အခန်း (၁၇၃-၁၇၄)
Vol. 17 Ch. 173-174
`
အခန်း ၁၇၃ ဧည့်သည်ကို လက်ဖက်ရည်ဖြင့်နုတ်ဆက်ခြင်း
သာမန်အားဖြင့် ဧည့်သည်များသည် အိမ်ရှင်၏အိမ်ကို ချီးကျူးတတ်ကြသော်လည်း တာရာဝမ်ကျူးအာမှာမူဆန့်ကျင်ဘက် ဖြစ်နေ၏ ။
"မင်းတို့ရဲ့ အိပ်ခန်းက မကောင်းဘူး၊ အရမ်းကျဉ်းကျပ်ပြီး ငါတို့တဲတွေထက် ပိုသေးတယ်"
အုလုမျိုးနွယ်စု၏တဲများသည် ဧည့်ခန်းနှင့် အိပ်ခန်းဟူ၍ ခွဲခြားထားခြင်း မရှိသဖြင့် တာရာဝမ်ကျူးအာသည် ဤဗိသုကာပုံစံကို အားမလိုအားမရ ဖြစ်နေလေသည် ။
"အိမ်က ကြီးမားနေလျက်နဲ့ အခန်းငယ်လေးတွေ အများကြီး ခွဲထားတာ၊ ဒီလိုနေရာမှာ အိပ်ရတာ အသက်ရှုကျပ်သလို မခံစားရဘူးလား"
ခွင့်ပြုချက်မရှိဘဲ အိပ်ခန်းထဲသို့ ဝင်ရောက်လာခြင်းကပင် အလွန်ရိုင်းပျရာရောက်သော်လည်း ယခုမူ အားလုံးကို လက်ညှိုးထိုး ဝေဖန်နေခြင်းမှာ အလွန်ဆိုးရွားလှ၏ ။ သခင်မလေးရွန့်လိုစိတ်သဘောထား နူးညံ့သူပင်လျှင်အနည်းငယ် စိတ်မသက်မသာ ဖြစ်လာပြီး သူက တောရိုင်းသူမို့ပါ၊ သူမနဲ့ တန်းတူ မလုပ်သင့်ဘူး... ဟု စိတ်ထဲတွင် အကြိမ်ကြိမ် ရေရွတ်နေရသည်။
ထိုခေတ်ကာလ၏ ဓလေ့ထုံးစံအရ အမျိုးသမီးဧည့်သည် ရောက်လာပါက အိမ်ရှင်မဖြစ်သူ သခင်မလေးရွန့်က ဧည့်ဝတ်ပြုရပေမည် ။
တာရာဝမ်ကျူးအာကို မနှစ်သက်သော်လည်း သခင်မလေးရွန့်သည် အိမ်ရှင်တစ်ယောက်၏ တာဝန်ကျေပွန်စွာဖြင့် သူမကို ဧည့်သည်နေရာတွင် ထိုင်စေပြီး ချင်းချင်းကို လက်ဖက်ရည် အမြန်ဖျော်ခိုင်းလေသည် ။
တာရာဝမ်ကျူးအာသည် လက်ဖက်ရည်သောက်ခြင်း အနုပညာကိုနားလည်သူမဟုတ် ။ သူမသည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာတစ်ချက်တညမော့သောကါ သောက်လိုက်၏ ။
"သခင်လေးဝူ၊ မင်းတို့အိမ်က လက်ဖက်ရည် အရသာ မကောင်းဘူး..."
