အခန်း (၁၆၈၅-၁၆၈၆)
Vol. 120 Ch. 1683-1684
အခန်း (၁၆၈၅) အားသာချက်ကို အပြည့်အဝအသုံးချခြင်း
စောမင်ကျန့်၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာသော ကြယ်တာရာအလင်းတန်းများထဲတွင် အစောပိုင်းက သိမ်းဆည်းလိုက်သော နတ်ဆိုးပင်လယ်ရေများ ပါဝင်သည်။
အခြေအနေက ဤသို့ဖြစ်လာနိုင်ကြောင်း သိရှိသည့်အတွက် ရန်ကျောက်ကဲနှင့် စောမင်ကျန့်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်ပင်။
သူတို့က နတ်ဆိုးပင်လယ်ရေများကို အစီအစဉ်အတိုင်း ကြိုတင်ရယူလိုက်ကြသည်။
ယခု လိုအပ်သည့်အချိန်တွင် စောမင်ကျန့်က ရန်ကျောက်ကဲအကြံအတိုင်း နတ်ဆိုးပင်လယ်ရေများကို ကြယ်တာရာအလင်းတန်းဖြင့် ဝန်းရံကာ လှမ်းပေးလိုက်ခြင်း ဖြစ်၏။
ကြယ်တာရာအလင်းတန်းများက ရန်ကျောက်ကဲရှေ့သို့ ရောက်ရှိလာသည်။
ရန်ကျောက်ကဲ၏လက်တစ်ဖက်က ဖန်းယွင်ရှန်း၏ကျောပြင်ကို ဖိကပ်ထားရင်း ကျန်လက်တစ်ဖက်က ကြယ်တာရာအလင်းတန်းများအတွင်းမှ နတ်ဆိုးပင်လယ်ရေကို လှမ်းယူလိုက်သည်။
အလင်းရောင်များတုန်ခါသွားပြီး ကြယ်တာရာအလင်းတန်းများ မှိန်ဖျော့သွားကာ အနက်ရောင် နတ်ဆိုးပင်လယ်ရေများ စီးဝင်လာသည်။
ရန်ကျောက်ကဲ ကြိုတင်ရေးဆွဲထားသည့် အင်းသင်္ကေတက ချိုင့်ဝှမ်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ရေများက ထိုနေရာသို့စီးဝင်ကာ ရေပြင်ကွန်ယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နတ်ဆိုးပင်လယ်ရေနှင့် ထိတွေ့သည်နှင့် အင်းသင်္ကေတသည်လည်း နက်မှောင်သွားပြီး အနက်ရောင်ကျောက်စိမ်းသားပမာ တလက်လက် တောက်ပလာသည်။
ထိုမြင်ကွင်းကိုတွေ့တော့ မူလစိတ်ဝိညာဉ်နတ်ဆိုး မျက်မှောင်ကျုံ့လိုက်သည်။
ဤသည်က ယခင်က တစ်ခါမှမတွေ့မြင်ခဲ့ဖူးသော ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသည့် “ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်”ကို သတိရသွားစေသည်။
ထိုစဉ်က ရန်ကျောက်ကဲက ထိုအစီအရင်ကို သူ့အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သူ၏ဒဏ်ရာများလည်း မပျောက်ကင်းသေးသဖြင့် မူလစိတ်ဝိညာဉ်နတ်ဆိုးမှာ ထိုအစီအရင်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့မရဲဖြစ်ခဲ့ရသည်။
ယခု သူ့အခြေအနေက အထွတ်ထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ထိုအစီအရင်ကို ကြောက်စရာ မလိုတော့ပေ။
ထို့ကြောင့် ရန်ကျောက်ကဲတွင် ထိုထူးခြားသောအစီအရင်ရှိကြောင်း သိရှိသည့်တိုင် အရေးမစိုက်ခဲ့ခြင်း ဖြစ်၏။
သို့သော် ထိုအစီအရင်က သူ့စိတ်ထဲ အမြဲတမ်း စွဲထင်ကျန်ရစ်နေသည်ဖြစ်ရာ ၊ ယခု ရန်ကျောက်ကဲလုပ်ရပ်ကိုတွေ့မြင်သည်နှင့် ထိုလူငယ်တွင် အခြားသောလှည့်ကွက်များ ရှိနေသေးသည်လားဟု စတင် သံသယ ဝင်လာတော့သည်။
နှစ်ပေါင်း နှစ်ရာကျော် ကုန်လွန်ခဲ့ပြီဖြစ်သည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဒဏ်ရာများ ပျောက်ကင်းသွားခဲ့သလိုပင် ရန်ကျောက်ကဲသည်လည်း ကြီးမားစွာပြောင်းလဲသွားမည် အမှန်ပင်။
ထို့ကြောင့် သူက စက္ကန့်ပိုင်းအတွင်းမှာပင် ရန်ကျောက်ကဲ၏လှုပ်ရှားမှုကို သတိထားလိုက်မိသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက နတ်ဆိုးပင်လယ်ရေနှင့် ပေါင်းစပ်သွားသည့် အင်းသင်္ကေတကို တိတ်တဆိတ်ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရာ အထဲတွင်ပါဝင်သော နက်နဲလှသည့် အဓိပ္ပာယ်များကို တစ်ခဏအတွင်း သတိပြုမိသွားသည်။
သူက ရန်ကျောက်ကဲ၏လုပ်ရပ်ကို တားဆီးလိုသည့်တိုင် အခြားတစ်ဖက်တွင်လည်း အာရုံလွှဲမရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
သူ့အရှေ့မှ စောမင်ကျန့်ကလည်း သူ့အား တစ်လှမ်းချင်း ဖိအားပေးလျှက် ရှိသည်။
