အခန်း (၁၆၇၇-၁၆၇၈)
Vol. 120 Ch. 1677-1678
အခန်း (၁၆၇၇) ရန်ကျောက်ကဲ၏အစီအစဉ်
ယွီယဲ့က ခံစားချက်ကင်းမဲ့သူတစ်ယောက်ပမာ ထင်မှတ်ရသည်။
သူမကြီးပြင်းလာသည့် ခရမ်းလမ်းကြောင်းအရ ဆုံးဖြတ်ချက်ပြတ်သားသူလည်း ဖြစ်သည်။
သူမ အရွယ်ရောက်သည့်အထိ စောင့်ရှောက်ပေးခဲ့သော လုန်ရွှယ်ကျီးကိုယ်တိုင်ကပင် သူမက အခြားသူများထက်ပိုပြီး စိတ်ဓာတ်ခိုင်မာကြောင်း အတည်ပြုပေးခဲ့သည်။
သို့ပေသိ စိတ်ဓာတ်ခိုင်မာ ပြတ်သားသူများဆိုသည်က တခါတလေ အစွဲအလန်းကြီးပြီး သံသယများတတ်၏။
စိတ်ဓာတ်ခိုင်မာမှုနှင့် သံသယကြီးမှုက မတူညီသော်လည်း အချို့သောအခြေအနေများတွင် ၎င်းတို့ကြားရှိ နယ်နိမိတ်မှာ ဝေဝါးသွားတတ်သည်။
ယွီယဲ့က အပေါင်းအသင်းနည်းပြီး သူမ၏နေ့စဉ်ဘဝသည်လည်း ရိုးရှင်းမှုရှိသည်။ သို့သော် သူမက ဓားသိုင်းကျင့်ကြံရာမှာတော့ မယိမ်းယိုင်သည့်စိတ်ထားကို ပိုင်ဆိုင်သည်။
ထိုစိတ်ဓာတ်ကြောင့်ပင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကြုံတွေ့ရသည့် အထီးကျန်ဆန်မှုနှင့်အခက်အခဲများကို သည်းခံဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်၏။
သူမက လောကီရေးရာများကို တပ်မက်စွဲလန်းမှုမရှိသော်လည်း သူမနှင့်နီးစပ်သူများကိုတော့ သံယောဇဉ် ရှိတတ်သည်။
သူမက ကောင်းကင်သန့်စင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် အမြဲတမ်း အတွေးထဲနစ်မျောနေသည့်ပမာ ထင်မှတ်ရသော်လည်း ကျင့်ကြံခြင်းတွင် အလွန်အာရုံစူးစိုက်သူ ဖြစ်၏။
ထို့ကြောင့် သူမ ပို၍တည်ငြိမ်လေ လုန်ရွှယ်ကျီး၊ ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများက ပို၍ စိုးရိမ်လေ ဖြစ်ရသည်။
ဟုတ်ပေ၏။
ယွီယဲ့၏စရိုက်အရဆိုလျှင် ထိုသို့တည်ငြိမ်နေခြင်းမှာ သူမ၏စိတ်နှလုံး မငြိမ်မသက်ဖြစ်နေခြင်းကို ဆိုလိုသည်။
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“သူ့ကို သွားကြည့်ရအောင်”
လုန်ရွှယ်ကျီးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို ခေါ်ဆောင်ကာ ယွီယဲ့ရှိရာသို့ ထွက်ခွာလာသည်။
ယခု ယွီယဲ့က ငြိမ်သက်စွာထိုင်လျှက်ရှိသည်။
“အဘွား... ဒါဆို အခု ဝူတန့်မယ်တော်က နတ်ဘုရားသုတ်သင်အစီအရင်ကို စောင့်ရှောက်ဖို့ တာဝန်ယူထားတာပေါ့”
သူမက ကောင်းချင်းရွှမ်အား မေးမြန်းလိုက်သည်။
ကောင်းချင်းရွှမ်က...
“ဟုတ်တယ် ၊ လွန်ခဲ့တဲ့နှစ်တွေမှာ ဝူတန့်မယ်တော်နဲ့ ယွင်ရှောင်းနတ်သမီးက နတ်ဘုရားသုတ်သင်အစီအရင်ကို အလှည့်ကျ တာဝန်ယူစောင့်ရှောက်ပေးနေခဲ့တာ ၊ ဒါကြောင့်လည်း အဘွားတို့ လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူတွေ အေးအေးချမ်းချမ်း နေထိုင်နိုင်တာပေါ့”
ယွီယဲ့က အသာအယာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန် အခန်းထဲသို့ ရန်ကျောက်ကဲတို့ (၃)ယောက်ဝင်လာသည်ကိုတွေ့သည်နှင့် သူမက လှမ်းကြည့်လိုက်ပြီး...
“ဂိုဏ်းတူမောင်လေး'ရန်'၊ ကျွန်မအတွက် ဒီနှစ်တွေမှာ ပင်ပန်းခံပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
ရန်ကျောက်ကဲက ညင်သာသည့်လေသံဖြင့်...
