အခန်း (၁၇၅-၁၇၆)
Vol. 17 Ch. 175-176
`
အခန်း ၁၇၅ - မြင်းကျောင်းအက
နောက်တစ်နေ့တွင် ဝူကျိရှန်း အလုပ်မှပြန်လာပြီး အိမ်ထဲသို့ဝင်လိုက်သည်နှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော အသားကင်ပွဲကြီးကို မြင်လိုက်ရ၏။
ခြံဝင်းအတွင်း၌ အသားကင်ရန်မီးဖိုနှစ်လုံးကိုပြင်ဆင်ထားပြီး သိုးပေါင်ရှစ်ချောင်းကို အစီအရီ တင်ထားသည်ကို တွေ့ရလေသည်။ မီးသွေးမီးများ တောက်လောင်နေပြီး သိုးပေါင်များမှ ဆီများယိုစီးကာ မီးခဲများပေါ်သို့ ကျရောက်နေသဖြင့် အလွန်မွှေးပျံ့သော အနံ့များ ပျံ့လွင့်နေ၏။
တာရာဝမ်ကျူးအာက သူမကိုယ်တိုင်ကင်ပေးမည့် သိုးပေါင်များကို ချင်းချင်းနှင့် သခင်မလေးရွန့်တို့အား ကျွေးမွေးမည်ဟု မနေ့ညက ပြောခဲ့ဖူသည်။ ဝူကျိရှန်းအနေနှင့် သူမက အရက်၊ အသားနှင့် ကင်သည့်မီးဖိုများပါ ယူဆောင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သခင်မလေးရွန့်က ဝူကျိရှန်း၏ နားသို့ကပ်၍ တိုးတိုးလေးပြောလိာက်၏။
"သူမ စကားအရ အားနာလို့ ပြောတာပဲ ထင်ခဲ့တာ၊ တကယ်လာမယ်လို့ မထင်ထားမိဘူး၊ဘာကိုမှလည်း ကြိုတင်ပြင်ဆင်မထားမိဘူး"
ဝူကျိရှန်းကလည်း ဇနီးဖြစ်သူအား
"အုလုလူမျိုးတွေက အားနာတတ်တဲ့ အကျင့်မရှိဘူး၊ သူမက သိုးပေါင်လာကင်ပေးမယ်လို့ ပြောရင် သေချာပေါက် လုပ်မှာပဲ၊ ဒါက သူတို့ရဲ့ ဓလေ့လေ"
ချင်းချင်းကလည်း ညည်းတွားသံဖြင့် ပြောလေသည်။
"သူမကြောင့် ခြံတစ်ခုလုံး အခိုးအငွေ့တွေနဲ့ ပြည့်နေပြီ"
ထိုအချိန်တွင် တာရာဝမ်ကျူးအာမှာ ဧည့်သည်နှင့်မတူဘဲ အိမ်ရှင်မသဖွယ် ပြုမူနေ၏။ သူမသည် အသားကင်များကို အဆက်မပြတ် ဂရုစိုက်နေပြီး အလွန်ပျော်ရွှင်နေပုံရသည်။ သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာမူ အကူအညီမပေးနိုင်ဘဲ ဧည့်သည်များသဖွယ် ဘေးတွင် ရပ်ကြည့်နေရတော့သည်။
မကြာမီပင် သိုးပေါင်များမှာ အပြင်ဘက်တွင် ရဲ နေပြီး အတွင်းသားမှာ နူးညံ့နေအောင် ကျက်သွား၏။ တာရာဝမ်ကျူးအာက အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာ သိုးပေါင်တစ်ချောင်းလုံးကို သခင်မလေးရွန့်နှင့် ချင်းချင်းတို့အား ပေးလိုက်လေသည်။
သိုးပေါင်များမှာ အရောင်အဆင်းရော အနံ့အရသာပါ ပြည့်စုံသော်လည်းကြီးမားသည့် အသားတုံးကြီးကို မည်သို့စားရမည်မှန်းမသိကြပေ။
