← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 17 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 17 Ch. 179-180

`

`

အခန်း ၁၇၉ ငွေမက်သူ

"ရှင်မရေ"

ချန်လျိုယီက သူ့ဇနီးကို အနည်းငယ် နှိမ့်ချသော အသံဖြင့် ပြောလိုက်၏။

"ငါတို့ အသားမစားရတာ လနဲ့ချီနေပြီ၊ အသားလေး ဘာလေး စားကြရအောင်လား..."

"အသား စားချင်တယ် ဟုတ်လား၊ ကောင်းကင်ဘုံကို သွား"

သူ့ဇနီးက ချန်လျိုယီ၏ နှာခေါင်းကို လက်ညှိုးထိုး၍ ဆဲဆို၏။

"ဗိုက်ဝအောင် စားရတာတင် ကောင်းကင်ဘုံကပေးတဲ့ ကံကောင်းခြင်းပဲ။ ရှင်က ဘာများ ချမ်းသာတဲ့သူ ထင်နေလို့ အသားစားဖို့ စိတ်ကူးနေရတာလဲ"

ဟုန်ဝူခေတ်၏ ငြိမ်းချမ်းသောကာလတွင်ပင် ဆင်းရဲနွမ်းပါးသည့် သာမန်ပြည်သူ အများစုအတွက်မူ ဗိုက်ဝအောင် စားနိုင်ခြင်းမှာပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ အသားဟင်း စားသုံးခြင်းမှာမူ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်နေ၏။

"အရင်ကတော့ ငါတို့မိသားစု ဆင်းရဲလို့ အသားစားဖို့ မတွေးရဲတာပါ။ အခုတော့ ငါတို့ဆီမှာ ပိုက်ဆံ ရှိပြီလေ..."

ချန်လျိုယီတွင် ငွေရှိနေပြီမှာ အမှန်ပင်ဖြစ်သည်။ သူသည် စည်းစိမ်အနည်းငယ် ရရှိထားပြီဟု ဆိုနိုင်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဝူကျိရှန်းသည် ထိုဖန်ပြွန်များကို လာယူစဉ်က ငွေခဲတုံးငယ်တစ်ခုကို ပေးခဲ့သည်။

၁၂ တေး အလေးချိန်ရှိသည့် ငွေခဲတုံးငယ်ကိုချွေတာသုံးစွဲမည်ဆိုပါက ချန်လျိုယီတို့ မိသားစု၏ တစ်နှစ်စာ စားရိတ်အတွက် လုံလောက်သည်။

ဤငွေခဲတုံးကြောင့် သူတို့မိသားစု၏ ဘဝမှာ နောက်ဆုံးတွင် အနည်းငယ် သက်သာရာ ရသွားသည်။

"အဲဒီဖောက်သည်က ငါတို့ကို ငွေခဲတုံး ပေးသွားတာ၊ ငါ တကယ် အသား စားချင်တယ်..."

ချန်လျိုယီ စကားမဆုံးခင်မှာပင် သူ့ဇနီးက ပါးစပ်ကို အုပ်လိုက်ပြီး မည်သူမျှ မကြားအောင် လုံခြုံစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

"ရှင် မိုက်မဲလိုက်တာ၊ တစ်နေ့လုံး ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့မိသားစုမှာ ငွေခဲတုံး ရှိတာက လူတိုင်း သိအောင် ပြောရမယ့် ကိစ္စလား။ ချမ်းသာတာကို မကြွားရဘူးဆိုတဲ့ စကား မကြားဖူးဘူးလား"

"အဲဒီငွေခဲတုံးက ငါတို့သားရဲ့ အိမ်ထောင်ပြုဖို့ စုထားရမှာလေ။ ကလေးက ၁၅ နှစ်တောင် ရှိနေပြီ..."

