အခန်း ၉၄၈
Vol. 67 Ch. 948
အပိုင်း (၉၄၈) ငါ့အပြင်ဘက်မှာ
စိတ်ပျက်အားငယ်မှုမှုများကြားတွင် နစ်မြုပ်နေရင်း အချိန်ကာလသည် အေးခဲနေပုံရပြီး လူတိုင်းကို မွန်းကြပ်နေစေ၏။ အနာဂတ်သည် ပိတ်ဆို့ခံထားရပြီး အတိတ်သည်လည်း ရုန်းမထွက်နိုင်သော လှောင်အိမ်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် အချိန်မြစ်ကြီး ပြန်လည်စီးဆင်းလာသည်နှင့်အမျှ မြစ်လက်တက်များသည် နှလုံးသား၏ အက်ကြောင်းများထဲသို့ စိမ့်ဝင်သွားခဲ့ပြီး စိတ်ပျက်အားငယ်မှုများ အရည်ပျော်လာကာ လူတို့၏ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအမာရွတ်များ ပျောက်ကွယ်သွားခဲ့ကြသည်။ ကောင်းမင်၏ အသိစိတ်အပိုင်းအစများသည် ထိုမြစ်လက်တက်များထဲ၍ ပျံ့လွင့်နေခဲ့သည်။ သူသည် အချိန်ကာလ၏ ပြင်ပ၌ တည်ရှိနေသလို အတွင်း၌လည်း တည်ရှိနေခဲ့သည်။
မြစ်ရေစီးကြောင်းအတိုင်း မျောပါရင်း နှစ်ကာလများ ကုန်လွန်သွားခဲ့ရာ အချိန်မည်မျှ ကုန်ဆုံးသွားခဲ့သည်ကို သူမသိတော့ပေ။ သူသည် မြို့တစ်မြို့ရှိ ငါးပြတိုက်တစ်ခုတွင် အသက်ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးတစ်ဦးကို မြင်တွေ့ခဲ့ရပြီး ထိုကလေးသည် ချန်ဂီနှင့် ရာနှုန်းပြည့်နီးပါး ဆင်တူပေသည်။ကောင်လေးသည် ပြပွဲခန်းမ၏ မှန်သားပြင်ကို မှီလျက် ဘေးနားမှ ကူးခတ်သွားသော ငါးကလေးများကို ငေးမောကြည့်ရှုနေခဲ့သည်။ သူသည် အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း ထိုကြီးမားထည်ဝါလှသော ပုံရိပ်ကြီးကိုတော့ ရှာမတွေ့ခဲ့ချေ။
"ရှန်းနွမ်"
မလှမ်းမကမ်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။ ဝမ်ချင်းသည် ငါးပြတိုက်အမှတ်တရပစ္စည်းများကို လက်တွင်ကိုင်လျက် ထိုကောင်လေးထံသို့ အပြေးအလွှား ရောက်ရှိလာ၏။
"မေမေ ဒီတစ်ခါတော့ အိမ်စာသေချာလုပ်လာတာလေ၊ မေးခွန်းဆယ်ခုလုံး မှန်အောင်ဖြေနိုင်ခဲ့လို့ နောက်ဆုံးတော့ ဒီအကန့်အသတ်နဲ့ထုတ်တဲ့ ဝေလငါးသော့ချိတ်လေး ရခဲ့ပြီ"
သူမကျောနောက်တွင် ဝှက်ထားသော လက်ကို ကောင်လေးရှေ့တွင် ဖြန့်ပြလိုက်ရာ ရေပြင်ပေါ်သို့ ခုန်တက်နေသော ဝေလငါးပုံလေး ပေါ်လာလေသည်။ ကောင်လေးသည် ထိုဝေလငါးရုပ်လေးကို ဂရုတစိုက် ကောက်ကိုင်လိုက်ပြီး ဝေလငါးကို တစ်လှည့်၊ ဝမ်ချင်းကို တစ်လှည့်ကြည့်ကာ "မေမေ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