“ဂိုဏ်းတူအစ်မ'ယွီ'... အားနာစရာ မလိုပါဘူး”
ယွီယဲ့က သူ့ကိုကြည့်လိုက်ပြီး...
“ကျွန်မရဲ့ အဘိုးနဲ့ အဘွားတို့က ဒီနှစ်တွေအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြောပြထားပါတယ်။ ဂိုဏ်းတူမောင်လေး'ရန်'နဲ့ ယွင်ရှန်း… ရှင်တို့နှစ်ယောက်က…”
စကားမဆုံးခင်မှာပင် ယွီယဲ့၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ခဏမျှတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော်တို့ အစ်ကို'နျဲ့'နဲ့ တွေ့ခဲ့ပါတယ်”
ယွီယဲ့က ညင်သာသည့်လေသံဖြင့်...
“သူ့ရဲ့ ကနဦးကောင်းကင် ယွမ်ဖေးခန္ဓာက နတ်ဆိုးပြန်လည်ဝင်စားနိုင်တဲ့ သက်ရောက်မှုရှိတယ်ဆိုတဲ့ ရှင်တို့ခန့်မှန်းချက်ကို အဘိုးပြောပြလို့ ကြားပြီးပါပြီ”
သူမက ဆက်ပြောလိုက်သည်။
“သူ... အခု... ဘယ်လိုဖြစ်နေလဲဟင်”
ရန်ကျောက်ကဲက...
“ကျွန်တော် တပ်အပ်တော့ မပြောနိုင်ဘူး”
သူက ဆက်ပြောလိုက်သည်။
“မူလစိတ်ဝိညာဉ်နတ်ဆိုးနဲ့ တခြားသော မဟာနတ်ဆိုးတွေကလည်း အနားမှာ ရှိနေတော့ တစ်ခုခု ထူးခြားမှုရှိရင်တောင် အလွယ်တကူ သိနိုင်မှာ မဟုတ်ဘူးလေ”
ရန်ကျောက်ကဲသည် ယွီယဲ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် လုန်ရှင်းချွမ်၊ ကောင်းချင်းရွှမ်၊ လုန်ရွှယ်ကျီး၊ ကောင်းရွှယ်ပေါ်နှင့် အခြားသူတို့အား လှည့်ကြည့်လိုက်သည်။
“အခုတင်ပဲ ကျွန်တော်နဲ့ ယွင်ရှန်း တိုင်ပင်နေကြတာ ၊ ကျွန်တော်တို့ ငရဲကိုးထပ်နဲ့ အပေးအယူတစ်ခုလုပ်ပြီး သူတို့တုံ့ပြန်မှုကို စမ်းကြည့်မလားလို့”
“ဟင်...”
ထိုစကားကြားတော့ ယွီယဲ့၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားသည်။
ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့၏မျက်နှာများကတော့ ချက်ချင်းပင် တည်ကြည်လေးနက်သွား၏။
ရန်ကျောက်ကဲက ယွီယဲ့၏ တုံ့ပြန်မှုကို အကဲခတ်ရင်း သူ၏အစီအစဉ်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
နောက်မှ သူက ယွီယဲ့၏ တောက်ပနေသောမျက်ဝန်းများကို စူးစိုက်ကြည့်လိုက်ပြီး...
“ဒီကိစ္စက ဂိုဏ်းတူအစ်မ'ယွီ' အတွက် အန္တရာယ် ရှိပါတယ် ၊ အစ်မ သူတို့နဲ့ထိတွေ့မိတာနဲ့ ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးဘုရင်တစ်ပါးကို ရင်ဆိုင်ရမှာပါ။”
ရန်ကျောက်ကဲစကားထဲမှ “အန္တရယ်” ဆိုသည့်စကားလုံးမှာ နျဲ့ကျင်းရှန်က သူမကို ထိခိုက်စေနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
အဓိကမှာ သူမအနေဖြင့် နတ်ဆိုးဘုရင်၏ စိတ်လှည့်စားခြင်းကို ခံရနိုင်ခြေ ရှိနေခြင်း ဖြစ်၏။
သူမ၏စိတ်ဝိညာဉ်တွင် အနည်းငယ်မျှသော အားနည်းချက်လေးတစ်ခု ရှိနေပါက နတ်ဆိုးဘုရင်က ထိုအချက်ကို အကျယ်ချဲ့ကာ အသုံးချသွားပေလိမ့်မည်။
ယွီယဲ့က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...
“ကျွန်မ နားလည်ပါတယ် ၊ အဆင်သင့်မဖြစ်သေးဘဲ ကျွန်မ သွားမှာ မဟုတ်ပါဘူး”
သူမက ဖန်းယွင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး
“ကျွန်မအတွက်နဲ့ ယွင်ရှန်းက အန္တရယ်ရှိမှာကိုတော့ တကယ်ပဲ အားနာမိတယ်”
ဖန်းယွင်ရှန်းက ပြုံးလိုက်ပြီး...
