အခန်း (၁၆၈၃-၁၆၈၄)
Vol. 120 Ch. 1683-1684
အခန်း (၁၆၈၃) မူလစိတ်ဝိညာဉ်နတ်ဆိုး ဒဏ်ရာပြန်ကောင်းသွားပြီ
တိုင်လုံးကြီး (၁၂)ခု ဖြည်းဖြည်းချင်း ပိုမိုရှင်းလင်း ထင်ရှားလာသည်။
ထိုအချိန် သွေးနီရောင်မြူခိုးများထဲမှ မျက်နှာများ ထွက်ပေါ်လာသယောင် ထင်မှတ်ရ၏။
၎င်းတို့မှာ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်တို့၏ မျက်နှာများဖြစ်ကြသော်လည်း ရန်ကျောက်ကဲ အတွက်မူ အများစုမှာ ရင်းနှီးကျွမ်းဝင်ခြင်း မရှိလှပေ။
ရန်ကျောက်ကဲက ငရဲကိုးထပ် အကြောင်းကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သူ ဖြစ်သည်။
သူ ထိုမျက်နှာများကို မရင်းနှီးရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုသူများနှင့် ကိုယ်တိုင်ကိုယ်ကျ မတွေ့ဆုံခဲ့ဖူးခြင်းကြောင့်သာ ဖြစ်၏။
သို့တိုင် သူတို့ထဲမှ အတော်များများ၏ပုံရိပ်များကို သူ တွေ့မြင်ဖူးပြီး ဖြစ်သည်။
ထိုသူများက မိုးနှင့်မြေ စတင်ဖြစ်တည်သည့် ကနဦးကာလကတည်းက စတင်ခဲ့ကြသူများ ဖြစ်သည်။
သူတို့က ယနေ့ထိတိုင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာပြီးနောက် တစ်ယောက်ပြီးတစ်ယောက် နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားကြသည်။
နောက်ပိုင်း ရန်ကျောက်ကဲနှင့် ရင်းနှီးသူများ၏မျက်နှာများပါ ထွက်ပေါ်လာသည်။
ထိုသူများမှာ ရန်ကျောက်ကဲ၏အဘိုး ရန်ရှင်းထန်နှင့် သိုင်းပညာယှဉ်ပြိုင်ခဲ့ဖူးသည့် ‘ယင်းရှီယန်’ ၊ ချူးလီလီ၏ဖခင် ‘ချူးဟွမ်’ ၊ ချူးလီလီ ၊ ချန်ရွှမ်ကျုန်းနှင့် ရှီကျွင်း၏မိခင် ‘ယင်ယွီကျန်း’ တို့ ဖြစ်ကြသည်။
နောက်ဆုံး နျဲ့ကျင်းရှန်၏မျက်နှာသည်လည်း ထွက်ပေါ်လာသည်။
သို့သော် အခြားသူများနှင့်မတူဘဲ နျဲ့ကျင်းရှန်၏ပုံရိပ်က တိုင်လုံးကြီး (၁၂)တိုင်ကြားတွင် မတ်တတ်ရပ်လျှက်သား ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
သူ့ဘေးတွင် မှောင်မိုက်သည့်အရိပ်တစ်ခုသည်လည်း ဘေးချင်းယှဉ်ရပ်လျှက် ရှိ၏။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အံ့အားမသင့်မိကြပေ။
ရန်ကျောက်ကဲက...
“သေချာတာပေါ့... သစ်သားနတ်ဆိုးနဲ့... သတ္တုပလ္လင်နတ်ဆိုး”
ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး ဤလောကသို့ ဆင်းသက်လာခြင်း မရှိသေးပေ။
ထို့ကြောင့် ဖန်းယွင်ရှန်း၏ အခွင့်အာဏာကိုယှဉ်ပြိုင်ရန်အတွက် အခြားသော မဟာနတ်ဆိုးများက တာဝန်ယူရခြင်း ဖြစ်သည်။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက တာအိုအဓိပတိတစ်ပါး ဖြစ်လေရာ သူပါဝင်လာပါက အခြားသော တာအိုအဓိပတိများနှင့် နတ်ဘုရားသုတ်သင်အစီအရင် တို့ပါဝင်ပတ်သက်လာမည်ကို စိုးရိမ်နေရသည်။
ထို့ကြောင့် ဤကိစ္စတွင် သူကိုယ်တိုင် ပါဝင်ရန် အဆင်မပြေပေ။
သို့ဖြစ်ရာ အစီအရင်ကိုဦးစီးပြီး ဖန်းယွင်ရှန်း၏ အခွင့်အာဏာကို ယှဉ်ပြိုင်ရမည့်နတ်ဆိုးမှာ ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး ထဲမှ တစ်ပါး ဖြစ်ရပေမည်။
၎င်းတို့ထဲတွင် အရိပ်နတ်ဆို မှာ ထူးခြားသော အခြေအနေတွင် ရှိနေသည်။
သူက ဘေးမှသာ ကူညီနိုင်ပြီး အဓိကယှဉ်ပြိုင်ရမည့်သူကတော့ နျဲ့ကျင်းရှန် ဖြစ်သည်။
ထိုခဏတွင် ဖန်းယွင်ရှန်းမှာ နျဲ့ကျင်းရှန်နှင့် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။