တိမ်တိုက်များ ပျယ်လွင့်သွားသည်နှင့်အမျှ မြို့တော်၏ အခြားတစ်ဖက်ရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းတက်ခေါင်းလောင်းသံ မြည်ဟည်းလာပြီး ဆရာမလီက စင်မြင့်ပေါ်သို့ လှမ်းတက်လာခဲ့သည်။
"ကျောင်းသားတို့ရေ၊ ငြိမ်ငြိမ်လေး နေကြပါဦး၊ ဆရာမ မိတ်ဆက်ပေးပါရစေ၊ သူက ဆရာမတို့ ရှီချန်ပုဂ္ဂလိက အထက်တန်းကျောင်းကို အခုမှ ပြောင်းလာတဲ့ ကျောင်းသားအသစ်ပဲ၊ သူ့နာမည်က ချန်ဂီတဲ့၊ အားလုံးပဲ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး တစ်ယောက်ကိုတစ်ယောက် ကူညီကြဖို့ မျှော်လင့်ပါတယ်"
ကျောင်းသားများသည် စင်မြင့်အနီးရှိ ကောင်လေးကို စုပြုံ၍ စူးစမ်းကြည့်ရှုလိုက်ကြသည်။ ထိုကျောင်းသားသစ် ချန်ဂီသည် ကျောပိုးအိတ်အကြီးကြီးတစ်လုံးကို လွယ်ထားပြီး ၎င်းတွင် လက်ဖြင့်ချုပ်ထားသော ချစ်စရာကောင်းသော်လည်း အရုပ်ဆိုးလှသည့် အရုပ်လေးတစ်ရုပ်ကို ချိတ်ဆွဲထားသည်။
သူသည် ဆရာမ၏ ညွှန်ကြားချက်ကို မစောင့်တော့ဘဲ လွတ်နေသော ခုံတန်းတစ်ခုဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။ သူသည် သင်ခန်းစာကို အာရုံမစိုက်ဘဲ စက္ကူတစ်ရွက်ပေါ်တွင် အစီအစဉ်အချို့ကိုသာ ရေးဆွဲနေခဲ့သည်။ တစ်ခါတစ်ရံ စာရေးရသည်ကို ငြီးငွေ့လာလျှင် သူသည် ဘေးခုံက မိန်းကလေးကို တိတ်တဆိတ် ခိုးကြည့်တတ်သည်။
အတန်ကြာ စောင့်ကြည့်ပြီးနောက်တွင်မူ ချန်ဂီသည် ဤကျောင်းရှိ ဆရာများနှင့် အတန်းဖော်များအားလုံးမှာ အလွန်စိတ်သဘောထားကောင်းကြသည်ကို အတည်ပြုနိုင်ခဲ့သည်။ အနည်းဆုံးတော့ အနိုင်ကျင့်မှုမျိုး မရှိသလို သူကလွဲလို့ အခြားထူးထူးဆန်းဆန်း လူမျိုးလည်း မရှိချေ။
စိတ်အေးသွားခဲ့ပြီဖြစ်ရာ သူသည် ဝါကျင့်ကျင့်စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီး ဝင်လုဆဲဆဲ နေရောင်ခြည်အောက်တွင် ဘေးခုံက အတန်းဖော်မိန်းကလေးထံသို့ ကမ်းပေးလိုက်လေသည်။
စာအိတ်ထဲတွင် တိပ်ဖြင့် ကပ်ပိတ်ထားသော အချစ်စာလွှာတစ်စောင် ရှိနေပြီး ၎င်းတွင် စာတစ်ကြောင်းတည်းသာ ရေးသားထားလေ၏။
"ကျန်းရာ၊ ငါနဲ့အတူ ရှိပေးမလား"