ကောင်းကင်ဖြတ်တောက်ကျင့်စဉ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူ၏ ပုံရိပ်ယောင်အသွင်မှာ အစစ်အမှန်အဖြစ် အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ရုန်းကြွနေသော စွမ်းအားက ဒေါသထွက်နေသည့် ပင်လယ်ပြင်းနှင့် ဆင်တူလွန်းသည်။ ကြီးမားလှသော စွမ်းအားလှိုင်းလုံးကြီးများက မူလစိတ်ဝိညာဉ်နတ်ဆိုးထံသို့ တစ်ခုပြီးတစ်ခု ရိုက်ခတ်လျှက် ရှိသည်။
ရန်ကျောက်ကဲ၏ထိန်းချုပ်မှုအောက်တွင် အနက်ရောင်အင်းသင်္ကေတက ဖန်းယွင်ရှန်း ဦးခေါင်းထက်မှ ချောက်နက်ကြီးဆီသို့ ပျံသန်းဝင်ရောက်သွားသည်ကို မူလစိတ်ဝိညာဉ်နတ်ဆိုး မည်သို့မှမတတ်နိုင်စွာ ဤအတိုင်း ငေးကြည့်နေရတော့သည်။
သွေးနီရောင်မြူခိုးများက ဆက်လက်ရုန်းကြွနေသည်။
ထိုမြူခိုးများက ပုံရိပ်ယောင်လည်းဆန်သလို အစစ်အမှန်ပမာလည်း ဖြစ်သည်။
ထိုမြူခိုးများကို ဖြတ်တောက်ရနလည်းခက်ခဲသလို ပျောက်ကွယ်သွားအောင် ပြုလုပ်ရန်မှာလည်း ခက်ခဲသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဦးခေါင်းထက်မှ အနက်ရောင်တိမ်တိုက်က တုန်ယင်လာပြီး ဆူပွက်နေသည့် ရေနွေးအိုးပမာ လှုပ်ရှားလာသည်။
အနက်ရောင်တိမ်တိုက်က ပိုမိုရုန်းကြွကာ ထူထပ်လာပြီး ဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။
ခဏအကြာမှာတော့ ထိုတိမ်တိုက်က ဖရိုဖရဲဖြစ်ကာ ထိန်းမနိုင်သိမ်းမရဖြစ်သည့် လက္ခဏာများ ပြသလာသည်။
နျဲ့ကျင်းရှန်၊ အရိပ်နတ်ဆိုးနှင့် ငရဲကိုးထပ်မှ အခြားသော နတ်ဆိုးများသည်ပင် သူတို့၏အစီအရင် မတည်မငြိမ်ဖြစ်ကာ လက်လွှတ်ရလုမတတ်ဖြစ်လာကြောင်း သိသိသာသာ ခံစားလိုက်ရ၏။
အနက်ရောင်တိမ်တိုက်တွင်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုက သွေးနီရောင်မြူခိုးများအပေါ် သက်ရောက်မှု ရှိသွားသည်။
အခြေခံအုတ်မြစ်ပြိုကျသည့် အဆောက်အဦတစ်ခုပမာ သွေးနီရောင်မြူခိုးများ မငြိမ်သက်ဖြစ်လာပြီး အပေါ်ယံတည်ဆောက်ပုံမှာလည်း လေထဲတွင် တွဲလဲခိုနေသည့်ပမာ ပြောင်းလဲသွားသည်။
ငရဲကိုးထပ်ရှိ နတ်ဆိုးပင်လယ်ရေပြင်ကတော့ မည်သည့်လက္ခဏမှမပြဘဲ ငြိမ်သက်အေးခဲနေသည့်တိုင် အတွင်းပိုင်း ရေအောက်စီးကြောင်းကတော့ ပြင်းထန်စွာ လှုပ်ခတ်နေသည်။
ပင်လယ်ရေပြင်မှ ထွက်ပေါ်နေသည့် တိုင်လုံးကြီး(၁၂)တိုင်အလယ်တွင်ရှိနေသော နျဲ့ကျင်းရှန်က သူ့ရှေ့မှ ဖြစ်ပျက်နေသည်များကို မျက်မှောင်ကျုံ့ကာ ကြည့်နေသည်။
ရုတ်ချည်းပင် သူက ရေအောက်စီးကြောင်း၏ ဗဟိုချက်ပမာ ဖြစ်သွားသည့်အလားခံစားလိုက်ရပြီး တုန်ခါလာသည့်ဖိအားက သူ့ကို တင်းကျပ်စွာညှစ်ထားလိုက်သည်။
ထို့နောက် သူ့ကို အံ့အားသင့်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဖန်းယွင်ရှန်း၏ဦးခေါင်းထက်မှ အသူရာချောက်နက်က သွေးနီရောင်မြူခိုးများနှင့် အနက်ရောင်တိမ်တိုက်ကို ဖြတ်ကျော်သွားပြီး ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားရှိ နယ်နိမိတ်များ ၊ များပြားလှသော ဗလာနယ်များကို ကျော်လွန်သွားသည်။
ထို အသူရာချောက်နက်ကြီးက နျဲ့ကျင်းရှန်၏ဓားအလင်းတန်းနှင့် တိုက်ရိုက် ထိတွေ့သွားသည်။
ထိတွေ့မိသည့်တစ်ခဏတွင် အနက်ရောင်အင်းင်္ကေတများ ထွက်ပေါ်လာပြီး နျဲ့ကျင်းရှန်ကို ဝန်းရံလိုက်ရာ သူ ခဏမျှ စိတ်ပျံ့လွင့်သွားရသည်။
နျဲ့ကျင်းရှန်၏ဘေးတွင်ရှိနေသော အရိပ်နတ်ဆိုးက ချက်ချင်းတုံ့ပြန်ပြီး သူ၏တန်ခိုးစွမ်းအားကို ထိုနေရာသို့ ပို့လွှတ်လိုက်သည်။
နျဲ့ကျင်းရှန် ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး အနက်ရောင်အင်းသင်္ကေတများကိုရှောင်တိမ်းရန် နောက်သို့ဆုတ်လိုက်သည်။
ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို ကိုယ်စားပြုသော တိုင်လုံးကြီးမှာ ပိုမိုရှင်းလင်းကြည်လင်လာသည်။ သို့သော် နက်နဲသောအဓိပ္ပါယ်များနှင့် မိစ္ဆာချီများကတော့ သိသိသာသာ လျော့ပါးသွားသည်။
