အခန်း (၄၈၇-၄၈၈)
Vol. 25 Ch. 487-488
အခန်း (၄၈၇) - ရှေးဟောင်း နတ်မိမယ် နန်းတော် (၈)
သို့ရာတွင် အသားအရေများ ပုပ်သိုးဆွေးမြည့်နေပြီဖြစ်သော ထိုခွေးနက်ကြီးကို ရင်ဆိုင်ရာ၌ မာထျန်းသည် ထိရောက်သော ထိုးနှံချက်တစ်ချက်မျှ မပေးနိုင်ဘဲ ဖြစ်နေချေသည်။
ယင်းက မာထျန်းအား များစွာ ထိတ်လန့်အံ့ဩသွားစေသည်။
“ဖုန်းအကို… ဒီခွေးက ဘာကောင်လဲဟ” မာထျန်းက အော်ဟစ်မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်း၏ ကိုယ်တွင်း၌ ကျောက်ဆစ်ရုပ်တုကြီးများမှ သိမ်းဆည်းပေးလိုက်သော ဓားစွမ်းအင်အလင်းတန်းများမှာ လုံးဝကင်းစင်သွားခြင်း မရှိသေးပေရာ ယခုအချိန်တွင် သူကိုယ်တိုင် လှုပ်ရှား၍ မရသေးချေ။
ထို့ကြောင့် စနစ်ဖြစ်သော ရှောင်လင်အား ထွက်၍ ကြည့်ရှုစေလိုက်ရသည်။
“ဒီခွေးဟာ အသက်ရှိစဉ်က သန့်ရှင်းသော သားရဲအဆင့်ကို ကျော်လွန်ခဲ့တဲ့ သတ္တဝါတစ်ကောင် ဖြစ်ခဲ့ဖူးပုံရတယ်၊ ဒါကြောင့်မို့လည်း သူ့ရဲ့ အရိုးစုဟာ အံ့ဩစရာကောင်းလောက်အောင် ခိုင်မာနေတာပေါ့၊ လက်နက်သွန်းလုပ်ခြင်းအတွက် အသုံးပြုမယ်ဆိုရင်တောင် ဒါဟာ ထိပ်တန်းအဆင့် ဒြပ်စင်ပစ္စည်း ဖြစ်လာနိုင်တယ်” ရှောင်လင်က အေးအေးလူလူပင် ပြောကြားလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “ဒါဆို ဒီခွေးရဲ့ ခန္ဓာကိုယ်တစ်ခြမ်းက ဘာလို့ မပုပ်မသိုးဘဲ ကျန်နေရတာလဲ၊ ဒါက ဖြစ်နိုင်တာကတော့…”
“သခင် ထင်တာ မှန်ပါတယ်” ရှောင်လင်က ပြုံးလျက် “ဒီခွေးရဲ့ မပုပ်မသိုးဘဲ ကျန်နေတဲ့ ခန္ဓာကိုယ်တစ်ခြမ်းဟာ တစ်စုံတစ်ရာသော အရည်တစ်မျိုးမျိုးထဲမှာ စိမ်ထားခဲ့တာ ဖြစ်ရမယ်၊ အဲဒီအရည်ကြောင့်ပဲ နှစ်ပေါင်းသောင်းချီ ကြာမြင့်တဲ့အထိ ဒီလိုမျိုး မပျက်မစီးဘဲ တည်ရှိနေနိုင်တာ ဖြစ်တယ်” ဟု ဆိုချေသည်။
“အရည်တစ်မျိုးမျိုး ဟုတ်လား” ချင်ယွမ်ဖုန်း စိတ်လှုပ်ရှားသွားပြီး “အဲဒါ ဘာအရည် ဖြစ်နိုင်မလဲ” ဟု မေးမြန်းပြန်သည်။
“လောကဓာတ်ထဲမှာ ရှိတဲ့ နတ်ဘုရားအဆင့် ရတနာအမြောက်အမြားမှာ ဒီလိုစွမ်းရည်မျိုး ရှိကြပါတယ်၊ ဒါပေမဲ့ ကျွန်မ အထင်တော့ နတ်သက်ကြွေဆေးရည် ဖြစ်ဖို့ အများဆုံးပဲ၊ အဲဒီ ခွေးခန္ဓာကိုယ်ရဲ့ တစ်ခြမ်းကို သေချာကြည့်လိုက်ပါ၊ အခုထိ အလင်းတန်းတွေ ဖြာထွက်နေတုန်းပဲ” ရှောင်လင်က တည်ငြိမ်စွာပင် ရှင်းပြလေသည်။
ချင်ယွမ်ဖုန်း သေချာစွာ စူးစိုက်ကြည့်ရှုလိုက်ရာ ထိုခွေးနက်ကြီး၏ မပုပ်သိုးသေးသော ခန္ဓာကိုယ်တစ်ခြမ်းမှ မှေးမှိန်သော အလင်းရောင်များ အမှန်ပင် ဖြာထွက်နေသည်ကို တွေ့ရှိရချေသည်။
သို့သော် နေ့ခင်းဘက် ဖြစ်နေသောကြောင့် ထင်ထင်ရှားရှားမူ မမြင်ရပေ။
“နတ်သက်ကြွေဆေးရည် ဆိုတာ ဘာလဲ” ချင်ယွမ်ဖုန်းက သိလိုစိတ်ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ မေးမြန်းလိုက်၏။
