အခန်း ၉၄၁
Vol. 67 Ch. 941
အပိုင်း (၉၄၁) ငါတဖြည်းဖြည်းနဲ့ မူးယစ်လာပြီ
ဆေးရုံနှင့် သူမ၏ အမျိုးသမီးလက်ထောက်တို့ကို ကြိုတင်၍ အကြောင်းအရာတချို့တို့ကို ရှင်းလင်းပြီးနောက် ရွှမ်ဝမ် ဆေးရုံအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ နှောင့်ယှက်မခံရစေရန်အတွက် သူမသည် ဟိုတယ်တစ်ခု၌ သီးသန့်အခန်းငှား၍ တည်းခိုလိုက်သည်။ စားပွဲပေါ်ရှိ အထူးအိပ်ဆေးများကို ကြည့်ရင်း ရွှမ်ဝမ် တဖြည်းဖြည်းချင်း တည်ငြိမ်သွားရသည်။ သူမသည် ယခုအချိန်တွင် ကောင်းမင် မည်မျှအထိ သန်မာနေမည်ကို မသိသော်လည်း မသေဆေးကုမ္ပဏီမှ သုညအတု မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကိုမူ သိထားခဲ့သည်။ သူ့အစွမ်းမှာ အတွင်းကမ္ဘာထဲက သွေးမြို့တော်သခင်များ၏ အစွမ်းနှင့် အကြမ်းဖျင်းအားဖြင့် တူညီပေသည်။
“သူတို့ရဲ့ တိုက်ခိုက်မှုအဆင့်အတန်းက ငါနားလည်နိုင်တဲ့ အခြေအနေထက် ကျော်လွန်နေပြီ၊ အိပ်မက်ထဲမှာ သေတာက တကယ်သေဆုံးသွားတာ ဖြစ်နိုင်သလို မေ့လျော့ခံလိုက်ရတယ် ဆိုတာကလည်း ဝိညာဉ်လွင့်ပြယ်သွားတာကို ဆိုလိုတာ ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တာကတော့ ကောင်းမင်ရဲ့ ရန်သူတွေက သူနဲ့ပတ်သက်သမျှ လူတိုင်းကို အသုံးပြုပြီး မျိုးတုံးသတ်ဖြတ်မှုမျိုး လုပ်နေကြတာပဲ ဖြစ်ရမယ်”
“သူ့ကို လူတိုင်းရဲ့ နှလုံးသားထဲမှာ ဆက်လက်ရှင်သန်နေအောင် ငါမကူညီနိုင်ခဲ့ရင်တောင် ငါ့အိပ်မက်ထဲကနေ ဒီအတိုင်း ပျောက်သွားအောင်တော့ ငါဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊ ဒီကိစ္စထဲမှာ ပါဝင်ပတ်သက်မိတာက ပေးဆပ်မှုတစ်ခုတော့ ရှိလာမှာပဲ... ဒါကို သူ့ကို အကြိမ်ပေါင်းများစွာ လှည့်စားမိတဲ့အတွက် ငါ့ရဲ့ ပြန်ပေးဆပ်မှုလို့ပဲ သတ်မှတ်လိုက်တော့မယ်”
ရွှမ်ဝမ် ပြောဆိုလိုက်သည့် စကားလုံးတိုင်းသည် သူမ၏ အဆင်ခြင်မဲ့သော အပြုအမူအတွက် ဆင်ခြေတစ်ခု ပေးနေဟန်ရှိသည်။ သူမသည် ခုလေးတင်နိုးလာသဖြင့် အိပ်ချင်စိတ်မရှိသေးချေ၊ သို့သော် ထိုအိပ်မက်ကို အမြန်ဆုံးပြီးဆုံးစေရန်အတွက် ဘေးထွက်ဆိုးကျိုးများရှိသော ထိုအထူးအိပ်ဆေးပုလင်းများကို ဖွင့်လိုက်တော့သည်။