"အုလုဓလေ့အရ သိုးပေါင်ကို တစ်ချောင်းလုံး ကိုင်စားမှ အရသာအရှိဆုံးပဲ"
သိုးပေါင်တစ်ချောင်းလုံး ကိုင်စားရမည်ကို သိမ်မွေ့သော သခင်မလေးရွန့်က လုံးဝ လက်မခံနိုင်ပေ။ ထို့ကြောင့် ဝူကျိရှန်းသာ ဓားကိုယူ၍ အသားများကို လှီးဖြတ်ကာ ဇလုံထဲသို့ ထည့်ပေးလိုက်ရ၏။
တာရာဝမ်ကျူးအာကင်သော သိုးပေါင်မှာ ထူးခြားလှပြီး အုလုလူမျိုးတို့၏ အ ငွေ့အသက်နှင့် ပြည့်နှက်နေသဖြင့် သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ အကြိမ်ကြိမ် ချီးမွမ်းကြလေသည်။
"သိုးပေါင်ကတော့ လွယ်ပါတယ်၊ ဒီနို့အရက်က ရှာရတာ အရမ်းခက်တယ်၊ တစ်နေ့ကုန် လိုက်ရှာပြီးမှ နည်းနည်းရလာတာ" ဟု တာရာဝမ်ကျူးအာက ပြောလိုက်သည်။
သူမပြောသော နို့အရက်မှာ မွန်ဂိုတို့၏ မူလ နို့အရက်မဟုတ်ဘဲ ဒိန်ချဉ်နှင့်ဆင်တူသော အချဉ်ဖောက်ထားသည့် အဖျော်ယမကာသာ ဖြစ်၏။ အရက်ကောင်းများမှာ အချိန်ကြာလေ ပိုကောင်းလေ ဖြစ်သော်လည်း ဤနို့အရက်မှာမူ ဆန့်ကျင်ဘက်ဖြစ်ပြီး အသစ်ဖောက်မှသာ အရသာရှိသည်။ အချိန်ကြာကြာ အချဉ်ဖောက်ထားပါက အရက်ပြန်ဓာတ်များပြီး အရသာပျက်ကာ ပုပ်သွားနိုင်သည်။ မြို့တော်တွင် ဤကဲ့သို့ နို့အရက်မျိုး ရှာရန်မှာ အမှန်ပင် ခက်ခဲလှသည်။
တာရာဝမ်ကျူးအာက အတင်းတိုက်သော်လည်း သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ နို့နံ့ပြင်းလွန်းသဖြင့် မသောက်နိုင်ဘဲ လက်ဖက်ရည်နှင့်သာ အစားထိုးလိုက်ကြ၏။ ဝူကျိရှန်းမှာမူ အုလုမျိုးနွယ်စုတွင် အချိန်အတန်ကြာ နေခဲ့ဖူးသဖြင့် ထိုအရက်နှင့် အသားကျနေကာ ပန်းကန်လုံးအချို့ သောက်လိုက်လေသည်။
"အားလုံးပဲ ပျော်နေကြတာလို့ငါလည်း ပျော်တယ်၊ ဒါကြောင့် မြင်းကျောင်းအကကို ကပြပေးမယ်"
ထိုစကားကို ကြားလိုက်ရသောအခါ သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ ကြောင်အသွားပြီး တာရာဝမ်ကျူးအာကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ အကလား။
အုလုမျိုးနွယ်စုမှာသေးငယ်သော်လည်း သူမမှာ အုလုဘုရင်၏ မိခင်ဖြစ်ပြီး ဧကရာဇ်မင်းမြတ် ချီးမြှင့်ထားသော ရှန်ရီဘွဲ့ရ သခင်မဖြစ်သည်။ မည်သို့ကနိုင်မည်နည်း။
လူများကို ဖျော်ဖြေရန် သီချင်းဆိုခြင်းနှင့် အကကခြင်းမှာ အလွန်နိမ့်ကျသော အလုပ်ဖြစ်၏။ အဆိုတော်နှင့် အကသမများမှာ သူဌေးတို့၏ အရုပ်များသာ ဖြစ်သည်။