ဝူကျိရှန်းသည် ရယ်မောလျက် ပြောလိုက်သည် ။
"ဒီက လက်ဖက်ရည်က မြက်ခင်းပြင်က လက်ဖက်ရည်နဲ့ မတူဘူး၊ မင်း ကျင့်သားမရသေးတာ ဖြစ်မယ်"
လုံကျင် လက်ဖက်ရည်သည် ပေါ့ပါးမှုနှင့် ချောမွေ့မှုကို အလေးပေးပြီး လက်ဖက်ရည်ရနံ့က ပြင်းလွန်းပါက အရည်အသွေး နိမ့်သည်ဟု သတ်မှတ်၏ ။
မြက်ခင်းပြင်ရှိ လက်ဖက်ရည်မှာ ဖျော်သောက်ခြင်းမျိုးမဟုတ်ဘဲ ပြုတ်သောက်ခြင်း ဖြစ်သည် ။ ပြုတ်သည့်အချိန်တွင် နို့ထွက်ပစ္စည်းများ၊ ဆားနှင့် အခြားပါဝင်ပစ္စည်းများ၊ သိုးဆီများပါ ထည့်သွင်းကာ ပျစ်ချွဲချွဲ နို့လက်ဖက်ရည်အဖြစ် ချက်ပြုတ်ကြသည် ။
ပြုလုပ်ပုံနှင့် ပါဝင်ပစ္စည်းများ လုံးဝကွဲပြားပြီး အုလုလူမျိုးတို့က ခွန်အားတိုးစေရန် သောက်သုံးကြသဖြင့် အရသာမှာ လုံးဝ ကွဲပြားခြားနားနေလေသည် ။
"ငါတို့လက်ဖက်ရည်ကဟန်လူမျိုးတွေရဲ့ လက်ဖက်ရည်နဲ့ မတူတာ ငါသိတယ်၊ အဲဒါကို ပြောတာမဟုတ်ဘူး"
"ဒီရက်ပိုင်း နန်းတော်မှာ သောက်ခဲ့တဲ့ လက်ဖက်ရည်နဲ့လည်း အရသာ မတူဘူး၊ ချင်းချင်းက လက်ဖက်ရည် မဖျော်တတ်လို့လား"
ထိုစကားတစ်ခွန်းက ချင်းချင်းကို တိုက်ရိုက် ထိခိုက်စေသည် ။
ကျွန်မက သခင်လေးနဲ့ သခင်မလေးကို တစ်နေ့လုံး လက်ဖက်ရည် ဖျော်တိုက်နေရတာကို အခုတော့ လက်ဖက်ရည် ဖျော်မတတ်ဘူးလို့ပြောလိုက်တာလား။ ချင်းချင်းမှာ ဒေါသထွက်လွန်းသဖြင့် အသက်ပင် မရှူနိုင်တော့ချေ ။
နန်းတော်ထဲက လက်ဖက်ရည်မှာ အကောင်းဆုံး လက်ဆောင်တော် လက်ဖက်ရည် ဖြစ်ပြီး မိမိတို့အိမ်က လက်ဖက်ရည်မှာ ငွေအနည်းငယ်ဖြင့် ဝယ်ရသည့် လက်ဖက်ရည် ဖြစ်ရာ မည်သို့မှနှိုင်း၍မရပေ ။
ဧည့်သည်အများစုမှာ လက်ဖက်ရည်ကို ကောင်းတယ် ဟု ချီးကျူးတတ်ကြပြီး အရသာ မကောင်းလျှင်ပင် အသံတိတ်နေတတ်ကြသည် ။ ဧည့်သည်တစ်ယောက်အနေဖြင့် လက်ဖက်ရည် ဖျော်မတတ်ဟု ပြောဆိုခြင်းမှာ မည်သို့မျှ မသင့်လျော်ပေ ။
"သခင်လေးဝူ၊ ယွမ်းကျိုးမှာ ခွဲခွာပြီးကတည်းက ငါတို့ မတွေ့ရတော့ဘူး"
တာရာဝမ်ကျူးအာသည် ချင်းချင်း၏ မျက်နှာပျက်နေသည်ကို မရိပ်မိဘဲ ဝူကျိရှန်းနှင့် ဆက်ပြောနေ၏ ။
"မြို့တော်ကို ရောက်လာကတည်းက ငါ့မှာ သိကျွမ်းတဲ့သူ မရှိဘူး၊ မင်းတို့ရဲ့ ဧကရာဇ်နဲ့ မိဖုရားကလည်း ငါ့ကို ပြန်ခွင့်မပြုတော့ ငြီးငွေ့လွန်းလို့ သေတော့မယ်"
