အခန်း ၉၃၄
Vol. 67 Ch. 934
အပိုင်း (၉၃၄) ငါက နောက်ဆုံးတံခါးကို လာရိုက်ချိုးတာပဲ
“ကံကြမ္မာသခင်တွေဟာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံပြီး ဘာမှမရှိခြင်းကို အဓိပ္ပာယ်တစ်ခု ဖွင့်ဆိုပေးခဲ့ကြတယ်၊ ဒါပေမဲ့ ငါတို့တွေ ဒီဘာမှမရှိခြင်းရဲ့ စည်းမျဉ်းတွေကို သုံးတာတောင် ကံကြမ္မာသစ်ပင်ကို ထိခိုက်အောင်လုပ်ဖို့ ခက်ခဲနေတုန်းပဲ”
လုအန်းက စက္ကူမျက်နှာဖုံးများကို ပြန်လည်ဝတ်ဆင်လိုက်ရာ သူတို့၏ ဝိညာဉ်များသည် ဧရာမ သင်္ချိုင်းဂူကြီးနှင့် ချိတ်ဆက်သွားကြသည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရူးသွပ်မှုစည်းမျဉ်းတွေနဲ့ အိပ်မက်စည်းမျဉ်းတွေက ကံကြမ္မာသွေးကြောတွေကို အလွယ်တကူ ဖြတ်တောက်နိုင်တာပဲလေ၊ ဘာမှမရှိခြင်း စည်းမျဉ်းကလည်း စည်းမျဉ်း ၁၃ ခုထဲက တစ်ခုပဲမလား၊ အတူတူ လုပ်နိုင်သင့်တာပေါ့”
ကောင်းမင် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။
“သူ ဆိုလိုတာက ကံကြမ္မာသစ်ပင်ရဲ့ အနှစ်သာရ (ဗဟိုချက်) ကို ထိခိုက်အောင် လုပ်ဖို့ကို ပြောတာပါ၊ အဆုံးမဲ့လူသားလောကထဲကို ဖြာထွက်နေတဲ့ ကံကြမ္မာသွေးကြောတွေကို ဖြတ်ဖို့ ဒါမှမဟုတ် ဒီလူသားလောကသစ်ရွက်တွေကို ဖျက်ဆီးဖို့ မဟုတ်ဘူး”
အမျိုးသမီး ကံကြမ္မာသခင်က စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ငါတို့ရဲ့ တစ်ခုတည်းသော ရန်သူက ကံကြမ္မာသစ်ပင်ပဲ”
“တကယ်တော့ ငါတို့တွေ အတွင်းကမ္ဘာနဲ့ အဆက်အသွယ်ရှိခဲ့တာ မင်းတွေးထားတာထက် အများကြီး ပိုကြာခဲ့ပါပြီ၊ လုဇန်က ငါတို့ရဲ့ အစီအစဉ်တွေကို သိနေခဲ့လို့သာ သူ့နည်းသူ့ဟန်နဲ့ တခြားသွေးမြို့တော်တွေကို လိုက်ကြံစည်နေခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးရလဒ်ကို ကြည့်ရသလောက်တော့ သူ လုံးဝ ရှုံးနိမ့်သွားပြီပဲ”
လုအန်းသည် လူသားကမ္ဘာသစ်ရွက်တစ်ခု၏ ဝမ်းနည်းကြေကွဲဖွယ် အခြေအနေကို ပြန်လည်အမှတ်ရသွားဟန်ဖြင့် စကားပြောနှုန်းကို နှေးလိုက်သည်။
“ငါတို့ အကြိမ်ကြိမ် တွက်ချက်ကြည့်သလောက်တော့ စည်းမျဉ်းတစ်ခုတည်းနဲ့ ကံကြမ္မာသစ်ပင်ကို မဖျက်ဆီးနိုင်ဘူး၊ အဲဒါက သူ့ကို တဖြည်းဖြည်းအသားကျသွားစေရုံပဲ ရှိမယ်၊ အတွင်းကမ္ဘာရဲ့ အဆိပ် ၁၃ မျိုးလုံး သူ့ရဲ့ ဗဟိုချက်ထဲကို ရောက်သွားမှသာ အဲဒါကို ဖျက်ဆီးပစ်နိုင်မှာ”
လုအန်းက အလေးအနက်ထားသည့် အနေဖြင့် ထပ်လောင်းပြောကြားလိုက်သည်။
