← Chapters

အခန်း ၉၄၆

Vol. 67 Ch. 946

အခန်း ၉၄၆

Vol. 67 Ch. 946

အပိုင်း (၉၄၆) ကံကြမ္မာပျောက်ကွယ်သွားသည့် အခိုက်အတန့်

မြင့်မြတ်လှသော၊ အလုံးစုံကို သိမြင်နိုင်သော၊ တန်ခိုးအာနုဘော်အနန္တနှင့် ပြည့်စုံသော ကံကြမ္မာသည် သက်ရှိအားလုံးအတွက် အခြားမျက်နှာစာတစ်ခုကို ထုတ်ဖော်ပြသလိုက်လေသည်။ ၎င်းသည် စည်းမျဉ်းများကို လုံးဝဥဿုံ ကျိုးကြောင်းဆီလျော်စွာ အကောင်အထည်ဖော်သည့် အုပ်ချုပ်သူ မဟုတ်ဘဲ ခြောက်ခြားဖွယ် ကောင်းလောက်အောင် ကြီးမားထည်ဝါလှသည့် မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်နေခဲ့ချေသည်။

၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် သေဆုံးသူတို့၏ နောင်တတရားများ တွားသွားလှုပ်ရှားနေပြီး ငါးဝမ်းဗိုက်မှ ထွက်ကျလာသော အကျိအချွဲများကဲ့သို့ မရေမတွက်နိုင်သော ကံကြမ္မာကြိုးမျှင်များသည် အောက်သို့ စိမ့်ထွက်လျက် အနက်ရောင်မြူခိုးများကို လှိုင်းလုံးကြီးများပမာ ထွက်ပေါ်နေစေကာ ဝင်သက်ထွက်သက်တိုင်းက စိတ်ပျက်အားငယ်မှုများကို ပျံ့လွင့်နေစေခြင်းဖြစ်သည်။

စိတ်ဆန္ဒ၏ စွမ်းအားက နောက်ဆက်တွဲဒဏ်အဖြစ် ပြန်လည်ရိုက်ခတ်လာလေ၏။ သတ်မှတ်ထားပြီးသား ဖြစ်ရပ်များနှင့် မလွှဲမရှောင်သာသော အရာအားလုံးကြားတွင် ပုပ်သိုးနေသော မျိုးစေ့များက အမြစ်တွယ်ကာ အဖူးအပွင့်များ ဝေဆာနေကြသည်။

ယုံကြည်မှုများ ပြိုလဲပျက်စီးသွား၏။ စနစ်တကျရှိမှုကို ကိုယ်စားပြုသည့် ရွှေရောင်ချိန်းကြိုးများသည် တွန့်လိမ်ပုံပျက်လာပြီး လူသားတို့၏ လက်ချောင်းများပမာ အစိတ်အပိုင်းများ ကြီးထွားလာကာ ထူးဆန်းဆန်းပြားသော ပန်းပွင့်များ ပွင့်လန်းလာခဲ့ကြသည်။

အတိတ်နှင့် အနာဂတ်ကို လွှမ်းခြုံလျက် အဆုံးမဲ့လူသားလောကနှင့် အတွင်းကမ္ဘာတို့ကို ဖြတ်သန်းပြီးနောက် မရေမတွက်နိုင်သော ပြန်လည်မွေးဖွားခြင်းများနှင့် စတေးမှုများအပြီးတွင် သက်ရှိအားလုံးသည် မဖြစ်နိုင်ခြင်းများကြားမှ မျှော်လင့်ချက်အလင်းတန်းလေးတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့ကြလေသည်။ အချိန်ကာလက သူတို့ဘက်တွင် ရပ်တည်နေပြီး ကံကြမ္မာက ပုံဖော်ထားသည့် အရှိတရား မှုန်ဝါးသွားစေကာ နောက်ဆုံးတွင်မူ ဘာမှမရှိတော့သည့် သုညအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုအနက်ရောင်အမှတ်အသားနှစ်ခုကို အားအနည်းဆုံးအချက်များအဖြစ် ပြုလုပ်လျက် ဧရာမကံကြမ္မာမသစ်ပင်ကြီး၏ အခေါက်ပေါ်က အက်ကြောင်းများသည် ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဤကမ္ဘာကြီးသည် ကြက်ဥခွံတစ်ခုကဲ့သို့ ကြေမွပျက်စီးသွားပြီး မြေကြောများထဲမှ နဂါးစွမ်းအင်များ တိုးထွက်လာကာ ကောင်းကင်ဘုံက ၎င်းတို့၏ ကံတရားများကို စုစည်းပေးခဲ့သဖြင့် စစ်မှန်သော ကြယ်တာရာအလင်းတန်းများသည် လူသားလောကအပေါ်သို့ ဖြာကျလာတော့သည်။

