← Chapters

အခန်း (၄၇၉-၄၈၀)

Vol. 25 Ch. 479-480

အခန်း (၄၇၉-၄၈၀)

Vol. 25 Ch. 479-480

အခန်း (၄၇၉) ခရီးစဥ်အစ

“ရပြီ၊ မင်း ပျက်ကွက်ခဲ့တဲ့ သင်ခန်းစာတွေအားလုံးလည်း ပြန်လိုက်မှီသွားပြီပဲ။ အထူးလေ့ကျင့်ရေးကာလ ပြီးဆုံးသွားပြီဖြစ်လို့ အတန်းထဲ ပြန်သွားနိုင်ပြီ”

ရှုဝမ်ချန်းက အေးစက်စက် လေသံဖြင့် ပြောကြားလိုက်ချေသည်။

“နားလည်ပါပြီ ဆရာ”

ချင်ယွမ်ဖုန်းက ပြုံး၍ အကြောင်းပြန်ခဲ့သည်။

သူသည် ပထမအဆင့် ဘိုးဘေးနယ်ပယ်သို့ ယခုမျှတင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သော်လည်း သူ၏ ကိုယ်တွင်းစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားမှာမူ ပထမအဆင့် ဘိုးဘေးနယ်ပယ်ထက် များစွာ သာလွန်နေရုံမျှမက ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်ကိုပင် ကျော်လွန်ကာ တတိယအဆင့် ဘိုးဘေးနယ်ပယ်နှင့် ရင်ပေါင်တန်းနိုင်စပြုနေပြီ ဖြစ်ပေသည်။

သာမန်သိုင်းပညာရှင်တစ်ဦးအဖို့မူ ယင်းကဲ့သို့ ဖြစ်ရန် လုံးဝ မဖြစ်နိုင်ချေ။ သို့သော်လည်း ချင်ယွမ်ဖုန်းကမူ ယင်းကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့လေပြီ။

ယခုအခါတွင်မူ သူသည် ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်ရှိ သိုင်းပညာရှင်တစ်ဦးနှင့်ပင် ရင်ဆိုင်တိုက်ခိုက်ရဲသည့် ယုံကြည်ချက် အပြည့်ရှိနေသည်။

မိမိ၏ ပါရမီအရည်အချင်းများ ပြန်လည်ကောင်းမွန်လာခြင်းကလည်း ချင်ယွမ်ဖုန်းအား အတိုင်းမသိ စိတ်သက်သာရာရမှုကို ပေးစွမ်းနိုင်ခဲ့သည်။

မူလကပင် သူ၏ ပါရမီမှာ ထူးကဲသာလွန်ပြီးသားဖြစ်ရာ ယခုအခါတွင်မူ ဘာမျှမလုပ်ဘဲ နေလျှင်ပင် မိမိ၏ ကျင့်စဉ်အဆင့်က တရိပ်ရိပ် တိုးတက်နေသည့် ခံစားချက်ကို သူ တစ်ဖန် ပြန်လည်ခံစားလိုက်ရချေပြီ။

ထိုသို့သော ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်ခြင်း၏ အကြီးမားဆုံးသော ထူးခြားချက်တစ်ခုမှာ သိုင်းပညာရှင်တစ်ဦးသည် ကောင်းကင်ယံထက်၌ လေဟုန်စီး ပျံသန်းနိုင်ခြင်းပင် ဖြစ်ပေသည်။

ယင်းက ချင်ယွမ်ဖုန်း ယခင်က မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြု၍ ပျံသန်းခဲ့ခြင်းနှင့် လုံးဝ ခြားနားလှသည်။

ချင်ယွမ်ဖုန်းက စမ်းသပ်ကြည့်သည့်အနေဖြင့် စိတ်အာရုံကို တစ်ချက် စုစည်းလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းစွမ်းအင်များ ဝုန်းခနဲ ပွင့်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ကောင်းကင်ယံထက်သို့ တိုက်ရိုက် မြှောက်တင်ပေးလိုက်လေသည်။

“အို... ငါ တကယ် ပျံသန်းနိုင်ပြီပဲ”

ချင်ယွမ်ဖုန်းသည် ပေပေါင်းသောင်းချီမြင့်သော ကောင်းကင်ယံထက်သို့ ဒုံးပျံသဖွယ် မြှင့်တက်သွားပြီး စိတ်ထဲ၌ အလွန်တရာ အားရကျေနပ်မှုကို ခံစားလိုက်ရသည်။

ယင်းက အရှိတ်အမြှိတ်မရှိ စစ်မှန်သော ပျံသန်းခြင်းဖြစ်ရာ ယောကျ်ားပျိုအပေါင်းတို့၏ အိမ်မက်ပင် ဖြစ်တန်ရာသည်။

နောက်နောင်တွင်မူ သူသည် တည်ငြိမ်စွာ မတ်တတ်ရပ်၍ လေဟုန်စီးနိုင်ရန် ဓားတစ်စင်းကို မုချ ရှာဖွေရမည် ဖြစ်ပေသည်။ ယင်းကသာ သူ စိတ်ကူးယဉ်ခဲ့ဖူးသော ဓားပျံစီးခြင်း စစ်စစ် ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးတောရင်း ပေပေါင်းသောင်းချီမြင့်သော ကောင်းကင်ထက်မှ အောက်သို့ တိုက်ရိုက် ထိုးဆင်းလာခဲ့ရာ မြေပြင်နှင့် ရိုက်မိလုနီးနီး အချိန်ကျမှသာ ဆတ်ခနဲ အရှိန်သတ်ရပ်လိုက်လေသည်။

