← Chapters

အခန်း (၁၆၇၉-၁၆၈၀)

Vol. 120 Ch. 1679-1780

အခန်း (၁၆၇၉-၁၆၈၀)

Vol. 120 Ch. 1679-1780

အခန်း (၁၆၇၉) ငရဲကိုးထပ်နှင့်အပေးအယူ

ကျောက်စိမ်းကျောက်ဆောင်ကိုရောက်တော့ ရန်ကျောက်ကဲ ရင်းနှီးသည့်မိတ်ဆွေတစ်ယောက်နှင့် တွေ့ဆုံရသည်။

သူက ကျင်းထင်တောင်မှ ချောင်ကျယ်၏တပည့် ယင်စန်းတောင်ဓားဘုရင် 'လုန်ဟန့်ဟွာ' ပင် ဖြစ်၏။

လုန်ဟန့်ဟွာက ကျောက်စိမ်းကျောက်ဆောင်တွင် ဧည့်သည်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲကိုမြင်တော့ လုန်ဟန့်ဟွာက ဝမ်းသာအားရပင် နှုတ်ဆက်သည်။

“ယွီယဲ့ နေကောင်းသွားပြီဆိုတဲ့သတင်း ကြားတယ်”

ရန်ကျောက်ကဲကလည်း စိတ်သက်သာရာရဟန်ဖြင့် ခေါင်းညိတ်ရင်း...

“ဟုတ်တယ်”

လုန်ဟန့်ဟွာဟာ လုန်ရွှယ်ကျီး၏ သားဖြစ်သည်။

ယွီယဲ့၏အမေ လုန်ရွှယ်နင်က သူ၏အဒေါ်ရင်းဖြစ်လေရာ သူနှင့် ယွီယဲ့က ဝမ်းကွဲမောင်နှများ ဖြစ်ကြသည်။

လွန်ခဲ့သောအချိန်များတုန်းက လုန်ဟန့်ဟွာဟာ လင်ဟန့်ဟွာဆိုသည့်အမည်ကို အသုံးပြုပြီး ဖခင်ဖြစ်သူ လုန်ရွှယ်ကျီးနှင့် အဘိုးဖြစ်သူ လုန်ရှင်းချွမ်တို့ကိုယ်စား ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ ပြန်လာကာ အခြေချနေထိုင်ရင်း ကျင်းထင်တောင်သို့ ဝင်ရောက်ကာ ချောင်ကျယ်ထံတွင် တပည့်ခံခဲ့သည်။

ကံမကောင်းစွာပင် သူ့အကြောင်း ပေါ်သွားပြီး အထက်ဘုံကမ္ဘာမှ ထွက်ခွာခဲ့ရသည်။

အဆက်အနွယ် မတူကြသည့်တိုင် လုန်ဟန့်ဟွာက ဆရာဖြစ်သူ ချောင်ကျယ်နှင့် ကျင်းထင်‌တောင်ကို အမြဲတမ်း ရိုသေလေးစားခဲ့သည်။

အချိန်များစွာကုန်လွန်ပြီး အခြေအနေများ သိသိသာသာ ပြောင်းလဲသွားပြီးနောက် သူက ချောင်ကျယ်၏ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

လုန်ဟန့်ဟွာက ကျင်းထင်တောင်မှာပင် နေထိုင်ကျင့်ကြံခဲ့ပြီး မိသားစုများကိုတွေ့ဆုံရန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရံဖန်ရံခါမှသာ အလည်အပတ် ပြန်လေ့ရှိသည်။

လုန်ရှင်းချွမ်ကြောင့် လုန်ဟန့်ဟွာဟာ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် နေထိုင်ရင်း ကျောက်စိမ်းကျောက်ဆောင်သို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည်။

ထို့ကြောင့် ဝမ်ဖူတို့နှင့်လည်း အတော်အတန် ရင်းနှီးလေသည်။

လက်ရှိမှာတော့ လုန်ဟန့်ဟွာက နတ်ဘုရားတံခါးကို တွန်းမဖွင့်နိုင်သေးဘဲ လူသားအထွတ်ထိပ်အဆင့်မှာပင် ရှိနေသေးသည်။

ဤသည်က သူကျင့်ကြံနေသည့် 'ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း' နည်းလမ်းနှင့် သက်ဆိုင်နေသည်။

ဓားလမ်းစဉ်နှင့် ပတ်သက်လျှင် သူလျှောက်သည့်လမ်းကြောင်းက ဖခင်ဖြစ်သူ လုန်ရွှယ်ကျီးနှင့် အတော်‌လေး ကွဲပြားခြားနားပြီး ဦးလေးဖြစ်သူ’ကောင်းရွှယ်ပေါ်’ နှင့် တူမဖြစ်သူ ကောင်းချင်တို့၏လမ်းကြောင်းနှင့် ပိုမိုဆင်တူသည်။

မကြာသေးမီအချိန်က ကျင်းထင်တောင်တွင် အစစ်အမှန်နတ်ဘုရားတစ်ပါး ထွက်ပေါ်ခဲ့သော်လည်း လုန်ဟန့်ဟွာကတော့ တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့သူမှာ ချောင်ကျယ်၏နောက်ဆုံးတပည့် ၊ လုန်ဟန့်ဟွာ၏ ဂိုဏ်းတူညီ’ထန်ယုံဟောင်’ ပင် ဖြစ်သည်။