“ဂိုဏ်းတူအစ်မ'ယွီ' စိတ်မပူပါနဲ့”
သူမက ဆက်ပြောလိုက်သည်။
“ကျွန်မထက်ဆာရင် ငရဲကိုးထပ်က ပိုပြီးအန္တရယ်များပါလိမ့်မယ် ၊ ဒါကြောင့်လည်း သူတို့ဘက်ကပဲ တွန့်ဆုတ်နေခဲ့တာလေ”
ယွီယဲ့ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ စိတ်ကိုတည်ငြိမ်စေလိုက်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဖြင့် ဂိုဏ်းတူအစ်မ'ယွီ' အသင့်ဖြစ်ပြီဆိုရင် ကျွန်တော်တို့ ငရဲကိုးထပ်ကို ဆက်သွယ်လိုက်ပါမယ်။”
ယွီယဲ့က သတိပြန်ရခါစဖြစ်သည့်အတွက် အချက်အလက်များစွာကိုနားလည်ရန် အချိန်ယူဖို့လိုအပ်သည်။ ရန်ကျောက်ကဲက သူမကို အနှောင့်အယှက် မပေးလိုတော့သဖြင့် ထွက်ခွာလာခဲ့သည်။
လုန်ရှင်းချွမ်၊ ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့သည်လည်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့နောက်သို့ လိုက်လာခဲ့ကြသည်။
ကောင်းချင်းရွှမ်တစ်ဦးသာ မြေးမလေးကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သည်။
သူတို့အုပ်စု အပြင်သို့ရောက်သည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချလိုက်ကြသည်။
“ဂိုဏ်းတူအစ်မ'ယွီ' ကိုယ်တိုင် ဆန္ဒရှိနေတဲ့အတွက် အစ်ကို’နျဲ့’ လမ်းမှန်ကို ပြန်လှည့်လာနိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်”
သူက လုန်ရှင်းချွမ်တို့ (၃)ယောက်ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမိတာကို အကြီးအကဲတို့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်”
သူက ဤစကားကို အဓိကအားဖြင့် ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ကို ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ ၊ ယွီယဲ့နှင့် အခြားသူများအတွက် နျဲ့ကျင်းရှန်က အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်သည်။
သို့သော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ စန့်ချင်အဆက်အနွယ်များအတွက်မူ နျဲ့ကျင်းရှန်က ထူးချွန်သည့် ယွိချင်အဆက်အနွယ်တစ်ယောက်သာ ဖြစ်သည်။
သူတို့ကြားတွင် ရဲဘော်ရဲဘက်စိတ်ဓာတ် အတိုင်းအတာတစ်ခုအထိ ရှိနိုင်သည့်တိုင် ယွီယဲ့ကဲ့သို့ သွေးသာရင်းချာ ရင်းနှီးမှုမျိုး မရှိပေ။
နျဲ့ကျင်းရှန်က ယွီယဲ့ကို ကယ်တင်ရင်း နတ်ဆိုးလမ်းသို့ ကျရောက်သွားခဲ့ခြင်းအတွက် ကောင်းချင်းရွှမ်တို့က ကျေးဇူးတင်ရှိနေသည်မှာ အမှန်ပင်။
သို့သော် ယွီယဲ့အနေဖြင့် ကျေးဇူးဆပ်ရန်အတွက် အသက်ကိုရင်းရမည်ဆိုသည့်အချက်မှာ သူတို့အတွက် လက်ခံရခက်သော ကိစ္စဖြစ်သည်။
နျဲ့ကျင်းရှန်နှင့် လုန်ရှင်းချွမ်တို့က အဆက်အနွယ်တူညီသည်ဟု ဆိုနိုင်သော်လည်း ကောင်းချင်းရွှမ်နှင့် သူ၏သားများကတော့ အဆက်အနွယ် ဝေးကွာသည်ပင်။
ထို့ပြင် နွယ်ပင်ဧကရီ’လီယင်း’ သေဆုံးခဲ့သည့်ကိစ္စကလည်း ရှိနေသည်ဖြစ်ရာ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကြောင့် သူတို့၏ ဆက်ဆံရေးက ပိုမိုရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်နေရသည်။
ကောင်းရွှယ်ပေါ်က သက်ပြင်းချလိုက်ပြီး...
