အခန်း ၉၃၈
Vol. 67 Ch. 938
အပိုင်း (၉၃၈) ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်
ရွှမ်ဝမ်သည် စားပွဲခုံပေါ်မှီလျက် အိပ်မက်ကမ္ဘာအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။ သူမသည် တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်နေပြီး တစ်ခါတစ်ရံတွင်မူ ပြုံးလိုက်မိရာ နူးညံ့သော အလင်းရောင်တစ်ခုကို ပွေ့ပိုက်ထားသည့်အလား သူမ၏ အလှတရားမှာ အပြစ်ဆိုဖွယ်မရှိအောင်ပင် မျှတနေလေသည်။ သူမ၏ ပခုံးများမှာ မိုးရေများကြောင့် စိုစွတ်နေခဲ့သည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် စကတ်ကို ဝတ်ဆင်ထားသော ရွှမ်ဝမ်သည် ညအလင်းရောင်စတူဒီယို၏ တံခါးဝတွင် ငေးငိုင်စွာ ရပ်နေမိသည်။
သူမသည် ဤနေရာကို… အရာအားလုံး စတင်ခဲ့ရာအရပ်ကို နောက်တစ်ကြိမ် ထပ်မံ၍ အိပ်မက်မက်ပြန်ချေပြီ။
သူမသည် နံရံပေါ်က နာရီကို လှမ်းကြည့်လိုက်ရာ သတ်မှတ်ထားသော တွေ့ဆုံချိန်သို့ ရောက်ရန် ဆယ်မိနစ်မျှသာ လိုတော့သည်။ ရွှမ်ဝမ်သည် သူမဖုန်းကို ထုတ်၍ သူမလက်ခံရရှိထားသော ညွှန်ကြားချက်များကို စစ်ဆေးလိုက်သည်။
ဟန်ဟိုင်းကမ္ဘာသစ်သို့ မသေဆေးကုမ္ပဏီမှ စေလွှတ်လိုက်သော ကြီးကြပ်ရေးမှူးတစ်ဦးအနေဖြင့် ရွှမ်ဝမ်၏ တာဝန်မှာ ရိုးရှင်းပေသည်။ယင်းမှာ ဟန်ဟိုင်းသွေးမြို့တော်ပိုင်ရှင်ရာထူးအတွက် လျာထားခံရသူ ကိုယ်စားလှယ်လောင်း ၁၃ ဦး၏ ကြီးထွားမှုကို စောင့်ကြည့်ရန်နှင့် ခွင့်ပြုချက်မရှိဘဲ လုံးဝမစွက်ဖက်ရန်ပင် ဖြစ်သည်။
ထိုကိုယ်စားလှယ်လောင်း ၁၃ ဦးအနက် ၁၂ ဦးမှာမူ ထူးခြားသောပါရမီများကို ပိုင်ဆိုင်ထားကြပြီး ပါရမီရှင်များထဲမှ ပါရမီရှင်များဖြစ်ကြသလို ပုံမှန်လောကကြီးက ငြင်းပယ်ထားသည့် အရူးများလည်း ဖြစ်ကြသည်။ သို့သော်လည်း အရေအတွက် ပြည့်မီရုံမျှသာ ယာယီဆွဲထည့်ခံထားရသော လမ်းသွားလမ်းလာတစ်ဦးအလား အလွန်အမင်း သာမန်ဆန်လှသည့် လူတစ်ဦးလည်း ရှိနေခဲ့သေး၏။
အခြားကိုယ်စားလှယ်လောင်း ၁၂ ဦးကိုမူ လူပေါင်းရာချီသောအဖွဲ့များက အသီးသီး တာဝန်ယူ ကိုင်တွယ်ထားကြခြင်း ဖြစ်သည်။ သူတို့ ဟန်ဟိုင်းကမ္ဘာသစ်သို့ အောင်မြင်စွာ ရောက်ရှိလာစေရန် သေချာစေရေးအတွက် မသေဆေးကုမ္ပဏီသည် သုံးနှစ်တိတိ အချိန်ကုန်ဆုံးခဲ့ပြီး စမ်းသပ်မှုပေါင်း ရာချီပြုလုပ်ခဲ့ကာ မည်သည့်အမှားအယွင်းမှ မရှိစေရန် သေချာစေပြီးမှသာ သူတို့၏ ရောက်ရှိလာမှုကို တဖြည်းဖြည်း အပြီးသတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်ငြားလည်း ၁၃ ဦးမြောက် ကိုယ်စားလှယ်လောင်း၏ ဟန်ဟိုင်းသို့ ဝင်ရောက်လာမှုမှာမူ အလွန်ကြမ်းတမ်းပြီး အခြေခံဆန်လှကာ မျှော်လင့်မထားသော မတော်တဆမှုတစ်ခုနှင့်ပင် တူနေခဲ့ပေသည်။ တာဝန်၏ လိုအပ်ချက်မှာ ရှရန်ကို စောင့်ကြည့်ရန်ဖြစ်ပြီး ရွှမ်ဝမ်၏ အဓိက အာရုံစိုက်မှုမှာလည်း ရှရန်ပင် ဖြစ်သည်။ သို့သော်လည်း သူမသည် ရှရန်၏ အချက်အလက်များကို ကြည့်ပင်မကြည့်ခဲ့ချေ။ သူမ၏ အကြည့်တို့သည် အခြားနာမည်တစ်ခုဖြစ်သည့် ကောင်းမင်အပေါ်သို့သာ ကျရောက်နေခဲ့သည်။
ယင်းမှာ အနည်းငယ်ထူးဆန်းသော နာမည်တစ်ခု ဖြစ်ပြီး နာမည်အစစ်တစ်ခုနှင့် မတူချေ။ ထိုနာမည်ကို ပိုင်ဆိုင်ထားသူသည်လည်း ၎င်းနှင့် နှိုင်းယှဉ်ပါက အလွန်အမင်း သာမန်ဆန်လွန်းနေပုံရပေသည်။ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီတိုင်းကို ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သဖြင့် ကောင်းမင် ပို၍ သာမန်ဆန်လေလေ ရွှမ်ဝန်သည် ပို၍ စူးစမ်းလိုစိတ် ပြင်းပြလေလေ ဖြစ်လာရသည်။
မသေဆေးကုမ္ပဏီ၏ သုညသည် ၎င်း၏ ကြီးကြပ်ရေးမှူးများကို အချို့အန္တရာယ်ရှိ နယ်မြေများအတွင်းသို့ ဝင်ရောက်ခြင်းအား တင်းကျပ်စွာ တားမြစ်ထားသော်လည်း သူမ၏ မေးခွန်းများကို အဖြေရှာရန်အတွက် ရွှမ်ဝမ်သည် စည်းမျဉ်းများကို ဖောက်ဖျက်ကာ ကောင်းမင် ဟန်ဟိုင်းသို့ ရောက်ရှိလာသည့် ည၌ပင် ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
ကောင်းမင်၏ ရောက်ရှိလာမှုမှာ အခြားသော ကိုယ်စားလှယ်လောင်းများနှင့် ကွဲပြားခြားနားနေခဲ့သည်။ ရွှမ်ဝမ်သည် မူလက အကြောင်းရင်းကိုသာ သိလိုခြင်း ဖြစ်သော်လည်း ဥမင်လိုဏ်ခေါင်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ စွန့်စားဝင်ရောက်ခဲ့ပြီးနောက်တွင် သူမသည် ဘယ်သောအခါမှ မေ့လျော့နိုင်မည်မဟုတ်သော အရာတစ်ခုကို မြင်တွေ့ခဲ့ရတော့သည်။
ဥမင်လိုဏ်ခေါင်းအတွင်းရှိ ဘေးကင်းလုံခြုံသော အိမ်တစ်အိမ်ထဲတွင် သူမသည် ကောင်းမင်၏ မိဘများ ချန်ထားခဲ့သော မှတ်စုများကို ရှာဖွေတွေ့ရှိခဲ့ရသည်။ ကောင်းမင်ကို ရှာဖွေရန်အတွက် အဆုံးမဲ့လူသားလောက၏ မတူညီသောအချိန်ကာလများမှ သူ့မိဘများသည် အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ကြပြီး အရိပ်များနှင့် သရဲတစ္ဆေများ၏ ခြိမ်းခြောက်မှုများကြား၌ ရုန်းကန်လှုပ်ရှားကာ ရှင်သန်ခဲ့ကြရခြင်း ဖြစ်သည်။
