အခန်း (၁၇၁-၁၇၂)
Vol. 17 Ch. 171-172
အခန်း ၁၇၁ - မိဖုရားကြီး၏ အသိအမှတ်ပြုခြင်း
"ဒါက အရှင်မင်းကြီး ပေးသနားထားတာတွေလေ။ ငါ့အတွက် သိမ်းထားလို့လည်း သိပ်ပြီး အသုံးမဝင်လှဘူး"
မိဖုရားကြီးမာသည် နန်းတွင်းသူများကို ပိုးထည်လိပ်များ ယူဆောင်လာစေပြီးနောက် ဘေးတွင်ရှိနေသော တာရာဝမ်ကျူးအာကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"တာရာဝမ်ကျူးအာ၊ နင်က ဝေးလံတဲ့အရပ်က ဧည့်သည်ဆိုတော့ ဒီပိုးထည်တွေထဲကနေ တစ်ခုလောက် ကြိုက်တာ ရွေးလိုက်ပါ"
"မိဖုရားကြီးကိုကျေးဇူးတင်ရှိပါတယ်"
ရိုးရှင်းသော ကျေးဇူးတင်စကား ဆိုပြီးနောက် တာရာဝမ်ကျူးအာသည် ပိုးထည်စတင် ရွေးချယ်လေ၏။
မင်းဆက်တိုင်း၏ ဓလေ့ထုံးစံများအရ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးသည် တစ်သားတည်း ဖြစ်ကြသည်။ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီး နှစ်ဦးစလုံးမှာ အုပ်ချုပ်သူမင်းများ ဖြစ်ကြသဖြင့် မိဖုရားခေါင်ကြီး၏ ပေးသနားမှုသည် ဧကရာဇ်ကိုယ်တော်တိုင် ပေးသနားခြင်းနှင့် အဓိပ္ပာယ်တူပေသည်။
လက်အောက်ငယ်သားတစ်ဦးအနေဖြင့် ဆုလာဘ်ကို လေးစားစွာ လက်ခံပြီးနောက် ဒူးထောက်၍ ကျေးဇူးတင်ကြောင်း ဖော်ပြရမည် ဖြစ်သည်။
တာရာဝမ်ကျူးအာမှာ အုလုမျိုးနွယ်စုမှ ဖြစ်၍ဓလေ့ထုံးစံများကို နားမလည်ခဲ့ပေ။သူမသည် မိဖုရားကြီးက ရွေးခိုင်းသဖြင့် အကောင်းဆုံးကိုသာ ရွေးရမည်ဟုသာ တွေးမိသည်။
ဈေးထဲတွင် ဟင်းသီးဟင်းရွက် ရွေးနေသည့် သာမာန်မိန်းမတစ်ဦးကဲ့သို့ သူမသည် ပိုးထည်တစ်လိပ်ကို သေချာ ရွေးချယ်လိုက်ပြီး ဒူးလည်းမထောက်၊ ကျေးဇူးလည်း မတင်ဘဲ မိမိနေရာသို့သာ ပြန်သွားလေ၏။
သူမဘေးရှိ အမျိုးသမီးများမှာ ထင်ရှားသည့် မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်ကြသဖြင့် တာရာဝမ်ကျူးအာကို အထင်သေးစွာ ကြည့်လိုက်ကြသည်။ ရှန်ရီသခင်မလေး ဆိုသည်မှာအရုပ်တစ်ရုပ်မျှသာ ဖြစ်သည်ဟု သူတို့ တွေးလိုက်မိကြ၏။
အုလုမျိုးနွယ်စုတွင် အိမ်ထောင်စုနှစ်ထောင်ကျော်သာ ရှိပြီး ရှန်ရီသခင်မလေး ဆိုသည့် ဘွဲ့မှာ မြို့ဝန်၏ ဇနီးထက်ပင် မသာဘဲရိုင်းစိုင်းသည့် တောသူတစ်ဦးသာ ဖြစ်သည်ဟုအားလုံးကထင်လိုက်ကြ လေသည်။
မိဖုရားကြီးမာသည် တာရာဝမ်ကျူးအာကို ကြည့်ကာ အနည်းငယ် ရယ်မောလိုက်ပြီး
"ရှန်ရီသခင်မလေး၊ ဘာလို့ အရည်အသွေး အနိမ့်ဆုံး ပိုးထည်ကို ရွေးလိုက်တာလဲ"
တာရာဝမ်ကျူးအာသည် လက်ထဲရှိ ပိုးထည်ကို ကြည့်လိုက်ပြီး
"ဒီပိုးထည်က အထူဆုံးပဲ၊ ဒါကြောင့် အကောင်းဆုံး ဖြစ်ရမယ်လေ။ ဘယ်လိုလုပ်ပြီး အညံ့ဆုံး ဖြစ်နိုင်မှာလဲ"