"မြက်ခင်းပြင်မှာတုန်းက အကြောင်းတွေကို ပြန်တွေးကြည့်ရင် အခက်အခဲတွေကြားက သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရပေမဲ့ အခု ပြန်တွေးရင်တော့ စိတ်ဝင်စားဖို့ ကောင်းနေတုန်းပဲ၊ အဲဒီအချိန်က မင်းသာ မရှိရင် ငါ ဘယ်နှစ်ခါလောက် သေသွားမလဲ မသိဘူး"
"အရမ်း ငြီးငွေ့လာရင် မင်းအကြောင်းကို တွေးမိတယ်၊ သဲကန္တာရနဲ့ မြက်ခင်းပြင်မှာ ငါတို့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို တွေးမိတယ်"
အန္တရယ်များကြားကဘဝအကြောင်း ပြောပြနေရင်း တာရာဝမ်ကျူးအာ၏ အသံမှာ ပို၍ ကျယ်လောင်လာ၏ ။
"မင်းရော ငါ့အကြောင်း တွေးမိသေးလား"
ထိုစကားကို ကြားသောအခါ သခင်မလေးရွန့်၏ မျက်နှာသာမက ချင်းချင်း၏ မျက်နှာပါ ပျက်သွားလေသည် ။
အုလုမျိုးနွယ်စု အမျိုးသမီး၏ ရင်းနှီးမှုမှာ တောရိုင်းသူမို့ပါ၊ဓလေ့မသိလို့ပါ ဟု ဖြေရှင်းနိုင်သေး၏ ။
သို့သော် ယခုမူ သခင်မလေးရွန့်၏ ရှေ့မှောက်တွင် ဝူကျိရှန်းကိုသူမအကြောင်း တွေးမိသလားဟု မေးလိုက်ခြင်းမှာ သခင်မလေးရွန့်ပင် မပြောဝံ့သော စကားမျိုးဖြစ်၏။ထိုအရာမှာမသင့် တော်လှချေ။
ချင်းချင်းနှင့် သခင်မလေးရွန့်တို့၏ မျက်နှာထားကြောင့် ဝူကျိရှန်းသည် သူတို့ နားလည်မှုလွဲနေပြီဖြစ်ကြောင်း သိသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည် ။
"ဝမ်ကျူးအာ၊ မင်း ငြီးငွေ့နေရင် လျှောက်လည်လိုက်ပါ၊ မြို့တော်ဟာ မင်မင်းဆက်ရဲ့ အစည်ကားဆုံးနေရာ ဖြစ်ပြီး စားစရာကောင်းတာတွေ၊ ပျော်စရာတွေ အများကြီး ရှိတယ်"
ဝူကျိရှန်းသည် ဒေသထွက် အဆာပြေစာများနှင့် လည်ပတ်စရာ နေရာကောင်းအချို့ကို အကြံပြုလိုက်သည် ။
"ဝမ်နဲ့ ရှဲ့မျိုးနွယ်စုတွေရဲ့ ခန်းမရှေ့မှာ ပျံသန်းခဲ့တဲ့ စွန်တွေဟာ အခုတော့ သာမန်ပြည်သူတွေရဲ့ အိမ်ထဲကို ဝင်ရောက်လာကြပြီ၊ အဲဒါက ဝူရီလမ်းကြားအကြောင်း ပြောတာပါ၊ အဲဒီနေရာကို သွားလည်သင့်တယ်"
"မင်း အခု ဟန်လူမျိုးတို့ရဲ့ ကဗျာတစ်ပိုဒ်ကို ဆိုလိုက်တာ မဟုတ်လား"
ထိုကဗျာမှာ ကလေးငယ်များပင် ရင်းနှီးသည့် ကဗျာဖြစ်သော်လည်း အုလုမျိုးနွယ်စု၏ မယ်တော်ကြီးမှာမူ အဓိပ္ပာယ်ကို နားမလည်ချေ ။ သူမမှာ ယဉ်ကျေးမှုပြင်ပမှ တောရိုင်းသူအစစ်ပင် ဖြစ်သည် ။
"ဒီကဗျာမှာ အကြောင်းအရင်း ရှိတယ်..."