ဤမျှ ပွင့်လင်းလွန်းလှသဖြင့် ထိုကျောင်းသူလေးမှာ လန့်ဖျန့်သွားခဲ့ပြီး မျက်နှာလေး အနည်းငယ် နီမြန်းလျက် စာအိတ်ကိုကိုင်ကာ ထွက်ပြေးသွားတော့သည်။
ကျောင်းဆင်းပြီးနောက် ချန်ဂီ အိမ်မပြန်ခဲ့ပေ။ သူသည် ထုံးစံအတိုင်း ဆေးရုံသို့သွားကာ လူနာဆောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ယခင်ကနှင့်မတူဘဲ ယခုတစ်ကြိမ်တွင်မူ သူစောင့်ဆိုင်းနေခဲ့သောသူနှင့် နောက်ဆုံးတွင် ဆုံတွေ့ခွင့်ရခဲ့သည်။
အရပ်ရှည်ရှည်နှင့် ပိန်ပါးသော လူငယ်တစ်ဦးသည် စွန့်ပစ်ခံထားရသော ကြောင်တစ်ကောင်ပမာ လမ်းပျောက်နေပြီး ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေခဲ့သည်။
"ငါ့ရဲ့ သက်တမ်း ကုန်ဆုံးသွားပြီ၊ ဒါဟာ ကံကြမ္မာက နောက်ပြောင်နေတာ မဟုတ်ဘူး၊ ငါတို့အားလုံး ခွဲခွာခြင်းကို ရင်ဆိုင်ကြရမှာပဲ"
ချန်ဂီက ထိုလူငယ်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ပြောလိုက်သည်။
"တကယ်လို့ မင်းသွားစရာနေရာမရှိရင် ငါ့ရဲ့ သရဲအိမ်ကို လာခဲ့လို့ရပါတယ်၊ အဲဒီမှာ အရမ်းကို ထူးခြားတဲ့ လူတစ်စု ရှိတယ်လေ"
လက်ကိုကမ်းပေး၍ ထိုလူငယ်ကို ထူမပေးရင်း ချန်ဂီသည် နာမည်အရှည်ကြီး ရေးထားသော သူ၏ စာရင်းစာအုပ်ကို ဖွင့်ကြည့်လိုက်လေသည်။
"နောက်တစ်ယောက်ကတော့ မန်းနန်ပဲ၊ အဲဒီကလေး ဘယ်ပျောက်သွားတာလဲ၊ ငါ ရှာမတွေ့ဘူး၊ ဒါပေမဲ့ သူက အမြဲတမ်းတော်ပြီးသားမို့လို့ စိတ်ပူစရာတော့ မလိုပါဘူး"
အချိန်မြစ်ကြီးသည် လှိုင်းကြက်ခွက်များလှုပ်ရှားသွား၏။ လူသားတို့၏ သက်တမ်းသည် အချို့သော အနှောင်အဖွဲ့များကို ထိုးဖောက်ကျော်လွန်သွားခဲ့ကာ ၎င်းတို့၏ ကံတရားများသည်လည်း ဆက်လက်မြင့်မားလာခဲ့လေသည်။ ရှင်းလုမြို့ဟောင်းရှိ မိဘမဲ့ဂေဟာတစ်ခုတွင် ကလေးတစ်စုသည် ရိုးသားဖြူစင်မှုများနှင့် ကလေးသဘာဝလွတ်လပ်မှုများ ထင်ဟပ်နေသော မျက်နှာလေးများဖြင့် သီချင်းဆိုနေကြသည်။
"သားရဲ့ အိပ်မက်ကတော့ အာကာသယာဉ်မှူး ဖြစ်ဖို့ပဲ၊ ကျွန်တော် လကမ္ဘာပေါ်မှာ မတ်တပ်ရပ်ပြီး အားလုံးကို လက်ဝှေ့ယမ်း နှုတ်ဆက်ချင်တယ်"
"သမီးရဲ့ အိပ်မက်ကတော့ ဆရာမလုပ်ဖို့ပဲ၊ သမီးလို မိဘမဲ့ကလေး အများကြီးကို ပညာသင်ပေးချင်လို့ပါ"
"ဟန်ဖေး၊ သားရဲ့ အိပ်မက်ကကော ဘာလဲ"
"ငါလား"
ငေးမှိုင်နေသော ကလေးငယ်အချို့က လှည့်ကြည့်လိုက်ကြသည်။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် အလွန်တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်လေသည်။