ထိုမှတ်စုများနှင့် အမှားအယွင်းများကြားမှ ကြိုးစားအားထုတ်ခဲ့ကြသည့် သက်သေခံချက်များမှာ ရွှမ်ဝမ်ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ထို့နောက်တွင်မူ သူမသည် ယင်းထက်ပင် ပို၍ ‘ကြောက်မက်ဖွယ်ကောင်းသော’ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ယင်းမှာ ဘေးကင်းလုံခြုံသော အိမ်အတွင်း၌ ရှိနေခဲ့သည့် သူမကိုယ်တိုင်၏ အတိတ်က ပေးပို့ထားခဲ့သော မက်ဆေ့ခ်ျတစ်ခုပင် ဖြစ်လေသည်။
သူမသည် ကောင်းမင်ကို လာရောက်ခေါ်ဆောင်ရန် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါချေ။ ယင်းသည် မရေမတွက်နိုင်သော အကြိမ်အရေအတွက်အထိ ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်သည်။ မုဆိုးတစ်ဦးအနေဖြင့် ရွှမ်ဝမ်သည် ကြီးမားသော လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ သူမသည် ဆုံတွေ့ခဲ့ရသည့် အကြိမ်တိုင်း၏ မှတ်ဉာဏ်များကို ချပ်စ်ပြားတစ်ခုအတွင်းသို့ ထည့်သွင်းကာ ဘေးကင်းလုံခြုံသော အိမ်အတွင်း၌ ထားရှိခဲ့ပြီး သူမကိုယ်သူမ စိတ်ပိုင်းဆိုင်ရာ စေ့ဆော်မှုတစ်မျိုးအောက်သို့ ထပ်ခါတလဲလဲ ကျရောက်စေခဲ့ခြင်း ဖြစ်သည်။
သူတို့၏ ကြမ္မာပေးသောဆုံတွေ့မှုမှာ ကြိုတင်ဒီဇိုင်းဆွဲထားသည့် ဇာတ်ညွှန်းတစ်ခု ဖြစ်သော်လည်း ထပ်ခါတလဲလဲ ဆုံတွေ့ခဲ့ရမှုများမှာမူ ရွှမ်ဝမ်အတွက် ဇာတ်ညွှန်းနှင့် လက်တွေ့ဘဝကြားက စည်းကမ်းချက်များကို ဝေဝါးသွားစေခဲ့ပြီ ဖြစ်သည်။ သူမသည် ဥမင်လိုဏ်ခေါင်းအတွင်းရှိ ထိုဘေးကင်းလုံခြုံသောအိမ်ကို လူတိုင်း၏မျက်ကွယ်တွင် ဝှက်ထားခဲ့ပြီး အရိပ်အယောင်လေးတစ်ခု ထုတ်ပြရန် ကြောက်ရွံ့နေခဲ့မိသည်။
သူမသည် ကောင်းမင်တစ်ယောက် တိုးဝင်လာနေသော အရိပ်များကြားမှ ရှင်သန်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေသည်ကို စောင့်ကြည့်ခဲ့ပြီး မည်သည့်အချိန်ကစတင်ခဲ့မှန်းမသိသော်လည်း ထိုအချိန်မှစ၍ မုဆိုးစည်းမျဉ်းများကို စတင်ဖောက်ဖျက်ခဲ့ကာ ကောင်းမင်ကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးခဲ့မိသည်။ သို့သော်လည်း မည်သည့်အရာကိုမှ ပြောင်းလဲနိုင်ခဲ့ခြင်း မရှိချေ။