ဝူကျိရှန်းသည် ဝမ်နှင့် ရှဲ့တို့၏ ဇာတ်လမ်း'ကို စတင်ပြောပြလေသည်။
ကျင်းမင်းဆက်က ဝမ်နှင့် ရှဲ့တို့အကြောင်း ပြောပြပြီးနောက် ဖေးမြစ်စစ်ပွဲအကြောင်းကိုပါ ထည့်သွင်း ပြောပြရတော့သည် ။
ကြီးကျယ်သော စစ်ပွဲဇာတ်လမ်းများနှင့် ဒဏ္ဍာရီလာ သမိုင်းဝင် ပုဂ္ဂိုလ်များအကြောင်းကို ဝူကျိရှန်းက ပြောပြနေစဉ် တာရာဝမ်ကျူးအာမှာ နားထောင်ရင်း အံ့ဩနေ၏ ။
"မြင်းကြိုးကို ပစ်ချလိုက်ရုံနဲ့ မြစ်ကို ပိတ်ဆို့နိုင်ပေမဲ့ အဲဒီလောက် အင်အားကြီးတဲ့ စစ်တပ်ကြီးက ချက်ချင်း ပျက်စီးသွားပြီး အင်ပါယာတစ်ခုလုံးပါ ပျက်စီးသွားတယ်..."
တာရာဝမ်ကျူးအာသည် စိတ်ရင်းဖြင့် ချီးကျူး၏ ။
"မင်းက စကားလုံးအနည်းငယ်နဲ့ အုလုမျိုးနွယ်စုရဲ့ အခြေအနေကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်တာ မထူးဆန်းပါဘူး၊ မင်းဟာ သမိုင်းကို နားလည်တဲ့ ပညာရှိတစ်ယောက်ပဲ..."
ဖေးမြစ်စစ်ပွဲကို သိရုံနဲ့ ပညာရှိ ဖြစ်သွားတာလား။ချင်းချင်းသည် နှုတ်ခမ်းကိုမဲ့လိုက်၏ ။ ကျွန်မလည်း ချီပြည်နယ်စစ်ပွဲနဲ့ ကွမ်တူစစ်ပွဲကို သိတယ်၊ ဧကရာဇ်ကို ချုပ်ကိုင်ပြီး မင်းညီမင်းသားတွေကို အမိန့်ပေးတာကိုလည်း သိတယ်၊ ကျွန်မလည်း ပညာရှိ ဖြစ်မလား ။အဲဒီလိုသာဆိုရင် ပညာရှိဆိုတာ တန်ဖိုးမဲ့လွန်းနေမှာပေါ့ ။
လက်ဖက်ရည်သောက်ရင်း စကားပြောနေသည်မှာ အချိန်အတော်ကြာသွားပြီး မိုးလည်း ချုပ်စပြုလာပြီ ဖြစ်သည် ။ တာရာဝမ်ကျူးအာ ပြန်သင့်ပြီ မဟုတ်လား။
သခင်မလေးရွန့်သည် လက်ဖက်ရည်ခွက်ကိုခပ်ဖွဖွကောက်ကိုင်လိုက်သည် ။
'ဧည့်သည်ကို လက်ဖက်ရည်ဖြင့် နှုတ်ဆက်ခြင်းဓလေ့ကို လူတိုင်း နားလည်ကြပြီး၎င်းမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသည့် ဓလေ့ ဖြစ်သည်။
အိမ်ရှင်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်နှင့် ဧည့်သည်မှာ ပြန်ရန်အချိန်တန်ပြီဟု နားလည်ကြရ၏ ။
သို့သော် တာရာဝမ်ကျူးအာမှာမူ ဘာမျှမသိရှာဘဲ ဝူကျိရှန်းနှင့် ပျော်ရွှင်စွာ စကားပြောနေဆဲ ဖြစ်သည် ။
သခင်မလေးရွန့်သည် သူမမမြင်လိုက်ဟု ထင်ကာ လက်ဖက်ရည်ခွက် အဖုံးဖြင့် ခွက်ကို ခပ်ဖွဖွ ခေါက်လိုက်ရာ 'တင်း' ဟူသော အသံ ထွက်ပေါ်လာ၏။
သန့်စင်သော ကြွေထည်သံကို တာရာဝမ်ကျူးအာ ကြားသင့်သော်လည်း သူမမှာမူ မည်သို့မျှ မသိလိုက်ချေ ။
သူမသာ အနည်းငယ်မျှ သတိရှိပါက ချက်ချင်း ထပြန်သင့်သည် ။
သို့သော် တာရာဝမ်ကျူးအာသည် ထိုဓလေ့ကို နားမလည်သဖြင့် သခင်မလေးရွန့်၏ အမူအရာကိုလည်း မသိရှိဘဲ ဝူကျိရှန်းနှင့် စကားပြောနေဆဲ ဖြစ်၏ ။
တာရာဝမ်ကျူးအာ မသိသော်လည်း ဝူကျိရှန်းမှာမူ သိလေသည် ။သူသည် ဇနီးဖြစ်သူ၏ အမူအရာကို ကြာမြင့်စွာကတည်းက သတိထားမိပြီး တာရာဝမ်ကျူးအာကို ပြန်ခိုင်းရန် အချိန်တန်ပြီဟု သိလိုက်ရ၏ ။ သူသည် သာမန်အတိုင်း ဟန်ဆောင်ကာ ပြောလိုက်သည် ။
"စကားပြောနေတာနဲ့တင် အချိန်ကုန်သွားပြီ၊ မိုးတောင် ချုပ်တော့မယ်..."