ငရဲကိုးထပ် နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ၌ နျဲ့ကျင်းရှန်၏ အနက်ရောင်နှင့် ရွှေရောင်ပေါင်းစပ်ထားသည့် ဓားအလင်းတန်းမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တစ်ခဏအတွင်းမှာပင် ဓားသွားကို ဖွင့်လှစ်လိုက်သည်။
ပြင်းထန်သောဓားအလင်းတန်းက သိပ်သည်းကျစ်လျစ်သွားပြီး ဓားသွားကို ချက်ချင်းပြန်လည်ဝှက်ကွယ်ကာ ခမ်းနားထည်ဝါသော အသွင်အဖြစ် ပြောင်းလဲသွားသည်။
တစ်ဖက်မှကြည့်လျှင် ထို အနက်ရောင်နှင့်ရွှေရောင် ဓားအလင်းတန်းက ဖန်းယွင်ရှန်း၏ အလုံးစုံပျက်သုဉ်းခြင်း အသူရာချောက်နက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။
အရိပ်နတ်ဆိုး၏ ကူညီပေးမှုကြောင့် ဖန်းယွင်ရှန်းမှာ တစ်ကမ္ဘာလုံးနှင့်တစ်ယောက် ရင်ဆိုင်ရသယောင် ထင်ယောင်ထင်မှား ခံစားလာရသည်။
ကံကောင်းသည်မှာ ဤခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ရန်အတွက် ရန်ကျောက်ကဲက သူမနံဘေးတွင် ရှိနေပေးခြင်းပင်။
သို့သော် ရန်ကျောက်ကဲ လှုပ်ရှားလိုက်သည်နှင့် တစ်ဖက်မှ မူလစိတ်ဝိညာဉ်နတ်ဆိုး ကလည်း လှုပ်ရှားလာသည်။
အခြားသော ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးက နေရာမယူဘဲ နျဲ့ကျင်းရှန်နှင့် အရိပ်နတ်ဆိုးတို့က ဖန်းယွင်ရှန်းကို ယှဉ်ပြိုင်သည့် အစီအရင်ကို ဦးဆောင်နေရသည်မှာ အကြောင်းရင်းတစ်ခု ရှိသည်။
အဘိုးအိုက ပြုံးလိုက်ရင်း...
"တာအိုရောင်းရင်းတို့ ဇနီးမောင်နှံက အမြဲတမ်း ပွင့်လင်းတဲ့သူတွေပါ ၊ အပေးအယူကို ကြိုတင်သဘောတူထားပြီးမှ အခုကျတော့ ဘာလို့ စိတ်မသက်မသာ ဖြစ်နေကြတာလဲ”
စကားဆုံးသွားသည်နှင့် သူ၏မျက်ဝန်းများမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်တို့မှာ စိတ်မတည်မငြိမ် ဖြစ်လာပြီး သူတို့၏စိတ်ဝိညာဉ်များသည်ပင် ငြိမ်သက်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက အေးဆေးသည့်လေသံဖြင့်...
“မင်းက နောက်နေတာလား ၊ အပေးအယူကိစ္စ သဘောတူထားပေမယ့် ပမာဏကိုတော့ မပြောရသေးဘူးလေ ၊ အခုလို အတင်းအကျပ်ခြိမ်းခြောက်ပြီး ကိုယ်လိုချင်တာယူဖို့ ကြိုးစားတာက လောဘကြီးလွန်းရာ မကျဘူးလား”
ဘေနားတွင်ရှိနေသည့် စောမင်ကျန့်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်သည်။
သူက စကားများစွာမဆိုတော့ဘဲ မူလစိတ်ဝိညာဉ်နတ်ဆိုးအား လက်သီးဖြင့် ထိုးနှက်ချလိုက်၏။
ထိုလက်သီးချက်က ကြယ်စင်စုစကြဝဠာတစ်ခုလုံးကို ခေါ်ဆောင်လာသကဲ့သို့ ကြီးမားသော အရှိန်အဝါဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုးဆီသို့ ဝင်ရောက်သွားသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက အနည်းငယ် ပြုံးလိုက်ပြီး တစ်ချက်ပင်မလှုပ်ရှားဘဲ နေရာမှာပင် မတ်တတ်ရပ်နေသည်။
ရှောင်တိမ်းခြင်းလည်း မပြု၊ ခုခံခြင်းလည်း မလုပ်ပေ။
သို့သော် သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဤလောကရှိ အရာအားလုံးနှင့် သီးခြားကင်းကွာသွားသည်။
ကမ္ဘာတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် စောမင်ကျန့်၏ ပြင်းထန်သည့်လက်သီးချက်မှာ ပစ်မှတ်ပျောက်ဆုံးသွားပြီး မူလစိတ်ဝိညာဉ်နတ်ဆိုး၏ မပီပြင်သည့်ပုံရိပ်ယောင်ကို ဖြတ်သန်းသွားသည်။
"ဟင်..."