အခြားသော ထိပ်တန်းမဟာနတ်ဆိုးများကလည်း ဘေးမှကူညီပေးကြသည်။
နတ်ဆိုးအချို့က ငရဲကိုးထပ်အပြင်သို့ ထွက်ခွာလပြီး အေးစိမ့်စမ်းချောင်းနယ်မြေသို့ ဆင်းသက်ရန်ပင် ကြိုးစားလာကြသည်။
တစ်ချိန်တည်းမှာပင် အေးစိမ့်စမ်းချောင်းနယ်မြေအပြင်ဘက်ရှိ အဆုံးမဲ့ပြင်ပဗလာနယ်ထဲတွင်လည်း အားကောင်းသည့် စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။
ထိုစွမ်းအားရောင်ဝါများက အလစ်ချောင်းတိုက်ခိုက်ရန်ပြင်ဆင်နေကြသည့် တာအိုဝါဒမှ အင်အားစုများပင် ဖြစ်၏။
ကြည့်ရသည်မှာ နှစ်ဖက်အင်အားစုတိုက်ပွဲက အချိန်မရွေး ပေါက်ကွဲထွက်မည့် အနေအထားတွင် ရှိနေသည်။
အေးစိမ့်စမ်းချောင်းနယ်မြေတွင်ရှိနေသည့် မူလစိတ်ဝိညာဉ်နတ်ဆိုးကလည်း မျက်မှောင်ကျုံ့လိုက်သည်။
သူက ခေါင်းခါယမ်းလိုက်ပြီး...
“တကယ့်ကိုထိုက်တန်တဲ့စုံတွဲပဲ ၊ ဒီနေ့တော့ ငါ့အစီအစဉ် ရှုံးနိမ့်သွားပြီထင်တယ်”
ထို့နောက် မူလစိတ်ဝိညာဉ်နတ်ဆိုး၏မျက်ဝန်းများ အနည်းငယ်တောက်ပသွားပြီး သူ၏ဦးခေါင်းထက်မှ အနက်ရောင်တိမ်တိုက်မှာလည်း မှိန်ဖျော့သွားသည်။
သွေးနီရောင်မြူခိုးများမှာလည်း မှီတွယ်ရာမရှိတော့သဖြင့် ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။
သို့ပေသိ နတ်ဆိုးများ ဆုတ်ခွာသွားသည့်တိုင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကတော့ ဆုတ်ခွာခြင်း မရှိပေ။
ဖန်းယွင်ရှန်း၏ဦးခေါင်းထက်မှ အသူရာချောက်နက်က ပိုမိုကျယ်ပြန့်လာပြီး မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ဦးခေါင်းအား ဝိုင်းရံသွားကာ သွေးနီရောင်မြူခိုးများနှင့် အနက်ရောင်တိမ်တိုက်တို့ ချက်ချင်းပျောက်ကွယ်မသွားအောင် တားဆီးထားလိုက်သည်။
ထိုသို့ပြုလုပ်လိုက်သည်နှင့် နတ်ဆိုးပင်လယ်ထဲမှ တိုင်လုံးကြီး (၁၂)တိုင်က အနည်းငယ် တုန်ခါလာသည်။
အထူးသဖြင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးကို ကိုယ်စားပြုသော တိုင်လုံးကြီးက ပိုမိုတုန်ခါလျှက် ရှိ၏။
စောမင်ကျန့်ကလည်း မူလစိတ်ဝိညာဉ်နတ်ဆိုးကို ပြန်လည်ဆုတ်ခွာခွင့်မပေးဘဲ တင်းကျပ်စွာ ဖမ်းချုပ်ထားလိုက်သည်။
အလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ တောက်ပသွားပြီး စောမင်ကျန့်၏တန်ခိုးစွမ်းအားမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းလုံးများကြောင့် အေးစိမ့်စမ်းချောင်းနယ်မြေတစ်ခုလုံး တုန်ခါသွားသည်။
အေးစိမ့်စမ်းချောင်းထဲမှ မိစ္ဆာချီများ ဆက်တိုက်ဆိုသလို မှိန်ဖျော့သွားပြီး သဲကန္တရာတစ်ခုပမာ စတင်ခြောက်သွေ့လာသည်။
တိုက်ပွဲတွင် တာအိုဝါဒဘက်မှ အသာစီးရလာပြီး ဆက်လက်တိုက်စစ်ဆင်နေချိန် ငရဲကိုးထပ်မှ နတ်ဆိုးအုပ်စုကတော့ အရှုံးဖြင့် ဆက်တိုက်ဆုတ်ခွာနေရသည်။
ဗလာနယ်ထဲတွင် တံခါးပေါက်တစ်ခု ထွက်ပေါ်လာသည်။
ထိုတံခါးပေါက်အတွင်းမှ တန်ပြန်တိုက်ခိုက်ရန် အသင့်အနေအထားရှိသော မဟာနတ်ဆိုးများ ပေါ်ထွက်လာကြသည်။
တစ်ဖက်တွင်လည်း တာအိုဝါဒမှ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ရောက်ရှိလာပြီး အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်ထားကြ၏။
ထိုအချိန် ဖန်းယွင်ရှန်းက ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ကို လှမ်းကြည့်လိုက်ရာ တိုက်လုံးကြီး(၁၂)တိုင်အနက်မှ တစ်တိုင်ထက်တွင် အနက်ရောင် ရှေးဟောင်းကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုမှန်ထွက်ပေါ်လာသည်နှင့် နတ်ဆိုးပင်လယ်က တည်ငြိမ်သွားပြီး ပြင်းထန်ဖိအားများထွက်ပေါ်လာကာ ဖန်းယွင်ရှန်း၏ အသူရာချောက်နက်ကို တွန်းထုတ်လိုက်သည်။
အနက်ရောင်ကြေးမုံမှန်ကိုတွေ့သည်နှင့် ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အဲဒါ နတ်ဆိုးအဓိပတိ... မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးပဲ...”