“မိုက်တယ်၊ တကယ်ကို ထူးထူးခြားခြား မိုက်လွန်းတယ်”

ချင်ယွမ်ဖုန်း ဘိုးဘေးနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်နှင့်အမျှ အစောင့်အရှောက်နဂါးများ၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာအနာတရများအားလုံးသည်လည်း အလိုအလျောက် ပျောက်ကင်းသွားခဲ့ချေပြီ။

ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ ပျံလွှားငှက်ကဲ့သို့ ပေါ့ပါးသွက်လက်နေပြီး ကျောင်းတော်အတွင်းသို့ ချက်ချင်းပင် ပြေးဝင်ခဲ့တော့သည်။

ချင်ယွမ်ဖုန်းသည် သူ၏ နေ့စဉ် အနှိပ်စက်ခံရသည့် အစီအစဉ်ကို တစ်ဝက်မျှသာ အချိန်ပေးခဲ့ရသဖြင့် ယခုအချိန်တွင် နေရောင်ခြည် ဖြာလင်းနေဆဲဖြစ်ပြီး ကျောင်းသားအားလုံးလည်း အတန်းတက်နေကြဆဲ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် စာသင်ခန်းထဲသို့ ဇွတ်အတိုးဝင်ခဲ့ရာ ယီနန်က ကျောင်းသားများကို စာသင်ကြားပေးနေသည့်အချိန်နှင့် ကွက်တိ တိုးတော့သည်။

“ယွမ်ဖုန်းလား”

ယီနန်က အံ့သြတကြီးဖြင့် လှမ်းခေါ်လိုက်သည်။

ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းလျှောက်သွားပြီး ယီနန်ကို အရိုအသေပြု နှုတ်ဆက်ရင်း တစ်ပြိုင်နက်တည်းမှာပင် မျက်စိတစ်ဖက် မှိတ်ပြလိုက်ကာ “ဆရာမ ယီနန်... ကျွန်တော် ပြန်လာပါပြီ။ ကျွန်တော် အတန်းပြန်တက်လို့ ရပြီလို့ ဆရာက ပြောလိုက်ပါတယ်”

“အင်း... ကောင်းပြီ၊ အနောက်ဆုံးတန်းမှာ အမြန်သွားထိုင်ပါ”

ယီနန်က ပြောလိုက်ချေသည်။

ချင်ယွမ်ဖုန်းက ညင်သာသော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စာသင်ခန်း၏ နောက်ဆုံးတန်းသို့ တိုက်ရိုက် လျှောက်လှမ်းကာ ဝင်ထိုင်လိုက်တော့သည်။ သူ့ရှေ့တည့်တည့်တွင် မာထျန်းနှင့် ဝမ်ဝူးတို့ ရှိနေကြသည်။

ယင်းနောက်တွင်မူ ယီနန်သည် သင်ခန်းစာကို ဆက်လက်သင်ကြားနေသော်လည်း စိတ်ကူးယဉ်ငေးမောနေပုံ ရပေရာ ချင်ယွမ်ဖုန်း၏ ပြောင်းလဲသွားမှုကို သူမ သိသိသာသာ သတိပြုမိသွားကြောင်း ထင်ရှားလှသည်။

မကြာမီ အတန်းဆင်းသွားခဲ့ပြီး မာထျန်း၊ ဝမ်ဝူးနှင့် ဟုန်ယဲ့တို့သည် ချင်ယွမ်ဖုန်း အနားသို့ ချက်ချင်း ဝိုင်းအုံလာကြတော့သည်။

“ဟေ့ လူဆိုးကောင်လေး... မင်း ဆရာကို ဘယ်လို စည်းရုံးလိုက်တာလဲ”

မာထျန်းက ချင်ယွမ်ဖုန်းကို လူလည်ပြုံးဖြင့် ကြည့်ကာ မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါပေါ့၊ ငါက ဘယ်သူလဲလို့လဲ”

“မဟုတ်သေးပါဘူး... ယွမ်ဖုန်း၊ မင်းရဲ့ ကျင့်စဉ်အဆင့်က...”

ဝမ်ဝူးက တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး အံ့သြတုန်လှုပ်သော မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်လာသည်။

“မင်းတို့ သတိထားမိသွားပြီလား။ ငါ အခု မဟာဆရာနယ်ပယ်ရဲ့ ထိပ်သီးပညာရှင် ဖြစ်သွားပြီလေ”

ချင်ယွမ်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ချေသည်။

ဟုန်ယဲ့က ချင်ယွမ်ဖုန်းကို မင်သက်စွာ ကြည့်နေမိသည်။

သူမသည် အကယ်ဒမီကျောင်းတော်တွင် တစ်နှစ်ပတ်လုံး ကျင့်ကြံခဲ့သော်လည်း ပဉ္စမအဆင့် မဟာဆရာနယ်ပယ်မှ ဆဋ္ဌမအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော တိုးတက်မှုမျိုးသည်ပင် အတန်းထဲ၌ အလွန်လျင်မြန်သော တိုးတက်မှုအဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် ယှဉ်လိုက်ပါက သူမ၏ တိုးတက်မှုမှာ အမှုမထားလောက်စရာပင်။

“ဆရာရဲ့ အထူးလေ့ကျင့်ရေးက ဒီလောက်တောင် ထိရောက်တာလား”

ဝမ်ဝူးက ထိတ်လန့်တုန်လှုပ်စွာဖြင့် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး ရုတ်တရက် တည်ငြိမ်လေးနက်သွားသည်။