*********
`
အခန်း ၁၇၄ ပြန်သင့်ပြီ
အခြားဧည့်သည်သာဆိုလျှင် ထိုစကားကို ကြားသည်နှင့် ထရပ်ပြီး နှုတ်ဆက်ကာ ပြန်သွားကြဖြစ်သော်လည်းတာရာဝမ်ကျူးအာကမူ လွဲမှားနားလည်သွားပြီး ရယ်မောလျက် ပြော၏ ။
"ကောင်းကင်ကြီး မှောင်လာပြီ၊ ညစာစားရမယ့် အချိန်ပဲ၊ ငါ သိုးသားပြုတ်နံ့ကိုတောင် ရနေပြီ..."
ထိုစကားကို ကြားသောအခါ ချင်းချင်းနှင့် သခင်မလေးရွန့်တို့မှာ ဒေါသထွက်လွန်း၍ နှာခေါင်းပင် ရှုံ့သွားရသည် ။ ပြန်ဖို့အတွက် သွယ်ဝိုက်ပြီး ပြောလိုက်တာကိုမှ ညစာပါ စားချင်နေသေးတာလား၊ဒါကအလွန်တရာ အရှက်မရှိရာ မရောက်ပေဘူးလား ။
အုလုလူမျိုးအမျိုးသမီးမှာ တကယ်ကိုနှလုံးသားမရှိသူပင်။အမှန်စင်စစ် ထိုအရာမှာ လူမျိုးစုနှစ်ခုကြားရှိ ဓလေ့ထုံးစံနှင့် နေထိုင်မှုပုံစံ ကွဲပြားခြင်းကြောင့် ဖြစ်ပေါ်လာသည့် လွဲမှားမှုတစ်ခုသာ ဖြစ်၏ ။
မြက်ခင်းပြင်မှာ ကျယ်ဝန်းပြီး လူဦးရေနည်းပါးသဖြင့် ဧည့်သည်များ လာရောက်လည်ပတ်ရန် မလွယ်ကူပေ။အုလုမျိုးစု၏ ရိုးရာဓလေ့အရ နေဝင်ပြီးနောက်တွင် ဧည့်သည်အတွက် အစားအသောက် ပြင်ဆင်ပေးရမည်ဖြစ်ပြီး တည်းခိုရန်နေရာပါ စီစဉ်ပေးရမည် ဖြစ်သည် ။
တာရာဝမ်ကျူးအာသည် သဘောထားဖြောင့်မတ်ပြီး ဝူကျိရှန်းနှင့် အသက်စွန့်ဖော်ဖြစ်သောကြောင့် အပိုအလိုများကို ဂရုမစိုက်ချေ ။ သူမသည် သိုးသားစွပ်ပြုတ်နံ့ကို ရနေသဖြင့် ဧည့်သည်ဖြစ်သည့် သူမအတွက် အထူးပြင်ဆင်ထားသည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည် ။
ပြန်ဖို့အတွက် အကြိမ်ကြိမ် ပြောခံရသော်လည်း ထိုအမျိုးသမီးမှာ ဆက်နေရန် ဇွတ်အတင်းလုပ်နေပြီး ထမင်းပါ စားသွားဦးမည်ဟု ပြောသဖြင့် သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ လွန်စွာ စိတ်မသက်မသာ ဖြစ်ရ၏ ။
ဝူကျိရှန်းသည် အုလုမျိုးနွယ်စု၏ ဓလေ့ကို သိရှိသဖြင့် ချင်းချင်းကို သိုးသားစွပ်ပြုတ်ထုတ်ခိုင်းပြီး တာရာဝမ်ကျူးအာကို နွေးထွေးစွာ ဧည့်ခံလိုက်ရလေသည် ။
"ဒီသိုးသားက အရမ်းနူးနေပြီး ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး ထည့်ထားတော့ သိုးသားရဲ့ မူလအရသာ ပျောက်ကုန်ပြီ"
သိုးသားစားခြင်းနှင့် ပတ်သက်လာလျှင် တာရာဝမ်ကျူးအာသည် ကျွမ်းကျင်သူဖြစ်ပြီး အားနည်းချက်များကို တည့်တည့်ပြောလေသည် ။
"ပြီးတော့ ဒီသိုးသားက နည်းနည်း မာနေတယ်"
"သိုးသားပြုတ်အတွက်ဆိုရင် အဆီနှင့် အသားမျှတတဲ့ လည်ပင်းသားက အကောင်းဆုံးပဲ၊ ပြီးရင် နုနယ်တဲ့ ပခုံးသားပေါ့၊ ပေါင်သားကတော့ ပြုတ်ဖို့ မသင့်တော်ဘူး၊ ကင်စားတာကမှ ပိုကောင်းဦးမယ်..."
