အခန်း ၉၃၅
Vol. 67 Ch. 935
အပိုင်း (၉၃၅) သေဆုံးပြီးနောက်ပြန်လည်မွေးဖွားလာမယ်
ဂူသင်္ချိုင်းကြီးကို ဖြစ်တည်စေသော စက္ကူမျက်နှာဖုံးများသည် သွေးများဖြင့် တဖြည်းဖြည်း နီရဲလာကြသည်။ နက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲတွင် အခန်းတိုင်းရှိ မှန်ချပ်များသည် ကြောက်မက်ဖွယ်စွမ်းအင်များနှင့်အတူ လှိုင်းထနေခဲ့ကြ၏။ အခြားကံကြမ္မာသခင်ကိုးဦးနှင့် ခေတ္တစကားပြောဆိုပြီးနောက် လုအန်းသည် ကံကြမ္မာအပေါ် ဖုံးလွှမ်းထားသော ကန့်လန့်ကာကို ဖယ်ရှားလိုက်ပြီး အိပ်မက်၏ စည်းမျဉ်းစွမ်းအားအားလုံးကို ကောင်းမင်ထံသို့ လွှဲပြောင်းပေးအပ်လိုက်လေသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် လုအန်းသည် ကောင်းမင်ကို ခေါ်ဆောင်၍ ကံကြမ္မာသခင်များ၏ အိမ်မှ ထွက်ခွာခဲ့သည်။ သူတို့သည် ပုပ်သိုးဆွေးမြေ့နေသော လုဇန်၏ လူသားသစ်ပင်ဆီသို့ မပြန်တော့ဘဲ အခြားကံကြမ္မာသခင်ကိုးဦးနှင့်အတူ ယင်ယန်နယ်ပယ်ဆီသို့ လမ်းခွဲကာ ဦးတည်ခဲ့ကြသည်။
ယင်ယန်နယ်ပယ်သို့ ပြန်ရောက်လာချိန်တွင်မူ ကမ္ဘာပျက်မတတ် ပြောင်းလဲမှုကြီးကို သူတို့ တွေ့ရှိလိုက်ရတော့သည်။ လူသားသစ်ပင်၏ သစ်ရွက် သုံးပုံနှစ်ပုံကျော်မှာ သွေးရောင်ဖြင့် နီရဲနေခဲ့ပြီး မရေမတွက်နိုင်သော "မိစ္ဆာဝိညာဉ်" ထွက်ပေါ်လာခဲ့သလို "နတ်ဘုရားသဖွယ် ဖြစ်တည်မှု" များစွာသည်လည်း ကံကြမ္မာ၏ အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်နေခဲ့ကြပြီ ဖြစ်သည်။
ဧရာမအဆောက်အအုံကြီးတစ်ခု ပြိုလဲပျက်စီးနေသကဲ့သို့ မကောင်းဆိုးဝါးများနှင့် မိစ္ဆာမှန်သမျှလည်း ထွက်ပေါ်လာကြချေပြီ။
သက်ရှိအားလုံး၏ အထက်တွင် တည်ရှိနေသော ဧရာမသစ်ပင်ကြီးသည် အရောင်ပြောင်းလဲနေပြီး ယင်း၏ ပင်စည်အတွင်း၌ အနက်ရောင်အမှတ်အသားများ ပြင်းထန်စွာ ပြန့်နှံ့နေခဲ့သည်။ လောကကြီးထဲသို့ အပြောင်းအလဲများ ပြန်လည်ရောက်ရှိလာပြီးနောက် မည်သည့်စည်းမျဉ်းဥပဒေသမျှ မထိခိုက်နိုင်သော ကံကြမ္မာသည်လည်း ၎င်း၏ ကိုယ်ပိုင်ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ လူသားကမ္ဘာသစ်ရွက်များ ပြန်ကားလာသည်နှင့်အမျှ သွေးများလည်း အလုအယက် ပန်းထွက်လာတော့သည်။ အတွင်းကမ္ဘာနှင့် အဆုံးမဲ့လူသားလောကကြားက လမ်းကြောင်းသည် ယခုတွင် အပြည့်အဝလုံခြုံသွားပြီ ဖြစ်သည်။ သွေးမြို့တော်သခင်များသည် အနက်ရှိုင်းဆုံး စိတ်ပျက်အားငယ်မှုများထဲမှ ပြန်လည်နိုးထလာကြပြီ ဖြစ်၏။
“ဟင်းလင်းပြင်သွေးမြို့တော်သခင်က အဆုံးမဲ့လူသားလောကထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို တခြားသွေးမြို့တော်တွေဆီ အကြောင်းကြားပြီးပြီ”