သူမ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရပြီး မည်မျှပင် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပါစေ ယင်းမှာ သေတွင်းထဲက ရုန်းကန်မှုတစ်ခုသာ ဖြစ်ခဲ့ရသည်။ ရွှမ်ဝမ်သည် ထိုမှတ်ဉာဏ်ချပ်စ်ပြား၏ အကြောင်းအရာများကို ထပ်ခါတလဲလဲ ဖတ်ရှုခဲ့ပြီး အကြိမ်တိုင်း၌ မျက်ရည်ကျခဲ့ရလေသည်။
ဤကမ္ဘာကြီးထဲရှိ လူသားအားလုံးထဲတွင် သူမတစ်ဦးတည်းသာ ကောင်းမင်၏ နာကျင်မှုနှင့် နောင်တအားလုံးကို သိရှိနေခဲ့ခြင်း ဖြစ်သည်။
“ကျွန်မကိုယ်ကျွန်မ မေ့ပစ်ဖို့ ဖိအားပေးခဲ့ပေမဲ့ ကျွန်မ ရှင့်အကြောင်းကို အိပ်မက်မက်နေတုန်းပဲ၊ ဒါက ကျွန်မနဲ့မတူဘူး၊ ရှင်နဲ့ ဆုံတွေ့ပြီးကတည်းက ကျွန်မဟာ ကျွန်မနဲ့ ပိုပိုပြီး မတူတော့ဘူး”
သူမ မေ့ပစ်တော့မည်ဟု ပြောခဲ့သော်လည်း ရွှမ်ဝမ်သည် နောက်ထပ် ဖြစ်ပျက်လာမည့် မိနစ်တိုင်းကို နှလုံးသားထဲမှ အလွတ်ရနေခဲ့သည်။ အစမှ ပြန်စသည့် အကြိမ်တိုင်း သူမသည် ကောင်းမင်နှင့် ဤနေရာ၌ ထပ်မံဆုံတွေ့ရပြီး ထို့နောက် သေခြင်းတရားက သူတို့ကို မခွဲမခွာမချင်း လုပ်ဖော်ကိုင်ဖက်အသစ်တစ်ဦးအဖြစ် သူ့ထံသို့ ချဉ်းကပ်သွားရခြင်းဖြစ်သည်။ မှန်ပေသည် သူမသည် ရှရန်ကိုလည်း စောင့်ကြည့်နေခဲ့ပြီး အစီရင်ခံစာအနည်းငယ်ကို ရေးသားခဲ့သည်။
‘ငါးမိနစ်ပဲ လိုတော့တယ်၊ ကောင်းမင်က ဝေတယိုနဲ့အတူ “ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်” ဂိမ်းကို ပြင်ဆင်ဖို့ ရှိမရှိ ဆွေးနွေးနေလောက်ပြီ’
“ငါတို့ရဲ့ ခဏတာချစ်ခြင်းအတွက်” ဆိုသည်မှာ အရိပ်များ ဟန်ဟိုင်းသို့ မကျူးကျော်မီ ညအလင်းရောင်စတူဒီယိုက နောက်ဆုံးဒီဇိုင်းဆွဲခဲ့သည့် ဂိမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူ့လောကနှင့် ကင်းကွာပြီး ပညာရေးတွင် အခက်အခဲရှိသော အမျိုးသားတစ်ဦး၏ အောင်မြင်မှုဆီသို့ အသက်မွေးဝမ်းကျောင်းကို ပြောပြထားခြင်း ဖြစ်သည်။ သူသည် သူ့ဘဝတွင် မတူညီသော အမျိုးသမီး ကိုးဦးနှင့် ဆုံတွေ့ခဲ့ရသည်။ ဖျားနာနေသော ငယ်ရည်းစား၊ အေးစက်ပုံရသော်လည်း ကြင်နာတတ်သည့် ကုမ္ပဏီခေါင်းဆောင်၊ လှည့်စားတတ်သော အမျိုးသမီး စသည်ဖြင့် ဖြစ်သည်။ ပထမဆုံးသော အမျိုးသမီးဇာတ်ကောင်ရှစ်ဦးကို ဝေတယိုက ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးတစ်ဦးကိုသာ ကောင်းမင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
“ရွှမ်ဝမ်... စိတ္တဇကွင်းဆက်လူသတ်သမားရာဇဝတ်သား...”