တစ်ချိန်တည်းမှာပင် အဆုံးမရှိသော ဗလာနယ်ထဲ၌ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ပျံ့နှံ့လာသည်။
ထိုအလင်းတန်းများက ငရဲကိုးထပ်၏ကောင်းကင်ယံတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကြမ်းတမ်းသောမိစ္ဆာချီများကို သိမ်းဆည်းပစ်လိုက်သည်။
ဖန်းယွင်ရှန်းက မှောင်မိုက်ချီစွမ်းအားကို ထုတ်လွှတ်လိုက်ပြီး သူမ၏ အသူရာချောက်နက်ကို ဖျက်သိမ်းလိုက်သည်။
သူမက မူစိတ်ဝိညာဉ်နတ်ဆိုး၏ ဦးခေါင်းထက်မှ အနက်ရောင်တိမ်တိုက်နှင့် သွေးနီရောင်မြူခိုးများကို လွှတ်ပေးလိုက်ပြီး ငရဲကိုးထပ်နှင့် လုံးဝ ဆက်သွယ်မှု ဖြတ်တောက်လိုက်၏။
ငရဲကိုးထပ်မှ အနက်ရောင် ရှေးဟောင်းကြေးမုံမှန်ကြီးကလည်း အခြား မည်သည့်လုပ်ဆောင်မှုမှ မပြုလုပ်တော့ဘဲ ဖန်းယွင်ရှန်းကို ဆုတ်ခွာခွင့် ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ငရဲကိုးထပ် ကောင်းကင်ယံမှ လှိုင်းထနေသော ရွှေရောင်အလင်းတန်းများ မှိန်ဖျော့သွားပြီး လေထုထဲမှာပင် ကွယ်ပျောက်သွားသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ထွက်ခွာသွားလိုသော်လည်း စောမင်ကျန့်ကတော့ သူ့ကို လွှတ်မပေးသေးပေ။
သူက ထိုနတ်ဆိုးအား ပကတိ အစစ်အမှန် ပြန်ဖြစ်လာစေရန် အတင်းအကျပ်လုပ်ဆောင်ပြီး လက်သီးဖြင့် အပြင်းအထန် ထပ်မံထိုးနှက်ချလိုက်သည်။
ပြီးမှ ထိုနတ်ဆိုးကို ဖမ်းချုပ်ထားခြင်းအား လွှတ်ပေးလိုက်၏။
အခြားမဟာနတ်ဆိုးများက ရှေ့တိုးလာပြီး လွင့်ထွက်လာသည့် မူလစိတ်ဝိညာဉ်နတ်ဆိုးကို အလျှင်အမြန်ခေါ်ဆောင်ကာ ငရဲကိုးထပ်အတွင်းသို့ ဆုတ်ခွာသွားကြသည်။
စောမင်ကျန့်က မူလစိတ်ဝိညာဉ်နတ်ဆိုးကို စူးစိုက်ကြည့်ရင်း...
“ငါတို့ နောက်တစ်ခါ ထပ်တိုက်ကြဖို့ မျှော်လင့်ပါတယ်”
အဘိုးအိုက ချေင်းအနည်းငယ်ဆိုးလိုက်ပြီး...
"ဖြစ်နိုင်တာပေါ့၊ အခွင့်အရေး ရှိလာမှာပါ"
ထို့နောက် သူက ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ပြီး...