လုအန်းက ကောင်းမင်ဘေးတွင် ရပ်နေရင်း ပြောလိုက်သည်။ ဟင်းလင်းပြင်သွေးမြို့တော်၏ အရှင်သခင်ဆိုသည်မှာ မရေမတွက်နိုင်သော ကံကြမ္မာသခင်များက သူတို့ကိုယ်သူတို့ သင်္ဂြိုဟ်ရင်း ဖန်တီးခဲ့ကြသည့် ဝိညာဉ်တစ်ခု ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ ကံကြမ္မာကို အမြစ်ပြတ်သုတ်သင်ရန် ဖြစ်သောကြောင့် အခြားသွေးမြို့တော်များထက် ပိုမိုပြတ်သားတက်ကြွနေခြင်း ဖြစ်ပေ၏။ ယင်ယန်နယ်ပယ်အတွင်းတွင် မကောင်းဆိုးဝါးမိစ္ဆာများသည်လည်း တစ်လှည့်စီ အလုအယက် တိုက်ခိုက်နေကြသည်။ သူတို့သည် ကံကြမ္မာသစ်ပင်ကြီး၏ အပြင်ဘက်သစ်ခေါက်ကို မဖျက်ဆီးနိုင်သော်ငြား သက်ရှိအားလုံးအား ကံကြမ္မာ၏ အားနည်းချက်ကို ပိုမိုမြင်တွေ့သွားစေလေသည်။ အဆုံးမဲ့လူသားလောက၏ သစ်ရွက်များသည် သွေးရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲနေသော်လည်း နောက်ဆုံး ကျန်ရှိနေသေးသည့် ငါးပုံတစ်ပုံကိုမူ ပြောင်းလဲရန် ခက်ခဲနေဆဲ ဖြစ်သည်။
လုအန်းသည် စိုးရိမ်ပူပန်နေသော်လည်း ၎င်းကို ထုတ်မပြခဲ့ချေ။ ဤတိုက်ပွဲက လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သူသိပေသည်။ ကံကြမ္မာသစ်ပင်သည် ၎င်းအတွင်းပိုင်းရှိ အနက်ရောင်အမှတ်အသားများကို ရှင်းလင်းဖယ်ရှားပစ်နေပုံရ၏။ သစ်ပင်ကြီးကို တိုက်ခိုက်ခဲ့ကြသည့် "မကောင်းဆိုးဝါး" သတ္တဝါများသည် အကြောင်းရင်းမရှိဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွားကြပြီး အချုပ်အနှောင်များမှ သိသိသာသာ ရုန်းထွက်နိုင်ခဲ့သည့် "နတ်ဘုရား" သတ္တဝါနှစ်ကောင်မှာလည်း ရုတ်ချည်း သေဆုံးသွားရသည်။ ဝိညာဉ်များ ချေမှုန်းခံရခြင်းသည် အချိန်မရွေး ဖြစ်လာနိုင်ခြေ ရှိပြီး ယင်းကပင် ကံကြမ္မာသစ်ပင်၏ ကြောက်မက်ဖွယ်အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ပေတော့သည်။ ကံကြမ္မာမဲ့သူများမှအပ ကံကြမ္မာသည် လူတိုင်း၏ ကံကြမ္မာကြိုးမျှင်များကို ထိန်းချုပ်ထားသဖြင့် လူသားအားလုံးမှာ ဆံခြည်တစ်မျှင်ပေါ်တွင် ဆွဲချိတ်ခံထားရသကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။ သွေးမြို့တော်သခင်များပင်လျှင် ယင်း၏ သက်ရောက်မှုကို ခံနေရခြင်း ဖြစ်သည်။
“ဝိညာဉ်အဆီအနှစ် အသတ်ခံလိုက်ရတာတောင် နတ်ဘုရားတစ်ပါးကို သတ်နိုင်သေးတာလား၊ မဟုတ်ဘူး... ငါတို့ ကံကြမ္မာသစ်ပင်ကို ပြန်ကောင်းလာဖို့ အချိန်ပေးလို့မဖြစ်ဘူး”