သူက အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ နေသူတော်စင်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်ပြီး သူ၏ထက်မြက်မှုက အရင်လူများထက် ပိုမိုတောက်ပလေသည်။

လက်ရှိမှာတော့ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် ဝါဒတောင်က ထိပ်ဆုံးတွင် ရှိနေသည်။

ဝါဒတောင်ပြီးလျှင် ကျောက်စိမ်းကျောက်ဆောင်နှင့် မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးတို့က ပိုမိုထင်ရှားသည်။

ကျောက်စိမ်းကျောက်ဆောင်နှင့် ကြာပန်းနီကမ်းပါးပြီးလျှင်တော့ အစစ်အမှန်နတ်ဘုရား(၂)ပါး ထွက်ပေါ်ထားသည့် ကျင်းထင်တောင်က ကျော်ကြားလေသည်။

မကြာသေးမီအချိန်ကပင် သူတို့၏ဂုဏ်သတင်းက နှစ်ပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ ရေခဲလှိုင်းကျောင်းတော်ကို ဖြတ်ကျော်တက်သွားခဲ့သည်။

ထန်ယုံဟောင်က လုန်ဟန့်ဟွာကို ကျော်တက်သွားသည်ဟု ထင်ရသော်လည်း လုန်ဟန့်ဟွာက စန့်ချင်အဆက်အနွယ်၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော 'ဓားထုတ်ခြင်းနှင့် ဓားကျင့်ကြံခြင်း' ကို ကျင့်ကြံနေသော‌ကြောင့် ဖြစ်သည်။

ထိုကျင့်စဉ် ကျင့်ကြံပြီးသည်နှင့် လုန်ဟန့်ဟွာ၏ ငုပ်လျှိုးနေသမျှ တန်ခိုးစွမ်းအားများက နောက်ပိုင်းတွင် အကြီးအကျယ် ပေါက်ကွဲထွက်လာပေလိမ့်မည်။

ထန်ယုံဟောင်အကြောင်း တွေးမိတော့ ရန်ကျောက်ကဲ မန်ဝမ်ကို သတိရသွားသည်။

မန်ဝမ်သည်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာ၊ နေသူတော်စင်ဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်သည်။

သူမက ထန်ယုံဟောင်ထက် ပိုမိုစောစီးစွာ နတ်ဘုရားတံခါးကို ကျော်ဖြတ်နိုင်ခဲ့ပြီး နတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။

အောက်ဘုံကမ္ဘာတွင် ဝါဒတောင်၏ရန်ဘက်ဖြစ်ခဲ့သော နေသူတော်စင်ဂိုဏ်းမှ နတ်ဘုရား(၂)ပါး ထွက်ပေါ်လာခဲ့သည်။

ဟုတ်ပေ၏။

ယနေ့ သူတို့နှစ်ယောက် ဤသို့သော အောင်မြင်မှုများ ရရှိစေရန် မြောက်ဖေးတောင်ထွတ်နှင့် ကျင်းထင်တောင်တို့က တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ နေသူတော်စင်ဂိုဏ်းကတော့ သမိုင်းထဲတွင် ကျန်ရစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခု ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာတွင် နေသူတော်စင်ဂိုဏ်းသစ်ကို တည်ထောင်ထားသည့်တိုင် အရင်ကနှင့်မတူတော့သည့် အသစ်သော အင်အားစုတစ်ခုသာလျှင် ဖြစ်၏။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင်ရှိစဉ်က အဖြစ်အပျက်များကို ပြန်တွေးမိသောအခါ ရန်ကျောက်ကဲ သက်ပြင်းမချဘဲ မနေနိုင်ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သည်။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ သမိုင်း၏ဖုန်မှုန့်များက ထင်ရှားကျော်ကြားသူများစွာကို မြေမြှုပ်ပေးခဲ့သလို အချို့သူများကိုလည်း အခွင့်အရေးကိုအသုံးချကာ တောက်ပလာစေရန် လမ်းစဖွင့်ပေးခဲ့သည်။

လောကဓံတရားမှာ အမြဲပြောင်းလဲနေပြီး တည်မြဲခြင်း မရှိပေ။

အရင်အချိန်က အမှတ်တရများကို ပြန်လည်အောင်းမေ့မိသောအခါ လွမ်းဆွတ်ဖွယ်ရာ ခံစားချက်များက ရင်ထဲသို့ ဝင်ရောက်လာသည်။

“ဂိုဏ်းတူအစ်ကို'လုန်'၊ ဆရာဦးလေး'ယွဲ့'နဲ့ တွေ့ပြီးပြီလား”

ရန်ကျောက်ကဲက အတွေးစကို ဖြတ်တောက်ပြီး လုန်ဟန့်ဟွာအား မေးမြန်းလိုက်သည်။

လုန်ဟန့်ဟွာက ခေါင်းညိတ်လိုက်ပြီး...