အုလုလူမျိုးတို့မှာ ထိုကဲ့သို့ အရာများကို ဂရုမစိုက်ကြောင်းနှင့် အကဖြင့် ဖျော်ဖြေခြင်းကို ရှက်စရာဟု မထင်ကြောင်း ဝူကျိရှန်း သိထားသည်။ သူတို့စိတ်ပါလျှင် ကကြသည်သာ ဖြစ်၏။ အုလုလူမျိုးများ စုဝေးသည့်အခါ သီချင်းဆို၍ အကဖြင့် ပျော်ရွှင်အောင် လုပ်လေ့ရှိသည်။ ဒါက သူတို့၏ ဓလေ့သာ ဖြစ်သည်။
ကျန်းနန်ဒေသရှိ အကများနှင့် လုံးဝမတူဘဲ တာရာဝမ်ကျူးအာ၏ မြင်းကျောင်းအကမှာ သတ်မှတ်ထားသော လှုပ်ရှားမှုများ မရှိပေ။ ၎င်းမှာ မြက်ခင်းပြင်တွင် နေထိုင်သူတို့၏ မြင်းကျောင်းခြင်း၊ သိုးကျောင်းခြင်းတို့ကို သရုပ်ဖော်ခြင်းသာ ဖြစ်၏။ သူမ၏ အကလှုပ်ရှားမှုမှာ မြင်းပြေးနေသည်ကို အတုယူထားပြီး နူးညံ့သိမ်မွေ့ခြင်းမရှိသော်လည်း တက်ကြွသော စည်းချက်များဖြင့်ပြည့်နှက်နေသည်။
ဝူကျိရှန်းက အုလုမျိုးနွယ်စုတွင်
အကများကို မြင်ဖူးသဖြင့် အနည်းငယ် နားလည်ထားကာ လက်ခုပ်တီး၍ စည်းလိုက်ပေးလေသည်။ ဝူကျိရှန်း လက်ခုပ်တီးလိုက်သည်နှင့် တာရာဝမ်ကျူးအာမှာ ပို၍မြန်ဆန်စွာ ကပြလာ၏။ သူမ၏မြင်းစီးဖိနပ်ကလေးများမှာ စည်းချက်အတိုင်း ခတ်နေပြီး စကတ်မှာ လွင့်ပျံနေသဖြင့် မြင်းအုပ်များ မြက်ခင်းပြင်ပေါ်တွင် အပြင်းပြေးနေသကဲ့သို့ ခမ်းနားလှသည်။
ထိုအချိန်မှာပင်သူမကရုတ်တရက် အမြန်လှည့်၍ နောက်သို့အနည်းငယ်ကွေးကာ မတ်တပ်ရပ်လိုက်သည်။ မြင်းကျောင်းအကမှာ ပြီးဆုံးသွားပြီး တာရာဝမ်ကျူးအာ၏ နဖူးပေါ်တွင် ချွေးစက်ကလေးများ ပေါ်လာလေသည်။
"ကောင်းတယ်၊ ကောင်းတယ်"
ဝူကျိရှန်း၏ ချီးမွမ်းသံကြားမှ တာရာဝမ်ကျူးအာမှာ ထိုင်ခုံသို့ ပြန်ထိုင်ပြီး နို့အရက်တစ်ပန်းကန်ကို မော့သောက်လိုက်သည်။
"မကတာ ကြာပြီမို့ ခါးတောင် ညောင်းနေပြီ၊ အိမ်ထောင်မကျခင်ကဆိုရင် မျိုးနွယ်စုထဲမှာ ငါက အကအတော်ဆုံးပဲ၊ ငါ့အမေဆိုရင် ငါ့အတွက် အကဖိနပ်တစ်ရံတောင် ချုပ်ပေးဖူးတယ်"
မိခင်လား။ တာရာဝမ်ကျူးအာ၏ မိခင်မှာ အသက်ရှင်သေးတာလား။ ဝူကျိရှန်း သူမ၏ မိခင်နှင့် မတွေ့ဖူးပေ။
"ငါ့အမေက လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကပဲ ငါ့ယောက်ျားလက်ချက်နဲ့ သေသွားတာ"
ထိုစကားကို ကြားလိုက်ရသောအခါ သခင်မလေးရွန့်နှင့် ချင်းချင်းတို့မှာ အံ့ဩသွားကြသည်။ ကိုယ့်ယောက်ျားက ကိုယ့်အမေကို သတ်တယ်။ဟုတ်လား။