ဆင်းရဲသား မိသားစုများမှာ ဤအတိုင်းပင် ဖြစ်၏။ များသောအားဖြင့် ဆင်းရဲဒုက္ခ ရောက်နေတတ်ကြပြီး အလုပ်ကြိုးစား၍ ငွေအနည်းငယ် ရလာသည့်အခါတွင်လည်း သားသမီးများအတွက်ဟုဆိုကာ နှမြောတသဖြင့် သေချာ သိမ်းဆည်းထားတတ်ကြသည်။

ချန်လျိုယီမှာ အသား စားချင်စိတ် ဖြစ်နေသော်လည်း သူ့ဇနီး၏ အပြုအမူကို မနှစ်မြို့ပေ။ သို့သော်လည်း ဇနီးဖြစ်သူ၏ စေ့စပ်သေချာသော စီမံခန့်ခွဲမှုမှာ မိသားစုအတွက် ဖြစ်ကြောင်း သူ သိသည်။

"ဖန်လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီလောက် ရက်ရောတဲ့ ဖောက်သည်မျိုး တစ်ခါမှ မတွေ့ဖူးဘူး"

ချန်လျိုယီက ပြော၏။

"သူ့နာမည်ကိုတောင် မသိရတာ စိတ်မကောင်းစရာပဲ..."

"နာမည်သိလို့ ဘာလုပ်မှာလဲ"

သူ့ဇနီးက နှာခေါင်းရှုံ့၍ ပြောလိုက်၏။

"ငါ တောင်းတဲ့ဈေးက နည်းတာ မဟုတ်ဘူး။ သူ အမြတ်ကြီးစားခံရမှန်း နောက်ကျရင် သိလာမှာပဲ၊ နောက်တစ်ခါ ထပ်လာမှာ မဟုတ်ဘူး။ ဒါက တစ်ကြိမ်တည်းအတွက်ပဲ..."

ဇနီးမောင်နှံ စကားပြောနေစဉ် တံခါးပတ္တာသံ ထွက်လာပြီး ဂွမ်းလိုက်ကာကြီးကို ဆွဲဖွင့်လိုက်သည်။ ဝူကျိရှန်းက ပြုံးရွှင်စွာဖြင့် ဝင်လာပြီး နှုတ်ဆက်လိုက်၏။

"ဘယ်လို တစ်ကြိမ်တည်းအတွက် လုပ်ငန်းမျိုးကို ပြောနေကြတာလဲ ဇနီးမောင်နှံတို့"

ချန်လျိုယီ၏ဇနီးသည် ဝူကျိရှန်းကို လွယ်လွယ်လှည့်စားလို့ရသော လူအတစ်ယောက်ဟု ထင်ကာ ငွေအနည်းငယ်ကို အမြတ်ကြီးစားခဲ့သော်လည်းအချိန်ကိုက် ရောက်လာလိမ့်မည်ဟု မထင်ထားပေ။ သူတို့ ပြောနေသည့် စကားများကို ကြားသွားပါက အလွန် အဆင်မပြေ ဖြစ်ပေလိမ့်မည်။

ပုံမှန်အားဖြင့် စကားပြောကောင်းသော ချန်လျိုယီ၏ဇနီးမှာ ထိုအချိန်တွင် စကားမပြောနိုင်တော့ဘဲ မျက်နှာတွင်အားနာ‌ဟန်ဖြင့်အပြုံးကိုသာ ဆောင်ထား‌တော့သည်။

"ခင်ဗျားတို့ လုပ်ပေးတဲ့ ဖန်ပြွန်တွေက တကယ် ကောင်းတယ်"

ဝူကျိရှန်းက ပြုံး၍ ပြောလာ၏။

"ဖန်ပြွန်တွေ ရဖို့အတွက် အလုပ်ရုံ ခုနစ်ခုလောက် ရှာခဲ့ရတာ၊ ခင်ဗျားတို့ဆီက လုပ်တာကမှ အကောင်းဆုံး ဖြစ်နေတယ်"

ထိုစကားကို ကြားသောအခါ ချန်လျိုယီ၏ဇနီးမှာ ပို၍ပင် အဆင်မပြေ ဖြစ်သွားရသည်။ ဝူကျိရှန်းမှာ ဈေးနှုန်းများကို သိနေသည်မှာ သေချာ‌ နေလေပြီ။

သို့သော် သူသည် ပေးခဲ့ရသော ငွေအနည်းငယ်ကို လုံးဝ ဂရုမစိုက်ပေ။

ဝူကျိရှန်းမှာ အပူချိန်တိုင်းကိရိယာနှင့် သွေးပေါင်ချိန်တိုင်းကိရိယာများ တပ်ဆင်ရန်အတွက် အမျိုးမျိုးသော ဖန်ပြွန်များကို လိုအပ်နေခြင်း ဖြစ်သည်။ ထိုသို့သော အရေးကြီးသည့် ကိစ္စအတွက် ပေးသွင်းသူတစ်ဦးတည်းကိုသာ အားကိုး၍ မရပေ။ အကောင်းဆုံး လက်ရာပိုင်ရှင်ကို ရှာဖွေရမည် ဖြစ်သည်။