ရွှမ်ဝမ်သည် အဖြူရောင်ဆေးပြားကို မျိုချလိုက်ရာ ဆေးပြား၏ အစွန်းက သူမ၏ အစာရေမျိုပြွန်အတိုင်း လျှောကျသွားသည်ကို ခံစားလိုက်ရသည်။ ကုတင်ပေါ်တွင် လဲလျောင်းရင်း သူမသည် အတော်ကြာအောင် စောင့်ဆိုင်းနေမိရာ သူမ၏မျက်ခွံများ လေးလံလာခဲ့တော့သည်။
သူမ၏ အသိစိတ်က ဖြည်းညင်းစွာ ဝေဝါးလာပြီး ရွှမ်ဝမ်သည် အိပ်မက်ကမ္ဘာထဲသို့ ဖြည်းညှင်းစွာ မျောပါသွားလေသည်။
မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ရွှမ်ဝမ်သည် သူမကိုယ်သူမ ဆေးရုံထဲ၌ ရှိနေဆဲဖြစ်ကြောင်းပင် တွေ့လိုက်ရပြီး သူမ၏ ယခင်အိပ်မက်ကို ဆက်မက်နေခြင်း ဖြစ်သည်။
မျက်လုံးများမှလွဲ၍ တစ်ကိုယ်လုံးကို ပတ်တီးများဖြင့် စည်းနှောင်ခံထားရသော ကောင်းမင်သည် ယခင်အိပ်မက်ထဲ၌ အန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။ သို့သော် ဤအိပ်မက်ထဲတွင်မူ သူ့ဒဏ်ရာများက နောက်တစ်ကြိမ် ပြန်လည်ဆိုးရွားလာပြန်သည်။
ရွှမ်ဝမ်သည် ခွဲစိတ်ခန်းအပြင်ဘက်တွင် ငါးနာရီကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက်မှ ကောင်းမင်သည် ဒုတိယအကြိမ်အဖြစ် အပြင်သို့ တွန်းထုတ်လာခံခဲ့ရသည်။ သူ့အခြေအနေမှာ ထိန်းချုပ်မှုအောက်ရောက်သွားပြီ ဖြစ်သော်လည်း သတိမေ့နေဆဲပင် ဖြစ်သည်။ အိပ်မက်ထဲက ဆရာဝန်တွင်လည်း ကောင်းမွန်သော ဖြေရှင်းနည်း မရှိချေ။
ဆေးကုသစရိတ်များကို ရှင်းလင်းပြီးနောက် ရွှမ်ဝမ်သည် ကောင်းမင်၌ သွားစရာနေရာမရှိကြောင်း သိထားသဖြင့် သူ့နံဘေး၌သာ ဆက်ရှိနေခဲ့သည်။ တဖြည်းဖြည်းချင်းနှင့် သူမသည် ထူးဆန်းသောအချက်တစ်ခုကို သတိပြုမိလာခဲ့သည်။ ရွှမ်ဝမ်နှင့် အတူရှိနေခြင်းက ကောင်းမင်၏ ဒဏ်ရာများ ပြန်လည်သက်သာလာမှုကို မြန်ဆန်စေပုံရပေသည်။ သူမ၏ အိပ်မက်များထဲ၌ ကောင်းမင်သည် ဖြည်းညှင်းစွာ ပြန်လည်သက်သာလာလိမ့်မည် ဖြစ်သော်လည်း သူမ လက်တွေ့ဘဝတွင် နိုးထသွားပြီးနောက်မူ သူ့ဒဏ်ရာများမှာ ထိန်းချုပ်မရဘဲ ပိုမိုဆိုးရွားသွားတတ်ပုံရသည်။
“ဘာလို့ ဒီလိုဖြစ်နေရတာလဲ”
အဖြေမှာ ရိုးရှင်းပေသည်။ ကောင်းမင်ကို အိပ်မက်ထဲ၌ နိုးထလာအောင် ပြုလုပ်ရန်သာ ဖြစ်၏။
ယေဘုယျကျသော ဦးတည်ချက်တစ်ခုကို စိတ်ထဲသတ်မှတ်ပြီးနောက် ရွှမ်ဝမ်သည် နည်းလမ်းမျိုးစုံကို စတင်စမ်းသပ်တော့သည်။
