← Chapters

အခန်း ၉၄၉

Vol. 67 Ch. 949

အခန်း ၉၄၉

Vol. 67 Ch. 949

အပိုင်း (၉၄၉) ပုံမှန်ညတစ်ည

သူ့မျက်လုံးများ တဖျတ်ဖျတ်ဖြစ်သွားပြီးနောက် ကောင်းမင်သည် အချိန်သွေးမြို့တော်သခင် ရွေးချယ်ခဲ့သည့် အခိုက်အတန့်၊ ကံကြမ္မာမရှိတော့သည့် အချိန်ကာလတစ်ခုဆီသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာလေသည်။

ဥမင်လိုဏ်ခေါင်းအတွင်းမှ အလင်းရောင်သည် သမုဒ္ဒရာလှိုင်းလုံးများနှင့်တူပြီး ဘတ်စ်ကား ရှေ့သို့မောင်းနေစဉ်အတွင်း အလင်းနှင့်အမှောင်မှာ အလှည့်ကျ ဖြတ်သန်းနေလေသည်။

ကောင်းမင်အနေဖြင့် အခြေအနေကို ပြန်လည်ညှိယူရန် အချိန်အတော်ကြာယူခဲ့ရသည်။ သူသည် မည်သည့်အချိန်စီးကြောင်းပေါ်သို့ ရောက်နေသည်ကို သိရှိရန် ကြိုးစားလိုက်သော်လည်း ဤမြင်ကွင်းသည် သူဖြတ်သန်းခဲ့သမျှ အချိန်စီးကြောင်းတိုင်းတွင် ရှိနေခဲ့ဖူးသည်ကို ရုတ်တရက် သတိပြုလိုက်သည်။

"ဒီနေ့ကိုပဲ ပြန်ရောက်လာတာလား"

သူသည် ဘတ်စ်ကားမျက်နှာကျက်ကို မသိစိတ်ဖြင့် မော့ကြည့်လိုက်သော်လည်း ထိုနေရာတွင် သူလည်းမရှိ၊ အလောင်းလည်း မရှိပေ။

သူသည် လက်တော့ပ်ထည့်ထားသည့် သူ့လက်ဆွဲအိတ်ကို တင်းတင်းပွေ့ပိုက်ထားပြီး ဘတ်စ်ကား၏ တုန်ခါမှုနှင့်အတူ သူ့ခန္ဓာကိုယ်က ယိမ်းထိုးနေခဲ့သည်။

ဘတ်စ်ကားက ဥမင်လိုဏ်ခေါင်းထဲမှ ချောမွေ့စွာ ထွက်လာခဲ့သည်။ ကောင်းမင်သည် အကျင့်အရ ခေါင်းလှည့်ကြည့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက် လမ်းမီးတိုင်များအောက်တွင် ဖြူဖွေးသောအလင်းရောင်က မီးခိုးရောင် ကွန်ကရစ်မြေပြင်ပေါ်သို့ ဖြာကျနေလေသည်။ ထိုနေရာတွင် တစ်စုံတစ်ယောက် ရှိနေသင့်ပေသည်။ ယခင်ကဆိုလျှင် ထိုနေရာတွင် သူ့ကိုအမြဲ စောင့်ဆိုင်းနေမည့်သူတစ်ဦး ရှိခဲ့ဖူးသည်။

ဝေးကျန်ရစ်ခဲ့သော လမ်းမီးတိုင်များကို ငေးကြည့်ရင်း ကောင်းမင်သည် တစ်ခုခုလွတ်သွားမည် စိုးသဖြင့် မလှုပ်မယှက် ရှိနေခဲ့သည်။

"ပြန်လည်မွေးဖွားခြင်းတွေ ဒီလောက်တောင် အများကြီးကြုံတွေခဲ့ပြီးတဲ့နောက် နောက်ဆုံးတော့ ကံကြမ္မာမရှိတော့တဲ့ အခိုက်အတန့်တစ်ခုကို ငါရှာတွေ့ခဲ့ပြီပဲ၊ ဒါပေမဲ့ ကံကြမ္မာကို မတွန်းလှန်ခဲ့ရင် ငါတို့တွေ တစ်ခေါက်ပြီးတစ်ခေါက် ထပ်ခါတလဲလဲ တွေ့ဖြစ်ကြမှာ မဟုတ်ဘူး ထင်ပါရဲ့"

ညကောင်းကင်ယံမှ မိုးဖွဲလေးများ စတင်ရွာသွန်းလာလေသည်။ ဘတ်စ်ကားသည် မြို့ဆင်ခြေဖုံးလမ်းအတိုင်း မောင်းနှင်သွားခဲ့သည်။ မည်သည့်ထူးဆန်းမှု၊ မည်သည့်ကြက်သီးထဖွယ် အရာတစ်ခုမှ မရှိပေ။ သူသည် ပထမဆုံးအကြိမ်အဖြစ် မြို့ပြ၏ညအလှကို ငြိမ်သက်စွာ ကြည့်ရှုရင်း လပ်တော့ပ်အိတ်ကို တိတ်တဆိတ် ပွေ့ပိုက်ထားမိသည်။ ကံကြမ္မာ၏ ကြိုးမျှင်အားလုံး ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ မည်သူမျှ သူနှင့် ဆက်နွှယ်မှု မရှိတော့ပေ။ သူ့အိမ်က ဘယ်မှာလဲ၊ သူ့ရဲ့ နာမည်အစစ်က ဘာလဲကို သူမသိတော့ချေ။ သူသည် ကံကြမ္မာနှင့် ကံတရားတို့ ပျောက်ကွယ်သွားပြီးနောက် ကမ္ဘာကြီးကို ပုံဖော်ထုဆစ်ပေးသည့် ‘တတိယရှုထောင့်’ သက်သက်သာ ဖြစ်လာခဲ့ပြီး သူ၏ မူလဖြစ်တည်မှုကိုလည်း ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ မှတ်တိုင်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းပြီးနောက် ဘတ်စ်ကားပေါ်မှ လူဦးရေမှာ နဲပါးသွား၏။ ထိုအခါ ကောင်းမင်သည် သူရင်းနှီးကျွမ်းဝင်နေသည့် အဆောက်အအုံအိုကြီးဖြစ်သော လီကျင်းအိမ်ရာကို မြင်လိုက်ရလေသည်။

ထိုအဆောက်အအုံ လေးလုံးသည် လူတို့၏ စိတ်နှလုံးထဲမှ လျှို့ဝှက်ချက်များကို မြှုပ်နှံထားသည့် နက်ရှိုင်းသော ရေတွင်းကြီးတစ်ခုနှင့် တူလှသည်။