ချင်းချင်းသည် သိုးသားစားခြင်း၏ လျှို့ဝှက်ချက်များကို သိသူမဟုတ်ချေ။ သူမက နှစ်ကျင်းဝယ်ပြီး မုန်လာဥအနည်းငယ် ထည့်ပြုတ်လိုက်ခြင်းသာ ဖြစ်သည် ။
စားစရာ ရနေတာကိုတင် ကျေးဇူးတင်ရမည့်အစား အပြစ်ရှာနေသေးသည် ။ ချင်းချင်းသည် ဒေါသထွက်လျက် မျက်နှာပျက်ကာ ပြန်ပြောလိုက်သည် ။
"ကျွန်မက သိုးသားပြုတ်ဖို့ပဲ တတ်တယ်၊ ကင်ဖို့တော့ မတတ်ဘူး..."
"ငါတတ်တယ်"
တာရာဝမ်ကျူးအာက ရိုးသားစွာ ပြောလိုက်၏ ။
"နောက်တစ်ခါကျရင် ငါသိုးပေါင်သား ကင်ပေးမယ်၊ ငါ့လက်ရာကို မြည်းကြည့်လို့ရအောင်"
တာရာဝမ်ကျူးအာသည် သခင်မလေးရွန့်ကဲ့သို့ နူးညံ့သိမ်မွေ့သော ကိုယ်နေဟန်ထား မရှိသလို စားရင်း စကားမပြောရဟူသည့် စားပွဲတင် ကျင့်ဝတ်ကိုလည်း နားမလည်ချေ ။
သူမသည် ဝူကျိရှန်းနှင့် စကားစမြည်ပြောရင်း စားကောင်းသောက်ဖွယ်မုန်လာဥနှင့် သိုးသားစွပ်ပြုတ်ကို ပျော်ရွှင်စွာ စားသောက်နေ၏ ။
သိုးသားအိုးကြီးကို ခဏအတွင်းပင် ကုန်စင်အောင် စားသောက်လိုက်ပြီး နောက်သူမသည် စားရသည်ကို ကျေနပ်ပုံရပြီး သူမ၏ ခေါင်းဆောင်းကို ချွတ်လိုက်ကာ သခင်မလေးရွန့်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏ ။
"ငါ မင်းတို့ကို ပထမဆုံးအကြိမ် တွေ့တာပါ၊ ပေးစရာ လက်ဆောင်လည်း မရှိဘူး၊ ဒါပေမဲ့ ဒါက ငါ အနှစ်နှစ်အလလ သုံးလာတဲ့အရာမို့လို့ မင်းကို ပေးလိုက်မယ်.."