သူမသည် ကောင်းမင်နံဘေး၌ အနီးကပ်ရှိနေပြီး သူ့ထံသို့ အတိတ်က အကြောင်းအရာများကို ပြန်လည်ပြောပြပေးခဲ့သည်။ ကောင်းမင် တုံ့ပြန်မှု ရှိမရှိကို မသိရှိရသော်လည်း သူမ စကားပြောနေစဉ်အတွင်း သူမ၏မျက်ဝန်းများထဲ၌ မျက်ရည်များ အကြိမ်ပေါင်းများစွာ ဝေ့ဝဲလာရသည်။
သူမ၏အိပ်မက်ထဲ၌ သတိမေ့နေသော ကောင်းမင်နှင့် ရင်ဆိုင်ရချိန်မှသာ ရွှမ်ဝမ်သည် သူမ၏ စစ်မှန်သောပုံစံနှင့် အတွေးများကို ထုတ်ပြဝံ့ပေသည်။ မသေဆေးကုမ္ပဏီ၏ အစဉ်လိုက် နံပါတ်စဉ်များထဲက အဆင့်မြင့်မန်နေဂျာတစ်ဦး ဖြစ်ခဲ့ဖူးပြီး ဦးနှောက်နယ်ပယ်စမ်းသပ်မှုမျိုးစုံတွင် ပါဝင်ခဲ့ဖူးသူဖြစ်သဖြင့် သူမသည် သူမကိုယ်သူမ အေးစက်ပြီး ခံစားချက်မဲ့သော စောင့်ကြည့်လေ့လာသူတစ်ဦး ဖြစ်လာခဲ့သည်မှာ ကြာမြင့်ပြီဟု ခံစားခဲ့ရဖူးသည်။ သို့သော်လည်း သူမသည် ကောင်းမင်နှင့်အတူ ဖြတ်သန်းခဲ့ရသော ဘဝတစ်ခုချင်းစီ၏ အစနှင့် အဆုံးကို ပြန်လည်ပြောပြနေစဉ်တွင်မူ ထိုဘဝများကို အကြိမ်ကြိမ် ပြန်လည်ရှင်သန်နေရသကဲ့သို့ ရှိနေခဲ့သည်။ ယင်းမှာ တိုက်ဆိုင်စွာဆုံတွေ့ခဲ့ရသော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ မဟုတ်ဘဲ သေခြင်းနှင့် ရှင်ခြင်းကြားက မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် ဒုက္ခသုက္ခများပင် ဖြစ်သည်။ ရွှမ်ဝမ်သည် အကြိမ်တိုင်းတွင် မှတ်ဉာဏ်ချပ်စ်ပြားကို စစ်ဆေးခဲ့ခြင်း မဟုတ်ချေ။ သို့သော် သူမ၏ အသိစိတ်မှာ ဟန်ဟိုင်းကမ္ဘာသစ်မှ ထွက်ခွာလာခဲ့ပြီးနောက်တွင်မှ ကြိုတင်သတ်မှတ်ထားသော လမ်းညွှန်မှုနှင့် မိမိကိုယ်ကိုယ်အကြံပြုချက်များအပေါ် အခြေခံ၍ ယင်း၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူမသည် မသေဆေးကုမ္ပဏီက ထိုလျှို့ဝှက်ချက်ကို မရိပ်မိစေရန်အတွက် သူတို့၏ စက်ပစ္စည်းများကို အသုံးပြု၍ ဟန်ဟိုင်းကမ္ဘာသစ်သို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်သည့် အခါတိုင်းတွင် ထိုမှတ်ဉာဏ်၏ အစိတ်အပိုင်းကို ကြိုတင်ထုတ်ယူကာ မှတ်ဉာဏ်ချပ်စ်ပြားအတွင်း၌ ဝှက်ထားလေ့ရှိသည်။ ထို့ကြောင့် သူမနှင့် ကောင်းမင်တို့၏ ဆုံတွေ့မှုတိုင်းကို သူတို့၏ ပထမဆုံးအကြိမ် ဆုံတွေ့မှုအဖြစ် သတ်မှတ်နိုင်ပေသည်။