မိုးက ပိုသည်းလာ၏။ ကောင်းမင် ဘတ်စ်ကားမှတ်တိုင်တွင် ဆင်းလိုက်သည်။ သူ့တွင် ထီးပါမလာသဖြင့် ကျောပိုးအိတ်ဖြင့် သူ့ခန္ဓာကိုယ်ဖြင့် ကွယ်ရင်း မိုးထဲလေထဲတွင် အမြန် လျှောက်လှမ်းလိုက်သည်။

သူစဉ်းစားနေစရာပင် မလိုချေ။ သူ့ခန္ဓာကိုယ်က လမ်းကြောင်းကို အလိုအလျောက် မှတ်မိနေပြီးသား ဖြစ်သည်။ သူသည် အဆောက်အအုံထဲသို့ ပြေးဝင်၍ တံခါးကို ဖွင့်လိုက်ရာ ဧည့်ခန်းမီးရောင်သည် ဖျော့တော့တော့ အဝါရောင်စားပွဲခင်းပေါ်သို့ ကျရောက်နေပြီး အလွန်နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေလေသည်။

ကောင်းမင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားသည်။ နံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်ပြီး ဆိုဖာပေါ်မှ ရီမုဒ်ကို လှမ်းယူလိုက်သည်။

တီဗီစခရင်က လင်းလက်လာပြီး ကြော်ငြာများအပြီးတွင် သတင်းကြေညာချက်ကို သူဂရုတစိုက် နားထောင်နေမိသည်။ အန္တရာယ်ရှိသောအရာ တစ်ခုမှ ဖြစ်မနေဘဲ ရိုးရိုးရှင်းရှင်းနှင့် သာမန်ညတစ်ည ဖြစ်နေပုံရလေသည်။

သူသည် ရေတစ်ခွက်ငှဲ့လိုက်ပြီး စားပွဲတွင် တစ်ယောက်တည်း ထိုင်ကာ ဖုန်းဖွင့်၍ သူ့ရှေ့တွင် ချထားလိုက်သည်။

သူသည် ဖုန်းကို တစ်လှည့် တံခါးခေါင်းလောင်းကို တစ်လှည့် ခဏခဏ ကြည့်နေမိသည်။ ယခင် အတွေ့အကြုံများအရဆိုလျှင် မကြာမီ တံခါးခေါက်သံ ကြားရတော့မည် ဖြစ်သည်။

သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း အချိန်အတော်ကြာ စောင့်ဆိုင်းနေမိသည်။ ပြတင်းပေါက်မှတစ်ဆင့် မိုးရေများ စီးကျနေသော်လည်း သူ့ထံသို့ ဘယ်သူမှ ရောက်မလာကြပေ။

"ဟုတ်သားပဲ၊ အဖေနဲ့ အမေက သူတို့ရဲ့ ကိုယ်ပိုင်အချိန်ကာလတွေဆီ ပြန်သွားကြပြီပဲလေ၊ သူတို့တွေ ပြန်လာကြတော့မှာ မဟုတ်ဘူး"

သူ့ရင်ထဲတွင် မည်သို့ဖော်ပြရမှန်းမသိသော ထူးဆန်းသည့် ခံစားချက်တစ်ခု တိုးဝှေ့လာတော့သည်။ ကောင်းမင်သည် သူ့ကွန်ပျူတာကို ထုတ်လိုက်ပြီး သူ၏ မီနီဂိမ်းလေးကို ဆက်လက်ဒီဇိုင်းဆွဲရန် ပြင်လိုက်သော်လည်း ကွန်ပျူတာထဲတွင် ဂိမ်းနှင့်ပတ်သက်၍ ဘာမှမရှိဘဲ လုပ်ငန်းခွင်သုံး စာရင်းဇယားအချို့သာ ရှိနေလေသည်။

"တစ်ချက်လောက် စမ်းကြည့်ရမလား"

ကောင်းမင် အင်တာနက်ချိတ်ဆက်လိုက်ပြီး ဆော့ဖ်ဝဲလ်အမျိုးမျိုးကို ဒေါင်းလုဒ်ဆွဲ၍ ဂိမ်းတစ်ခု စတင်ဖန်တီးရန် ပြင်ဆင်နေစဉ် မီနီဂိမ်းဇယား၏ ထိပ်ဆုံးတွင် အဆင့်ချိတ်နေသော ဂိမ်းတစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ ထိုဂိမ်း၏ အမည်မှာ "ငါတို့ရဲ့ ထာဝရချစ်ခြင်းအတွက်"ဟူ၍ ဖြစ်သည်။

ဤဂိမ်းကို ဆော့ကစား၍အောင်မြင်ပါက အလွန်တန်ဖိုးကြီးသော လက်တွေ့ဆုလာဘ်များကို ပေးအပ်သဖြင့် အကောင့်မရှိခင် အသေးစိတ်ပို့ဆောင်ရမည့် လိပ်စာကို အရင်ဖြည့်စွက်ရမည် ဖြစ်သည်။ သူသည် ဤကဲ့သို့သော ဒိတ်တင်းဂိမ်းမျိုးကို စိတ်မဝင်စားသော်လည်း သူ သတိပြုမိလိုက်ချိန်တွင်မူ သူ့စိတ်ထက် သူ့ခန္ဓာကိုယ်က အရင်ရွေးချယ် ဆော့ကစားနေမိပြီ ဖြစ်သည်။