“ဒါပေါ့... ဆရာရဲ့ သည်းခံကြိုးစားပေးမှုကို ငါ အခုမှပဲ သဘောပေါက်တော့တယ်။ သူက ငါ့ကို အပြစ်ပေးဖို့ အစောင့်အရှောက်နဂါးတွေကို လွှတ်ပြီး ရိုက်ခိုင်းခဲ့တာ မဟုတ်ဘူး၊ ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာပဲ”

ချင်ယွမ်ဖုန်းက ကျေးဇူးတင်ရှိလှသော မျက်နှာပေးဖြင့် ပြောလိုက်သည်။

ဝမ်ဝူးနှင့် ကျန်နှစ်ယောက်၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားပြီး “အစောင့်အရှောက်နဂါးတွေရဲ့ အရိုက်ခံရတာက ဒီလောက်တောင် အကျိုးကျေးဇူး များတာလား”

“ဒါပေမဲ့ မင်းတို့ကိုတော့ ဒီနည်းလမ်း သုံးဖို့ ငါ အကြံမပြုချင်ဘူး”

ချင်ယွမ်ဖုန်းက မိမိ၏ စိတ်ရင်းနှင့် ဆန့်ကျင်ဘက်ကို ပြောလိုက်ကာ “ငါ နေ့တိုင်း အရိုက်ခံရပြီး ဘယ်လောက်တောင် သနားစရာကောင်းတဲ့ သဏ္ဍာန် ဖြစ်ခဲ့ရလဲဆိုတာ မင်းတို့အသိပဲလေ”

သို့သော်လည်း ထိုသုံးယောက်မှာမူ ယင်းစကားကို နားမဝင်တော့ချေ။ ချင်ယွမ်ဖုန်းသည် အစောင့်အရှောက်နဂါးများ၏ ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသော်လည်း လဝက်မျှသော အချိန်တိုအတွင်းမှာပင် ဘိုးဘေးနယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်ဟူသော အချက်ကိုသာ အာရုံစိုက်နေကြတော့သည်။

မဟာဆရာနယ်ပယ်တွင် ရုန်းကန်နေရသော သူတို့အဖို့မူ ထိုသို့ အရိုက်ခံရလျှင် သူတို့၏ ကျင့်စဉ်အဆင့်မှာ လေဟုန်စီးသကဲ့သို့ တဟုန်ထိုး တိုးတက်သွားမည် မဟုတ်လော။

ချင်ယွမ်ဖုန်း၏ ရည်ရွယ်ချက်က အောင်မြင်သွားခဲ့ချေပြီ။ ထိုအချိန်တွင် သူသည် ယီနန် ပြတင်းပေါက်နား၌ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အပြင်သို့ အမြန် ပြေးထွက်ခဲ့တော့သည်။

“ယွမ်ဖုန်း... နင်ဘိုးဘေးနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီလား”

ယီနန်က ချင်ယွမ်ဖုန်းကို ပြုံးရွှင်စွာ ကြည့်လိုက်ရာ သူမကိုယ်တိုင် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သကဲ့သို့ ပျော်ရွှင်နေပုံရသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ပြီးတော့ ငါ့ရဲ့ ပါရမီအရည်အချင်းတွေလည်း ပြန်ကောင်းသွားပါပြီ”

“ဒါဆိုရင်တော့ ငါ နင့်ကို မုချ ဂုဏ်ပြုရမှာပေါ့”

ယီနန်က ပြုံး၍ ပြောလိုက်ပြီး “အော်... ဒါနဲ့၊ ဒီတစ်ခေါက် လမ်းပြအဖော် ဆရာမအဖြစ် သွားဖို့ ငါ အခွင့်အရေး ရခဲ့တယ်”

“လမ်းပြအဖော် ဟုတ်လား... မဖြစ်နိုင်တာ၊ နယ်မြေက မပွင့်သေးဘူးလေ၊ ပြီးတော့ အဲဒီမှာ လူတွေ အများကြီး သေဆုံးခဲ့ပြီးပြီ။ အရမ်း အန္တရာယ်များလွန်းလို့ မင်းဒီလို စွန့်စားလို့ မဖြစ်ဘူး”

ချင်ယွမ်ဖုန်းက ပြတ်ပြတ်သားသား တားမြစ်လိုက်ချေသည်။

သို့သော်လည်း ယီနန်က ခေါင်းခါပြကာ “စိတ်မပူပါနဲ့၊ ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကျောင်းတော်က ဆရာတွေ၊ ကျောင်းသားတွေ အများကြီး သွားကြမှာဆိုတော့ ငါ မကြောက်ပါဘူး”

“ဟူး...”