ကံကြမ္မာအစစ်၏ စိတ်ဆန္ဒသည် ကံကြမ္မာမဲ့သူတို့၏ ဝိညာဉ်အစိတ်အပိုင်းများ၏ ကူညီမှု၊ သက်ရှိသတ္တဝါအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကံကြမ္မာကြိုးမျှင်အားလုံးကို တဖြည်းဖြည်း ချုပ်ကိုင်နိုင်ခဲ့ကြသည်။ ကြင်လင်နေသောသော စိတ်ဆန္ဒသည် လုံးဝကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ အတိုင်းအဆမဲ့သည့် ရေပြင်ကြီးနှင့်တူသော ကံကြမ္မာအစစ်သည် ကံကြမ္မာ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အနက်ရောင်သေတ္တာအတွင်းက ကြည်လင်ပြတ်သားမှုသည်လည်း တစ်ကြိမ်အသုံးပြုတိုင်း လျော့ပါးနေခဲ့သည်။ အကယ်၍ ကံကြမ္မာကိုသာ အမြစ်ပြတ်မချေမှုန်းနိုင်ပါက အသိစိတ်အသစ်များနှင့် စိတ်ဝိညာဉ်အဆီအနှစ်များမှာ မလွဲမသွေ ပြန်လည်ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

ကံကြမ္မာ၏နေရာတွင် ယာယီအစားထိုးဝင်ရောက်ထားသော ကံကြမ္မာအစစ်၏ စိတ်ဆန္ဒသည် ဤအကြောင်းကို ကောင်းမွန်စွာ သိရှိနားလည်ထား၏။ ကံကြမ္မာကြိုးမျှင်အားလုံးကို လွှဲပြောင်းရယူပြီးနောက် ၎င်းသည် သက်ရှိသတ္တဝါအားလုံးကို ဆက်လက်ခြယ်လှယ်ရန် စိတ်ကူးမရှိသလို သူတို့၏ စွမ်းအားများကို စုစည်းပြီး ကံကြမ္မာကို ဝါးမြိုပစ်ရန်လည်း ရည်ရွယ်ချက်မရှိခဲ့ပေ။ စိတ်ဆန္ဒသက်သက်သာရှိသော ကံကြမ္မာအစစ်သည် ၎င်းကို မလုပ်ဆောင်နိုင်သလို ဝိညာဉ်အပိုင်းအစများသာ ရှိတော့သည်သော မြင့်မားသည့် ကံတရားပိုင်ရှင်များလည်း မလုပ်ဆောင်နိုင်ကြချေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦးလုံးသည် တူညီသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ကြသည်။၎င်းမှာ လောကတွင် ရှိသမျှသော လူတိုင်းကို မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင်ဆုပ်ကိုင်ခွင့်ပြုကာ ချုပ်ချယ်မှုများနှင့် အနှောင်အဖွဲ့များမှ လွတ်မြောက်စေရန် ကံကြမ္မာကြိုးမျှင်အားလုံးကို တက်ကြွစွာ ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ ကံတရား သို့မဟုတ် ကံကြမ္မာဟူ၍ ရှိတော့မည်မဟုတ်ဘဲ စစ်မှန်စွာ ဖြစ်တည်နေသော လူသားတစ်ဦးချင်းစီသာ ရှိတော့မည် ဖြစ်ပေသည်။

လှောင်အိမ်ကြီးကား ကြေမွပျက်စီးသွားချေပြီ။ မှောင်မိုက်နေသော အိမ်ကြီးသည်လည်း ကျယ်လောင်လှသောအသံတစ်ချက်နှင့်အတူ ပြိုလဲသွားကာ မရေမတွက်နိုင်သော အလင်းတန်းများ တိုးဝင်လာသဖြင့် လူတိုင်း၏ နှလုံးသားများကို လင်းထိန်သွားတော့သည်။