အိပ်မက်ထဲက အချိန်စီးဆင်းမှုမှာ လက်တွေ့ဘဝနှင့် ကွဲပြားခြားနားလှသည်။ ရွှမ်ဝမ်သည် ကောင်းမင်၏ ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်သက်သာလာသည်ကို စောင့်ကြည့်နေခဲ့ပြီး သူ့ကို မြို့တော်၏ မတူညီသောနေရာအသီးသီးသို့ ခေါ်ဆောင်သွားကာ အဆောက်အအုံတစ်ခုချင်းစီ၏ နံဘေး၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ပြောပြလေ့ရှိသည်။
ရွှမ်ဝမ်သည် သူမကိုယ်သူမ အခြားသူများကို ပြုစုစောင့်ရှောက်တတ်သည့် လူစားမျိုး မဟုတ်ဟု ခံစားရလေ့ရှိသည်။ သူမသည် တစ်လအတွင်းမှာတင် ရှားစောင်းလက်ပတ်ပင် နှစ်ပင်ကိုပင် သေအောင် လုပ်နိုင်စွမ်းရှိသူ မဟုတ်ပါလား။ သို့သော်လည်း သူမ၏ အိပ်မက်ထဲတွင်မူ သူမသည် ကောင်းမင်ကို နေရာသစ်တစ်ခုပြီးတစ်ခုသို့ စိတ်ရှည်လက်ရှည်ဖြင့် ချီပိုးခေါ်ဆောင်သွားခဲ့ပေသည်။
လက်တွေ့ဘဝထဲက ကောင်းမင်အစစ်သည်ကား အလွန်စကားပြောတတ်ပြီး ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို ပေးစွမ်းနိုင်ကာ အိပ်မက်ထဲက ကောင်းမင်ထက် ပို၍ စစ်မှန်လှသည်။ သို့သော်လည်း အစဦးကတည်းကပင် ထိုကောင်းမင်သည် ရွှမ်ဝမ်ကို တစ်စုံတစ်ခုသော မသက်မသာဖြစ်မှုမျိုးကို ပေးစွမ်းနေခဲ့သည်။
ရွှမ်ဝမ်သည် ဘာကြောင့်လဲကို ရှင်းမပြနိုင်ချေ။ အခြားလူသည် ကောင်းမင်နှင့် သူမကြားက မှတ်ဉာဏ်များစွာကို သိရှိထားပြီး အလွန်အမင်းစစ်မှန်သော ကောင်းမင်တစ်ဦးကို ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ သူသည် ကောင်းမင် ပိုင်ဆိုင်ရမည့် ကံကြမ္မာကိုပင် ခိုးယူထားခဲ့သော်လည်း ရွှမ်ဝမ်၏ နှလုံးသားထဲက ကောင်းမင်ကိုမူ ပြည့်စုံအောင် ပြန်လည်ဖန်တီးနိုင်ခြင်း မရှိသေးချေ။
ရွှမ်ဝမ်၏ နှလုံးသားထဲတွင်မူ ကောင်းမင်သည် မှန်တစ်ချပ်ကဲ့သို့ ရှိပြီး ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုများကို ရောင်ပြန်ဟပ်နေခြင်း မဟုတ်ဘဲ သူမခန္ဓာကိုယ်ထက်က ပြန်လည်မကောင်းမွန်နိုင်သေးသော ဒဏ်ရာများကိုသာ ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။
သူတို့၏ ဆက်ဆံရေးမှာ တစ်ဦးကိုတစ်ဦး ပြန်လည်ကုသပေးသည့် ရိုးရာဆက်ဆံရေးမျိုး မဟုတ်ဘဲ အရိပ်ကမ္ဘာ၏ လွှမ်းမိုးမှုနှင့် အငြိုးကြီးဝိညာဉ်များ ရောက်ရှိလာမှုအောက်၌ တစ်ဦးအပေါ်တစ်ဦး မှီခိုအားထားခဲ့ကြခြင်းသာ ဖြစ်သည်။ ပြန်လည်မသက်သာသေးသော ဒဏ်ရာများကိုပင် လုံးဝလက်ခံထားခဲ့ကြသည်။
