← Chapters

အခန်း (၁၆၈၁-၁၆၈၂)

Vol. 120 Ch. 1681-1682

အခန်း (၁၆၈၁-၁၆၈၂)

Vol. 120 Ch. 1681-1682

အခန်း (၁၆၈၁) အပေးအယူလည်းဖြစ်နိုင်တယ် တိုက်ပွဲလည်းဖြစ်နိုင်တယ်

အဆုံးသတ်မှာတော့ အင်အားစုအားလုံးက ငရဲကိုးထပ်မှ တစ်စုံတစ်ခုကို လိုလားတောင့်တနေကြသည်ပင်။

နောင်လာမည့် ရည်မှန်းချက်များအတွက် ငရဲကိုးထပ် ဆက်လက်တည်ရှိနေရန် လူတိုင်းက ထုတ်ဖော်ပြောစရာမလိုဘဲ အလိုအလျောက် သဘောတူထားကြသည်။

ထို့ကြောင့် အချို့သော အင်အားစုများဆိုလျှင် ငရဲကိုးထပ် အဆင်ပြေချောမွေ့စေရန်အတွက် ကိစ္စရပ်အချို့ကိုပင် ကူညီပေးခဲ့ကြသည်။

ငရဲကိုးထပ်ကလည်း ဤအချက်ကို ကောင်းစွာသိရှိထားပြီး သူတို့ကိုယ်ပိုင်အစီအစဉ်များကိုလည်း ချမှတ်ထားသည်။

ဟုတ်ပေ၏။

လူတိုင်းက မိမိတို့ အကျိုးအမြတ်အတွက် အကွက်ချ ကြံစည်နေကြခြင်းသာ ဖြစ်သည်။

လမ်းမှန်တာအိုဝါဒသည်လည်း ထိုနည်းတူစွာပင် ဖန်းယွင်ရှန်း၏ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး အခွင့်အာဏာ အစိတ်အပိုင်းအချို့ကို ငရဲကိုးထပ်သို့ ပြန်လည်ပေးအပ်ပြီး အပေးအယူ ပြုလုပ်ခဲ့သည်။

မဖြစ်မနေအခြေအနေသို့ ရောက်လာလျှင်လည်း အင်အားစုအားလုံးပူးပေါင်းကာ ငရဲကိုးထပ်၏လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြမည် ဖြစ်သည်။

ငရဲကိုးထပ်ကို ဝိုင်းဝန်းတိုက်ခိုက်ခြင်း မဟုတ်လျှင်‌တောင်မှ သူတို့၏နတ်ဆိုးနယ်မြေကို ပျက်ဆီးယိုယွင်းသော နယ်မြေတစ်ခုဖြစ်သွားအောင် လုပ်ဆောင်နိုင်ပေသည်။

ထိုသို့ဆိုလျှင် ငရဲကိုးထပ်သည် ကမ္ဘာလောကကြီးမှ ဖယ်ကျဉ်ခံရကာ ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲသွားပေလိမ့်မည်။

စကြာမုနိသရီရဓာတ်တော်လုပွဲတွင် ငရဲကိုးထပ်က နတ်မိစ္ဆာများဘက်မှ အကူအညီပေးခဲ့သည်။ သူတို့အနေဖြင့် နတ်မိစ္ဆာများထံမှ သေချာပေါက် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိခဲ့မည်ပင်။

ဟုတ်ပေ၏။

အင်အားစုတိုင်းက မိမိတို့အကျိုးအမြတ်အတွက် ဤသို့လုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ နတ်မိစ္ဆာများသည်လည်း သူတို့၏အကျိုးစီးပွားအတွက် အပေးအယူလုပ်ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။

အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် ငရဲကိုးထပ်က အပေးအယူပြုလုပ်ရန် သဘောတူလိုက်သည့်အချိန်မှစပြီး ထိုကိစ္စက ယွီယဲ့နှင့် နျဲ့ကျင်းရှန်တို့ကြားမှ ကိစ္စသက်သက် မဟုတ်တော့ပေ။

လမ်းမှန်တာအိုဝါဒ တစ်ခုလုံးသာမက အခြားသောအင်အားစုများကိုပါ သက်ရောက်မှုရှိသည့် ကိစ္စရပ်တစ်ခု ဖြစ်သွားပေမည်။

ညှိနှိုင်းမှုများ အဆင်ပြေသွားပြီးနောက် လူတိုင်းက မိမိတို့လူများကို စတင် စုစည်းကြသည်။

ရန်ကျောက်ကဲက နတ်ဘုရားသုတ်သင်အစီအရင်ကို တာဝန်ယူထိန်းသိမ်းထားသည့် ဝူတန့်မယ်တော်ကို အရင်ဆုံး ဆက်သွယ်လိုက်သည်။

သူမကလည်း ဤကိစ္စကို ကန့်ကွက်ခြင်း မရှိပေ။

သူမနှင့် နတ်ဘုရားသုတ်သင်အစီအရင်က ကောင်းကင်ထက်တွင် ချိတ်ဆွဲထားသည့်ပမာ ဗလာနယ်ထဲတွင် ပေါင်းစပ်သွားသည်။