နွေးထွေးပြီး စိတ်ကိုကုစားပေးနိုင်သော ရုပ်ထွက်ပုံရိပ်များက စိတ်ကို ပြေလျော့စေ၏။ ၎င်းမှာ ပထမလူအမြင်ဖြင့် ဆော့ရသော အချစ်ဂိမ်းတစ်ခုဖြစ်ပြီး အမျိုးသားဇာတ်ကောင်တွင် နာမည်မရှိပဲ စတင်ချိန်တွင် တွဲခွင့်ရမည့် အမျိုးသမီးဇာတ်ကောင်ကိုးဦး ရှိပေသည်။ ပထမဆုံး အမျိုးသမီးဇာတ်ကောင်မှာ လျိုယီဟု အမည်ရပြီး အေးစက်စက်နှင့် တည်ကြည်သော အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်သည်။ ဒုတိယ အမျိုးသမီးဇာတ်ကောင်မှာ ရွှမ်ဝမ်ဟု အမည်ရကာ ဂိမ်းကုမ္ပဏီမှ အမျိုးသားဇာတ်ကောင်၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။ သူမသည် သဘောကောင်းပြီး၊ ရက်ရောကာ၊ ပညာတတ်ပြီး၊ အလွန်အမင်းလှပသော ပင်ကိုယ်အချိုးအစားရှိကာ သူမ၏ ပရိုဖိုင်မှာ လျိုယီထက် သုံးဆမက ပိုမိုဆွဲဆောင်မှုရှိသည်။ တတိယ အမျိုးသမီးဇာတ်ကောင်မှာလည်း ရွှမ်ဝမ်ပင်ဖြစ်ပြီး အမျိုးသားဇာတ်ကောင်၏ အထက်လူကြီး ဖြစ်ကာ သူ့အမူအကျင့်များကို မှတ်တမ်းတင်ရန်နှင့် သူ၏ဖွံ့ဖြိုးတိုးတက်မှုကို ခွဲခြမ်းစိတ်ဖြာရန် တာဝန်ရှိသူ ဖြစ်သည်။ စတုတ္ထ အမျိုးသမီးဇာတ်ကောင်မှာလည်း ရွှမ်ဝမ်ပင်ဖြစ်ပြီး အမျိုးသားဇာတ်ကောင်၏ စိတ်ရောဂါအားလုံးကို ပြုပြင်ပေးသည့် စိတ်ပညာရှင်တစ်ဦး ဖြစ်သည်။... ထူးမခြားနားစွာပင်၊ ကိုးဦးမြောက် အမျိုးသမီးဇာတ်ကောင်မှာလည်း ရွှမ်ဝမ်ပင်ဖြစ်ပြီး သူမသည် စိတ္တဇလူသတ်သမားတစ်ဦးဖြစ်ကာ သူတို့၏ဆက်ဆံရေးက သာမန်ချောင်းမြောင်းကြည့်ရှုမှုတစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။

"ဒီလိုမျိုးလည်း ဖြစ်လို့ရတာပဲလား"

ကောင်းမင်သည် အမျိုးသမီးဇာတ်ကောင်ကိုးဦးလုံးကို တစ်ချက်ကြည့်လိုက်ပြီး ဆန့်ကျင်လိုစိတ်ဖြင့် ပထမဆုံးတစ်ယောက်ကို ရွေးချယ်လိုက်လေသည်။

ရွေးချယ်မှုအောင်မြင်ပြီးနောက် သူ ဂိမ်းထဲသို့ ဝင်ရောက်သွား၏။ ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေစဉ် စက္ကန့်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက် စခရင်တစ်ခုလုံး ရုတ်တရက် သွေးကဲ့သို့ ရဲရဲနီသွားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်စာသားတစ်ကြောင်း ပေါ်လာတော့သည်။

"မင်း လျိုယီကို ရွေးလို့ရတယ်၊ ဒါပေမဲ့ ဘာမှမစဉ်းစားဘဲတော့ လျိုယီကို မရွေးလိုက်နဲ့၊ ဘာလို့လဲဆိုတော့ မင်းပထမဆုံးအကြိမ် ကစားတုန်းကလည်း လျိုယီကို ရွေးခဲ့လို့ပဲ၊ ဒါကြောင့် ဂိမ်းက အစကနေ ပြန်စလိမ့်မယ်"

"အိုကေ၊ အိုကေ၊ ဒီဂိမ်းက လျိုယီဖန်တီးထားတာ မဟုတ်တာတော့ သေချာသွားပြီ"

ကောင်းမင်တွေးလိုက်ပြီး အခြားအမျိုးသမီးဇာတ်ကောင်တစ်ဦးကို ရွေးလိုက်သည်။ သို့သော် စကားပြောခန်းပြီးသည်နှင့် သူသည် ရွှမ်ဝမ်၏ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရတော့သည်။

သူ့ဇာတ်ကောင်၏ အပိုင်းပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို ကြည့်ရင်း မောက်စ်ကို ကိုင်ထားသော ကောင်းမင်၏ လက်ဖမိုးပေါ်ရှိ သွေးကြောများ ဖောင်းတက်လာခဲ့သည်။

ယင်းက ချိုမြိန်သောအချစ်ဂိမ်းတစ်ခု လုံးဝမဟုတ်ပဲ အသက်လုပွဲကြီးတစ်ခု ဖြစ်နေခြင်းဖြစ်သည်။ စကားတစ်လုံး မှားပြောမိရုံ သို့မဟုတ် သတ်မှတ်ချိန်အတွင်း ပုစ္ဆာကို မဖြေရှင်းနိုင်ရုံနှင့် ဇာတ်ကောင်က ချက်ချင်း သေဆုံးသွားရသည်။ ဂိမ်းဒီဇိုင်နာသည် ကစားသမားများကို ဂိမ်းအဆုံးထိ အောင်မြင်အောင် ပေးဆော့ရန် ရည်ရွယ်ချက်လုံးဝမရှိချေ။

ဤဂိမ်း ဇယား၏ထိပ်ဆုံးသို့ ရောက်နေရခြင်းမှာ ကစားသမားများက ဤကဲ့သို့ "ချိုမြိန်လှသော" ဂိမ်းမျိုးကို လူအများ ပိုမိုသိရှိစေရန် အချင်းချင်းဆေးထိုးထားကြသောကြောင့်သာ ဖြစ်သည်။

ဂိမ်းကို အောင်မြင်အောင်ဆော့နိုင်ရန် နည်းလမ်းနှစ်ခုသာ ရှိသည်။ ထပ်ခါတလဲလဲ သေဆုံးပြီး ဆက်ကြိုးစားရန် သို့မဟုတ် ဇာတ်ကွက်ကို ကြိုတင်သိရှိနေရန် ဖြစ်သည်။

ဤကဲ့သို့ ကြိုတင်သိမြင်နိုင်စွမ်းသည် ဂိမ်း၏ ဇာတ်ကွက်ကို ခန့်မှန်းရုံတင်မကဘဲ အမျိုးသမီးဇာတ်ကောင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက်လက္ခဏာကိုပါ သိရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူမကို အမှန်တကယ် နားလည်သူသာလျှင် ဤဂိမ်းကို အောင်မြင်နိုင်မည် ဖြစ်သည်။

