← Chapters

အခန်း (၁၆၇၃-၁၆၇၄)

Vol. 120 Ch. 1673-1674

အခန်း (၁၆၇၃-၁၆၇၄)

Vol. 120 Ch. 1673-1674

အခန်း (၁၆၇၃) စိတ်ပူပန်မှုများ ပြေလျော့သွားရပြီ

မူလပရမ်းပတာတူဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရသဖြင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ရွှေခန္ဓာ ပျက်စီးသွားပြီး ဦးခေါင်းမှ သွေးများစီးကျလာသည်။

သူ့တွင် အသက်ကယ်တင်နိုင်သည့် ထိပ်တန်းအဆင့် ကာသယဝတ်ရုံ ရှိသောကြောင့်သာ အသက်မသေဘဲ ကပ်ဘေးမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။

မဟုတ်ပါက တူရိုက်ချက်ဖြင့် နေရာမှာပင် အသက်ပျောက်သွားပေမည်။

သို့တိုင် တင်ကွမ်းဗုဒ္ဓမှာ ဗလာနယ်ထဲသို့ လွင့်စင်ထွက်သွားပြီး အသက်ရှူသံသည်လည်း အားနည်းသွားကာ အချိန်မရွေး အသက်ပျောက်တော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲက ပိုင်ဟွာရှို့ကို ဆွဲယူလိုက်ပြီး မူလပရမ်းပတာတူကို ပြန်ရုပ်သိမ်းလိုက်ကာ လက်ညှိုးလက်ခလယ်ဖြင့် ဓားအလင်းတန်းတစ်ခု ဖန်ဆင်းလိုက်သည်။

ထိုဓားအလင်းတန်းက ပိုင်ဟွာရှို့ကို ရစ်ပတ်ထားသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ဗုဒ္ဓရောင်အလင်းတန်းရော ယုံကြည်ခြင်းရတနာအလင်းတန်းတို့ကိုပါ ဖြတ်တောက်ပစ်လိုက်သည်။

ဗုဒ္ဓရောင်ခြည်အလင်းတန်းက လျင်မြန်စွာ ပြတ်တောက်သွားသော်လည်း ယုံကြည်ခြင်းရတနာအလင်းတန်းကတော့ မတည်မငြိမ်ဖြင့် ဆက်လက်တောက်ပနေ၏။

ရန်ကျောက်ကဲ မိန်းမပျိုအတွက် စိုးရိမ်ပေးရန် အချိန်မရတော့ပေ။

အဘယ်ကြောင့်ဆိုသော် ခွေမုလန်၏ပုံရိပ်က ရိပ်ကနည်း သူ့ရှေ့တည့်တည့်သို့ ရောက်ရှိလာသောကြောင့် ဖြစ်၏။

အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များ၏ ပိတ်ဆို့ခံထားရသဖြင့် ခွေမုလန်မှာ ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ဤနေရာသို့ နောက်ကျမှ ရောက်လာရခြင်း ဖြစ်သည်။

သူက ရန်ကျောက်ကဲကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သော်လည်း ပိုင်ဟွာရှို့ကို ရစ်ပတ်ထားဆဲဖြစ်သည့် ရောင်စုံဒြပ်စင်စွမ်းအားများကို တွေ့မြင်သည်နှင့် ဒေါသချောင်းချောင်း ထွက်သွားတော့သည်။

ထိုရောင်စုံအလင်းတန်းများမှာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ပျော်ရွှင်ခြင်းကျင့်စဉ်မှ ထွက်ပေါ်လာသော ချီစွမ်းအားများ ဖြစ်ပေသည်။

ခွေမုလန်က ထိုကျင့်စဉ်အကြောင်း ကောင်းစွာသိရှိပြီး သက်ရောက်မှုကိုလည်း နားလည်ထားသည်။

သူက ဒေါသကိုမထိန်းနိုင်ဘဲ ချက်ချင်းပင် ဓားကိုဝှေ့ယမ်းကာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအား ခုတ်ပိုင်းချလိုက်သည်။

ဒဏ်ရာအပြင်းအထန်ရထားသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ခွေမုလန်၏ဓားချက်ကို ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်သွားသည်။

နောက်မှလိုက်ပါလာသည့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်မှာ မြင်ကွင်းကိုကြည့်ပြီး “အော်မီတော်ဖော်” ဟု ရွတ်ဆိုလိုက်မိသည်။

ရန်ကျောက်ကဲက ခွေမုလန်အား လက်ကာပြလိုက်ပြီး...