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကျောင်းအုပ်ကြီး ကျွမ်ယွမ် ပြောပြခဲ့ဖူးသည်ကို သူ တစ်ဖန် ပြန်လည်သတိရမိသွားချေပြီ။

ပြီးခဲ့သည့်အကြိမ် စမ်းသပ်မှုအတွင်း၌ ရှုဝမ်ချန်း တစ်ဦးတည်းသာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

“ငါမင်းကို အကောင်းဆုံး ကာကွယ်ပေးပါ့မယ်”

ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ပြောလိုက်ရတော့သည်။

“ငါကသာ နင့်ကို အကောင်းဆုံး ကာကွယ်ပေးရမှာပါ”

ယီနန်က လေသံကို ခပ်ပြတ်ပြတ် ပြောင်းလိုက်ပြီး “ငါ နင့်ကို ပြောဖူးတယ်မလား၊ အခု ငါက အရမ်း အားကောင်းနေပြီဆိုတာ”

“ကောင်းပါပြီ... ကောင်းပါပြီ၊ ဒါဆိုရင်တော့ ငါတို့ မသေမျိုးနန်းတော်ထဲ ရောက်တဲ့အခါ မင်းကိုပဲ အများကြီး အားကိုးရတော့မှာပေါ့”

ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

အေးချမ်းသာယာသော နေ့ရက်များမှာမူ ရာသက်ပန် ကြာရှည်လေ့မရှိချေ။ ချင်ယွမ်ဖုန်း အကယ်ဒမီကျောင်းတော်တွင် အတန်းတက်ခဲ့သည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း ကျောင်းတော်က ရွေးချယ်ထားသော ကျောင်းသားများကို စုစည်းကာ မြောက်ဘက်ပိုင်းရှိ မသေမျိုးနန်းတော်သို့ ထွက်ခွာရန် စီစဥ်ခဲ့ချေပြီ။

မင်္ဂလာရှိသော နေ့ရက်မှာ လျင်မြန်စွာ နီးကပ်လာနေပြီဖြစ်ရာ သူတို့သည် မသေမျိုးနန်းတော် ပြင်ပသို့ ကြိုတင် ရောက်ရှိနေရမည် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ရွေးချယ်ခံရသော ကျောင်းသားများအပြင် ဝါရင့်ဆရာ အချို့လည်း အတူ လိုက်ပါလာခဲ့ကြသည်။ ယီနန်မှလွဲ၍ ကျန်ရှိသော ဆရာအားလုံးမှာ အစွမ်းထက်မြက်သော သူများသာ ဖြစ်ကြသည်။

ထို့ပြင် ကျောင်းဆရာ ရှုဝမ်ချန်းကိုယ်တိုင် ဤခရီးစဉ်၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားချေသည်။

ချင်ယွမ်ဖုန်းသည် ရှုဝမ်ချန်း၏ အစစ်အမှန် စွမ်းအားကို လုံးဝ အကဲမဖြတ်နိုင်ခဲ့သော်လည်း ရှုဝမ်ချန်း၏ အစွမ်းမှာ ရှန်းဝူအကယ်ဒမီ တစ်ခုလုံးတွင် ထိပ်တန်းအဆင့်၌ ရှိနေကြောင်းကိုမူ ကောင်းစွာ သိရှိထားသည်။

ဤတစ်ခေါက်တွင်မူ ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီမှ ရွေးချယ်ခံထားရသော ကျောင်းသားအားလုံးကို စုံစုံလင်လင် တွေ့မြင်ခွင့်ရခဲ့ချေပြီ။

ထိုကျောင်းသားများအားလုံး၌ တူညီသော အချက်တစ်ချက် ရှိနေသည်မှာ သူတို့၏ အသက်မှာ အသက်သုံးဆယ်ထက် မကျော်လွန်ကြဘဲ သူတို့၏ ကျင့်စဉ်အဆင့်မှာလည်း နဝမအဆင့် မဟာဆရာနယ်ပယ်ထက် မနိမ့်ကျခြင်းပင် ဖြစ်သည်။

ဒုတိယနှစ် ကျောင်းသားများထဲတွင်မူ ချင်ယွမ်ဖုန်းနှင့် မာထျန်း နှစ်ဦးတည်းသာ ထိုသတ်မှတ်ချက်နှင့် ကိုက်ညီခဲ့ကြသည်။

ချင်ယွမ်ဖုန်းသည် ရင်းနှီးနေသော မျက်နှာအချို့ကိုပင် မြင်တွေ့လိုက်ရသေးသည်။

ဖျက်ဆီးရေးဘုရင်မ ကျိရှန့် ဖြစ်ပေသည်။

ဤလှပသော်လည်း ဖောက်ပြန်ဆိုးသွမ်းသော မိန်းမပျိုသည် ချင်ယွမ်ဖုန်းကို အေးစက်စက် စိုက်ကြည့်နေဆဲဖြစ်ရာ ချင်ယွမ်ဖုန်းအပေါ် ထားရှိသော သူမ၏ အာဃာတ တရားများမှာ လျော့ပါးသွားခြင်း မရှိသေးကြောင်း ထင်ရှားလှသည်။

“ချင်ယွမ်ဖုန်း... မင်း ပြန်လာပြီလို့ ငါ ကြားလိုက်ရတုန်းက ငါ ဘယ်လောက်တောင် ဝမ်းသာသွားလဲ မင်း သိရဲ့လား။ ငါ မင်းကို မြေပြင်ပေါ် နင်းခြေပြီး သတိလစ်သွားတဲ့အထိ ရိုက်နှက်ရဖို့ အိပ်မက်မက်နေခဲ့တာ။ ဆရာ ရှုဝမ်ချန်းက ငါ့ရဲ့ အိပ်မက်ကို ငါ့အတွက် ဖြည့်ဆည်းပေးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”

ကျိရှန့်က ချင်ယွမ်ဖုန်း၏ နားစည်အနားသို့ ကပ်ကာ တိုးညင်းစွာ ပြောဆိုလိုက်လေသည်။

အခန်း (၄၈၀) - ရှေးဟောင်း နတ်မိမယ် နန်းတော် (၁)

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ရင်း “ငါပြောပါရစေဦး မိန်းမကြမ်းကြီးရယ်... မင်းကို ငါက တစ်ခါပဲ နမ်းဖူးတာပါ။ ဒီလောက်တောင် စိတ်နာဖို့ လိုလို့လား” ဟု ညည်းတွဲတွဲ ပြောဆိုလိုက်သည်။