ကံကြမ္မာကြောင့် မိမိတို့၏ အကိုင်းအခက်များပေါ်တွင် နှောင်ဖွဲ့ခံထားရသော လူသားဆန်မှု အစိတ်အပိုင်းများက စတင်ကွာကျလာခဲ့ကြသည်။ ၎င်းတို့သည် ညှိုးနွမ်းခြောက်သွေ့နေသော ဆောင်းဦးရာသီ သစ်ရွက်ကြွေများ မဟုတ်ကြဘဲ ဘဝ၏ ရှည်လျားလှသော မြစ်ကြောင်းတစ်လျှောက် ပျံ့လွင့်သွားမည့်မျိုးစေ့များ ကိန်းအောင်းနေသည့် အသီးအနှံများသာ ဖြစ်ကြပေသည်။

အဆုံးမဲ့လူသားလောကကြီး ကွာကျသွားပြီး ကံကြမ္မာကြိုးမျှင်အားလုံး ပြတ်တောက်သွားသည်နှင့် ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ထားသည့် ဧရာမကံကြမ္မာသစ်ပင်ကြီး၏ ခန္ဓာကိုယ်သည် အမှီသဟဲမဲ့သွားရတော့သည်။ သတ္တဝါအားလုံးကို နှောင်ဖွဲ့ထားသည့် ကံကြမ္မာကြိုးမျှင်များ၏ ဆွဲအားမရှိတော့သဖြင့် ၎င်းသည် အတွင်းကမ္ဘာဘက်သို့ ယိုင်လဲသွားခဲ့လေသည်။

အဆုံးမဲ့လူသားလောကကို ဖိနှိပ်ထားခဲ့သော "နတ်ဘုရားသဖွယ် ဖြစ်တည်မှုများ" လည်း ဖြိုဖျက်ခံလိုက်ရသည်။ အတွင်းကမ္ဘာတွင် စုပုံနေခဲ့သော နောင်တတရားများသည်လည်း စတင်အရည်ပျော်လာကာ ကမ္ဘာကြီးသည် ကြီးမားသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့လာရသည်။ ကံကြမ္မာ၏ ထိန်းချုပ်မှုပြင်ပတွင်ရှိခဲ့သော စည်းမျဉ်း ၁၃ ခုက လူသားလောကဆီသို့ ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်သည်။

မတရားခံခဲ့ရသော ဝိညာဉ်များ၏ အော်ဟစ်ငိုကြွေးသံများသည် အနက်ရှိုင်းဆုံးသော စိတ်ပျက်အားငယ်မှုများကြားမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် နောက်ဆုံးတွင်မူ မိမိတို့၏ နာကျင်မှုများကို လွတ်လပ်စွာ ဖိနှိပ်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ကံကြမ္မာသစ်ပင်ကြီး အမှောင်ထုနှင့် သွေးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွားသည်နှင့် ၎င်းခိုးယူထားခဲ့သော သက်တမ်းပင်လယ်နှင့် ကောင်းချီးတိမ်တိုက်များသည်လည်း အတွင်းကမ္ဘာထဲသို့ စီးဆင်းသွားကြသည်။ နောင်တများနှင့် ဖုန်မှုန့်အထပ်ထပ်တို့သည် လွင့်ပါးသွားခဲ့ကြပြီး နာကြည်းမုန်းတီးမှုများ ဆေးကြောခံလိုက်ရသဖြင့် သွေးပင်လယ်ထဲရှိ ထူထဲလှသော သွေးနီရောင်များသည်လည်း စတင်၍ အရောင်ဖျော့လာလေသည်။

ညဉ့်ယံထဲတွင် ကွယ်ဝှက်ထားသော ရွှေရောင်ချိန်းကြိုးများ ပြတ်တောက်သွားပြီး အတွင်းကမ္ဘာ၏ ထာဝရအနက်ရောင်မြူခိုးများကြားတွင် အလင်းရောင်ဖျော့ဖျော့လေးတစ်ခု ပေါ်ထွက်လာလေ၏။ မရေမတွက်နိုင်သော အငြိုးကြီးသရဲများနှင့် ဝိညာဉ်များ၏ စောင့်ကြည့်မှုအောက်တွင် အဆုံးမဲ့လူသားလော၏ နွေးထွေးလှသောနေခြည်ကို ရောင်ပြန်ဟပ်နေသည့် လမင်းအသစ်တစ်စင်းသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။

နှင်းကဲ့သို့ ဖြူစင်သော အလင်းရောင်သည် စိတ်ပျက်အားငယ်မှုင်း၏ အနက်ရှိုင်းဆုံးနေရာက ဤကုန်းမြေပေါ်သို့ ဖြာကျလာခဲ့သည်။