အမှန်တကယ်ပင် ချန်လျိုယီ၏ လက်ရာမှာ အပြစ်ပြောစရာ မရှိချေ။ သူ၏ လက်မှုလုပ်ဆောင်မှုမှာ စက်မှုအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ၂၁ ရာစု နည်းပညာစံနှုန်းအရ ချန်လျိုယီကို အထူးအဆင့် ကျွမ်းကျင်လုပ်သား အဖြစ် သတ်မှတ်နိုင်သည်။

"ကျွန်တော် အခုတစ်ခါ လာတာက တခြား လုပ်စရာရှိလို့ပါ"

ငွေအနည်းငယ်ကို သူ အမြတ်ကြီးစား ထားမှန်း သိနေလျက်နှင့်ပင် မိမိတို့အလုပ်ရုံကို ပြန်လာသည်ဆိုခြင်းမှာ ဤဖောက်သည်မှာ အလွန်ရက်ရောပြီး ထိုငွေအနည်းငယ်ကို ဂရုမစိုက်သူ ဖြစ်ကြောင်း သက်သေပြနေသည်။

မည်သည့်ခေတ်တွင်မဆို ငွေကြေးသုံးစွဲရန် မကြောက်သော ဖောက်သည်မျိုးမှာ အဆင့်မြင့်ဆုံး ဖောက်သည်များ ဖြစ်သည့်အတွက် ဂရုတစိုက် ဆက်ဆံရမည် ဖြစ်သည်။

ချန်လျိုယီ စကားမပြောခင်မှာပင် သူ့ဇနီးက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးလာ၏။

"ဖောက်သည်တော်၊ ရှင်က ကျွန်မတို့ကို အသက်မွေးဖို့ အလုပ်ပေးနေတာပါ။ ကျွန်မတို့အတွက်တော့ အသက်ရှင်နေတဲ့ စည်းစိမ်ရှင်ပါပဲ။ ရှင်က ဘယ်လို ကိရိယာမျိုး လုပ်ချင်တာလဲ။ အခေါင်းပေါက်ပြွန်တွေပဲလား"

"မဟုတ်ဘူး၊ ဒီတစ်ခါတော့ မှန်ဘီလူးတွေ သွေးပေးစေချင်တယ်။ အနားသားထူပြီး အလယ်မှာပါးတဲ့ဟာမျိုးရယ်၊ အလယ်မှာထူပြီး အနားသားပါးတဲ့ဟာမျိုးရယ်..."

"အချိုင့်မျက်နှာပြင်နဲ့ အခုံးမျက်နှာပြင်တွေပေါ့"

အချိုင့်မျက်နှာပြင်ကို အချိုင့်ဟုခေါ်ပြီး အခုံးမျက်နှာပြင်ကို အခုံးဟု ခေါ်ကြသည်။ ထိုအမည်မှာ အလွန်ပင် ရှင်းလင်းလှသည်။မည်သို့ပင် ခေါ်ပါစေ၊ လိုချင်သည့် အရာသာ ဖြစ်လျှင် ပြီးပြီဖြစ်သည်။

ဤခေတ်တွင် ဖန်ပြုလုပ်သည့် နည်းပညာမှာတိုးတက်ကောင်းမွန်နေပြီးသား ဖြစ်သည့်အတွက် အဝေးကြည့်မှန်ပြောင်းကဲ့သို့ ပစ္စည်းမျိုးကို လုပ်ကိုလုပ်နိုင်ပေလိမ့်မည်။

အဝေးကြည့်မှန်ပြောင်းနှင့် မှန်ဘီလူးများမှာ လက်တွေ့တွင် အလွန်အသုံးဝင်သည်။ နည်းပညာပိုင်းတွင် အနည်းငယ် ခက်ခဲသော်လည်း ဝူကျိရှန်း၏ ဗဟုသုတဖြင့် လုပ်ဆောင်နိုင်သည်။ စမ်းသပ်မှု အနည်းငယ် ထပ်လုပ်ပါက ရလဒ် ထွက်လာမည်မှာ အသေအချာပင်။