“အဲဒီအကြောင်းကို နောက်တစ်ခါ ပြန်မပြောနဲ့”

ကျိရှန့်သည် ချင်ယွမ်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်ကာ သူ၏ ခါးအိုးကို လက်ဖျားဖြင့် အားပြင်းစွာ ဆွဲလိမ်လိုက်လေတော့သည်။

“မပြောတော့ပါဘူး... နောက်မပြောတော့ပါဘူး” ချင်ယွမ်ဖုန်းမှာ ပျာပျာသလဲ တောင်းပန်ရရှာရာ ယင်းသို့ တောင်းပန်မှသာ ကျိရှန့်က လက်ကို လွှတ်ပေးခဲ့ချေသည်။

ထိုနေရာတွင် ကျိရှန့်အပြင် သိုင်းပညာ အရူးအမူးဖြစ်သူ လျိုချင်းလည်း ရှိနေသည်။ သူသည်လည်း ကျိရှန့်ကဲ့သို့ပင် ချင်ယွမ်ဖုန်း မရှိသည့် အတောအတွင်း နဝမအဆင့် မဟာဆရာနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်ရာ ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေ ဖြစ်ပေသည်။

အခြား ရင်းနှီးသော မျက်နှာတစ်ခုမှာ လီရန် ဖြစ်သည်။ မူလက ချင်ယွမ်ဖုန်းအား ဆုံးမရန်အတွက် ကျိရှန့်က သူ့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း အစီအစဉ်မှာ ထင်သလို ဖြစ်မလာခဲ့ချေ။

ကျန်ရှိနေသူများမှာ အထက်တန်းကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်။ ချင်ယွမ်ဖုန်း အပါအဝင် စုစုပေါင်း တရားဝင်တပည့် တစ်ဆယ့်ကိုးယောက် ရှိရာ ထိုအထဲတွင် ကျင့်စဉ် အမြင့်မားဆုံးသူမှာ ကိုးဆင့်မြောက် ကျောင်းသားတစ်ဦး ဖြစ်၏။

သူသည် ကျောင်းသို့ စောစီးစွာ ဝင်ရောက်ခဲ့သဖြင့် ကိုးဆင့်မြောက် ကျောင်းသား ဖြစ်နေသော်လည်း အသက် နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး သူ၏ ကျင့်စဉ်အဆင့်မှာ တတိယအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လမ်းပြအဖော် ဆရာများအဖြစ် ယီနန်နှင့် ကျောင်းအုပ်ကြီး ရှုဝမ်ချန်း အပါအဝင် စုစုပေါင်း ခြောက်ယောက် လိုက်ပါကြရာ အားလုံးသည် အစွမ်းထက်မြက်ပြီး ခက်ထန်ကြမ်းကြုတ်သော အသွင်ရှိသည့် ထိပ်သီးပညာရှင်ကြီးများ ဖြစ်ကြသည်မှာ ထင်ရှားလှပေသည်။

နောက်ဆုံးတစ်ယောက်မှာမူ ရှောင်ပိုင် ဖြစ်သည်။

ရှောင်ပိုင်သည် မသေမျိုးနန်းတော်သို့ သွားရောက်ရန် မိမိအလိုအလျောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရှောင်ပိုင်နှင့် ထိုမသေမျိုးနန်းတော်အကြားတွင် တစ်စုံတရားသော လျှို့ဝှက်ချက် ရှိရမည်ဟု ချင်ယွမ်ဖုန်း သံသယဝင်မိသည်။ သို့မဟုတ်ပါက သူနှင့် ရှောင်ပိုင် တွေ့ဆုံပြီးမှ ထိုမသေမျိုးနန်းတော်ကြီး ပေါ်ပေါက်လာရခြင်းမှာ ဤမျှ တိုက်ဆိုင်လှပေမည်လော။

ထို့အပြင် မိမိ၏ ရင်ထဲမှ အသံတစ်ခုက မသေမျိုးနန်းတော်သို့ မသွားရောက်ရန် တားဆီးနှိုးဆော်နေသည်ဟုလည်း ရှောင်ပိုင်က ပြောဆိုခဲ့သေးသည်။

ယင်းစကားကပင် မိမိ၏ ဖြစ်တည်မှု အမှန်တရားကို ရှာဖွေဖော်ထုတ်ရန် မသေမျိုးနန်းတော်သို့ သွားရောက်မည်ဟူသော ရှောင်ပိုင်၏ ဆုံးဖြတ်ချက်ကို သာ၍ ခိုင်မာစေခဲ့ဟန် တူသည်။

လူဦးရေ စုစုပေါင်း နှစ်ဆယ့်ခြောက်ယောက်တို့သည် ဖေးရွှယ်၏ မိခင်ဖြစ်သူ လျူယွန်းကို စီးနင်းကာ အကယ်ဒမီမှ မသေမျိုးနန်းတော်ဆီသို့ ချက်ချင်းပင် ခရီးစတင်ခဲ့ကြတော့သည်။

လျူယွန်း၏ ကျောကုန်းထက်တွင် ထိုင်နေရသည်မှာ လူတိုင်းအတွက် အလွန်ကျယ်ဝန်းလှပေသည်။

ဘေးဘီဝဲယာမှ ရှုခင်းများ လျင်မြန်စွာ နောက်ကျန်ရစ်သည်ကို ကြည့်ရှုရင်း ဘိုးဘေးနယ်ပယ်သို့ မရောက်ရှိသေးသော သိုင်းပညာရှင်များမှာ အံ့အားသင့်လျက် တချီးချီး အမွှမ်းတင်နေကြချေသည်။