“ဆရာဦးလေး’ယွဲ့’ က ကျင့်ကြံနေတယ် ၊ ညီလေး’ရန်’ သွားတွေ့လိုက်ဦးလေ ၊ ငါတော့ ကျင်းထင်တောင်မှ ကိစ္စလေးတွေရှိလို့ ပြန်လိုက်ဦးမယ်”

ရန်ကျောက်ကဲက လုန်ဟန့်ဟွာကို နှုတ်ဆက်စကားပြောပြီးနောက် ဝမ်ဖူနှင့် ကျောက်စိမ်းကျောက်ဆောင်မှ ဂိုဏ်းတူညီများအား လိုက်လံနှုတ်ဆက်လိုက်သည်။

သူက ကျောက်စိမ်းကျောက်ဆောင်ကို ကောင်းစွာရင်းနှီးနေသူဖြစ်ရာ ဝမ်ဖူတို့ လမ်းပြပေးစရာမလိုဘဲ ယွဲ့ကျန့်ပေထံသို့ တန်းသွားလိုက်သည်။

ရန်ကျောက်ကဲ စကားများကိုနားထောင်ပြီး‌နောက် ယွဲ့ကျန့်ပေ ခေါင်းညိတ်လိုက်သည်။

“မင်း ဒုက္ခခံပြီး ပြောပြပေးတာ ကျေးဇူးပါပဲ ၊ ဖြစ်နိုင်မယ်ဆိုရင် ငါလည်း ကျင်းရှန်ကို ပြန်တွေ့ချင်မိပါတယ်”

ရန်ကျောက်ကဲက...

“အဲဒါကတော့ ငရဲကိုးထပ်နဲ့ ဆက်သွယ်ပြီးရင် ထွက်လာမယ့် ရလဒ်အပေါ်မှာပဲ မူတည်နေတယ်”

သူက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“အစ်ကို'နျဲ့'ရဲ့ အခြေအနေကတော့ ကြိုတင်မှန်းဆဖို့ ခက်ခဲပါတယ်”

ယွဲ့ကျန့်ပေက...

“ငါ နားလည်ပါတယ်”

ထို့နောက် သူက မျက်လုံးများကို ပြန်လည်မှေးမှိတ်ပြီး ကျင့်ကြံနေလိုက်သည်။

ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲလည်း နှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။

ဝါဒတောင်သို့ ပြန်ရောက်သည်နှင့် ရန်ကျောက်ကဲက အပြင်လောကမှ သတင်းအချက်အလက်များကို စုစည်းရင်း ဆက်လက်ကျင့်ကြံနေခဲ့သည်။

ပိုင်ဟွာရှို့ကိစ္စ ဖြစ်ပျက်ပြီးနောက် ချန်စန်းရှင်းဟိုင်ရှိ နတ်မိစ္ဆာမျိုးနွယ်များနှင့် အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာ ကျင့်ကြံသူများကြား မကျေနပ်ချက်များရှိလာမည် အမှန်ပင်။

ရန်ကျောက်ကဲအနေဖြင့် အသေးစိတ်အချက်အလက်များကို အကန့်အသတ်ဖြင့်သာ နားလည်သော်လည်း အချိန်တစ်ခု ကြာပြီးသည့်နောက် နတ်မိစ္ဆာမျိုးနွယ်များနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ အပေးအယူတည့်သွားကြဟန် ရှိသည်။

အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများက ပိုင်ဟွာရှို့အား ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်နိုင်ခဲ့သည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အပေါ် ထားရှိသော သူမ၏ယုံကြည်မှုက ဘုရားလောင်းထံသို့ ပြောင်းလဲသွားခဲ့ပြီး သူမခန္ဓာကိုယ်မှ ယုံကြည်ခြင်းရတနာအလင်းတန်းသည်လည်း ဗုဒ္ဓရောင်ခြည်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဆုံးသတ်မှာတော့ သူမက အမတခုံရုံးရှိ ပြင်ပတာအိုကျင့်ကြံသူတို့၏ လက်တွင်းမှ လွတ်မြောက်သွားခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ အဖြူရောင်ကြာပန်းသုခဘုံက အသင့်ပြင်ထားခဲ့သည်။

သူတို့က ပိုင်ဟွာရှို့၏ဝိညာဉ်ထဲတွင်ရှိနေသော ထူးခြားချက်များကို သတိထားမိပြီးဖြစ်ရာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် တိုက်ခိုက်ခွင့်ရသွားအောင် အခွင့်အရေး မပေးတော့ပေ။

ပိုင်ဟွာရှို့က ဘုရားလောင်းထံ ယုံကြည်ခြင်းပြောင်းလဲခဲ့သော်လည်း အဖြူရောင်ကြာပန်းသုခဘုံအတွက် အမှုမထမ်းဘဲ ခွေမုလန်က သူမကို နတ်မိစ္ဆာမျိုးနွယ်များနေထိုင်ရာ ချန်စန်းရှင်းဟိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့၏ တိုက်ပွဲက အရှိန်အဟုန်ပြင်းထန်နေသော်လည်း သူမအနေဖြင့် ပါဝင်တိုက်ခိုက်စရာ မလိုတော့ပေ။

သူမက ဘုရားလောင်းထံ ယုံကြည်ခြင်းပြောင်းလဲပြီးနောက် ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်သွားသည့်အတွက် အဖြူရောင်ကြာပန်းသုခဘုံကတော့ သိပ်ပြီး မကျေနပ်ကြပေ။

