← Chapters

အခန်း (၄၈၁-၄၈၂)

Vol. 25 Ch. 481-482

အခန်း (၄၈၁-၄၈၂)

Vol. 25 Ch. 481-482

အခန်း (၄၈၁)- ရှေးဟောင်း နတ်မိမယ် နန်းတော် (၂)

ချင်ယွမ်ဖုန်းသည် မည်သို့မျှ မတတ်နိုင်တော့ဘဲ သက်ပြင်းသာ ချမိချေသည်။ သူသည် မုန့်ချီလော့အား ခဏမျှ လာရောက်တွေ့ဆုံခြင်း ဖြစ်သော်လည်း ဤမျှလောက် များပြားလှသည့် အာဃာတတန်ဖိုးများကို ရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုအခြင်းအရာက သူ့ကို အံ့အားသင့်ရုံမျှမက အိုးတိုးအောက်တောက်လည်း ဖြစ်စေသည်။

“ယွမ်ဖုန်း...”

မုန့်ချီလော့က နှုတ်ဆက်ရင်း လှပစွာ ပြုံးပြလိုက်သည်။

သူမ၏ နောက်ကွယ်တွင်မူ အသက်အရွယ် အလယ်အလတ်ရှိသော အမျိုးသမီးကြီး တစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ထိုအမျိုးသမီးကြီး၏ မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေချေသည်။ ဖြတ်သန်းခဲ့ရသော အချိန်ကာလများက သူမ၏ မျက်နှာထက်တွင် ရိပ်မြုံ့အမာရွတ်များကို ချန်ရစ်ခဲ့သော်လည်း ပျိုမေတို့၌ မရှိနိုင်သော တည်ငြိမ်ရင့်ကျက်သည့် အလှတရား တစ်မျိုးကိုမူ အပ်နှင်းထားခဲ့သည်။

“ယွမ်ဖုန်း... ဒါက ငါ့ရဲ့ ဆရာသခင်လေ...”

မုန့်ချီလော့က ရွှင်လန်းသော အပြုံးဖြင့် သူမ၏နောက်မှ အမျိုးသမီးကြီးကို ချင်ယွမ်ဖုန်းအား မိတ်ဆက်ပေးခဲ့သည်။

ထိုအမျိုးသမီးကြီးသည် ချင်ယွမ်ဖုန်းကို ခေါင်းညိတ်ပြလျက် “သခင်လေးချင်... ငါက ကူရှီချိုး ပါ၊ အစောပိုင်းက သခင်လေး လက်ဆောင်ပေးခဲ့တဲ့ ဆေးဝါးတွေအတွက် ကျေးဇူးတင်ပါတယ်” ဟု ဆိုလာခဲ့သည်။

“စီနီယာ... အားနာစရာကြီး၊ မလိုပါဘူး”

ချင်ယွမ်ဖုန်းသည် လက်နှစ်ဖက်ကို စုစည်းကာ လောကဝတ်ပြုလိုက်သည်။ သူသည် မုန့်ချီလော့၏ ဆရာသခင်အပေါ်တွင် ရိုသေခန့်ညားစိတ် အပြည့် ရှိနေဆဲပင် ဖြစ်သည်။

မည်သည့်အကြောင်းကြောင့်ရယ် မသိသော်လည်း ချင်ယွမ်ဖုန်းသည် ယောက္ခမလောင်းနှင့် တွေ့ရသကဲ့သို့ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

ကျန့်ဂီအင်ပါယာတွင် မုန့်ချီလော့၏ အစ်မဖြစ်သူနှင့် တွေ့ဆုံခဲ့စဉ်ကထက်ပင် ပို၍ ရင်ဖိုလှိုက်မောနေမိချေသည်။

“ချီလော့က သခင်လေးအကြောင်း မကြာခဏ ပြောတာ ကြားဖူးပါတယ်၊ သခင်လေးရဲ့ သတင်းတွေကိုလည်း ကြားသိရပါတယ်၊ အခုလို လူကိုယ်တိုင် တွေ့ရတော့မှပဲ သခင်လေးချင်ရဲ့ နောင်တစ်ချိန် ရရှိမယ့် အောင်မြင်မှုတွေဟာ အတိုင်းအဆမရှိ ကြီးမားလိမ့်မယ်ဆိုတာ ယုံကြည်မိတော့တယ်” ဟု ကူရှီချိုးက ပြုံးလျက် ဆိုသည်။

“စီနီယာကလည်း မြှောက်နေပြန်ပါပြီ”

ချင်ယွမ်ဖုန်းသည် နှိမ့်ချသော အမူအရာဖြင့် လက်ကို ယမ်းခါပြလိုက်ပြီး “နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်တော့ အခုပစ္စုပ္ပန်ကိုပဲ အမိအရ ဆုပ်ကိုင်ထားချင်ပါတယ်” ဟု ဖွင့်ဟခဲ့သည်။

ကူရှီချိုးက ခေါင်းညိတ်လျက် “ကောင်းပါတယ်. ကဲပါလေ၊ ငါလည်း မင်းတို့နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး၊ မင်းနဲ့ ချီလော့ စကားပြောကြဦးလေ၊ မသေမျိုးနန်းတော်ထဲ ရောက်သွားရင်တော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီကြဖို့ မျှော်လင့်ပါတယ်” ဟု မှာကြားခဲ့သည်။