အစောပိုင်းတွင် သူမက အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ တိုက်ပွဲကို ပိုမိုအာရုံစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ ငရဲကိုးထပ်ဘက်သို့လှည့်ကာ အာရုံစိုက်လိုက်သည်။

ဤသို့သော သိမ်မွေ့သည့်အပြောင်းအလဲကို အခြားသူများ အာရုံခံမိရန် ခက်ခဲမည်ဖြစ်သော်လည်း တာအိုအဆင့် အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သည့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကတော့ သတိပြုမိပေလိမ့်မည်။

ယန်ကျန်းထံသို့လည်း အသိပေးစာ ပို့လိုက်သည်။

ယန်ကျန်းက လာရောက်နိုင်မည်မဟုတ်သော်လည်း ဤကိစ္စကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အကြောင်းပြန်လာသည်။

ဤအပေးအယူကိစ္စ သို့မဟုတ် လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုတွင် သူကိုယ်တိုင် ပါဝင်မည်မဟုတ်ပေ။

သို့သော် သူက နတ်မိစ္ဆာမျိုးနွယ်နှင့် အနောက်ဘက်သူတော်စင်ဘုံကဲ့သို့သော အခြားအင်အားစုများကို စောင့်ကြည့်နေမည်ဖြစ်ရာ ကြားလူဝင်ပြီး အမြတ်ထုတ်သွားမည့် အခြေအနေကို တားဆီးပေးနိုင်ပေမည်။

သိုးလွိနန်းတော်မှ ရွှမ်တုကိုယ်တော်ထံသို့လည်း သတင်းပေးပို့ပြီးဖြစ်ရာ သူကလည်း အနီးကပ်ကြီးကြပ်ပေးသွားမည် ဖြစ်၏။

တစ်ဖက်မှာတော့ စောမင်ကျန့်က ထိုက်အန်းတော်ဝင်ကောင်းကင်ဘုံကို စည်းတံဆိပ်ခတ်ပြီး ထွက်ခွာလာပြီ ဖြစ်သည်။

သူနှင့်အတူ ပြန်လည်သန့်စင်ထားသော ကြာပန်းစိမ်းရတနာအလံကိုပါ ယူဆောင်လာပြီး ရန်ကျောက်ကဲလက်သို့ ပေးအပ်လိုက်သည်။

ကြာပန်းစိမ်းရတနာအလံက ငရဲကိုးထပ်မှနတ်ဆိုးများကို တိုက်ခိုက်နိုင်ခြင်းမရှိသော်လည်း ရန်ကျောက်ကဲက လက်ခံယူထားလိုက်သည်။

အားလုံးပြင်ဆင်ပြီးသည်နှင့် ရန်ကျောက်ကဲက ယွီယဲ့နှင့် ယွဲ့ကျန့်ပေကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက တည်ငြိမ်နေသည့်တိုင် ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိ၏။

သူက...

“သွားကြရအောင်”

သူတို့အုပ်စု လမ်းမှန်တာအိုဝါဒ စကြာဝဠာမှ ထွက်ခွာလာပြီးနောက် အဆုံးမဲ့ ဗလာနယ်ထဲသို့ ရောက်ရှိသွားကြသည်။

ငရဲကိုးထပ်၏ တည်နေရာကို ရှာဖွေရခြင်းမှာ သူတို့အတွက် ခက်ခဲသည့်ကိစ္စ မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့်နိမ့်သူများအတွက် ခက်ခဲနိုင်သော်လည်း ရန်ကျောက်ကဲတို့အုပ်စုကတော့ ခဏအတွင်းမှာပင် ငရဲကိုးထပ်၏ အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုသို့ ရောက်ရှိလာကြသည်။

သူတို့၏ ကျင့်ကြံမှုစွမ်းအားဖြင့် ဤနေရာရှိ ဗလာနယ်ကို တိုက်စားနေသည့် ငရဲကိုးထပ်၏ မိစ္ဆာချီများကို ဖြိုခွဲနိုင်သော်လည်း ယခုအချိန်တွင်မူ ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။

ယွီယဲ့၏ စိတ်အာရုံက စူးရှထက်မြက်နေပြီး မျက်ဝန်းများက ယုံကြည်မှုဖြင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲကတော့ တိတ်ဆိတ်စွာဖြင့် အေးစိမ့်စမ်းချောင်းနယ်မြေကို အကဲခတ်နေသည်။ သူ၏မျက်ဝန်းများက မည်သည့်အရာကိုမှ အာရုံမစိုက်ဘဲ စိတ်ပျံ့လွင့်နေဟန် ဖြစ်နေ၏။

ဖန်းယွင်ရှန်းကတော့ သူ၏စွမ်းအားရောင်ဝါကို ထိန်းချုပ်ကာ ပုန်းကွယ်နေလိုက်သည်။

ဤနေရာမျိုးက သူမအတွက် ရေထဲ ငါးရောက်သွားသည့်ပမာ အဆင်ပြေစေမည့် နေရာတစ်ခု ဖြစ်သည်။

ယခု သူမက အမှောင်ထုဖြင့် ရောယှက်ပျောက်ကွယ်သွားပြီဖြစ်ရာ သူမ၏တည်ရှိမှုကို အခြားသူများ သတိထားမိရန် ခက်ခဲသွားသည်။