ကံကြမ္မာသစ်ပင်သည် လတ်တလောတွင် အားနည်းနေခြင်းဖြစ်သည်။ ယင်းမှာ အဆုံးမဲ့လူသားလောကအတွင်းရှိ ရူးသွပ်မှုများနှင့် ကောင်းမင်က ၎င်း၏ “ဝိညာဉ်အဆီအနှစ်” ကို သတ်ဖြတ်ပစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း အနက်ရောင်ကံကြမ္မာ ပြန်လည်ရောက်ရှိလာခြင်း၏ ဒုက္ခများကိုတော့ လျစ်လျူရှုထား၍ မရချေ။ အဆောင်စာရွက်များက ယင်ယန်နယ်ပယ်အနှံ့သို့ လွင့်စင်သွားကြသည်။ ကံကြမ္မာသခင်များသည် မတူညီသော လူသားကမ္ဘာများ၏ ရွှေရောင်သွေးကြောများကို ဖြတ်တောက်လိုက်ကြသဖြင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များလည်း ရှုပ်ထွေးပျက်စီးသွားကြရသည်။ ခန္ဓာကိုယ်ပေါ်တွင် အဆောင်စာရွက်များကို ထာဝရမြှုပ်နှံထားကြသည့် ကံကြမ္မာသခင်ကိုးဦးသည် ကောင်းမင်ကို ဗဟိုချက်တွင် ထား၍ ကာကွယ်ပေးထားကြသည်။ သူတို့သည် မနက်ဖြန်ဆီသို့ ဦးတည်မည့် ရထားပေါ်သို့ နောက်တစ်ကြိမ် တက်ရောက်လိုက်ကြတော့သည်။
သေခြင်းတရားဘူတာများကို ဖြတ်သန်းသွားသော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သူမျှ ရထားပေါ်မှ ဆင်းမသွားကြချေ။ လွန်ခဲ့သော ဘူတာဟောင်းများတွင် နှုတ်ဆက်လက်ပြနေခဲ့ကြသည့် ဝိညာဉ်များ မရှိတော့ဘဲ ယင်ယန်နယ်ပယ်၏ ထောင့်အသီးသီးမှ မျှော်လင့်ချက်များကို သယ်ဆောင်လာသည့် “ကလေးငယ်များ” သာ လမ်းတစ်လျှောက် ရထားပေါ်သို့ အလုအယက် တက်ရောက်လာနေကြသည်။
ကံကြမ္မာသခင်များ၏ ထိန်းချုပ်မှုအောက်တွင် ရထားသည် မည်သည့်အနာဂတ်ပန်းတိုင်ဆီသို့မျှ မဦးတည်တော့ဘဲ ကံကြမ္မာသစ်ပင်ကြီး၏ ပင်စည်ဆီသို့သာ အကြောက်တရားကင်းသော စစ်သည်တော်တစ်ဦးကဲ့သို့ တစ်ဟုန်ထိုး မောင်းနှင်သွားလေတော့သည်။
“မနက်ဖြန်ဆိုတာ ထာဝရလက်လှမ်းမမီနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး၊ ငါတို့ အခုသွားနေတဲ့နေရာက သက်ရှိအားလုံးရဲ့ မနက်ဖြန်ပဲ”
အရှိန်ပြင်းစွာ ခုတ်မောင်းနေသော ရထားသည် လူသားလောက၏ သစ်ရွက်များကို ဖြတ်သန်းသွားပြီး ယင်နှင့်ယန်ကြားက လေပြင်းများသည် ပြတင်းပေါက်များမှတစ်ဆင့် တိုးဝင်တိုက်ခတ်နေကာ ရထားတွဲတိုင်း၌ အရှုံးမပေးလိုကြသည့် ဝိညာဉ်များနှင့် ပြည့်နှက်နေခဲ့သည်။ သူတို့ ကြောက်ရွံ့ခြင်းမရှိကြသည် မဟုတ်သလို နာကျင်မှုများကို မခံစားရသည်လည်း မဟုတ်ချေ။ ထို့ပြင် ထုံထိုင်းခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ကို အသားကျနေကြခြင်းလည်း မဟုတ်ဘဲ စိတ်ပျက်အားငယ်မှုများထဲတွင် ထာဝရ ရှင်သန်မနေလိုကြတော့ခြင်းကြောင့်သာ ဖြစ်ပေသည်။ သူတို့သည် မိမိတို့၏ တောက်လောင်နေသော နှလုံးသားများနှင့် ထိုက်တန်စေရန်အတွက် အတွင်းပိုင်းမှ မီးတောက်များကို အားမာန်အပြည့်ဖြင့် လောင်ကျွမ်းစေလိုကြခြင်း ဖြစ်၏။ အချို့သော လူများသည် ဘယ်သောအခါမျှ ဦးညွှတ်ရိုးထုံးစံမရှိဘဲ ထိုသို့သောသဘာဝနှင့်ပင် မွေးဖွားလာကြခြင်း ဖြစ်သည်။