စောမင်ကျန့်၏ လက်သီးချက် အရာမထင်ခဲ့ပေ။
သူက တန်ခိုးစွမ်းအားကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။
သူ၏လက်က မူလစိတ်ဝိညာဉ်နတ်ဆိုး၏ရင်ဘတ်ကို ထိုးဖောက်ထားသကဲ့သို့ ဖြစ်နေပြီး နေရာမှာပင် ရပ်တန့်သွားသည်။
သူ့အရှေ့မှ အဘိုးအိုကတော့ ပြုံးလျှက်ပင် အေးဆေးစွာ မတ်တတ်ရပ်နေဆဲ ဖြစ်၏။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ချက်ချင်း သဘောပေါက်သွားကြသည်။
“သူ့ဒဏ်ရာတွေ လုံးဝပြန်ကောင်းသွားပြီ”
မူလစိတ်ဝိညာဉ်နတ်ဆိုးက လျှို့ဝှက်နက်နဲသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားပြီး ၊ သူက သက်ရှိလည်းမဟုတ် သက်မဲ့လည်းမဟုတ်သော ထာဝရမသေမျိုး ဖြစ်သည်။
ဤလောကရှိ ကောင်းကင်နတ်ဘုရား အထွတ်ထိပ်အဆင့် ကျွမ်းကျင်သူများသည်ပင် သူ့ကို ထိခိုက်အောင်လုပ်နိုင်ရန် အလွန်ခက်ခဲသည်။
ဤမဟာနတ်ဆိုးက ကိုယ်ပွားပေါင်းများစွာရှိပြီး နေရာတိုင်းတွင် ရှိနေနိုင်သည်။
သူက အချိန်နှင့်နေရာတွင် တည်ရှိခြင်းမျိုးမဟုတ်ဘဲ သက်ရှိတိုင်း၏စိတ်နှလုံးထဲတွင် တည်ရှိခြင်း ဖြစ်သည်။
အချို့သူများ၏စိတ်ထဲတွင် သူ့ကို ပုံဖော်နိုင်သော်လည်း အချို့သူများကတော့ ပုံဖော်နိုင်ခြင်း မရှိပေ။
သို့သော် လောက၌ ချွင်းချက်ဆိုသည်က ရှိစမြဲပင်။
မူလစိတ်ဝိညာဉ်နတ်ဆိုးကို ထိခိုက်အောင် လုပ်နိုင်သော လူနည်းစုက အမြဲတမ်း ရှိနေတတ်သည်။
ရှေးယခင်တစ်ချိန်က မူလစိတ်ဝိညာဉ်နတ်ဆိုး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး အားနည်းချက်များ ရှိနေခဲ့သည်။
စောမင်ကျန့်က ထိပ်တန်းအဆင့် သိုင်းပညာရပ်များကို ကျင့်ကြံထားသူဖြစ်ပြီး မဟာတာအိုကိုလည်း အချိန်ကြာမြင့်စွာကပင် နားလည်သဘောပေါက်ထားသူ ဖြစ်သည်။
ယခင်ကဆိုလျှင် အတုအယောင်နှင့် အစစ်အမှန်ကြား ပြောင်းလဲသွားသည့်အခြေအနေတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးက သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။
ယခု မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဒဏ်ရာများ လုံးဝ ပျောက်ကင်းသွားပြီး အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသောကြောင့်သာ စောမင်ကျန့်၏တိုက်ခိုက်မှုက မအောင်မြင်ခြင်း ဖြစ်၏။
ဤနတ်ဆိုးက အစကတည်းက ဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလျှက်ပင် ရှိနေသော်လည်း သူ၏မျက်ဝန်းများထဲမှ ရောင်စုံအလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။
ထိုမျက်ဝန်းများက အစောပိုင်းကကဲ့သို့ တောက်ပခြင်း ၊ ရောင်စုံအလင်းများ လင်းလက်နေခြင်း မရှိတော့ပေ။
ယခု သူ၏မျက်ဝန်းထဲမှ အလင်းရောင်က သာမန်နေရောင်ခြည်ပမာ ဖြစ်သည်။ မထင်ရှားသော်လည်း နွေးထွေးနူးညံ့ပြီး အလွန် သဘာဝကျလေသည်။
ဤမြင်ကွင်းထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲတို့အုပ်စုအပေါ် သက်ရောက်သောဖိအားက ရုတ်တရက် မြင့်တက်လာသည်။
သူတို့၏ စိတ်အာရုံနှင့် စိတ်ဝိညာဉ်များ အနှောက်ယှက်ခံလိုက်ရပြီး အာရုံများလွင့်ပါးသွားကြသည်။
ထို့အချိန် စောမင်ကျန့်ရှေ့တွင် ရှောက်ကျွင်းဟွမ်၏ပုံရိပ် ထွက်ပေါ်လာသည်။
အတိတ်ကာလမြင်ကွင်းများက သူ့စိတ်ထဲ လျှင်မြန်စွာဖြတ်သန်းသွားသည်။
ထိုစဉ်က သူတို့နှစ်ယောက် တိတ်ဆိတ်စွာ လမ်းခွဲခဲ့ကြသော်လည်း ထိုသို့နှုတ်ဆက်ခဲ့ခြင်းက ထာဝရဖြစ်သွားမည်ဟု မထင်မှတ်ခဲ့ကြပေ။
သူတို့ ပြန်လည်ဆုံတွေ့ချိန်တွင် ချစ်ရသူက ကွယ်လွန်သွားပြီဖြစ်သည်။
ရှောက်ကျွင်းဟွမ်ကိုယ်စား အဖြူရောင်ပန်းများ တိတ်ဆိတ်စွာ ပွင့်လန်းနေသည့် ချန်ဟွာသစ်ပင်ကြီးသာလျှင် အထီးကျန်ဆန်စွာ ကျန်ရစ်ခဲ့လေသည်။
အခြားမည်သည့်အရာမှ အမှတ်ထင်ထင် ကျန်ရစ်ခြင်း မရှိတော့ပေ။