ဘယ်သူမှ တံခါးလာမခေါက်သလို ဘယ်သူမှလည်း သူ့ကို လာမနှောင့်ယှက်ကြပေ။ ကောင်းမင်သည် ပြတင်းပေါက်အပြင်ဘက်မှ မိုးသံလေသံကို နားထောင်ရင်း ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဇာတ်လမ်းကို တဖြည်းဖြည်း ရှေ့ဆက်ဆော့ကစားနေခဲ့သည်။

သူ ဗိုက်ဆာလာသည့်အခါ ရိုးရှင်းသော စားစရာတစ်ခုခုကို စားပြီး ရေဆာသည့်အခါ ရေနွေးအိုး တည်သည်။ အပြင်ဘက်တွင် မိုးက ပိုသည်းလာပြီး ကောင်းမင်သည် သူ ဂိမ်းဆော့နေသည်မှာ မည်မျှကြာသွားပြီဖြစ်ကြောင်းကိုပင် မသိတော့ပေ။ လုံးဝ အမေ့လျော့ခံထားရသော ဤနေရာလေးတွင် ပုန်းအောင်းနေရင်း နောက်ဆုံးတွင် သူသည် ဂိမ်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။

ဂိမ်းထဲမှ အရာအတော်များများမှာ သူနှင့် သက်ဆိုင်သူ ကစားသမားများသာ သိရှိသည့် လျှို့ဝှက်ချက်များ ဖြစ်သည်။ နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီးနောက် အနီရင့်ရောင်စခရင်က နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ဇာတ်လမ်း၏ အဆုံးသတ်တွင် အမျိုးသမီးဇာတ်ကောင်ကိုးဦးလုံးက သူ့ကို တူညီသော မေးခွန်းတစ်ခု မေးခဲ့ကြသည်။

"အဲဒါ ရှင်လားဟင်"

ထူးဆန်းသည်မှာ ဤမေးခွန်းအတွက် ရွေးချယ်စရာအဖြေများများ မရှိခြင်းဖြစ်ပြီး ဂိမ်းသည် ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်ကြောင်း အရိပ်အယောင် ပြနေသလိုပင်။

"ငါတို့ရဲ့ ထာဝရချစ်ခြင်းအတွက်"

ကောင်းမင် ရုတ်တရက် သတိရသွားသည်။ ဂိမ်းမဆော့မီက ပို့ဆောင်ရမည့်လိပ်စာ ဖြည့်စွက်ခဲ့ရပြီး ဂိမ်းအောင်မြင်ပါက အလွန်တန်ဖိုးကြီးသော လက်ဆောင်တစ်ခု ပေးမည်ဟု ဆိုထားခဲ့သည်။ မကြာမီမှာပင် တံခါးခေါက်သံ ကြားလိုက်ရပြီး အပြင်ဘက်တွင် တစ်စုံတစ်ယောက် ရှိနေပုံရသည်။

"ကံကြမ္မာရဲ့ ကြိုးမျှင်တွေအားလုံး ပြတ်တောက်သွားပြီဆိုမှတော့ အခုအချိန်မှာ ဘယ်သူက ငါ့ကို လာရှာမှာလဲ"

ခေတ္တမျှ ထိုင်နေပြီးနောက် ကောင်းမင်သည် ဂိမ်း၏အဆုံးသတ်တွင် မေးထားသော မေးခွန်းကို ကြည့်ကာ မျှော်လင့်ချက်အချို့ဖြင့် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်လှမ်းသွားလိုက်လေသည်။

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တံခါးချောင်းကြည့်ပေါက်မှပင် ချောင်းမကြည့်တော့ဘဲ လုံခြုံရေးတံခါးကို တိုက်ရိုက် ဖွင့်လိုက်လေသည်။

မိုးကာအင်္ကျီမှ ရေစက်များ တတောက်တောက်ကျနေပြီး လူသတ်သမား ရုပ်သွင်ရှိသော အမျိုးသားတစ်ဦး တံခါးဝတွင် ရပ်နေကာ သူ့လက်များကို မိုးကာအင်္ကျီအတွင်း ဝှက်ထားပြီး ရာဘာဖိနပ်များတွင်လည်း ရွှံ့များ ပေကျံနေလေသည်။ ကောင်းမင်က ထိုလူကို အကဲခတ်နေစဉ် ထိုလူကလည်း ကောင်းမင်ကို ပြန်အကဲခတ်နေခဲ့သည်။ ကောင်းမင်မှာ လုံးဝသတိမထားဘဲ အကာအကွယ်မဲ့နေသည်ကို တွေ့ရသဖြင့် သူသည် အနည်းငယ် စိတ်အေးသွားပုံရသည်။ သူ့အကြည့်က အိမ်ထဲသို့ ဝေ့ဝဲသွား၏။ တိတ်ဆိတ်ငြိမ်သက်ပြီး၊ သန့်ရှင်းကာ၊ နွေးထွေးလှသော ပတ်ဝန်းကျင်သည် သူ၏ ဖျက်ဆီးလိုစိတ်ကို ပိုမိုလှုံ့ဆော်ပေးလိုက်သဖြင့် သူသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

"ချီယန်လား၊ မိုးသည်းည ကွင်းဆက်လူသတ်သမားလား"

ကောင်းမင်သည် အံ့ဩမှုများဖြင့် ထိုလူ၏အမည်ကို နောက်တစ်စက္ကန့်တွင် လှမ်းခေါ်လိုက်ရာ တစ်ဖက်လူမှာ ပို၍ပင် အံ့အားသင့်သွားရသည်။ ချီယန်သည် သူ၏ ညစ်ညမ်းသော အလိုဆန္ဒများကို ကျေနပ်စေရန်အတွက် အချိန်အတော်ကြာ စီမံကိန်းချခဲ့ပြီး နောက်ဆုံးတွင် သားကောင်အချို့ကို ရှာဖွေတွေ့ရှိခဲ့ရာ ပထမဆုံးသားကောင်မှာ ကောင်းမင်ပင် ဖြစ်သည်။ သူသည် လူစိမ်းတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း နေထိုင်ကာ မိသားစုလည်း မရှိသဖြင့် သူ့ကို သတ်လိုက်ခြင်းက အချိန်တိုအတွင်း ပေါ်ပေါက်မည် မဟုတ်ပေ။ သူသည် သည်းထန်စွာ ရွာသွန်းသော မိုးကို အခွင့်ကောင်းယူလိုခြင်း ဖြစ်သော်လည်း ပြဿနာမှာ သူဘာမှမလုပ်ရသေးခြင်းပင် ဖြစ်သည်။