ယင်နှင့်ယန်ဆုံတွေ့ရာ ကမ္ဘာကြီးကို ငွေရောင်မျဉ်းတစ်ကြောင်းက ပိုင်းခြားထား၏။ လူသားလောကကို ငုံ့ကြည့်နေကြသည့် နတ်ဘုရားများအားလုံး လမ်းဖယ်ပေးကြရ၏။ ယင်းမှာ ကံကြမ္မာကဲ့သို့ပင် အားကောင်းပြင်းထန်လှသော စွမ်းအားတစ်ခု ဖြစ်ပေသည်။ သူတို့၏ စွဲလမ်းမှုစိတ်ဆန္ဒများ ပေါင်းစည်းသွားကြပြီး ကောင်းကင်ကြီးကိုပင် ပြောင်းလဲပစ်ရန် ကြံရွယ်နေကြခြင်း ဖြစ်တော့သည်။
ပို၍ ပို၍ များပြားလာသော ဝိညာဉ်များသည် ရထားပေါ်သို့ တိုးဝှေ့တက်ရောက်လာကြလေသည်။ ယင်နှင့်ယန်ကြားက ကံကြမ္မာသခင်များ၏ ပြင်ဆင်မှုများမှာလည်း အပြည့်အဝ ပေါ်ထွက်လာပြီ ဖြစ်၏။ စက္ကူမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည့် သာမန်လူသားများသည် ကံကြမ္မာ၏ မာန်ဟုန်ပြင်းလှသော မီးတောက်များထဲသို့ အလုအယက် တိုးဝင်သွားကြတော့သည်။
ရထားတွဲများအတွင်း၌ ကံကြမ္မာကြိုးမျှင်များ ဆက်တိုက်ဆိုသလို ဖြတ်တောက်ခံနေရသည်။ ကံကြမ္မာသည် တူရိယာတစ်ခု၏ ကြိုးမျှင်များနှင့် တူပြီး ယင်း၏ တိုက်ခိုက်မှုများက ဘယ်သောအခါမှ ရပ်တန့်မသွားသော်ငြား မနက်ဖြန်ဆီသို့ ဦးတည်မောင်းနှင်နေသော ရထားကြီးမှာလည်း ရပ်တန့်မသွားချေ။ နားကွဲမတတ် ဟိန်းဟောက်သံကြီးက ကမ္ဘာမြေတစ်ခွင်လုံးကို တုန်ခါသွားစေလေသည်။ စိတ်ပျက်အားငယ်နေကြသော ကံကြမ္မာသခင်များနှင့် ကံကြမ္မာ၏ အကြည့်အောက်တွင် သူတို့ကိုယ်သူတို့ ထုတ်မပြဝံ့ကြသည့် သနားစရာဝိညာဉ်များသည် သူတို့၏ ဒေါသတကြီး အော်ဟစ်သံများကို ထုတ်ဖော်လိုက်ကြတော့သည်။ ရထားသည် ကံကြမ္မာသစ်ပင်ကြီး၏ ပင်စည်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အတွင်းကမ္ဘာနှင့် အဆုံးမဲ့လူသားလောကကြားက လမ်းကြောင်းမှ သွေးနီရောင်ဒီရေလှိုင်းကြီးတစ်ခုမှာလည်း ဒလဟော စီးဆင်းလာတော့သည်။ သေဆုံးသွားသူများ၏ အော်ဟစ်ငိုကြွေးသံများမှာ လောကအနှံ့ ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော နှစ်ကာလများစွာအတွင်း စိတ်ပျက်အားငယ်မှုများနှင့် နောင်တများကို အောင့်အည်းသည်းခံခဲ့ကြရသည့် ဝိညာဉ်များ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။