တာရာဝမ်ကျူးအာ၏ နောက်ကြောင်းကို ပြောရလျှင် သူမမှာ အုလုမျိုးနွယ်စု၏ သိမ်းပိုက်ခြင်းခံရသော အလွန်ငယ်သည့် မျိုးနွယ်စုမှ ဖြစ်ပြီး သူမ၏ မိဘများမှာ ထိုအချိန်က အုလုဘုရင်လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်၏။ အိုမင်းသော အုလုဘုရင်မှာ သူမ၏ အလှကိုမြင်၍ ဇနီးအဖြစ် သိမ်းပိုက်ခဲ့သည်။
မိဘကိုသတ်သူ၏ ဇနီးဖြစ်လာရခြင်းမှာ သခင်မလေးရွန့်တို့အတွက် နားလည်ရခက်သော အရာဖြစ်သော်လည်း တာရာဝမ်ကျူးအာ၏ အမြင်တွင်မူ ဤအရာမှာ ဘာမျှမဟုတ်ပေ။
"ငါ့အမေကိုတော့ ငါ့အဖေက အတင်းလုယူသွားတာပဲ"
အင်အားကြီးသူက အင်အားနည်းသူကို ဖိနှိပ်ခြင်းမှာ မြက်ခင်းပြင်ပေါ်ရှိ မပြောင်းလဲသော စည်းမျဉ်းဖြစ်၏။ အနိုင်ရသူက အားလုံးကို ပိုင်ဆိုင်ပြီး အရှုံးသမားမှာ လက်အောက်ခံရခြင်းမှာ သာမန်ကိစ္စသာ ဖြစ်သည်။ တာရာဝမ်ကျူးအာက ဤကိစ္စကို ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်း ပြောပြသည်။
"အစပိုင်းတော့ သူက ငါ့ကို သိပ်မကောင်းပါဘူး၊ မကြာခဏဆိုသလို ကြိမ်လုံးနဲ့ရိုက်တယ်၊ ဆံပင်ကိုဆွဲပြီး ထုရိုက်တယ်၊ နောက်တော့ ငါ့မှာ ကလေးရလာတော့မှပဲ တဖြည်းဖြည်းကောင်းလာတာ၊ ဒါပေမဲ့ မကြာခင်မှာပဲ သူ သေသွားခဲ့တယ်"
သူမ၏ခင်ပွန်းအကြောင်း ပြောရာတွင် မုန်းတီးခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်မရှိဘဲ သာမန်ကိစ္စတစ်ခုကဲ့သို့ ပြောဆိုနေ၏။
"သူက ဗိုလ်ချုပ်မုန်းဟုနှင့်နတ်ဆရာရဲ့ ထောင်ချောက်ထဲ ရောက်သွားတာလို့ နောက်မှ သိရတယ်၊ သူက မြင်းရိုင်းတွေကို ယဉ်ပါးအောင် လုပ်နိုင်ပြီး ပျံသန်းနေတဲ့ ငှက်တွေကိုတောင် ပစ်ချနိုင်ပေမဲ့ သူတို့ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကို မမြင်နိုင်ခဲ့ဘူး"
"သူ့ဉာဏ်က ကျိရှန်းရဲ့ တစ်ဝက်လောက်တောင် မရှိဘူး၊ အခုတော့ ငါ နားလည်လာပြီ၊ တကယ်ကောင်းတဲ့ ယောကျာ်းဆိုတာ ခန္ဓာကိုယ် သန်မာဖို့၊ မြင်းစီးနိုင်ဖို့၊ လေးပစ်နိုင်ဖို့ မလိုပါဘူး၊ ကျိရှန်းလိုမျိုး ဉာဏ်ပညာရှိဖို့ပဲ လိုတယ်"
*********
`
အခန်း ၁၇၆ နိမိတ်များ
နို့အရက်၏ အာနိသင်ကြောင့် တာရာဝမ်ကျူးအာ၏ မျက်နှာသည် ရဲရဲနီနေပြီး သူမ၏မျက်နှာပေါ်ရှိ ချွေးစက်လေးများသည် ချောမွေ့သော ကြွေရည်သုတ်ထားသည့်အလား ထင်ရ၏။