"မင်းဆီမှာ သွေးနံ့ မရှိဘူးပဲ၊ ကြည့်ရတာ မင်းက ပထမဆုံး ငါ့ကို ပစ်မှတ်ထားခဲ့ပုံပဲ၊ ဒါပေမဲ့ ငါ့မိဘတွေ ခဏခဏ ပြန်လာတာမို့ မင်းတခြားလူကို အရင်သွားရှာလိုက်တာ ထင်တယ်"

ကောင်းမင်သည် ရှေ့သို့ တိုးဝင်လိုက်ပြီး ထိုလူ၏ ခေါင်းကို ကိုင်ကာ လှေကားနံရံနှင့် အရှိန်ပြင်းပြင်း ဆောင့်ချလိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး လည်ထွက်သွားပြီး ချီယန်သည် သူ့အဆုတ်များ ကွဲအက်သွားတော့မတတ် ခံစားလိုက်ရသည်။ သူသည် အသက်ရှူရန် ပါးစပ်ဟလိုက်သော်လည်း ကောင်းမင်က ဆေးတောင့် အနည်းငယ် လှမ်းယူ၍ သူ့ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်လေသည်။ ကောင်းမင်သည် ကျွမ်းကျင်သော အလေ့အကျင့်ဖြင့် သူ့ကို ချည်နှောင်လိုက်ပြီး သက်ပြင်းချကာ ချီယန်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် သူ့ကို ဧည့်ခန်းထောင့်တစ်နေရာသို့ ပစ်ချထားလိုက်သည်။

လုံခြုံရေးတံခါးကို ပိတ်ပြီးနောက် ကောင်းမင်သည် ထမင်းစားစားပွဲတွင် ပြန်ထိုင်ကာ ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေမိသည်။

မိုးသည်းသော ညတစ်ည၊ နွေးထွေးသော အခန်း၊ မှိန်ဖျော့ဖျော့ မီးရောင်၊ အငွေ့တထောင်းထောင်း ထနေသော ရေနွေးတစ်ခွက်၊ အချစ်ဂိမ်းတစ်ခု၊ ကြိုးတုပ်ခံထားရသော လူသတ်သမားတစ်ဦး။

ကောင်းမင်သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း သူဘာကို စောင့်နေသည်ကိုပင် သူကိုယ်တိုင် မသိပေ။

သူသည် ပျင်းကြောဆန့်လိုက်ပြီး ချီယန်ကို ကျော်ခွကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ကံတရားနဲ့ ကံကြမ္မာတွေ ပျောက်ကွယ်သွားပြီဆိုတော့ အရာအားလုံးက အစအသစ်ပဲပေါ့"

မိုးစက်မိုးပေါက်များက ငွေချည်မျှင်များကဲ့သို့ ကောင်းကင်ယံမှ ပြတ်ထွက်လာကာ ပြတင်းပေါက်မှန်ပေါ်သို့ ကျရောက်နေကြသည်။ ကောင်းမင်၏ လက်ချောင်းများက အေးစက်နေသော မှန်သားကို အသာအယာ ထိတွေ့လိုက်သော်လည်း သူ့အကြည့်မှာ အမှောင်ထုထဲမှ ချဉ်းကပ်လာသော အလင်းရောင်တစ်ခုဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားလေသည်။

အိမ်ရာဝင်းထဲသို့ ကားတစ်စီး မောင်းနှင်ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုမှိန်ပျပျ အလင်းရောင်လေးက ကောင်းမင်အား အတိတ်က အကြောင်းအရာများစွာကို သတိရစေသည်။

ထိုအလင်းရောင် ပျောက်ကွယ်သွားပြီးနောက်မှသာ ကောင်းမင်သည် ခေါင်းကိုခါယမ်း၍ ထို လက်တွေ့မကျသော အတွေးများကို မောင်းထုတ်လိုက်သည်။ သူ ရေနွေးအနည်းငယ် ထပ်ထည့်ရန် ပြင်နေစဉ် တံခါးခေါင်းလောင်းသံ ရုတ်တရက် မြည်လာခဲ့သည်။

ကောင်းမင် လန့်သွားပြီး တုံ့ဆိုင်းနေသော စိတ်ဖြင့် လုံခြုံရေးတံခါးဆီသို့ လျှောက်သွားကာ အမှောင်ထုထဲတွင် ဖုန်တက်နေသော တံခါးကို ဖွင့်လိုက်ပြန်သည်။

ကော်ရစ်ဒါလမ်းမှာ မှိန်ပျပျသာ လင်းလက်နေသည်။ အပြင်ဘက်တွင် ရပ်နေသူမှာ ပုခုံးတွင် မိုးရေများစိုရွှဲနေပြီး ရှပ်အင်္ကျီအဖြူနှင့် စကတ်ကို ဝတ်ဆင်ထားကာ မွေးနေ့ကိတ်မုန့်တစ်ခုကို ကိုင်ဆောင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

“ရွှမ်ဝမ်လား”

ကောင်းမင် သူမကို ကြည့်လိုက်သည်။

“ဒါဆို အဲဒီဂိမ်းကို တကယ်ပဲ မင်းဖန်တီးခဲ့တာပေါ့၊ လိပ်စာတောင်းပြီး လက်ဆောင်တွေ ပို့ပေးတာကစလို့ မင်းက အဲဒီဂိမ်းကို အောင်မြင်မယ့်သူကို စောင့်နေခဲ့တာ မဟုတ်လား”

ရွှမ်ဝမ်က ကောင်းမင်၏ မေးခွန်းကို မဖြေပေ။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်ထွက်လာသည်။ ဤဆုံတွေ့မှုသည် ယခင်က မည်သည့်အကြိမ်ထက်မဆို ပိုမိုစစ်မှန်ပြီး ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။

“အရင်က ရှင်ထွက်ခွာသွားတာကို လာပို့တုန်းက ရှင့်မိဘတွေက ကိတ်မုန့်တစ်လုံး အမြဲယူလာတာကို ကျွန်မသတိထားမိခဲ့တယ်၊ တိုက်ခန်းအပြင်ဘက်က လမ်းမပေါ်မှာ ကျွန်မအကြာကြီး စောင့်နေခဲ့ပေမယ့် သူတို့ ပေါ်မလာကြဘူးလေ၊ ဒါကြောင့် ကျွန်မကိုယ်တိုင်ပဲ တစ်လုံးဝယ်လာခဲ့တာ”