“မိတ်ဆွေလေး’ရန်’... မင်းကတော့ ငါ့ကို အမြဲ အံ့အားသင့်အောင် လုပ်နိုင်တာပဲ ၊ ဒီလောကမှာ မင်းမလုပ်နိုင်တာ မရှိသလောက်ပါပဲ ၊ မင်းလုပ်တဲ့အလုပ်တွေက ငါတို့မတွေးနိုင်တဲ့အရာတွေဖြစ်နေတာ ချီးကျူးစရာပဲ”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်း၏နောက်ကျောတွင် ဖိကပ်ထားသည့်လက်ကို ဖယ်ရှားလိုက်ပြီး မူလစိတ်ဝိညာဉ်နတ်ဆိုးကို စူးစိုက်ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ၊ ကျွန်တော်က ဒီလောက်ချီးကျူးရလောက်တဲ့အဆင့်ကို မရောက်သေးပေမယ့် ခင်ဗျားက ဒီလိုချီးကျူးတယ်ဆိုတော့... နောက်ပိုင်း ဒီထက်ပိုပြီး ကြိုးစားသွားပါ့မယ်”
အခန်း (၁၆၈၆) ငရဲကိုးထပ်၏ရည်ရွယ်ချက်
ရန်ကျောက်ကဲ၏ ခပ်လှောင်လှောင်စကားကို ကြားရသည့်တိုင် မူလစိတ်ဝိညာဉ်နတ်ဆိုးက ဒေါသထွက်ခြင်းမရှိဘဲ သူ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်စိုက်ကြည့်လိုက်သည်။
သူက “ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်” ကြောင့် ရန်ကျောက်ကဲကို အမြဲပင် သတိထားနေခဲ့သည်။
ယနေ့ကိစ္စမတိုင်ခင်က ရန်ကျောက်ကဲ ထိုအစီအရင်ကို အသုံးပြုမည်စိုးရိမ်သဖြင့် အချိန်ကြာမြင့်စွာစဉ်းစားပြီး သူ၏ခံစစ်စွမ်းအားတိုးတက်အောင် ပြင်ဆင်ထားခဲ့သည်။
သို့သော် ရန်ကျောက်ကဲက အခြားနည်းလမ်းတစ်ခု အသုံးပြုသွားမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ရန်ကျောက်ကဲက ရရှိထားသည့် နတ်ဆိုးပင်လယ်ရေကို ချက်ချင်းအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက အပေးအယူအနေဖြင့် နတ်ဆိုးပင်လယ်ရေကိုတောင်းဆိုစဉ်က ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ကဲ့သို့သော ရတနာများကို ရင်ဆိုင်ရန်အတွက်ဟု ထင်မှတ်ခဲ့သည်။
ပြန်စဉ်းစားကြည့်တော့ ရန်ကျောက်ကဲက ယနေ့အဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုခဏတွင် မူလစိတ်ဝိညာဉ်နတ်ဆိုး အတော်လေး နောင်တရသွားမိသည်။
သူတို့နှစ်ဖွဲ့ စတင်တွေ့ဆုံချိန်ကပင် သူကိုယ်တိုင် ရန်ကျောက်ကဲကို ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေ ပေးလိုက်ခြင်း ဖြစ်သည်။
နောက်ပိုင်း သူတို့နှစ်ဖွဲ့တိုက်ခိုက်သည့်အခါ သူ၏လုပ်ဆောင်ချက်ကပင် ဖန်းယွင်ရှန်းကို အသာစီးရစေရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ပိုပြီးဆိုးရွားသည်မှာ စောမင်ကျန့်က နတ်ဆိုးပင်လယ်ရေကို သိမ်းဆည်းလိုက်သဖြင့် ငရဲကိုးထပ်၏ သတိထားမှုကလည်း ပို၍လျော့နည်းသွားခဲ့ရသည်။
မူလစိတ်ဝိညာဉ်နတ်ဆိုးက ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။
သူ၏ ရန်ကျောက်ကဲကိုကြည့်သည့် အကြည့်များက ပို၍ပင် သတိကြီးလားသည်။
သူက ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်တို့အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး နတ်ဆိုးများကို အမှောင်ထုထဲသို့ ပြန်လည်ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ရန်ကျောက်ကဲတို့အပ်စုက နတ်ဆိုးများကို လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြသည်။
တောတောင်ရေမြေများစွာခြားနားထားသည့် အဝေးတစ်နေရာတွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများနှင့် နတ်မိစ္ဆာတို့၏ မိစ္ဆာချီများ ထင်ရှားစွာ ထွက်ပေါ်နေသည်။
ထိုအဖွဲ့နှစ်ဖွဲ့လုံးက အပြန်အလှန်သတိထားနေကြသည့်တိုင် သူတို့၏ အာရုံအများစုက တာအိုဝါဒနှင့် ငရဲကိုးထပ်အပေါ်တွင်သာ စူးစိုက်ထားကြသည်။
တာအိုဝါဒနှင့် ငရဲကိုးထပ်တို့ တိုက်ပွဲပြီးဆုံးသွားချိန်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများနှင့် နတ်မိစ္ဆာတို့၏မိစ္ဆာချီများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် တာအိုဝါဒ ထိပ်တန်းကျွမ်းကျင်သူများသည်လည်း ဤနေရာသို့ ဆင်းသက်လာခြင်းမရှိဘဲ ပျောက်ကွယ်သွားကြလေသည်။
တာအိုဝါဒဘက်မှ မည်သို့သောအကျိုးအမြတ်များ ရရှိခဲ့ကြောင်းကို နောက်ပိုင်းတွင် ရန်ကျောက်ကဲက လူတိုင်းကို အသိပေးသွားမည် ဖြစ်လေရာ အခြားသော တာအိုဝါဒကျွမ်းကျင်သူများအနေဖြင့် စိုးရိမ်စရာမရှိလှပေ။
တစ်ခဏအတွင်း ပတ်ဝန်းကျင်က ငြိမ်သက်သွားပြီး ရန်ကျောက်ကဲတို့ (၃)ယောက်သာလျှင် ကျန်ရစ်ခဲ့သည်။
အေးစိမ့်စမ်းချောင်းနယ်မြေကတော့ အပိုင်းပိုင်းပြတ်လျှက် ကွယ်ပျောက်သွားသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့် စောမင်ကျန့်ကို ကြည့်လိုက်ပြီး...
