အခန်း ၉၃၉
Vol. 67 Ch. 939
အပိုင်း (၉၃၉) အိမ်မက်များထဲတွင်သာ နေထိုင်သောလူတစ်ယောက်
ရွှမ်ဝမ်သည် လက်မောင်းကို ခေါင်းအုံးကဲ့သို့ အသုံးပြုခဲ့မိသဖြင့် ထုံကျဉ်နေပြီး ခေါင်းလည်း ကိုက်ခဲနေ၏။ သူမသည် အိပ်မက်ဆိုးတစ်ခုကို ခုလေးတင် မြင်မက်ခဲ့ရခြင်း ဖြစ်သည်။
“ဒေါက်တာရွှမ်... အဆင်ပြေရဲ့လား”
အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သော သူမ၏ အမျိုးသမီးလက်ထောက်သည် ရွှမ်ဝမ်နိုးလာသည်ကို မြင်လိုက်ရချိန်၌ အပြေးအလွှား ရောက်ရှိလာလေသည်။
“ဒီရက်ပိုင်းအတွင်းမှာ ဆရာမ အရမ်းအလုပ်ကြိုးစားနေခဲ့တာပဲ၊ အလုပ်ပြန်မလုပ်ခင် အိမ်ပြန်ပြီး ခဏလောက် အနားယူလိုက်ပါလား”
“မလိုပါဘူး”
ရွှမ်ဝမ်၏ မျက်နှာပေါ်တွင် ခေါင်းအုံးကြောင့် ဖြစ်ပေါ်လာသော အမှတ်အသားများ ထင်ကျန်နေခဲ့ရာ ယင်းမှာ သူမ၏ ပုံမှန်ရုပ်သွင်နှင့် သိသိသာသာ ကွဲပြားနေလေသည်။
“ကောင်းမင် ဘယ်လိုနေလဲ”
“သူ နိုးလာပါပြီ၊ သူ့ဒဏ်ရာတွေကို ကုသပေးပြီးပါပြီ၊ သူ့လက်တွေလည်း ပြန်သက်သာလာနေပါပြီ၊ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ ဝေဝါးနေတုန်းပဲ...”
လက်ထောက်ဖြစ်သူက ခေါင်းယမ်းပြလိုက်သည်။
“သူ့မျက်လုံးတွေက ဘာကြောင့် ဒဏ်ရာရခဲ့လဲဆိုတာကို ဆရာမတို့ ရှာတွေ့ပြီလား”
“ဒါက ပြင်ပပစ္စည်းတစ်ခုခုကြောင့် ဖြစ်တာမဟုတ်သလို ရောဂါတစ်ခုခုကြောင့်လည်း မဟုတ်ဘူး၊ ငါတို့ အကြောင်းရင်းကို အခုထိ ရှာမတွေ့သေးဘူး”
ရွှမ်ဝမ်သည် ထိုလူနာအပေါ် အလွန်အမင်း ဂရုစိုက်ကြောင်း သိထားသဖြင့် လက်ထောက်ဖြစ်သူက စကားမပြောမီ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
“ဒေါက်တာရွှမ်... လူနာရဲ့ အသိစိတ်ကတော့ အတော်လေး တိုးတက်လာပါပြီ၊ သူက ဆရာမကို တွေ့ချင်နေပါတယ်”
အရာအားလုံးအပေါ် လျစ်လျူရှုထားပုံရသော ရွှမ်ဝမ်သည် ယခုတွင်မူ အခြားလူတစ်ဦးကဲ့သို့ ပြောင်းလဲသွားသည်ကို လက်ထောက်ဖြစ်သူ၏ မျက်လုံးများတွင် မြင်တွေ့နေရသည်။ သူမသည် သူမမျက်နှာပေါ်က အမှတ်အသားများ မပျောက်ကွယ်သွားသေးမီမှာပင် လူနာဆောင်ဆီသို့ အပြေးအလွှား သွားတော့သည်။
အပြင်ဘက်တွင် ညအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆေးရုံကြီးက ပိုမိုတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လူနာဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ရွှမ်ဝမ်သည် လူနာကုတင်ဘေး၌ ထိုင်ချလိုက်သည်။ ထိုရင်းနှီးလှသော မျက်နှာကို ကြည့်ရင်း သူမနှလုံးသားထဲ၌ စကားလုံးပေါင်း ထောင်သောင်းချီ၍ အလိပ်လိုက် တက်လာသော်လည်း နောက်ဆုံးတွင်မူ သာမန်ရိုးရှင်းသော စကားတစ်ခွန်းအဖြစ်သာ ပေါင်းစည်းထွက်ပေါ်လာခဲ့သည်။
“ရှင်နိုးလာတာ ကောင်းတယ်”
“ရွှမ်ဝမ်...”