သူမအနေနှင့် အရင်ဘဝက မှတ်ဉာဏ်များ ဆုံးရှုံးထားသည့် အခြေအနေတွင် ခွေမုလန်နှင့် မည်သို့အဆင်ပြေအောင် နေထိုင်သွားမည်လဲဆိုသည်ကိုတော့ ရန်ကျောက်ကဲ မသိရှိပေ။

ချန်စန်းရှင်းဟိုင်တွင် ခွေမုလန်၏ နောက်ပိုင်းအခြေအနေများက‌တော့ အရင်ကလောက် ကောင်းမွန်တော့မည် မဟုတ်ပေ။

အခြားသော နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများက သူ့အတွက် ပိုင်ဟွာရှို့က မည်မျှအရေးပါကြောင်း နားလည်ကြမည် မဟုတ်ပေ။

သူက ဤမိန်းမပျိုအတွက် ပြဿနာပေါင်းများစွာကို ဖန်တီးခဲ့ပြီးဖြစ်ရာ အများစုကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုအဖြစ် သတ်မှတ်ကြမည်မှာ အသေအချာပင်။

ပိုင်ဟွာရှို့က အဖြူရောင်ကြာပန်းသုခဘုံသို့ ကူးပြောင်းသွားခဲ့သော်လည်း ခွေမုလန်က သူမကို ချန်စန်းရှင်းဟိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

သတိထားရမည့်အချက်ကြောင့် ခွေမုလန်က အခြားသော မဟာနတ်မိစ္ဆာများနှင့် အလှမ်းဝေးသွားခဲ့သည်။

ချန်စန်းရှင်းဟိုင်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က ယခုအချိန်အထိ မဟာမိတ်များအဖြစ် ရှိနေဆဲဖြစ်သည့်တိုင် အရင်ကလောက် ရင်းနှီးမှု မရှိတော့ပေ။

ခွေမုလန်သည်လည်း ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် သူ့စိတ်ထဲ ဘာတွေးနေသည်ကို မည်သူမှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ခွေမုလန်အဖြေင့် နှစ်အနည်းငယ်တော့ တိတ်တဆိတ် နေထိုင်သွားပေလိမ့်မည်။

ရန်ကျောက်ကဲကတော့ ဤရလဒ်များကို အရေးမစိုက်ပေ။

ခွေမုလန်က ဘာဆက်လုပ်မည်ကို မည်သို့ပင် စီစဉ်ထားပါစေ သူက လမ်းမှန်တာအိုဝါဒ အဆက်အနွယ်များကို ခက်ခဲအောင်လုပ်မည် မဟုတ်ပေ။

အချိန်အတန်ကြာပြီးနောက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ သတင်းစကား ရောက်ရှိလာသည်။

ယွီယဲ့က စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နျဲ့ကျင်းရှန်နှင့် တွေ့ဆုံလိုကြောင်း သတင်းပို့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့လည်း သွေးနီအလင်းနေရောင်ခြည်ကောင်းကင်ဘုံသို့ ထပ်မံသွားရောက်ကာ ယွီယဲ့နှင့် တွေ့ဆုံကြသည်။

ကောင်းချင်းရွှမ်တို့အုပ်စုနှင့် ညှိနှိုင်းပြီးနောက် ဖန်းယွင်ရှန်းက ငရဲကိုးထပ်သို့ ဆက်သွယ်လိုက်သည်။

ဖန်းယွင်ရှန်းနှင့် ငရဲကိုးထပ်တို့ကြားမှ ဆက်သွယ်မှုက လုံးဝ ပြတ်တောက်သွားခြင်း မရှိခဲ့ဖူးသော်လည်း ထိုဆက်သွယ်မှုက အမြဲတမ်း ထိန်းချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။

ယခု လိုအပ်လာပြီဖြစ်ရာ သူမက စည်းတံဆိပ်ခတ်ထားသည်ကို အနည်းငယ်ဖြေလျှော့ပြီး ငရဲကိုးထပ်နှင့် တိုက်ရိုက်ဆက်သွယ်လိုက်ရုံသာ ဖြစ်သည်။

သူမက မူလစိတ်ဝိညာဉ်နတ်ဆိုးကို ဆက်သွယ်လိုက်ခြင်း ဖြစ်သည်။

တာအိုဝါဒမှ အချို့သူများက ဤကိစ္စကို မျှော်လင့်မထားခဲ့ကြပေ။

ခဏမျှ တွန့်ဆုတ်နေပြီးမှ ငရဲကိုးထပ်မှ နတ်ဆိုးများက ရန်ကျောက်ကဲ၏တောင်းဆိုမှုနှင့် တွေ့ဆုံလိုမှုကို သဘောတူလိုက်သည်။

အခန်း (၁၆၈၀) အကြံအစည်ကိုဖုံးကွယ်ဖို့ စျေးနှုန်းမြှင့်လိုက်ခြင်း

လမ်းမှန်တာအိုဝါဒဘက်မှ ပေးဆပ်ရမည်ကတော့ ဖန်းယွင်ရှန်းအနေဖြင့် အန္တရာယ်အချို့ကို ရင်ဆိုင်ရဖွယ် ရှိသည်။ သူမအနေဖြင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာအချို့ကို စွန့်လွှတ်ရပေမည်။