"နှစ်ယောက်လုံး အဆင်ပြေကြရဲ့လား"
စောမင်ကျန့်က ရေအလွှာတစ်ထပ်ဖုံးအုပ်နေသည့် သူ၏လက်ကို မြှောက်ပြရင်း...
“ငါက အဆင်ပြေပါတယ်”
အစောပိုင်းက ဖန်သားပမာကြည်လင်နေသည့် ရေအလင်းတန်းများက ယခုတော့ ရောင်စုံအလင်းများ တောက်ပနေသည်။
သို့သော် ထိုရောင်စုံအလင်းတန်းများက စောမင်ကျန့်၏ ကောင်းကင်ဖြတ်တောက်ကျင့်စဉ်စွမ်းအားအောက်တွင် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ဖန်းယွင်ရှန်းက စကားတစ်လုံးမဆိုဘဲ မျက်လုံးများကိုမှေးမှိတ်လျှက် လေထုထဲတွင် မတ်တတ်ရပ်နေသည်။
သူမ၏မျက်နှာထက်တွင် နာကျင်ခြင်း သို့မဟုတ် အခြားသော ထူးခြားသည့်လက္ခဏာမျိုးမရှိဘဲ နက်နဲသည့်အတွေးထဲ နစ်မြုပ်နေသည့်ပမာ ဖြစ်၏။
အချိန်အတန်ကြာမှ ဖန်းယွင်ရှန်းက မျက်လုံးများကိုဖွင့်လိုက်ပြီး ရန်ကျောက်ကဲနှင့် စောမင်ကျန့်ကို ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မလည်း အဆင်ပြေပါတယ်"
ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူမပြောလိုက်သည့် နောက်ထပ်စကားတစ်ခွန်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
“ငရဲကိုးထပ်က ယွမ်စီကောင်းကင်နတ်ဆိုးကို ချုပ်နှောင်ထားတဲ့စည်းတံဆိပ်ကို ချိုးဖျက်ချင်နေတာပဲ”
ထိုစကားကြားသည်နှင့် ရန်ကျောက်ကဲရော စောမင်ကျန့်ပါ မျက်လုံးများ ကျဉ်းမြောင်းလိုက်ကြသည်။
ရန်ကျောက်ကဲက...
“အိုး... ဟုတ်လား”
ယွမ်စီကောင်းကင်နတ်ဆိုးဆိုသည်က ရှေးခေတ်ကာလကတည်းက ချုပ်နှောင်ခံထားရသည့် ဘိုးဘေးမဟာနတ်ဆိုး(၆)ပါးထဲမှ တစ်ပါးဖြစ်သည်။
သူတစ်ခါမှ ပြန်လည်ထွက်ပေါ်မလာတော့သည့်တိုင် သူ၏တည်ရှိမှုကို လူတိုင်းက ကြောက်ရွံ့တုန်လှုပ်နေကြဆဲပင်။
ယွမ်စီထျန်းကျွင်းက နတ်ဆိုးလမ်းစဉ်၏ အစစ်မှန်ဆုံးသောအဖြေ ဖြစ်သလို မူလရင်းမြစ်လည်း ဖြစ်သည်။ နတ်ဆိုးတို့၏ ဘိုးဘေးလည်း ဖြစ်၏။
သူက မိစ္ဆာနတ်ဘုရား(၁၂)ပါးတွင် အဆင့်(၁) ဖြစ်ပြီး ပထမဆုံးသော ဘိုးဘေးနတ်ဆိုးလည်းဖြစ်ကာ နတ်ဆိုးအားလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။
သူ၏ဘွဲ့အမည်ကို “ယွမ်စီကောင်းကင်နတ်ဆိုး” “ယွမ်စီထျန်းမော်” ဟု ခေါ်ဆိုနိုင်ပေသည်။
နောက်ပိုင်းတွင် သူက ကမ္ဘာလောကကိုဖန်ဆင်းခြင်း မူလစွမ်းအားအတွက် တာအိုဝါဒ၏ ယွိချင်အဆက်အနွယ် တည်ထောင်သူ ယွမ်စီထျန်းကျွင်းနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်သွားခဲ့သည်။
ထို့ကြောင့် သူက “ယွမ်စီထျန်းကျွင်း” ဆိုသော ဘွဲ့အမည်ကို မရတော့ဘဲ “ယွမ်စီထျန်းမော်” ဆိုသည့် ဘွဲ့ကိုသာ ရရှိခဲ့ခြင်း ဖြစ်၏။
သူက ယွမ်စီထျန်းကျွင်းကို ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း နတ်ဆိုးလမ်းစဉ်၏ ပထမဆုံး ဘိုးဘေးဖြစ်သည့်အလျောက် အတော်လေး စွမ်းအားကြီးလှသည်။
ရှေးခေတ်ကာလ ကုန်လွန်သွားသည့်တိုင် အားလုံးက သူ့ကို ကြောက်ရွံ့ရိုသေစွာဖြင့် ချီးကျူးဂုဏ်ပြုနေကြစမြဲပင်။
ယွမ်စီထျန်းကျွင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ယွမ်စီကောင်းကင်နတ်ဆိုးမှာ ယနေ့ထိ ချုပ်နှောင်ခံထားရသည်။
သူ့အနေဖြင့် ပြန်လည်ရုန်းထွက်နိုင်ခြင်းမရှိဘဲ ထာဝရချုပ်နှောင်ခံထားရမည်လား။
မည်သို့ပင်ဖြစ်စေ ယွမ်စီကောင်းကင်နတ်ဆိုးက တာအိုအဓိပတိတစ်ပါးပင် မဟုတ်ပါလား။
ထို့နောက် ယွမ်စီထျန်းကျွင်း လောကကိုကျော်လွန်သွားသဖြင့် ယွမ်စီကောင်းကင်နတ်ဆိုးမှာ လွတ်မြောက်ရန် ပိုမိုခက်ခဲသွားသည်။
ဤသည်က စကြာမုနိဗုဒ္ဓက ချီထျန်းမဟာသူတော်စင်ကို ချုပ်နှောင်ခဲ့သည့် အခြေအနေနှင့် မတူညီပေ။
စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သွားသည့်တိုင် လူအများက သူ့ကိုကြောက်ရွံ့နေကြဆဲဖြစ်ပြီး ချီထျန်းမဟာသူတော်စင်ကို ကယ်တင်ဝံ့ခြင်း မရှိကြပေ။