သူမ ပြောလိုက်သည်နှင့် အမျိုးသမီးများမှာ တခစ်ခစ် ရယ်မောကြသည်။ ပိုးထည်ဆိုသည်မှာ ပိုးဖလံတောင်ပံကဲ့သို့ ပါးလျှင် ပါးသလို တန်ဖိုးရှိသည်ဟု ဆိုကြသည်။
တာရာဝမ်ကျူးအာ ရွေးလိုက်သော ပိုးထည်မှာ ထူထဲသဖြင့် တန်ဖိုးအနည်းဆုံး ဖြစ်နေသည်။
အများအမြင်တွင်သူမမှာ တိုင်းတစ်ပါးမှ ရိုင်းစိုင်းသူ ဖြစ်ပြီး ပိုးထည်ကောင်းနှင့် အညံ့ကိုပင် မခွဲခြားတတ်သူ နေ့စဉ်ဘဝတွင် အရည်အသွေးမြင့် ပိုးထည်များကို ဝတ်ဆင်ဖူးပုံ မရသူဖြစ်နေ၏။
"ပိုးထည်ဆိုတာ ပေါ့ပါးပြီး ချောမွေ့မှ အကောင်းဆုံးပဲ။ နင်က မြက်ခင်းပြင်မှာ ကြာကြာ နေခဲ့ရတော့ ဒီအရာတွေကို သိပ်ပြီး နားမလည်သေးဘူး။ ပြန်ပြီး ရွေးချယ်ကြည့်ပါဦး"
မိဖုရားကြီးကိုယ်တိုင်က နောက်တစ်ခါ ရွေးခိုင်းခြင်းမှာ ကြီးမားသည့် ဂုဏ်ကျေးဇူး ဖြစ်သည်။ ရိုးသားစွာနှင့် နောက်တစ်ခုကို ပြန်ရွေးသင့်ပေသည်။
အထက်လူကြီးက ပေးသနားလျှင် ငြင်းဆန်ရဲသူ မရှိဟူသော စကားလည်း ရှိသည်။
တာရာဝမ်ကျူးအာမှာ ထိုစည်းမျဉ်းများကိုနားမလည်ပေ။ သူမ ခေါင်းကိုအသာ ရမ်းလိုက်ကာ
"ပြန်ရွေးစရာ မလိုပါဘူး။ ဒီတစ်ခုက ကောင်းပါတယ်။ အရမ်း ကျစ်လျစ်ပြီး ထူထဲတယ်။ အပေါ်ကနေ သိုးမွှေးအဟောင်းလေး တစ်ထပ် ခံချုပ်လိုက်ရင် အလုပ်လုပ်တဲ့အခါ လေတွေ၊ နှင်းတွေအတွက် စိတ်ပူစရာ မလိုတော့ဘူးလေ"
မိဖုရားကြီးမာနှင့်အတူ လိုက်ပါရန် အရည်အချင်းရှိသော မြင့်မြတ်သည့် အမျိုးသမီးများမှာ စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲ အဆင့်အတန်းမြင့်မြင့် နေထိုင်သူများ ဖြစ်ကြသည်။
တာရာဝမ်ကျူးအာက အလုပ်လုပ်ရဦးမည်ဟု ပြောလိုက်သဖြင့် ထိုအမျိုးသမီးများမှာ ရယ်မောလိုက်ကြသည်။
အုလုမျိုးနွယ်စုတွင် တဲအိမ်ပေါင်း နှစ်ထောင်ကျော်သာ ရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့်သာ ရှိသည်။ ထို့ကြောင့် အုလုဘုရင် ဆိုသူမှာ ရွာကြီးတစ်ရွာ၏ ခေါင်းဆောင်နှင့်ပင် တူသည်။
မြက်ခင်းပြင်ရှိ ဘဝမှာ အလွန် ခက်ခဲသည်။ တာရာဝမ်ကျူးအာနှင့် သူမ၏ သားမှာ မျိုးနွယ်စု၏ ပူဇော်သက္ကာများကို ရသော်လည်း ဇိမ်ခံဘဝမျိုး မဟုတ်ပေ။
အချို့အချိန်များတွင်အုလုမယ်တော်ကြီးဟု ခေါ်ဆိုကြသည့် တာရာဝမ်ကျူးအာပင်လျှင် အလုပ်ကြမ်းများ လုပ်ရ လေ့ရှိသည်။
"မြက်ခင်းပြင်မှာဆိုရင် နင်တို့က မြင်းတွေ၊ သိုးတွေကိုလည်း ကျောင်းရသေးတာလား။ နွားချေးကောက်တာ၊ သိုးမွှေးညှပ်တာလိုမျိုး အလုပ်ကြမ်းတွေကိုလည်း လုပ်ရသေးတာလား"
တာရာဝမ်ကျူးအာမှာ ထိုစကားထဲရှိ အထင်သေးမှုကို မသိလိုက်ဘဲရိုးသားစွာ ပြန်ဖြေလိုက်သည် ။
"နွားချေးကောက်တာ၊ သိုးမွှေးညှပ်တာလိုမျိုး အလုပ်ကြမ်းတွေကိုတော့ လုပ်စရာ မလိုပါဘူး။ ဒါပေမဲ့ သိုးနို့ညှစ်ပြီး ဒိန်ခဲ လုပ်ရတယ်။ ပြီးတော့ ဖိနပ်တွေ၊ အဝတ်တွေလည်း ချုပ်ရပါတယ်"