“ဒီနေရာက စကားပြောဖို့ သင့်တော်တဲ့နေရာ မဟုတ်ဘူး။ ဝတ်ရုံဝါမဟာသူတော်စင်... ကျုပ်နဲ့ ခဏလောက် လိုက်ခဲ့ပါလား”

ခွေမုလန် ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သည့်တိုင် ချက်ချင်းပင် ရန်ကျောက်ကဲနောက်သို့ လိုက်ပါသွားသည်။

ခွေမုလန်နောက်သို့လိုက်လာသည့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များမှာ ရန်ကျောက်ကဲကိုတွေ့သည်နှင့် တွန့်ဆုတ်သွားကြသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းဆိုသည်က နာမည်ကျော်စုံတွဲ ဖြစ်သည်။

ယခု ရန်ကျောက်ကဲပေါ်လာပြီး ဖန်းယွင်ရှန်း ပေါ်မလာသေးသဖြင့် သူတို့အားလုံး အလွန်ပင်စိုးရိမ်သွားကာ ရန်ကျောက်ကဲနောက်သို့ ဆက်မလိုက်ရဲကြခြင်း ဖြစ်၏။

ဟုတ်ပေ၏။

သူတို့လည်ပင်းကို တိတ်တဆိတ်ဖြတ်တောက်သွားနိုင်စွမ်းရှိသည့် ဖန်းယွင်ရှန်း၏ဓားချက်က မည်သည့်အချိန် မည်သည့်နေရာမှ ရောက်ရှိလာမည်ကို မည်သူမှ မသိနိုင်ပေ။

ဗုဒ္ဓဘာသာကိုယ်တော်များမှ မဟုတ်ပေ။

ခြင်္သေ့နတ်ဘုရားသည်ပင် သူတို့နောက်လိုက်သွားရန် တွန့်ဆုတ်နေခဲ့သည်။

အနားတွင်ရှိနေသော လုယွဲ့မှာလည်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အေးအေးဆေးဆေး ထွက်ခွာသွားသည်ကို ကြည့်နေရုံမှတပါး မတတ်နိုင်ခဲ့ပေ။

ယခု ထိုကိုယ်ပွားမှာလည်း ရန်ကျောက်ကဲ ၊ ခွေမုလန်တို့နှင့်အတူ ပျောက်ကွယ်သွားပေပြီ။

လောလောဆယ်မှာတော့ ကပ်ဘေးရောဂါကောင်းကင်ဘုံအရှင်မှာ စကားလုံးများဖြင့် ဖော်ပြမရနိုင်လောက်အောင် စိတ်ရှုပ်ထွေးလျှက် ရှိသည်။

ပိုင်ဟွာရှို့နှင့်ပတ်သက်သည့်ကိစ္စမှာ သူနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာ ထိပ်တန်းကျွမ်းကျင်သူအချို့ လျှို့ဝှက်ကြံစည်ထားသည့် အစီအစဉ်တစ်ခု ဖြစ်၏။

မူလကနဦးမြေသားသည်လည်း ထို့အတူပင် ဖြစ်၏။

သူတို့၏ရည်ရွယ်ချက်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးပြီး အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများကို အတင်းအကျပ် ယုံကြည်ခြင်းရတနာအလင်းတန်း ပေးအပ်ရန် ဖြစ်သည်။

ရန်သူများက ပိုင်ဟွာရှို့ကို သတ်ဖြတ်ရန်ကြိုးစားပါက ခွေမုလန် ဒေါသထွက်မည်ဖြစ်ကြောင်း သူတို့ သိရှိထားသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ရည်ရွယ်ချက်က ပိုင်ဟွာရှို့ကို အသုံးချ၍ အမြတ်ထုတ်ရန်သာ ဖြစ်၏။

လုယွဲ့သည် ပိုင်ဟွာရှို့ကို ကယ်တင်ရန် ဤနေရာသို့ လျှို့ဝှက်စွာ ရောက်လာခြင်းမှာ သူတို့အင်အားစုအတွက် နောက်ထပ်အစီအစဉ်များ ရေးဆွဲရန် ဖြစ်သည်။

လုယွဲ့က ပိုင်ဟွာရှို့ဟာ တင်ကွမ်းဗုဒ္ဓလက်ထဲမှ ကယ်တင်လိုက်မည်ဆိုလျှင် ခွေမုလန်က အမတခုံရုံးကို ကျေးဇူးတင်သွားပြီး စည်းရုံးသိမ်းသွင်းရ လွယ်ကူသွားပေမည်။

ဟုတ်ပေ၏။

ပိုင်ဟွာရှို့ကို တရားအလင်းပေးရန်ကြိုးစားသည့်ဗုဒ္ဓအား ခွေမုလန်က သတ်ဖြတ်သည်ဖြစ်စေ ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံက ယုံကြည်ခြင်းရတနာအလင်းတန်း ပေးအပ်သည်ဖြစ်စေ ၊ ထိုရလဒ်နှစ်ခုလုံးက အမတခုံရုံးအတွက် အကောင်းဆုံးရလဒ်များသာ ဖြစ်သည်။