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပြန်လည်ကောင်းမွန်နေသော်လည်း သူ ဆုံးရှုံးခဲ့ရသည့် မျက်လုံးကိုတော့ ဘယ်သောအခါမှ ပြန်ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။ ထိုအမျိုးသားသည် အရာများစွာကို ဆုံးရှုံးခဲ့ရပြီး အရာများစွာကိုလည်း မေ့လျော့ခဲ့ရပုံပေါ်လေသည်။ သူသည် ဤလောကရှိ အရာအားလုံးအပေါ် ရိုသေကြောက်ရွံ့မှုကို ခံစားနေရပြီး ရွှမ်ဝမ်၏ တည်ရှိမှုအနီး၌သာ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိနေခဲ့သည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထိုအမျိုးသားသည် ရွှမ်ဝမ်ကို ထိတွေ့ရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူကိုယ်တိုင်၏ ရုပ်ဆိုးပြီး သနားစရာကောင်းသော ရုပ်သွင်ကို မြင်လိုက်ရချိန်၌ မြှောက်လိုက်သော လက်ကို သိမ်မွေ့စွာဖြင့် ပြန်ချလိုက်တော့သည်။
“ငါ့နာမည်ကို ငါပြန်ရှာတွေ့ခဲ့ပြီ၊ ကံကြမ္မာက သေဆုံးသွားခဲ့ပြီ၊ အခုကစပြီး မင်း ငါ့ကို ငါ့ရဲ့ နာမည်အစစ်နဲ့ ခေါ်နိုင်ပါပြီ”
ရွှမ်ဝမ် အနည်းငယ် အံ့အားသင့်သွားရသည်။ ကောင်းမင် နိုးလာပြီးနောက် ပထမဆုံး ပြောဆိုမည့် စကားလုံးများမှာ ဤအရာဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားချေ။
“ငါ့နာမည်က ကောင်းယန်ပါ”
ထိုအမျိုးသား၏ တစ်ခုတည်းသော မျက်လုံးသည် မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ စင်ကြယ်ပြီး ကြည်လင်ပြတ်သားစွာဖြင့် ရွှမ်ဝမ်ကို စိုက်ကြည့်နေလေသည်။ သူသည် သူ့လျှို့ဝှက်ချက်အားလုံးကို သူမအား ထုတ်ဖော်ပြသလိုက်သည့်အလား ရှိပေသည်။
နောက်ဆုံးတွင် သူ့နာမည် ပြန်လည်ရရှိခဲ့ပြီဖြစ်သဖြင့် ရွှမ်ဝမ်သည် ကောင်းမင်၏ ခံစားချက်ကို နားလည်နိုင်သည်။ သို့သော်လည်း အကြောင်းပြချက်တချို့ကြောင့် ကောင်းမင်၏ နာမည် ပျောက်ကွယ်သွားခြင်းဟူသည့် အတွေးက သူမကို စိတ်မသက်မသာ ဖြစ်နေစေသည်။ ယင်းမှာ ယခင် မက်ခဲ့သောအိပ်မက်၏ ကျန်ရစ်နေသေးသော သက်ရောက်မှုများကြောင့် ဖြစ်နိုင်ပေသည်။