အတိအကျ အချက်အလက်များသာ ရှိပါက အမြောက်အမြား ထုတ်လုပ်နိုင်သည်။

"ဖောက်သည်တော်က ဘယ်လို အတိုင်းအတာမျိုး လိုချင်တာလဲ"

"အတိအကျ မပြောနိုင်သေးဘူး။ အမျိုးမျိုး လုပ်ပေးထားပါ၊ ကျွန်တော်ကိုယ်တိုင် ရွေးချယ်မယ်"

အရင်နှစ်ခေါက် ဆက်ဆံခဲ့ရသည့်အတွက် ချန်လျိုယီမှာ နည်းပည" သမားသာ ဖြစ်ပြီး သူ့ဇနီးကသာ အမှန်တကယ် အာဏာပိုင်ကြောင်း ဝူကျိရှန်း သိလိုက်သည်။

"ဒီတစ်ခါ စရန်ငွေ ဘယ်လောက် ပေးရမလဲ"

"သြော်၊ စရန်ငွေအကြောင်း ပြောမနေပါနဲ့ ဖောက်သည်တော်ရယ်၊လူရင်းတွေဖြစ်နေပြီပဲ"

ချန်လျိုယီ၏ဇနီးမှာ ဝူကျိရှန်းသည် အလုပ်ရုံအမျိုးမျိုးကို စုံစမ်းနေကြောင်း သိနေသည့်အတွက် ဈေးနှုန်းကို မတရား မတောင်းရဲတော့ပေ။ သို့သော်လည်း ငွေကို အတတ်နိုင်ဆုံး ရလိုနေဆဲပင်။

"ဖောက်သည်တော်က အဟောင်းဆိုတော့ စရန် မလိုပါဘူး၊ သို့သော်လည်း ရှင် လုပ်ရမယ့် အလုပ်ကို ကြည့်ပြီး ပေးချင်သလောက် ပေးပါ..."

ဇနီးဖြစ်သူ၏ စကားကို ကြားသောအခါ ချန်လျိုယီမှာ ဇနီးဖြစ်သူ ငွေမက်ကြောင်း သိလိုက်သည်။ သူသည် သတ္တိမွေးပြီး သူ့ဇနီးကို နောက်သို့ ဆွဲထားလိုက်ကာ ဝူကျိရှန်းကို တိုက်ရိုက် ပြောလိုက်၏။

"အချိုင့်နဲ့ အခုံးတွေက တန်ဖိုး သိပ်မရှိပါဘူး၊ သွေးဖို့ပဲ အချိန်ပေးရတာပါ။ အရင်တစ်ခေါက်တုန်းကလည်း ကျွန်‌ တော်တို့ ငွေအတော်လေး ရထားပြီးပြီ၊ ဒီတစ်ခါတော့ ပစ္စည်းဖိုး မလိုပါဘူး"

ဝူကျိရှန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒီလောက် ရိုးသားတဲ့သူ ရှားတယ်။ ပေးသင့်တဲ့ ပိုက်ဆံကတော့ ပေးရမှာပေါ့"

သူသည် ၁၂ တေးရှိသော ငွေခဲတုံးငယ်ကို ထုတ်၍ ချန်လျိုယီ၏ အလုပ်ခုံပေါ်သို့ တင်လိုက်သည်။

"ဒီအတွက် အားစိုက်ထုတ်ရဦးမှာပါ၊ ပိုသွေးပေးပါဦး။ ကျွန်တော် ခင်ဗျားတို့ရဲ့ လက်ရာကို ယုံကြည်ပါတယ်။ ဒါက ဆုလာဘ်ပါ..."

၁၂ တေး ချန်လျိုယီအတွက်ထိုပမာဏမှာ အလွန်ပင် များပြား‌နေသည်။

"ငါ ပိုက်ဆံ မယူပါဘူးလို့ ပြောသားပဲ..."

"ဘာလို့ပိုက်ဆံမယူရမှာလဲ။ ဒါက ဖောက်သည်တော်က ပေးတဲ့ ဆုလာဘ်လေ။ မယူရင် ဖောက်သည်တော်ကို မလေးစားရာ မရောက်ဘူးလား"

ချန်လျိုယီ၏ဇနီးက ငွေခဲတုံးကို အမြန် ယူလိုက်သည်။

"ဖောက်သည်တော်က ရှင်ကို သဘောကျလို့ ပေးတာပါ၊ ငြင်းမနေပါနဲ့..."