ခွေမုလန်က ချန်စန်းရှင်းဟိုင်မှ ထွက်ခွာလာပြီး အမတခုံရုံး သို့မဟုတ် အနောက်ဘက်သူတော်စင်ဘုံသို့ ဘက်ပြောင်းလာခြင်းမရှိလျှင်ပင် သူတို့အတွက် အရှုံးမရှိလှပေ။

သူတို့ဘက်က ပိုင်ဟွာရှို့ကိုထိန်းချုပ်ထားနိုင်သရွေ့ ခွေမုလန်ကိုစည်းရုံးရန် အခွင့်အရေး ရှိနေမည်သာပင်။

ထို့ပြင် ပိုင်ဟွာရှို့ သေဆုံးသွားသည်ဖြစ်စေ ၊ ခွေမုလန်က သူမကို ခေါ်ဆောင်သွားသည်ဖြစ်စေ ရလဒ်က လက်ခံနိုင်စရာ ရှိနေသေးသည်။

အမတခုံရုံးအတွက် အမြတ်မထွက်သည့်တိုင် အရှုံးလည်းမရှိပေ။

ယနေ့ရလဒ်က လုယွဲ့မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဖြူရောင်ကြာပန်းသုခဘုံက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို စေလွှတ်ခဲ့ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ယုံကြည်ခြင်းရတနာအလင်းတန်းဖြင့် ရင်ဆိုင်ရသည့်အခါ တင်ကွမ်းဗုဒ္ဓက ပိုင်ဟွာရှို့ကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ရုံသာမက သူမ၏ ယင်စွမ်းအားများကိုပါ စုပ်ယူရန် ကြံစည်ခဲ့သည်။

ဤဖြစ်ရပ်ကြောင့် ခွေမုလန် ဒေါသချောင်းချောင်းထွက်သွားပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို သတ်ဖြတ်လိုက်သည်။ ထို့လုပ်ရပ်ကြောင့် သူနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ဆက်ဆံရေး အကြီးအကျယ် ပျက်ဆီးသွားပေမည်။

လုယွဲ့တွေ့မြင်လိုသည်မှာ ဤရလဒ်မျိုးပင် ဖြစ်၏။

သို့သော် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။

ဤဖြစ်စဉ်တစ်ခုလုံးတွင် အကျိုးအမြတ် ရရှိသွားသူမှာ လုယွဲ့ မဟုတ်ခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို တားဆီးထားချိန်း ရန်ကျောက်ကဲအစစ် ရောက်ရှိလာပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို တားဆီးခဲ့သည်။

တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ဗလာနယ်ထဲ လွင့်ထွက်သွားချိန် ရန်ကျောက်ကဲက ပိုင်ဟွာရှို့ကိုကယ်တင်ပြီး ခွေမုလန်နှင့်အတူ ထွက်ခွာသွားသည်။

ခွေမုလန်အနေဖြင့် ဤကိစ္စနှင့်ပတ်သက်ပြီး သေချာပေါက် ရန်ကျောက်ကဲအား ကျေးဇူးတင်ပေလိမ့်မည်။

လုယွဲ့ကတော့ မည်သည့်အကျိုးအမြတ်မှ မရရှိလိုက်ပေ။

သူတို့၏ နဂိုအစီအစဉ်အတိုင်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သည်လည်း တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို အလင်းပေးနိုင်ခဲ့ခြင်း မရှိပေ။

လုယွဲ့သည်လည်း ခွေမုလန်အပေါ် ကျေးဇူးခံ ကျေးဇူးစားကိစ္စမျိုး ဖန်တီးနိုင်ခဲ့ခြင်းမရှိသဖြင့် အမတခုံရုံး သို့မဟုတ် အနောက်ဘက်သူတော်စင်ဘုံသို့ စည်းရုံးသိမ်းသွင်းရန် အခွင့်အရေး မရရှိတော့ပေ။

သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ခဲ့ရသည်။

သို့သော် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ခွေမုလန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး ၊ ခွေမုလန်က တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို သတ်ဖြတ်ပစ်လိုက်သည်။

ဤဖြစ်ရပ်ကြောင့် အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကြား ဆက်ဆံရေးပျက်ပြားသွားနိုင်သည်။

ရန်သူ၏ဆုံးရှုံးမှုက အမတခုံရုံးအတွက် အကျိုးအမြတ်ဖြစ်သည်မှာ ငြင်းမရနိုင်သည့် အမှန်တရားသာပင်။

ခွေမုလန်က တင်ကွမ်းဗုဒ္ဓကို သတ်ဖြတ်မိသည့်အတွက် အဖြူရောင်ကြာပန်းသုခဘုံကို တောင်းပန်လျှင်တောင်မှ ပျက်ဆီးရမည့်အရာက ပျက်ဆီးသွားခဲ့ပြီ ဖြစ်၏။

ရန်သူမဟာမိတ်များ ဆက်ဆံရေးပျက်ပြားသွားခြင်းက အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံအတွက် အရှုံးမရှိလှပေ။