“ကောင်းကောင်း အနားယူပါ၊ ရှင်ပြန်သက်သာလာအောင် လုပ်ပါ”
ရွှမ်ဝမ်သည် ထိုလက်တွေ့မကျသော အတွေးများကို သူမစိတ်ထဲမှ ဖယ်ထုတ်ပစ်လိုက်သည်။ ကောင်းမင်သည် သူမရှေ့မှောက်၌ အမှန်တကယ် ရှိနေခြင်း ဖြစ်သည်။ ယင်းမှာ အိပ်မက်တစ်ခုမျှသာပင်။
သူတို့နှစ်ဦး မဆုံတွေ့ခဲ့ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ဖြစ်နိုင်ပေသည်။ ရွှမ်ဝမ်သည် သူတို့ကြား၌ အကွာအဝေးတစ်ခု ရှိနေသည်ဟု ခံစားနေရသည်။ သူမသည် ကောင်းမင်အတွက် ပိုမိုစိုးရိမ်ပူပန်ပြီး စိတ်နှလုံးနာကျင်မှုကို ပိုမိုခံစားခဲ့ရသူဖြစ်သည်။ သူတို့ ပြန်လည်ဆုံတွေ့ရခြင်း၏ ပျော်ရွှင်မှုနှင့် ပိုမိုနက်ရှိုင်းသော စိတ်ခံစားမှုများမှာမူ အနည်းငယ်မှေးမှိန်သွားခဲ့ပုံရသည်။ သူမစိတ်ထဲ၌ မေးမြန်းလိုသော မေးခွန်းများစွာ ရှိနေသော်လည်း ကောင်းမင်ကို ကြည့်ရင်း သူမ စကားမပြောရက်ခဲ့ချေ။ နောက်ဆုံးတွင်မူ လူနာတစ်ဦးကို ဆရာဝန်တစ်ဦးက ပြောဆိုသကဲ့သို့ ရွှမ်ဝမ်သည် သူ့ဒဏ်ရာများနှင့် ရောဂါလက္ခဏာများနှင့် ပတ်သက်၍ မေးခွန်းများစွာကိုသာ မေးမြန်းလိုက်ရသည်။
အိပ်ချင်စိတ်က သူမကို လွှမ်းမိုးလာသော်လည်း ရွှမ်ဝမ်သည် ထိုအမျိုးသား၏ စကားပြောဆိုသံကို အချိန်အတော်ကြာ နားထောင်ရန် သူမကိုယ်သူမ အတင်းအကြပ် တွန်းအားပေးနေပြီး တာဝန်ခံဆရာဝန် ဝင်လာသည့် အချိန်ကျမှသာ ထွက်လာခဲ့တော့သည်။
လူနာဆောင်အပြင်ဘက်သို့ လှမ်းထွက်လိုက်ချိန်တွင် ရွှမ်ဝမ်သည် သက်ပြင်းအနည်းငယ် ချလိုက်မိသော်လည်း ထို့နောက်တွင် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
“ငါက သူ့ကို တွေ့ဖို့ အရမ်းအသည်းအသန် ဖြစ်ခဲ့တဲ့ဟာကို၊ ဒါပေမဲ့ ဘာလို့လဲ၊ သူက ဒီမှာ တကယ်ကြီး ရှိနေပါရက်နဲ့ ငါက...”
“အဟမ်း...”