“ကံကြမ္မာသစ်ပင်ရဲ့ အတွင်းပိုင်းထဲကို ဝင်ဖို့ လိုအပ်တယ်”
“မင်းတို့မှာ သူ့ခန္ဓာကိုယ်ထဲကို ဝင်နိုင်မယ့်နည်းလမ်း ရှိလို့လား”
ကောင်းမင်၏ အာရုံစိုက်မှုက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ လုအန်း ပြောမည့် စကားတစ်လုံးချင်းစီကို လွတ်မသွားစေရန် သတိထားလိုက်သည်။
“ဒါက ငါအစောပိုင်းက ပြောခဲ့တဲ့ အခွင့်အရေးပဲ”
လုအန်းက ပြုံးလိုက်ရာ စက္ကူမျက်နှာဖုံးမှာ ပိုမိုရှင်းလင်းလာ၏။
“ကံကြမ္မာအလောင်း ပြန်ရောက်လာပြီးတဲ့နောက်မှာ လူသားလောကထဲမှာ ကံကြမ္မာရဲ့ ထိန်းချုပ်မှုကိုမခံရတဲ့ စည်းမျဉ်းအသစ်တွေ မွေးဖွားလာလိမ့်မယ်၊ ငါတို့က ကံကြမ္မာရဲ့ အရာခပ်သိမ်းသိမြင်နိုင်စွမ်းနဲ့ မရှုံးနိမ့်နိုင်စွမ်းတွေကို အရင်ဆုံး ချိုးဖျက်ပစ်မယ်၊ အဲဒီနောက် အတွင်းကမ္ဘာနဲ့ အဆုံးမဲ့လူသားလောကကြားက လမ်းကြောင်းကြီး ပွင့်သွားပြီး မေ့လျော့ခံထားရတဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ပျက်အားငယ်မှုတွေက ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်၊ သွေးမြို့တော်သခင်တွေက ကံကြမ္မာကို ခြိမ်းခြောက်နိုင်တဲ့ အဆိပ်တွေကို လူသားလောကထဲ ပြန်ယူလာကြလိမ့်မယ်၊ အဲဒီနောက် အရေးကြီးဆုံးအချက်ကတော့... အဆုံးမဲ့လူသားလောကကြီး သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်မသွားစေဖို့ ဧရာမကံကြမ္မာသစ်ပင်ကြီးက သက်ရှိအားလုံး ခြေချရာနေရာတိုင်းကို သူ့ရဲ့ ရွက်ကြောတွေကို ဖြန့်ကျက်ထားရတာ၊ သူ့ရဲ့ စိတ်ဆန္ဒအများစုကို သက်ရှိအားလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့နဲ့ ယင်ယန်ကြားက ‘မကောင်းဆိုးဝါး’ ဖြစ်တည်မှုများစွာကို ဖိနှိပ်ဖို့ အသုံးပြုနေရတာ၊ အဲဒီတော့ သူခွဲထုတ်ပေးနိုင်တဲ့ ‘ဝိညာဉ်အဆီအနှစ်’... မင်းပြောတဲ့ ‘နိုးထမှု’ က တကယ်တော့ အများကြီး မရှိဘူး၊ ထပ်ပြောရရင် သက်ရှိအားလုံးနဲ့ ခပ်သိမ်းသောအရာတွေက ကံကြမ္မာအပေါ် ဆန့်ကျင်မှု ပိုပြင်းထန်လေလေ သူလှုပ်ရှားစေနိုင်တဲ့ ‘ဝိညာဉ်အဆီအနှစ်’ က ပိုနည်းသွားလေလေပဲ”
“ဒီလို ဝိညာဉ်အဆီအနှစ်နဲ့ ကြည်လင်ပြတ်သားမှုဆိုတာ ကံကြမ္မာရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒတစ်ခုကို ကိုယ်စားပြုနေတာပဲ၊ အရင်တုန်းက ကံကြမ္မာသစ်ပင်ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ကံကြမ္မာလိုမျိုးပေါ့... သူက ကိုယ်ပိုင်အသိစိတ် မရှိခဲ့ဘူး၊ ဒါကြောင့်မို့လို့ သက်ရှိအားလုံးက ချည်နှောင်မခံခဲ့ရဘဲ သူတို့ကံကြမ္မာက သူတို့ကိုယ်ပိုင်လက်ထဲမှာပဲ ရှိနေခဲ့တာ၊ ငါတို့ လုပ်ရမယ့်အရာကတော့ ကံကြမ္မာ လှုပ်ရှားစေနိုင်တဲ့ ‘ဝိညာဉ်အဆီအနှစ်’ ကို အရင်ဆုံး သတ်ပစ်ဖို့ပဲ၊ ဒါမှ ကံကြမ္မာသစ်ပင်ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒက ကြည်လင်ပြတ်သားမှု မရှိတော့မှာ”
“ဒါက အခက်ခဲဆုံးအပိုင်းပဲ၊ အဲဒီ ဝိညာဉ်အဆီအနှစ်နည်းနည်းလေးက ကံကြမ္မာသစ်ပင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတာမို့ အပြင်ကိုဆွဲထုတ်ဖို့က အရမ်းခက်ခဲတယ်၊ တကယ်လို့ အပြင်ကို ဆွဲထုတ်နိုင်ခဲ့ရင်တောင် ဘယ်သူမှ သူ့ပြိုင်ဘက် မဟုတ်ကြဘူး၊ သူ့ရဲ့ တိုက်ခိုက်မှုတွေက ကံကြမ္မာကို တိုက်ရိုက် ထိုးဖောက်နိုင်တယ်၊ ကံကြမ္မာမဲ့သူတွေပဲ သူ့ရဲ့ အားနည်းချက်ကို ဖမ်းဆုပ်နိုင်လိမ့်မယ်”
လုအန်းသည် စကားကို ခေတ္တရပ်လိုက်ရင်း အခြားကံကြမ္မာသခင်များကို လှမ်းကြည့်လိုက်သည်။
“ဒါပေမဲ့ ဒီအခက်အခဲဆုံးအပိုင်းကိုတော့ ကောင်းမင်က လုပ်ဆောင်ပေးခဲ့ပြီးပြီလေ”
လုံးဝကျော်ဖြတ်နိုင်စွမ်းမရှိဟု ထင်ရသည့် လမ်းဆုံးနှစ်ခုလုံးကို ကောင်းမင်က သူ့ဘဝ၏ အလှပဆုံးအတိတ်များနှင့် အကောင်းဆုံးအနာဂတ်များကို မြှုပ်နှံရင်း ပေးဆပ်ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။
“အခုအချိန်မှာ ကံကြမ္မာသစ်ပင်ရဲ့ ကြည်လင်ပြတ်သားမှုနှင့် ဝိညာဉ်စွမ်းအင်က အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့ပြီ၊ သူက လတ်တလောအတွင်းတော့ ငါတို့ကို သတ်ဖြတ်ဖို့ သစ်ပင်ထဲကနေ ‘ဝိညာဉ်စွမ်းအင်’ တွေ ထပ်ထုတ်နိုင်တော့မှာ မဟုတ်ဘူး၊ ပထမဆုံးအကြိမ်အဖြစ် သူက လုံးဝကို ခံစစ်အနေအထား ရောက်သွားပြီ”
ကံကြမ္မာမဲ့သူများအတွက် ကံကြမ္မာသစ်ပင်၏ ဝိညာဉ်စွမ်းအင်မှာ ရင်ဆိုင်ရ ခက်ခဲလှသော်ငြား ခုခံတွန်းလှန်နိုင်မည့် အခွင့်အလမ်းတော့ ရှိနေသေးသည်။ အခြားသူများ... ထိပ်သီးအဆင့် ကံကြမ္မာသခင်များပင် ဖြစ်ပါစေဦးတော့၊ လုံးဝ ပြိုင်ဘက် မဟုတ်ကြချေ။ ကံကြမ္မာသစ်ပင်က ခြေရာလက်ရာလေးတစ်ခုမျှ တွေ့ရှိသွားသည်နှင့် သူတို့ကို အရင်းအမြစ်ကနေပါ အမြစ်ပြတ် သုတ်သင်နိုင်စွမ်း ရှိပေသည်။ လုအန်း၏ ဖော်ပြချက်ကို ကြားလိုက်ရုံဖြင့်ပင် အချို့ကံကြမ္မာသခင်များ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ တောက်ပလာကြတော့သည်။