ဂုဏ်ရှိန်ကြီးမားသော ရှန်ရီသခင်မလေးက ထိုကဲ့သို့ အလုပ်ကြမ်းများ လုပ်ရသည်မှာ အံ့အားသင့်စရာ ကောင်းလှသည်။
မြင့်မြတ်သော အမျိုးသမီးများမှာ ရယ်မောလိုက်ကြပြီး အချို့မှာ မျက်ရည်ပင် ကျလာသည်။သူတို့အမြင်တွင် တာရာဝမ်ကျူးအာမှာ လူတိုင်း ရယ်မောစေရန် ဖျော်ဖြေနေသော လူရွှင်တော်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
မိဖုရားကြီးမာလည်း ရယ်မောနေသော်လည်း အထင်သေးသည့် အရိပ်အယောင် လုံးဝ မရှိပေ။ သူမသည် တာရာဝမ်ကျူးအာကို ကြည့်ကာ ပြုံးရင်း ရယ်မောနေသည့် အမျိုးသမီးများကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည်။
သူမ၏ အသံမှာ အထက်စီးဆန်ခြင်း မရှိဘဲ သာမန် အကြောင်းအရာကို ပြောနေသကဲ့သို့ ရှိသည် ။
"အရင်က အရှင်မင်းကြီး စစ်တပ်ကို စတည်ထောင်တုန်းက ငါလည်း ချည်ငင်ပြီး အဝတ်ရက်ခဲ့ဖူးတယ်။ ရှေ့တန်းက စစ်သည်တွေအတွက် ဆောင်းရာသီ အဝတ်အစားတွေ၊ ဖိနပ်တွေကိုလည်း ငါကိုယ်တိုင် ချုပ်ပေးခဲ့ဖူးတယ်"
မိဖုရားကြီးမာသည် အတိတ်ကို ပြန်တွေးနေသည့်အလား ခေါင်းကို အနည်းငယ် မော့လိုက်ရင်း
"အရင်ယွမ်မင်းဆက်၊ ကျီကျန်းနှစ် (၁၅) ခုနှစ်တုန်းက အရှင်မင်းကြီး စစ်တပ်ကို ဦးဆောင်ပြီး မြစ်ကို ဖြတ်ကူးတုန်းက ငါကိုယ်တိုင် မုန့်လုပ်ဖို့ မုန့်ညက်တွေ နယ်ခဲ့ရတယ်။ စစ်သည်တွေအတွက် မုန့်တွေ ဖုတ်ပေးခဲ့ဖူးတယ်"
တာရာဝမ်ကျူးအာ လုပ်ခဲ့ရသည့် အလုပ်ကြမ်းအားလုံးကို မိဖုရားကြီးမာလည်း လုပ်ခဲ့ဖူးသည်။
ကမ္ဘာပေါ်ရှိ မိခင်တိုင်းအတွက် စံပြဖြစ်သော မိဖုရားကြီးပင်လျှင် နှစ်အတော်ကြာ အလုပ်ကြမ်းများ လုပ်ခဲ့ဖူးရာ အမျိုးသမီးအားလုံးပါးစပ်ပိတ်ကုန်ကြ၏။။
"နင်တို့ရဲ့ ဖခင်တွေ၊ ညီအစ်ကိုတွေနဲ့ ခင်ပွန်းတွေက ငါချုပ်ပေးတဲ့ စစ်ဝတ်တန်ဆာတွေကို ဝတ်ခဲ့ကြတယ်။ ငါလုပ်ပေးတဲ့ မုန့်တွေကို စားခဲ့ကြတယ်။ သူတို့အားလုံးက ရဲရင့်စွာ တိုက်ခိုက်ခဲ့ကြပြီး ကျန်းနန်ဒေသကို တစ်ချက်တည်းနဲ့ အောင်နိုင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ဒီနေ့ ငါတို့ ခံစားနေရတဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်မင်းဆက်ရဲ့ အခြေခံအုတ်မြစ်ကို ချပေးခဲ့ကြတာပေါ့"
မိဖုရားကြီးမာ၏ အသံမှာ မာကျောမှု မရှိဘဲ မိသားစုအကြောင်း စကားပြောနေသကဲ့သို့ နူးညံ့နေသည်။ သို့သော် သူမ၏ စကားလုံးတိုင်းမှာအလုပ်ကြမ်း လုပ်တာက ရှက်စရာ မဟုတ်ဘူး။ ဒီနေ့အချိန်အထိ ငါလည်း တစ်နေ့ကို ချည်မျှင် နှစ်လျန်ငင်ပြီး အဝတ် နှစ်ချီရက်နေဆဲပါပဲ။ တစ်နေ့တာ အလုပ်မလုပ်ရင် ငါ အစာ မစားဘူးဟူ၍ပြောသယောင်ဖြစ်နေ၏။