သို့သော် စောမင်ကျန့်၏နှလုံးသားထဲမှာတော့ ရှောက်ကျွင်းဟွမ်၏ မျက်နှာ ၊ အသံနှင့် အပြုံးတို့က ထာဝရ တည်ရှိနေမြဲ ဖြစ်သည်။
ထိုအချိန် သူ့အရှေ့တွင်ပေါ်လာသည့် ရှောက်ကျွင်းဟွမ်၏ပုံရိပ်က စောမင်ကျန့်ကို တည်ငြိမ်စွာကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
“သူ မရှိတော့ဘူး ၊ ဒါပေမဲ့ မင်းက သူ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ခဲ့တယ် ၊ သူက သေသွားပြီပဲလေ ၊ အခုမှ ဒီလိုလုပ်နေတာ ဘာအဓိပ္ပါယ်ရှိလို့လဲ”
“ဘာလဲ... ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာ ရစေချင်လို့လား”
ဖန်းယွင်ရှန်း၏ စိတ်ဝိညာဉ်သည်လည်း လှိုင်းများထန်လာလေသည်။
သူမဘဝ ဖြတ်သန်းခဲ့ရသည်များကို ရုပ်ရှင်ကားတစ်ကားပမာ သူမစိတ်ထဲ ပြန်လည်မြင်ယောင်လာသည်။
သူမ ငယ်စဉ်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကံကြမ္မာအတက်အကျများစွာနှင့် တွေ့ကြုံခဲ့ရသည်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသို့ ရောက်ရှိပြီးနောက် သူမ ငရဲကိုးထပ်သို့ ရောက်ရှိသွားပြီး သေလုမျောပါး အခြေအနေများကြုံတွေ့ခဲ့ရသည်။
နောက်ပိုင်းမှ လွတ်မြောက်လာခဲ့ပြီး အသက်မသေဘဲ အကျိုးအမြတ်များစွာ ရရှိခဲ့သည့်တိုင် သူမ၏ဘဝက အမြဲတမ်း စိုးရိမ်ပူပန်နေခဲ့ရပြီး အလွန်တရာ အန္တရယ်များသည့် အခြေအနေများကို ဖြတ်သန်းခဲ့ရသည်။
ယနေ့ အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာသည်အထိ ဖန်းယွင်ရှန်း သတိကြီးစွာနှင့် ကြိုးစားအားထုတ်ခဲ့ရသည်။
သူမ အထွတ်ထိပ်အဆင့်သို့ နီးကပ်နေပြီဖြစ်သည့်တိုင် ရှေ့ဆက်ရမည့်လမ်းက ဝေဝါးနေဆဲပင်။
သူမပုံစံနှင့် တစ်ပုံစံတည်းတူသော မိန်းမပျိုတစ်ယောက် ဖန်းယွင်ရှန်းရှေ့တွင် ပေါ်လာသည်။
သူမက ကန်ရေပြင်ပမာ တည်ငြိမ်သောအသံဖြင့် အေးဆေးစွာ မေးခွန်းထုတ်လိုက်သည်။
“အခု ဒီဘဝက မင်းလိုချင်တဲ့ဘဝ ဟုတ်လို့လား ၊ တာအိုဝါဒကို ပြန်လည်ရှင်သန်စေချင်တာ မင်းဆန္ဒ ဟုတ်လို့လား ၊ အဲဒါက ရန်ကျောက်ကဲနဲ့ တခြားသူတွေရဲ့ ရည်မှန်းချက်လေ ၊ မင်းရဲ့ ကိုယ်ပိုင်ရည်မှန်းချက်က ဘာလဲ ၊ မင်းရဲ့ ရည်မှန်းချက်က မင်းချစ်သူကို ကူညီဖို့ပဲ ဖြစ်တည်လာတာလား”
“မင်းက တခြားသူတွေအတွက်ပဲ အသက်ရှင်နေမှာလား”
ရန်ကျောက်ကဲက စောမင်ကျန့်နှင့် ဖန်းယွင်ရှန်းတို့၏ အခြေအနေကို မသိရှိပေ။ သို့သော် သူ့အခြေအနေကလည်း သူတို့နှစ်ယောက်နှင့် အတူတူပင် ဖြစ်၏။
ရန်ကျောက်ကဲ၏ စိတ်အာရုံသည်လည်း လွင့်မျောသွားပြီး သူ့ရှေ့မှ မြင်ကွင်းများသည်လည်း ပြောင်းလဲသွားလေသည်။
အခန်း (၁၆၈၄) ဘာကအစစ်အမှန်လဲ
လမ်းမများထက်တွင် ယဉ်ကြောများ ရှုပ်ယှက်ခတ်နေပြီး မိုးမျှော်တိုက်ကြီးများကလည်း ပြည့်နှက်နေသည်။
ရန်ကျောက်ကဲရှေ့တွင် ကွန်ကရစ်ဖြင့်တည်ဆောက်ထားသည့် ဖလက်ဖောင်းများ ကားလမ်းများရှိနေပြီး နားထဲတွင်လည်း ကားဟွန်းသံများ ဆူညံစွာ ပဲ့တင်ထပ်နေသည်။
ရန်ကျောက်ကဲက မျက်စိရှေ့မှမြင်ကွင်းကို စူးစိုက်ကြည့်ရင်း မျက်လုံးများကို မှေးစင်းလိုက်သည်။
ဤမြင်ကွင်းများမှာ သူ့ကို အိပ်မက်ထဲအထိ ခြောက်လှန့်နေသည့် မဟာကပ်ဘေးကြီးမြင်ကွင်းမဟုတ်ဘဲ သူ့မှတ်ဉာဏ် အနက်ရှိုင်းဆုံးနေရာတွင် မြှုပ်နှံထားသည့် အရာများ ဖြစ်သည်။
အချိန်တွေ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ချီထျန်းမဟာသူတော်စင် ၊ ယန်ကျန်း ၊ တတိယမင်းသား’နီကျား’ နှင့် ကွမ်ယင်ဗောဓိသတ္တတို့ကဲ့သို့ ရင်းနှီးသည့်နာမည်များကို ကြားမိချိန်မှာတော့ သူက ဤအဖြစ်အပျက်များကို မတော်တဆ ပြန်လည်တွေးတောခဲ့မိသည်။
သို့သော် ထိုအတွေးများက ခေတ်သစ်ကမ္ဘာမှ ဒဏ္ဍာရီလာပုံပြင်များ ၊ မှတ်တမ်းများနှင့် ရုပ်ရှင်များကို ပြန်လည်သတိရမိခြင်းထက် ပိုပြီးမထူးခြားပေ။
ထိုအရာများက လက်ရှိ သူ့ဘဝနှင့် ဆက်စပ်မှုမရှိသလောက် ဖြစ်၏။