ပထမဆုံးအကြိမ် တွေ့ဆုံခြင်းတွင် လက်ဆောင်သေးသေးလေး ပေးခြင်းက သာမန်ဖြစ်သော်လည်း တာရာဝမ်ကျူးအာ၏ လက်ဆောင်မှာမူ အနည်းငယ် ထူးဆန်းနေ၏ ။
လက်ဆောင်၏ တန်ဖိုးမှာ ပစ္စည်း၏ တန်ဖိုးထက် စေတနာကို ဖော်ပြခြင်းသာ ဖြစ်သည် ။ ရှေးလူကြီးများတွင်မိုင်ထောင်ချီဝေးသည့်နေရာမှ ပေးပို့သည့် ဘဲမွေးမှာ ပေါ့ပါးသော်လည်း စေတနာ အလွန်ကြီးမားသည် ဟု ဆိုရိုးစကား ရှိ၏ ။
သာမန်အားဖြင့် အလွန်ရင်းနှီးသော ဆက်ဆံရေးမျိုး မဟုတ်ပါက သုံးပြီးသားပစ္စည်းကို ပေးခြင်းသည် ရိုင်းပျရာ ရောက်၏ ။
ထိုအချက်နှင့် ပတ်သက်လျှင်အုလုမျိုးနွယ်စု၏ ဓလေ့မှာ မြေပြန့်ဒေသနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပြီး မိမိသုံးစွဲထားသော ပစ္စည်းကို ပေးခြင်းက စေတနာကို ပိုမိုဖော်ပြရာ ရောက်သည်ဟု ယုံကြည်ကြသည် ။
တာရာဝမ်ကျူးအာ သခင်မလေးရွန့်ကို ပေးသည့် ခေါင်းဆောင်းမှာ တူရကွိုက်ကျောက်မျက်များ စီခြယ်ထားသည့် လူမျိုးစုဝတ်စုံပုံစံ ဖြစ်၏ ။
တူရကွိုက်မှာ မြက်ခင်းပြင်၏ ထွက်ကုန်ဖြစ်ပြီး ခြေသလုံးအိမ်တိုင်လူမျိုးတို့၏ ရတနာဟု ဆိုနိုင်သည် ။ တန်ဖိုးမဖြတ်နိုင်သည်အထိ မဟုတ်သော်လည်း ငွေကြေးတန်ဖိုး အတော်အတန် ရှိ၏ ။
စားသောက်ပြီးနောက် တာရာဝမ်ကျူးအာသည် သူမ၏ လည်ဆွဲကို ချွတ်လိုက်ပြီး ချင်းချင်းကို ပြုံးလျက် ပေးလိုက်ပြန်သည် ။
"ဧည့်ဝတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် ချင်းချင်း၊ ဒီလည်ဆွဲကို မင် မင်မိဖုရားကြီးက ငါ့ကို ပေးထားတာပါ၊ အခုတော့ မင်းကို လက်ဆင့်ကမ်းလိုက်မယ်"
ထိုလည်ဆွဲမှာ ရွှေကွင်းများ ဆက်ထားခြင်း ဖြစ်ပြီး အလယ်တွင် နဂါးနှင့်ဖီးနစ်ပုံထွင်းထုထားသည့် ပတ္တမြားတစ်ခု ပါဝင်၏ ။
ဤမျှတန်ဖိုးကြီးသည့် ပစ္စည်းကို တာရာဝမ်ကျူးအာသည် မည်သို့မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ချင်းချင်းကို ပေးအပ်လိုက်ခြင်းမှာ အလွန်ပင် ရက်ရောလှသည် ။
ထိုလည်ဆွဲမှာ မိဖုရားကြီး မာ၏ လက်ဆောင်တော် ဖြစ်သဖြင့် ပိုက်ဆံနှင့် ဝယ်၍ မရနိုင်သော ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည့်အရာဖြစ်၏ ။
တာရာဝမ်ကျူးအာသည်တန်ဖိုးရှိသည့် ပစ္စည်းကို ချင်းချင်းအား ပေးသော်လည်း သခင်မလေးရွန့်ကိုမူ သူမ အနှစ်နှစ်အလလ သုံးခဲ့သော ခေါင်းဆောင်းကိုသာ ပေးခဲ့သည် ။