စောမင်ကျန့်ကတော့ စကြာဝဠာ ဗဟိုချက်တစ်ခုပမာ တည်ငြိမ်စွာ မတ်တတ်ရပ်လျှက် ရှိသည်။

သူတို့အုပ်စုက မိစ္ဆာချီများဖြင့် ပြည့်နှက်နေသည့် အေးစိမ့်စမ်းချောင်းနယ်မြေ' တွင် ရောက်ရှိနေသည့်တိုင် သူတို့၏တည်ရှိမှုက ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းနေဆဲပင်။

စောမင်ကျန့် တည်ငြိမ်စွာမတ်တတ်ရပ်နေရင်း ဘေးတွင်ရှိနေသည့် ယွီယဲ့ကို ရုတ်တရက် မေးမြန်းလိုက်သည်။

“ဒီနေရာက ဘယ်လောက်အန္တရယ်များတယ်ဆိုတာ မင်းသိရဲ့လား”

ယွီယဲ့က...

“ဟုတ်ကဲ့ သိပါတယ် အကြီးအကဲ ၊ ကျောက်ကဲလည်း ကျွန်မကို ကြိုပြီးသတိပေးထားပါတယ်”

လက်ရှိလောကတွင် သူမက 'မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း' ကို ကျင့်ကြံနေသည့် တစ်ဦးတည်း‌သော ကျင့်ကြံသူ ဖြစ်သည်။

သူမ အသက်ရှင်နေသရွေ့ အခြားကျင့်ကြံသူများ ထိုကျင့်စဉ်ကိုကျင့်ကြံရန် နည်းလမ်းရှာတွေ့လျှင်ပင် အောင်မြင်အောင် ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ထိုသို့မဟုတ်ပါက အရင်တစ်ချိန်က ကျန်းပုရွှီး သူမနောက်သို့ အမဲလိုက်သလိုလိုက်ခြင်းကို ခံခဲ့ရမည် မဟုတ်ပေ။

ဟုတ်ပေ၏။

'မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း' ဆိုသည်က ငရဲကိုးထပ်နှင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးတို့အတွက် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စေသော ကျင့်စဉ်တစ်ခု ဖြစ်သည်။

ယွီယဲ့ သေဆုံးသွားခဲ့လျှင်တောင် ရန်ကျောက်ကဲ၊ ဝူတန့်မယ်တော်၊ ကောင်းချင်းရွှမ်တို့ထံတွင် ထိုကျင့်စဉ်ကျမ်း ရှိနေဆဲ ဖြစ်သည်။

သို့ပေသိ ကျန်းပုရွှီးက ငရဲကိုးထပ်ဘက်သို့ ကျရောက်သွားသည်ဖြစ်ရာ ငရဲကိုးထပ်မှ နတ်ဆိုးများတွင်လည်း ဤကျင့်စဉ်ကျမ်း ရှိနေပေလိမ့်မည်။

ငရဲကိုးထပ်က ထိုကျင့်စဉ်ကို တစ်စုံတစ်ယောက်အား ကြိုတင်ကျင့်ကြံခိုင်းထားမည်ဆိုပါက ယွီယဲ့သေဆုံးသည်နှင့် သူမနေရာတွင် ထိုကျင့်ကြံသူက ချက်ချင်း အစားထိုးသွားနိုင်ပေသည်။

ဤသည်က ရှောင်လွှဲမရသောကိစ္စ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယွီယဲ့အား အစောကြီးကတည်းက သတိပေးထားခဲ့ခြင်း ဖြစ်၏။

ယနေ့ အပေးအယူလုပ်ပွဲက ဖန်းယွင်ရှန်းသာမက ယွီယဲ့အတွက်လည်း အလွန်အန္တရယ်များသည်။ သို့သော် သူမက တစ်ချက်ပင် စိတ်ဓာတ်မယိမ်းယိုင်ဘဲ ဤနေရာအထိ လိုက်ပါလာခဲ့သည်။

ထိုအချိန် အဝေးတစ်နေရာရှိ အမှောင်ရိပ်များစွန်းထင်းနေသော အေးစိမ့်စမ်းချောင်းနေရာမှ ပုံရိပ်များထွက်ပေါ်လာသည်။

ရောက်လာသူက နှစ်ယောက်တည်းသာ ဖြစ်၏။

တစ်ယောက်က အရပ်မြင့်မြင့်နှင့် ဖြောင့်စင်းသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကာ တည်ကြည်သောမျက်နှာထားရှိသည့် လူငယ်တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကရုဏာနှင့်ပြည့်နေသော မျက်ဝန်းများကိုပိုင်ဆိုင်ထားကာ သက်သောင့်သက်သာဟန်ပန်ရှိသော လူအိုကြီးတစ်ယောက် ဖြစ်သည်။

ထိုပုံရိပ်များကိုမြင်တော့ ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

ရောက်လာသူများက နျဲ့ကျင်းရှန်နှင့် မူလစိတ်ဝိညာဉ်နတ်ဆိုး ဖြစ်နေသည် မဟုတ်လား။

သူတို့နှစ်ယောက်လုံးထံမှ မည်သည့်မိစ္ဆာချီမှ ထွက်ပေါ်နေခြင်းမရှိဘဲ တည်ငြိမ်သည့် စွမ်းအားရောင်ဝါကိုသာ ပိုင်ဆိုင်ထားသည်။