ရေနွေးအိုးသယ်လာသော အမျိုးသမီးလက်ထောက်က ရွှမ်ဝမ်ကို ကျီစယ်သော အပြုံးဖြင့် ကြည့်လိုက်သည်။
“ဒေါက်တာရွှမ်... ဆရာမ လူနာတစ်ယောက်အပေါ်မှာ ဒီလောက်အထိ ဂရုတစိုက် ရှိနေတာကို ကျွန်မတစ်ခါမှ မမြင်ဖူးဘူးနော်”
“နင်ကတော့ ငါ့ကို စဖို့ အခွင့်အရေး ရသွားတာပဲ”
ရွှမ်ဝမ် စိတ်ထဲမထားခဲ့ချေ။
“သွားအနားယူတော့၊ နင်လည်း ပင်ပန်းနေရောပေါ့”
“ဟို သူဌေးကြီးရဲ့ သားက ဆရာမနောက်ကို နေ့တိုင်းလိုက်နေတာတောင် ဆရာမက သူ့ကို လုံးဝ လျစ်လျူရှုထားတဲ့ဟာကို၊ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူမှာ ဘာဆွဲဆောင်မှုတွေ ရှိနေလို့လဲ၊ သူက ကမ္ဘာကြီးကို ကယ်တင်ခဲ့လို့လား”
လက်ထောက်ဖြစ်သူထံမှ အတင်းအဖျင်းပြောလို့သည့် အရိပ်အယောင်ကို ခံစားလိုက်မိသည်။
“အတိုင်းအတာတစ်ခုအထိတော့ ဟုတ်တာပေါ့”
ရွှမ်ဝမ် ပြုံးလိုက်ပြီး သူမရုံးခန်းသို့ ပြန်လာခဲ့ကာ ဗီရိုထဲမှ စောင်တစ်ထည်ကို ထုတ်ယူလိုက်ပြီး ကြမ်းပြင်ပေါ်၌ ယာယီအိပ်ရာတစ်ခုကို ကျွမ်းကျင်စွာ ပြုလုပ်လိုက်သည်။ သူမသည် သူမ၏ နေထိုင်မှုပတ်ဝန်းကျင်အတွက် မြင့်မားသော တောင်းဆိုမှုများ မရှိချေ။ သူမသည် လက်ရာမြောက်သော ကျောက်မျက်ရတနာများကို ဝတ်ဆင်ခြင်းထက် ပုံပျက်ပန်းပျက် ဖြစ်နေသော ဦးနှောက်ကို ခွဲစိတ်စစ်ဆေးရခြင်းကို ပိုမိုနှစ်သက်ပေသည်။
သူမ၏ နှိုးစက်ကို နံနက်ခြောက်နာရီတွင် သတ်မှတ်ပြီးနောက် ရွှမ်ဝမ်သည် လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။
“ရွှမ်ဝမ်...”
သူမ၏ အသက်ရှူသံက စည်းချက်ညီလာပြီး ရွှမ်ဝမ်သည် အိပ်မက်ကမ္ဘာအတွင်းသို့ တဖြည်းဖြည်းချင်း နစ်မြုပ်သွားလေသည်။
မျက်လုံးများ ဖွင့်လိုက်ချိန်တွင် ရွှမ်ဝမ်၏ မျက်ဆန်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားရသည်။ သူမသည် ကောင်းမင် တစ်ချိန်က ငှားထားခဲ့သော တိုက်ခန်းအတွင်းသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ ပရိဘောဂများပေါ်တွင် ဖုန်မှုန့်များ တင်ကျန်နေရာ ယင်းမှာ ဤနေရာ၌ လူမနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။
“ငါ ဒီကို ဘယ်လိုရောက်လာတာလဲ”
ရွှမ်ဝမ်သည် သူမ၏အိပ်မက်မှာ ယခင်အိပ်မက်၏ နောက်ဆက်တွဲ ဖြစ်နေပုံရသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားမိသည်။ သူမ၏ သံသယကို အတည်ပြုရန်အတွက် ရွှမ်ဝမ်သည် ချက်ချင်း သူမဖုန်းကို ထုတ်၍ ညအလင်းရောင်ဂိမ်းစတူဒီယို၏ မန်နေဂျာဂေါင်ထံသို့ ဖုန်းခေါ်လိုက်ကာ ကောင်းမင် အလုပ်လာမလာ မေးမြန်းလိုက်သည်။ အဖြေမှာ ယခင်အိပ်မက်ထဲကအတိုင်း ဖြစ်နေလေသည်။ညအလင်းရောင်တွင် ကောင်းမင်ဆိုသူ မရှိသလို၊ ဘယ်သူကမှလည်း သူ့ကို မသိကြချေ။