အမုန်းတရားများကြောင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော နှလုံးသားများမှာ ဖြည်းညင်းစွာ တည်ငြိမ်သွားကြပြီး ပုံပျက်နေသော ခန္ဓာကိုယ်များသည်လည်း တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကာ သတ်ဖြတ်ခြင်းကိုသာ သိကြသည့် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များသည် သူတို့ကိုယ်သူတို့ ပြန်လည်ရှာတွေ့သွားပြီး ကိုယ့်ကိုယ်ကို ပြန်လည်ပွေ့ဖက်နိုင်ခဲ့ကြသည်။

အချို့က ရူးသွပ်စွာ ရယ်မောလိုက်ကြပြီး အချို့က ငိုကြွေးနေကြကာ အချို့မှာမူ မိမိတို့လက်ဖဝါးထဲက လရောင်ကို တိတ်တဆိတ် စိုက်ကြည့်နေကြလေသည်။

ကံကြမ္မာကြောင့် အဆုံးမဲ့လူသားလောကမှ ဆွဲထုတ်ခံခဲ့ရသော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုအားလုံးသည် အတွင်းကမ္ဘာထဲသို့ ပစ်ချခံခဲ့ရပြီး ၎င်း၏ ခန္ဓာကိုယ်ကိုယ်နှိုက်ကသာ ဤကုန်းမြေကို စစ်မှန်စွာ သန့်စင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ကြည်လင်သော မျက်လုံးများ၊ စိတ်ဝိညာဉ်အဆီအနှစ်အားလုံးနှင့် ကံကြမ္မာကြိုးမျှင်များ အားလုံး ဆုံးရှုံးသွားရသဖြင့် လူသားလောက၏ သစ်ရွက်များသည် တစ်ရွက်ပြီးတစ်ရွက် ကွာကျသွားကြသည်။ ၎င်း၏ ပင်စည်ကြီး၏ ကာကွယ်မှုမရှိတော့သဖြင့် ၎င်းအတွင်း၌ မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် စုဆောင်းထားခဲ့သည့် သက်တမ်းနှင့် ကံတရားများက ပုပ်သိုးပျက်စီးသွားရပြီး မရေမတွက်နိုင်သော အမြစ်များမှာ သက်ရှိအားလုံး၏ စိတ်ဆန္ဒများ၏ ပြန်လည်ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည်။ သို့သော်လည်း ထိုမျှပြင်းထန်သော ပျက်စီးဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး အရပ်မျက်နှာအားလုံးတွင် လုံးဝပြိုလဲလုနီးပါး ဖြစ်နေရသော်လည်း ကံကြမ္မာသစ်ပင်သည် လုံးဝကွယ်ပျောက်သွားခြင်း မရှိသေးပေ။ ၎င်း၏ ပုံရိပ်သည် သွေးပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ပြန်လည်မွေးဖွားလာရန်အတွက် မရေမတွက်နိုင်သော နည်းလမ်းများကို အသုံးပြုနိုင်စွမ်း ရှိနေသေးပုံရသည်။ ကံကြမ္မာကြိုးမျှင်အားလုံးကို ဖြတ်တောက်ပြီးနောက်တွင်မူ ကံကြမ္မာ၏ ကြည်လင်နေသော စိတ်ဆန္ဒသည် လုံးဝကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။ သွေးမြို့တော် ၁၃ ခု၏ အရှင်သခင်များသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာများကို ဆင်မြန်းထားကြသည်။ သူတို့သည် သူတို့အသုံးပြုနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုခဲ့ကြပြီးဖြစ်သည်။ ကံကြမ္မာ၏ ဖြစ်တည်မှုကို မေ့ဖျောက်၍ မရနိုင်ချေ။ အတိတ်ကာလက ၎င်းရှိခဲ့ဖူးသည့် အမှတ်အသားများသည် ဤလောက၏ နေရာအရပ်ရပ်တွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။

"ငါတို့ သူ့ကို ပြန်လည်မွေးဖွားခွင့် ပေးလို့မရဘူး၊ သူ လုံးဝမရှိခဲ့ဖူးသလိုမျိုး အပြီးတိုင် ပျောက်ကွယ်သွားအောင် လုပ်ရမယ်"