အကြောင်းရင်းမှာ သူမအတွက် ထိုခေါင်းဆောင်းမှာ လည်ဆွဲထက် ပို၍ အဓိပ္ပာယ် ရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်၏ ။
ချင်းချင်းသည် ထိုအမျိုးသမီးအပေါ် ပထမဆုံးအမြင်မှာ မကောင်းသော်လည်းတန်ဖိုးကြီးသည့် လက်ဆောင်ကို ပေးလိမ့်မည်ဟု မထင်မှတ်ထားပေ ။ သူမသည် လည်ဆွဲကို ကိုင်ထားရင်း လက်ခံသင့်မသင့် ဝေခွဲမရ ဖြစ်နေရသည် ။
ဝူကျိရှန်းသည် အုလုလူမျိုးတို့၏ ဓလေ့ကို သိရှိပြီး တာရာဝမ်ကျူးအာ၏ စရိုက်ကို ပို၍ နားလည်သဖြင့် ပြုံးလျက် ပြောလိုက်သည် ။
"ဝမ်ကျူးအာ ပေးတာပဲ၊ လက်ခံထားလိုက်ပါ"
တာရာဝမ်ကျူးအာသည် သခင်မလေးရွန့်ကို အဓိပ္ပာယ်ရှိသော ခေါင်းဆောင်းပေးပြီး ချင်းချင်းကို တန်ဖိုးကြီးသော လည်ဆွဲပေးခဲ့သော်လည်း ဝူကျိရှန်းအတွက်မူ ဘာမျှ မပေးခဲ့ချေ ။
အရင်က သဲကန္တာရတွင် အသက်ရှင်သန်ရန် ရုန်းကန်ခဲ့ရစဉ် ဝူကျိရှန်းနှင့် သူမတို့သည် တစ်ဦးကိုတစ်ဦး ဖေးမကူညီခဲ့ကြပြီး သေကံမရောက် သက်မပျောက် အတွေ့အကြုံများကို အတူတူ ဖြတ်သန်းခဲ့ကြသည် ။
ထိုသို့သော ဆက်ဆံရေးမျိုးတွင် လက်ဆောင် ပစ္စည်းများဖြင့် ပြသရန် မလိုတော့ချေ ။
တာရာဝမ်ကျူးအာ၏ စိတ်ထဲတွင် ဝူကျိရှန်းမှာ ကျေးဇူးရှင်နှင့် သူငယ်ချင်း ဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ သေခြင်းရှင်ခြင်းကို ကျော်လွန်နေပြီ ဖြစ်သဖြင့် အရာဝတ္ထုများဖြင့် ပေးကမ်းရန် မလိုတော့ပေ ။
ပူပြင်းလှသည့် သဲကန္တာရတွင် သူတို့အတူ သောက်ခဲ့ရသည့် ရေတစ်ဝက်သည် ရွှေတောင်ကြီးထက်ပင် တန်ဖိုးရှိနေ၏။
"ကောင်းပြီ၊ ငါ ပြန်တော့မယ်"
တာရာဝမ်ကျူးအာသည် ထိုင်နေရာမှ ထလိုက်၏။
ဝူကျိရှန်း၊ သူ၏ဇနီးနှင့် ချင်းချင်းတို့သည် သူမကို လိုက်ပို့ပေးလိုက်ကြသည် ။
တံခါးဝသို့ ရောက်သောအခါ တာရာဝမ်ကျူးအာသည် ဝူကျိရှန်းကို ကြည့်ကာ ပြုံးလျက် ပြောသည် ။
"ဒီနေ့ ထမင်းစားရတာ တကယ်ကို ပျော်ဖို့ကောင်းတယ်၊ တကယ်ကို အရမ်းပျော်တယ်..."
တာရာဝမ်ကျူးအာ၏ တရုတ်စကားမှာ အနည်းငယ်ဝဲနေပြီး သူမ၏ ခံစားချက်ကို ဖော်ပြရန် စကားလုံး မရှာတတ်သဖြင့် အရမ်းပျော်တယ် ဟူသည့် စကားလုံးကိုသာ ထပ်ခါတလဲလဲ ပြောနေ၏ ။
"အခွင့်အရေး ရရင် မင်းတို့ကို ငါ့လက်ရာ သိုးပေါင်သားကင်ကို ကျွေးဦးမယ်၊ ငါကင်တဲ့ သိုးသားက အကောင်းဆုံးပဲ၊ အကောင်းဆုံးပဲ..."
တာရာဝမ်ကျူးအာသည် တကယ်ကို ပျော်ရွှင်လျက် ရှိနေ၏ ။
"ဒီနေ့ အရမ်းနောက်ကျသွားပြီ၊ ငါ ပြန်တော့မယ်..."
*********