ရွှမ်ဝမ် အိမ်ထဲသို့ လှမ်းကြည့်လိုက်သည်။

“ကျွန်မကို အိမ်ထဲ မဖိတ်တော့ဘူးလား၊ ကျွန်မက ရှင့်ကို လာတွေ့တဲ့ ပထမဆုံးလူပဲ ဟုတ်တယ်မလား”

“မဟုတ်ဘူး၊ လုံးဝ မဟုတ်ပါဘူး”

ကောင်းမင် သူ့ခေါင်းကို ကုတ်လိုက်သည်။ ရွှမ်ဝမ်သည်လည်း အိမ်ထဲတွင် ချီယန်ကို တွေ့လိုက်ရသဖြင့် အံ့သြသွား၏။

တစ်ဖက်လူ၏ အထောက်အထားကို သိရှိပြီးနောက် ရွှမ်ဝမ် သက်ပြင်းချနိုင်သွားသည်။

"အိုး မိုးသည်းညလူသတ်သမားကိုး၊ ရှင်ကတော့ ကျွန်မကို သေအောင် ခြောက်နေတော့ပဲ၊ ကျွန်မက လျိုယီ ထင်နေတာ"

ကောင်းမင်ကို အနည်းငယ် စနောက်လိုက်ပြီးနောက် ရွှမ်ဝမ်က ကိတ်မုန့်ကို ချထားလိုက်သည်။

"အခု ကံကြမ္မာကြိုးမျှင်တွေ ပြတ်တောက်သွားပြီဆိုတော့ ကျန်ရှိနေတဲ့ ဆုံတွေ့မှုတိုင်းက ကိုယ့်စိတ်ဆန္ဒအလျောက်ပဲ ဖြစ်တော့မယ်"

ထိုမိုးရွာသောည၏ အိမ်လေးထဲတွင် လူနှစ်ယောက်သည် ရိုးရှင်းသော ဟင်းလျာတစ်ခုကို ပြင်ဆင်လိုက်ကြသည်။ သူတို့သည် စားပွဲ၏ တစ်ဖက်တစ်ချက်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ရွှမ်ဝမ်က ဝိုင်တစ်ပုလင်းကို ဖွင့်လိုက်ပြီး ကောင်းမင်ကမူ ချီယန်ကို ဝရန်တာရှိ ကြမ်းတိုက်ဖတ်ဘေးသို့ သွားပစ်ထားလိုက်သည်။

စားပွဲတွင် ရွှမ်ဝမ်သည် စကားများစွာ ပြောခဲ့ပြီး ကောင်းမင်ကမူ အများအားဖြင့် နားထောင်သူသာ ဖြစ်သည်။

ဝိုင်သောက်ပြီးနောက် ရွှမ်ဝမ်က ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်များကို စိုက်လိုက်လေသည်။

"ဒီနေ့က ရှင့်မွေးနေ့ ဟုတ်မဟုတ်တော့ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မတို့ ပျော်ရွှင်ရတဲ့ နေ့ရက်တိုင်းဟာ မွေးဖွားခြင်းအသစ်တစ်ခုပဲလို့ ခံစားရတယ်"

မီးများ ငြိမ်းသွားခဲ့ပြီး ကောင်းမင်၏ အကြည့်က လှုပ်ခတ်နေသော ဖယောင်းတိုင်မီးတောက်ဆီသို့ လိုက်ပါသွားခဲ့သည်။ ရွှမ်ဝမ်ကို ကြည့်နေသော၊ အဝေးမှ ကမ္ဘာကြီးကို ကြည့်နေသော သူ့မျက်ဝန်းများမှာ နူးညံ့သိမ်မွေ့သွားခဲ့ရသည်။

သူသည် သူတို့အားလုံးထဲတွင် သာမန်အဖြစ်ဆုံး လူသားတစ်ဦး ဖြစ်သော်လည်း ကံကြမ္မာထံမှ ပထမဆုံး ရုန်းထွက်နိုင်ခဲ့သူ ဖြစ်သည်။ သူသည် အရာအားလုံးကို ဆုံးရှုံးခဲ့ရသော်လည်း ည၏ အဆုံးသတ်ဆီသို့ တစ်ကိုယ်တည်း လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ သူသည် သူ၏ နာမည်အစစ်ကို ယခုတိုင် မသိသေးသော်လည်း မည်သည့်အခိုက်အတန့်တွင်မျှ သူကိုယ်သူ မေ့လျော့သွားမည် မဟုတ်ချေ။

သူသည် လက်နှစ်ဖက်ကို စုစည်း၍ သူ့နှလုံးသားထဲတွင် ဆုတောင်းတစ်ခု ပြုလုပ်လိုက်သည်။

"ကောင်းမင် ရှင့်အနေနဲ့ ကြည်လင်ပြတ်သားပြီး စစ်မှန်ပြီး ဖြစ်နိုင်ခြေတွေ ပြည့်နှက်နေတဲ့ မနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ"

သူ ဖယောင်းတိုင်များကို မှုတ်ထုတ်လိုက်ပြီးနောက် သူကိုယ်တိုင်နှင့် ကံကြမ္မာမရှိတော့သည့် ဤကမ္ဘာကြီးကို မျက်နှာမူကာ တီးတိုးရေရွတ်လိုက်လေသည်။

"ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ"

(ပြီးပါပြီ)။

စာရေးဆရာ၏ စကားများ

ဇာတ်လမ်းအဓိကပိုင်းကတော့ ဒီမှာတင် ပြီးဆုံးသွားပါပြီ။ စာအုပ်ရဲ့ အဆုံးသတ်မှာ Side Story တစ်ပုဒ် ကျန်နေသေးပေမဲ့ မူပိုင်ခွင့်ပြဿနာတွေကြောင့် ရေးသားပြီးသွားပေမယ့် လောလောဆယ် upload တင်ပေးလို့ မရသေးပါဘူး။ လာမယ့်နှစ်မှာ မူပိုင်ခွင့်သက်တမ်းကုန်ဆုံးပြီးရင် အခမဲ့ ဇာတ်လမ်းတိုအနေနဲ့ upload တင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ အဆုံးသတ်ပိုင်းကို ရောက်ခါနီးမှာ ကျွန်တော့်ရဲ့ တခြားစာအုပ်သုံးအုပ်က ချန်ထားခဲ့တဲ့ ဇာတ်ကွက်ဟာကွက်တွေကို လိုက်ပိတ်ခဲ့ရပါတယ်။ ဒါ့အပြင် စိတ်ဖောက်ပြန်မှုရဲ့ အစိတ်အပိုင်းအချို့နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မိမှာ စိုးရိမ်ရတဲ့ အစောပိုင်းဇာတ်လမ်းတိုတွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အနောက်ပိုင်းကို ရေးသားနေရင်း အစောပိုင်းအပိုင်းတွေကိုပါ တစ်ခါတည်း ပြန်ပြင်နေရတာကြောင့် မနက်တိုင်း ကွန်ပျူတာဖွင့်တဲ့အခါ ကျွန်တော် ကြက်သီးတဖြန်းဖြန်း ထမိပါတယ်၊ အလုပ်မစခင် ကီးဘုတ်ကို သုံးကြိမ်လောက် ဦးချလိုက်ချင်တဲ့စိတ်တောင် ပေါက်မိပါတယ်ဗျာ။