“နောက်ထပ် ငါတို့လုပ်ဖို့လိုတဲ့ နောက်ဆုံးအရာတစ်ခုကတော့ ကံကြမ္မာမဲ့သူတစ်ယောက်က ကံကြမ္မာသစ်ပင်ရဲ့ ခံစစ်ကို ဖောက်ထွက်ပြီး အဆိပ် ၁၃ မျိုးကို သူ့အတွင်းထဲကို ပို့ဆောင်ပေးဖို့ပဲ”
အတိတ်မှသည် အနာဂတ်အထိ၊ မရေမတွက်နိုင်သော လောကများကို ဖြတ်သန်းရင်း မရေမတွက်နိုင်သော ကံကြမ္မာသခင်များသည် ဤအဆင့်သို့ ရောက်လာနိုင်ရန်အတွက် သူတို့၏ အသက်များကို ပေးဆပ်စွန့်လွှတ်ခဲ့ကြရခြင်း ဖြစ်သည်။
“ဒါဆို မင်းတို့က ငါ့ကို အတွင်းကမ္ဘာက တခြားသွေးမြို့တော်သခင်တွေကို ဦးဆောင်ပြီး ကံကြမ္မာသစ်ပင်ရဲ့ အတွင်းပိုင်းထဲကို ဝင်စေချင်တာပေါ့ ဟုတ်လား”
ကောင်းမင်သည် သူ၏ သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်တော့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ လျိုယီ သေဆုံးသွားသည့် အချိန်ကတည်းက သူ့လူသားဆန်မှု၏ အစိတ်အပိုင်းတစ်ခုမှာ ပျောက်ဆုံးသွားခဲ့ရပြီ မဟုတ်ပါလော။
စက္ကူမျက်နှာဖုံး ဂူသင်္ချိုင်းတောင်ကုန်းကြီး၏ အတွင်းထဲ၌ ထူးဆန်းသောစာလုံးများ စီးဆင်းနေကြသည်။ ကံကြမ္မာသခင်ကိုးယောက် ဝင်ရောက်သွားသည့်အခါတွင်မူ ထိုစာလုံးများသည် ငွေရောင်မြွေများအလား သူတို့ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်သွားကြပြီး ဆန်းကြယ်လှသော နတ်ဘုရားအဆောင်များအဖြစ် ရက်လုပ်သွားကာ ကောင်းမင်ပင် ခြိမ်းခြောက်မှုကို ခံစားရလောက်သည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လာကြတော့သည်။
“အဆုံးမဲ့လူသားလောကရဲ့ ကျင့်စဉ်စနစ်က အတွင်းကမ္ဘာနဲ့ မတူဘူး၊ ကံကြမ္မာရဲ့ ဖိနှိပ်မှုအောက်မှာ ငါတို့တွေဟာ လူသားကမ္ဘာရဲ့ အကန့်အသတ်ကိုရောက်တဲ့ အဆောင်ကိုးခုကို ဖန်တီးခဲ့ပြီး ဒီကံကြမ္မာသခင်ကိုးယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျင့်ကြံထားခဲ့တယ်”
လုအန်းသည် ထိုကံကြမ္မာသခင်ကိုးယောက်ကို အလွန်ရိုသေလေးစားစွာဖြင့် ကြည့်လိုက်သည်။
“အတွင်းကမ္ဘာရဲ့ စည်းမျဉ်း ၁၃ ခု အဆုံးမဲ့လူသားလောကထဲကို ရောက်လာတာနဲ့ ငါတို့ ဒီအဆောင်ကိုးခုကိုသုံးပြီး ကံကြမ္မာဆီသွားမယ့် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးမယ်”
“အဲဒီအခါကျရင် ငါက အဆိပ်ကို အထဲပို့ပေးလိုက်ရုံပဲပေါ့ ဟုတ်လား”
“ဟုတ်တယ်”
လုအန်း၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။