နတ်ဆိုးများကတော့ ထိုသို့မဟုတ်ပေ။
သူတို့အတွက် ယွမ်စီကောင်းကင်နတ်ဆိုးက အလွန်အရေးပါသည်ဖြစ်ရာ ငရဲကိုးထပ်၏ ရှိသမျှအရာအားလုံးပုံအောပြီး ထိုစည်းတံဆိပ်ကိုချိုးဖျက်ရန် ကြိုးစားကြမည် ဖြစ်သည်။
နတ်ဆိုးအများစု၏လုပ်ဆောင်ချက်များးက ထိန်းချုပ်ခံထားရသော်လည်း သူတို့ကိုကူညီပေးနေသည့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ရှိနေသေးသည်။
သို့သော် ယွမ်စီထျန်းကျွင်း ပြုလုပ်ခဲ့သည့် စည်းတံဆိပ်ကိုချိုးဖျက်ရန်အတွက် တန်ခိုးစွမ်းအားအပြင် အခြားသောအချက်များလည်း ရှိနေသေးသည်။
ရန်ကျောက်ကဲက...
“နားလည်ပြီ...”
သူက ဆက်ပြောလိုက်သည်။
“သူတို့တွေ နျဲ့ကျင်းရှန်ကို နတ်ဆိုးလမ်းစည်ထဲရောက်အောင် ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့တာပဲ ၊ သူတို့ရဲ့အဓိကရည်ရွယ်ချက်က သတ္တုပလ္လင်နတ်ဆိုး မဟုတ်ဘူး ၊ ယွမ်စီကောင်းကင်နတ်ဆိုးပဲ”
စောမင်ကျန့်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...
“နျဲ့ကျင်းရှန်ရဲ့ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကို သူတို့က အသုံးပြုချင်တာ မဟုတ်လား”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်ပြီး...
“အမှန်ပဲ ၊ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာဆိုတာ မွေးရာပါစွမ်းရည်တွေထဲမှာ အထူးချွန်ဆုံးစွမ်းရည်တစ်ခုပဲ ၊ အရာအားလုံးရဲ့ ကနဦးမူလအစကို ကိုယ်စားပြုတယ် ၊ ‘ပြိုင်ဘက်ကင်းအဆုံးမဲ့’ ဖြစ်စဉ်ရဲ့ ပုံစံတစ်မျိုးပဲပေါ့”
ထို့ကြောင့် နျဲ့ကျင်းရှန်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်မှု အလွန်လွယ်ကူသည်ဖြစ်ရာ သူ၏ခရီးလမ်းက ယခင်က ယင်းရှီယန် ဖြတ်သန်းခဲ့ရသလိုမျိုး အတားအဆီးများဖြင့် ပြည့်နက်နေမည် မဟုတ်ပေ။
ယင်းရှီယန် နှင့် အခြားသူတို့မှာ ပြိုင်ဘက်ကင်းတာအို ကို အခြေခံအုတ်မြစ်အဖြစ် ထားရှိခဲ့ကြသည်။
ယွိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာများထဲတွင် ပထမဆုံးကျမ်းစာဖြစ်သည့် “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” မရှိလျှင် သူတို့၏ ကျင့်ကြံခြင်းခရီးလမ်းက များစွာ အခက်အခဲရှိနိုင်သည်။
အများဆုံး ကောင်းကင်နတ်ဘုရားအဆင့်ရောက်လျှင် ခရီးဆုံးသွားနိုင်ခြေ ရှိ၏။
ဟုတ်ပေ၏။
သူတို့အနေဖြင့် ထိုက်ချင်အဆက်အနွယ်၏ ထိုက်ယီလက်သီးသိုင်း သို့မဟုတ် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းတို့ကို ပြောင်းလဲရွေးချယ်နိုင်သည်။
သို့ပေသိ မိမိတို့၏ အခြေခံကျင့်စဉ်ကို ပြောင်းလဲလိုက်ခြင်းက ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကိုပါ ပြောင်းလဲသွးစေမည် ဖြစ်သည်။
နျဲ့ကျင်းရှန်ကတော့ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို မရရှိလျှင်တောင်မှ သူက ယွိချင်အဆက်အနွယ်၏ ပြိုင်ဘက်ကင်းဓားသိုင်းကို ကျင့်ကြံထားသည်ဖြစ်ရာ သူ၏လမ်းကြောင်းက အခြားသူများလောက် ခက်ခဲမည် မဟုတ်ပေ။
သူ့အနေဖြင့် တာအိုအဆင့်ရောက်ရှိရန် မဖြစ်နိုင်သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ထိ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထိုအဆင့်ရောက်လျှင်တော့ သူ၏လမ်းကြောင်းက ပိုမိုရှင်းလင်းပြီး ချောမွေ့သွားပေမည်။
ဤသည်က “ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ” ၏ အံ့သြဖွယ်ရာများထဲမှ တစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် ငရဲကိုးထပ်က သူ့ကိုပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားရန်အတွက် သင့်တော်သည့် ခန္ဓာကိုယ်ကို ရှာဖွေခြင်းမှာ သူတို့၏ အဓိကရည်ရွယ်ချက် မဟုတ်ပေ။
ဖန်းယွင်ရှန်းက တိုးလျသည့်လေသံဖြင့်...