ဟုတ်ပေ၏။
လက်ရှိကမ္ဘာနှင့် ဆက်စပ်မှုမရှိသည့်အချက်အလက် အများစုက သူ့စိတ်ထဲ ရေပူဖောင်းများပမ ပေါ်ထွက်လာပြီး သဲလွန်စမကျန်ဘဲ သူ့စိတ်အတွင်းပိုင်းသို့ ပြန်လည်နစ်မြုပ်သွားတတ်သည်။
မည်မျှပင် မေ့ပျောက်ခဲ့သနည်းဆိုပါမူ မဟာကပ်ဘေးကြီးမတိုင်ခင်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ကြုံတွေ့ခဲ့ရသည်များကိုသာ သူ့စိတ်က မှတ်မိနေပြီး ထိုဘဝသည်သာ သူ၏အတိတ်ဘဝဟု မသိစိက ထင်မှတ်နေမိသည်။
ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသည့် သူ၏ဘဝကို လုံးဝနီးပါး မေ့ပျောက်နေခဲ့သည်။
အမှန်တော့ ခေတ်သစ်ကမ္ဘာမှ အဖြစ်အပျက်များက အမှန်တကယ် မေ့ပျောက်သွားခြင်းမျိုးမရှိဘဲ သူ့စိတ်အတွင်းပိုင်းတွင် မြှုပ်နှံထားခဲ့ခြင်းသာပင်။
ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်ချိန် သူ့ရှေ့တွင် သူနှင့် ချွတ်စွပ်တူသော လူတစ်ယောက်ပေါ်လာသည်။
“ဘာလဲ... မင်းရှေ့ကအရာတွေက အတုအယောင်တွေလို့ သံသယဝင်နေတာလား”
တစ်ဖက်လူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီလောကမှာ မင်းရဲ့ ကနဦးမှတ်ဉာဏ်ထဲက ရင်းနှီးတဲ့ဒဏ္ဍာရီတွေနဲ့ တူညီတဲ့အချက်တွေရှိပေမယ့် မတူကွဲပြားတာတွေလည်း အများကြီးရှိတယ် ၊ အဲဒါ ဘာလို့လဲဆိုတာ မင်း တွေးကြည့်ဖူးလား ၊ ဒါက မင်းရဲ့ မှတ်ဉာဏ်တွေကို ပေါင်းစပ်ပြီး အတွေးအခေါ်တွေကိုချဲ့တွင်ထားတဲ့ ဒဏ္ဍာရီကို ပြောင်းလဲလိုက်တဲ့ အိပ်မက်တစ်ခုလား”
"ဒါမှမဟုတ် အတိတ်က အရာအားလုံးဟာ အိပ်မက်တစ်ခုပဲလား..."
“ငါတို့တွေက လိပ်ပြာအဖြစ် အိပ်မက်မက်နေတာလား ၊ ဒါမှမဟုတ် လိပ်ပြာက အိပ်မက်ထဲကနေ လွတ်မြောက်သွားတာလား ၊ ဘာက အမှန်တရားလဲ ၊ ဘာက အတုအယောင်လဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲရှေ့မှ ပုံရိပ်က တုန်ခါလာသည်။
မိုးမျှော်တိုက်ကြီးများ ပြိုကျကုန်ပြီး လမ်းမများသည်လည်း တွန့်လိမ်ကောက်ကွေးကာ ကောင်းကင်ကြီး နိမ့်ဆင်းလာသည်။
အရာအားလုံးက သဲအိမ်လေးများပမာ ပြိုကျပျက်ဆီးသွားပြီး သဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။
သူနှင့် ချွပ်စွပ်တူသော သူ့အရှေ့မှပုံရိပ်သည်လည်း ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ ခဏမျှ စိတ်လွင့်သွားပြီးနောက် သတိပြန်ဝင်လာသည်။
သူ့ရှေ့မှ မြင်ကွင်းများမှာလည်း ယခင်ကအတိုင်း ပုံမှန် ပြန်ဖြစ်သွားသည်။
သူက ဖန်းယွင်ရှန်းဘေးတွင် မတ်တတ်ရပ်လျှက် သူမ၏နောက်ကျောကို လက်တစ်ဖက်ဖြင့် ဖိထားဆဲပင်။
ဖန်းယွင်ရှန်း၏ ဦးခေါင်းထက်တွင် အသူရာချောက်နက်ကြီးတစ်ခုရှိနေပြီး သွေးနီရောင်မြူခိုးများကလည်း သူမပတ်ပတ်လည်တွင် ဆက်လက်လွင့်ပျံနေသည်။
သွေးနီရောင်မြူခိုးများ၏ရင်းမြစ်ကတော့ မျက်နှာချင်းဆိုင်တွင် မတ်တတ်ရပ်နေသည့် အဘိုးအို ဖြစ်သည်။
သူ၏ဦးခေါင်းထက်ရှိ အနက်ရောင်တိမ်တိုက်ထဲတွင် ပုံရိပ်များလှုပ်ရှားနေပြီး မြင်ကွင်းများလည်း ပြောင်းလဲနေသည်။
စောမင်ကျန့်က အဘိုးအို၏ရှေ့တွင် မတ်တတ်ရပ်နေသည်။
စောမင်ကျန့်၏လက်က အဘိုးအို၏ရင်ဝကို ထိုးဖောက်ထားဆဲပင်။
သို့သော် စောမင်ကျန့်ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့တောက်ပနေပြီး ထိုအလင်းရောင်များက အင်းသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ အစီအရင်တစ်ခု ဖြစ်တည်လာပြီး စောမင်ကျန့်ကိုယ်တိုင်အပါအဝင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အား ကာကွယ်ပေးသည့် အရံအတားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အရပ်မြင့်မြင့် ၊ ဆံပင်တိုတိုနှင့် လူငယ်သည် မူလစိတ်ဝိညာဉ်နတ်ဆိုးကို အေးစက်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေသည်။
အဘိုးအိုက သက်ပြင်းချလိုက်ပြီး...