“ကျင်းရှန်ရဲ့ကိစ္စက ငါတို့အားလုံးမှာ တာဝန်ရှိပါတယ် ၊ အခုတော့ ကံတရားကိုပဲ အားကိုးကြတာပေါ့”
ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး လုန်ရှင်းချွမ်တို့ သားအဖများအား နှုတ်ဆက်ကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတည်ရှိရာ သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံစကြာဝဠာမှ ထွက်ခွာလာခဲ့လေသည်။
သူနှင့်ဖန်းယွင်ရှန်း အရင်ဆုံး ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံသို့ ရောက်လာခဲ့ကြသည်။
စောမင်ကျန့်က ကြာပန်းစိမ်းရတနာအလံကို သန့်စင်နေဆဲဖြစ်၏။
အလံပေါ်မှ အညစ်အကြေးအများစုမှာ ကင်းစင်သွားပြီဖြစ်ပြီး အလံ၏တောက်ပမှု ပြန်လည်ထွက်ပေါ်ခါနီး ဖြစ်နေပေပြီ။
သို့သော် သန့်စင်မှု အဆုံးသတ်ခါနီးလေလေ ပို၍ခက်ခဲလေဖြစ်လာပြီး အလုံးစုံသန့်စင်ရန်အတွက် အရင်ကထက် အချိန်ပိုပေးကာ အားထုတ်နေရသည်။
ရန်ကျောက်ကဲကလည်း အလျင်စလိုမရှိသဖြင့် ငရဲကိုးထပ်နှင့် အပေးအယူလုပ်မည့်အစီအစဉ်ကို စောမင်ကျန့်အားပြောပြရင်း စကားလက်ဆုံကျနေလိုက်သည်။
ရန်ကျောက်ကဲက ငရဲကိုးထပ်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိသော်လည်း စောမင်ကျန့်၏ အကူအညီကိုတော့ လိုအပ်ကောင်း လိုအပ်လာနိုင်သည်။
စောမင်ကျန့်၏ သစ်သားနတ်ဆိုးနှင့် အရိပ်နတ်ဆိုးကို ချုပ်နှောင်နိုင်သည့် စွမ်းရည်မှာ အလွန်ပင် ထူးခြားလှသည်။
သူ ကောင်းကင်နတ်ဘုရားအဆင့် တက်ရောက်ပြီးကတည်းက အရိပ်နတ်ဆိုးကို ဖိနှိပ်နိုင်ခဲ့သည်။ စောမင်ကျန့်အတွက်ဆိုလျှင် အရိပ်နတ်ဆိုးမှာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်တစ်ပါးမျှသာ ဖြစ်သည်။
စောမင်ကျန့်သာ မကူညီလျှင် နတ်ဘုရားသုတ်သင်အစီအရင်ကို အသုံးပြုခြင်းနှင့် ယန်ကျန်းကို အကူအညီတောင်းခြင်းမှလွဲပြီး အရိပ်နတ်ဆိုးကို ရင်ဆိုင်နိုင်မည့်သူ မရှိပေ။
အဘယ်ကြောင့်ဆိုသော် အရိပ်နတ်ဆိုး၏ သဘောသဘာဝမှာ ပြိုင်ဘက်က ပို၍သန်မာလေ သူတို့ကိုယ်တိုင်လည်း ပို၍ အစွမ်းထက်လာလေ ဖြစ်သောကြောင့်ပင်။
ရှေးယခင်အချိန်များကဆိုလျှင် အရိပ်နတ်ဆိုးက တာအိုဝါဒ၏ ဧကရာဇ်(၄)ပါးကိုဦးဆောင်သူ ကျီဝေးဧကရာဇ်အဖြစ် ဟန်ဆောင်ခဲ့ဖူးသည်။
သူ့ကို ကျီဝေးဧကရာဇ်ကိုတိုင် ယှဉ်ပြိုင်တိုက်ခိုက်သည့်တိုင် အရိပ်နတ်ဆိုးက ရှုံးနိမ့်ခဲ့ခြင်း မရှိပေ။
သို့သော် အရိပ်နတ်ဆိုးအနေဖြင့် သူ၏ဟန်ဆောင်ပုံဖော်နိုင်စွမ်းကို ထိန်းချုပ်နိုင်သည့် ရန်သူမျိုးနှင့် ရင်ဆိုင်ရလျှင်တော့ အခက်တွေ့သည့်အခြေအနေသို့ ရောက်သွားတတ်သည်။
ရန်ကျောက်ကဲ၏ စကားများကို ကြားပြီးနောက် စောမင်ကျန့်က ကန့်ကွက်ခြင်းမရှိဘဲ သဘောတူလိုက်သည်။
စောမင်ကျန့်ကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံမှ ထွက်ခွာခဲ့ကြပြီး အဝေးတစ်နေရာရှိ အခြားသော စကြဝဠာတစ်ခုဖြစ်သော ထာဝရသစ္စာကောင်းကင်ဘုံသို့ ထွက်ခွာလာခဲ့ကြသည်။
“ထာဝရသစ္စာကောင်းကင်ဘုံ” ဆိုသည်က ကျန်ရှိသည့် ပင်လယ်ငြိမ်သက်ပုလဲတစ်လုံးကို အသုံးပြုကာ ရန်ကျောက်ကဲ ဖန်ဆင်းတည်ဆောက်ခဲ့သည့် စကြာဝဠာအသစ် ဖြစ်လေသည်။
အခန်း (၁၆၇၈) တာအိုစကြာဝဠာ
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးအနက် (၆)လုံးမှာ လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များ၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို ပင်လယ်ငြိမ်သက်ပုလဲ (၆)လုံးကို အသုံးပြုပြီး လမ်းမှန်တာအိုဝါဒက စကြာဝဠာများစွာ ဖန်တီးခဲ့သည်။