ယင်းမှာ စောင့်ကြည့်သူနှင့် စောင့်ကြည့်ခံရသူကြားက တားမြစ်ထားသော ဆက်ဆံရေးတစ်ခု ဖြစ်သည်။ထိုဆက်ဆံရေးသည် တားမြစ်ခံထားရပြီး ရှည်လျားကာ မျှော်လင့်ချက်မဲ့သော ခွဲခွာခြင်းဆီသို့ ဦးတည်နေခဲ့ပေသည်။
ကောင်းမင်သည် အိပ်မက်ထဲ၌ ရှိနေပြီး ရွှမ်ဝမ်မှာ လက်တွေ့ဘဝတွင် ရှင်သန်နေခြင်းဖြစ်သည်။ ယခုအချိန်တွင်မူ ယင်းမှာ ဟန်ဟိုင်းကမ္ဘာသစ်၌ ရှိနေခဲ့စဉ်ကနှင့် အလွန်တူလှပေသည်။ သူတို့သည် အလွန်နီးကပ်နေပုံရသော်လည်း တစ်စုံတစ်ခုက သူတို့ကို ပိုင်းခြားထားသကဲ့သို့ ရှိနေလေသည်။
“ငါ့အိပ်မက်ထဲမှာ ကောင်းမင်က ပြန်လည်သက်သာလာတယ်၊ ငါလက်တွေ့ဘဝကို ပြန်သွားတဲ့အခါကျတော့ သူရထားတဲ့ ဒဏ်ရာတွေက ပိုဆိုးရွားလာတယ်၊ တကယ်လို့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်... သူ့ဒဏ်ရာတွေက ဘယ်တော့မှ သက်သာလာမှာ မဟုတ်ဘူး၊ ဒါက...”
အိပ်မက်ဆိုသည်မှာ ရေရှည်တည်တံ့နိုင်ခြင်း မရှိချေ။ ရွှမ်ဝမ်သည် အကြိမ်ပေါင်းများစွာ နိုးထလာသော်လည်း အိပ်မက်ထဲက ကောင်းမင်၏ ဒဏ်ရာများ ပိုမိုဆိုးရွားမသွားစေရန်နှင့် ဘာဖြစ်ပျက်နေသည်ကို သိရှိနိုင်ရန်အတွက် ဆေးဝါးများ၏ အာနိသင် တဖြည်းဖြည်း ကုန်ဆုံးသွားသည့်တိုင်အောင် အိပ်ဆေးအပြင်းစားများကို ထပ်ခါတလဲလဲ အသုံးပြုနေတော့သည်။
ဤလူသားကမ္ဘာထဲက သူမ၏ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များသည် ရွှမ်ဝမ်၏ မူမမှန်မှုကို တဖြည်းဖြည်း သတိထားမိလာကြသည်။ ကောင်းမင်သည်လည်း တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ရွှမ်ဝမ်ကို တက်ကြွစွာ စတင်ရှာဖွေလာတော့သည်။ ဤအခြေအနေမှာ သုံးပတ်ခန့် ကြာမြင့်ခဲ့လေသည်။ အိပ်မက်ထဲမှ ကောင်းမင်၏ ဒဏ်ရာ အမာရွတ်များမှာ တဖြည်းဖြည်း မှေးမှိန်သွားသော်လည်း လက်တွေ့ဘဝထဲက ရွှမ်ဝမ်မှာမူ ပြိုလဲလုနီးပါး ဖြစ်နေရလေပြီ။ ဆေးဝါးများကို အလွန်အမင်းသုံးစွဲမိခြင်းကြောင့် သူမသည် အနည်းငယ် ထုံထိုင်းနှေးကွေးလာပြီး သူမမိသားစုထံမှ လာသော ဖိအားများမှာလည်း ကြီးမားလှသည်။ အချိန်အခိုက်အတန့်တစ်ခုမှစ၍ ကမ္ဘာကြီးတစ်ခုလုံးက ရွှမ်ဝမ်ကို အခက်အခဲဖြစ်အောင် ပြုလုပ်လာပြီး သူမ၏ လက်တွေ့ဘဝထဲက အချိန်များကို နှောင့်နှေးစေနေပုံရသည်။