“အတော်ပြင်းထန်တဲ့စွမ်းအားပဲ ၊ နာမည်နဲ့လိုက်အောင် တော်ပါပေတယ်”
စောမင်ကျန့်က စကားတစ်ခွန်းမှ မဆိုပေ။
သူပြုလုပ်လိုက်သည့် အရံအတားက သီးခြားကမ္ဘာတစ်ခုပမာ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။
အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခွင်သို့ ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး အရံအတားဖုံးလွှမ်းသွားသည့် နေရာတိုင်းက ပြင်ပလောကနှင့်ဖြတ်တောက်ခံရကာ အတွင်းပိုင်းနှင့် အပြင်ပိုင်းလုံးဝ ကင်းကွာသွားစေသည်။
ယခု မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ရုပ်သွင်က ရေလှိုင်းများပမာ လှုပ်ခါနေသည်။
ဤလောကနှင့်မသက်ဆိုင်သည့်အလား အိပ်မက်ပုံရိပ်ယောင်ပမာဖြစ်နေသော သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပကတိအတိုင်း ပြန်ဖြစ်လာသည်။
ဤလောကရှိ ဒြပ်စင်များက သူ့ကိုထိတွေ့နိုင်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
နတ်ဆိုး၏ရင်ဘတ်ကို ထိုးဖောက်ထားသည့် စောမင်ကျန့်၏လက်သီးချက်ကတော့ အဆုံးမရှိသော ကြယ်စင်စုစွမ်းအားများနှင့် ထာဝရနေရောင်ခြည်၏တောက်လောင်မှုများဖြင့် ပြည့်နက်နေဆဲပင်။
ထိုခဏတွင် အဘိုးအိုက မသက်မသာခံစားရဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်။
သူက စောမင်ကျန့်၏လက်သီးချက်မှ ပူလောင်ပြင်းပြသည့် စွမ်းအားရောင်ဝါနှင့် ပြင်းထန်သည့် အဖျက်စွမ်းအာကို ခံစားသိရှိနေပေသည်။
“လူငယ်မျိုးဆက်တွေက တကယ့်ကို ကြောက်စရာကောင်းတာပဲ”
မူလစိတ်ဝိညာဉ်နတ်ဆိုး တိုးညင်းစွာရေရွတ်ရင်း သက်ပြင်းချလိုက်၏။
သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ဖန်သားပမာကြည့်လင်လာပြီး အလင်းတန်းများအဖြစ် ပြိုကွဲတော့မည့်ပမာ ဖြစ်လာသည်။
သို့သော် စောမင်ကျန့်က လက်သီးကိုတင်းတင်းဆုပ်လိုက်ရာ အင်းသင်္ကေတ အစီအရင်စွမ်းအားများက အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဖန်သားပမာကြည်လင်သော ခန္ဓာကိုယ်ကို ဆွဲငင်လိုက်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။
သူ၏ခန္ဓာကိုယ်မှ ရေများစိမ့်ထွက်လာပြီး စောမင်ကျန့်၏လက်ကို စိုစွတ်သွားစေသည်။
စောမင်ကျန့် ခပ်သဲ့သဲ့ ညည်းညူလိုက်ပြီး နက်ရှိုင်းသည့် ကောင်းကင်ဖြတ်တောက်ကျင့်စဉ်စွမ်းအားကို အသုံးပြုကာ မူလစိတ်ဝိညာဉ်နတ်ဆိုး၏ တန်ပြန်တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုက သာမန်ကျင့်ကြံသူများ ဓားချင်းယှဉ်တိုက်ခိုက်သလို ပြတ်သားခြင်း မရှိပေ။
သို့သော် တိုက်ပွဲ၏ပြင်းထန်မှုက ဓားသိုင်းယှဉ်ပြိုင်ခြင်းထက် မနိမ့်ကျသည့်အပြင် ပို၍ပင်သာလွန်သည်ဟု ဆိုနိုင်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက စောမင်ကျန့်၏ စိတ်ဝိညာဉ်ခံစစ်စွမ်းအားကို ထိုးဖောက်ဝင်ရောက်ရန်ကြိုးပမ်းရင်း တိုက်စစ်ကို အရှိန်အဟုန် မြှင့်လိုက်၏။
သူက စောမင်ကျန့်၏စိတ်အတွင်းပိုင်းသို့ဝင်ရောက်ပြီး အရံအတားကို ဖျက်ဆီးပစ်လိုခြင်း ဖြစ်သည်။
အယယ်ကြောင့်ဆိုသော စောမင်ကျန့် မည်သို့တွေးတောသည်ကို သူ ကောင်းစွာ သိရှိနေသောကြောင့်ပင်။