“စိတ်ချပါ စီနီယာ... ကျွန်တော် ချီလော့ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်”

ချင်ယွမ်ဖုန်းက ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ အာမခံလိုက်သည်။

ကူရှီချိုးသည် ခေါင်းညိတ်ပြပြီးနောက် သင်္ဘောဦးဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့ချေသည်။

မုန့်ချီလော့သည် ရှေ့သို့ တိုးလာခဲ့ပြီး ဘေးပတ်ဝန်းကျင်မှ လူအများအပြားက စိုက်ကြည့်နေကြသဖြင့် ရှက်သွေးဖြာနေမိသည်။

သူမသည် ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲလျက် မြူနှင်းဂိုဏ်း၏ သင်္ဘောကြီးအတွင်းရှိ အခန်းငယ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

“ယွမ်ဖုန်း... ဒီမသေမျိုးနန်းတော်က အရမ်းအန္တရာယ်များတာကို နင် ဘာလို့ ရောက်လာရတာလဲ”

မုန့်ချီလော့က ညည်းတွားသံဖြင့် ဆိုသော်လည်း သူမ၏ ရင်ထဲတွင်မူ ချင်ယွမ်ဖုန်းအတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေချေသည်။

မသေမျိုးနန်းတော် ပေါ်ထွန်းလာခြင်းသည် မလွဲမသွေ သွေးချောင်းစီး တိုက်ပွဲကြီးများကို ဖြစ်ပေါ်စေမည်ဖြစ်ရာ မုန့်ချီလော့အနေဖြင့် ချင်ယွမ်ဖုန်းအား ဤစစ်မီးထဲသို့ မသက်ဆိုင်စေချင်ပေ။

“နင်လည်း ရောက်နေတာပဲ မဟုတ်လား”

ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး “စိတ်မပူပါနဲ့၊ ငါ အခု ဘိုးဘေးနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီလေ၊ ငါ့ရဲ့ အင်အားက လွန်ခဲ့တဲ့ လအနည်းငယ်ကလို မဟုတ်တော့ဘူး” ဟု ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ လွဲခွဲခဲ့ရသည်မှာ လဝက်ကျော်မျှ ရှိခဲ့ပြီ ဖြစ်သည်။ မုန့်ချီလော့သည် ချင်ယွမ်ဖုန်းကို သေချာစွာ စိုက်ကြည့်လိုက်ရာ သူသည် အမှန်တကယ်ပင် ဘိုးဘေးနယ်ပယ်၊ ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိသွားပြီး အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။

“နင့်ရဲ့ ပါရမီတွေ ပြန်ပွင့်လာပြီပေါ့” မုန့်ချီလော့က ဝမ်းမြောက်ဝမ်းသာ မေးမြန်းခဲ့သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “ဟုတ်တယ်... အော်၊ ဒါနဲ့... ငါ ချင်ဝူယန်းကို မတွေ့မိပါလား” ဟု မေးလိုက်သည်။

မုန့်ချီလော့က ပြုံးလျက် “ချင်ဝူယန်းရဲ့ စိတ်ထဲမှာ ဘာအာရုံမှ ထင်ဟပ်မလာခဲ့ဘူးလေ၊ ဒါကြောင့် မြူနှင်းဂိုဏ်းက ဒီတစ်ခေါက် သူမကို စေလွှတ်ခြင်း မပြုခဲ့တာ” ဟု ရှင်းပြသည်။

“မဖြစ်နိုင်တာ”

ချင်ယွမ်ဖုန်းသည် အနည်းငယ် အံ့အားသင့်သွားပြီး “မသေမျိုးနန်းတော်က လူရွေးချယ်တဲ့ ပုံစံအရ ဆိုရင် ချင်ဝူယန်းလို လူမျိုးက ရွေးချယ်ခံရဖို့ အခွင့်အလမ်း အများဆုံး ဖြစ်သင့်တာပေါ့” ဟု ရေရွတ်မိသည်။

မုန့်ချီလော့က ခေါင်းကို ခါယမ်းကာ “အဲလို မဟုတ်ဘူး... ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် အားလုံးနီးပါး ရွေးချယ်ခံရခြင်း မရှိဘူး” ဟု ဆိုလာခဲ့သည်။

“ဒါ ဘာကြောင့်လဲ” ချင်ယွမ်ဖုန်း မျက်မှောင်ကုတ်မိသွားသည်။

“ငါလည်း သေချာမသိဘူး” မုန့်ချီလော့က ခေါင်းခါလျက် “ဒါပေမဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ များသောအားဖြင့် မွေးရာပါ အရည်အချင်းက သိပ်မမြင့်မားကြဘူးလေ၊ သူတို့က ခန္ဓာကိုယ်ရဲ့ နိုးထမှုကိုပဲ အမှီပြုပြီး အင်အားကြီးမားလာကြတာ မဟုတ်လား၊ ဖြစ်တန်ရာတာက အဲဒီအချက်နဲ့ ဆက်စပ်နေလိမ့်မယ် ထင်တယ်” ဟု ပြောပြခဲ့သည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။ မုန့်ချီလော့ ပြောသကဲ့သို့ ဖြစ်နိုင်ချေ ရှိပေသည်။ အစောပိုင်းကာလ ချင်ဝူယန်း၏ ခန္ဓာကိုယ် မနိုးထမီက သူမသည် ချင်ယွမ်ဖုန်းကိုပင် မမှီနိုင်ခဲ့ရာ သူမ၏ ပါရမီမှာ သာမန်မျှသာ ဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ခန္ဓာကိုယ် နိုးထလာပြီးနောက်တွင်မူ သူမ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် ပါရမီမြင့်မားလှသော ပါရမီရှင်များထက်ပင် ပိုမိုမြန်ဆန်လာခဲ့ရာ ယင်းက ထူးခြားသော ခန္ဓာကိုယ်များ၏ စွမ်းအားကို သက်သေပြနေချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ယခုအချိန်အထိ မြောင်ယွီလန်၏ သေဘေးသင့် ခန္ဓာကိုယ် တစ်ခုကိုသာ မြင်တွေ့ဖူးသေးသည်။