အလုပ်များက တောင်လိုပုံလာ၏။ သူမ၏ အထက်လူကြီးများနှင့် လူနာများသည် သူမထံသို့ ဆက်သွယ်မရကြချေ။ သူမ အယုံကြည်ရဆုံးသော အမျိုးသမီးလက်ထောက်ပင်လျှင် သူမထံသို့ မဆက်သွယ်နိုင်ခဲ့ချေ။ သူမထံ၌ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း မည်သူမျှ မသိရှိကြပါပေ။
ညနေခင်းတစ်ခုသို့ ရောက်လာချိန်အထိ ရွှမ်ဝမ်သည် သူမ၏တိုက်ခန်းအတွင်း၌ အိပ်ပျော်နေခဲ့စဉ် သူမတံခါးဝဆီမှ ရုတ်ချည်းပင် အဆက်မပြတ်ဘဲ ပြင်းထန်သော တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ယင်းမှာ သူမ၏ ကမ္ဘာကြီးကို ခွဲခြေဖျက်ဆီးပစ်တော့မည့်အလား ရှိနေလေသည်။
တံခါးပွင့်သွားချိန်တွင် အဖြူရောင်ကုတ်အင်္ကျီများ ဝတ်ဆင်ထားသော ပြုစုစောင့်ရှောက်သူအချို့မှာ ဝုန်းဒိုင်းကြဲဝင်ရောက်လာခဲ့ကြပြီး ရွှမ်ဝမ်၏ မိသားစုဝင်များ လက်မှတ်ထိုးထားသော သဘောတူညီချက်ဖောင်ကို ကိုင်၍ သူမကို ကားတစ်စီးဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကြတော့သည်။
မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများအားလုံးက ရွှမ်ဝမ်တွင် ရောဂါဝေဒနာ ခံစားနေရသည်ဟု ထင်မြင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကျန်းမာရေးလူနာများကို နှစ်ပေါင်းများစွာ ကုသပေးခဲ့ခြင်းကြောင့် သူမကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားလာခဲ့သည်ဟု ယူဆကြခြင်း ဖြစ်သည်။
ယခင်က ဆရာဝန်ဖြစ်ခဲ့သူမှာ ယခုတွင်မူ လူနာတစ်ဦးကဲ့သို့ ကုသခံနေရချေပြီ။ ယခင်က လူနာများကို တင်းကြပ်စွာ ချည်နှောင်ခဲ့ဖူးသော ကြိုးများမှာ ယခုတွင်မူ သူမကို ပြန်လည်ချည်နှောင်ထားကြတော့သည်။
အိပ်ဆေးမျိုးစုံနှင့် စက်ပစ္စည်းများကို သူမဆွေမျိုးများ၏ မျက်စိရှေ့၌ ချပြခဲ့ကြပြီး သေတ္တာများအတွင်း၌လည်း ဆေးပုလင်းခွံများမှာ တောင်လိုပုံနေခဲ့ရာ ယင်းမှာ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပေသည်။
ဤကမ္ဘာထဲက မိခင်ဖြစ်သူမှာ နှလုံးကွဲမတတ်ငိုကြွေးနေပြီး ဖခင်ဖြစ်သူမှာလည်း အပြစ်မကင်းသလို ခံစားနေရကာ ဂရုစိုက်တတ်သော ညီမငယ်ဖြစ်သူကမူ ရွှမ်ဝမ်ကို ပြုစုစောင့်ရှောက်ရန် ကမ်းလှမ်းလာသည်။ သူတို့သည် ရွှမ်ဝမ်ထံ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့ကြောင်းကို သိချင်နေကြသော်လည်း ရွှမ်ဝမ်မှာမူ သူမအိပ်မက်ထဲက ကောင်းမင်၏ ဒဏ်ရာများမှာ လုံးဝသက်သာလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ကြောင်းကိုသာ အာရုံစိုက်နေခဲ့သည်။ သူမအတွက် အိပ်မက်ကမ္ဘာထဲသို့ အမြန်ဆုံး ပြန်လည်သွားရောက်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ကောင်းမင်၏ ဒဏ်ရာများက နောက်တစ်ကြိမ် ပြန်ပွင့်သွားပေလိမ့်မည်။