နိုင်ငံ၏ မိခင်ဖြစ်သော်လည်း မိဖုရားကြီးမာသည် မနားမနေ အလုပ်လုပ်မြဲ ဖြစ်သည်။သူမ၏ ဇွဲလုံ့လမှာ ချီးကျူးစရာ ကောင်းလှသည်။
"ငါတို့သာ ဇိမ်ခံပြီး ပျင်းရိနေရင် ပြည်သူတွေကို ဘယ်လိုများ လယ်ယာလုပ်ငန်းနဲ့ အလုပ်ကြိုးစားဖို့ စိတ်အားထက်သန်အောင် လုပ်ပေးနိုင်မှာလဲ။ ငါတို့က စံနမူနာ ဖြစ်ရမယ်"
ထိုစကားအနည်းငယ်မှာ ဒေါသဖြင့် ပြောခြင်း မဟုတ်သော်လည်း ထိုနေရာရှိသူများအားလုံး စကား၏ အဓိပ္ပာယ်ကို နားလည်သွားကြသည်။ မိဖုရားကြီးမာသည် ကြွယ်ဝချမ်းသာလာပြီးနောက် အလုပ်မလုပ်တော့ဘဲ မူလအမြစ်ကို မေ့လျော့နေကြသည့် အမျိုးသမီးများအား သွယ်ဝိုက်၍ ဆုံးမလိုက်ခြင်း ဖြစ်သည်။
မြင့်မြတ်သော အမျိုးသမီးများမှာ ထိုင်ခုံမှ ချက်ချင်း ထရပ်လိုက်ကြပြီး ခွင့်လွှတ်ပေးရန် ဒူးထောက် တောင်းပန်ကြတော့သည်။
"ငါက စကားစပ်မိလို့ ပြောတာပါ။ သိပ်ပြီး စိတ်ထဲမထားပါနဲ့"
မိဖုရားကြီးမာသည် တာရာဝမ်ကျူးအာကို အလွန် လေးစားသည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။
"ရှန်ရီသခင်မလေး၊ နင် မြို့တော်ကို ရောက်တာ ကြာပြီပဲ။ ဒီမှာ နေရတာ အဆင်ပြေရဲ့လား"
သာမန်အားဖြင့်ဆိုလျှင် မိဖုရားကြီးမာက ဤသို့ မေးသည့်အခါ တာရာဝမ်ကျူးအာမှာ လက်အောက်ငယ်သားတစ်ဦးအနေဖြင့် လေးစားစွာဖြင့် ဘုရင်မင်းမြတ်ကို ချီးကျူးစကားများ ဆိုပြီးနောက် မင်အင်ပါယာ၏ လက်အောက်ခံအဖြစ် အမြဲတမ်း ရှိနေပါမည်ဟု ယဉ်ကျေးစွာ ပြောရမည် ဖြစ်သည်။
သို့သော် တာရာဝမ်ကျူးအာမှာ ရိုးရှင်းသည့် စိတ်သဘောထားရှိသူ ဖြစ်သဖြင့် စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
"မပြေပါဘူး။ တစ်ချက်မှ မပြေဘူး"
တာရာဝမ်ကျူးအာမှာ ပရိယာယ်မသုံးတတ်မှန်း မိဖုရားကြီးမာ သိပြီးသား ဖြစ်သဖြင့် သူမ၏ စကားကို ဂရုမစိုက်ဘဲ ရယ်မောလိုက် လေသည်။
"ဘယ်နေရာတွေမှာ အဆင်မပြေတာလဲ။ အစားအသောက်တွေက မကောင်းလို့လား။ ဒါမှမဟုတ် အဝတ်အစား၊ စားစရာနဲ့ နေ့စဉ်သုံးပစ္စည်းတွေ လိုအပ်နေလို့လား"
ခိုလှုံလာသော အုလုမျိုးနွယ်စုမှာ မင်မင်းဆက်မှ ထူထောင်ထားသည့် နိုင်ငံရေးအရ အရေးပါသောပြယုဂ်တစ်ခု ဖြစ်သည်။ အုလုမျိုးနွယ်စုတွင် အစွမ်းအစ မရှိသော်လည်း နိုင်ငံရေးအရ အလွန် အရေးပါသဖြင့် မိဖုရားကြီးမာသည် တာရာဝမ်ကျူးအာကို နန်းတော်သို့ ရံဖန်ရံခါ ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အရုပ်တစ်ရုပ်မှာ စားစရာ၊ ဝတ်စရာ လိုအပ်လိမ့်မည် မဟုတ်ပေ။ အများမြင်သာစေရန် ပြသထားရသည့်အတွက် အဝတ်အစားနှင့် စားစရာများမှာ ပြည့်စုံနေရမည် ဖြစ်သည်။
"ဘာမှ လိုအပ်တာ မရှိပါဘူး။ ဒါပေမဲ့ ဒီမှာ နေရတာ အဆင်မပြေဘူး"