“အစဉ်လိုက်ဖြစ်နေတဲ့ အိပ်မက်တွေပဲ၊ ပြီးတော့ ကောင်းမင်က ဒီအိပ်မက်ထဲမှာ ရှိတောင်ရှိမနေဘူး”
ရွှမ်ဝမ် စိတ်သောကရောက်သွားရသည်။ လက်တွေ့ဘဝတွင် ကောင်းမင်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည့် ပျော်ရွှင်မှုမှာ လုံးဝဖုံးလွှမ်းခံလိုက်ရပြီ ဖြစ်သည်။ ကောင်းမင်က စိတ္တဇလူသတ်သမားဟု ခေါ်ဝေါ်ခဲ့သော ဤအမျိုးသမီးသည် အလွန်အမင်းထိခိုက်လွယ်ပြီး အမြင်စူးရှလှသည်။ သူမသည် ကောင်းမင် တစ်ချိန်က ထိုင်ခဲ့ဖူးသော ဆိုဖာအဟောင်းပေါ်တွင် ထိုင်လိုက်မိပြီး အတွေးနက်နေတော့သည်။
“ကောင်းမင်က ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်ပြီးတဲ့နောက်မှာ ငါ့ကိုတွေ့ဖို့ ရှင်းလုဆီကို တစ်ခါလာခဲ့ဖူးတယ်၊ အဲဒီအချိန်တုန်းက သူက အိပ်မက်တွေထဲကနေ ဖြတ်သန်းသွားလာနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီလို့ လုဇန်ပြောခဲ့တာကိုလည်း ငါမှတ်မိတယ်၊ ဟန်ဟိုင်းသွေးမြို့တော်ရဲ့ စွမ်းရည်တွေက အိပ်မက်တွေနဲ့ ဆက်နွှယ်နေတယ်ဆိုတာကိုရောပဲ”
“ဒါပေမဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်က ဘာလို့ အိပ်မက်တစ်ခုထဲမှာ ပျောက်ကွယ်သွားရတာလဲ”
“ယုတ္တိမရှိဘူးလို့ ထင်ရတဲ့ အရာအားလုံးရဲ့ နောက်ကွယ်မှာ အခြေခံအကြောင်းရင်းတစ်ခု ရှိနေရမယ်၊ ယုတ္တိမရှိဘူးလို့ ထင်ရတဲ့ အကြောင်းရင်းက ငါ့မှာရှိတဲ့ အချက်အလက်တွေက ချို့ယွင်းနေလို့ ဒါမှမဟုတ် တစ်ယောက်ယောက်က ငါ့ကို မျက်စိကန်းအောင် လုပ်ထားလို့ပဲ ဖြစ်ရမယ်”
“ကောင်းမင်နဲ့အတူ အကြိမ်ပေါင်းများစွာရှိခဲ့တဲ့ မှတ်ဉာဏ်တွေကို သိမ်းဆည်းထားခဲ့တဲ့ ချပ်စ်ပြားက ပျောက်ဆုံးသွားပြီ၊ ဒါက တိုက်ဆိုင်လွန်းနေတယ်၊ တစ်ယောက်ယောက်က ငါ့ကို သူ့အကြောင်း မမှတ်မိစေချင်တော့သလိုမျိုးပဲ”
“တကယ်လို့ ဒီလူက အမှန်တကယ် ရှိနေတယ်ဆိုရင်... အဲဒီလူက ဘယ်သူလဲ”
ရွှမ်ဝမ်သည် ယနေ့က သူမ မြင်တွေ့ခဲ့ရသောလူနာ ကောင်းမင်ကို အကြောင်းပြချက်မရှိဘဲ တွေးမိသွားသည်။ ရှုထောင့်တိုင်းကကြည့်လျှင် သူသည် ကောင်းမင် ဖြစ်သော်လည်း ထိုနာမည်ကို ဆက်လက်အသုံးပြုရန် ရည်ရွယ်ချက် မရှိပုံရသည်။
ရွှမ်ဝမ်သည် သူမ၏လက်ချောင်းများဖြင့် သူမဆံပင်များကို ဆုပ်ကိုင်ရင်း အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