"ငါက ပရိသတ်တစ်ယောက် ဖြစ်ချင်တာ၊ လောကမှာ ဘယ်သူကမျှ သူ့ရဲ့ ဖျော်ဖြေမှုကို မကြည့်ကြရင်တောင် ငါကတော့ သူ့အတွက် လက်ခုပ်တီးပေးမှာဖြစ်ပြီး သူ့ဘဝကို ဘယ်တော့မှ အဆုံးသတ်ခံမှာ မဟုတ်ဘူး"
သူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်စဉ် သူ့နှုတ်ခမ်းဖျား၌ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူ့အပြုံးသည် ယခင်ကကဲ့သို့ ရူးသွပ်မှုများ ရှိမနေတော့ပေ။
ကလေးများအားလုံးက သူသည် အပြင်ကကမ္ဘာကြီးကို ကြည့်နေသည်ဟု ထင်မှတ်နေကြသော်လည်း သူ့ဘေးနားက မှန်ပြင်ပေါ်တွင် အခြားပုံရိပ်တစ်ခု ထင်ဟပ်နေသည်ကိုမူ သူတစ်ဦးတည်းသာ သိရှိပေသည်။ ထိုပုံရိပ်မှာ ခန့်ညားထည်ဝါသော အရှိန်အဝါရှိသော်လည်း စကားပြောရသည်ကို မနှစ်သက်သော အမျိုးသားတစ်ဦး ဖြစ်သည်။
သီချင်းသံ စတင်လာသည်နှင့်အမျှ ကျောင်းနှင့် ကပ်လျက်ရှိသော ပျော်ရွှင်ခြင်းအိမ်ရာမှ သက်ကြီးရွယ်အိုများသည် နေပူဆာလှုံရင်း စကားစမြည်ပြောဆိုနေကြပြီး အခြားသူများ နားမလည်နိုင်သော ဘာသာစကားဖြင့် ပြောဆိုနေကြလေသည်။
ပျောက်ဆုံးသွားခဲ့သော အိပ်မက်များသည် သူတို့အတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လက်တွေ့ဘဝ ဖြစ်လာခဲ့လေသည်။
အချို့က မေ့ပစ်ရန် ရွေးချယ်ခဲ့ကြပြီး အချို့ကမူ အချိန်ဟောင်းများထဲတွင် ဆက်လက်ကျန်ရစ်ခဲ့ကြသည်။ ကောင်းမင်၏ အသိစိတ်အပိုင်းအစများသည် အချိန်အတော်ကြာအောင် ပျံ့လွင့်နေခဲ့ပြီး နောက်ဆုံးတွင်မူ ရူးသွပ်မှုနှင့် ပုပ်သိုးခြင်း မျိုးစေ့များသည် အမြစ်တွယ်ကာ အဖူးအပွင့်များနှင့်အတူ အသီးအပွင့်သစ်များ သီးပွင့်လာခဲ့ပြီ ဖြစ်သည်။
စည်းမျဉ်းစွမ်းအားများသည် ပျက်စီးနေသော အသိစိတ်အတွင်းသို့ စိမ့်ဝင်သွားကြပြီး အချိန်မြစ်ကြီးထဲတွင် တင်းကျပ်စွာ ပိတ်ထားခဲ့သည့် ညှဉ်းပန်းနှိပ်စက်ခန်း၏ တံခါးကြီးကို ပြန်လည်ဖွင့်လှစ်ပေးလိုက်လေသည်။