အကယ်၍ စောမင်ကျန့်အား ကိုယ်တွင်းမိစ္ဆာ၏ထိန်းချုပ်မှုအောက်မှ ပြန်လည်ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နိုင်ပါက ဆက်လက်တိုက်ခိုက်စရာမလိုဘဲ သူ့ဘက်မှ အနိုင်ရရှိသွားမည် မဟုတ်ပါလား။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ တိုက်ခိုက်မှုကို ခုခံနေရင်းပင် စောမင်ကျန့်က ထိုနတ်ဆိုး၏စွမ်းအားကို ထိန်းချုပ်ရန်ကြိုးစားလိုက်သည်။
သူက နတ်ဆိုးအား ပုံရိပ်ယောင်မှသည် အစစ်အမှန်လက်တွေ့ဘဝသို့ အတင်းအကျပ်ဆွဲခေါ်ကာ ပြင်းထန်သောရိုက်ချက်ဖြင့် ထပ်မံတိုက်ခိုက်ရန် ကြိုးစားနေခြင်းပင်။
သည် နတ်ဆိုး၏ မှော်ပညာရပ်များကို ထိန်းချုပ်ပြီး ဖော်ထုတ်လိုက်သည်။ ထို့နောက် နတ်ဆိုးအား အိပ်မက်လောကမှ လက်တွေ့ဘဝသို့ အတင်းအကျပ် ဆွဲခေါ်ကာ ပြင်းထန်သော အချက်တစ်ချက်ဖြင့် တိုက်ခိုက်နိုင်ရန် ကြိုးစားနေ၏။
နတ်ဘုရားသုတ်သင်အစီအရင်တိုက်ပွဲတွင် စောမင်ကျန့်က ပင်လယ်ငြိမ်သက်ပုလဲ(၂၄) လုံး ကို ပိုင်ဆိုင်ထားသော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
ထိုတိုက်ပွဲကြောင့် သူက စကြာဝဠာတစ်ခွင်တွင် ကျော်ကြားလာခဲ့သည်။
သို့ပေသိ သူ့ဘဝတွင်ခံစားခဲ့ရသော ကိုယ်ပိုင်အတွေ့အကြုံများက မူလစိတ်ဝိညာဉ်နတ်ဆိုးအတွက် အခွင့်အရေးတစ်ခု ဖြစ်သွားခဲ့သည်။
စောမင်ကျန့်အတွက်တော့ မူလစိတ်ဝိညာဉ်နတ်ဆိုးက ကျင့်ကြံခြင်းအဆင့်တူညီသော အခြားကျွမ်းကျင်သူများထက် ရင်ဆိုင်ရ ပိုမိုခက်ခဲသော ပြိုင်ဘက်ဖြစ်၏။
ကောင်းကင်နတ်ဘုရားများမှာ စိတ်ဓာတ်ခိုင်မာသူများဖြစ်ကြပြီး အကြောင်းအရာအနည်းငယ်ကသာလျှင် သူတို့၏စိတ်ကို တုန်လှုပ်အောင် ပြုလုပ်နိုင်ကြသည်။
သိ့သော် ထိုသို့လုပ်ဆောင်နိုင်သူမှာလည်း ဤလောကရှိ နတ်ဆိုးအားလုံး၏ မူလရင်းမြစ်ဖြစ်သော “မူလစိတ်ဝိညာဉ်နတ်ဆိုး” သာလျှင် ဖြစ်သည်။
အထူးသဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုးက ဒဏ်ရာများ ပြန်လည်သက်သာလာပြီး အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
သူ၏အထွတ်ထိပ်အခြေအနေတွင် စိတ်ဝိညာဉ်ကိုလွှမ်းမိုးဖျက်ဆီးနိုင်သောစွမ်းအားကြောင့် စိတ်အတွင်းပိုင်းတွင် အနည်းငယ်မျှသာ အားနည်းချက်ရှိသော ကောင်းကင်နတ်ဘုရားများပင် လျှင်မြန်စွာ ရှုံးနိမ့်သွားနိုင်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးကို ထိပ်တန်းမဟာနတ်ဆိုး (၆) ပါး ၏ ခေါင်းဆောင်၊ တာအိုအဆင့်အောက်တွင် အစွမ်းထက်ဆုံး နတ်ဆိုးဟု ချီးကျူးပြောဆိုလေ့ ရှိကြသည်။
ထိုသို့ပြောဆိုကြသည်မှာ သူ၏မသေမျိုးစွမ်းအားကြောင့်မဟုတ်ဘဲ ကောင်းကင်နတ်ဘုရားတို့၏အတွင်းစိတ်အထိ ဝင်ရောက်နိုင်သောစွမ်းအားကြောင့်သာ ဖြစ်သည်။
သို့သော် စောမင်ကျန့်၏ ထူးခြားသည့်စွမ်းအားကြောင့် မူလစိတ်ဝိညာဉ်နတ်ဆိုးမှာ အနိုင်ယူရန် အတော်လေး ရုန်းကန်နေရသည်။
သို့တိုင် မူလစိတ်ဝိညာဉ်နတ်ဆိုးကလည်း အလျင်လိုခြင်း မရှိခဲ့ပေ။
လက်ရှိတွင် စောမင်ကျန့်၏ နတ်ဘုရားအလင်းတန်းက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို ကာကွယ်ပေးထားသော်လည်း သူ ခဏမျှ စိတ်အာရုံလွင့်သွားသည်နှင့် ငရဲကိုးထပ်ရှိ နျဲ့ကျင်းရှန်နှင့် အရိပ်နတ်ဆိုးတို့က အသာစီးရသွားကြပေမည်။
သွေးနီရောင်မြူခိုးများက တဟုန်ထိုး ပျံ့နှံ့လျှက် ရှိသည်။