“ငါတို့ မသေမျိုးနန်းတော်ကို မရောက်ခင် မင်းတို့ကို ငါ အသေအချာ ရှင်းပြရမယ့် အကြောင်းအရာတချို့ ရှိတယ်” ဟု ရှုဝမ်ချန်းက လှည့်ကြည့်ကာ သူ၏ မျက်မှန်ကို ပင့်တင်ရင်း အေးစက်စွာ ပြောဆိုလိုက်သည်။

လူတိုင်းက ရှုဝမ်ချန်းကို ကြည့်ကာ သူ ဆက်လက် ပြောဆိုမည့် စကားကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

“ဒီတစ်ကြိမ် မသေမျိုးနန်းတော် ခရီးစဉ်ဟာ အလွန်တရာ အန္တရာယ်များလှတယ်။ ဒီအန္တရာယ်ဟာ မသေမျိုးနန်းတော်ဆီကတင် လာတာမဟုတ်ဘဲ အခြား သန့်ရှင်းသော နယ်မြေအသီးသီးက လူတွေဆီကလည်း လာနိုင်တယ်။ လောကဓာတ်၏ မူလအနှစ်သာရကို လုယူဖို့အတွက် သူတို့ဟာ နည်းလမ်းအမျိုးမျိုးကို သုံးကြမှာ အသေအချာပဲ” ဟု ရှုဝမ်ချန်းက လေးနက်စွာ သတိပေးလေသည်။

လူတိုင်းက ခေါင်းညိတ်ကြသည်။ သူတို့ ယင်းအချက်ကို သိရှိပြီးသား ဖြစ်ပေရာ လောကဓာတ်၏ မူလအနှစ်သာရ ဟူသော ဆွဲဆောင်မှုမှာ ကြီးမားလွန်းလှသဖြင့် မည်သူမျှ ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

“မသေမျိုးနန်းတော်ထဲကို ရောက်ပြီးတာနဲ့ ကိစ္စရပ်တိုင်းကို ငါ့ရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း လုပ်ဆောင်ရမယ်။ ငါတို့ အကယ်ဒမီက ကျောင်းသားတွေဟာ စည်းလုံးညီညွတ်ကြရမယ်။ နောက်ဆုံးမှာ လောကဓာတ်၏ မူလအနှစ်သာရကို တွေ့ရှိတဲ့အခါ အခွင့်အရေးဆိုတာ ဘယ်သူနဲ့ ထိုက်တန်သလဲ၊ အဲဒီလူပဲ ရရှိမှာ ဖြစ်ပြီး အတင်းအဓမ္မ လုယူလို့မရဘူး”

ဘေးအန္တရာယ်များနှင့် မကြုံတွေ့ရမီ မိမိတို့အချင်းချင်း အဝေမတည့်ဘဲ အချင်းချင်း သတ်ဖြတ်ကြမည်ကို ရှုဝမ်ချန်း အစိုးရိမ်ဆုံး ဖြစ်ပေသည်။

လူတိုင်းက ခေါင်းညိတ်ကြရာ ၎င်းတို့အနေဖြင့် ယင်းစည်းကမ်းကို အစွမ်းကုန် လိုက်နာကြမည့် အသွင်ရှိပေသည်။

“ဒီတစ်ခေါက် သွားကြတဲ့လူတွေအားလုံး အသက်ရှင်လျက် ပြန်လာနိုင်ကြဖို့ ငါ မျှော်လင့်ပါတယ်” ဟု ရှုဝမ်ချန်းက လေသံတိုးတိုးဖြင့် ပြောကြားကာ သူ၏ စကားကို နိဂုံးချုပ်လိုက်လေသည်။

လူတိုင်း တိတ်ဆိတ်သွားကြသည်။ လောကဓာတ်၏ မူလအနှစ်သာရကို မြင်တွေ့ရပြီးသည့်တိုင်အောင် ယခုကဲ့သို့ တည်ငြိမ်သော စိတ်နေသဘောထားကို ဆက်လက် ထိန်းသိမ်းထားနိုင်မလား ဆိုသည်ကိုမူ သူတို့ ကိုယ်တိုင်လည်း မသိရှိကြချေ။

မြောက်ဘက်အစွန်းဖျားဒေသကို ဖြတ်ကျော် ပျံသန်းပြီးနောက် မသေမျိုးနန်းတော်သို့ ရောက်ရှိရန် မြောက်ဘက်ဆီသို့ ခရီးဝေးတစ်ခုကို ဆက်လက် ပျံသန်းရဦးမည် ဖြစ်သည်။

ခုနစ်ရက်တာ ကုန်လွန်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းနှင့် သူ၏ အပေါင်းအဖော်များအဖွဲ့သည် မသေမျိုးနန်းတော် တည်ရှိရာသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြချေပြီ။

ယင်းသည် ဧရာမ ပင်လယ်ကျွန်းကြီး တစ်ကျွန်း ဖြစ်ပြီး ထိုပင်လယ်ကျွန်းထက်တွင် အဆောက်အအုံဟူ၍ မသေမျိုးနန်းတော် တစ်ခုတည်းသာ တည်ရှိလေသည်။