သို့ပေသိ ဤသို့ပြုလုပ်ခြင်းက ဖန်းယွင်ရှန်းကို မည်သည့်ထိခိုက်မှုမှ ဖြစ်ပေါ်စေမည် မဟုတ်ပေ။

သူမက 'အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်' အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပြီးဖြစ်ရာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက်ပိုင်း သူမ၏တန်ခိုးစွမ်းအားက ပိုမိုထူးချွန်ထက်မြက်လာခဲ့သည်။

ထို့ကြောင့် သူမအနေဖြင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာအပေါ် မှီခိုနေရန် မလိုတော့ပေ။

ထိုအခွင့်အာဏာကို အစအနမကျန်အောင် လုံးဝဖြတ်တောက်လိုက်ခြင်းမျိုး မဟုတ်သရွေ့ သူမအပေါ် မည်သည့်သက်ရောက်မှုမှ ရှိမည်မဟုတ်ပေ။

ထို့ပြင် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာအချို့ကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သူမအတွက် ပိုပြီး လွတ်လပ်ပေါ့ပါးသွားမည် ဖြစ်၏။

ဟုတ်ပေ၏။

အခွင့်အာဏာကိုစွန့်လွှတ်သည့် လုပ်ငန်းစဉ်တွင် သူမအနေဖြင့် နတ်ဆိုးတာအို၏လွှမ်းမိုးမှုကို ထပ်မံရင်ဆိုင်ရနိုင်သည်။

ထိုအချက်ကိုတော့ အထူးသတိထားရန် လိုအပ်သည်။

တစ်ဖက်မှာတော့ သူမက ဤလုပ်ငန်းစဉ်ကို အခွင့်ကောင်းယူပြီး ငရဲကိုးထပ်အား ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်ပေမည်။

ဤအပေးအယူတွင် မည်သူကပိုပြီး အကျိုးအမြတ်ရရှိမည်ဆိုသည်ကတော့ လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်တို့၏ ယှဉ်ပြိုင်မှုပြီးမှသာ အချိန်က အဖြေပေးပေလိမ့်မည်။

လမ်းမှန်တာအိုဝါဒဘက်က ညှိနှိုင်းမှုအတွက် တန်ဖိုးပေးဆပ်ရသည်မှန်သော်လည်း အကျိုးအမြတ်လည်း ရရှိနိုင်သည်။ ငရဲကိုးထပ်ကတော့ အကျိုးအမြတ် ရှိနိုင်သလို အန္တရယ်ရှိသော အခြေအနေသို့လည်း ကျရောက်သွားနိုင်သည်။

နှစ်ဖက်လုံးအတွက် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုတို့မှာ ကြိုတင်မှန်းဆ၍ မရနိုင်ပေ။

မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ကိုယ်တိုင် ပါဝင်လှုပ်ရှားမှသာ ငရဲကိုးထပ်အနေဖြင့် ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုများကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။

သို့သော် လမ်းမှန်တာအိုဝါဒဘက်တွင် နတ်ဘုရားသုတ်သင်အစီအရင်၏ ခြိမ်းခြောက်မှု ရှိနေသေးသည်။

ဟုတ်ပေ၏။

ဤအပေးအယူမှ တတိယလူအမြတ်ထုတ်သွားမည်ကို နှစ်ဖက်လုံးက အဖြစ်မခံလိုကြပေ။ ထို့ကြောင့် အပြန်အလှန်နားလည်မှုဖြင့် တတ်နိုင်သမျှ အလျှော့ပေးထားကြခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ လမ်းမှန်တာအိုဝါဒနှင့် အပေးအယူလုပ်ခြင်းတွင် ငရဲကိုးထပ်အတွက် အကျိုးအမြတ်က ဆုံးရှုံးမှုထက် ပိုမိုများပြားမည်ဖြစ်ကြောင်း အာမခံနိုင်ရန် ခက်ခဲနေသည်။

အကျိုးအမြတ်သိပ်မရှိလှသဖြင့် ငရဲကိုးထပ်ဘက်မှ ငြင်းပယ်လိမ့်မည်ဟုပင် ရန်ကျောက်ကဲတို့အုပ်စုက မျှော်လင့်ထားခဲ့ကြသည်။

သို့ပေသိ မမျှော်လင့်စွာပင် မူလစိတ်ဝိညာဉ်နတ်ဆိုးက သဘောတူလိုက်သည်။

ဤအချက်က ရန်ကျောက်ကဲတို့အဖွဲ့အား ပိုပြီးသတိထားသွားစေသည်။

ဤအပေးအယူတွင် ငရဲကိုးထပ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ စိတ်အားထက်သန်နေပါက ၊ ငရဲကိုးထပ်က ယုံကြည်မှု အပြည့်ရှိနေခြင်းဖြစ်ပြီး နျဲ့ကျင်းရှန်၏အခြေအနေမှာ အကောင်းဘက်သို့ ဦးတည်မည် မဟုတ်တော့ပေ။

အနည်းဆုံးတော့ နျဲ့ကျင်းရှန်ကိစ္စတွင် မည်သည့်အမှားမှမဖြစ်ရအောင် အာမခံနိုင်သည့် ယုံကြည်ချက် ရှိနေကြပေမည်။

တစ်ချိန်တည်းမှာပင် ဖန်းယွင်ရှန်းနှင့် နတ်ဆိုးများ၏ဆက်သွယ်မှုတွင် အခြားသောအချက်အလက်များပေါ်တွင်လည်း မှီခိုနေသည်။