“ဒီတစ်ခေါက် မသေမျိုးနန်းတော်ထဲကို ဝင်ရောက်ရမှာက အရမ်းအန္တရာယ်များတယ်၊ အတွင်းထဲမှာ ဘာတွေရှိနေမလဲ၊ ဒါမှမဟုတ် ဘယ်လို ရတနာတွေ ကျန်ရစ်ခဲ့မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ ဒီမသေမျိုးနန်းတော်ဟာ သွေးချောင်းစီးရာ ကွင်းပြင်ကြီး ဖြစ်လာဖို့ ရှိနေတယ်” မုန့်ချီလော့က တိုးညှင်းစွာ ဆိုရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “စိတ်မပူပါနဲ့၊ ငါတို့ မသေမျိုးနန်းတော်ထဲ ရောက်ရင် အတူတူ သွားကြမယ်၊ ဘယ်လို အခက်အခဲပဲ ကြုံရကြုံရ ငါ နင့်ကို သေချာပေါက် ကာကွယ်ပေးမှာပါ” ဟု ဆိုလိုက်သည်။

မုန့်ချီလော့က ပြုံးလိုက်ပြီး လက်ကို ဆန့်ကာ ချင်ယွမ်ဖုန်း၏ နှာခေါင်းကို စနောက်၍ တို့ထိလိုက်သည်။

“ဘယ်သူက ဘယ်သူ့ကို ကာကွယ်ရမလဲဆိုတာ မသိသေးပါဘူးနော်၊ ငါက အခု ဘိုးဘေးနယ်ပယ်၊ ဒုတိယအဆင့်ကို ရောက်နေပြီ သိရဲ့လား” မုန့်ချီလော့က ရယ်မောလျက် ဆိုချေသည်။

မုန့်ချီလော့၏ ကျင့်ကြံခြင်း ပါရမီသည် အလွန်မြင့်မားလှပေရာ ထိုသို့မဟုတ်ပါက မြူနှင်းဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။

လဝက်ကျော်အတွင်းမှာပင် မုန့်ချီလော့သည် အဆင့်ငယ်တစ်ခုကို တက်လှမ်းနိုင်ခဲ့ရာ ဤအရှိန်အဟုန်သည် အလွန်ပင် မြန်ဆန်လှသည်ဟု ဆိုရမည်။

“ဘယ်လိုပဲဖြစ်ဖြစ် သတိထားပါ၊ ငါတို့နှစ်ယောက်စလုံး အသက်ရှင်လျက် ပြန်ထွက်လာရမယ်” ချင်ယွမ်ဖုန်းက လေးနက်စွာ မှာကြားလိုက်သည်။

မုန့်ချီလော့က ခေါင်းညိတ်လျက် “စိတ်ချပါ၊ ဆရာသခင်က လောကဓာတ်၏ မူလအနှစ်သာရကို အတင်းအကျပ် မလုယူဖို့၊ လုပွဲထဲ မပါဝင်ဖို့ မှာထားတယ်၊ ငါလည်း အဲဒီအရာအပေါ်မှာ ဘာစိတ်ကူးမှ မရှိပါဘူး” ဟု ဆိုသည်။

“ဒါဆိုရင် ကောင်းတာပေါ့”

ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။ မုန့်ချီလော့၏ ဤကဲ့သို့သော စိတ်နေသဘောထားသည် မသေမျိုးနန်းတော်အတွင်း၌ အသက်ရှင်ကျန်ရစ်ရန် အလွယ်ကူဆုံးသော နည်းလမ်းပင် ဖြစ်ချေသည်။

နှစ်ဦးသား ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် အခန်းအတွင်းမှ ထွက်ခွာလာခဲ့ကာ မုန့်ချီလော့နှင့် လမ်းခွဲခဲ့သည်။

ဘေးပတ်ဝန်းကျင်မှ လူအများ၏ လူသတ်ချင်စိတ် ပြည့်နှက်နေသော အကြည့်များအကြားတွင် သူသည် မိမိ၏ သင်္ဘောဆီသို့ ပျံသန်းပြန်လာခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် ပျံသန်းရင်း ဘေးဘီသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ အသိမိတ်ဆွေတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုသူမှာ ရွှမ်လေတောင်တန်းမှ ချန်ဖန်း ပင် ဖြစ်သည်။