"မြက်ခင်းပြင်ထက် ဒီမှာက ပိုနွေးပေမဲ့ လူတွေ အရမ်း များပြီး မီးခိုးတွေလည်း ထူထပ်တယ်။ ပြီးတော့ ဒီမှာက ငါသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ တစ်နေကုန် အသက်ရှူရတာ ကျပ်နေသလိုပဲ"
အုလုမျိုးနွယ်စုမှာ ယွမ်းကျိုးပြည်နယ်တွင် ရှိနေပြီး တာရာဝမ်ကျူးအာနှင့် သူမ၏ သားမှာ မြို့တော်သို့ ပို့ထားခြင်း ခံရသည်။
သူမနှင့် စကားပြောမည့်သူ မရှိသဖြင့် ဘဝမှာ ပျင်းရိစရာ ကောင်းနေသည်။ သူမ အိမ်ကို လွမ်းနေပြီ ဖြစ်သည်။
မြောက်ပိုင်း စစ်ဆင်ရေး မပြီးဆုံးမီ သူမနှင့် သားကို ပြန်ခွင့်ပြု၍ မရနိုင်ပေ။
မိဖုရားကြီးမာသည် အနည်းငယ် ပြုံးလိုက်ပြီး
"ဘယ်လိုလုပ်ပြီး သိတဲ့သူ မရှိရမှာလဲ။ ဝူကျိရှန်းက နင်နဲ့အတူ သေရေးရှင်ရေးကို ဖြတ်ကျော်ခဲ့တဲ့ သူငယ်ချင်း မဟုတ်လား"
"သခင်လေးဝူလား။ သူနဲ့ ယွမ်းကျိုးမှာ ခွဲခွာခဲ့ပြီးကတည်းက တစ်ခါမှ မတွေ့ရတော့ဘူး"
"ဝူကျိရှန်းကို မြို့တော်ကို ပြောင်းရွှေ့ခန့်ထားလိုက်ပြီလေ။ နင် မသိဘူးလား"
ထိုစကားကို ကြားလိုက်ရသဖြင့် တာရာဝမ်ကျူးအာ၏ မျက်လုံးများမှာ ထူးခြားသည့် အရောင်ဖြင့် တောက်ပလာပြီး
"သခင်လေးဝူ ဒီမှာ ရောက်နေတာလား"
*********
`
အခန်း ၁၇၂ မဖိတ်ခေါ်ဘဲ ရောက်လာသူ
ဆောင်းဦးပေါက်စအချိန်သည် သိုးသားစားရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ဝူကျိရှန်းသည် သိုးသားကို အထူးနှစ်သက်လေ၏။
ချင်းချင်းသည် သိုးသား နှစ်ကျင်းနှင့် တရုတ်မုန်လာဥအနည်းငယ်ကိုဝယ်ယူထားပြီး အရသာရှိသော သိုးသားစွပ်ပြုတ်ကို ချက်ပြုတ်ရန် ပြင်ဆင်နေလေသည် ။
သူမနှင့် သခင်မလေးရွန့်တို့ ညစာအတွက် အလုပ်ရှုပ်နေချိန်တွင် တံခါးခေါက်သံရုတ်တရက် ထွက်ပေါ်လာ၏။
ဝူကျိရှန်း အလုပ်မှပြန်လာပြီ ထင်မှတ်ကာ ချင်းချင်းသည် ဝမ်းသာအားရ တံခါးသွားဖွင့်လိုက်သော်လည်း သူမရှေ့တွင်ရပ်နေသူကိုမြင်လိုက်ရသည့်အခါအံ့ဩသွားလေသည် ။
တံခါးကို ခေါက်နေသူမှာ ဝူကျိရှန်းမဟုတ်ဘဲ သူမ တစ်ခါမျှ မမြင်ဖူးသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေ၏ ။
ထိုအမျိုးသမီးသည် အသက် နှစ်ဆယ်ခန့်သာ ရှိမည်ဖြစ်ပြီး သူမထက် အသက်နည်းငယ်သာပိုကြီးသည့်ပုံရှိလေသည်။
ထိုအမျိုးသမီးသည် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် ချမ်းသာကြွယ်ဝသော မိသားစုမှဖြစ်ကြောင်း သိသာလှ၏ ။
မင်အင်ပါယာ၏ မြို့တော်တွင် ချမ်းသာကြွယ်ဝသူများ ပေါများလွန်းလှရာ လမ်းလျှောက်နေရင်းနှင့်ပင် အဆင့်သုံးနှင့် ထိုထက်မြင့်သည့် အရာရှိကြီးများကိုတွေ့ဆုံနိုင်လေသည်။
ထိုနေရာသို့ ရောက်ရှိလာပြီးနောက် ချင်းချင်းသည် အရေးပါသူများစွာကို တွေ့ဆုံခဲ့သော်လည်းယခုသူမရှေ့ရှိ အမျိုးသမီးမှာမူအလွန်ထူးဆန်းနေ၏။