ငရဲကိုးထပ်အနေဖြင့် ဖန်းယွင်ရှန်းအား လွှမ်းမိုးရန် မအောင်မြင်နိုင်သော်လည်း ဖန်းယွင်ရှန်းထံမှ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာအချို့ကို ပြန်လည်ရယူနိုင်ရန်မှာ သူတို့အတွက် အလွန်အရေးကြီးသည်။

ထိုသို့တွေးမိသည်နှင့် ရန်ကျောက်ကဲက လက်ဖဝါးကို အောက်သို့ဖိချလိုက်သည့်ပုံစံ လုပ်ပြလိုက်ပြီး ဖန်းယွင်ရှန်းကို အလျင်စလိုမလုပ်ဘဲ အရှိန်အနည်းငယ် လျှော့လိုက်ရန် အရိပ်အယောင် ပြလိုက်သည်။

ငရဲကိုးထပ်ဘက်မှ လိုချင်နေသည့်အရာရှိပြီဆိုမှတော့ လမ်းမှန်တာအိုဝါဒဘက်မှ ခြင်္သေ့တစ်ကောင်ကဲ့သို့ ပါးစပ်ဟ၍ အမြတ်ထုတ်ရန် အခွင့်သာသွားလေပြီ။

ရန်ကျောက်ကဲက လေထဲတွင် လက်ချောင်းများအသုံးပြုပြီး “ဆင်စွယ်ရောင်တိမ်တိုက်အလံ” ဟု စာရေးပြလိုက်ရာ ဖန်းယွင်ရှန်းက ခေါင်းညိတ်ပြလိုက်၏။

သို့သော် မူလစိတ်ဝိညာဉ်နတ်ဆိုးက ဤအချက်ကို သေချာပေါက် သဘောတူမည် မဟုတ်ပေ။

ငရဲကိုးထပ်တွင် ဆင်စွယ်ရောင်တိမ်တိုက်အလံနှင့် ကြာပန်းစိမ်းရတနာအလံကဲ့သို့သော ရတနာများကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများ ရှိထားပေသည်။

သို့ရာတွင် မိမိတို့ မထိန်းချုပ်နိုင်သည့်ရန်သူများနှင့် ရင်ဆိုင်ရသည့်အခြေအနေတွင် ဆင်စွယ်ရောင်တိမ်တိုက်အလံက သူတို့အတွက် အလွန်အသုံးဝင်မည် ဖြစ်သည်။

ရန်ကျောက်ကဲကတော့ အရေးစိုက်မည် မဟုတ်ပေ။

သူက ငရဲကိုးထပ်၏ သည်းခံနိုင်မှု အတိုင်းအတာကို စမ်းသပ်ရန်အတွက် ကန့်သတ်ချက်များကို တဖြည်းဖြည်း တိုးမြှင့်လိုက်ခြင်း ဖြစ်၏။

ထို့နောက် ရန်ကျောက်ကဲက အခြားကိစ္စတစ်ခု ပြောင်းလဲတောင်းဆိုလိုက်သည်။

ငရဲကိုးထပ်မှ ‘နတ်ဆိုးပင်လယ်ရေ’ ဖြစ်သည်။

ဤတစ်ကြိမ်မှာတော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက ချက်ချင်းပင် သဘောတူလိုက်သည်။

ငရဲကိုးထပ်၏ နတ်ဆိုးပင်လယ်ရေက ဆင်စွယ်ရောင်တိမ်တိုက်အလံအား တန်ပြန်နိုင်သော်လည်း လမ်းမှန်တာအိုဝါဒဘက်တွင် ဆင်စွယ်ရောင်တိမ်တိုက်အလံကို ကျော်လွှားနိုင်သည့် ဝူတန့်မယ်တော် ရှိနှင့်ပြီးဖြစ်သည်။

ထို့ကြောင့် ဆင်စွယ်ရောင်တိမ်တိုက်အလံကိုထိန်းချုပ်ရန် နတ်ဆိုးပင်လယ်ရေ သိပ်ပြီးမလိုအပ်သော်လည်း အခြားသော အင်အားစုများကိုကာကွယ်ရန်အတွက်တော့ အသုံးဝင်သည်။

'ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်' သည် မည်သည့်နေရာတွင် ရှိနေသည်ကိုတော့ ယနေ့တိုင် အတည်မပြုနိုင်သေးပေ။

လမ်းမှန်တာအိုဝါဒမှ ကျင့်ကြံသူများက ဤယွိချင်အဆက်အနွယ် ရတနာအလံကို ရှာဖွေရန်အတွက် အစွမ်းကုန် ကြိုးစားနေကြသော်လည်း သဲလွန်စ မရနိုင်သေးပေ။

ဤရတနာ ရန်သူ့လက်ထဲရောက်သွားပြီလား မည်သူမှ မသိနိုင်ပေ။

ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၏ မူလပိုင်ရှင်ဖြစ်သော စန်းချင်းသုံးပါးအဆက်အနွယ်များမှာ ဤအလံရှည်၏ တိုက်ခိုက်မှုကို ပြန်ခံရမည်ဆိုလျှင် ရယ်စရာကောင်းလှပေမည်။