"ဝူကျိရှန်းက ထက်မြက်တဲ့ဉာဏ်ရှိတယ်၊ ထိုးထွင်းသိမြင်မှု ကောင်းတယ်၊ ပြီးတော့ နွားအရွတ်လိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုး ရှိတယ်၊ သူကတော့ စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်ပဲ"
တာရာဝမ်ကျူးအာနှင့် ဝူကျိရှန်းတို့သည် အသက်နှင့်ရင်း၍ အတူဖြတ်သန်းခဲ့ကြသူများ ဖြစ်သည့်အတွက် သူတို့၏ဆက်ဆံရေးမှာ သာမန်မဟုတ် သောကြောင့်သူမက ဝူကျိရှန်းကို လောကတွင် အကောင်းဆုံးဟု ချီးမွမ်းလျှင်ပင်သခင်မလေးရွန့်အနေဖြင့် ထူးဆန်းသည်ဟု ထင်မည်မဟုတ်ပေ။
တာရာဝမ်ကျူးအာကဝူကျိရှန်းကို ငေးကြည့်ရင်း ပြောလိုက်၏။
"ယောကျာ်းသားတစ်ယောက်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပေါ့"
ထိုစကားကြောင့် သခင်မလေးရွန့်မှာ ချက်ချင်းပင်မတ် သွားရသည်။သူမသည်စကားလုံးများနောက်ကွယ်မှ သွယ်ဝိုက်သော အဓိပ္ပာယ်များကို အမြဲနားလည်နိုင်သူ ဖြစ်၏။ အထူးသဖြင့် တာရာဝမ်ကျူးအာ၏ စကားသည် သခင်မလေးရွန့်၏မသိစိတ်ကိုလှုံ့ ဆော်လိုက်သလိုဖြစ်သွားစေသည်။
သူမ ပြောချင်သည့် အဓိပ္ပာယ်က ဘာလဲ။
ချင်းချင်းပင်လျှင် ထိုစကားတွင် အခြားအဓိပ္ပာယ်တစ်ခုခု ပါနေသည်ဟု ခံစားလိုက်ရသည်။
ဝူကျိရှန်းလည်းထိုစကားသည် မသင့်လျော်မှန်း သိလိုက်ပြီး သူ့ဇနီး နားလည်မှုလွဲမည်ကို စိုးရိမ်သဖြင့် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်ရ၏။
"ဝမ်ကျူးအာ၊ မင်း ဒီကိုရောက်နေတာ နှစ်လရှိပြီလေ။ အိမ်ကို လွမ်းနေပြီမဟုတ်လား"
"ဟုတ်တယ်၊ နေ့တိုင်း လွမ်းတယ်။ မြက်ခင်းပြင်တွေကို ပြန် ရောက်သွားတယ်လို့ အိပ်မက်မက်တယ်၊ ဒါပေမဲ့ မင်းရဲ့ ဧကရာဇ်နဲ့ မိဖုရားက ငါ့ကို ပြန်ခွင့်မပြုဘူး"
ဧကရာဇ်နန်းတော်မှ တာရာဝမ်ကျူးအာနှင့် သူမ၏သားကို ပြန်ခွင့်မပြုခြင်းမှာ သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေး တွက်ချက်မှုများကြောင့်သာ ဖြစ်သည်။ မြောက်ပိုင်းစစ်ဆင်ရေးမှာ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေပြီး စစ်ပွဲ၏ အန္တရာယ်များမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ မည်သူမျှ မည်သို့ အဆုံးသတ်မည်ကို မသိနိုင်ပေ။
အကယ်၍ မြောက်ပိုင်းစစ်ဆင်ရေး အောင်မြင်ပါက လူတိုင်းအတွက် ကောင်းမွန်ပေလိမ့်မည်။ သို့သော် မြောက်ပိုင်းစစ်ဆင်ရေးတွင် မမျှော်လင့်ထားသည့် ကိစ္စတစ်ခုခု ဖြစ်လာပါက မွန်ဂိုတို့ကအုလုမျိုးနွယ်စုအား မင်အင်ပါယာကို သစ္စာခံခြင်းအား ပုန်ကန်မှုဟု သတ်မှတ်ပြီး သေချာပေါက် အမြစ်ပြတ် သုတ်သင်ပေလိမ့်မည်။