ငွေမလိုချင်ကြောင်း ပြောသော်လည်း သူ့ဇနီးက ငွေခဲတုံးကို ယူလိုက်သဖြင့် ချန်လျိုယီမှာ အလွန် အဆင်မပြေ ဖြစ်သွားရသည်။

"ငါ့ဇနီးက တခြားနေရာတွေမှာ အကုန်ကောင်းပေမဲ့ ငွေမက်တာလေး တစ်ခု တော့ရှိတယ်..."

"တောက်ပတဲ့ ငွေကို ဘယ်သူမှ မချစ်ဘဲ နေပါ့မလား။ အလုပ်သာ ကောင်းကောင်း လုပ်ရင် ဆုလာဘ်တွေ ထပ်ရမှာပါ..."

မှန်ဘီလူးနှင့် အဝေးကြည့်မှန်ပြောင်း ပြုလုပ်ရန် မှန်များကိုသာ ကောင်းကောင်း လုပ်နိုင်မည်ဆိုပါက ငွေ ၁၀ တေးကျော် သုံးရခြင်းမှာ ပြဿနာ မဟုတ်ပေ။

*********

`

အခန်း ၁၈၀ မင်မင်းဆက်၏ အဝေးကြည့်မှန်ပြောင်း

"တကယ့်ကို လှပတာပဲ"

ချင်းချင်းက အရုပ်အသစ်ရသော ကလေးငယ်တစ်ယောက်ပမာ အိမ်ခေါင်မိုးထက်တွင် ရပ်ရင်း သခင်မလေးရွန့်ကို ကျယ်လောင်စွာ လှမ်းခေါ်၏။

"သခင်မလေးမြန်မြန်တက်လာခဲ့၊ ဒီရှုခင်းတွေကို မြင်ရတာ တကယ်ကို အံ့သြဖို့ကောင်းတယ်"

နှင်းပါးပါးလေးသာ ကျခဲ့သော်လည်း မြို့တော်ကြီးကို ငွေရောင်နှင်းပြင်ကမ္ဘာအဖြစ် ပြောင်းလဲသွားစေသည်။ နေ့လယ်ခင်း နေရောင်ခြည်က နှင်းထူထူများပေါ်တွင် ကျရောက်နေပြီး တောက်ပလှပသော အရောင်အသွေးများကို ရောင်ပြန်ဟပ်နေစေ၏။

ကျန်းနန်နှင့် ဂျင်ပေဒေသ၏ နှင်းရှုခင်းမှာ လုံးဝ မတူညီပေ။ ကျန်းနန်၏ နှင်းရှုခင်းမှာ ပန်းအိုးအတွင်းရှိ အပင်လေးများကဲ့သို့ နူးညံ့ကာ အလွန်လှပသည်။

သခင်မလေးရွန့်က အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသော ချင်းချင်းကို ကြည့်၍ ဆူလိုက်သည်။

"ငါတော့ အဲဒီလောက် အမြင့်ကြီး မတက်ရဲဘူး။ မတော်တဆ ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။ မြန်မြန်ဆင်းခဲ့"

"တကယ်ကို လှတာပါ၊ နန်းတော်ကိုတောင် မြင်နေရတယ်"

ချင်းချင်းက လက်ထဲရှိ ပြွန်တံကို ဝှေ့ယမ်းရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သခင်မလေး တကယ်ပဲ မကြည့်ချင်ဘူးလား"

"နန်းတော်က ဘာများ လှလို့လဲ။ ငါ အကြိမ်ပေါင်းများစွာ မြင်ဖူးပြီးပြီ၊ ထူးထူးခြားခြား မဟုတ်ပါဘူး။ နင်ပဲ သေချာကြည့်၊ ပြုတ်မကျအောင်တော့ သတိထား"

သခင်မလေးရွန့်သည် နန်းတော်သို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ထိုရှုခင်းများကို ကြည့်၍ ငြီးငွေ့နေပြီ ဖြစ်သည်။ ဤသည်မှာ ချင်းချင်းလက်ထဲရှိ အရာဝတ္ထုကြောင့် ဖြစ်၏။ ၎င်းမှာ ဝူကျိရှန်း တီထွင်ထားသော အဝေးကြည့်မှန်ပြောင်းသို့မဟုတ် အဝေးကြည့်မျက်စိ ဟု ခေါ်သော ပစ္စည်းဖြစ်သည်။