နျဲ့ကျင်းရှန်က ဓားအိမ်ထဲမှ ဓားရှည်တစ်လက်နှင့်တူပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကတော့ လောကရှိ အရာအားလုံးကို သိမြင်နားလည်သော သာမန်အဘိုးအိုတစ်ယောက်နှင့် ဆင်တူ၏။

မူလစိတ်ဝိညာဉ်နတ်ဆိုးက နွေးထွေးစွာပြုံးလိုက်ပြီး ရန်ကျောက်ကဲတို့အုပ်စုအား လက်နှစ်ဖက်ဆုပ် ဂါရဝပြုနှုတ်ဆက်လိုက်သည်။

“တာအိုရောင်းရင်းတို့၊ ဒီနေရာအထိ လာရောက်ပေးလို့ ကျေးဇူးတင်ပါတယ်”

ယွီယဲ့က မူလစိတ်ဝိညာဉ်နတ်ဆိုးကို အရေးမစိုက်ပေ။

သူမက နျဲ့ကျင်းရှန်ကိုသာ စူးစိုက်ကြည့်လိုက်သည်။

နျဲ့ကျင်းရှန်က သူမ၏ တည်ငြိမ်စွာ ပြန်ကြည့်လာသည့်အခါ ယွီယဲ့၏နှုတ်ခမ်းလေးများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။

သူ့ရှေ့မှလူငယ်ကိုကြည့်နေသည့် သူမ၏မျက်ဝန်းများတွင် ခံစားချက်များစွာ ပြည့်နက်နေသည်။

တည်ငြိမ်သောမျက်ဝန်းများပိုင်ရှင် နျဲ့ကျင်းရှန်က သူမကို အရင်ဆုံး နှုတ်ဆက်စကားဆိုလိုက်သည်။

“မတွေ့တာကြာပြီနော် ၊ မင်းရဲ့ဒဏ်ရာတွေပျောက်သွားပြီလား... တကယ်ပဲ ဝမ်းသာမိပါတယ်”

နျဲ့ကျင်းရှန်၏ သိပ်ပြီးအရေးမစိုက်ဟန်ရှိသော စကားသံကိုကြားလိုက်ရသည့်အခါ ယွီယဲ့စိတ်ထဲ တင်းကျပ်စွာခံစားလိုက်ရပြီး မည်သို့ပြောရမှန်း မသိတော့ပေ။

ထို့နောက် နျဲ့ကျင်းရှန်က ယွဲ့ကျန့်ပေကို တည်ငြိမ်စွာကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“မတွေ့တာ ကြာပြီနော်။ နေကောင်းရဲ့လား။”

ယွဲ့ကျန့်ပေ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းသည့်လေသံဖြင့်...

“ငါကတော့ နေကောင်းပါတယ် ၊ ဒါပေမဲ့ မင်းကတော့ မဟုတ်လောက်ဘူး”

နျဲ့ကျင်းရှန်က လှုပ်ရှားမှုမရှိသော ကန်ရေပြင်ပမာ တည်ငြိမ်စွာဖြင့်...

“ကျွန်တော်လည်း အဆင်ပြေသွားမှာပါ”

ထို့နောက် သူ တိတ်ဆိတ်သွားလေသည်။

နျဲ့ကျင်းရှန်က အမြဲတမ်း တည်ကြည်ပြီး စကားနည်းသူဖြစ်သော်လည်း ရင်းနှီးသူများအပေါ်မှာတော့ ထိုသို့မဟုတ်ပေ။

သို့သော် ယခုတော့ ယွီယဲ့ရော ယွဲ့ကျန့်ပေပါ ဤလူငယ်ထံမှ ရင်းနှီးခြင်းမရှိသော အေးစက်မှုများကိုသာ ခံစားလိုက်ရသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလိုက်ပြီး...

“ဒါနဲ့ အရင်ကသဘောတူထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး…”

နျဲ့ကျင်းရှန်ကိုကြည့်နေသည့် ရန်ကျောက်ကဲက မူလစိတ်ဝိညာဉ်နတ်ဆိုး၏စကားကိုကြားတော့ သူ့ထံ အကြည့်ရွှေ့ပြောင်းလိုက်သည်။

သူက အေးဆေးစွာဖြင့်...

“အရင်ဆုံး မင်းတို့ရဲ့ ရိုးသားမှုကို ပြသပေးနိုင်မလား”

မူလစိတ်ဝိညာဉ်နတ်ဆိုးက ခေါင်းညိတ်လိုက်ပြီး...

“ရတာပေါ့...”