ရှောင်လင်က မတတ်နိုင်သည့်အဆုံး ခေါင်းကိုသာ ရမ်းခါလိုက်ပြီး “သခင်ဟာ နတ်ဘုရားအဆင့် အပင်စွယ်စုံကျမ်းကို အလွတ်ကျက်မှတ်ထားတဲ့သူပါ၊ ဒါကို ကျွန်မကို ပြန်မေးနေရသလားရှင်” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းကို ကုတ်ကာ “ငါ မေ့သွားလို့ပါ၊ ငါ့ဦးနှောက်ထဲမှာ စွယ်စုံကျမ်းတွေက များလွန်းနေတော့ တစ်ခါတလေ သတိလက်လွတ် ဖြစ်သွားတာ သဘာဝကျပါတယ်” ဟု ပြန်လည်ပြောဆိုလိုက်၏။
ထိုသို့ ပြောဆိုရင်း ချင်ယွမ်ဖုန်းသည် သူ၏ စိတ်အာရုံထဲမှ နတ်သက်ကြွေဆေးရည်နှင့် ပတ်သက်သော မှတ်တမ်းများကို ပြန်လည်ရှာဖွေလိုက်သည်။
ယင်းသည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ နိယာမတို့ အပြန်အလှန် ဆုံစည်းရာ နယ်မြေများတွင်သာ ဖြစ်တည်နိုင်သော ထူးဆန်းသည့် စမ်းရေတစ်မျိုး ဖြစ်ချေသည်။
၎င်း၏ တစ်ခုတည်းသော စွမ်းရည်မှာ လူသားတို့၏ ခန္ဓာကိုယ်အား အိုမင်းရင့်ရော်ခြင်း မရှိစေရန် ထိန်းသိမ်းပေးထားနိုင်ခြင်းပင်။
သိုင်းပညာရှင်များသည် သူတို့၏ ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ အသက်သက်တမ်း ရှည်ကြာလာနိုင်သော်လည်း ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုကိုမူ မပြောင်းလဲနိုင်ကြချေ။
အသက်သက်တမ်းတွင် အကန့်အသတ် အမြဲရှိစမြဲဖြစ်ပြီး သိုင်းပညာရှင်များသည် အိုမင်းခြင်းအရှိန်ကို နှေးကွေးအောင်သာ လုပ်ဆောင်နိုင်ကြသည်။
နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မှသာလျှင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ နိယာမဘောင်ကို ကျော်လွန်နိုင်မည် ဖြစ်သည်။
သို့သော် နတ်သက်ကြွေဆေးရည်မှာမူ လူသားတို့၏ ခန္ဓာကိုယ်ကို လုံးဝ အိုမင်းခြင်း မရှိစေရန် ကာကွယ်ပေးနိုင်ချေသည်။
သေဆုံးသွားပြီးနောက်၌ပင် ထိုဆေးရည်ထဲတွင် စိမ်ထားပါက ရုပ်အလောင်းသည် မည်သည့်အခါမျှ ပုပ်သိုးသွားမည် မဟုတ်ပေ။ ယင်းကို သိရှိသွားသောအခါ ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းမြောက်သွားတော့သည်။
အကယ်၍ ဤအရာကို ပြန်လည်ယူဆောင်သွားနိုင်ပါက မုန့်ချီလော့သည် အမှန်ပင် ပျော်ရွှင်သွားလိမ့်မည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မိန်းမသားဟူသည် အလှအပကို မြတ်နိုးကြသည် မဟုတ်လော။
“စိတ်မပူနဲ့ဦး” ချင်ယွမ်ဖုန်းက လှမ်း၍ အော်ပြောလိုက်သည်၊ “ဒီခွေးဟာ အသက်ရှိစဉ်က အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်း ရှိခဲ့ပုံရတယ်၊ မင်းအနေနဲ့ သူ့ရဲ့ အရိုးစုကို မဖျက်ဆီးနိုင်တာဟာ သဘာဝကျပါတယ်”
မာထျန်းက မျက်လုံးများ ပြူးကျယ်သွားလျက် “နတ်ဘုရားတစ်ပိုင်းအဆင့် ဟုတ်လား၊ ခွေးတစ်ကောင်တောင် နတ်ဘုရားတစ်ပိုင်းအဆင့် ရှိနေတာလား” ဟု ရေရွတ်မိ၏။