ထိုပစ္စည်းလေးမှာ အလွန် စိတ်ဝင်စားစရာ ကောင်းသည်။ ဝေးလံသောနေရာမှ လူများနှင့် အရာဝတ္ထုများကို အနီးကပ် မြင်တွေ့နိုင်စေ၏။

စစချင်းတွင် သခင်မလေးရွန့်မှာလည်း ချင်းချင်းကဲ့သို့ပင် ထိုအဝေးကြည့်မျက်စိအပေါ် စူးစမ်းလိုစိတ် များပြားခဲ့သည်။ သို့သော် ရက်အနည်းငယ် ကြာသောအခါ စူးစမ်းလိုစိတ်မှာ လျော့ပါးသွားပြီး ချင်းချင်းကမူ ကလေးဆန်သော စိတ်ဓာတ်ဖြင့် ဆက်လက် သဘောကျနေဆဲ ဖြစ်သည်။

နှင်းကျပြီးနောက် မိုးကောင်းကင်မှာ အလွန်ကြည်လင်နေသည်။ ရွှေရောင်နေရောင်ခြည်က နှင်းများပေါ်တွင် ကျရောက်နေသဖြင့် စိတ်အာရုံမှာလည်း ကြည်လင်နေ၏။

ချင်းချင်းသည် ဝူကျိရှန်း ပြုလုပ်ပေးသော အဝေးကြည့်မှန်ပြောင်းကို ကိုင်ကာ လှပသော ကမ္ဘာကြီးကို စူးစမ်းကြည့်‌ နေသည်။ မှန်ပြောင်းထဲမှ မြင်ကွင်းမှာ မှော်ဆန်လှသည်။ ကောင်းကင်နှင့် မြေကြီးမှာ အလှမ်းကွာဝေးသည်ဟု မထင်ရတော့ဘဲ ဝေးလံသော မြင်ကွင်းများမှာ လက်တစ်ကမ်းတွင် ရှိနေသယောင် ဖြစ်သည်။ အိမ်များ၊ သစ်ပင်များနှင့် မြို့တော်တစ်ခုလုံးမှာ နေရောင်ခြည်ကြောင့် တောက်ပနေ၏။

"ဝါး၊ တကယ်ကို ထူးခြားတာပဲ..."

"ဖူအန်းကျောင်းတော်ရဲ့ စေတီကိုတောင် ကြည်ကြည်လင်လင် မြင်ရတယ်။ ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်"

ချင်းချင်းသည် ယခင်က သခင်မလေးရွန့်နှင့်အတူ ဖူအန်းကျောင်းတော်သို့ ဘုရားဖူးသွားဖူးသည်။ ထိုနေရာမှာ အလွန်ဝေးလံကြောင်း သူမ မှတ်မိသေး၏။ ယခုမူ အဝေးကြည့်မျက်စိ ဖြင့် ကြည့်လိုက်ရာ စေတီတော်သာမက သန့်ရှင်းရေးလုပ်နေသော သံဃာတော်များကိုပါ မြင်နေရသည်။

"တောင်တွေ၊ မြစ်တွေသာ ကာမနေရင် ငါ့ဇာတိမြေအထိတောင် မြင်ရမလား မသိဘူး"

ဝူကျိရှန်း၏ အဝေးကြည့်မှန်ပြောင်းမှာ ဝေးလံသော ရှုခင်းများကို မြင်နိုင်သော်လည်း လီပေါင်းထောင်ချီ ဝေးသော ဂျင်ပေဒေသကို မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် ၎င်းမှာ အပြီးသတ် ပစ္စည်းမဟုတ်သေးဘဲ အကြမ်းထည် အဆင့်သာ ရှိသေးသည်။

အဝေးကြည့်မှန်ပြောင်း၏လုပ်‌ေဆာင်ပုံဝူကျိရှန်းကရှင်းပြဖူးသော်လည်း သခင်မလေးရွန့်ကမူ အလင်းယိုင်ခြင်း နှင့် မှန်ဘီလူးကဲ့သို့သော စကားလုံးများကို စိတ်မဝင်စားပေ။ ချင်းချင်းမှာမူ အလင်းယိုင်ခြင်းအကြောင်း အနည်းငယ် သိရှိထားသည်။

