလှသည်။ သူသည် စိတ်ဖောက်ပြန်မှု ပျက်ပြယ်သွားပြီးနောက်တွင်မှ ရှင်းလုသွေးမြို့တော်ထဲတွင် မသိထိုက်သူအဆင့်နှင့် ယှဉ်နိုင်သည့် အားကောင်းသော ဖြစ်တည်မှုတစ်ခုကို အာရုံခံမိခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ ရုပ်ခန္ဓာကိုတော့ မမြင်တွေ့ခဲ့ရချေ။

“တကယ်တော့ ငါတို့ဟာ တစ်ယောက်တည်းနဲ့ သွေးမြို့တော်သခင် ဖြစ်လာကြတာ မဟုတ်ဘူး၊ အဲဒီအစား ငါတို့ ကံကြမ္မာသခင်တွေရဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဟင်းလင်းပြင်သွေးမြို့တော်ထဲမှာ ငါတို့ကိုယ်ပိုင်အတွက် ဧရာမသင်္ချိုင်းဂူကြီးတစ်ခုကို တည်ဆောက်ခဲ့ကြတာပဲ”

လုအန်းက ပြုံးရင်း သူ့စက္ကူမျက်နှာဖုံး၏ အစွန်းနားဆီသို့ လက်လှမ်းလိုက်လေသည်။ အခြား ကံကြမ္မာသခင်များသည်လည်း အနည်းငယ်တွေဝေနေကြပြီးနောက် တူညီသော လက်ဟန်မျိုး ပြုလုပ်လိုက်ကြတော့သည်။

“ဗလာဖြစ်ခြင်းဆိုတာ လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးအကြားက ကွဲအက်မှုတစ်ခုဖြစ်သလို ကြီးမားတဲ့ စိတ်ပျက်အားငယ်မှုကြားက နောက်ဆုံးနှစ်သိမ့်မှုလည်း ဖြစ်တယ်၊ ငါတို့တွေ အဆုံးမဲ့လူသားလောကထဲက လုယူခဲ့တဲ့ အသက်တွေကို အတွင်းကမ္ဘာထဲမှာ မြှုပ်နှံထားခဲ့ပြီး ငါတို့ရဲ့ မျှော်လင့်ချက်အားလုံး ကိန်းအောင်းနေတဲ့ဝိညာဉ်တစ်ခုကို မွေးမြူခဲ့ကြတာပဲ”

လုအန်းနှင့် ထိုနေရာတွင် ရှိနေကြသည့် ကံကြမ္မာသခင်အများအပြားသည် သူတို့၏ မျက်နှာဖုံးများကို ချွတ်ပစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် စက္ကူမျက်နှာဖုံးများထဲတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။ သူတို့မျက်နှာဖုံးများကို ချွတ်လိုက်ချိတ်တွင်မူ သူတို့၏ ကိုယ်ပိုင်မျက်နှာများအားလုံးသည် စတေးခံထားရသည့်အလား ဝေဝါးနေကာ လုံးဝဗလာဖြစ်နေလေသည်။

“ဆိုတော့ အဲဒီသင်္ချိုင်းဂူကြီးထဲမှာ မင်းတို့အားလုံးရဲ့ အသက်တွေကို မြှုပ်နှံထားခဲ့တာပေါ့၊ အတွင်းကမ္ဘာထဲမှာ လမ်းကြောင်းတည်ဆောက်နေတုန်းက မင်းတို့တွေ ဘာလို့ ဒီလောက်အထိ အလျင်အမြန်တုံ့ပြန်ခဲ့ကြလဲဆိုတာ မဆန်းတော့ပါဘူး၊ ဒါကြောင့်လည်း ကံကြမ္မာသစ်ပင်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါမှာလည်း မင်းတို့ရဲ့ တုံ့ပြန်မှုက ဒီလောက်ပြင်းထန်ခဲ့တာကိုး”

ကောင်းမင်သည် ဟင်းလင်းပြင်သွေးမြို့တော်သို့ ရောက်ခဲ့ဖူးသဖြင့် ထိုနေရာတွင် စက္ကူမျက်နှာဖုံး ဝတ်ဆင်ထားသည့် သရဲများကို မြင်တွေ့ခဲ့ဖူးသည်။ သူတို့ထဲမှ အချို့မှာ အတွင်းကမ္ဘာက လူများနှင့် ဆင်တူသော်လည်း တကယ်တမ်းမူ သူတို့ မဟုတ်ကြချေ။ သူတို့သည် အဆုံးမဲ့လူသားလောကကြီး၏ သစ်ရွက်များပေါ်တွင် ရှိနေကြသည့် အခြားဖြစ်တည်မှုများသာ ဖြစ်နိုင်ပေသည်။ အသိစိတ်က အိပ်မက်ကြိုးမျှင်များကို ပုတ်ခတ်လိုက်ရာ ပုံရိပ်အားလုံး ပျောက်ကွယ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် ကောင်းမင်သည် လုအန်း၏ စကားကို ယုံကြည်ရန် ရွေးချယ်လိုက်လေသည်။

“ကောင်းပြီလေ၊ ငါတို့ အဲဒီအခွင့်အရေးအကြောင်းကိုပဲ ဆက်ပြောကြရအောင်”

All Chapters