မြက်ခင်းပြင်မျိုးနွယ်စုတစ်ခုက မင်အင်ပါယာကိုသစ္စာခံလာရန်မှာ လွယ်ကူသည်မဟုတ်ပေ။ ၎င်းကို စည်းလုံးညီညွတ်သော ရှေ့တန်းအောင်မြင်မှုဟု ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နိုင်သည်။ အကယ်၍သာ သူတို့သည် မွန်ဂိုတို့လက်ချက်ဖြင့် အမြစ်ပြတ် သုတ်သင်ခံလိုက်ရပါကခိုလှုံလာသူများကိုပင် မကာကွယ်ပေးနိုင်ဟူသောအကြောင်းကြောင့် နောက်နောင် မည်သူကမှ မင်အင်ပါယာထံ ခိုလှုံရဲတော့မဟုတ် ချေ။
ကျူးယွမ်ကျန်း၏ပြန်မလွှတ်သော ရည်ရွယ်ချက်မှာတာရာဝမ်ကျူးအာနှင့် သူမသားတို့၏ လုံခြုံရေးအတွက် ဖြစ်သည်။
"မြောက်ပိုင်းစစ်ဆင်ရေးမှာ စစ်တပ်သုံးခု၊ အတွေ့အကြုံရှိတဲ့ ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ရွေးချယ်ခံ စစ်သည် တစ်သိန်းကျော်ကို စေလွှတ်ထားတယ်"
ဝူကျိရှန်းသည် စကားလမ်းကြောင်း လွှဲရန်အတွက် သူ့နှင့်မဆိုင်သည့် အကြောင်းအရာများကို တမင်ပြောလိုက်၏။
"ဒီစစ်ပွဲက သိပ်ကြာလိမ့်မယ် မထင်ဘူး။ နောက်နှစ် နွေဦးဆိုရင် ရလဒ်ထွက်လာလိမ့်မယ်"
စစ်ရေးရှုထောင့်မှ ကြည့်လျှင်မြောက်ပိုင်းစစ်ဆင်ရေးမှာ အောင်မြင်ရန် သေချာနေသည်။
စစ်ပွဲဆိုသည်မှာ စစ်မြေပြင်တွင် အားသွန်ခွန်စိုက် တိုက်ခိုက်ခြင်း မဟုတ်ဘဲ စစ်မက်ဖြစ်ပွားသူနှစ်ဖက်၏ စုစုပေါင်းအင်အားကို ယှဉ်ပြိုင်ခြင်းသာ ဖြစ်၏။
မြောက်ပိုင်းယွမ်မင်းဆက်တွင်သိသာထင်ရှားသည့် အင်အားရှိနေပြီး မြောက်ပိုင်းမြက်ခင်းပြင်များကို သိမ်းပိုက်ထားသော်လည်း သူတို့၏ အလုံးစုံအင်အားမှာ မင်အင်ပါယာနှင့် ယှဉ်နိုင်တော့မည် မဟုတ်ပေ။
မင်အင်ပါယာမှာ စီးပွားရေးနှင့် လူဦးရေကဲ့သို့ ကြီးမားသော အားသာချက်ရှိနေသည့်အတွက် နောက်ဆုံးရလဒ်မှာသိသာနေပြီးသားဖြစ်၏။
"စစ်ပွဲပြီးသွားရင် မင်း မြက်ခင်းပြင်ကို ပြန်သွားပြီး မြင်းတွေ၊ သိုးတွေနဲ့ ငြိမ်းချမ်းစွာ နေနိုင်မှာပါ။ အဲဒီအခါကျရင် မင်းရဲ့အရင်မိတ်ဆွေကို စာရေးဖို့ မမေ့နဲ့ဦး"
မင်အင်ပါယာ၏ စည်ကားသိုက်မြိုက်မှုနှင့် ကြွယ်ဝမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ယခင်က အားကောင်းခဲ့သည့် မွန်ဂိုမြင်းတပ်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီး မင်အင်ပါယာ၏ စစ်တပ်ကို မည်သို့မျှ အနိုင်မတိုက်နိုင်ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။