အချိန်သွေးမြို့တော်သခင်က ရုတ်တရက် ထုတ်ပြောလိုက်သည်။

"တကယ်လို့ ငါသာ ကံကြမ္မာမရှိတဲ့ အချိန်တစ်ခုကို ရှာနိုင်မယ်ဆိုရင် ငါ အဲဒီအခိုက်အတန့်ကို အသုံးချပြီး အချိန်မြစ်ကို ဖြည့်ပြီး အချိန်စီးကြောင်းအသစ်တစ်ခုကို ဖွင့်ပြီး ကံကြမ္မာရဲ့ ဖြစ်တည်မှုကို ချေဖျက်နိုင်လိမ့်မယ်၊ အရင်တုန်းကတော့ ကံကြမ္မာသစ်ပင်က ဒါကို ပိတ်ဆို့ထားလို့ မဖြစ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ အတွင်းကမ္ဘာတစ်ခုလုံးနဲ့ အဆုံးမဲ့လူသားလောကကသာ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားမယ်ဆိုရင် ပြီးတော့ ကံကြမ္မာအစစ်နဲ့ အဲဒီလူရဲ့ ကူညီမှုပါ ရှိမယ်ဆိုရင် ဒါက ဖြစ်နိုင်ခြေ ရှိတယ်"

အချိန်သွေးမြို့တော်သခင် ပြောနေသည်မှာ ကောင်းမင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

"ငါ့အနေနဲ့ သူနဲ့ ရန်ငြိုးဟောင်းရှိလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက သူ့ရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ ကံကြမ္မာရဲ့ အနှောင်အဖွဲ့ကနေ ရုန်းထွက်နိုင်ခဲ့တာလေ၊ အပြောင်းအလဲအားလုံးက သူ့ကြောင့် ပေါ်ပေါက်လာတာမို့ ကံကြမ္မာပျောက်ကွယ်သွားမယ့် အခိုက်အတန့်ကလည်း သူ့ခန္ဓာကိုယ်ပေါ်မှာပဲ ရှိနေရမယ်"

"ငါတို့ မင်းကို ဘယ်လိုကူညီပေးရမလဲ"

"ကံကြမ္မာသစ်ပင်က သွေးပင်လယ်ထဲ ပြုတ်ကျသွားပြီး ဒီကုန်းမြေကြီးကို ကုသပေးနေတယ်၊ ဒါပေမဲ့ ငါတို့ စိတ်ပျက်အားငယ်မှုတွေနဲ့ နာကျင်မှုတွေကနေ ရထားတဲ့ စွမ်းအားတွေလည်း ထိခိုက်မှုရှိခဲ့တယ်၊ ငါလိုချင်တာက မင်းတို့ ပိုင်ဆိုင်ထားတဲ့သရဲပုံစံကွက်တွေနဲ့ စည်းမျဉ်းအားလုံးကို ကောင်းမင်ရဲ့ အသိစိတ် အစိတ်အပိုင်းတွေပေါ်မှာ ထွင်းထုပေးဖို့ပဲ၊တကယ်လို့ ကံကြမ္မာကသာ ပူးပေါင်းဖို့ လိုလားမယ်ဆိုရင် ငါသူ့ကို အမှီပြုပြီး အချိန်မြစ်ကြီးကို တွန်းလှန်ဖွင့်လှစ်နိုင်တယ်၊ သူ့ကို စမှတ်အဖြစ် သုံးပြီး ခေတ်သစ်တစ်ခုကို စတင်နိုင်လိမ့်မယ်"

အချိန်သွေးမြို့တော်သခင်သည် ထိုစွမ်းအားများကို ဝါးမြိုပစ်ရန် စိတ်ကူးမရှိပေ။ သူ့အဆိုပြုချက်အား အခြားသွေးမြို့တော်အရှင်သခင်များက ချက်ချင်းပင် လက်ခံလိုက်ကြသည်။ အတွင်းကမ္ဘာမှ ထိုမိစ္ဆာဝိညာဉ်များအတွက်မူ ၎င်းတို့၏ စွမ်းအားများသည် စွဲလမ်းမှုနှင့် နာကျင်မှုများမှ လာခြင်း ဖြစ်သည်။ ထိုစွမ်းအားများကို ကောင်းမင်၏ အသိစိတ် အစိတ်အပိုင်းများထံ ပေးအပ်လိုက်ခြင်းမှာ လက်မခံနိုင်စရာတော့ မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ သူသည် ထိုနေရာတွင် ရှိနေသူအားလုံးကို ကယ်တင်ခဲ့ခြင်း မဟုတ်ပါလား။