သဘောတူညီမှု ရရှိပြီးနောက် ရန်ကျောက်ကဲက ရပ်တန့်လိုက်ခြင်းမရှိဘဲ ထပ်မံစူးစမ်းမှုများ ပြုလုပ်ရန် ဖန်းယွင်ရှန်းအား အချက်ပြလိုက်သည်။

သို့သော် ငရဲကိုးထပ်ကတော့ ထပ်မံညှိနှိုင်းလိုခြင်းမရှိတော့သဖြင့် ရန်ကျောက်ကဲတို့အုပ်စု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်ကြသည်။

ထို့နောက် ဖန်းယွင်ရှန်းထံသို့ ခေါင်းညိတ်ပြလိုက်ကြ၏။

ထိုအခါမှ မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် ဖန်းယွင်ရှန်းတို့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး အခွင့်အာဏာအတွက် အပြင်းအထန် ဆွေးနွေးကြတော့သည်။

ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာ အစိတ်အပိုင်းအချို့ကို ငရဲကိုးထပ်အား မလွှဲမရှောင်သာ ပေးအပ်ရမည်ဖြစ်သော်လည်း ဖန်းယွင်ရှန်း စွန့်လွှတ်ရမည့်ပမာဏက ညှိနှိုင်းမှုရလဒ်အပေါ်တွင် မူတည်နေသည်။

အခြေအနေက အရင်ကနှင့်မတူတော့ဘဲ ပြေင်းလဲသွားပေပြီ။

ငရဲကိုးထပ်တွင် လမ်းမှန်တာအိုဝါဒကိုစိန်ခေါ်ရန် လုံလောက်သော ယုံကြည်မှုရှိနေပြီး နှစ်ဦးနှစ်ဖက် အင်အားချင်းယှဉ်ပြိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပေပြီ။

ဖန်းယွင်ရှန်းက မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် ရက်ချိန်းတစ်ခုကို တည်ငြိမ်စွာ သတ်မှတ်လိုက်သည်။

ထို‌နောက်...

“ဒါဖြင့် နောက်မှဆုံကြတာပေါ့”

မူလစိတ်ဝိညာဉ်နတ်ဆိုးကလည်း အေးဆေးစွာဖြင့်...

“ဒါဖြင့် နောက်မှ တွေ့ကြတာပေါ့ တာအိုရောင်းရင်းတို့”

ဖန်းယွင်ရှန်းက ငရဲကိုးထပ်နှင့် ဆက်သွယ်မှု ဖြတ်တောက်လိုက်ပြီး ကျန်လူများဘက်သို့ လှည့်ကြည့်လိုက်သည်။

ရန်ကျောက်ကဲက...

“တာအိုရောင်းရင်း'စော'နဲ့ ဝူတန့်မယ်တော်တို့ကို ဆက်သွယ်ကြရအောင်။ တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုတယ်”

သူက ဆက်ပြောလိက်သည်။

“ယန်ကျန်းတို့အဖွဲ့ကိုလည်း ဒီကိစ္စ အသိပေးထားဖို့လိုတယ်”

လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး ထွက်ခွာသွားကြသည်။

ရန်ကျောက်ကဲသည် ဖန်းယွင်ရှန်း၏လက်များကို ဆုပ်ကိုင်လိုက်ပြီး တစ်စုံတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်သည့်အလား သူမ၏မျက်ဝန်းများကို တည့်တည့်ကြည့်လိုက်သည်။

ဖန်းယွင်ရှန်းက သူမ ဘာမှမဖြစ်ကြောင်း ပြုံးလျှက်ခေါင်းခါပြလိုက်ရင်း အရိပ်အယောင် ပြလိုက်သည်။

ရန်ကျောက်ကဲက...

“ဖြစ်နိုင်ချေ အတော်နည်းပေမယ့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ကိုယ်တိုင်ရောက်လာမှာကိုတော့ သတိထားရမယ်”

သူက ဆက်ပြောလိုက်သည်။

“တကယ်လို့ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး မလာဘူးဆိုရင်တော့ မူလစိတ်ဝိညာဉ်နတ်ဆိုး ဖြစ်မလား ဒါမှမဟုတ်… ဂိုဏ်းတူအစ်ကို'နျဲ့' ဖြစ်မလား မသိနိုင်ဘူး”

ဖန်းယွင်ရှန်းက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး...

“ဂိုဏ်းတူအစ်ကို'နျဲ့' လာမှာမို့လို့ ငရဲကိုးထပ်က ဒီလောက် ဝမ်းသာအားရ သ‌ဘောတူလိုက်တာ မဖြစ်နိုင်ဘူးလား”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်လိုက်ပြီး...

“ဂိုဏ်းတူအစ်ကို’နျဲ့’ သာ လာခဲ့ရင် ငရဲကိုးထပ်က ငါ့ကို အံ့သြသွားအောင်လုပ်ပြလိုက်တာပဲ ၊ ဒါပေမဲ့ သူတို့ အဲဒီလိုလုပ်မယ် မထင်ဘူး”

ဖန်းယွင်ရှန်းက မျက်ခုံးပင့်လျှက် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...

“သြော်... ဟုတ်လား”

ရန်ကျောက်ကဲက ခပ်ဖွဖွ ပြုံးလိုက်ပြီး...