“ဖြစ်နိုင်တာပေါ့၊ ရှေးဟောင်းကာလတုန်းက လောကဓာတ်၏ မူလအနှစ်သာရတွေဟာ ကုန်ခမ်းခြင်းမရှိဘဲ ပြည့်စုံနေခဲ့တာလေ”
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ဆိုချေသည်။
မာထျန်းက ခေါင်းညိတ်လျက် “ဒါဆိုရင်တော့ ငါ့စိတ်ထဲ နည်းနည်းသက်သာသွားပြီ၊ မဟုတ်ရင် ခွေးသေတစ်ကောင်ကိုတောင် ငါ မနိုင်ဘူးဆိုတဲ့ သတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ” ဟု ပြောလိုက်၏။
ထိုသို့ ပြောဆိုနေစဉ်မှာပင် ခွေးနက်ကြီးသည် ရုတ်တရက် ခုန်အုပ်လာပြီး မာထျန်း၏ လက်မောင်းကို ကိုက်ခဲလိုက်ရာ သွေးချင်းချင်းနီသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“သေပါပြီဗ၊ ကယ်ပါဦး” မာထျန်းက ပျာပျာသလဲ အော်ဟစ်တော့သည်။ သူသည် ထိုခွေးနက်ကြီးက သူ၏ လက်မောင်းသားများကို ဆွဲဖဲ့မပစ်နိုင်စေရန် ခွေး၏ နံရိုးများကို အတင်းချုပ်ကိုင်ထားရချေသည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းရှိ ဓားစွမ်းအင်များမှာ လုံးဝ ကင်းစင်သွားပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ဆစ်ရုပ်တုကြီးများက သိမ်းဆည်းပေးထားသော ထိုဓားစွမ်းအင်များသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် များစွာ အားနည်းနေခဲ့ခြင်း ဖြစ်၏။
မဟုတ်ပါက ပဉ္စမအဆင့် ဆေးလုံးတစ်လုံးတည်းဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် အန္တရာယ်ကြီးစွာ ကြုံတွေ့ရမည် ဖြစ်သည်။
မာထျန်း၏ အော်ဟစ်သံကို ကြားရသောအခါ ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ပြေးဝင်သွားတော့သည်။
မာထျန်း၏ လက်မောင်းမှ သွေးများ အရှိန်အဟုန်ဖြင့် စီးကျနေသည်ကို မြင်သောအခါ သူသည် ခွေးနက်ကြီး၏ ခေါင်းကို အတင်းလှမ်း၍ ဆွဲကိုင်လိုက်၏။
“အကိုဖုန်း… သတိထားဦး၊ ဒီခွေးက ငါ့လက်မောင်းရဲ့ အသားတွေကို ကိုက်ဖဲ့တော့မယ် ထင်တယ်… အားပါးပါး… နာလိုက်တာ”
မာထျန်းမှာ နာကျင်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာချေသည်။
ထိုခွေးနက်ကြီးသည် ရုပ်အလောင်းမျှသာ ဖြစ်သော်လည်း တစ်ခါ ကိုက်ခဲမိသည်နှင့် အတင်းအကျပ် မြဲမြံစွာ ခဲထားခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် တံခါးကြီးကို ရုတ်တရက် ဖြုတ်ယူကာ ခွေးနက်ကြီး၏ သွားများကြားထဲသို့ ဒေါင်လိုက် ညှပ်ထည့်လိုက်တော့သည်။
“မာထျန်း… သတိထား” ချင်ယွမ်ဖုန်းက အမိန့်ပေးလိုက်သည်၊ “ကြီးထွားစမ်း”
ချင်ယွမ်ဖုန်း၏ အမိန့်ပေးသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကြေးညိုရောင် တံခါးကြီး၏ အရွယ်အစားသည် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး မူလအတိုင်း အမြင့်ပေ တစ်ရာခန့်ရှိသော တံခါးကြီးနှစ်ချပ်အဖြစ် မြေပြင်ပေါ်တွင် မတ်မတ်ကြီး တည်ရှိသွားတော့သည်။