ကံကြမ္မာသစ်ပင်သည် သွေးပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ပြီး ကံကြမ္မာသခင်၏ လမ်းညွှန်မှုအောက်ရှိ သက်ရှိအားလုံး၏ စိတ်ဆန္ဒသည် ကံကြမ္မာနှင့် ကောင်းမင်တို့ဘက်တွင် ရပ်တည်လျက် ရှိသည်။ ယင်းသည် လောကတွင် အစွမ်းထက်ဆုံးနှင့် ထိန်းချုပ်ရန် အခက်ခဲဆုံးသော စွမ်းအားပင် ဖြစ်သည်။ အသေးစိတ်ကျပြီး ပြည့်စုံလှသော သရဲပုံစံကွက်များသည် ကြည်လင်နေသော စိတ်ဆန္ဒဖြင့် လွှမ်းခြုံထားသည့် အသိစိတ်အစိတ်အပိုင်းများပေါ်တွင် ထင်ဟပ်လာကြသည်။ မူလက ကံကြမ္မာ၏ အသိစိတ်ကသာ လွှမ်းမိုးထားသည့် ကြည်လင်နေသော အသိစိတ်သည် တဖြည်းဖြည်းနှင့် သိမ်မွေ့သော အပြောင်းအလဲများကို ကြုံတွေ့လာရပြီး ကောင်းမင်၏ အသိစိတ်က ကံကြမ္မာအတွင်း၌ တဖြည်းဖြည်းနှင့် နိုးထလာတော့သည်။

သူသည် အတွင်းကမ္ဘာ၏ မတူကွဲပြားမှုများနှင့် လူသားတို့၏ အဆုံးမဲ့ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရသည်။ သူသည် မူလက ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့အပေါ် လျစ်လျူရှုထားခဲ့ပြီး မည်သည့်အရာကမှ သူ့စိတ်ကို မလှုပ်ခတ်နိုင်တော့ဟု ထင်မှတ်ခဲ့သော်လည်း သရဲပုံစံကွက်များ သူ့ကို ဖုံးလွှမ်းသွားသည်နှင့် သူ၏ ကိုယ်ပိုင်ခံစားချက်များသည် ရေထဲသို့ သုတ်ဆေးများ စီးကျသွားသကဲ့သို့ တဖြည်းဖြည်းနှင့် ပျော်ဝင်လာတော့သည်။

သူ၏ အသိစိတ်အစိတ်အပိုင်းများသည် အရောင်အသွေးများ ပြန်လည်ရရှိလာပြီး ကံကြမ္မာ၏ ကြင်လင်နေသော စိတ်ဆန္ဒပင်လျှင် အရောင်များ စွန်းထင်သွားရသည်။

သူသည် သူကိုယ်သူ အရင်ကထက် ပိုမိုအစွမ်းထက်လာသည်ကို ခံစားမိသည်။ သူ မြင်သမျှအရာသည် ကမ္ဘာလောကကြီး ဖြစ်နေပြီး သူမြင်သမျှအရာသည် အရာအားလုံးကို ပြောင်းလဲပစ်နိုင်လေသည်။ သို့သော်လည်း သူသည် ကံကြမ္မာနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်လွင့်ပါးသွားနေသည်ကိုလည်း အာရုံခံမိနေလေသည်။

"ကောင်းမင်"

တစ်စုံတစ်ယောက်က သူ့နာမည်ကို လှမ်းခေါ်လိုက်လေသည်။ သူသည် မေ့လျော့ခံလိုက်ရသည် မဟုတ်ပေ။

အောက်သို့ ငုံ့ကြည့်လိုက်ရာ ကောင်းမင်သည် အတွင်းကမ္ဘာကုန်းမြေပေါ်ရှိ သွေးမြို့တော် ၁၃ ခုမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းသည် သူတို့၏ နောက်ဆုံးလက်ကျန် ပေးအပ်မှုပင် ဖြစ်သည်။ သွေးမြို့တော် ၁၃ ခုက အတွင်းကမ္ဘာအတွက် သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ခဲ့ကြစဉ်ကကဲ့သို့ပင် ထိုမြင်ကွင်းမျိုး ထပ်မံပေါ်ပေါက်လာပြီး ကောင်းမင်၏ ပုံရိပ်ကို ထွင်းထုထားသည့် ယဇ်ပလ္လင်များနှင့် သရဲပုံစံကွက်များ ဖုံးလွှမ်းနေသည့် ငွေရောင်နဂါးတစ်ကောင်သည် အချိန်မြစ်ကြီးထဲမှ တိုးထွက်လာကာ ကောင်းမင်နှင့် ကံကြမ္မာတို့၏ အသိစိတ်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

All Chapters