“ကံကြမ္မာသစ်ပင်ရဲ့ အတွင်းပိုင်းထဲကို ဘယ်သူမှ မဝင်ဖူးကြသေးဘူး၊ အဲဒီထဲမှာ မင်းဘာတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ငါတို့ တွက်ချက်ထားသလောက်တော့ ကံကြမ္မာသစ်ပင်ရဲ့ အတွင်းပိုင်းထဲမှာ ကံကြမ္မာဆီက တိုက်ခိုက်မှုတစ်မျိုးမျိုးကို ခံရလိမ့်မယ်၊ တောင်းပန်ပါတယ်... အဲဒီတိုက်ခိုက်မှုက ဘယ်လိုမျိုးလဲဆိုတာ ငါတို့လည်း မသိနိုင်လို့ပါ”
ကံကြမ္မာသစ်ပင်၏ ကြောက်စရာအကောင်းဆုံးအချက်မှာ ၎င်း၏ တိုက်ခိုက်မှုပုံစံသည် သာမန်တိုက်ခိုက်ခြင်းမျိုး မဟုတ်ခြင်းပင်။ မည်သည့် နည်းစနစ်ချင်း သို့မဟုတ် စည်းမျဉ်းချင်း ထိပ်တိုက်တွေ့ဆုံမှုမျိုးမှမရှိဘဲ ယင်းကို ဖော်ပြရန်ပင် ခက်ခဲလှသည်။
ဥပမာအားဖြင့် ကောင်းမင်နှင့် ကံကြမ္မာ၏ ‘နိုးထမှု’ တို့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံစဉ်က ကောင်းမင်၏ အနိုင်၊ အရှုံး သော့ချက်မှာ သူကိုယ်တိုင်မဟုတ်ဘဲ လျိုယီဖြစ်နေခဲ့ခြင်းမျိုးပင်။
“ငါ နားလည်ပြီ”
ကောင်းမင်၏ ရုပ်ခန္ဓာမှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ မရေမတွက်နိုင်သော သေဆုံးမှုများမှတစ်ဆင့် ပုံသွင်းထားသည့် စိတ်ဆန္ဒနှင့် သားစားကြူးနတ်ဘုရား၏ အကြွင်းအကျန်များသာ ကျန်ရှိတော့သည်။ သူ့တွင် မည်သည့်အားနည်းချက်မျှ မရှိတော့ဟု သူ ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ဆုံးရှုံးစရာ ဘာမှမကျန်တော့ခြင်းကြောင့်ပင်။
“ကောင်းတယ်... ဒါဆို ငါတို့ နောက်ဆုံးပြင်ဆင်မှုတွေကို စကြတာပေါ့”
လုအန်းက အခြားကံကြမ္မာသခင်များကို လှမ်းကြည့်လိုက်သည်။ သူကိုယ်တိုင်နှင့် အဆောင်များကို ကျင့်ကြံနေသည့် ကံကြမ္မာသခင်ကိုးယောက်မှလွဲ၍ ကျန်ရှိသူအားလုံးမှာ စက္ကူမျက်နှာဖုံးများဖြင့် တည်ဆောက်ထားသည့် သင်္ချိုင်းဂူကြီးဆီသို့ လျှောက်လှမ်းသွားကြတော့သည်။
“မရေမတွက်နိုင်တဲ့ နှစ်တွေတစ်လျှောက် ဒီနေရာမှာ ငါတို့မက်ခဲ့ဖူးသမျှ အိပ်မက်တွေအားလုံးကို မင်းကို ပေးအပ်လိုက်မယ်၊ ကံကြမ္မာသခင်တွေဟာ တမလွန်ဘဝ ဒါမှမဟုတ် နောက်ဘဝဆိုတာတွေကို ဘယ်တော့မှ မယုံကြည်ကြဘူး၊ ငါတို့တွေက လက်ရှိဘဝနဲ့ လက်ရှိကမ္ဘာကြီးကိုပဲ အလှပဆုံး ဖြစ်လာအောင် လုပ်ချင်ကြတာပါ”
သူတို့၏ ပုံရိပ်များသည် သင်္ချိုင်းဂူကြီး၏ အတွင်းသို့ ဖြည်းညင်းစွာ ပျောက်ကွယ်သွားကြတော့သည်။
အတွင်းကမ္ဘာ၏ အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်သွေးမြို့တော်၏ အရိပ်သည်လည်း ဟင်းလင်းပြင်သွေးမြို့တော်သခင်က အခြားသွေးမြို့တော်သခင်များဆီသို့ ချဉ်းကပ်သွားသည့်အလား ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာလေသည်။