ဖန်းယွင်ရှန်းထံမှ ခပ်သဲ့သဲ့ ညည်းညူသံတစ်ချက် ထွက်ပေါ်လာပြီး သူမ၏ဦးခေါင်းထက်မှ ပရမ်းပတာ အသူရာချောက်နက်ကြီးက ထပ်မံတုန်ယင်သွားပြီး ၊ ထိုချောက်နက်ကြီးမှထွက်ပေါ်နေသည့် ပြင်းထန်သော စွမ်းအားရောင်ဝါများမှာလး ဆူပွက်နေသည့် ရေနွေးအိုးမှထွက်ပေါ်လာသည့် ရေနွေးငွေ့ကဲ့သို့ လျော့ပါးလွင့်ပြယ်သွားသည်။
အနက်ရောင်တိမ်တိုက်ထဲတွင် မြင်နေရသည့် နတ်ဆိုးပင်လယ်ထဲမှ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို ကိုယ်စားပြုသော တိုင်လုံးကြီးမှာ ပို၍မှောင်မိုက်ကာ မပီမပြင်ဖြစ်လာပြီး ပို၍လည်း ရက်စက်ကြမ်းကြုတ်လာသည်။
ဖန်းယွင်ရှန်းမှာ မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အနှောက်အယှက်ပေးမှုကြောင့် စိတ်အာရုံလွင့်ပါးသွားရပြီး သူမ၏အသာစီးရရှိမှုကို လက်လွှတ်ဆုံးရှုံးလိုက်ရသည်။
အခြေအနေက အလျှင်အမြန်ပင် ဆိုးရွားသွားသည်ဖြစ်ရာ သူမ အချိန်မီသတိပြန်ဝင်လာပြီး တားဆီးရန် ကြိုးစားသော်လည်း မအောင်မြင်တော့ပေ။
သူမ၏ဦးခေါင်းထက်မှ ပရမ်းပတာချောက်နက်ကြီး ပြိုကွဲတော့မည့်လက္ခဏာများ တဖြည်းဖြည်း ထင်ဟပ်လာသည်။ သွေးနီရောင်မြူခိုးများက သူမထံသို့ ပျံ့လွင့်လာပြီး သူမအား ငရဲကိုးထပ်အတွင်းသို့ ဆွဲခေါ်သွားမည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲ၏လက်ဖဝါးက ဖန်းယွင်ရှန်း၏နောက်ကျောကို ဖိကပ်ထားသည်ဖြစ်ရာ အခြေအနေပြောင်းလဲသွားကြောင်း ချက်ချင်းပင် နားလည်လိုက်သည်။
ရန်ကျောက်ကဲက ကျန်လက်တစ်ဖက်ဖြင့် လေထုထဲတွင် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။
ထို့နောက် သူက တိုးလျသည့်လေသံဖြင့်...
“အကြီးအကဲ’စော’...”
စောမင်ကျန့်က အင်္ကျီလက်ကိုတစ်ချက်ခါလိုက်ရာ ကြယ်တာရာအလင်းတန်းများ ပျံသန်းထွက်လာပြီး ရန်ကျောက်ကဲဆီသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။
***
(မှတ်ချက် - လိပ်ပြာအိပ်မက်အတွေးအခေါ်ဆိုတာက ၄ ရာစုနှစ်က တရုတ်တွေးခေါ်ပညာရှင် ကျွမ်ကျီ(ကျွမ်ကျိုး)က သူရေးခဲ့တဲ့ တာအိုဝါဒကျမ်းတွေမှာ ထည့်သွင်းရေးသားခဲ့တဲ့ အတွေးအခေါ် တစ်ခုပါ။
အစစ်အမှန်နဲ့လူသားသိစိတ်ကြားက သဘာဝကို ဖော်ပြတဲ့ အတွေးအခေါ်ပါ။
သူရေးတဲ့ စာအုပ်ထဲမှာ ရေးထားတာက -
“ကျွမ်ကျီက အိပ်ပျော်သွားပြီး လိပ်ပြာတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်တယ် ၊ သူက လူသားတစ်ယောက်ဆိုတာ လုံးဝမေ့ပျောက်သွားပြီး လိပ်ပြာတစ်ကောင်အဖြစ် ပျော်ပျော်ရွှင်ရွှင် ပျံသန်းနေတယ်၊ ရုတ်တရက် သူ အိပ်ယာကနိုးလာတော့ သူက လိပ်ပြာ မဟုတ်တော့ဘဲ “ကျွမ်ကျီ” ပြန်ဖြစ်နေတယ်”
အဲဒီမှာ သူက တွေးတယ်။
“ငါဆိုတဲ့ကျွမ်ကျီက လိပ်ပြာတစ်ကောင်ဖြစ်သွားတယ်လို့ အိပ်မက်မက်တာလား ၊ ဒါမှမဟုတ် လိပ်ပြာတစ်ကောင်က ငါဆိုတဲ့ကျွမ်ကျီဖြစ်သွားတယ်လို့ အိပ်မက်မက်တာလား”
အခု ဒီစာစဉ်မှာ မူလစိတ်ဝိညာဉ်နတ်ဆိုးက ရန်ကျောက်ကဲကိုမေးတဲ့ -
“ငါတို့တွေက လိပ်ပြာအဖြစ် အိပ်မက်မက်နေတာလား ၊ ဒါမှမဟုတ် လိပ်ပြာက အိပ်မက်ထဲကနေ လွတ်မြောက်သွားတာလား ၊ ဘာက အမှန်တရားလဲ ၊ ဘာက အတုအယောင်လဲ”
ဆိုတဲ့စာသားက ကျွမ်ကျီရဲ့ အတွေးအခေါ်ကို ထည့်သွင်းရေးသားထားတာပါ။
ကျွန်တော် အရင်က ဘာသာပြန်ဖူးတဲ့ ချင်းရွှမ်လမ်းစဉ် ဆရာသခင် (ဆန်းလျန်) ထဲမှာလည်း ကျွမ်ကျီ အကြောင်းပါပါတယ်။
အဲဒီထဲမှာတော့ ကျွမ်ကျီကို စာရေးသူက နတ်ဘုရားတစ်ပါးအဖြစ် ပုံဖော်ထားခဲ့ပါတယ်။ ___ ဘာသာပြန်သူ)