အကျိုးအမြတ် ရရှိသည်ဖြစ် မရရှိသည်ဖြစ်စေ အရှုံးမရှိသည်ကတော့ သေချာသည်။

သို့သော် လုယွဲ့မှာ ထွက်ခွာသွားသည့် ရန်ကျောက်ကဲ၏ကျောပြင်ကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ စိတ်မသက်မသာ ခံစားလိုက်ရသည်။

သူကိုယ်တိုင် အပင်ပန်းခံလျှက် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ မင်္ဂလာပွဲတစ်ခုစီစဉ်ခဲ့ပြီး ၊ မင်္ဂလာအခမ်းအနားတွင်လည်း သတို့သမီးကို သက်ဆုံးတိုင် လက်ထပ်ပေါင်းသင်းပါမည်ဟု သစ္စာဆိုခဲ့ပြီးမှ မင်္ဂလာဦးညတွင် အခြားတစ်ယောက်က သတို့သမီးအခန်းထဲဝင်သွားသကဲ့သို့ ခံစားနေရသည်။

ဤခံစားချက်ကြောင့် ကပ်ဘေးရောဂါကောင်းကင်ဘုံအရှင်မှာ အတော်လေး စိတ်ဓာတ်ကျသွားရသည်။

ရန်ကျောက်ကဲကတော့ သူရရှိလိုက်သည့် ရလဒ်များအတွက် အလွန်ကျေနပ်လျှက် ရှိသည်။

သူက နောက်မှလိုက်လာသူများကို မျက်ခြေဖြတ်ပြီးနောက် မည်သည့်စကားမှမဆိုဘဲ ပြုံးလျှက်ပင် ရောင်စုံအလင်းတန်းစက်ဝန်းအား ခွေမုလန်ထံ လွှဲပြောင်းပေးလိုက်သည်။

ခွေမုလန်က ရောင်စုံစက်ဝန်းကို သိမ်းယူလိုက်ပြီး ပိုင်ဟွာရှို့၏ အခြေအနေကို သေချာစွာ စစ်ဆေးလိုက်သည်။

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ လူငယ်ကောင်းကင်ဘုံအရှင်”

ရန်ကျောက်ကဲက...

“ဝတ်ရုံဝါမဟာသူတော်စင်က ယဉ်ကျေးလွန်းနေပါပြီ ၊ ဒါက ကျွန်တော်လုပ်ရမယ့်အလုပ်ပါပဲ”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်က တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓရဲ့လုပ်ရပ်ကို ရွံရှာလို့ သူ့ကို တားဆီးလိုက်တာပါ။ ဒါပေမဲ့ သူက ခင်ဗျားရဲ့ဇနီးကို စော်ကားဖို့ မကြိုးစားဘဲ သတ်ဖြတ်ဖို့လောက်ပဲ ကြိုးစားမယ်ဆိုရင်တောင် ကျုပ်က ဝင်ကူညီမှာ မဟုတ်ပါဘူး ၊ ပြီးတော့ ကျုပ် ဝင်ပြီးကူညီလိုက်ရတာကလည်း ခင်ဗျားဆီမှာ အကူအညီတောင်းစရာတစ်ခု ရှိနေလို့ပါ”

ရန်ကျောက်ကဲစကားကိုကြားတော့ ဝတ်ရုံဝါမဟာသူတော်စင်က အံ့အားသင့်သွားခြင်း မရှိပေ။

သူက...

“လူငယ်ကောင်းကင်ဘုံအရှင် အခုလို ပွင့်ပွင့်လင်းလင်းပြောပြတာ လေးစားမိပါတယ် ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ဇနီးကို ကယ်တင်ခဲ့တာဆိုတော့... ငါ့ဘက်က တတ်နိုင်သလောက် ပြန်ကူညီပေးပါ့မယ် ၊ ဒါကြောင့် ပြောစရာရှိတာသာပြောပါ ၊ ငါ အကောင်းဆုံး ကြိုးစားပေးပါ့မယ်”

ရန်ကျောက်ကဲက...

“ခင်ဗျားမှာ 'ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း' ဆိုတဲ့ ရတနာတစ်ခု ရှိတယ်လို့ ကြားဖူးတယ် ၊ အဲဒီရတနာက အခုထိ ခင်ဗျားလက်ထဲမှာ ရှိနေသေးလား”

ခွေမုလန်က ရန်ကျောက်ကဲအား အံ့အားသင့်စွာကြည့်လိုက်ပြီး...