“ဒါဖြင့် ယွမ်စီကောင်းကင်နတ်ဆိုးကမှ ငရဲကိုးထပ်ရဲ့ တကယ့်ရည်ရွယ်ချက်ပေါ့”
သူမက ဆက်ပြောလိုက်သည်။
“ဒါဆို အစ်ကို’နျဲ့’ က သတ္တုပလ္လင်နတ်ဆိုးအတွက်တင်မဟုတ်ဘဲ မူလကောင်းကင်နတ်ဆိုးအတွက်လည်း သင့်တော်တဲ့ခန္ဓာကိုယ် ဖြစ်နေတာပေါ့”
စောမင်ကျန့်က ဖြည်းညင်းစွာဖြင့်...
"ကမ္ဘာပေါ်မှာ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာနဲ့ မွေးဖွားလာတဲ့သူက နျဲ့ကျင်းရှန်တစ်ယောက်တည်း မဟုတ်ပါဘူး ၊ ဒီလိုခန္ဓာကိုယ်များက ရှားပါးတယ်ဆိုပေမယ့် သမိုင်းတစ်လျှောက်မှာ တစ်ယောက်တည်းတော့ မဟုတ်ခဲ့ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငရဲကိုးထပ်က ဘာလို့ အရင်တုန်းက ဘာမှမလှုပ်ရှားခဲ့တာလဲ ၊ ပြီးတော့ ယွမ်စီကောင်းကင်နတ်ဆိုးကို ချုပ်နှောင်ထားတဲ့စည်းတံဆိပ်ကို ချိုးဖျက်ဖို့က ဒီတစ်ခုတည်းလိုအပ်တာမှ မဟုတ်တာ”
ဖန်းယွင်ရှန်းက...
“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး မွေးဖွားဖို့ နီးကပ်လာတဲ့အချိန်လောက်မှာပဲ ဒီလိုကိစ္စမျိုးကိုလုပ်လို့ရမှာ ၊ အင်း... အဆုံးသတ်တယ်ဆိုတာလည်း အစပျိုးခြင်းတစ်ခုပဲ မဟုတ်လား”
စောမင်ကျန့်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
“လက်စသတ်တော့ အဲဒီလိုကိုး... ကြည့်ရတာ ငရဲကိုးထပ်က မိစ္ဆာနတ်ဘုရား(၁၂)ပါးအစိအရင်ကိုပြုလုပ်ဖို့ ကြံစည်နေတာထင်တယ်”
“မိစ္ဆာနတ်ဘုရား (၁၂)ပါး အစီအရင်...”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အင်းလေ... လူတိုင်းက ငရဲကိုးထပ်ရဲ့ ကစားပွဲကနေ တစ်ခုခုလိုချင်လို့ ကြံစည်နေကြတာ မဟုတ်လား ၊ ငရဲကိုးထပ်ကလည်း အတူတူပဲပေါ့”
သူက ဆက်ပြောလိုက်သည်။
“ဘယ်သူမဆို အောင်မြင်ဖို့လည်းနီးစပ်သလို ကျရှုံးဖို့လည်း နီးစပ်ပါတယ်”
ရန်ကျောက်ကဲ၏ စကားကိုကြားတော့ ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်သည်။
“အင်း ဟုတ်တယ်”
သူမနှင့် ငရဲကိုးထပ်၏ ပတ်သက်ဆက်နွှယ်မှုသည်လည်း အဆုံးသတ်သို့ ရောက်ရှိတော့မည် ထင်သည်။
မကြာမီ ကပ်ဘေးတစ်ခုကြုံရတော့မည်ကို သိရှိသော်လည်း ယခုတော့ အမှန်တရားကို ဖြည်းဖြည်းချင်း မြင်တွေ့နေရပြီ ဖြစ်သည်။
ရန်ကျောက်ကဲက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"လာမယ့် ကစားပွဲမှာ လူတိုင်းက အကျိုးအမြတ်ရဖို့ ကြံစည်နေကြတာပဲ ၊ အစကတည်းက အစ်ကို’နျဲ့’ နဲ့ပတ်သက်တဲ့ကိစ္စကို သိထားတဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ ၊ ဒါပေမဲ့ တချို့လူတွေက ဘေးကနေထိုင်ကြည့်ပြီး တမင်သက်သက် ဒီလိုဖြစ်လာအောင် အားပေးကူညီနေကြသလိုပဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲ၏မျက်ဝန်းများ မှောင်မိုက်အေးစက်သွားလေသည်။