အနက်ရောင်ဆံပင်များနှင့် ချိန်းကြိုးများ ရောယှက်နေပြီး သွေးမြို့တော်သခင် အများအပြား၏ ပူးပေါင်းအားထုတ်မှုများနှင့်အတူ လောကကြီး၏ အချုပ်အနှောင်များမှာလည်း ချိုးဖျက်ခံလိုက်ရသည်။ နတ်ဘုရားပုံစံကွက်ရေးထိုးထားပြီး စကြာဝဠာ၏ စည်းမျဉ်းများ စိမ့်ဝင်နေသည့် သွေးနီရောင်ဝတ်ရုံကြီးတစ်ခုသည် ယင်နှင့်ယန်ကြားတွင် ပေါ်ထွက်လာခဲ့သည်။
ကြယ်တာရာများ မှေးမှိန်သွားပြီး လမင်း၏ အလင်းရောင်လည်း ကွယ်ပျောက်ကွယ်သွားရသည်။ ယင်းမှာ အတွင်းကမ္ဘာ၏ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး သရဲဖြစ်ကာ ဗဟိုသွေးမြို့တော်၏ စွမ်းအားအားလုံးဖြင့် ထောက်ပံ့ခံထားရသည့် မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်ပေသည်။
“ဟင်းလင်းပြင် သွေးမြို့တော်ရဲ့ သခင် ပြောခဲ့သလိုပဲ၊ ကံကြမ္မာသစ်ပင်ရဲ့ နိုးထမှုစွမ်းအားကို ကောင်းမင်က သတ်ပစ်လိုက်ပြီ၊ ကံကြမ္မာက အချိန်တိုအတွင်း ငါတို့ရဲ့ စွဲလမ်းမှုတွေကို တစ်ပြိုင်တည်း ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး”
ဗဟိုသွေးမြို့တော်၏ မိစ္ဆာနတ်ဘုရားက ဦးဆောင်ပြောလိုက်ပြီးနောက် ရှင်းလုနှင့် ဟန်ဟိုင်းသွေးမြို့တော်များကလည်း နောက်မှ လိုက်ပါလာကြသည်။ အခြားသွေးမြို့တော်သခင်များလည်း တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြပြီး သူတို့၏ အကြည့်များမှာ ယင်နှင့်ယန်ကြားတွင် အရှိန်ပြင်းစွာမောင်းနှင်နေကာ လူတိုင်း၏ မျှော်လင့်ချက်များကို ပုံအောလောင်းကြေးထပ်ထားရသည့် ထက်မြက်သောဓားတစ်စင်းကဲ့သို့ ရထားကြီးဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြလေသည်။
“ကောင်းမင် ဘယ်မှာရှိလဲဆိုတာ ငါသိတယ်”
ဟန်ဟိုင်းသွေးမြို့တော်၏ သရဲပုံစံကွက်များ ဖုံးလွှမ်းနေသည့် ကောင်းယန်နောက်တွင် အိပ်မက်သရဲ ခုနစ်ကောင် လိုက်ပါလာကြသည်။ သူသည် အခြားသွေးမြို့တော်သခင်များထက် ပိုမိုစိုးရိမ်နေခဲ့သည်။ ယင်းမှာ ကောင်းမင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို အာရုံမရနိုင်တော့ဘဲ သူ့ဝိညာဉ်ထဲမှ ဆွဲငင်မှုတစ်ခုသာ ကျန်ရှိတော့ခြင်းကြောင့် ဖြစ်သည်။
သွေးနီရောင်ဒီရေလှိုင်းကြီးသည် အဆုံးမဲ့လူသားလောကတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပြင်းထန်လှသော ဆိုးယုတ်သည့်အတွေးများက မလွတ်သွားနိုင်ကြသည့် "နတ်ဘုရားသဖွယ် ဖြစ်တည်မှု” များကိုပါ နှစ်မြှုပ်ပစ်လိုက်လေသည်။ အတွင်းကမ္ဘာသည် စွန့်ပစ်ခံထားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ နာကျည်းမှုများ၊ သွေးနီရောင်ဝတ်ရုံများ၊ မပြောသင့်သူများနှင့် မိစ္ဆာနတ်ဘုရားများ၏ ကြောက်မက်ဖွယ်အငွေ့အသက်များသည် အတားအဆီးမရှိ ပြန့်နှံ့သွားကြပြီး မနက်ဖြန်ဆီသို့ ဦးတည်မောင်းနှင်နေသော ရထားနောက်သို့ တစ်ဟုန်ထိုး လိုက်ပါသွားကြတော့သည်။