ထိုစကြာဝဠာများထဲတွင် စောမင်ကျန့် တည်ဆောက်ခဲ့သော ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံ၊ ဝူတန့်မယ်တော် ဖန်တီးခဲ့သော သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ် တည်ထောင်ခဲ့သော အဝါရောင်မဟာဧကရာဇ်ကောင်းကင်ဘုံနှင့် ယွင်ရှောင်းနတ်သမီးဖန်ဆင်းခဲ့သော ငြိမ်သက်မူလမြစ်ရေကောင်းကင်ဘုံတို့ ပါဝင်သည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲ တည်ဆောက်ခဲ့သည့် ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် ထာဝရသစ္စာကောင်းကင်ဘုံတို့လည်း ရှိပေသေးသည်။
ထို စကြာဝဠာကောင်းကင်ဘုံကြီး (၆)ခုမှာ ဘေးချင်းယှဉ်လျက် တည်ရှိနေပြီး လက်ရှိ တာအိုဝါဒ ပြန်လည်ရှင်သန်ရေးအတွက် အတူတကွ အခြေခံအုတ်မြစ်များ ချမှတ်ပေးခဲ့ကြသည်။
စောမင်ကျန့်၏ ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံနှင့် ရန်ကျောက်ကဲ အသစ်တည်ထောင်ထားသော ထာဝရသစ္စာကောင်းကင်ဘုံတို့မှလွဲ၍ ကျန်ကောင်းကင်ဘုံ (၄) ခုတွင် လူဦးရေများပြားစွာဖြင့် အလွန်ပင် စည်ကားတိုးတက်လျှက် ရှိသည်။
လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များက သူတို့ကိုယ်ပိုင် ကောင်းကင်ဘုံများကို ဖွင့်လှစ်ခဲ့ကြပြီး တာအိုကျင့်ကြံသူ မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန်အတွက်လည်း ဤနေရာများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ကြသည်။
ကျူတောပင်လယ်ကောင်းကင်ဘုံနှင့် သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံတို့တွင် ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိထားပြီးဖြစ်သလို မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ အဝါရောင်မဟာဧကရာဇ်ကောင်းကင်ဘုံနှင့် ယွင်ရှောင်းနတ်သမီး၏ ငြိမ်သက်မူလမြစ်ရေကောင်းကင်ဘုံတို့တွင်လည်း အခြေခံအုတ်မြစ်များကို ဖြည်းဖြည်းချင်း စတင်တည်ဆောက်နေကြပေပြီ။
အပြင်လူများအနေဖြင့် ကြည့်မည်ဆိုလျှင် လမ်းမှန်တာအိုဝါဒ၏ အခြေအနေက ပိုမိုတည်ငြိမ်ပြီး ဘေးကင်းလုံခြုံလာပြီ ဖြစ်သည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တည်ထောင်ထားပြီးဖြစ်သော စကြာဝဠာများသည်လည်း ပိုမို၍ စည်ပင်ဝပြောလာမည်မှာ အသေအချာပင်။
ထာဝရသစ္စာကောင်းကင်ဘုံအတွက်လည်း ရန်ကျောက်ကဲတွင် အစီအစဉ်များ ရှိနှင့်ပြီးဖြစ်သည်။
သို့သော် လောလောဆယ်တော့ သူ၏အစီအစဉ်များကို ခဏဆိုင်းငံ့ထားရသည်။
ထိုက်ယီကျန်းရန်က တတိယမင်းသား'နီကျား'ကို ပြန်လည်ခေါ်ဆောင်လာပြီးနောက် ရန်ကျောက်ကဲ အသစ်ဖွင့်လှစ်ထားသည့် လူသူမရှိသေးသော ထာဝရသစ္စာကောင်းကင်ဘုံတွင် အခြေချနေထိုင်နေခဲ့သည် မဟုတ်လား။
ဤတည်ငြိမ်အေးဆေးသော ပတ်ဝန်းကျင်တွင် ထိုက်ယီကျန်းရန်က 'နီကျား'၏ မိစ္ဆာချီများ အလုံးစုံပြေပျောက်သွားစေရန် ကြိုးပမ်းအားထုတ်လျှက် ရှိသည်။
ဤဖြစ်စဉ်က အချိန်တော်ကြာမြင့်နေပြီဖြစ်သည့်တိုင် အလျင်စလိုလုပ်၍ မရနိုင်ပေ။
ယခု ရန်ကျောက်ကဲက နီကျားအား သွားရောက်ကြည့်ရှုရန်အတွက် ထာဝရသစ္စာကောင်းကင်ဘုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
နီကျား၏အခြေအနေက ဆိုးရွားခြင်း မရှိတော့ပေ။
ထိုက်ယီကျန်းရန်၏ ကြိုးပမ်းမှုကြောင့် 'နီကျား'၏ ပြင်းထန်သောစွမ်းအားရောင်ဝါများ တဖြည်းဖြည်း လျော့ပါးလာပြီး ပြန်လည်ကောင်းမွန်လာရန် နီးစပ်နေပေပြီ။
ရန်ကျောက်ကဲ၏စကားများကို နားထောင်ပြီးနောက် ထိုက်ယိကျန်းရန်က တည်ကြည်လေးနက်စွာဖြင့်...