ကံကြမ္မာ၏ ကြည်လင်ပြတ်သားမှုကို ဖျက်ဆီးပစ်ရန်အတွက် ကောင်းမင်နှင့် ဆက်နွှယ်နေသော ကံတရားအားလုံးကို ဖြတ်တောက်ခဲ့ပြီးဖြစ်ရာ ယခုတွင် ညှဉ်းပန်းနှိပ်စက်ခန်းကြီးမှာ ဟောင်းလောင်းဖြစ်နေပြီ ဖြစ်သည်။ အိပ်မက်ထဲက ရွှမ်ဝမ်၊ လက်တွေ့ဘဝထဲက လျှိုယီနှင့် တစ်ချိန်က ကောင်းမင်နှင့်အတူ လျှောက်လှမ်းခဲ့ဖူးသူ အများအပြားသည်လည်း ကံကြမ္မာမရှိတော့သည့် ဤအခိုက်အတန့်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်လာကြသည်။ ကံကြမ္မာသည် လုံးဝကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ ကံတရား၏ ဖြစ်တည်မှုကိုလည်း တဖြည်းဖြည်း မေ့လျော့သွားကြပြီ ဖြစ်သည်။ အတွင်းကမ္ဘာ၏ နောက်ဆုံးလက်ကျန် သရဲတက်တူးများက ကောင်းမင်၏ အသိစိတ်ပေါ်တွင် ထင်ဟပ်နေခဲ့သည်။ သူသည် သူ့အတိတ်ကို ပြန်လည်လှည့်ကြည့်လိုက်လေသည်။ ညင်သာစွာ စီးဆင်းနေသော အချိန်ကာလသည် အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့ပြီးဖြစ်ရာ ရပ်တန့်မရနိုင်တော့ဘဲ ရှေ့သို့သာ ဆက်လက်ကြည့်ရှုနိုင်တော့သည်။ လောကရှိ ဇာတ်သိမ်းအားလုံးသည် လုံးဝပြည့်စုံသွားခဲ့ပြီ ဖြစ်သော်လည်း ကောင်းမင်တစ်ဦးတည်းသာလျှင် အထီးကျန်စွာ ကျန်ရစ်ခဲ့ရရှာသည်။
မိဘများသည် တစ်ချိန်က အတွင်းကမ္ဘာကြီးထဲတွင် ကောင်းမင်၏ ခြေရာလက်ရာများကို လိုက်လံရှာဖွေခဲ့ကြဖူးသော်လည်း ယခုအခါ သူတို့သည် သူတို့၏ ကိုယ်ပိုင်လူ့ဘဝများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပြီ ဖြစ်ရာ ထာဝရအတွက် လူတစ်ယောက်ပျောက်ဆုံးနေသော အိပ်မက်ဆိုးကြီးတစ်ခုမှ နိုးထလာခဲ့ကြသကဲ့သို့ ရှိနေခဲ့ကြသည်။
အချိန်ကာလ၏ အခြားတစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်ရင်း မိဘများသည် ထိုပုံရိပ်ကို ဆက်မရှာဖွေကြတော့ဘဲ ရံဖန်ရံခါတွင်မူ လွမ်းဆွတ်တမ်းတမှုအနည်းငယ်သာ ကောင်းမင်ဘေးနားတွင် ရစ်ပတ်ကျန်ရစ်ခဲ့တော့သည်။ ပိုမိုဝေးကွာသော နေရာတစ်ခုတွင်မူ ရေကြီးမှုသည် ဟန်ဟိုင်းမြို့ဟောင်းကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။ ကျန်းတင်း၏ စူပါမားကတ်ထဲတွင် ကလေးငယ်အချို့သည် နောက်ဆုံးထွက် ကာတွန်းကားများအကြောင်းကို ဆွေးနွေးနေကြလေသည်။ ဟန်သဲ့ကိုယ်ပိုင်ကျောင်းကျောင်းမှ ကျောင်းအုပ်ဆရာမဟောင်းမှာ အငြိမ်းစားယူတော့မည်ဖြစ်ရာ ကျောင်းတစ်ခုလုံးရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သူမကို လာရောက်နှုတ်ဆက်ကြလေသည်။ ထို့ပြင် နောင်တရစရာများလည်း ရှိနေဆဲ ဖြစ်သည်။ ကျိကျဲသည် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။ သူသည် သူ့ကိုယ်သူ အသားနှင့်အသွေးတို့ဖြင့် တည်ဆောက်ထားသော သစ်ပင်တစ်ပင်ဟု ခံစားနေရပြီး ထိုအကြောင်းနှင့် ပတ်သက်၍ အလွန်ရေပန်းစားလှသော "အသွေးအသားတို့၏ ကြီးထွားမှု" ဟူသော စာအုပ်တစ်အုပ်ကိုပင် ရေးသားခဲ့သေးသည်။