ကံကြမ္မာသခင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်နှင့်အမျှ နက်ရှိုင်းသောအိပ်မက်ထဲရှိ များစွာသောအတွေးများမှာ ကောင်းမင်ထံသို့ ဆွဲယူခံလိုက်ရပြီး ကံကြမ္မာသခင်များ၏ အိမ်များထဲတွင် ချန်ရစ်ထားခဲ့သည့် အိပ်မက်အရိပ်အယောင်များသည်လည်း ကောင်းမင်၏ စိတ်ဆန္ဒဆီသို့ လှိုင်းလုံးကြီးများအလား တိုးဝင်လာကြတော့သည်။
ကောင်းမင်သည် အိပ်မက်စည်းမျဉ်းများကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ယခင်ကမူ သူ၏ အိပ်မက်စည်းမျဉ်းများသည် အတွင်းကမ္ဘာထဲတွင်သာ ဖိနှိပ်ခံထားရခြင်း ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်မူ သူ့အိပ်မက်များသည် အဆုံးမဲ့လူသားလောကကြီးထဲသို့ပါ ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
အိပ်မက်ပုံစံကွက်တစ်ခုချင်းစီပေါ်တွင် သရဲတက်တူးအသစ်များ ခပ်နှိပ်သွားကြသည်။ ကောင်းမင်သည် ထိုကံကြမ္မာသခင်များ၏ စိတ်ကောင်းစေတနာကို အာရုံနိုင်ပေသည်။ သူတို့သည် ထွက်ခွာသွားပြီးနောက်တွင်မူ သူတို့၏ အိပ်မက်အားလုံးကို သူ့ထံတွင် ချန်ထားခဲ့ကြခြင်း ဖြစ်သည်။
“အိပ်မက်ရဲ့ စည်းမျဉ်းတွေက အရမ်းအားကောင်းပြီး ထိန်းချုပ်ရ ခက်ခဲတယ်၊ ငါဟာ အတွင်းကမ္ဘာနဲ့ အဆုံးမဲ့လူသားလောကရဲ့ အိပ်မက်စည်းမျဉ်းအားလုံးကို ကျွင်းကျင်ထားတဲ့ ပထမဦးဆုံး... မဟုတ်ဘူး၊ တစ်ဦးတည်းသော ‘မသိထိုက်သူ’ ဖြစ်လာရမယ်”
စိတ်ဖောက်ပြန်မှုမျိုးစေ့များနှင့် ပုပ်သိုးခြင်းမျိုးစေ့များ မပေါက်ဖွားလာသေးမှီပင် ကောင်းမင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှုပ်ထွေးနက်နဲလှသော အိပ်မက်ပုံစံကွက်များကို အသုံးပြုရုံဖြင့် အချို့သော သွေးမြို့တော်သခင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
“ငါတို့ ခေါင်းပေါ်က ကောင်းကင်ကြီး လုံးဝပြောင်းလဲသွားဖို့က သိပ်မကြာတော့ပါဘူး”
လုအန်းသည် ကောင်းမင်ဘေးနားတွင် တိတ်တဆိတ်ရပ်နေရင်း ဝေဝေဝါးဝါး ငေးမောနေမိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကလည်း သူသည် ဤကဲ့သို့သော လူတစ်ယောက်၏ ဘေးနားတွင် ရပ်နေခဲ့ဖူးသည် မဟုတ်ပါလော...။ ထိုအချိန်က သူ့တွင် မည်သည့်အမည်နာမမျှ မရှိခဲ့ဘဲ ကံကြမ္မာသရဲတစ်ကောင်သက်သက်မျှသာ ဖြစ်ခဲ့လေသည်။