ဆရာဝန်သည် ရွှမ်ဝမ်အား အထပ်ထပ်အခါခါ မေးမြန်းစစ်ဆေးနေပြီး သူမကို အိပ်ခွင့်မပေးချေ။ အမှန်တကယ်တော့ ဆေးဝါးများကို အလွန်အမင်း သုံးစွဲခဲ့မိခြင်းကြောင့် ရွှမ်ဝမ်ကိုယ်တိုင်လည်း အိပ်ပျော်ရန် ခက်ခဲနေခြင်း ဖြစ်သည်။ ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာချိန်တွင်မှသာ ရွှမ်ဝမ်သည် ဆေးရုံဝတ်စုံကို ဝတ်ဆင်လျက် အနားယူခွင့် ရတော့သည်။ လက်တွေ့ဘဝထဲက ကောင်းမင်က သူမထံ လာရောက်တွေ့ဆုံခဲ့သော်လည်း ရွှမ်ဝမ်မှာမူ ဆက်လက်ဟန်ဆောင်ရန်ပင် စိတ်မပါတော့ဘဲ ခေါင်းကိုသာ တွင်တွင်ငုံ့လျက် တိတ်ဆိတ်စွာသာ နေခဲ့မိသည်။
သူမ၏ ဖုန်းမှာလည်း အသိမ်းခံလိုက်ရသဖြင့် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုအားလုံး ပြတ်တောက်သွားရသည်။ ရွှမ်ဝမ်သည် သူမ၏ ဆေးရုံကုတင်ပေါ်၌ လဲလျောင်းနေရင်း အတော်ကြာအောင် ဟိုဘက်ဒီဘက် လူးလွန့်နေခဲ့သော်လည်း အိပ်မပျော်နိုင်ပါချေ။
သူမသည် ပြုစုစောင့်ရှောက်သူမှတစ်ဆင့် သူမအယုံကြည်ရဆုံးသော အမျိုးသမီးလက်ထောက်နှင့် သူမ၏ မိသားစုဝင်များကို ဆက်သွယ်နိုင်ရန်အတွက် တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားခဲ့သည်။ ရွှမ်ဝမ်သည် သူမ ဖြတ်သန်းနေရသော ဒုက္ခများကို သူတို့ကို ပြောပြရန် ကြိုးစားခဲ့ပြီး သူမအိပ်မက်ထဲက လူသည် လုံးဝပြန်ကောင်းလုနီးပါး ဖြစ်နေပြီဖြစ်သဖြင့် သူမမိသားစုက သူမကို ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။
သို့သော် ယင်းကို ကြားရခြင်းက ရွှမ်ဝမ်တွင် အမှန်တကယ်ရောဂါ ခံစားနေရသည်ဟူသော သူတို့၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာသွားစေရုံသာ ရှိသည်။ ရွှမ်ဝမ်ကို ကောင်းစွာသိရှိပြီး လေးစားအားကျခဲ့သော အမျိုးသမီးလက်ထောက် တစ်ဦးတည်းသာလျှင် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ယုံကြည်လိုဟန်နှင့် အမြဲတမ်းဝေခွဲမရ ဖြစ်နေလေသည်။