ယင်းမသေမျိုးနန်းတော်ကြီးသည်ပင် ဤပင်လယ်ကျွန်းကြီး ဖြစ်နေသည်ဟု ဆိုရပေမည်။

နန်းတော်ကြီးမှာ ခန့်ညားထည်ဝါပြီး ကြီးကျယ်ခမ်းနားလှပေသည်။

ပင်မတံခါးကြီးတစ်ခုတည်းတင် အမြင့် သုံးလံနှင့် အကျယ် ငါးလံမျှ ရှိကာ အတွင်းပိုင်းတွင်မူ ပန်းပုလက်ရာများ၊ ရောင်စုံခြယ်သထားသော တိုင်လုံးကြီးများဖြင့် တန်ဆာဆင်ထားသည့် အဆောက်အအုံပေါင်း မြောက်မြားစွာ ရှိနေရာ နတ်ဘုရားတို့၏ ဘုံဗိမာန်ကဲ့သို့ ထင်မှတ်ရပေသည်။

မသေမျိုးနန်းတော်၏ အပြင်ဘက်တွင် မှေးမှိန်သော အစီအရင်တစ်ခု ရှိနေပြီး ထိုအစီအရင်ကြောင့်ပင် လူများ အတွင်းသို့ မဝင်ရောက်နိုင်ခြင်း ဖြစ်ချေသည်။

ပင်မတံခါးကြီး၏ အထက်တွင်မူ ကောလာဟလများအတိုင်း စာလုံးကြီးကြီးဖြင့် ‘မသေမျိုး’ ဟူသော စာသားကို ရေးထိုးထားသည့် ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားရာ ထိုနန်းတော်အတွင်း၌ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် လျှို့ဝှက်ချက်များ ရှိနေသည်ကို အရိပ်အမြွက် ပြသနေသကဲ့သို့ ရှိတော့သည်။

ဤအချိန်တွင် မသေမျိုးနန်းတော် အပြင်ဘက်၌ လူအများအပြား စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ကွဲပြားခြားနားသော သန့်ရှင်းသော နယ်မြေအသီးသီးမှ ရွေးချယ်ထားသည့် ထိပ်သီးပညာရှင် လူဦးရေ သုံးရာကျော်မျှ ရှိလိမ့်မည်ဟု ချင်ယွမ်ဖုန်းက ခန့်မှန်းလိုက်မိသည်။

ကျင့်စဉ်အဆင့် အနေအထားအရမူ အားလုံးသည် ရှန်းဝူအကယ်ဒမီမှ လူများနှင့် သိပ်မကွာခြားကြချေ။

သူတို့သည် မသေမျိုးနန်းတော် အပြင်ဘက်တွင် ရပ်တန့်လိုက်ကြပြီး ရှုဝမ်ချန်းက ဝိညာဉ်လှေငယ်တစ်ခုကို ထုတ်ယူကာ ရေပြင်ထက်သို့ ချလိုက်လေသည်။

ဤဝိညာဉ်လှေငယ်သည် ချင်ယွမ်ဖုန်း၏ ဝိညာဉ်လှေငယ်နှင့် မတူဘဲ သင်္ဘောကြီးတစ်စင်းကဲ့သို့ ဧရာမ ဝိညာဉ်လှေကြီးဟု ခေါ်ဆိုနိုင်ပေသည်။

လူနှစ်ဆယ်ကျော် ရပ်နေသည့်တိုင်အောင် အလွန် ကျယ်ဝန်းနေသေးသည်။

ချင်ယွမ်ဖုန်းက ဘေးဘီသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ အခြား သန့်ရှင်းသော နယ်မြေများမှ လူများသာမက သတင်းရရှိသဖြင့် အကျိုးအမြတ် ခွဲဝေရရှိရန် လူလွှတ်လိုက်ကြသော ဂိုဏ်းကြီးအသီးသီးမှ လူများကိုပါ တွေ့ရှိရလေသည်။

ထို့နောက်တွင်မူ ချင်ယွမ်ဖုန်းသည် ရင်းနှီးသော ပုံရိပ်တစ်ခုကို လှမ်း၍ မြင်လိုက်ရရာ ယင်းသည် မုန့်ချီလော့၏ ပုံရိပ်ပင် ဖြစ်ပေသည်။ ထိုအဖွဲ့သည် မြူနှင်းဂိုဏ်း ဖြစ်ပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ယီနန်သည် ချင်ယွမ်ဖုန်း ကြည့်နေသည့် မျက်တောင်မခတ်သော အကြည့်များကို သတိပြုမိသွားပြီး သူမ၏ ရင်ထဲ၌ မနာလိုစိတ်ကလေး အနည်းငယ် ဖြစ်ပေါ်လာရသည်။

“ယွမ်ဖုန်း... မင်း ဘာကို ကြည့်နေတာလဲ” ဟု ယီနန်က မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “ဟိုဘက်က မြူနှင်းဂိုဏ်းလေ... အဲဒါ မုန့်ချီလော့ပဲ” ဟု ဖြေကြားလိုက်သည်။

ဆေးဖော်စပ်သူ မဟာပြိုင်ပွဲအတွင်း ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်းမှ တပည့်တစ်ဦးနှင့် အလွန်နီးစပ်ပြီး ချစ်ကြိုက်နေကြသည်ဟူသော ကောလာဟလများကို ယီနန် ပြန်လည်သတိရမိသွားချေသည်။

ယင်းကြောင့် ယီနန်၏ ရင်ထဲတွင် အလိုလိုနေရင်း ဟာတာတာနှင့် စိတ်မကောင်းဖြစ်ရပြီး ဤတစ်ကြိမ် မသေမျိုးနန်းတော်သို့ လိုက်ပါလာခဲ့ခြင်းမှာပင် မလိုအပ်ခဲ့ကဲ့သို့ ခံစားလိုက်ရတော့သည်။