ဒီစာအုပ်ရဲ့ ဇာတ်အိမ်တည်ဆောက်ပုံက အရမ်းရှုပ်ထွေးပါတယ်။ ဒါက အချိန်ခရီးသွားခြင်းကနေ စတင်တဲ့ အဆုံးမရှိသေဆုံးခြင်းသံသရာတစ်ခုဖြစ်ပြီး အဓိကအချိန်စီးကြောင်းပေါ်မှာ အချိန်စီးကြောင်းလေးခုက လှည့်ပတ်နေတာ ဖြစ်ပါတယ်။

ဟန်ဟိုင်းရဲ့သရဲ ကောင်းယန်ဟာ ကောင်းယန်အားလုံးထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ကောင်းယန်ရဲ့ အချိန်ဟာ ဟန်ဟိုင်းရဲ့ အချိန်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အထက်တန်းကျောင်း အခန်း (၁၃) ရဲ့ ဘတ်စ်ကားဟာ ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှာ အက်ဆီးဒင့်ဖြစ်သွားခဲ့ပြီး ကောင်းယန်က အထဲမှာ ပိတ်မိနေခဲ့တာပါ။

ကောင်းမင်ကတော့ ကောင်းယန်အားလုံးထဲမှာ သာမန်အဖြစ်ဆုံးနဲ့ သတိမထားမိလောက်စရာ အကောင်းဆုံးလူပါ။ ဒီအချက်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်တွေ အများကြီး ပေးထားခဲ့ပါတယ်။ လုဇန်က သူ့ကို လူသားလောကကနေ ရှင်းလုဆီကို မျှားခေါ်လာခဲ့ပြီး ရှင်းလုမှာရှိတဲ့ ကောင်းယန်ရဲ့ ဆရာဖြစ်လာအောင် လုပ်ခဲ့ပါတယ်။ စာအုပ်ထဲက အခန်းတစ်ခန်းမှာ ကောင်းမင်ဟာ ဟန်ဟိုင်းကနေ ထွက်ပြေးပြီး ရှင်းလုထဲကို ဝင်သွားတဲ့ မြင်ကွင်းတစ်ခု ရှိပါတယ်၊ အဲဒီမှာ တစ်ယောက်က သူ့ရဲ့ အတိတ်မှတ်ဉာဏ်တွေကို လာပြောပြတယ်လေ။ သူဟာ ကားအက်ဆီးဒင့်တစ်ခုမှာ ကျောင်းသား အမြောက်အမြားကို ကယ်တင်ခဲ့တဲ့ ဆရာတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ ဒါဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပါ။ အဲဒီအချိန်မှာ ကောင်းယန်က ဥမင်လိုဏ်ခေါင်းထဲမှာ သေဆုံးသွားပြီး ဟန်ဟိုင်းက အင်အားအကြီးဆုံး ကောင်းယန်ဖြစ်လာခဲ့တာပါ။ ဒီစာအုပ်ထဲမှာ လုံးဝသေဆုံးခြင်းကို ဖြစ်စေတဲ့ အဓိကစည်းကမ်းချက်ကတော့ ‘လုံးဝမေ့လျော့ခံရခြင်း’ ဖြစ်ပါတယ်။ လုဇန်ဟာ ကောင်းယန်နဲ့ စီတုအန်းတို့အပေါ်မှာ လောင်းကြေးထပ်ခဲ့တာပါ။ လုံးဝမရှိတဲ့ ဖြစ်တည်မှုတစ်ခုကို ဖန်တီးဖို့အတွက် သူဟာ ကောင်းယန်ရဲ့ ဆွေမျိုးသားချင်းတွေကို သတ်ပစ်ခဲ့ပြီး သူ့ကို မှတ်မိနေစေဖို့ သူ့ရဲ့ တခြားကိုယ်ပွားဗားရှင်းတွေကို အသုံးပြုခဲ့ပါတယ်။ ဒါဟာ ကောင်းမင် လူသားလောကကနေ ရှင်းလုဆီကို ခရီးနှင်ခဲ့ရခြင်းရဲ့ အဓိပ္ပာယ်ပါပဲ။ အစပိုင်းမှာတော့ သူဟာ ကောင်းယန်ကို လူတွေ မေ့မသွားစေဖို့ ထိန်းထားပေးတဲ့ အရေးမပါတဲ့ ချိတ်တစ်ခုသာ ဖြစ်ခဲ့တာပါ။

ဒုတိယမြောက် အချိန်စီးကြောင်းကတော့ ကောင်းမင်ရဲ့ အချိန်ဖြစ်ပြီး ဒါက ဆာလောင်တစ္ဆေပွဲတော်ကနေ စတင်ပြီး သူသေဆုံးတဲ့အထိ Loop ဖြစ်နေတာပါ။ ဥမင်လိုဏ်ခေါင်းထဲမှာ သေဆုံးခဲ့ရတဲ့ ကောင်းမင်အမြောက်အမြားဟာ အဓိကအားဖြင့် ဘဝမဲ့နေတဲ့ ကောင်းယန်ကို ပျိုးထောင်ပေးဖို့ပါ။ ဒါပေမဲ့ သားစားကြူးနတ်ဘုရား တည်ရှိမှုကြောင့် ကောင်းမင်ဟာ လုဇန်ရဲ့ ထိန်းချုပ်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီး အဲ့ဒီ Loop ကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ကောင်းယန်ကို မှတ်မိနေတဲ့သူက ကောင်းမင်ဖြစ်ပြီး၊ ကောင်းမင်ကို မှတ်မိနေတဲ့သူတွေကတော့ မတူညီတဲ့ ကမ္ဘာတွေထဲမှာ သူ့ကို လိုက်ရှာနေကြတဲ့ သူ့မိဘတွေပါပဲ။ သူတို့ရဲ့ အချိန်စီးကြောင်းကတော့ တတိယမြောက် အချိန်စီးကြောင်းဖြစ်တဲ့ ‘ဥမင်လိုဏ်ခေါင်း အချိန်’ ဖြစ်ပါတယ်။