ဤသူသည် တစ်ချိန်က နတ်ဘုရားသောင်းချီနယ်မြေအတွင်း၌ ချင်ယွမ်ဖုန်းနှင့် အပြန်အလှန် လေးစားမှုရှိခဲ့ကြပြီး အချင်းချင်း ကူညီဖေးမခဲ့ဖူးသူ ဖြစ်ကာ ယခုအခါတွင်မူ သန့်ရှင်းသော နယ်မြေများအနက် တစ်ခုဖြစ်သည့် ချင်လိုင်မျှော်စင်၏ တပည့်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ရွှမ်လေတောင်တန်းဟူသည် မူလကပင် ချင်လိုင်မျှော်စင်အတွက် ပါရမီရှင် တပည့်များကို ရှာဖွေပေးရန် တည်ထောင်ထားခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ယင်းနှင့် ချင်လိုင်မျှော်စင်တို့သည် ဂိုဏ်းနှစ်ခုကဲ့သို့ ကွဲပြားနေသော်လည်း ထူးချွန်သော တပည့်ကို တွေ့ရှိပါက ရွှမ်လေတောင်တန်းသည် ချင်လိုင်မျှော်စင်သို့ ညွှန်းပို့ပေးလေ့ ရှိချေသည်။

ချင်လိုင်မျှော်စင်သည် မိုးကြိုးလမ်းစဉ် ကျင့်ကြံသော သိုင်းပညာရှင်များကို မွေးထုတ်ပေးရာ နေရာ ဖြစ်သည်။

ချန်ဖန်းသည် မိုးကြိုးလမ်းစဉ်အပေါ် နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားပြီး ပါရမီလည်း မြင့်မားသူဖြစ်ရာ သူသည် ချင်လိုင်မျှော်စင်၏ တပည့်တစ်ဦး အလွယ်တကူ ဖြစ်လာခဲ့ခြင်းမှာ ဓမ္မတာပင် ဖြစ်သည်။

ချန်ဖန်းသည် လူအုပ်ကြားထဲတွင် ရပ်နေရင်း ချင်ယွမ်ဖုန်းကို ခေါင်းညိတ်ပြလိုက်သည်။ ချင်ယွမ်ဖုန်းကလည်း ပြန်လည်၍ အမူအရာ ပြလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် ရှန်းဝူအကယ်ဒမီ၏ သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မသေမျိုးနန်းတော်အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ယခင်တိုက်ပွဲပြီးနောက် သန့်ရှင်းသော နယ်မြေများမှလွဲ၍ အခြားသော ဂိုဏ်းငယ်များသည် ဤနေရာသို့ လူလွှတ်ရဲကြတော့မည် မဟုတ်ချေ။

သူတို့အားလုံးသည် ဤနေရာသည် ယခုအခါ သန့်ရှင်းသော နယ်မြေအသီးသီးတို့၏ စစ်တလင်းဖြစ်နေပြီကို နားလည်ထားကြသည်။

မသေမျိုးနန်းတော်အတွင်းရှိ လောကဓာတ်၏ မူလအနှစ်သာရသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်း သိရှိနေကြသော်လည်း သူတို့၌ ဝင်ရောက်လုယူပိုင်ခွင့် မရှိကြတော့ပေ။

ဤအချိန်တွင် နိုဝင်ဘာလသို့ ရောက်ရှိနေပြီဖြစ်ရာ ရာသီဥတုသည် စတင်၍ အေးစိမ့်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အဝေးဆုံးမြောက်ဘက်အရပ်ထက်ပင် ပိုမိုလွန်ကဲသော ဤနေရာ၌ နွေးထွေးခြင်းဟူသည် အလျဉ်းမရှိချေ။

ပင်လယ်ပြင်တစ်ခုလုံးသည် ထူထဲလှသော ရေခဲလွှာများဖြင့် ဖုံးလွှမ်းနေပြီး အပေါ်ယံ၌ နှစ်ရှည်လများ အနည်ထိုင်နေသော နှင်းပွင့်များ ရှိနေသည်။

မသေမျိုးနန်းတော်ကြီးသည် ဤရေခဲလွှာများ၏ တင်းကျပ်စွာ ဝန်းရံခြင်းကို ခံထားရချေသည်။

နောက်ဆုံးတွင် နှစ်ရက်မျှ စောင့်ဆိုင်းပြီးနောက် မင်္ဂလာရှိသော နေ့ရက်သို့ ဆိုက်ရောက်လာခဲ့သည်။

ထိုနေ့ မွန်းတည့်ချိန်တွင် မသေမျိုးနန်းတော်၏ အပြင်ဘက်ရှိ အစီအရင်သည် ဖြည်းညင်းစွာ စတင် ကွယ်ပျောက်သွားခဲ့ချေတော့သည်။

“မသေမျိုးနန်းတော် ပွင့်တော့မယ်...”