ထို့နောက် သူက လက်ညှိုးလက်ခလယ်အသုံးပြုပြီး တစ်နေရာသို့ ထိုးညွှန်လိုက်ရာ အေးစိမ့်စမ်းချောင်းနယ်မြေကို ဖြတ်သန်းစီးဆင်းနေသည့် အနက်ရောင်ရေများက ချက်ချင်းပင် သမုဒ္ဒရာရေများပမာ ပြည့်နက်လာသည်။

ထိုရေများက မင်ရည်ပမာ နက်မှောင်နေသည့်တိုင် ညစ်နွမ်းခြင်း မရှိပေ။ ကြည်လင်တောက်ပနေပြီး အညစ်အကြေး တစ်စက်မျှ မပါဝင်သကဲ့သို့ ထင်မှတ်ရသည်။

အခန်း (၁၆၈၂) အတင်းအကျပ်ခြိမ်းခြောက်ခြင်း

ထိုရေပြင်က အနက်ရောင်ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး လှိုင်းတစ်ချက်ရိုက်ခတ်ခြင်း မရှိပေ။

ထိုရေက ငရဲကိုးထပ်၏ အနှစ်သာရဖြစ်သော နတ်ဆိုးပင်လယ်မှရေ ဖြစ်သည်။

ထိုရေက အေးစိမ့်စမ်းချောင်းနယ်မြေရှိ သွေးရောင်စွန်းထင်းနေသော မြစ်နှင့် မြေသားတို့ထက်ပင် ပိုမိုဆိုးရွားသောအရာ ဖြစ်၏။

ကြာပန်းစိမ်းရတနာအလံနှင့် ဆင်စွယ်ရောင်တိမ်တိုက်အလံကဲ့သို့သော ရတနာပစ္စည်းများမှာ ခံစစ်အတွက် အကောင်းဆုံးဖြစ်သော်လည်း ထိုပင်လယ်ရေ၏ ညစ်ညမ်းမှုကိုတော့ ခုခံနိုင်ခြင်း မရှိပေ။

ငရဲကိုးထပ်မှ နတ်ဆိုးများသည်ပင် နတ်ဆိုးပင်လယ် တည်ရှိရာ အသူရာချောက်နက်သို့ ချဉ်းကပ်ဝံ့ခြင်း မရှိကြပေ။

ကျင့်ကြံသူများအတွက် ထိုရေကိုသယ်ဆောင်နိုင်ရန် ထည့်စရာရှာဖွေရခြင်းသည်ပင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပေသည်။

သို့ပေသိ လမ်းမှန်တာအိုဝါဒအတွက်တော့ ပြဿနာမရှိပေ။

စောမင်ကျန့်က သူ၏လက်ဖဝါးကို ဖြန့်လိုက်ရာ ကြယ်စင်ရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းရောင်များ တဖြည်းဖြည်းကျယ်ပြန့်လာပြီး အနက်ရောင်ပင်လယ်ရေများကို သိုလှောင်ပစ္စည်းအတွင်းသို့ စုပ်ယူလိုက်၏။

ဤမြင်ကွင်းကို ကြည့်ရင်း မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလျက် ချီးကျူးစကား ဆိုလိုက်သည်။

“တာအိုရောင်းရင်းက ကောင်းကင်အုပ်ချုပ်သူဆိုတဲ့ ဘွဲ့အမည်နဲ့ ထိုက်တန်ပါပေတယ်”

စောမင်ကျန့်က အေးဆေးစွာဖြင့်...

“ချီးကျူးလွန်းနေပါပြီ...”

မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“ဒါဖြင့် နောက်တစ်ဆင့် စလိုက်ရ‌အောင်လား”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။

“ယွင်ရှန်း”

ဖန်းယွင်ရှန်းက သူ့အားခေါင်းညိတ်ပြလိုက်ပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

တစ်ဖက်တွင် ယွီယဲ့က နျဲ့ကျင်းရှန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

ယွဲ့ကျန့်ပေ၏မျက်နှာက တည်ကြည်လေးနက်နေသော်လည်း သူက အတိတ်တစ်ချိန်က တပည့်ဖြစ်သူထံသို့ အကြည့်မရောက်စေရန် ကြိုးစားနေသည်။

နျဲ့ကျင်းရှန်ကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ရှိနေပြီး ယွီယဲ့နှင့် ယွဲ့ကျန့်ပေကို ထပ်မံကြည့်ရှုခြင်း မရှိတော့ပေ။

သူက လှည့်ထွက်သွားပြီး အမှောင်ထုထဲသို့ ခြေလှမ်းကာ အေးစိမ့်စမ်းချောင်းနယ်မြေ၏ နက်ရှိုင်းရာသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

နျဲ့ကျင်းရှန် တစ်ချက်မတုံ့ဆိုင်းဘဲ ထွက်ခွာသွားသည်ကို တွေ့မြင်သည်နှင့် ယွီယဲ့ ပါးစပ်ဟလိုက်သည့်တိုင် စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။

ယွဲ့ကျန့်ပေ၏မျက်ဝန်းများတွင်တော့ နာကျင်ခံစားရသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

ရန်ကျောက်ကဲနှင့် စောမင်ကျန့်ကတော့ အဖြစ်အပျက်ကိုကြည့်ရင်း မျက်လုံးများ မှေးစင်းလိုက်ကြ၏။

ဘေးနားတွင်ရှိနေသည့် စောမင်ကျန့်က မူလစိတ်ဝိညာဉ်နတ်ဆိုးကို အရေးမစိုက်ဘဲ အသံကျယ်ကျယ်ဖြင့် ရန်ကျောက်ကဲကို မေးမြန်းလိုက်သည်။

“မင်း သူ့ကို ပြန်ခေါ်ချင်တာ မဟုတ်ဘူးလား”