ရွှမ်ဝမ်၏ လှပသောမျက်ခုံးအစုံမှာ မြူတိမ်တိုက်တစ်ခုအလား တွန့်ကွေးသွားရသည်။
အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီး ပြန်လည်မွေးဖွားခဲ့ရသဖြင့် ကောင်းမင်သည် သူ့မှတ်ဉာဏ်များကို ဆုံးရှုံးခဲ့ရသော်လည်း အခြေခံအကျဆုံးသော အမှတ်သညာအချို့မှာမူ သူ့ခန္ဓာကိုယ်နှင့် မသိစိတ်အတွင်း၌ ကျန်ရစ်နေဆဲ ဖြစ်သည်။ ဤအချက်ကြောင့်ပင် သူသည် ရွှမ်ဝမ်၏ နာမည်ကို ဝေဝါးစွာ မှတ်မိနေခဲ့ခြင်းဖြစ်ပြီး သူ၏ ဂိမ်းဒီဇိုင်းက နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော ဘေးကပ်ဆိုးများနှင့် တိုက်ဆိုင်နေခဲ့ရခြင်းကို ရှင်းပြနေပေသည်။
“ငါက သူ့ရဲ့ မသိစိတ်ထဲမှာ စိတ္တဇကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်နေတာလား”
အိပ်မက်ထဲတွင်ပင် ရွှမ်ဝမ်မှာ အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ဤကဲ့သို့သော အခြေအနေမျိုး၌ပင် ကောင်းမင်က သူမကို မှတ်မိနေနိုင်သေးသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း သူ့မှတ်ဉာဏ်ထဲတွင်မူ သူမသည် အလွန်အမင်း ဉာဏ်ရည်ထက်မြက်ပြီး အန္တရာယ်ရှိသည့် အမျိုးသမီးတစ်ဦး သို့မဟုတ် သရဲတစ်ကောင် ဖြစ်နေလေသည်။ သူမ၏ စင်ကြယ်ရိုးသားအချစ်က လှည့်စားခံခဲ့ရပြီးနောက် သူမသည် အမျိုးသားဇာတ်ကောင် ဘယ်နေရာတွင် ရှိနေသည်ကို အမြဲသိရှိနေပြီး သူ့ကို စက္ကန့်မလပ် စောင့်ကြည့်နေသူ ဖြစ်လာခဲ့ရသည်။
“ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင်တော့... ဒါက အတော်လေး ကိုက်ညီနေတာပဲ၊ ငါက အစကတည်းက မသေဆေးကုမ္ပဏီရဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ပဲလေ”
ဆံပင်များကို သပ်ရပ်အောင် ပြုပြင်ပြီးနောက် ရွှမ်ဝမ်သည် သူမ၏ အဖွင့်စကားလုံးများကို မရေမတွက်နိုင်သော အကြိမ်အထိ လေ့ကျင့်ခဲ့ပြီး အသင့်တော်ဆုံးသော အခိုက်အတန့်တွင် ညအလင်းရောင်စတူဒီယို၏ မှန်တံခါးကို တွန်းဖွင့်လိုက်တော့သည်။
“တောင်းပန်ပါတယ်ရှင်... အပြင်မှာ မိုးက အရမ်းသည်းနေလို့ တက္ကစီကလည်း ငှားလို့မရတာနဲ့...”