မသေမျိုးနန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော သန့်ရှင်းသော နယ်မြေအသီးသီးမှ လူများသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

ဤအခြင်းအရာသည် သူတို့အနေဖြင့် ဆန်းကြယ်လှသော မသေမျိုးနန်းတော်ကြီးကို မကြာမီ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည် ဖြစ်ကြောင်း ဖော်ပြနေချေတော့သည်။

အခန်း(၄၈၂)

နန်းတော်၏ အပြင်ဘက်ရှိ အစီအရင်သည် တရွေ့ရွေ့နှင့် ပျက်ပြယ်စပြုလာပြီ ဖြစ်သော်လည်း ရှုဝမ်ချန်း၏ မျက်နှာထက်၌မူ စိုးရိမ်ပူပန်ရိပ်များ တဖြည်းဖြည်း ထင်ဟပ်လာချေသည်။

“တစ်ခုခုတော့ မှားနေပြီ” ရှုဝမ်ချန်းက တည်ငြိမ်စွာ ဆိုလိုက်၏။

အကယ်ဒမီမှ ရွေးချယ်ထားသော ကျောင်းဆရာများသည် ချက်ချင်းပင် ရှုဝမ်ချန်း၏ အနီးသို့ စုရုံးလာကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာ၌ တည်ကြည်လေးနက်မှုများ အပြည့်ရှိနေကြသည်။

ချင်ယွမ်ဖုန်းနှင့်တကွ အကယ်ဒမီမှ ကျောင်းသားအားလုံးတို့သည်လည်း သူတို့၏အနောက်မှနေ၍ စူးစိုက်နားထောင်နေကြလေသည်။

“အစီအရင်က ကွယ်ပျောက်သွားပြီဆိုပေမဲ့ မသေမျိုးနန်းတော်ရဲ့ အပြင်ဘက်မှာ ပိတ်ဆို့မှုတစ်ခုက ဝန်းရံနေဆဲပဲ” ဟု ရှုဝမ်ချန်းက အေးစက်စွာ ပြောကြားသည်။

“ဒါက အစီအရင် လုံးဝ မပျက်ပြယ်သေးလို့ ဖြစ်နိုင်မလား” ထိုအချိန်တွင် ကျောင်းဆရာတစ်ဦးက ဝင်ရောက်မေးမြန်းလေသည်။

ရှုဝမ်ချန်းက ခေါင်းကို ခါယမ်းလျက် “မဟုတ်နိုင်ဘူး၊ အစီအရင်နဲ့ ပိတ်ဆို့မှုဆိုတာ စွမ်းအင်လှိုင်းချင်း လုံးဝ မတူညီကြဘူး။ ဒါကိုတော့ ငါ အသေအချာ ခွဲခြားနိုင်ပါတယ်” ဟု ဆို၏။

ကျောင်းဆရာများ အားလုံးပင် မျက်မှောင်ကုတ်သွားကြသည်။ ယင်းပိတ်ဆို့မှုက ဘာကို ဆိုလိုသည်ကို သူတို့ မသိကြသော်လည်း ရှုဝမ်ချန်းကမူ အချို့သောအရာများကို ရိပ်မိနေပြီ ဖြစ်သည်။

“မင်းတို့အားလုံး ဒီကိုလာခဲ့ကြ” ရှုဝမ်ချန်းက ခေါင်းကို လှည့်၍ ချင်ယွမ်ဖုန်းနှင့် အခြားသူများကို လှမ်းခေါ်လိုက်သည်။

ချင်ယွမ်ဖုန်းနှင့် အခြားဆယ့်ကိုးယောက်သော ကျောင်းသားများသည် ရှုဝမ်ချန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး သူ ပြောမည့် စကားများကို တိတ်ဆိတ်စွာ စောင့်မျှော်နားထောင်နေကြ၏။

“မသေမျိုးနန်းတော်ရဲ့ အပြင်ဘက်မှာ ပိတ်ဆို့မှုတစ်ခု ကျန်ရှိနေသေးတယ်။ ဒီပိတ်ဆို့မှုဟာ ရွေးချယ်ခံရသူတွေနဲ့ ရွေးချယ်မခံရသူတွေကို ခွဲခြားဖို့အတွက် စီမံထားတာ ဖြစ်လိမ့်မယ်လို့ ငါ သံသယရှိမိတယ်” ရှုဝမ်ချန်းက တည်ငြိမ်စွာ ဆိုသည်။

ချင်ယွမ်ဖုန်း၏ မျက်ဝန်းအိမ်သည် ရုတ်ချည်း ကျဉ်းမြောင်းသွားချေသည်။ ထိုသို့ဆိုလျှင် ဤပိတ်ဆို့မှုကြောင့် ရွေးချယ်ခံရသူများမှတစ်ပါး မည်သူမျှ မသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။

“ဒါက ငါ့ရဲ့ ထင်မြင်ချက်သက်သက်ပဲ၊ ဒါပေမဲ့ ငါ့ရဲ့ထင်မြင်ချက် မှားယွင်းပါစေလို့ပဲ ဆုတောင်းရမှာပဲ။ ဘေးကင်းဖို့အတွက် ငါ အခု အချို့အချက်တွေကို ရှင်းပြထားရမယ်။ သေချာနားထောင်ကြ” ရှုဝမ်ချန်းက ဆက်လက်ပြောကြားသည်။

“ပထမအချက်ကတော့၊ ငါတို့ နန်းတော်ထဲကို မဝင်ရသေးခင်မှာ အားလုံး စည်းစည်းလုံးလုံး ရှိကြရမယ်။ ပြီးတော့ လောလောဆယ်မှာ ထိုက်ချင်းရဲ့ ဦးဆောင်မှုကို ခံယူရမယ်”

ထိုက်ချင်းသည် ချင်ယွမ်ဖုန်း အပါအဝင် လူ ဆယ့်ကိုးယောက်ထဲတွင် ကျင့်စဉ်အဆင့် အမြင့်မားဆုံးသူ ဖြစ်ပြီး သူ၏ ကျင့်စဉ်နယ်ပယ်သည် တတိယအဆင့် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