“ငါ အိပ်ပျော်သွားတဲ့ အချိန်တိုင်း ဒါမှမဟုတ် နိုးလာတဲ့ အချိန်တိုင်းမှာ တစ်ယောက်ယောက်က ငါ့နာမည်ကို ခေါ်နေတာကို ဝေဝေဝါးဝါး ကြားနေရတယ်၊ အဲဒီအသံက ကောင်းမင်ရဲ့ အသံနဲ့ အတော်လေး တူတယ်၊ သူက ငါ့အိပ်မက်တွေထဲမှာ ရှိနေသေးတာ သေချာတယ်၊ ဒါပေမဲ့ ဘယ်သူမှ သူ့ကို မမှတ်မိကြတော့တာပဲ”
မပြောသင့်သူများအတွက် မေ့လျော့ခြင်းခံရခြင်းသည် သေဆုံးခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။ ထိုအချက်ကို တွေးမိလိုက်ချိန်တွင် ရွှမ်ဝမ် ချက်ချင်းပင် လှုပ်ရှားတော့သည်။ ပထမဦးစွာ သူမသည် အခန်းကို ကောင်းမင် နေထိုင်ခဲ့စဉ်ကအတိုင်း ပြန်လည်ပြင်ဆင်လိုက်ပြီး နေရာအနှံ့အပြားတွင် သူ့အကြောင်း မှတ်စုများကို ချန်ထားလိုက်သည်။ ထို့နောက် သူမသည် အိမ်ပြင်သို့ အပြေးအလွှား ထွက်ခွာသွားပြီး သူမ၏ မှတ်ဉာဏ်အပိုင်းအစများကို ခြေရာခံ၍ မြို့တော်အတွင်း၌ ကောင်းမင်၏ ခြေရာလက်ရာများကို လိုက်လံရှာဖွေတော့သည်။
“အိပ်မက်တွေထဲမှာတော့ ဒါက ဟန်ဟိုင်းဖြစ်ပြီး၊ လက်တွေ့ဘဝမှာတော့ ဒါက ရှင်းလု ဖြစ်တယ်...”
ရွှမ်ဝမ်သည် သေခြင်းတရားသံသရာအတွင်း၌ ကောင်းမင်နှင့်အတူ ရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။ မူလက ဝင်ရောက်မစွက်ဖက်ဘဲ စောင့်ကြည့်ရုံမျှသာ ဖြစ်ခဲ့ရာမှ နောက်ဆုံးတွင် လှုပ်ရှားဆောင်ရွက်ခဲ့သည်အထိ သူမသည် စည်းမျဉ်းများကို ထပ်ခါတလဲလဲ ချိုးဖောက်ခဲ့သည်။ သူမ၏ ကံကြမ္မာသည် ကောင်းမင်၏ ကံကြမ္မာနှင့် ရောယှက်နှောင်ဖွဲ့ထားခဲ့ပြီးသား ဖြစ်သည်။ ကောင်းမင်သည် ဤအိပ်မက်မြို့တော်ထဲတွင် ရှိမနေသော်လည်း သူတို့ သွားလာခဲ့ဖူးသော နေရာများကိုတော့ ထိန်းသိမ်းထားသေးသည်။
ပျမ်းမျှအောက်သာရှိသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် သာမန်လူတစ်ဦးသည် သစ္စာဖောက်မှုများနှင့် သေခြင်းတရားတို့ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက် ထိုနာကျင်မှုမှာ သူ၏ အသွေးအသားနှင့် အရိုးထဲအထိ စွဲထင်သွားခဲ့ကာ တဖြည်းဖြည်းဖြင့် ဗီဇတစ်ခုအဖြစ် ပုံပေါ်လာခဲ့ရသည်။
ရွှမ်ဝမ်သည် ကောင်းမင် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရပြီး သူ့ကို အနီးကပ် စောင့်ကြည့်လေ့လာခဲ့ရာ သူ့ထံ၌ လူသားတစ်ဦးအနေဖြင့် ရှိသော ကြံ့ခိုင်မှုကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ကောင်းမင်ကိုယ်တိုင်အပါအဝင် မြို့တော်ရှိ လူအများစုက သူသည် သာမန်ဆန်ပြီး ထူးခြားမှုမရှိဟု ထင်မြင်ခဲ့ကြသော်လည်း ရွှမ်ဝမ်ကတော့ ထိုသို့မယူဆခဲ့ချေ။
အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ရပြီးသည့်တိုင် ကောင်းမင်သည် အချို့သောအရာများကို အခိုင်အမာ ဆုပ်ကိုင်ထားခဲ့လေသည်။ သူသည် အဆောက်အအုံအတွင်းရှိ လူတိုင်း၏ အသက်ကို ကယ်တင်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ဖြစ်လာခဲ့သလို မရေမတွက်နိုင်သော သေဆုံးခြင်းသံသရာများအတွင်း၌ အပြစ်မဲ့သူများကို ဘယ်သောအခါမှ စည်းမဲ့ကမ်းမဲ့ မသတ်ဖြတ်ခဲ့ချေ။ စိတ်ပျက်အားငယ်မှုအောက်သို့လည်း ဒူးမထောက်ခဲ့ချေ။ အရေးကြီးဆုံးမှာမူ သူသည် သူ၏ ပြန်လည်မွေးဖွားခြင်းအကြိမ်တိုင်းတွင် ဘယ်သောအခါမှ အမှန်တကယ် စိတ်ပျက်အားငယ်ခြင်း သို့မဟုတ် လက်လျှော့ခြင်းမျိုး မရှိခြင်းဖြစ်သည်။
သူသည် ဖန်ပုလင်းတစ်လုံး၏ အောက်ခြေတွင် ပိတ်မိနေပြီး ချောမွေ့သော ပုလင်းနံရံအတိုင်း အပေါ်သို့ တက်လှမ်းနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် တူလှပေသည်။
သူသည် ထပ်ခါတလဲလဲ ပြုတ်ကျခဲ့ပြီး ထပ်ခါတလဲလဲ ကြိုးစားခဲ့ရာ ထိုချောမွေ့သော ပုလင်းနံရံ ကွဲအက်သွားသည့် အချိန်အထိ ဖြစ်ပြီး ထိုပုရွက်ဆိတ်လေးသည် နောက်ဆုံးတွင် အပြင်ဘက်က ကမ္ဘာကြီးကို မြင်တွေ့ခဲ့ရလေသည်။ မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာန၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်း၊ လီစန်း... ရွှမ်ဝမ်သည် သူတို့ အတူတူသွားခဲ့ဖူးသော နေရာအားလုံးထံ သွားရောက်ခဲ့သော်လည်း ကောင်းမင်ကို ရှာမတွေ့သေးချေ။ သူမသည် မြို့လယ်ခေါင်တွင် လျှောက်လှမ်းနေပြီး လမ်းသွားလမ်းလာများကြား၌ သူမကိုယ်သူမ အံဝင်ခွင်ကျမဖြစ်သလို ခံစားနေရသည်။
“အဲဒီနေရာတစ်ခုပဲ ကျန်တော့တယ်”
ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းချင်း လူသူခြောက်ကပ်လာလေသည်။ ရွှမ်ဝမ်သည် အများသုံး လျှပ်စစ်စကူတာတစ်စီးကို ရှာဖွေတွေ့ရှိခဲ့ပြီး မြို့စွန်ဘက်သို့ မောင်းနှင်သွားတော့သည်။
“ဒီမြို့ထဲက လူတိုင်းက ရှင့်ကို တစ်ခါမှမမြင်ဖူးဘူးလို့ ပြောကြပေမဲ့ ဒီမြို့က ရှင့်ကြောင့်မို့လို့ ပြန်လည်မွေးဖွားလာရတာ၊ ရှင် လုပ်ခဲ့တာတွေကို ကျွန်မသိတယ်၊ ရှင့်ရဲ့ စွန့်လွတ်အနစ်နာခံမှုအားလုံးကို ကျွန်မသိတယ်၊ ပြီးတော့ သူတို့ ရှင့်ကို မေ့သွားတာမျိုး ကျွန်မခွင့်မပြုဘူး”