“ယီနန်... မင်းအဆင်ပြေရဲ့လား” ဟု ယီနန်၏ ပုံမမှန်သော မျက်နှာအမူအရာကို ကြည့်ကာ ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ယီနန်က ခေါင်းယမ်းလိုက်ရင်း “ငါ အဆင်ပြေပါတယ်... နည်းနည်း အီစိမ့်စိမ့် ဖြစ်သွားရုံတင်ပါ။ ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ” ဟု ပြောဆိုလိုက်၏။

စကားဆုံးသည်နှင့် ယီနန်သည် သင်္ဘောခန်းမဆောင်အတွင်းသို့ ပြေးဝင်သွားတော့သည်။

ဤသင်္ဘောကြီးပေါ်တွင် အခန်းပေါင်းများစွာ ရှိရာ ယီနန်သည် အခန်းတစ်ခုထဲသို့ အမှတ်မထင် ဝင်ရောက်ကာ ပုန်းကွယ်နေလိုက်တော့သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းချကာ ခေါင်းကို ယမ်းလိုက်ရင်း ရှုဝမ်ချန်း ရှိရာဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။

“ဆရာ... ကျွန်တော် ခဏလောက် သွားလို့ရမလား” ဟု ချင်ယွမ်ဖုန်းက ခွင့်တောင်းလိုက်သည်။

“မြူနှင်းဂိုဏ်းက တပည့်မလေးဆီ သွားမလို့လား” ဟု ရှုဝမ်ချန်းက သာမန်ကာလျှံကာ မေးလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ရင်း “ဟုတ်ကဲ့... မုန့်ချီလော့ဆီ သွားမလို့ပါ။ သူမက ချင်ဝူယန်းနဲ့ လုံးဝမတူပါဘူး” ဟု ဆိုသည်။

“ချင်ဝူယန်းလည်း ဟိုမှာ ရှိနေတာလား” ရှုဝမ်ချန်းက မျက်မှောင်ကြုတ်ကာ အေးစက်သော လေသံဖြင့် မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မြူနှင်းဂိုဏ်း၏ အချစ်တော်သမီး ဖြစ်သူ ချင်ဝူယန်းအနေဖြင့် ပျက်ကွက်စရာ အကြောင်းမရှိချေ။

သို့သော်လည်း ချင်ယွမ်ဖုန်း အကြာကြီး ရှာဖွေကြည့်သည့်တိုင် ချင်ဝူယန်း၏ ပုံရိပ်ကို မတွေ့ရသလို စိတ်ပျက်စရာကောင်းလှသော သူမ၏ ဆရာသခင် ဖုမိုချိုးကိုလည်း မတွေ့ရချေ။

“သွားလေ... အချိန်မဆွဲဘဲ မြန်မြန်ပြန်လာခဲ့” ရှုဝမ်ချန်းက ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ” ချင်ယွမ်ဖုန်းက ဝမ်းသာအားရ ပြုံးလျက် ပြောဆိုပြီးနောက် ဟင်းလင်းပြင်ထက်သို့ ချက်ချင်းပင် ခုန်ပျံတက်ကာ ချင်ဝူယန်းတို့ ရှိရာဘက်သို့ ပျံသန်းသွားခဲ့တော့သည်။

မုန့်ချီလော့သည် သင်္ဘောကြီးထက်တွင် ရပ်နေရင်း တည်ငြိမ်အေးစက်သော အသွင်ကို ဆောင်နေသော်လည်း သူမကဲ့သို့သော အလှနတ်သမီးတစ်ပါးသည် မည်သည့်နေရာသို့ ရောက်ရှိပါစေ လူအများ၏ အာရုံစိုက်ခြင်းကို ခံရမြဲ ဖြစ်ပေသည်။

ထို့အပြင် မြူနှင်းဂိုဏ်းမှ တပည့်များအားလုံးသည် အမျိုးသမီးများသာ ဖြစ်ကြပြီး တစ်ဦးချင်းစီတိုင်းမှာ ထူးခြားဆန်းပြားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြရာ လူအများ၏ အကြည့်များမှာ ထိုအဖွဲ့ထံသို့သာ စူးစိုက်ကျရောက်နေကြချေသည်။

ချင်ယွမ်ဖုန်းသည် မြူနှင်းဂိုဏ်း၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် မုန့်ချီလော့၏ ရှေ့မှောက်ဆီသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။

“ချီလော့” ချင်ယွမ်ဖုန်းက လှမ်း၍ ခေါ်လိုက်သည်။

မုန့်ချီလော့က ခေါင်းကို လှည့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်း ဖြစ်နေသဖြင့် အံ့အားသင့်သွားသော မျက်နှာအမူအရာ ဖြစ်ပေါ်လာရသည်။

“ယွမ်ဖုန်း... နင်လည်း ရောက်လာတာလား” မုန့်ချီလော့က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ များပြားလှစွာသော အာဃာတတန်ဖိုးများ တရဟော ဝင်ရောက်လာခဲ့တော့သည်။

“ ကျန်းကျိုထံမှ မနာလိုစိတ်တန်ဖိုး ၁၀၀ ရရှိပါသည်”

ဝမ်ပါထံမှ ကျိန်ဆဲမှုတန်ဖိုး ၁၀၀ ရရှိပါသည်”

...

All Chapters