“ဒုတိယအချက်ကတော့၊ မင်းတို့အားလုံး ကိုယ့်အရည်အချင်းနဲ့ကိုယ် ချင့်ချိန်ပြီး လုပ်ဆောင်ကြဖို့ မျှော်လင့်တယ်။ ဒီတစ်ခေါက် ဝင်ရောက်ရမှာက သွေးချောင်းစီးမယ့် ခရီးစဉ်ဖြစ်တာကြောင့် စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့။ မင်းတို့အားလုံး အနာအဆာမရှိ ပြန်ထွက်လာနိုင်ကြဖို့ ငါ မျှော်လင့်တယ်” ဟု ရှုဝမ်ချန်းက ခက်ထန်စွာ တိုက်တွန်း၏။

“တတိယအချက်ကတော့၊ ဒါက အကယ်ဒမီကနေ ထုတ်ပေးတဲ့ ဟင်းလင်းပြင်ဆိုင်ရာ နေရာပြောင်း ဝိညာဉ်အဆောင်လက်ဖွဲ့ ဖြစ်ပြီး တစ်ယောက်ကို တစ်ခုစီ ရလိမ့်မယ်။ အခြေအနေ မဟန်ဘူးလို့ ခံစားရရင် ဒီအဆောင်လက်ဖွဲ့ကို ဖျက်ဆီးလိုက်တာနဲ့ မင်းတို့တွေကို အပြင်ဘက်ကို တိုက်ရိုက် နေရာပြောင်းရွှေ့ပေးလိမ့်မယ်”

ရှုဝမ်ချန်းသည် မိမိရှေ့မှောက်ရှိ လူ ဆယ့်ကိုးယောက်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုသို့ သူ မှာကြားနေသော်လည်း ဤလူ ဆယ့်ကိုးယောက်ထဲမှ ဘယ်နှစ်ယောက်ကများ အသက်ရှင်လျက် ပြန်လာနိုင်မည်နည်း။

“စိတ်ချပါ ဆရာ၊ ကျွန်တော် ဂျူနီယာညီလေးတွေနဲ့ ညီမလေးတွေကို အသေအချာ ဦးဆောင်ပြီး လောကဓာတ်၏ မူလအနှစ်သာရကို ရအောင် ယူဆောင်ခဲ့ပါ့မယ်”

ထိုအချိန်တွင် ထိုက်ချင်းက ရှေ့သို့ တစ်လှမ်းတက်ကာ အေးစက်စွာ ပြောဆိုလိုက်၏။

ထိုက်ချင်းသည် အမျိုးသားတစ်ဦး ဖြစ်ပြီး အသက် နှစ်ဆယ့်ကိုးနှစ် အရွယ်ရှိပြီ ဖြစ်သော်လည်း သူ၏ အရပ်အမောင်းမှာ ပုကွကွ ဖြစ်ကာ တစ်မီတာခွဲခန့်သာ ရှိပေရာ သူ၏ မျက်ဝန်းအိမ်ထဲတွင် အမြဲလိုလို မှောင်မိုက်သော ရိပ်ယောင်များ ဖြတ်ပြေးနေတတ်သည်။

ခန္ဓာကိုယ်၏ ချို့ယွင်းချက်ကြောင့် ထိုက်ချင်းသည် မိမိကိုယ်မိမိ အမြဲတစေ သိမ်ငယ်စိတ် ဝင်နေတတ်သူ ဖြစ်သည်။

ရှန်းဝူအကယ်ဒမီ၏ ကျောင်းသားတစ်ဦး ဖြစ်လာသည့်တိုင်အောင် ဤသိမ်ငယ်စိတ်သည် သူ့နောက်သို့ အစဉ်တစိုက် လိုက်ပါနေဆဲ ဖြစ်သောကြောင့် သူသည် မိမိကိုယ်မိမိ သက်သေပြရန် အမြဲ အခွင့်အရေး ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ယခုမူ ထိုအခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ချေသည်။

အကယ်၍ ကျောင်းဆရာများ ဝင်ရောက်နိုင်ခြင်း မရှိဘဲ သူကသာ ဤဂျူနီယာညီလေး၊ ညီမလေးများကို ဦးဆောင်၍ လောကဓာတ်၏ မူလအနှစ်သာရကို ရယူနိုင်ခဲ့လျှင် ယင်းက ကြီးကျယ်သော ဂုဏ်ဒြပ်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်၏။

ထိုအချိန်ကျလျှင် သူ့ကို မည်သူက အထင်သေးရဲတော့မည်နည်း။

သို့သော် ရှုဝမ်ချန်းက သက်ပြင်းချလျက် “ငါ အကြောက်ဆုံးက မင်းရဲ့ ဒီလို စိတ်နေစိတ်ထားပဲ။ ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်က မသေမျိုးနန်းတော်ရဲ့ အရင်းအမြစ်ကို စုံစမ်းဖို့ပဲ။ လောကဓာတ်၏ မူလအနှစ်သာရကို ရဖို့အတွက် ဇွတ်တရွတ် မလုပ်ကြနဲ့။ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ” ဟု ဆိုသည်။