“သူတို့ ရောက်လာကြပြီ၊ အတွင်းကမ္ဘာရဲ့ အဆိပ် ၁၃ မျိုးက ငါတို့နောက်မှာ ကပ်ပါလာနေပြီ”
သေခြင်းတရား ဘူတာများကို ဖြတ်သန်းပြီးနောက် ကံကြမ္မာသခင်အားလုံးကို သယ်ဆောင်လာသည့် ရထားသည် ယင်နှင့်ယန်ကို ထိုးဖောက်၍ အချိန်၏ အဆုံးသတ်များမှ ထွက်ခွာသွားကာ ကံကြမ္မာသစ်ပင်၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။ ယင်းမှာ လူတိုင်း မိမိတို့၏ ကံကြမ္မာနှင့် အနီးကပ်ဆုံး ရောက်ရှိသွားသည့် အခိုက်အတန့်ပင် ဖြစ်သည်။ သူတို့ မော့ကြည့်လိုက်သောအခါ အဆုံးမဲ့ကြီးမားလှသော ၎င်း၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကြီးကို မြင်တွေ့လိုက်ရပြီး သစ်ပင်အမိုးကြီးက လူသားလောက၏ မရေမတွက်နိုင်သော ညများကို ဖုံးကွယ်ထားသကဲ့သို့ လူတိုင်း၏ အပေါ်ကနေ ဖိနှိပ်ထားလေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ဖြစ်တည်မှုကိုယ်တိုင် ဖြစ်နေပြီး အချိန်၏ စွမ်းအားအားလုံးနှင့်ပင် ၎င်းပေါ်၌ အမှတ်အသားခပ်တိမ်တိမ်အချို့ကိုသာ ချန်ထားနိုင်ချေသည်။ ၎င်း၏ ထူထပ်လှသော အမြစ်များသည် လူတိုင်း၏ ခန္ဓာကိုယ်အတွင်း၌ အမြစ်တွယ်နေကြပြီး ပန်းပွင့်များ ပွင့်လန်းခြင်းနှင့် ညှိုးနွမ်းခြင်းများမှာလည်း သက်ရှိတို့၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း သံသရာစက်ဝန်းပင် ဖြစ်၏။ ယင်းမှာ ထာဝရအလား ထင်မှတ်ရပေသည်။ ယင်းနှင့် နှိုင်းယှဉ်လျှင် လူတိုင်းသည် ဖုန်မှုန့်အမှုန်အမွှားလေးတစ်ခုမျှပင် မရှိဘဲ အလွန်သေးငယ်လွန်းလှသည်။ ထိုအရာကို ရင်ဆိုင်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာကို တိုက်ခိုက်ရန်အတွက် မည်မျှအထိ ကြီးမားသော သတ္တိမျိုး လိုအပ်ပါမည်နည်း။ အရှိန်ပြင်းစွာ ခုတ်မောင်းနေသော ရထားကြီး ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ခရီးသည်များ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုအရိပ်အယောင်မျှ ရှိမနေကြချေ။ သူတို့ ရထားပေါ်သို့ စတက်ခဲ့သည့် အခိုက်အတန့်ကတည်းက သက်ရှိအားလုံးအတွက် စစ်မှန်သော မနက်ဖြန်တစ်ခုကို ပြန်လည်ရယူရန် အသင့်ပြင်ထားခဲ့ကြပြီး ဖြစ်ပေသည်။
မိမိတို့၏ ခန္ဓာကိုယ်ဖြင့် အဆောင်များကို ကျင့်ကြံပျိုးထောင်ခဲ့ကြသည့် ကံကြမ္မာသခင်ကိုးဦးက အရှေ့ဆုံးမှ လျှောက်လှမ်းလာကြလေသည်။ သူတို့သည် ကောင်းကင်ကြီးကို အစားထိုးထားသည့် ကံကြမ္မာသစ်ပင်ကြီးနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်လှသော်ငြား သက်ရှိအားလုံး၏ အရှေ့မှနေ၍ လျှောက်လှမ်းရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။