အိပ်မက်ထဲက နေဝင်ဆည်းဆာမှာ တောင်တန်းများနောက်ကွယ်သို့ ကျဆင်းသွားပြီ ဖြစ်သည်။ မှောင်မိုက်နေသော လမ်းမထက်တွင် မည်သည့်မီးအလင်းရောင်မျှ မရှိချေ။ ရွှမ်ဝမ်သည် အတားအဆီးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ သူမ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိချိန်တွင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဒဏ်ရာများ ရရှိထားသော်လည်း ရွှမ်ဝမ်သည် ယင်းကို ဂရုမစိုက်ဘဲ သူမရှေ့မှောက်ရှိ စွန့်ပစ်ထားသော ဥမင်လိုဏ်ခေါင်းကိုသာ စိုက်ကြည့်နေမိသည်။
အသက်ပြင်းပြင်းရှူလိုက်ရင်း ရွှမ်ဝမ်သည် အိပ်မက်တစ်ခုထဲတွင်ပင် မည်မျှအထိ ဖိအားများနေရသည်ကို အံ့အားသင့်သွားရသည်။ သူမသည် သူမကိုယ်သူမ စိတ်ငြိမ်အောင် ပြုလုပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာ အမှောင်ထုအတွင်းသို့ ဝါးမြိုခံလိုက်ရတော့သည်။
ဥမင်လိုဏ်ခေါင်းနံရံကို ကိုင်ထားရင်း သူမ အချိန်အတော်ကြာ လျှောက်လှမ်းလာပြီးနောက် တိမ်းမှောက်နေသော ဘတ်စ်ကားကြီးကို မြင်တွေ့လိုက်ရသည်။
“ကောင်းမင် ဒီမှာမရှိဘူးလား”
စိတ်ပျက်အားငယ်မှုလှိုင်းလုံးကြီးတစ်ခုက ရွှမ်ဝမ်အပေါ်သို့ ရိုက်ခတ်လာလေသည်။
“နောက်ထပ် နေရာတစ်ခု ကျန်သေးတယ်၊ သူနဲ့ သူ့မိဘတွေပဲသိတဲ့ နေရာတစ်ခု”
ရွှမ်ဝမ်သည် အိပ်မက်ထဲတွင်ပင် လက်လျှော့ရန် ငြင်းဆန်ခဲ့ပေသည်။ သူမသည် နောက်သို့ ပြန်လှည့်လာခဲ့ပြီး ဥမင်လိုဏ်ခေါင်းနံရံအတိုင်း လက်မချင်းစီ အသာအယာ စမ်းသပ်ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ကောင်းမင်၏ မိဘများ ချန်ထားခဲ့သော မှတ်စုများ ရှိသည့် “ဘေးကင်းလုံခြုံသော အိမ်” ကို ရှာဖွေတွေ့ရှိလိုက်လေသည်။
သံချေးတက်နေသော တံခါးကို ခက်ခဲစွာ တွန်းဖွင့်လိုက်ချိန်တွင် စူးရှသောအနံ့တစ်ခုက သူမ၏ နှာခေါင်းအတွင်းသို့ တိုးဝင်လာခဲ့သည်။ ရွှမ်ဝမ်သည် နောက်ဆုံးစကားလုံးများ၊ ဓာတ်ပုံများဖြင့် ဖုံးလွှမ်းနေသော နံရံများနှင့် ကြမ်းပြင်ကြား၌ လဲလျောင်းနေသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။ သူ့ခန္ဓာကိုယ်မှာ မီးလောင်ထားသကဲ့သို့ မည်းနက်နေပြီး ပုံပျက်ပန်းပျက် ဖြစ်နေခဲ့လေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးများမှာ ပျက်စီးနေပြီး ဝေဝါးနေခဲ့သည်။ အိပ်မက်ပုံစံကွက်များနှင့် ခန္ဓာကိုယ်ပေါ်က အမာရွတ်များကြား ခွဲခြားရန် မဖြစ်နိုင်လောက်အောင် ရှိနေခဲ့သည်။ သူသည် သူ့မိဘများ၏ နောက်ဆုံးစကားလုံးများကို ခေါင်းအုံးကဲ့သို့ အသုံးပြုကာ လဲလျောင်းနေပြီး တစ်စုံတစ်ဦးကို ထိုးစိုက်တော့မည့်အလား ကွေးကောက်နေသော သူ့လက်ထဲ၌ ဓားတစ်လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
“ကောင်းမင်”