ချင်းချင်းက မှန်ပြောင်းကို နန်းတော်ဘက်သို့ ညှိလိုက်သည်။ မင်မင်းဆက်၏ ဧကရာဇ်မင်းမြတ်ကို မြင်ချင်သော်လည်း မျှော်လင့်ချက်မှာ မပြည့်ဝခဲ့ပေ။ နန်းတော်ကို မြင်ရသော်လည်း မည်သူမည်ဝါ ဖြစ်မှန်း မသိနိုင်ပေ။

မြင့်မားသောနေရာတွင် ရပ်နေရင်း ချင်းချင်းမှာ မိုးတိမ်များကြားတွင် ရပ်နေသကဲ့သို့ ခံစားရသည်။ သူမ ဤခံစားချက်ကို အလွန် နှစ်သက်၏။

သူမသည် မှန်ပြောင်းကို အခွန်ဝန်ကြီးဌာနဘက်သို့ ညှိလိုက်သည်။ ဝူကျိရှန်းကို မြင်လိုစိတ်ဖြင့် ကြည့်ရှုရာ လူအများအပြား နှင်းရှင်းလင်းနေသည်ကို မြင်ရပြီး အရာရှိများ အဝင်အထွက် ရှိနေသည်ကို တွေ့ရသည်။

"ချင်းချင်း၊ မြန်မြန်ဆင်းခဲ့တော့"

"ခဏလေးပါ၊ နောက်ထပ် ကြည့်ချင်သေးလို့"

"အဲဒီပစ္စည်းကို ကိုင်ပြီး တစ်နေ့လုံး ကြည့်နေတာပဲ၊ ဘာများ သဘောကျစရာ ရှိလို့လဲ"

"အခွန်ဝန်ကြီးဌာနဘက်ကို ကြည့်နေတာပါ၊ သခင်လေးကို မြင်ရမလားလို့"

"အခွန်ဝန်ကြီးဌာနက ကြီးတာကို၊ နင်ဘယ်လိုလုပ် မြင်မှာလဲ"

"မြင်ပြီ၊ တကယ်မြင်ပြီ။ သခင်လေး အပြင်ကို ထွက်လာပြီ..."

အကြာကြီး စောင့်ကြည့်ပြီးနောက် ဝူကျိရှန်းကို ပထမဆုံးအကြိမ်အဖြစ် ဝေးလံသော အရပ်မှ မြင်လိုက်ရသည်။

"သခင်လေး အလုပ်ဆင်းခါနီးပြီ ထင်တယ်၊ ညစာ ပြင်ကြရအောင်"

ဝူကျိရှန်းမှာ အလုပ်ဆင်းပြီး အိမ်ပြန်ရန် အချိန်တန်နေပြီ ဖြစ်သည်။

"မဟုတ်ဘူး၊ သခင်လေး အိမ်ပြန်မလာဘူး။ တျန်ကျဲလမ်းအတိုင်း တောင်ဘက်ကို သွားနေတယ်... ပြီးတော့ အနောက်ဘက်လမ်းကို ချိုးသွားပြီ..."

ဝူကျိရှန်း လမ်းလျှောက်နေရင်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူသည် အိမ်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ ချင်းချင်း၏ အကြည့်နှင့် ဆုံသွားသည်။

အလွန် ဝေးကွာလွန်းသဖြင့် တကယ့် မျက်လုံးချင်း ဆုံခြင်း မဖြစ်နိုင်သော်လည်း ချင်းချင်းမှာမူ အလွန် ပျော်ရွှင်သွားရသည်။

"သခင်လေး ငါ သူ့ကို ကြည့်နေမှန်း သိသွားပြီ ထင်တယ်"

သခင်မလေးရွန့်ကမူ စိတ်ဝင်စားမှု မရှိတော့ဘဲ မေးလိုက်၏။

"သူ ဘယ်သွားတာလဲ ကြည့်လိုက်ဦး"

"သူနဲ့ အရာရှိ ၁၂ ယောက် အနောက်ဘက်လမ်းကို သွားပြီးတော့ အဆောက်အဦးတစ်ခုထဲ ဝင်သွားကြတယ်"

"ဘယ်ထဲ ဝင်သွားတာလဲ"

"အနောက်ဘက်လမ်းထောင့်မှာရှိတဲ့ အိမ်ကြီးတစ်လုံးထဲပါ..."

"ငါ သိပြီ"

သခင်မလေးရွန့်က ပြုံး၍ ပြောလိုက်၏။

"အဲဒါ မင်းသားအိမ်တော်ပဲ"

*********

All Chapters