ရန်ကျောက်ကဲက နျဲ့ကျင်းရှန် ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း တိုးလျသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ သူ့ကို ပြန်မခေါ်နိုင်တော့ပါဘူး”

နျဲ့ကျင်းရှန်ကိုယ်တိုင်က ပြန်မလိုက်ချင်လျှင် သူ့ကို ငရဲကိုးထပ်မှ အတင်းအကျပ်ခေါ်ထုတ်ရန် အလွန်ခက်ခဲပေမည်။

မည်သို့ပင်ဖြစ်စေ သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် အလွန်တရာ အစွမ်းထက်သော ထိပ်တန်းနတ်ဆိုးတစ်ပါး ဖြစ်နေပြီ မဟုတ်လား။

သူ့ဘေးတွင်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုးကဲ့သို့ ငရဲကိုးထပ်မှ မဟာနတ်ဆိုးများက စောင့်ကြည့်နေသည်။

လမ်းမှန်တာအိုဝါဒ၏ ကျွမ်းကျင်သူအားလုံး စုပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ အောင်မြင်မှုမရရှိဘဲ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုသာ ဒေါသထွက်စေလိမ့်မည်။

ထိုအချိန်မျိုးတွင် နတ်ဘုရားသုတ်သင်အစီအရင်ကို အသုံးပြုမည်ဆိုပါက နှစ်ဖက်လုံး အကြီးအကျယ် ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရပေမည်။

ထိုသို့ဆိုလျှင် ကြားထဲမှ အနောက်ဘက်သူတော်စင်ဘုံ၊ နတ်မိစ္ဆာမျိုးနွယ်နှင့် ပြင်ပတာအိုကျင့်ကြံသူများက အကျိုးအမြတ် ရသွားပေလိမ့်မည်။

အဓိကအချက်ကတော့ ငရဲကိုးထပ်ရော လမ်းမှန်တာအိုဝါဒပါ မည်သူမှ အနိုင်မရဘဲ အပေးအယူသည်လည်း အဓိပ္ပါယ်မဲ့သွားပေမည်။

နျဲ့ကျင်းရှန်မှာလည်း တာအိုဝါဒဆီ ပြန်လာမည်မဟုတ်ပေ။

သို့သော် ရန်ကျောက်ကဲကတော့ နျဲ့ကျင်းရှန်ထွက်ခွာသွားပုံကို ပြန်လည်စဉ်းစားရင်း အတွေးနက်နဲသွားမိသည်။

ရန်ကျောက်ကဲက...

"ပြန်ရောက်မှပဲ စကားပြောကြတာပေါ့"

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့ ထွက်ပေါ်လာပြီး ယွီယဲ့နှင့် ယွဲ့ကျန့်ပေကို နေရာမှ ခေါ်ထုတ်သွားကြသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးကတော့ စောမင်ကျန့်၏စကားကို ဂရုမစိုက်သလို ရန်ကျောက်ကဲ၏ လုပ်ရပ်ကိုလည်း အရေးမစိုက်ပေ။

သူက ပြုံးလျှက်ပင် ဖန်းယွင်ရှန်းအား ခေါင်းညိတ်ပြလိုက်သည်။

“ဒါဖြင့် စလိုက်ရအောင်”

စကားဆုံးသွားသည်နှင့် ထိုအဘိုးအို၏ဦးခေါင်းထက်တွင် တောက်ပသည့် ရောင်စုံတိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး တိမ်တိုက်အလယ်ဗဟိုမှ အမှောင်ထု စတင်ပွင့်အာလာသည်။

ထိုတိမ်တိုက်အလယ်ဗဟိုမှ အမှောင်ထ

ထိုအရာက စစ်မှန်သော မိစ္ဆာချီ အငွေ့အသက်ဖြစ်ပြီး မင်ရည်များပမာ ရောင်စုံတိမ်တိုက်တစ်ခုလုံးအား ပျံ့နှံ့ဖုံးလွှမ်းသွားလေရာ တိမ်တိုက်မှာ တစ်ခဏအတွင်း အနက်ရောင်ပြောင်းသွားတော့၏။

သို့ပေသိ ထူးဆန်းစွာပင် တိမ်တိုက်က တောက်ပနေဆဲပင်။

ရန်ကျောက်ကဲတို့အုပ်စုက ထိုအနက်ရောင်တိမ်တိုက်ကို သေချာစွာ စူးစိုက်ကြည့်လိုက်ရာ အတွင်းထဲ၌ အသူရာချောက်ကမ်းပါးကြီးတစ်ခုကို မပီဝိုးတဝါး တွေ့မြင်လိုက်ရ၏။

လူတို့၏စိတ်ဝိညာဉ်ကို ညစ်ညူးစေပြီး ရူးသွပ်သွားမတတ် ခံစားရစေသော မကောင်းသည့်အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံလာသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားပါသည်ဆိုသော ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း စောမင်ကျန့်တို့သည်ပင် ချက်ချင်း စိတ်မတည်မငြိမ် ဖြစ်လာကြသည်။

သူတို့အားလုံး နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးဗဟိုချက်သို့ ရောက်ရှိနေသည့်ပမာ ခံစားလိုက်ရသည်။