ညင်သာသောအသံတစ်ခုက တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။ သူမ စကားသံကို ကြားရုံဖြင့်ပင် သက်တောင့်သက်သာ ဖြစ်စေလေသည်။
လူတိုင်းက ကော်ရစ်ဒါဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။ ရွှမ်ဝမ်သည် ချဉ်းကပ်ရလွယ်ကူဟန်ဖြင့် ရက်ရောစွာ ပြုံးပြလိုက်သည်။ သူမသည် သတ်မှတ်ထားသော နေရာတစ်ခုကို လှမ်းကြည့်လိုက်ရာ မုဆိုးတစ်ဦး၏ ယုံကြည်ချက် သားကောင်ကို ဖမ်းယူမည့် သားရဲတစ်ကောင်၏ ကျော့ရှင်းမှုတို့ ပေါ်လွင်နေခဲ့သည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရွှမ်ဝမ်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ကောင်းမင်ရှိနေရမည့် နေရာမှာ လွတ်နေခဲ့ခြင်းဖြစ်သည်။ သူ ရောက်မလာခဲ့ချေ။
“အဆင်ပြေပါတယ်... ဒီရက်ပိုင်း မိုးက တော်တော်သည်းနေတာဆိုတော့ အထူးအခြေအနေပဲလေ၊ ငါတို့ နားလည်ပါတယ်”
မန်နေဂျာဂေါင်က လက်ဝှေ့ယမ်းပြလိုက်ရင်း သူမကို လူတိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။
“သူ့နာမည်က ရွှမ်ဝမ်တဲ့၊ ဂိမ်းဒီဇိုင်းနာအသစ်တစ်ယောက်ပေါ့၊ ညအလင်းရောင်ဂိမ်းစတူဒီယိုအတွက် တောက်ပတဲ့ အနာဂတ်တစ်ခုကို ဖန်တီးဖို့ ငါတို့နဲ့အတူ လက်တွဲသွားမှာ ဖြစ်တယ်၊ ဝေတယို... သူ့ကို ငါတို့ စတူဒီယိုပတ်ပတ်လည် လိုက်ပြပေးလိုက်ပါဦး”
အမျိုးသားနှင့်အမျိုးသမီး ဝန်ထမ်းများအားလုံးက ရွှမ်ဝမ်ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်ကြသော်လည်း စတူဒီယိုထဲက ကြောင်ဖက်တီးကြီးမှာမူ သူမကို တမင်တကာ ရှောင်ဖယ်သွားလေသည်။
“မဟုတ်ဘူး... မဟုတ်ဘူး...”
ရွှမ်ဝမ်သည် အိပ်မက်ထဲတွင်ပင် ကောင်းမင်ကို မမြင်ရသဖြင့် စိတ်မသက်မသာ ဖြစ်နေမိသည်။ ထိုအိပ်မက်သည် ကောင်းမင်ကို သူမမြင်တွေ့နိုင်မည့် နောက်ဆုံးသော နေရာဖြစ်ပေသည်။
“ဒီအိပ်မက်က မှားနေပြီ”
မိန်းကလေးများနှင့် ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိသော ဝေတယိုမှာ လန့်ဖျတ်သွားရသည်။ သူ အခြားသူများကို အကူအညီမတောင်းမီမှာပင် ရွှမ်ဝမ်က ကောင်းမင် ရှိနေရမည့် နေရာကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။
“ကောင်းမင် ဘယ်မှာလဲ၊ ဒီနေရာမှာ ရှိနေရမယ့် ဂိမ်းဒီဇိုင်းနာက ဘယ်မှာလဲ”
“ဗျာ...”