“မင်း 'မူလစိတ်ဝိညာဉ်နတ်ဆိုး'ကိုတော့ သတိထားသင့်တယ်၊ အထူးသတိထားဖို့လိုတယ်”
သူက ဆက်ပြောလိုက်သည်။
“ထိပ်တန်းမဟာနတ်ဆိုး (၆) ပါးထဲမှာ 'မူလစိတ်ဝိညာဉ်နတ်ဆိုး'က ကိုင်တွယ်ရအခက်ဆုံးပဲ”
ထိုက်ယီကျန်းရန်၏ သတိပေးစကားအပေါ် ရန်ကျောက်ကဲက ပေါ့ပေါ့ဆဆ မတွေးခဲ့ပေ။
မဟာကပ်ဘေးကြီးမတိုင်ခင်က ထိုက်ယီကျန်းရန်ကဲ့သို့သော တာအိုဝါဒ၏ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက ငရဲကိုးထပ်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးကြသည်။
အထူးသဖြင့် ယွိချင်အဆက်အနွယ်များ ဖြစ်ကြ၏။
ထိုတိုက်ပွဲတွင် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး မပါဝင်ခဲ့သည့်တိုင် ငရဲကိုးထပ်တွင် တန်ပြန်တိုက်ခိုက်နိုင်သည့် ထိပ်တန်းစွမ်းအားရှင်များစွာ ရှိနေသေးသည်။
ထိုအထဲတွင် ဒဏ်ရာရရှိထားခြင်း မရှိသေးဘဲ အထွတ်ထိပ် အခြေအနေတွင် ရှိနေသည့် မူလစိတ်ဝိညာဉ်နတ်ဆိုးလည်း ပါဝင်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏စွမ်းအားက ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ပိုမိုနက်ရှိုင်းသည်။
သူက သက်ရှိသတ္တဝါတို့၏ စိတ်အာရုံထဲသို့ အချိန်မရွေး စိမ့်ဝင်နိုင်စွမ်းရှိပြီး မည်သူမျှ ကာကွယ်နိုင်စွမ်း မရှိကြပေ။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဦးဆောင်မှုအောက်တွင် ငရဲကိုးထပ်က အခြားသော အင်အားစုများကို ခုခံရင်းဖြင့်ပင် ထိုက်ယီကျန်းရန်ကဲ့သို့သော ထိပ်သီးပုဂ္ဂိုလ်များကို အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့သည်။
ထို့ပြင် မူလစိတ်ဝိညာဉ်နတ်ဆိုး၏ လှည့်ဖြားတတ်သော သဘောသဘာဝကြောင့် လောကရှိ သိုင်းပညာအများစုမှာ သူ့ကို ထိခိုက်နိုင်စွမ်း မရှိသလောက် ဖြစ်ရသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ထိခိုက်အောင်လုပ်နိုင်သူ အလွန်ပင် ရှားပါးလှ၏။
ထိုနှစ်ကတိုက်ပွဲတွင် မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသော ယွင်ကျုန်းကျီသာ ပါဝင်တိုက်ခိုက်ခဲ့ခြင်း မရှိပါက မူလစိတ်ဝိညာဉ်နတ်ဆိုးကို ဒဏ်ရာအပြင်းအထန်ရရှိအောင် ပြုလုပ်နိုင်ရန် အလွန်တရာ ခဲယဉ်းပေမည်။
ဟုတ်ပေ၏။
မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် အပြင်းအထန် ရင်ဆိုင်ခဲ့သည့် ယွင်ကျုန်းကျီက တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကတော့ ယနေ့တိုင် အသက်ရှင်လျက် ကျန်ရှိနေခဲ့သည်။
ယခင်က သူ၏ဒဏ်ရာများ ပျောက်ကင်းခြင်းမရှိသေးဘဲ အကြိမ်အနည်းငယ် ထွက်ပေါ်လာခဲ့ဖူးသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ငရဲကိုးထပ်၏ နတ်ဆိုးများထဲတွင် အလွန်လှည့်ဖြားတတ်သူဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အထူးသတိထားရန် လိုအပ်သည်။
ထိုနတ်ဆိုးက ယခုအချိန်တွင် ဒဏ်ရာများပျောက်ကင်းသွားပြီလား မည်သူမှ မသိနိုင်ပေ။
ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ထိပ်တန်းကျွမ်းကျင်သူများစွာက ငရဲကိုးထပ်မှ အခွင့်အရေးရယူရန် ကြံစည်နေကြသည်။
တစ်ချိန်တည်းမှာပင် ငရဲကိုးထပ်သည်လည်း သူတို့၏စွမ်းအားကို ပြန်လည်စုစည်းကာ အသင့်ပြင်ဆင်လျှက်ရှိသည်ဖြစ်ရာ ၊ နတ်ဆိုးများထဲတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးကို မည်သူမျှ လျှော့တွက်၍ မရပေ။
ရန်ကျောက်ကဲက ထိုက်ယီကျန်းရန်အား ဦးညွှတ်လိုက်ပြီး...
“ဒါနဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်ရော ပြန်လည်ကောင်းမွန်လာပါပြီလား”
ထိုက်ယီကျန်းရန်က နဂါးကိုးကောင်ငရဲအုပ်ဆောင်းအောက်တွင်ရှိနေသည့် နီကျားအားကြည့်လိုက်ပြီး စိတ်သက်သာရာရသည့် အမူအရာဖြင့် စကားဆိုလိုက်သည်။
“နောက်ရက်ပိုင်းဆို သူ အပြည့်အဝ ပြန်ကောင်းလာတော့မယ် ၊ မင်းတို့တွေ ငရဲကိုးထပ်နဲ့ အပေးအယူမလုပ်ခင် သူ အပြီးသတ်ပြန်ကောင်းလာနိုင်ဖို့ မျှော်လင့်ရတာပဲ”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပါပဲ”
လောလောဆယ်တော့ ထိုက်ယီကျန်းရန်နှင့် နီကျားတို့က ထာဝရသစ္စာကောင်းကင်ဘုံတွင်သာ ဆက်လက်နေထိုင်ကြမည်ဖြစ်ပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကတော့ ကျူတောပင်လယ်ကောင်းကင်ဘုံသို့ ပြန်သွားကြမည် ဖြစ်သည်။
ယွီယဲ့ သတိပြန်ရလာသည့်သတင်းကိုကြားတော့ ဝါဒတောင်ဂိုဏ်းရှိလူတိုင်း စိတ်သက်သာရာ ရသွားကြသည်။
တောင်ပေါ်သို့ရောက်သည်နှင့် ယင်လုန်ထူက ဝမ်းသာအားရ ရယ်မောရင်း ဆီးကြိုကာ စကားဆိုလိုက်သည်။
“ဂိုဏ်းတူအစ်မ'ယွီ' ဘာမှမဖြစ်တော့တာ အရမ်းဝမ်းသာတာပဲ”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“တကယ်တော့ သူ့ကို အစောကြီးကတည်းက ပြန်သတိရလာအောင် လုပ်လို့ရပါတယ် ၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ဒဏ်ရာဟောင်းတွေ မကျန်ခဲ့စေချင်လို့ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းနဲ့ သွေးကျောက်ခြင်ဆီလို ရတနာပစ္စည်းတွေရဖို့ ငါ ဒီနှစ်တွေအတွင်း လုံးပန်းနေခဲ့ရတာပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဒီနှစ်တွေအတွင်း အားလုံး ဝိုင်းဝန်းကူညီပေးကြတာ ကျေးဇူးတင်ပါတယ် ၊ ပြီးတော့ ညီလေး’ယင်လုန်ထူ’ သာ ကူညီမပေးခဲ့ရင် ထိုက်ယီကျန်းရန်နဲ့ ကြာပန်းပင်လယ်သုံးစင်းအရှင်တို့ကို ငါတို့တွေ ပြန်ခေါ်လာနိုင်မှာ မဟုတ်ဘူး”
ယင်လုန်ထူက ရိုးသားသည့်မျက်နှာထားဖြင့် ပြုံးလိုက်ပြီး...
“ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူအစ်မ’ယွီ’ ဘေးကင်းသွားရင် ပြီးတာပါပဲ”
ယင်လုန်ထူ၏ ဘေးတွင် မျက်စိတစ်ဖက်လပ် လူငယ်တစ်ယောက် ရှိနေသည်။
ထိုလူငယ်က...
“ဟုတ်တယ်... ဂိုဏ်းတူအစ်မ’ယွီ’ သတိပြန်ရလာတာ တကယ် ဝမ်းသာစရာပါပဲ”
ပြီးမှ သူက သက်ပြင်းချလိုက်ပြီး...
“ဒါပေမဲ့ အစ်ကို'နျဲ့'အတွက်တော့ တကယ် စိတ်မကောင်းဘူး…”
ဆုံးဖြတ်ချက်ခိုင်မာပုံရသော ထိုလူငယ်က မျက်လုံးတစ်ဖက်လပ်နေပြီး အခြားသောမျက်လုံးတစ်ဖက်ကို အနက်ရောင်အဝတ်ဖြင့် စည်းနှောင်ထားသည်။
သူက ရန်တိ၏တပည့် ၊ ရန်ကျောက်ကဲ၏ ဂိုဏ်းတူညီ ‘ရှကွမ်း’ ပင် ဖြစ်၏။
ယင်လုန်ထူကဲ့သို့ပင် ရှကွမ်းသည်လည်း နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ပြီး မျိုးဆက်သစ် “မိုးကြိုးဧကရာဇ်” ဆိုသော ဘွဲ့အမည်ကို ရရှိထားသည်။
ယွမ်ကျန်းဖုန်း၊ ဖန်ကျွင်း၊ ယင်လုန်ထူ၊ စစ်ခုန်ချင်းနှင့် ရှကွမ်းတို့အားလုံး မကြာသေးမီ ရာစုနှစ်အတွင်း နတ်ဘုရားတံခါးကို ကျော်ဖြတ်ကာ အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့ကြသည်။