“ငါ မင်းကို စျေးနှုန်းမြှင့်ခိုင်းပြီး ဆင်စွယ်ရောင်တိမ်တိုက်အလံနဲ့ အပေးအယူလုပ်ခိုင်းတာက ငါတို့ဘက်က အကျိုးအမြတ်ပိုရဖို့ မဟုတ်ပါဘူး”

ဖန်းယွင်ရှန်းက တစ်ချက်တွေးလိုက်ပြီး...

“ဒါဖြင့် ရှင်က အစကတည်းက ငရဲကိုးထပ်က နတ်ဆိုးပင်လယ်ရေကို လိုချင်တာလား”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ”

ဖန်းယွင်ရှန်းက သဘောပေါက်သွားဟန်ဖြင့်...

“ရှင်က ငရဲကိုးထပ်က နတ်ဆိုးပင်လယ်ရေကို တောင်းဆိုလိုက်ပေမယ့် ဆင်စွယ်ရောင်တိမ်တိုက်အလံ၊ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်၊ ကြာပန်းစိမ်းရတနာအလံတွေလို ရတနာတွေကို တန်ပြန်တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ် ၊ ကြည့်ရတာ ရှင့်စိတ်ထဲ တစ်ခုခု တွေးထားတာများ ရှိနေလို့လား”

သူမက ဆက်ပြောလိုက်သည်။

“ရှင်က နတ်ဆိုးပင်လယ်ရေကို မတောင်းဆိုခင် ဆင်စွယ်ရောင်တိမ်တိုက်အလံကို အရင်တောင်းဆိုတာက ဈေးဆစ်တဲ့ နည်းလမ်းသက်သက်တင် မဟုတ်ဘဲ ငရဲကိုးထပ်ကို အတွေးလွဲသွားအောင် လုပ်လိုက်တာပဲ ၊ သူတို့ကတော့ ရှင်က ရတနာပစ္စည်းတွေကိုတန်ပြန်ဖို့ နတ်ဆိုးပင်လယ်ရေကို လိုချင်နေတယ်လို့ ထင်သွားမှာပဲလေ”

ရန်ကျောက်ကဲက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

“သေချာတာပေါ့”

ဖန်းယွင်ရှန်းက...

“ရှင် ဘာတွေများ ကြံစည်နေတာလဲနော်...”

သူမက ခေါင်းခါယမ်းလျှက် သက်ပြင်းချလိုက်ပြီး...

“ဘာပဲဖြစ်ဖြစ် အပေးအယူလုပ်တဲ့နေ့ကျရင် နတ်ဆိုးပင်လယ်ရေ လက်ထဲအရင်ရောက်အောင် လုပ်ရမယ် ၊ ကွန်မတို့အတွက် အချိန်သိပ်မရှိဘူးဆိုတော့ ရှင် အဲဒီပင်လယ်ရေကို ချက်ချင်းအသုံးချလို့ ရနိုင်ပါ့မလား”

ရန်ကျောက်ကဲက နားထင်ကို လက်ဖြင့်အသာပွတ်လိုက်ရင်း...

“အဲဒီပင်လယ်ရေက အသုံးဝင်တဲ့ပစ္စည်းပဲ ၊ အချိန်နည်းတယ်ဆိုပေမယ့်... နည်းနည်းလောက် အစွမ်းပြနိုင်ရင်ပဲ လုံလောက်ပါပြီ ၊ အင်း... ပြင်ဆင်ဖို့တော့ အချိန်လိုတာပေါ့လေ”

ဖန်းယွင်ရှန်းက...

“အရင်တစ်ခေါက်က ငရဲကိုးထပ်က နတ်မိစ္ဆာတွေကို ကူညီခဲ့တယ်ဆိုတော့... အခု ကျွန်မတို့နဲ့ နတ်ဆိုးတွေကြားက အပေးအယူကိုလည်း တခြားအင်အားစုတွေ ကြားဝင်နှောင့်ယှက်လာနိုင်တယ်။”

သဘောတူညီချက်တစ်ခု ရထားသော်လည်း အပေးအယူကိစ္စက ပြင်းထန်လာနိုင်ပြီး တိုက်ပွဲတစ်ခုအထိ ဖြစ်သွားနိုင်ခြေ ရှိသည်။

လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်ကတော့ တိုက်ပွဲဖြစ်ပွားပြီး ကြားမှ တတိယအင်အားစုက အမြတ်ထုတ်သွားမည်ကို မလိုလားကြပေ။

သို့ပေသိ အခြေအနေများက အမြဲပြောင်းလဲနေတတ်ပြီး ရလဒ်က ကြိုတင်မှန်းဆ မရနိုင်သည်ဖြစ်ရာ ဖြစ်လာနိုင်သည်များကို တွက်ချက်ပြီး ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

“အဲဒီတုန်းက နတ်မိစ္ဆာတွေနဲ့ ငရဲကိုးထပ် အပေးအယူလုပ်တာမှာ ငရဲကိုးထပ်ဘက်က အကျိုးအမြတ်တစ်ခုခုတော့ ရခဲ့မှာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“အဲဒါက တာာအိုသခင်’လုယာ’ လက်ထဲက နတ်ဆိုးဝိညာဉ်နဲ့များ ပတ်သက်နေမလား မပြောတတ်ဘူး”

All Chapters