ဥမင်လိုဏ်ခေါင်း အချိန်ကာလဟာ လုံးဝ ရပ်တန့်အေးခဲနေတာပါ။ တခြားသံသရာစက်ဝန်းတွေ ဘယ်လိုပဲရှိရှိ ဥမင်လိုဏ်ခေါင်းထဲကနေ မထွက်သရွေ့တော့ သူတို့ဟာ အဲ့ဒီအခိုက်အတန့်မှာပဲ ထာဝရ ရှိနေမှာ ဖြစ်တယ်။ အဲဒီအခိုက်အတန့်ကတော့ ကောင်းမင် ဟန်ဟိုင်းမှာ သေဆုံးပြီး ပြန်လည်ဝင်စားခြင်း သံသရာအသစ်က ပြန်လည်စတင်တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကောင်းမင်ရဲ့ မရေမတွက်နိုင်အလောင်းတွေဟာ ဥမင်လိုဏ်ခေါင်းရဲ့ နံရံတွေထဲမှာ ပေါင်းစပ်သွားကြရတာဖြစ်ပြီး အဖေနဲ့ အမေတွေ အများကြီး တစ်ပြိုင်တည်း ပေါ်လာရတာ ဖြစ်ပါတယ်။

စတုတ္ထမြောက် အချိန်စီးကြောင်းကတော့ အဆုံးမဲ့လူသားလောကရဲ့ အချိန်ဖြစ်ပါတယ်။ လူသားကမ္ဘာတစ်ခုချင်းစီနဲ့ လက်တွေ့ဘဝတစ်ခုချင်းစီရဲ့ အချိန်နဲ့ ကံကြမ္မာတွေဟာ အချင်းချင်း မနှောင့်ယှက်ဘဲ ရောယှက်နေကြပြီး အဲ့ဒီနေရာမှာ လျိုယီတွေ၊ ရွှမ်ဝမ်တွေ အများကြီး တည်ရှိနေတာပါ။ ကောင်းမင် ရှင်းလုမှာ ဆုံခဲ့တဲ့ လျိုယီဟာ ဟန်ဟိုင်းက ကောင်းယန်ရဲ့ အချိန်စီးကြောင်းထဲက အခန်း (၁၃) က လျိုယီလည်း မဟုတ်သလို ရှင်းလုရဲ့ ကိုယ်ပိုင်လျိုယီလည်း မဟုတ်ပါဘူး။ အဲဒီအစား သူမဟာ ကံကြမ္မာကြောင့် ကောင်းမင်တစ်ခါက နေထိုင်ခဲ့ဖူးတဲ့ အဆုံးမဲ့ လူသားလောကထဲကနေ ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူမဟာ ကံကြမ္မာသတ်မှတ်ချက်အရ ကောင်းမင်ရဲ့ မူလဇနီးဖြစ်ပြီး ဆေးရုံကုတင်ခန်းထဲမှာ ဒီကမ္ဘာကြီးကို နောက်ဆုံး နှုတ်ဆက်ထွက်ခွာသွားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကောင်းမင်ဟာ သူ့နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုကို အတင်းအဓမ္မ ဆွဲနုတ်ခံလိုက်ရသလိုမျိုး ခံစားခဲ့ရတာပါ။

နောက်ဆုံး အချိန်စီးကြောင်းကတော့ အတွင်းကမ္ဘာအချိန်ကာလပါ။ ဒီစာအုပ်ရဲ့ ပင်မအချိန်စီးကြောင်းလည်း ဖြစ်ပါတယ်။ တခြားအချိန်စီးကြောင်းတွေအားလုံးက ဒီအချိန်စီးကြောင်းကို ဗဟိုပြုပြီး လှည့်ပတ်နေကြတာပါ။ အဓိက မှတ်တိုင်တွေအနေနဲ့ ရှင်းလုသွေးမြို့တော်သခင်က ဟန်ဟိုင်းသွေးမြို့တော်မှာ လူနဲ့ သရဲတွေ အတူယှဉ်တွဲနေထိုင်မယ့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်တာ၊ ရှင်းလုသွေးမြို့တော်သခင် သွေးပင်လယ်ထဲ ဝင်သွားတာ၊ မသေဆေးကုမ္ပဏီရဲ့ သစ္စာဖောက်မှု၊ မြို့သုံးမြို့ဆုံမှတ်မှာရှိတဲ့ ဥမင်လိုဏ်ခေါင်းထဲကို ကောင်းမင် ပထမဆုံးအကြိမ် ဝင်ရောက်တာ၊ ဗဟိုသွေးမြို့တော်နဲ့ အမှောင်သွေးမြို့တော်တို့အကြား စစ်ပွဲ စတင်ဖြစ်ပွားတာ၊ ကောင်းမင်က သေဆုံးခြင်းသံသရာကို ပထမဆုံးအကြိမ် ဖျက်ဆီးပြီး ဟန်ဟိုင်းကနေ ထွက်ပြေးပြီး ပြင်ပကမ္ဘာကြီးကို မြင်တွေ့ခွင့်ရတာ၊ ကောင်းမင် ဟန်ဟိုင်းသွေးမြို့တော်ရဲ့ အရှင်သခင် ဖြစ်လာတာ၊ ပြီးတော့ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်မှုနဲ့ သွေးယဇ်ပူဇော်ခြင်းတို့ပေါ့။ ရှေ့ကို ထပ်သွားရင်တော့ နက်ရှိုင်းသော အိပ်မက်လောက၊ ယင်ယန်နယ်ပယ်နဲ့ အဆုံးမဲ့လူသားလောကတို့ ရှိပါသေးတယ်။ ကျွန်တော် စကားတွေ အများကြီး ချော်သွားမိပြီ၊ ပြောစရာတွေက အများကြီး ရှိနေသေးတာကိုး။ နောင်တစ်ချိန်ကျရင် ဒါတွေကို အသေးစိတ် ဆွေးနွေးဖို့အတွက် live လွှင့်ရင်လည်း လွှင့်ဖြစ်ပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့၊ အားလုံးကို ကြိုတင်ပြီး နှစ်သစ်ကူးနူတ်ခွန်းဆက်သလိုက်ပါတယ်၊ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမများအားလုံး လာမယ့်နှစ်မှာ ကောင်းမွန်တဲ့နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ၊ နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ။

All Chapters