အားလုံးက ခေါင်းညိတ်ပြကြသော်လည်း ချင်ယွမ်ဖုန်း တစ်ဦးတည်းသာ ရှုဝမ်ချန်း၏ စကားကို အမှန်တကယ် လက်ခံပုံရပြီး အခြားသူများမှာမူ နှုတ်ခမ်းဆူရုံမျှသာ ရှိကြသည်။

ရှုဝမ်ချန်းသည် သူတို့၏ စိတ်ကူးများကို သိရှိသဖြင့် ဤလူငယ်များသည် စိတ်အာရုံနောက် လွင့်ပါမသွားကြပါစေနှင့်ဟုသာ ဆုတောင်းနိုင်တော့သည်။

မသေမျိုးနန်းတော် အပြင်ဘက်ရှိ အစီအရင်သည် တရွေ့ရွေ့နှင့် ပျက်ပြယ်သွားရာ နေမွန်းတည့်ချိန်သို့ ရောက်သောအခါ လုံးဝကွယ်ပျောက်သွားလေတော့သည်။

ဤအချိန်သည်ကား တစ်နှစ်တာ၏ အလွန် မင်္ဂလာရှိသော နေ့ရက်နှင့် အချိန်အခါပင် ဖြစ်ပေသည်။

ချက်ချင်းပင် သန့်ရှင်းသော နယ်မြေအသီးသီးမှ တရားဝင်တပည့် အများအပြားသည် သူတို့၏ သင်္ဘောကြီးများပေါ်မှနေ၍ ပင်လယ်ပြင်ရှိ ရေခဲပြင်ပေါ်သို့ တိုက်ရိုက် ခုန်ချကာ မသေမျိုးနန်းတော်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

သူတို့နှင့်အတူ လိုက်ပါလာသော ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများသည်လည်း ကောင်းကင်ယံမှနေ၍ မသေမျိုးနန်းတော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြချေသည်။

သို့သော် သန့်ရှင်းသော နယ်မြေအများစုမှာမူ လှုပ်ရှားခြင်း မရှိကြသေးပေ။ သူတို့သည် မသေမျိုးနန်းတော်အတွင်းသို့ အမှန်တကယ် ဝင်ရောက်နိုင်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရန် လိုအပ်နေသေးသောကြောင့် ဖြစ်သည်။

မသေမျိုးနန်းတော်သို့ ပထမဆုံး ရောက်ရှိသွားသူမှာ သန့်ရှင်းသော နယ်မြေတစ်ခုမှ တပည့်တစ်ဦး ဖြစ်သည်။ သူသည် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လျက် ပင်လယ်ကျွန်းငယ်ပေါ်သို့ တိုက်ရိုက် ပြေးဝင်သွား၏။

မသေမျိုးနန်းတော်၏ ရှေ့မှောက်တွင် ကျောက်တုံးလှေကားထစ်တစ်ခု ရှိနေပြီး ထိုလှေကားထစ်မှ အထက်သို့ ကြည့်လိုက်လျှင် ချင်ယွမ်ဖုန်း၏ မှတ်ဉာဏ်ထဲရှိ တောင်ဘက်ကောင်းကင်တံခါးကဲ့သို့ ကြီးမားလှသော ကျောက်တုံးတံခါးကြီးတစ်ချပ်ကို မြင်တွေ့ရသည်။

ထိုကျောက်တုံးတံခါးကြီးသည် ခန့်ညားထည်ဝါသော မုခ်ဦးတစ်ခု ဖြစ်ပြီး ကြီးမားသော တိုင်လုံးကြီးနှစ်လုံးက ထုတ်တန်းတစ်ခုကို ထားရှိကာ ထောက်ကန်ထားသည်။

ထိုထုတ်တန်းထက်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး “မသေမျိုး” ဟူသော စာလုံးကို ထွင်းထုထားရာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။

ထုတ်တန်း၏ အထက်တွင် ရွှေရောင်ပြောင်လက်နေသော အမိုးအကာများ ရှိနေပြီး မုခ်ဦး၏ အရှိန်အဝါကို ပိုမို တိုးမြင့်စေသည်။

ပင်မမုခ်ဦး၏ ဘေးတစ်ဖက်တစ်ချက်စီတွင်လည်း သေးငယ်သော မုခ်ဦးနှစ်ခု ရှိနေပြီး တစ်ဆက်တည်းသော ဖွဲ့စည်းပုံအဖြစ် တည်ရှိနေကာ ချင်ယွမ်ဖုန်း ကမ္ဘာမြေပေါ်တွင် မြင်တွေ့ခဲ့ဖူးသော ‘ဂိုဏ်းတံခါး’ နှင့် ဆင်တူလှသည်။

ထိုဂိုဏ်းတံခါး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မြူဖြူများ ဖုံးလွှမ်းနေသောကြောင့် ဤဂိုဏ်းတံခါးသည် မသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပုံရသည်။

ကျောက်တုံးတံခါးမှတစ်ဆင့် အတွင်းသို့ လှမ်းမျှော်ကြည့်လိုက်လျှင် ပင်လယ်ကျွန်းငယ်၏ မြေမျက်နှာသွင်ပြင်သည် ချင်ယွမ်ဖုန်း သိထားသည်နှင့် မတူညီကြောင်း တွေ့ရသည်။