အုလုမျိုးနွယ်စု၏ မူလနယ်မြေသို့ ပြန်သွားပြီး ငြိမ်းချမ်းစွာ နေထိုင်လိုခြင်းမှာ တာရာဝမ်ကျူးအာ၏ မျှော်လင့်ချက် ဖြစ်၏။
သို့သော် ထိုသို့ ပြန်သွားရန်မှာလည်းသူမအတွက် ဝမ်းနည်းစရာ ဖြစ်နေသည်။ ထိုခံစားချက်မှာ အလွန်ထူးဆန်း၏။ အိမ်မှ ဝေးကွာနေသည့် ခရီးသွားတစ်ယောက်က အရေးကြီးသည့် ပစ္စည်းတစ်ခုခုကို မေ့ကျန်ခဲ့မှန်း သိလိုက်သော်လည်း မည်သည့်ပစ္စည်းကို မေ့ခဲ့မှန်း ပြန်မတွေးမိခြင်းနှင့် ဆင်တူ၏။
ခဏတာမျှ တာရာဝမ်ကျူးအာ စကားမပြောဘဲ တိတ်ဆိတ်သွားသည်။
"အချိန်နှောင်းနေပြီ၊ မင်းလည်း အရက်သောက်ထားတယ်လေ။ ငါ လိုက်ပို့ပေးပါ့မယ်"
"ငါက တျန်ကျဲရဲ့ အရှေ့ဘက်မှာရှိတဲ့ ကျင်ချန်းလမ်းကြားမှာ နေတာ။ အရမ်းနီးတယ်၊ ငါ့ဘာသာ ပြန်နိုင်တယ်၊ မင်း လိုက်ပို့စရာ မလိုပါဘူး"
"ဘာပဲဖြစ်ဖြစ် ငါ လိုက်ပို့ပေးမယ်လေ"
ဝူကျိရှန်းက လိုက်ပို့မည်ဟု အတင်း တောင်းဆိုသည့်အတွက် တာရာဝမ်ကျူးအာလည်း ငြင်းဆန်တော့မနေတော့ပေ။
အချိန်မှာ အတော်ပင် နှောင်းနေပြီဖြစ်ပြီး ရာသီဥတုမှာလည်း အုံ့မှိုင်းနေ၏။ ဝူကျိရှန်းနှင့် တာရာဝမ်ကျူးအာတို့သည် ဘေးချင်းယှဉ်၍ လမ်းလျှောက်သွားကြသည်။
"ချန်အန်းမှာ နေရတာ လွယ်တာ မဟုတ်ဘူး"
ယင်ထျန်းမှာ မင်မင်းဆက်၏ချန်အန်းဖြစ်ပြီး လူနေအိမ်ဈေးနှုန်းများမှာ အလွန်မြင့်မား၏။ အထူးသဖြင့် တျန်ကျဲဧရိယာမှာ နန်းတော်နှင့် အနီးဆုံးဖြစ်ပြီး ကုန်သွယ်မှု ဗဟိုချက်လည်း ဖြစ်သည့်အတွက် မြို့တော်၏ အဆင့်မြင့်ရပ်ကွက်ဖြစ်ကာ အဆင့်မြင့်အရာရှိကြီးများ၊ မှူးမတ်များ သို့မဟုတ် ချမ်းသာကြွယ်ဝသူများသာ နေထိုင်ကြသည်။
မင်းဆက်အဆက်ဆက်၏ မရေးသားထားသော စည်းမျဉ်းများအရ နန်းတော်မှ တစ်ခြားနေရာမှ သစ္စာခံများကို ရေရှည်နေထိုင်နိုင်ရန်အတွက် နေအိမ်များ ချီးမြှင့်လေ့ရှိ၏။ ထို့ကြောင့် ဟုန်ဝူဧကရာဇ် ကျူးယွမ်ကျန်းက တာရာဝမ်ကျူးအာနှင့် သူမ၏သားအတွက် ဇိမ်ခံနေအိမ်တစ်လုံးကို ချီးမြှင့်ထားခြင်း ဖြစ်သည်။
ဝင်ပေါက်ကို ကြည့်ရုံနှင့်ပင် အလွန်ခန့်ညားလှ၏။ အနီရောင်နံရံများ၊ မီးခိုးရောင် ကြွေပြားများ၊ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်နှင့် ဝင်ပေါက်ရှေ့ရှိ မြင်းချည်တိုင်များဖြင့် နိုင်ငံခြားသံတမန် ကျင့်ဝတ်အတိုင်း မင်းသားငယ် တစ်ပါး၏ အဆင့်အတန်းနှင့်အညီ ပြုလုပ်ပေးထားသည်။