နတ်ဆိုးပင်လယ် ၏ အနက်ရှိုင်းဆုံးနေရာ၌ တိုင်လုံးကြီး (၁၂) တိုင် မပီမပြင် ထွက်ပေါ်လာသည်။

ထိုတိုင်လုံးများက ပုံစံမကျ အရွယ်အစားမတူညီဘဲ တစ်နေရာစီတွင် တည်ရှိနေကြပြီး မည်သည့်အစီအစဉ်ကျမှုမှ မရှိပေ။ ထိုတိုင်လုံးများက လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်သော မတူကွဲပြားသည့် အမှန်တရားတစ်ခုစီကို ပိုင်ဆိုင်ထားကြသည်။

တစ်ချိန်တည်းမှာပင် လောကသဘာဝတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ကိုယ်ပိုင်ဟန်ဖြင့် ပဋိပက္ခဖြစ်သောသဘောကို ဆောင်ကြဉ်းထား၏။

ထိုတိုင်လုံး (၁၂)ခု ထိပ်ဖျားတွင် နေရာလွတ်များ ရှိနေသည်။

သို့သော် တိုင်လုံးတစ်ခုထက်မှာတော့ တင်ပျဉ်ခွေထိုင်နေသည့် ပုဂ္ဂိုလ်တစ်ယောက်ကို မထင်မရှား တွေ့မြင်ရသည်။

ထို့နောက် တင်ပျဉ်ခွေထိုင်နေသည့်ပုံရိပ် ပျောက်ကွယ်သွားပြီး တိုင်လုံးထိပ်ဖျားမှ သွေးနီရောင်မြူခိုးများ တဖြည်းဖြည်း မြင့်တက်ထွက်ပေါ်လာသည်။

ထိုသွေးနီရောင်မြူခိုးများက ဖြည်းညင်းစွာ ပျံတက်လာပြီး ငရဲကိုးထပ်၏ နတ်ဆိုးပင်လယ်ထဲမှ ထွက်ခွာလာကာ အနက်ရောင်တိမ်တိက်အတွင်း စိမ့်ဝင်သွားပြီး လူတစ်ယောက်၏ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက သိမ်မွေ့သည့်လေသံဖြင့်...

"တာအိုရောင်းရင်း ဖန်းယွင်ရှန်း...”

ဖန်းယွင်ရှန်းကတော့ တည်ငြိမ်နေဆဲပင်။

သူမ၏ဦးခေါင်းထက်တွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် အသူရာချောက်နက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုချောက်နက်ကြီးမှာ ငရဲကိုးထပ် ၊ နတ်ဆိုးပင်လယ်နှင့် ဤလောက မစတင်မီကတည်းက တည်ရှိခဲ့သည့် ကနဦးကောင်းကင်ချောက်နက်ကြီးတစ်ခုနှင့် ဆင်တူသည်။

ပရမ်းပတာဖြစ်နေသည့် အမှာင်ထုချောက်နက်ကြီးက ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး သွေးနီရောင်မြူခိုးများ၏ မပီပြင်သော အနားသတ်များနှင့် သွားရောကထိတွေ့သည်။

မကြာမီ ထိုမြူခိုးများ၏ ပုံသဏ္ဌန်က ပိုမိုရှင်းလင်းလာသည်။

ဖန်းယွင်ရှန်း၏ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

မူလက မှောင်မိုက်ပြီး မပီမပြင်ဖြစ်နေသော ပရမ်းပတာအခြေအနေက ပိုမိုပြတ်သားလာပြီး နောက်ဆုံး ဆူပွက်နေသည့် ရေအိုးတစ်လုံးပမာ ပြင်းထန်လာသည်။

"ဟူး..."

ဖန်းယွင်ရှန်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ရန်ကျောက်ကဲနှင့် စောမင်ကျန့်တို့ဘက်သို့လှည့်ပြီး ခေါင်းခါယမ်းပြလိုက်သည်။

သူမ ဘာမှမဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဦးခေါင်းထက်ရှိ ရောင်စုံတိမ်တိုက်ထဲတွင် ထွက်ပေါ်လာသော ငရဲကိုးထပ် နတ်ဆိုးပင်လယ်ထဲမှ သွေးနီရောင်မြူခိုးများထွက်ပေါ်လာရာ တိုင်လုံးကြီးထက်တွင်တော့ မည်သည့်ထူးခြားချက်မှ ထပ်မံဖြစ်ပေါ်လာခြင်း မရှိတော့ပေ။

သို့သော် ရန်ကျောက်ကဲအမြင်အရ ထိုတိုင်လုံးကြီး၏ကိုယ်ထည်က အနည်းငယ် ပြောင်းလဲသွားသယောင် ထင်မှတ်ရသည်။

ထိုတိုင်လုံးက အရင်ကထက် ပိုမိုမှောင်မိုက်လာပြီး မထင်မရှား ပုံရိပ်ယောင်ပမာ ပြောင်းလဲသွားလေရာ အမှောင်ထုထဲတွင်ကြည့်မြင်ရန် ပိုမိုခက်ခဲသွားသည်။

သွေးနီရောင်မြူခိုးများက ပိုမိုထူထပ်လာပြီး တဖြည်းဖြည်း သွေးနီရောင်မှသည် အနက်ရောင်ဆီသို့ ကူးပြောင်းသွားသည်။

ဖန်းယွင်ရှန်းက ရုတ်တရက် လေသံမာမာဖြင့်...