ပင်လယ်ကျွန်းငယ်တစ်ခုလုံးသည် အမှန်စင်စစ် တောင်တစ်လုံးနှင့် ပိုမိုတူညီနေပြီး ကျောက်တုံးတံခါးမှာမူ တောင်ခြေဝင်ပေါက် ဖြစ်ကာ အထက်သို့ ဦးတည်ထားသည်။

မသေမျိုးနန်းတော်၏ အပြင်ဘက်တွင် မြူခိုးမြူငွေ့များ အမြောက်အမြား ရှိနေသောကြောင့် အတွင်းပိုင်း အခြေအနေကို အသေအချာ မမြင်တွေ့နိုင်ပေ။

အတွင်း၌ နှင်းကဲ့သို့ ဖြူဖွေးနေသော မြေပြင်ရှိနေသည်ကိုသာ ဝါးတားတား မြင်တွေ့ရပြီး အဝေးရှိ တောင်ခါးပန်းတွင်မူ ရေပန်းတစ်ခု ရှိနေပုံရသည်။

ထိုသန့်ရှင်းသော နယ်မြေမှ တပည့်သည် ကျောက်တုံးတံခါးမှတစ်ဆင့် တိုက်ရိုက် ဝင်ရောက်သွားရာ သူ၏ ပုံရိပ်သည် မြူခိုးများထဲတွင် ကွယ်ပျောက်သွားတော့သည်။

အစောပိုင်းက ပြောကြားခဲ့သော စည်းလုံးညီညွတ်မှုဟူသော အရာကို သူသည် မေ့လျော့နေခဲ့ပြီ ဖြစ်ကာ လောကဓာတ်၏ မူလအနှစ်သာရကို လျင်မြန်စွာ ရယူနိုင်ရန်သာ သူ တွေးတောနေချေသည်။

သို့သော် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတစ်ဦး မသေမျိုးနန်းတော်၏ အပြင်ဘက်သို့ ပျံသန်းရောက်ရှိလာသောအခါတွင်မူ သူသည် ထိုနေရာ၌ တိုက်ရိုက် ရပ်တန့်သွားခဲ့ရသည်။

ထိုဂိုဏ်းကြီးကြပ်သူ အကြီးအကဲသည် မမြင်နိုင်သော တံတိုင်းတစ်ခုကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိဘဲ တားဆီးခြင်း ခံလိုက်ရသည်ကို အားလုံးက အထင်အရှား မြင်တွေ့လိုက်ကြရသည်။

ဤသည်ကို မြင်လျှင် ရွေးချယ်ခံရသူများမှတစ်ပါး အခြားသူများ မသေမျိုးနန်းတော်အတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း လူအများစုက နှလုံးသွင်းမိသွားကြသည်။ ထိုပိတ်ဆို့မှု တည်ရှိနေခြင်း၏ အဓိပ္ပာယ်မှာလည်း ဤသည်ပင် ဖြစ်ချေသည်။

“တကယ်ပဲ ဒီလိုဖြစ်လာတာပဲ” ရှုဝမ်ချန်းက သက်ပြင်းချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းနှင့် အခြားသူများကို လှည့်ကြည့်ကာ “အခုအချိန်ကစပြီး မင်းတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတော့မယ်” ဟု ဆို၏။

“စိတ်ချပါ ဆရာ” ထိုက်ချင်းသည် စိတ်မရှည်စွာဖြင့် သင်္ဘောပေါ်မှ ခုန်ချကာ မသေမျိုးနန်းတော်ဆီသို့ ပြေးသွားတော့ရာ အခြားသူများကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။

“ယွမ်ဖုန်း” ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းကို လှမ်း၍ ဆွဲလိုက်ပြီး “မင်းအနေနဲ့ ဂိုဏ်းတူတပည့်တွေရဲ့ မျက်နှာကို ထောက်ထားပြီး သူတို့ကို တတ်နိုင်သမျှ ကူညီပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “စိတ်ချပါ ​ဆရယ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်” ဟု ဆို၏။

ရှုဝမ်ချန်းက ခေါင်းညိတ်ပြရင်း ချင်ယွမ်ဖုန်း ထွက်ခွာသွားသော အနောက်ပုံရိပ်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ပေ။

“ယွမ်ဖုန်း၊ မင်းကို ငါ ယုံကြည်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မင်းဟာ အမြဲတမ်း အံ့ဖွယ်တွေကို ဖန်တီးပေးနိုင်လို့ပဲ”

ယီနန်သည်လည်း သင်္ဘောခန်းမထဲမှ ထွက်ခွာလာခဲ့သည်။

အစောပိုင်းက သူမသည် အပြင်သို့ ထွက်၍ ချင်ယွမ်ဖုန်းနှင့် မျက်နှာချင်းမဆိုင်လိုခဲ့ပေ။

ယင်းက မုန့်ချီလော့ကြောင့် ဖြစ်နိုင်သကဲ့သို့ သူမ၏ ကိုယ်ပိုင်ခံစားချက်များကြောင့်လည်း ဖြစ်နိုင်ပေရာ သူမသည် ချင်ယွမ်ဖုန်းကို နှုတ်ဆက်စကားပင် မပြောခဲ့ချေ။

“ယွမ်ဖုန်း၊ နင် အသက်ရှင်လျက် ပြန်ထွက်လာသရွေ့တော့ ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ တကယ်လို့...”

All Chapters