“သေလောက်အောင်အေးတဲ့ ဆောင်းတွင်းဖြစ်နေရင်ရော ဘာဖြစ်လဲ၊ ရေခဲနဲ့ နှင်းတွေက တစ်နေ့မှာ အလိုလို အရည်ပျော်သွားမှာပဲ၊ ငါ့နှလုံးသားထဲက နွေရာသီကတော့ အပြည့်အဝ ပွင့်လန်းနေပြီ”
ကံကြမ္မာသခင်များသည် သူတို့၏ ဝတ်ရုံများကို မတင်လိုက်ကြပြီး စက္ကူမျက်နှာဖုံးများကို ဖယ်ရှားလိုက်ရင်း ရှေ့ဆုံးမှနေ၍ သူတို့၏ စစ်မှန်သော ပုံသဏ္ဌာန်များကို ပြသလိုက်ကြသည်။ သူတို့သည် ဘယ်သောအခါမှ ဆွေးမြေ့မသွားခဲ့သည့် သူတို့၏ ဘဝများကို ကံကြမ္မာအား အပြည့်အဝ မြင်တွေ့သွားစေလိုကြခြင်း ဖြစ်သည်။
ကံကြမ္မာကြိုးမျှင်များ အတင်းအကျပ် ဆွဲနှုတ်ခံလိုက်ရသော်လည်း ကံကြမ္မာသခင်ကိုးဦးထဲမှ ဘယ်သူမှ နောက်ဆုတ်မသွားကြချေ။ သူတို့သည် သူတို့၏ သွေးချွေးများဖြင့် ပြုစုပျိုးထောင်ထားခဲ့ကြသည့် အဆောင်စာရွက်များကို ထုတ်ယူလိုက်ကြလေသည်။
သူတို့ခါးတွင် ချိတ်ဆွဲထားသည့် စာလုံးရှစ်လုံးကမ္မည်းပြားများမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး သူတို့၏ကံကြမ္မာများ ပြိုလဲသွားကာ ခန္ဓာကိုယ်များလည်း လျင်မြန်စွာ အိုမင်းသွားကြရသည်။ သူတို့၏ သက်တမ်းနှင့် ဝိညာဉ်တို့သည် လက်ထဲက အဆောင်များအတွင်းသို့ ဒလဟော စိမ့်ဝင်သွားကြတော့သည်။ လူသားတို့၏ အကန့်အသတ်များကို ချိုးဖျက်လိုက်ကြပြီ ဖြစ်၏။ အဆောင်စာရွက်များသည် ကိုယ်ပိုင်အသိစိတ် ရှိလာပုံရပြီး သူတို့၏ ဆက်လက်လုပ်ဆောင်မှုများကို တားဆီးရန် ကြိုးပမ်းကြသော်လည်း ဘယ်သူမှ မရပ်တန့်ကြချေ။
မိမိတို့၏ လက်ချောင်းများကို ဓားသွားအဖြစ် အသုံးပြုရင်း သူတို့သည် နောက်ဆုံးကျန်ရှိနေသည့် သွေးတစ်စက်ဖြင့် ကောင်းကင်ကြီးကိုပင် ခုတ်ပိုင်းနိုင်စွမ်းရှိသော အဆောင်စာရွက်များကို ရေးဆွဲလိုက်ကြသည်။ ပိုးစုန်းကြူးလေးများ၏ မှိန်ဖျော့လှသော အလင်းရောင်သည် မမျှော်လင့်စွာဖြင့် ကံကြမ္မာကိုယ်တိုင်ပင် ခြိမ်းခြောက်မှုခံစားရစေနိုင်သည့် အငွေ့အသက်မျိုးနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ငါတို့က တဖြည်းဖြည်း အရည်ပျော်သွားမယ့် ဖယောင်းတိုင်တွေ မဟုတ်ဘူး၊ တောက်ပစွာ တောက်လောင်နေတဲ့ မီးရှူးတိုင်တွေ ဖြစ်တယ်၊ ငါတို့ ဒီနေ့ သေဆုံးသွားနိုင်ပေမဲ့ မနက်ဖြန်ရဲ့ လေပြင်းတွေကတော့ ငါတို့ရဲ့ အရိုးတွေကို သေချာပေါက် ပွတ်သပ်ပေးသွားလိမ့်မယ်၊ ကံကြမ္မာက မေ့လျော့ခံရမှာဖြစ်ပြီး ငါတို့ကတော့ သေဆုံးပြီးနောက်မှာ ပြန်လည်မွေးဖွားလာကြလိမ့်မယ်”