“လူငယ်ကောင်းကင်ဘုံအရှင်က ငါ့မှာ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းရှိမှန်း ဘယ်လိုသိတာလဲ”

သို့သော် သူက အံ့အားသင့်ရုံမျှသာဖြ်စပြီး ထပ်မံစပ်စုမေးမြန်းခြင်း မပြုခဲ့ပေ။

သူက ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ် ၊ အဲဒီရတနာ ငါ့လက်ထဲမှာ ရှိပါတယ် ၊ လူငယ်ကောင်းကင်ဘုံအရှင် လိုချင်တယ်ဆိုရင် ပေးပါ့မယ်”

ပြောပြီးသည်နှင့် သူက သိုလှောင်လက်စွပ်ထဲမှ အညိုဖျော့ဖျော့အရောင်ရှိသော ကျောက်တုံးတစ်တုံးကိုထုတ်ယူပြီး ရန်ကျောက်ကဲအား ပေးအပ်လိုက်သည်။

ရန်ကျောက်ကဲက ထိုကျောက်တုံးကို လက်ခံယူလိုက်ပြီး ၊ သူ နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သည့် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း ဟုတ်မဟုတ် သေချာစေရန် စစ်ဆေးလိုက်သည်။

ဟုတ်မှန်သည်ဆိုတော့မှ စိတ်အေးသွားရလေသည်။

ထိုပစ္စည်း ခွေမုလန်လက်ထဲ မရှိတော့မည်ကို သူ စိုးရိမ်နေခဲ့ရပြီး နောက်ဆက်တွဲပြဿနများ ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်နေခဲ့သည်။

ယခုတော့ အရာအားလုံး အဆင်ပြေသွားခဲ့ပေပြီ။

“ဒီပစ္စည်းနဲ့ဆိုရင် ဂိုဏ်းတူအစ်မ’ယွီ’ အတွက် စိတ်ပူစရာ မရှိတော့ဘူး”

ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်မိလေသည်။

အခန်း (၁၆၇၄) ဂိုဏ်းတူအစ်မ'ယွီ' စောင့်နေတာ ကြာလှပါပြီ

ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို သိမ်းလိုက်ပြီးနောက် ရန်ကျောက်ကဲက ခွေမုလန်ကို ကြည့်လိုက်ပြီး...

“ခင်ဗျားဇနီးက အခု အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူ ဖြစ်နေပြီဆိုတော့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ထိုစကားကိုကြားတော့ ခွေမုလန် ခဏမျှ တိတ်ဆိတ်သွားသည်။

သူက ပိုင်ဟွာရှို့အား အမတခုံရုံး သို့မဟုတ် အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပကျင့်ကြံသူအဖြစ် ရှိနေမည်ကို သဘောမကျပေ။

သို့သော် အမတခုံရုံးထက် အဖြူရောင်ကြာပန်းသုခဘုံဆိုလျှင် အနည်းငယ်ပိုပြီး လက်ခံနိုင်ဖွယ် ရှိသည်။

အဘယ်ကြောင့်ဆိုသော် ယခု ခွေမုလန်က အဖြူရောင်ကြာပန်းသုခဘုံနှင့် မဟာမိတ်ဖြစ်သော နတ်မိစ္ဆာမျိုးနွယ်များဘက်တွင် ရှိနေသောကြောင့် ဖြစ်၏။

ချန်စန်းရှင်းဟိုင်က အင်အားကြီးမားနေသရွေ့ ပိုင်ဟွာရှို့ အဖြူရောင်ကြာပန်းသုခဘုံတွင်ရှိနေခြင်းက ခွေမုလန်အတွက် ပြဿနာ မဟုတ်ပေ။

ထို့ကြောင့်ပင် သူက ပိုင်ဟွာရှို့ကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်ရန်အတွက် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓတစ်ပါးကိုဖိတ်ခေါ်ရန် သဘောတူခဲ့ခြင်းပင်။

ကံမကောင်းသည်မှာ သူက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို သတ်ဖြတ်ခဲ့မိသည်။

ပြင်ပကျင့်ကြံသူများအတွက်ပင် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကျွမ်းကျင်သူတစ်ယောက် ဆုံးရှုံးလိုက်ရခြင်းက အလွန်တရာကြီးမားသည့် ဆုံးရှုံးမှု ဖြစ်သည်။

ယခင်တစ်ချိန်က စောမင်ကျန့်နှင့် ရန်ကျောက်ကဲတို့ အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သဖြင့် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးအား တိုက်ပွဲများတွင် ဆက်တိုက်အနိုင်ယူနိုင်ခဲ့သည်။

ပိုင်ဟွာရှို့၏ဝိညာဉ်ကို စစ်ဆေးပြီးနောက် ပိုင်ဟွာရှို့အား အလင်းပေးရန် ဖိတ်ခေါ်ခဲ့သော တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားခဲ့ရကြောင်း ခွေမုလန် သိရှိလိုက်ရသည်။

နတ်မိစ္ဆာမျိုးနွယ်က အဖြူရောင်ကြာပန်းသုခဘုံထက် ပိုမိုအင်အားကြီးသည်မှန်သော်လည် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို သတ်ဖြတ်မိခြင်းက ခွေမုလန်၏အမှားသာ ဖြစ်သည်။