ထို့ပြင် ဝါဒတောင်၏ စတုတ္ထမျိုးဆက်တွင် ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ခံထားရသည့် ရှီကျွင်းသည်လည်းနတ်ဘုရားလူသားကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၏။
ယခင်က ရှိနှင့်ပြီးဖြစ်သော နတ်ဘုရား (၄) ပါးဖြစ်သည့် ရန်ကျောက်ကဲ၊ ရန်တိ၊ ဖန်းယွင်ရှန်းနှင့် ရွှီဖေးတို့ကို ထပ်ပေါင်းလိုက်ပါက ဝါဒတောင်ဂိုဏ်းတွင် နတ်ဘုရားအဆင့်သို့ ရောက်ရှိသူ (၁၀) ဦး ရှိသွားပြီဖြစ်သည်။
သူတို့ကို ပြင်ပလောကတွင် “ဝါဒတောင်မှနတ်ဘုရား(၁၀)ပါး” ဟု ချီးကျူးခေါ်ဆိုကြသည်။
ထို့ပြင် ဝါဒတောင်နှင့် နီးစပ်သော အဆက်အနွယ်များထဲတွင်လည်း အစစ်အမှန်နတ်ဘုရား (၃)ပါး ရှိနေသေးသည်။
ရွှယ်ချူးချင် ၊ ဟွမ်ဟူထင်နှင့် ရန်ရှောင်အိုက်တို့ပင် ဖြစ်၏။
ထိုမျှမက ဝါဒတောင်တွင် အရည်အချင်းရှိသော လူသစ်များစွာ ထပ်မံထွက်ပေါ်လာပြီး ဂိုဏ်း၏စွမ်းအားမှာလည်း အလုံးစုံ တိုးတက်လာခဲ့သည်။
လူငယ်ပါရမီရှင်များထဲမှ အများစုမှာလည်း နတ်ဘုရားလူသားကပ်ဘေးကို ရင်ဆိုင်ရန် ကြိုးပမ်းလျက် ရှိကြသည်။
တာအိုဝါဒ၏ မှောင်မိုက်သောအခြေအနေက အတိတ်တွင် ကျန်ရစ်ခဲ့ပေပြီ။
ဝါဒတောင်ဂိုဏ်း၏ ဦးဆောင်မှုဖြင့် တာအိုဝါဒ မျိုးဆက်သစ်များ တောက်ပလာကြပြီး တာအိုဝါဒ ပြန်လည်ရှင်သန်ရေးကို ဦးဆောင်လျက် ရှိပေသည်။
ရှကွမ်း၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင် တန်ခိုးစွမ်းအားအသုံးပြုပြီး သူ၏ထိခိုက်ထားသော မျက်လုံးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်ပေသည်။
သို့တိုင် သူက အကြောင်းကြောင်းကြောင့် ထိုခိုက်ထားသောမျက်လုံးကို မကုစားဘဲ ဤအတိုင်း နေထိုင်ခဲ့သည်။
ရှကွမ်းမှာ စည်းကမ်းထိန်းသိမ်းရေးဌာန၏ ပထမနေရာ အကြီးအကဲမှ နုတ်ထွက်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ သူ၏နေရာကို ဆက်ခံသူ ရှီကျွင်းသည်လည်း ထိုရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ရာထူးနေရာများတွင် ဆက်ခံသူအသစ်များ ရှိနှင့်ပြီးဖြစ်သော်လည်း မျိုးဆက်သစ်များအတွက်တော့ ရှကွမ်း ၊ ရှီကျွင်း စသည်တို့က အစဉ်လေးစားအားကျစရာ ပုဂ္ဂိုလ်များအဖြစ် ရှိနေခဲ့သည်။
ယခုဆိုလျှင် ရှကွမ်းက ဝါဒတောင်တွင် ဂုဏ်သိက္ခာရှိပြီး ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် ရပ်တည်နေခဲ့သည်။
သူက ရန်ကျောက်ကဲရှေ့တွင် ပေါ့ပါးပွင့်လင်းစွာ စကားပြောဆိုတတ်သော်လည်း ယခင်အတိုင်းပင် ရန်ကျောက်ကဲအား လေးစားစွာ ဆက်ဆံနေဆဲ ဖြစ်သည်။
သူ့ပုံစံက ရှေးယခင်အချိန်ကလိုပင် စိတ်မရှည် ၊ သွေးပူလွယ်သည့် လူငယ်လေးတစ်ယောက်ပမာပင်။
ရန်ကျောက်ကဲက...
“အစ်ကို'နျဲ့'ရဲ့ အခြေအနေကတော့ ပြောဖို့ခက်တယ် ၊ ငါလည်း တတ်နိုင်သလောက်တော့ ကြိုးစားကြည့်ရမှာပဲ”
သူက ဆက်ပြောလိုက်သည်။
“ခဏနေရင် ငါ ကျောက်စိမ်းကျောက်ဆောင်ကိုသွားပြီး ဆရာဦးလေး'ယွဲ့'နဲ့ တွေ့ဖို့ရှိတယ်”
သူ ပြန်ရောက်လာကတည်းက နျဲ့ကျင်းရှန်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် ယွဲ့ကျန့်ပေနှင့် တွေ့ဆုံပြီး ဖြစ်သည်။ သို့သော် တာအိုဝါဒက ငရဲကိုးထပ်နှင့် အပေးအယူပြုလုပ်မည့်အကြောင်း ယွဲ့ကျန့်ပေအား အသိပေးရန် ကျန်ရှိနေသေး၏။