ဝေတယိုက သူ့ခေါင်းကို ကုတ်လိုက်ရင်း ရွှမ်ဝမ်၏ အတွေးရထားနောက်သို့ လိုက်မမှီနိုင်ဖြစ်သွားရသည်။
“ကျွန်တော်တို့ဆီမှာ ကောင်းမင်ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်မှ မရှိပါဘူး”
“မဖြစ်နိုင်တာ”
ရွှမ်ဝမ်သည် သူမအိပ်မက်ထဲတွင် ရှရန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး သူ၏ အင်္ကျီကော်လာစကို ဆွဲကိုင်လိုက်တော့သည်။
“နင်က ကောင်းမင်ရဲ့ နှလုံးသားထဲမှာ ပိတ်လှောင်ခံထားရတာကို ငါ မှတ်မိတယ်၊ နင်တို့နှစ်ယောက်က တစ်နည်းနည်းနဲ့ ဆက်နွှယ်နေရမှာပဲ၊ ငါ့ကို ပြောစမ်း... ကောင်းမင် ဘယ်မှာလဲ”
နွေးထွေးသော အရောင်အသွေးရှိသည့် ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသော ရှရန်သည် သူ့မျက်ဝန်းများကို မှေးကျဉ်းရင်း ရွှမ်ဝမ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။ သူက စကားကို ခပ်ပေါ့ပေါ့ မပြောခဲ့ဘဲ ခေါင်းကိုသာ အသာအယာ ခါယမ်းပြလိုက်လေသည်။
“မင်း ဘာတွေ ပြောနေလဲဆိုတာ ငါမသိဘူး၊ ညအလင်းရောင်မှာ ကောင်းမင်ဆိုတဲ့ ဝန်ထမ်း မရှိဘူး”
အကြိမ်ပေါင်းများစွာ အတည်ပြုပြီးနောက်တွင် ရွှမ်ဝမ်သည် ညအလင်းရောင်၏ ရုံးခန်းထဲမှ ထွက်ခွာလာပြီး ကောင်းမင် ငှားရမ်းထားသည်ဟု သူမမှတ်မိနေသော တိုက်ခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
“ရှင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပျောက်သွားရတာလဲ၊ ကျွန်မတို့ရဲ့ ဆုံတွေ့မှုကို ဘယ်သူက ပြောင်းလဲပစ်လိုက်တာလဲ”
အိပ်မက်တစ်ခုလုံးမှာ အလွန်အမင်း ရှင်းလင်းပြတ်သားနေပြီး ရွှမ်ဝမ်ကို ထိုအရာအားလုံးက လက်တွေ့ဖြစ်နေသည့်အလား ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ သူမသည် ကောင်းမင် ငှားရမ်းထားသော တိုက်ခန်းဆီသို့ အပြေးအလွှားသွားရောက်၍ တံခါးကို ပုတ်လိုက်တော့သည်။
“ဒုန်း ဒုန်း ဒုန်း”
“ကောင်းမင်”
“မခေါက်နဲ့တော့၊ အဲဒီမှာ ဘယ်သူမှ မနေဘူး”
အောက်ထပ်တွင် ကိတ်မုန့်ဆိုင်ဖွင့်ထားသည့် အိမ်ရှင်ဖြစ်သူမှာ တိုက်ခန်းကို တိုက်တိုက်ဆိုင်ဆိုင် သန့်ရှင်းရေးလာလုပ်ရင်း ရွှမ်ဝမ်၏ ရေးကြီးသုတ်ပြာဖြစ်နေသော အခြေအနေကို မြင်တွေ့လိုက်သဖြင့် ကြင်နာစွာဖြင့် သတိပေးလိုက်ခြင်း ဖြစ်သည်။
“ဦးလေး... ကျွန်မ အထဲဝင်ကြည့်လို့ ရမလားဟင်၊ ကျွန်မအဲဒီအခန်းကို ငှားချင်လို့ပါ”
အိမ်ရှင်က တံခါးကို ဖွင့်ပေးလိုက်သဖြင့် ရွှမ်ဝမ် အထဲသို့ လှမ်းကြည့်လိုက်သည်။ ကြမ်းပြင်နှင့် ပရိဘောဂများပေါ်တွင် ဖုန်မှုန့်များ အလွှာအထပ်ထပ် တင်ကျန်နေပြီး ကောင်းမင်၏ အရိပ်အယောင်တစ်ခုပင် မရှိပါချေ။
“သူက ငါ့အိပ်မက်ထဲကနေ ပျောက်ကွယ်သွားပြီ”
ရွှမ်ဝမ်သည် ဆတ်ခနဲ တွန့်သွားပြီး ရုတ်ချည်း နိုးလာရာ ကျောပြင်တစ်ခုလုံးတွင်လည်း အေးစက်သော ချွေးစေးများဖြင့် စိုစွတ်နေခဲ့လေသည်။ သူမ နိုးလာချိန်တွင် ကောင်းမင်၏ အသံကို နောက်တစ်ကြိမ် ဝေဝါးစွာ ကြားလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။