"မင်းအိမ်ကို ရောက်ပြီ၊ ငါလည်း ပြန်တော့မယ်။"
"ဝင်ပြီး ထိုင်မသွားတော့ဘူးလား။"
တာရာဝမ်ကျူးအာက စိတ်ရင်းအမှန်ဖြင့် ဖိတ်ခေါ်၏။
ဝူကျိရှန်းက အနည်းငယ် ပြုံးပြလိုက်သည်။
"ဒီနေ့တော့ အချိန်နှောင်းနေပြီ၊ ငါ မဝင်တော့ဘူး။အဝေးကြီးမဟုတ်တာပဲ၊ နောင်အခါ အခွင့်အရေးရရင် ဝင်ပြီး ထိုင်သွားပါ့မယ်"
တာရာဝမ်ကျူးအာသည် ထိုကဲ့သို့ အမူအရာများကို ဂရုစိုက်လေ့မရှိပေ။ သူမသည် စကားတစ်ခွန်းမျှ မဆိုဘဲ လှေကားထစ်ပေါ်သို့ တက်သွားသည်။
သို့သော် သူမသည် အထဲသို့ချက်ချင်း မဝင်သွား သေးဘဲ တံခါးရှေ့တွင် ချိတ်ဆွဲထားသည့် အုလုမင်းသား၏နေအိမ်ဟု ရေးသားထားသော အဖြူရောင်စက္ကူမီးအိမ်ကို ချလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မဆိုဘဲ မီးအိမ်ကို ဝူကျိရှန်း၏ လက်ထဲသို့ ငြိမ်သက်စွာ ထည့်ပေးလိုက်၏။
ဝူကျိရှန်းသည် မီးအိမ်ကို ယူလိုက်ပြီး တာရာဝမ်ကျူးအာကို လက်ပြကာ မီးအိမ်ကို ကိုင်လျက် အိမ်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် အချိန်မှာ အတော်ပင် နှောင်းနေပြီ ဖြစ်၏။ ပိုမိုအေးစက်လာသော လေထုထဲတွင် ချင်ဟွိုင်မြစ်ဘက်မှ တိုက်ခတ်လာသော စိုထိုင်းဆများမှာ သစ်ပင်ထိပ်ဖျားများနှင့် အိမ်အမိုးများကြားတွင် ရစ်သိုင်းနေပြီး မြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် မြူခိုးငွေ့ကြီးအဖြစ် ဖြစ်ပေါ်လာ၏။
ထူထဲသော မြူခိုးများကြားမှ မြို့တော်မှာ ဝါးတားတားဖြစ်နေပြီးညဉ့်နှင့် ပေါင်းစပ်သွားသယောင် ထင်ရသည်။ ဝေးလံသော နေရာမှ ခွေးဟောင်သံအချို့ကညဉ့်၏ တိတ်ဆိတ်မှုကို ဖျက်ဆီးလိုက်သော်လည်း ခဏမျှသာ ဖြစ်၏။
ညဉ့်မြူများမှာ ပိုမိုထူထဲလာပြီး ဝူကျိရှန်း၏ မျက်နှာပေါ်တွင်အေးစက်သော နှင်းစက်များစုစည်းလာကာပါးပြင်တစ်လျှောက် စီးကျလာ၏။ ရုတ်တရက် အေးစက်သွားမှုကြောင့် ဝူကျိရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများ ထသွားသည်။
သူ့လက်ထဲမှ အဖြူရောင်စက္ကူမီးအိမ်မှာ ရှေ့ဘက် အနည်းငယ်ကိုသာ အလင်းပေးနိုင်ပြီး ရှေ့ဆက်သွားမည့် လမ်းမှာမူ ပိုမိုနက်ရှိုင်းသော အမှောင်ထုထဲသို့သာ ဦးတည်နေ၏။
*********