ထိုအမျိုးသမီးသည် နန်းတွင်းအရာရှိကတော်များ ဝတ်ဆင်သည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် မြင့်မြတ်သော မိသားစုမှဖြစ်မည်ဟု ယူဆရသော်လည်း အောက်ပိုင်းတွင်မူ ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် အနက်ရောင် မြင်းစီးဖိနပ်ကို စီးထားကာ ဘောင်းဘီစကို ဖိနပ်အတွင်းသို့ ထည့်ထားသည် ။
နီယိုကွန်ဖူးရှပ်ဝါဒ ထွန်းကားသည့် မင်မင်းဆက်တွင် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ဂရုစိုက်ရပြီး သာမန်မိသားစုမှ မိန်းကလေးများပင်လျှင် ဘောင်းဘီအစား စကတ်ကိုသာ ဝတ်ဆင်လေ့ရှိကာ ဖိနပ်ကိုပါ ဖုံးအုပ်ထားရမည်ဟုသတ်မှတ်ထား၏။
သို့သော်လည်း ထိုအမျိုးသမီးမှာမူ သူမ၏ ဘောင်းဘီကို ဖော်ထားပြီး တစ်ပေကျော်ရှည်သော မြင်းစီးဖိနပ်ကို စီးထားသဖြင့် ဝတ်စားဆင်ယင်ပုံသည် ထူးဆန်းရုံတင်မကဘဲ လူမှုကျင့်ဝတ်ကို ဖျက်ဆီးရာ ရောက်နေလေသည် ။
"မင်း... ဘယ်သူ့ကို ရှာနေတာလဲ"
"ငါ ဝူကျိရှန်းကို ရှာနေတာ"
"သခင်လေး အိမ်မှာ မရှိဘူး"
ထိုအမျိုးသမီးသည် ချင်းချင်းကို ခေါင်းမှခြေအထိ စူးစမ်းကြည့်လိုက်ပြီး သူမ၏ အသံမှာ တင်းမာနေ၏ ။
"မင်း... မင်းက ချင်းချင်း မဟုတ်လား"
"ကျွန်မတို့အရင်က တွေ့ဖူးလို့လား"
ထိုအမျိုးသမီးသည် ခေါင်းခါလိုက်ပြီး
"မတွေ့ဖူးပါဘူး"
မတွေ့ဖူးပါဘဲနှင့် သူမ၏နာမည်ကို မည်သို့သိနေ၏။ဤအမျိုးသမီးမှာ အလွန်ထူးဆန်းလှသည် ။
သခင်မလေးရွန့်သည် ဆူညံသံကို ကြားသဖြင့် လျှောက်လာပြီး ထိုအမျိုးသမီးကို သေချာစွာ လေ့လာကြည့်လိုက်၏ ။
ပညာတတ်ဖြစ်သည့် သခင်မလေးရွန့်သည် ထိုအမျိုးသမီးမှာ ဟန်လူမျိုး မဟုတ်ကြောင်း ချက်ချင်း ရိပ်မိလိုက်သည် ။
"သခင်မလေး၊ ကျွန်မတို့သခင်လေး ပြန်မရောက်သေးပါဘူး၊ ပြောစရာရှိရင် ကျွန်မကို ပြောခဲ့ပါ၊ သူပြန်လာရင် စကားပါးပေးပါ့မယ်..."
ထိုအမျိုးသမီးသည် သခင်မလေးရွန့်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်သည် ။
"ငါ မမှားဘူးဆိုရင် မင်းက ရွန့်နျန်းမဟုတ်လား"
ရွန့်နျန်းဆိုသည်မှာ သခင်မလေးရွန့်၏ ငယ်နာမည်ဖြစ်ပြီး မိဘ သို့မဟုတ် ခင်ပွန်းကဲ့သို့ အနီးကပ်ဆုံးသူများသာ ခေါ်ဆိုခွင့်ရှိ၏ ။ ထို့အပြင် အမျိုးသမီးတစ်ယောက်၏ ငယ်နာမည်ကို အပြင်လူများအား မသိစေရသည်က ပုံမှန်ပင် ဖြစ်သည် ။
သူမက သူ၏ ငယ်နာမည်ကို ဘယ်လိုသိနေတာလဲ။သခင်မလေးရွန့် သံသယများဖြင့် ပြည့်နှက်နေချိန်တွင် ထိုအမျိုးသမီးက ရယ်မောလိုက်သည် ။
"မင်းက တကယ်ကို လှတာပဲ၊ အရေပြားက နုနယ်ရုံတင်မကဘဲ မျက်ခုံးမျက်လုံးတွေကလည်း လှပတယ်၊ အရေးကြီးဆုံးကတော့..."