ဟုတ်ပေ၏။

တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ပိုင်ဟွာရှို့၏ ယင်စွမ်းအားကိုစုပ်ယူရန် ကြံစည်ခဲ့သည့်အတွက် ခွေမုလန်က ခုခံကာကွယ်ခဲ့သည်ဆိုသော အကြောင်းပြချက်တော့ ရှိပေသည်။

သို့ပေသိ ဤကိစ္စမှာ အဖြူရောင်ကြာပန်းသုခဘုံဘက်မှ အကျည်းတန်စွာ ရှုံးနိမ့်သွားမည့် အဖြေမထွက်သော အငြင်းပွားမှုတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေမည်။

မည်သို့ပင်ဖြစ်စေ နတ်မိစ္ဆာမျိုးနွယ်မှ မဟာသူတော်စင်တစ်ပါးဖြစ်သည့် ခွေမုလန်မှာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓထက် အဆင့်အတန်း ပိုမိုမြင့်မားသည် အမှန်ပင်။

ထို့ကြောင့် သူအနေဖြင့် ပိုင်ဟွာရှို့ကို ချန်စန်းရှင်းဟိုင်သို့ ခေါ်ဆောင်သွားပြီး အဖြူရောင်ကြာပန်းသုခဘုံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင်လုပ်ဆောင်ရန်မှာ နောက်ကျသေးသည်တော့ မဟုတ်ပေ။

နောက်ပိုင်းမှ အဖြူရောင်ကြာပန်းသုခဘုံကို ထပ်မံအကူအညီတောင်းခံပြီး ပိုင်ဟွာရှို့ကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပြန်ပေးအပ်ခိုင်းနိုင်သည်။

ထိုသို့ဆိုလျှင် နောင်တစ်ချိန် အမတခုံရုံးနှင့် ပတ်သက်လာနိုင်သည့် ပြဿနများကို အမြစ်ပြတ် ရှင်းထုတ်ပစ်နိုင်ပေမည်။

နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံက ပိုင်ဟွာရှို့၏ပြဿနာကို ဖြေရှင်းပေးနိုင်သရွေ့ ခွေမုလန်က နတ်မိစ္ဆာမျိုးနွယ်ကိုသစ္စာဖောက်ပြီး အနာက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးတွင် သစ္စာခံရန် ဆွဲဆောင်နိုင်မည့်နည်းလမ်း မရှိပေ။

ဟုတ်ပေ၏။

ပိုင်ဟွာရှို့ကို ပြင်ပကျင့်ကြံသူလမ်းကြောင်းမှ ကယ်ထုတ်နိုင်မည့်နည်းလမ်း ရှိမည်ဆိုလျှင် ခွေမုလန်က သူမကို လမ်းမှန်တာအိုဝါဒအတိုင်း ကျင့်ကြံရန်သာ လိုလားပေသည်။

ယခု ရန်ကျောက်ကဲမေးခွန်းကိုကြားတော့ ခွေမုလန်စိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။

သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...

“အရင်က ငါ့ဇနီးနဲ့ဝေးရာမှာပဲ နေခဲ့မိတယ် ၊ အခုတော့ သူက အမတခုံရုံးရဲ့အလိမ်ခံရပြီး ပြင်ပတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ ၊ ဒါက သူ့အနာဂတ်ကို အကြီးအကျယ် ထိခိုက်စေမှာပဲ ၊ အတိတ်က အမှားတွေအတွက် ငါ အရမ်းနောင်တရမိတယ် ၊ လူငယ်ကောင်းကင်ဘုံအရှင်မှာ ဒီကိစ္စကို ပြင်ဆင်နိုင်မယ့် နည်းလမ်းတစ်ခုခုများရှိမယ်ဆိုရင် ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါလား ၊ ငါ ဒီကျေးဇူးကို သေချာပြန်ဆပ်ပါ့မယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ပြင်ပကျင့်ကြံခြင်းလမ်းစဉ်က လမ်းမှန်တာအိုဝါဒအတွက် အကြီးမားဆုံးအန္တရယ်ပါပဲ ၊ ကျုပ်တို့လည်း ဒီနှစ်တွေအတွင်း အကြီးအကဲတွေနဲ့တိုင်ပင်ပြီး ပြင်ပကျင့်ကြံခြင်းလမ်းစဉ်ကို သေချာလေ့လာနေခဲ့ပါတယ် ၊ ဘာလို့လဲဆိုတော့ အားလုံးကို လမ်းမှန်ပေါ် ပြန်ရောက်စေချင်တယ်လေ”

သူက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“သုတေသနတွေကနေ တချို့ရလဒ်တွေ ထွက်ပေါ်လာပေမယ့် အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ် ၊ ဒါကြောင့် ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေ့ပြီလို့တော့ မပြောဝံ့သေးဘူး ၊ ဒီတော့ ကျုပ်တို့ပူးပေါင်းပြီး အတူတူနည်းလမ်းရှာကြတာပေါ့”