“ငါ့အိပ်မက်ထဲက ကောင်းမင်က ပြန်ကောင်းလုနီးပါး ဖြစ်နေပြီ၊ ဒါပေမဲ့ လက်တွေ့ဘဝထဲက အခက်အခဲအားလုံးကတော့ ကြိုတင်စီစဉ်ထားသလိုမျိုး ရုတ်တရက်ကြီး ရောက်လာကြတယ်၊ ငါ့ရဲ့ ရန်သူက ဒီကမ္ဘာကြီးတစ်ခုလုံးလို ဖြစ်နေတယ်၊ မျက်စိနဲ့မမြင်နိုင်တဲ့ ကြိုးတွေကလည်း ငါ့ကို တင်းတင်းကျပ်ကျပ် ချည်ထားသလို ဖြစ်နေပြီး သူ့ဘေးသို့ ချဉ်းကပ်ခွင့်မရအောင် တားဆီးနေတာပဲ”
ရွှမ်ဝမ် လက်တွေ့ဘဝထဲ၌ အချိန်ကြာကြာနေလေလေ ကောင်းမင်ဟူသော အမည်နာမကို စွန့်ပယ်ထားခဲ့သည့် လက်တွေ့ဘဝထဲက “ကောင်းယန်” မှာမူ ပိုမို ကောင်းမွန်စွာ ပြန်သက်သာလာလေလေ ဖြစ်သည်။ အကယ်၍ ယင်းမှာ လက်တွေ့ဘဝနှင့် အိပ်မက်ကမ္ဘာကြားက တိုက်ပွဲတစ်ခု ဖြစ်ခဲ့မည်ဆိုပါက ဤရုန်းကန်မှုမှာ အိပ်မက်ထဲက ကောင်းမင်အတွက် အလွန်အမင်း မတရားလှသည်။ အကယ်၍ ရွှမ်ဝမ်သာ တစ်ခုခု မှားယွင်းနေသည်ကို သတိမပြုမိခဲ့ပါက ပုံမှန်အားဖြင့် သူမသည် တစ်နေ့တာ၏အချိန် သုံးပုံနှစ်ပုံကို လက်တွေ့ဘဝထဲ၌ ကုန်ဆုံးစေမည် ဖြစ်သဖြင့် လက်တွေ့ဘဝထဲက ကောင်းမင်သည် အိပ်မက်ထဲက ကောင်းမင်ကို ဧကန်မုချ ဝါးမြိုဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
ယင်းကို ရှောင်လွှဲနိုင်ရန်အတွက် ရွှမ်ဝမ်သည် ဆေးဝါးများကိုသာ ရူးသွပ်စွာ သုံးစွဲခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ အိပ်မက်ထဲက ကောင်းမင်အား ပြန်လည်ကောင်းမွန်လာနိုင်မည့် မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ခဲ့လေသည်။
သို့သော် လက်တွေ့ဘဝထဲက အမည်မသိအင်အားစု၏ ပါဝင်ပတ်သက်မှုကြောင့် ထိုမျှော်လင့်ချက် မီးတောက်မှာ ဖြည်းညင်းစွာ ပိုမိုအားနည်းလာရချေပြီ။
ရွှမ်ဝမ်သည် သူမခန္ဓာကိုယ်ကို ကွေးထားရင်း အိပ်ပျော်အောင် အတင်းအကျပ် ကြိုးစားနေသော်လည်း ကြိုးစားလေလေ ပို၍ အိပ်မပျော်နိုင်လေလေ ဖြစ်နေရသည်။ သူမသည် သူမရင်ဘတ်ကို ဖိထားရင်း ကောင်းမင်သည် သူမအတွက် မည်မျှအထိ အရေးပါကြောင်းကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားမိခဲ့တော့သည်။
“ကျွန်မက တဖြည်းဖြည်း စွဲလန်းနှစ်ခြိုက်လာတာပဲ... အခုအချိန်အထိ ရောက်လာတော့မှပဲ ကျွန်မဝိညာဉ်ထဲက ဘယ်သူ့ကိုမှ မပြသခဲ့ဖူးတဲ့ လျှို့ဝှက်အခန်းတွေအားလုံးမှာ ရှင့်ရဲ့ သော့တွေ ရှိနေခဲ့မှန်း ကျွန်မသတိပြုမိလိုက်တော့တယ်”