အခန် ၁၃ ၏ ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သည်။ မလွှဲမရှောင်သာ ပြောဖြစ်ကြသည့် အကြောင်းအရာမှာ ထိုစဉ်က ကြုံတွေ့ခဲ့ရသော ကားမတော်တဆမှု အကြောင်းပင် ဖြစ်သည်။ ကျောင်းသားအားလုံး အသက်ရှင်လွတ်မြောက်ခဲ့ကြသော်လည်း ဆရာမတစ်ဦးတည်းကိုသာ မကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝိုင်အနည်းငယ် သောက်ပြီးကြသောအခါ လူတိုင်း မိမိတို့၏ အခြေအနေများကို အသီးသီး ပြောဆိုနေကြသော်လည်း ထောင့်တစ်နေရာတွင် ထိုင်နေသည့် လူနှစ်ဦးကမူ တိတ်ဆိတ်နေခဲ့ကြသည်။
တစ်ဦးမှာ ကောင်းယန် ဖြစ်သည်။ သူသည် မမြင်နိုင်သော တံတိုင်းတစ်ခုကြောင့် အခြားသူများနှင့် ကွဲကွာနေပုံရသည်။ လူတိုင်းက သူ့ကို သိကြသော်လည်း သူကမူ သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ အခြားတစ်ဦးမှာမူ မည်သည့်အခါမျှ အိမ်ထောင်မပြုခဲ့သော လျိုယီဖြစ်သည်။ သူမသည် အတန်းဖော်တွေ့ဆုံပွဲသို့ တက်ရောက်သည့် အကြိမ်တိုင်းတွင် တစ်စုံတစ်ဦးကို လာရောက်တွေ့ဆုံရန် ရည်ရွယ်ချက်ရှိနေပုံရသည်။ ထိုသူမှာ ကောင်းယန်ဖြစ်ပုံရသော်လည်း သူမ ကောင်းယန်ကို မြင်တွေ့ရသည့် အကြိမ်တိုင်းတွင်မူ စိတ်ပျက်သွားခဲ့ရသည်။
"နင်က သူမဟုတ်ဘူး"
"ငါလည်း သူ့ကို စောင့်နေတာပါ"
အချိန်မြစ်ကြီးသည် ဖြည်းညှင်းစွာ စီးဆင်းနေခဲ့ပြီး အတွင်းကမ္ဘာ၏ သရဲတက်တူး ၁၃ ခု၏ ကာကွယ်မှုကို ရရှိထားသော အသိစိတ်အစိတ်အပိုင်းများသည် တဖြည်းဖြည်းနှင့် ပြန်လည်ကြီးထွားလာခဲ့သည်။ ကမ္ဘာကြီးက မည်သို့ပင် ဖြစ်ပျက်နေပါစေ ကောင်းမင်ကို သတိရအောက်မေ့နေမည့်သူတော့ အမြဲတမ်း ရှိနေဦးမည် ဖြစ်သည်။
ပုပ်သိုးပျက်စီးမှုများပြီးနောက် ပြန်လည်မွေးဖွားခြင်း ရောက်ရှိလာပြီဖြစ်သည်။ ရူးသွပ်မှုကြားတွင် ထွင်းဖောက်မြင်နေရသော ဝိညာဉ်တစ်ခု ကိန်းအောင်းနေလေသည်။ နောက်ဆုံးတွင်မူ တစ်နေ့သောအခါ၌ ကောင်းမင်၏ ပျက်စီးနေသောအသိစိတ်သည် အနည်းငယ် ပိုမိုပြည့်စုံလာတော့သည်။