ရန်ကျောက်ကဲ အာမခံချက်မပေးရဲကြောင်း သိလိုက်သည်နှင့် ခွေမုလန်၏ နောက်ဆုံးမျှော်လင့်ချက်အလင်းတန်း ငြိမ်းသတ်သွားရသည်။

“အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်” ဆိုသည့်စကားက အောင်မြင်မှုရရန် နည်းပါးသေးသည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းသာပင်။

“အတူတူနည်းလမ်းရှာကြတာပေါ့” ဆိုသည့်စကားက ပိုင်ဟွာရှို့ကို ကုသပေးခြင်းက စမ်းသပ်ချက်တစ်ခုသာ ဖြစ်နေကြောင်း ပြသနေသည်။

ခွေမုလန်က သက်ပြင်းချရင်း...

“ငါကိုယ်တိုင်ဆိုရင်တော့ ဒီလိုအခြေအနေမျိုးမှာ စွန့်စားကြည့်နိုင်ပါတယ် ၊ ဒါပေမဲ့ ငါ့ဇနီးကိုတော့ ဒီလို အန္တရယ်မျိုးထဲ ဆွဲမထည့်ရက်ဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျုပ် နားလည်ပါတယ်”

အရိပ်အမြွက်ပြလိုက်ရုံဖြင့် လုံလောက်ပြီဖြစ်သည်။

ဤကိစ္စပြီးဆုံးသည့်နောက် ခွေမုလန်က နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံဘက်မှာပင် ဆက်ရှိနေမည်လား ၊ သို့မဟုတ် အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံဘက်သို့ ကူးပြောင်းသွားမည်လား မပြောနိုင်ပေ။

သူတို့က လမ်းမှန်တာအိုဝါဒအတွက် ရန်သူများပင် ဖြစ်လာနိုင်ခြေရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် သူတို့နှင့် ထပ်ဆင့်ဆက်သွယ်မှုများ မပြုလုပ်ခြင်းက အကောင်းဆုံး ဖြစ်၏။

ခွေမုလန်က ပိုင်ဟွာရှို့ကိစ္စအတွက် ရန်ကျောက်ကဲတို့ စန်းချင်းသုံးပါးအဆက်အနွယ်အပေါ်မှာပင် အပြစ်ပုံချလာနိုင်သည်။

ရန်ကျောက်ကဲကတော့ သူ စမ်းသပ်ကြည့်ရမည့်လူတစ်ယောက်အား လက်လွှတ်လိုက်ရသဖြင့် နှမျောမိသော်လည်း သူ၏ဂိုဏ်းအတွက်တော့ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးကို ရန်ငြိုးဖယ်ရှားကာ လမ်းရှင်းပေးလိုက်နိုင်ပေပြီ။

ရန်ကျောက်ကဲက လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...

“ဒါဖြင့် ဒီမှာပဲ လမ်းခွဲကြတာပေါ့ ဝတ်ရုံဝါမဟာသူတော်စင်”

ခွေမုလန်ကလည်း ရန်ကျောက်ကဲကို ပြန်လည်ဂါရဝပြုလိုက်သည်။

“ဒီနေ့ ကူညီပေးတာ ကျေးဇူးတင်ပါတယ် လူငယ်ကောင်းကင်ဘုံအရှင် ၊ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”

သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။

ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို ရရှိပြီးနောက် ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ တာအိုစကြာဝဠာသို့ ပြန်လာခဲ့သည်။

တာအိုစကြာဝဠာအနီးသို့ ရောက်သည့်အခါ မှောင်မိုက်သည့်ဗလာနယ်ထဲတွင် လူတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။

အခြားသူမဟုတ် ၊ ဖန်းယွင်ရှန်းပင် ဖြစ်၏။

ရန်ကျောက်ကဲက သူ့လက်ဖဝါးကိုဖြန့်လိုက်ရာ ညိုမှိုင်းမှိုင်းအဆင်းရှိသော ကျောက်တုံးတစ်တုံး ထွက်ပေါ်လာသည်။ ထိုကျောက်တုံးမှ ထူးဆန်းသော စွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်နေသည်။

“ဒီခရီးစဉ်က တကယ်အကျိုးရှိသွားတယ်”

ဖန်းယွင်ရှန်းက ထိုကျောက်တုံးကိုကြည့်လိုက်ရာ ၊ ကျောက်တုံးကိုယ်၌က ရက်စက်ကြမ်းတမ်းဟန်ရှိသော်လည်း အတွင်းပိုင်းမှာတော့ အလွန်ငြိမ်းချမ်းကြည်လင်သည့် ဝိညာဉ်စွမ်းအားများစွာ စုဝေးနေကြောင်း အာရုံခံလိုက်မိသည်။

ရက်စက်ကြမ်းတမ်းခြင်းနှင့် ငြိမ်းချမ်းကြည်လင်ခြင်း ဂုဏ်သတ္တများမှ အညိုရောင်ကျောက်တုံးထဲတွင် သဟဇာတဖြစ်စွာ တသားတည်းတည်ရှိနေပြီး ခမ်းနားသော ဆွဲဆောင်မှုတစ်ရပ်ကို ပေးစွမ်းနေသည်။

ဖန်းယွင်ရှန်းက သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...