“ရှင်တို့ လွန်လွန်းနေပြီနော်”

သူမ ဦးခေါင်းထက်ရှိ ပရမ်းပတာ ချောက်နက်ကြီးက မငြိမ်မသက်ဖြစ်နေသော်လည်း သူမကိုယ်တိုင်ကတော့ တည်ငြိမ်နေဆဲပင်။

သူမ၏ စွမ်းအားရောင်ဝါက လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်ခဲလှသည်။

သွေးနီရောင်မြူခိုးများကတော့ လက်လျှော့လိုစိတ် ရှိဟန်မတူပေ။

ထိုမြူခိုးများက ဖန်းယွင်ရှန်း၏ သိုင်းစွမ်းအနှစ်သာရဖြင့် ဖန်တီးထားသော အသူရာချောက်ကမ်းပါးကြီးကို ဆက်လက်တွယ်ကပ်နေဆဲ ဖြစ်သည်။

“တာအိုရောင်းရင်းပြောတ နည်းနည်းတော့ လွဲနေပြီ ၊ ဒီအတိုင်းသာ အပေးအယူကို အဆုံးသတ်လိုက်ရင် ငါတို့ဘက်က ဘာမှမရတဲ့အပြင် ဆုံးရှုံးမှုနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်”

မူလစိတ်ဝိညာဉ်နတ်ဆိုးက ဟင်းသီးဟင်းရွက်စျေးတွင် စျေးရောင်းနေသည့် စျေးသည်တစ်ဦးပမာ ပြုံးရွှင်လျှက် စကားဆိုလိုက်သည်။

နှစ်ဖက်လုံးအတွက် ဤအပေးအယူက မည်မျှအန္တရာယ်ကြီးမားကြောင်း ရန်ကျောက်ကဲနှင့် စောမင်ကျန့်တို့ ကောင်းစွာသိရှိထားကြသည်။

ထို့ကြောင့် အလွန်သေးငယ်သည့် အမှားလေးတစ်ခုကပင် နောက်ပိုင်းတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...

“ဒါဖြင့် မင်းတို့က အတင်းအကျပ်ခြိမ်းခြောက်ပြီး အပေးအယူလုပ်ချင်နေတာပေါ့ ၊ ဟုတ်လား...”

ဖန်းယွင်ရှန်းက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာအချို့အား ငရဲကိုးထပ်သို့ ပြန်လည်ပေးအပ်လိုက်စဉ် ငရဲကိုးထပ်မှ အကျိုးအမြတ်အချို့ကိုလည်း ရယူလိုက်နိုင်ဟန်ရှိသည်။

ထို့ကြောင့် မူလစိတ်ဝိညာဉ်နတ်ဆိုးက ဤအပေးအယူကို ဤနေရာတွင် အဆုံးသတ်လိုက်ပါက ငရဲကိုးထပ်က အကျိုးအမြတ်မရှိဘဲ အရှုံးသာရှိလိမ့်မည်ဟု ပြောလိုက်ခြင်း ဖြစ်၏။

ငရဲကိုးထပ်ဘက်မှ အရှုံးပေါ်သွားပြီး မိမိတို့ဘက်မှ အမြတ်ပိုရလိုက်ကြောင်း သိလိုက်သည်နှင့် ရန်ကျောက်ကဲတစ်ယောက် စိတ်ကျေနပ်သွားမိသည်။

သူက ချက်ချင်းပင် လက်ကိုဆန့်ထုတ်လိုက်ပြီး ဖန်းယွင်ရှန်း နောက်ကျောထက်သို့ ဖိကပ်ထားလိုက်သည်။

သွေးနီရောင်မြူခိုးများက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် တည်ရှိနေသောကြောင့် ပြင်ပအင်အားတစ်ခုက ဝင်ရောက်ဖြတ်တောက်ရန် မဖြစ်နိုင်ပေ။

ဤအားပြိုင်မှုက ဖန်းယွင်ရှန်း ၏ ခန္ဓာကိုယ်တွင်း၌သာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်း၏ ကျောပြင်ထက်သို့ လက်ဖဝါးတစ်ဖက် ဖိကပ်လိုက်သည့်အချိန်တွင် သူတို့နှစ်ယောက် စိတ်ချင်းဆက်သွယ်သွားသည့်ပမာ ခံစားလိုက်ရသည်။

ဖန်းယွင်ရှန်းက သူမ၏စိတ်အာရုံထွက်ခွာသွားရာသို့ လိုက်ပါရင်း ငရဲကိုးထပ်၏ နက်နဲသောလျှို့ဝှက်ချက်များကို တစ်စွန်းတစ်စ မြင်တွေ့လိုက်ရသယောင် ရှိသည်။

သူတို့ရှေ့မှ မြင်ကွင်းက အလွန်နီးကပ်နေသည့်တိုင် ကမ္ဘာအဆုံးထိ ဝေးကွာနေသည့်ပမာလည်း ခံစားရသည်။

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း၏ မျက်ဝန်းများထဲမှာတော့ တိုင်လုံးကြီး (၁၂)တိုင်က ပိုမိုထင်ရှားလာလေသည်။

All Chapters