သခင်မလေးရွန့်သည် မြင့်မြတ်သော မိသားစုမှဖြစ်၍ နူးညံ့သိမ်မွေ့သော ကိုယ်နေဟန်ထား ရှိသော်လည်း တာရာဝမ်ကျူးအာမှာတရုတ်စကားမကျွမ်းကျင်လှသဖြင့် ကိုယ်နေဟန်ထားဟူသည့် စကားလုံးကို မသုံးတတ်ဘဲ သူမကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည် ။
ထိုခေတ်ကာလ၏ လူမှုရေးစံနှုန်းအရ အပြင်လူတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ငယ်နာမည်ဖြင့် ခေါ်ဆိုပြီး သူမ၏ အလှအပကို မှတ်ချက်ပေးခြင်းသည် လူမိုက်တစ်ယောက်လိုပြုမူခြင်းပင် ဖြစ်သည် ။
အကယ်၍ ယောက်ျားတစ်ယောက်က သခင်မလေးရွန့်ကို ထိုသို့ ပြောဆိုပါက သူမသည် တုတ်ဖြင့်ရိုက်ကာ အပြင်သို့ မောင်းထုတ်လိုက်ပေလိမ့်မည်၊ သို့သော်လည်း ပြောသူမှာ အမျိုးသမီးတစ်ယောက် ဖြစ်နေ၏ ။
သခင်မလေးရွန့်နှင့် ချင်းချင်းတို့ အကြပ်ရိုက်နေစဉ်မှာပင် ဝူကျိရှန်းအလုပ်မှပြန် ရောက်ရှိလာ၏ ။
အမျိုးသမီးကို မြင်လိုက်ရသည့်အခါ ဝူကျိရှန်း၏ မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားပြီး ခြေလှမ်းကျဲများဖြင့် ပြေးလာခဲ့သည် ။
"ဝမ်ကျူးအာ၊ ဘာလို့ ဒီကို ရောက်နေတာလဲ၊ ကျွန်တော့်အိမ်ကို ဘယ်လိုရှာတွေ့တာလဲ"
ဝမ်ကျူးအာ ။ဒီအမျိုးသမီးက ဝမ်ကျူးအာလား ။
ဒါကြောင့်သူမရဲ့ဝတ်စားပုံမှာ ထူးဆန်းနေသည်မှာသူမကဒဏ္ဍာရီလာ အုလုမျိုးစုရဲ့မယ်တော်ကြီး တာရာဝမ်ကျူးအာဖြစ်နေသောကြောင့်ပင်ဖြစ်သည် ။
ဝူကျိရှန်းသည် အုလုမျိုးနွယ်စုတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ချင်းချင်းနှင့် သခင်မလေးရွန့်တို့အား အကြိမ်ကြိမ် ပြောပြဖူးသဖြင့်မယ် တော်ကြီးကို မတွေ့ဖူးသော်လည်း နာမည်ကိုမူ ကြားဖူးပြီး ဖြစ်သည် ။
သဲကန္တာရတွင် အခက်အခဲများ ကြုံတွေ့နေစဉ် ဝူကျိရှန်းသည် မိသားစုကိစ္စများကို တာရာဝမ်ကျူးအာအား ပြောပြခဲ့သဖြင့်တာရာဝမ်ကျူးအာလည်း ချင်းချင်းနှင့် သခင်မလေးရွန့်အကြောင်းကို သိရှိပြီး ဖြစ်သည် ။
ချင်းချင်းနှင့် သခင်မလေးရွန့်တို့သည် တာရာဝမ်ကျူးအာကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သလို တာရာဝမ်ကျူးအာလည်း သူတို့ကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည် ။
သူတို့သည် သေကံမရောက် သက်မပျောက် အတွေ့အကြုံများကို ဝေမျှခဲ့ကြပြီး ဝူကျိရှန်းက အုလုမျိုးနွယ်စု၏ အတွင်းရေးကို ငြိမ်းချမ်းစေရန် ကူညီပေးခဲ့ကာ မျိုးနွယ်စုတစ်ခုလုံး၏ခိုလှုံမှုကို စီစဉ်ပေးခဲ့သဖြင့် သူတို့၏ ဆက်ဆံရေးမှာ ထူးခြားလှပေသည် ။
ပြန်လည်တွေ့ဆုံရသည့်အခါ တာရာဝမ်ကျူးအာ၏ စိတ်လှုပ်ရှားမှုမှာ တားဆီး၍ မရနိုင်လောက်အောင် ဖြစ်သွားပြီး ဝူကျိရှန်း၏ လက်ကို ချက်ချင်း ဆွဲကိုင်လိုက်၏ ။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် သေချာမပြောနိုင်တော့ချေ။
"သခင်လေးဝူ၊ မင်းဟာ အရပ်မျက်နှာအားလုံးကို ပျံသန်းနိုင်တဲ့ လင်းယုန်တစ်ကောင်လိုပဲ၊ ထာဝရကောင်းကင်ဘုံရဲ့ စီမံချက်ကြောင့်သာ ငါတို့ ပြန်တွေ့နိုင်တာ၊ ထာဝရကောင်းကင်ဘုံကို ချီးမွမ်းပါတယ်..."