“အခုမှ စိတ်အေးရတော့တယ်”

သူမက ဆက်ပြောလိုက်သည်။

“သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံကို သွားကြရအောင်၊ ဂိုဏ်းတူအစ်မ'ယွီ' စောင့်နေတာ ကြာလှပါပြီလေ”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပြီ၊ သွားကြရအောင်”

သူတို့စုံတွဲ သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံစကြာဝဠာသို့ဝင်ရောက်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိလာကြသည်။

ကြိုတင်သတင်းရရှိထားသော လုန်ရှင်းချွမ်၊ ကောင်းရွှယ်ပေါ်နှင့် အခြားသူများက ဝမ်းသာအားရပင် ကြိုဆိုပြီး ယွီယဲ့အနားယူအိပ်စက်နေသည့်နေရာသို့ ခေါ်ဆောင်သွားကြသည်။

တံခါးပိတ်ကျင့်ကြံနေသော ကောင်းချင်းရွှမ်သည်ပင် မြေးမလေးအတွက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့သည်အထိပင်။

သူတို့အားလုံး ယွီယဲ့၏အခန်းထဲတွင် စုဝေးလိုက်ကြသည်။

ရန်ကျောက်ကဲက ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း၊ သွေးကျောက်ခြင်ဆီ ၊ ပင်လယ်ထက်သန်အမြုတေနှင့် အခြားသော ရတနာများစွာကိုထုတ်ယူပြီး အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အစီအရင်ပြင်ဆင်ပြီးသည်နှင့် ရန်ကျောက်ကဲက ယွီယဲ့ကို ထပ်မံစစ်ဆေးကြည့်ပြီး အစီအရင်အတွင်းသို့ ပို့ဆောင်ပေးလိုက်၏။

အစီအရင်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ယွီယဲ့၏ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

အစီအရင်အတွင်းမှ အင်းသင်္ကေတများက အမှတ်အသားတစ်ခုအသွင် ပြောင်းလဲသွားပြီး အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများက လေထုထဲသို့ လွင့်ပျံသွားပြီး ပိုးထည်တစ်စပမာ ယွီယဲ့၏ခန္ဓာကိုယ်အား ရစ်ပတ်ထားလိုက်သည်။

သွေးကျောက်ခြင်ဆီအတွင်းပိုင်းမှ သွေးအနှစ်ကဲ့သို့ နီညိုရောင်အရည်ကြည်များ ထွက်ပေါ်လာပြီး ယွီယဲ့၏ခန္ဓာကိုယ်အား ဝိုင်းရံသွားသည်။

ထို့နာက် သွေးရည်ကြည်များက အရေပြားမွေးညင်းပေါက်များမှတစ်ဆင့် သူမ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

ညိုမှိုင်းမှိုင်းအရောင်ရှိသော ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းမှ အညိုနုရောင်အလင်းတန်းများထွက်ပေါ်လာပြီး ယွီယဲ့၏ မျက်ခုံးနှစ်ခုကြားရှိ ယွင်စွမ်းအားဗဟိုချက်သို့ ဖြည်းညင်းစွာ ဝင်ရောက်သွားသည်။

အစီအရင်၏ သက်ရောက်မှုအောက်တွင် ပင်လယ်ထက်သန်အမြုတေမှာလည်း တိတ်ဆိတ်စွာအက်ကွဲသွားပြီး မြူခိုးတိမ်တိုက်များအဖြစ် ပြောင်းလဲသွားကာ ယွီယဲ့၏အသက်ရှူလမ်းကြောင်းအတိုင်း ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။

အခြားသော ရတနာပစ္စည်းများမှာလည်း ရန်ကျောက်ကဲပြုလုပ်ထားသည့် အစီအရင်မှတစ်ဆင့် ယွီယဲ့၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။

ပိုးသားပမာ အလင်းတန်းများက ယွီယဲ့၏ခန္ဓာကိုယ်အား ဗဟိုပြုကာ ဝဲဂယက်တစ်ခုပမာ အဆက်မပြတ် လည်ပတ်နေသည်။

ယွီယဲ့၏ခန္ဓာကိုယ်က ရတနာပစ္စည်းများ၏ အနှစ်သာရများကိုစုပ်ယူပြီး ဖြည်းဖြည်းချင်း သန့်စင်ပစ်လိုက်သည်။

ထို့နောက် ရတနပစ္စည်းများအားလုံး ယွီယဲ့၏ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး အလင်းတန်းများ၏လည်ပတ်မှုသည်လည်း နှေးကွေးသွားသည်။

All Chapters