တာရာဝမ်ကျူးအာ၏ ပြုမူပုံကြောင့် ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာ အံ့အားသင့်သွားကြသည် ။
မင်မင်းဆက်တွင် လူမှုကျင့်ဝတ်များကို အလွန်အလေးထားပြီး ယောက်ျားနှင့် မိန်းမတို့၏ ဆက်ဆံရေးကို တင်းကျပ်စွာ သတ်မှတ်ထားရာ ဝူကျိရှန်းနှင့် သခင်မလေးရွန့်ကဲ့သို့ လင်မယားပင်လျှင် အများရှေ့တွင် အလွန်ရင်းနှီးသော အမူအရာမျိုး မပြသကြချေ ။
သို့သော်လည်း ဤတာရာဝမ်ကျူးအာမှာမူ သခင်မလေးရွန့်၏ ရှေ့မှောက်တွင် ဝူကျိရှန်း၏ လက်ကို ဆွဲကိုင်ထားခြင်းမှာ အလွန်လွန်ကဲလှသည်ဟု ခံစားရ၏။
မိမိ၏ခင်ပွန်းကို အခြားအမျိုးသမီးတစ်ယောက်က ဤမျှ ရဲတင်းစွာ ဆွဲကိုင်ထားခြင်းကို မြင်ရသည်မှာဇနီးဖြစ်သူ သခင်မလေးရွန့်အား လေထဲက အရာတစ်ခုသဖွယ် သဘောထားနေသဖြင့် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည် ။
သခင်မလေးရွန့် အလွန်အမျက်ထွက်နေသော်လည်း တုံ့ပြန်ရန် ရည်ရွယ်ချက် မရှိချေ ။ အကြောင်းမှာ တာရာဝမ်ကျူးအာမှာ ယောက်ျားနှင့် မိန်းမတို့၏ ကျင့်ဝတ်ကို နားမလည်သည့် တောရိုင်းသူတစ်ယောက်သာ ဖြစ်သဖြင့် သူမနှင့် စကားများနေလျှင် မိမိကိုယ်ကို စိတ်ကျဉ်းမြောင်းသူဟု ထင်မြင်ခံရမည် ဖြစ်သည် ။
သခင်မလေးရွန့် ဘာမှမပြောသော်လည်း ဝူကျိရှန်းသည် ထိုရင်းနှီးလွန်းသည့် အမူအရာမှာ မသင့်တော်ကြောင်း သိရှိ၏ ။ သူသည် တာရာဝမ်ကျူးအာ၏ လက်ကို ညင်သာစွာ ဖယ်လိုက်ပြီး ပြုံး၍ ပြောသည် ။
"မြက်ခင်းပြင်ရဲ့ ဓလေ့ထုံးစံတွေအရတော့ ဝေးလံတဲ့အရပ်က လာတဲ့ ဧည့်သည်ကို အိမ်ပြင်ပမှာ ထားသင့်ဘူးလေ..."
သူသည် ညာဘက်လက်ကို ဆန့်တန်းကာ ဝင်ရောက်ရန် လက်ဟန်ပြလိုက်သည် ။
တာရာဝမ်ကျူးအာသည် ပြုံးလျက် ခြံထဲသို့ ဝင်လာပြီး ပင်မခန်းမဆီသို့ လျှောက်သွား၏ ။
ပင်မခန်းမသည် ဧည့်ခန်းကဲ့သို့ ဖြစ်သဖြင့် ဝေးလံသည့်နေရာမှ လာသော ဧည့်သည်မှာ ဧည့်ခန်းတွင် ငြိမ်သက်စွာ ထိုင်ကာ လက်ဖက်ရည်သောက်ရင်း စကားပြောဆိုရမည် ဖြစ်သည် ။
သို့သော်လည်း တာရာဝမ်ကျူးအာသည် ထိုဧည့်ဝတ်ကျေပွန်မှုများကို မရင်းနှီးသဖြင့် စူးစမ်းလိုစိတ်ဖြင့် ဧည့်ခန်း၏ ပရိဘောဂများကို မှတ်ချက်ပေးရင်း အတွင်းခန်းထဲသို့ တိုက်ရိုက် ဝင်သွားလေ၏ ။
အတွင်းခန်းမှာ ဝူကျိရှန်းနှင့် သူ၏ဇနီးတို့၏ အိပ်ခန်း ဖြစ်သည် ။
ထုံးစံအရ ဧည့်ခန်းမှာ ယောက်ျားများ ကိစ္စဆွေးနွေးရန်နေရာ ဖြစ်ပြီး အိပ်ခန်းမှာမူ အိမ်ရှင်မ၏ သီးသန့်နယ်မြေ ဖြစ်သဖြင့် အရေးကြီးသည့်အကြောင်း မဟုတ်ပါက ဧည့်သည်များ ဝင်ရောက်ရန် မသင့်လျော်ပေ ။
သို့သော် တာရာဝမ်ကျူးအာသည် အိပ်ခန်းထဲသို့ ရဲတင်းစွာ ဝင်ရောက်ကာ လက်ညှိုးထိုးလျက် ပြောလိုက်၏ ။
"သခင်လေးဝူ၊ ဒါက မင်းနဲ့ ရွန့်နျန်းတို့ အိပ်တဲ့နေရာ မဟုတ်လား"
*********