ထိုအခါ ခွေးနက်ကြီး၏ ဦးခေါင်းသည် ခံတွင်းမှနေ၍ တံခါးကြီး၏ အရှိန်ကြောင့် နှစ်ခြမ်း ကွဲအက်သွားရရှာသည်။
ဦးခေါင်း နှစ်ခြမ်းကွဲသွားသော ခွေးနက်ကြီး၏ ရုပ်အလောင်းသည် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး အရိုးစုများမှာလည်း တစစီ ပြန့်ကျဲသွားတော့သည်။
“နာလိုက်တာ” မာထျန်းသည် ချင်ယွမ်ဖုန်း၏ ကြေးညိုရောင် တံခါးကြီးကို အံ့ဩနေမိသော်လည်း ဒဏ်ရာရထားသော လက်မောင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် ထိုင်လျက် ညည်းတွားနေရှာသည်။
“ကဲ… ငါ့ကို ပြစမ်းဦး” ချင်ယွမ်ဖုန်းက မာထျန်း၏ ဒဏ်ရာကို စစ်ဆေးကြည့်ရာ ဒဏ်ရာရှိရာ အရိုးမှာ ကျိုးပဲ့နေသည်ကို တွေ့ရသဖြင့် ထိုခွေးနက်ကြီး၏ ကိုက်အား မည်မျှပြင်းထန်ကြောင်း သိသာလှချေသည်။
အကယ်၍ မာထျန်းသာ အသားအရေ ခိုင်မာသူ မဟုတ်ပါက ဤတစ်ကိုက်တည်းဖြင့် သူ၏ လက်မောင်းမှာ ပြတ်တောက်သွားနိုင်သည်။
“ခဏစောင့်ဦး၊ ငါ ဆေးပင်တချို့ သွားခူးပြီး မင်းရဲ့ ဒဏ်ရာကို ကုပေးမယ်၊ လျှောက်မလှုပ်နဲ့ဦး” ချင်ယွမ်ဖုန်းက ပြောပြောဆိုဆိုဖြင့် ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေထဲသို့ ပြေးဝင်သွားတော့သည်။
မကြာမီပင် ချင်ယွမ်ဖုန်းသည် ဆေးပင်အနည်းငယ်ကို ယူဆောင်၍ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့ကို တိုက်ရိုက် မီးကင်ကာ အမှုန့်ပြုလုပ်လျက် မာထျန်း၏ ဒဏ်ရာပေါ်သို့ သုတ်လိမ်းပေးလိုက်၏။
ထို့ပြင် သစ်သားပြားနှစ်ပြားကို ရှာဖွေ၍ မာထျန်း၏ လက်မောင်းကို ပတ်တီးဖြင့် စနစ်တကျ စည်းနှောင်ပေးလိုက်လေသည်။
“ကဲ… ဒဏ်ရာကတော့ တစ်ရက်အတွင်း အသားတင်သွားလိမ့်မယ်၊ ဒါပေမဲ့ ကျိုးသွားတဲ့ အရိုးကတော့ ပြန်ဆက်ဖို့ အချိန်နည်းနည်း လိုလိမ့်မယ်” ချင်ယွမ်ဖုန်းက အေးအေးလူလူပင် ဆိုသည်။
မာထျန်းက ခေါင်းကို ရမ်းခါလိုက်ပြီး “စိတ်မပူပါနဲ့ အကိုဖုန်း၊ ငါတို့ မိသားစုမှာ အရိုးကျိုးတာကို ကုသတဲ့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရှိခဲ့တဲ့ လျှို့ဝှက်ပညာရပ် ရှိပါတယ်” ဟု ပြောဆိုလိုက်၏။
ချင်ယွမ်ဖုန်းက မာထျန်းအား စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေစဉ်မှာပင် မာထျန်း၏ လက်မောင်းဒဏ်ရာမှ မှေးမှိန်သော အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး မြင့်မားသော အပူချိန်ဖြင့် ဖုတ်ကင်နေသကဲ့သို့ ဖြစ်ပေါ်လာချေသည်
“ဒါ ဘာလဲဟ” ချင်ယွမ်ဖုန်းက အံ့ဩစွာ မေးမြန်းလိုက်သည်။
“ကျိုးသွားတဲ့ အရိုးကို အရည်ပျော်စေပြီး အရိုးပုံစံအဖြစ် ပြန်လည်သွန်းလောင်းပြီး ဆက်တာလေ၊ ဒါဟာ ငါတို့ မာမိသားစုရဲ့ ဘိုးဘွားစဉ်ဆက် ကုသရေး နည်းလမ်းပဲ”
မာထျန်းက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး နဖူးပြင်ပေါ်တွင် ချွေးစေးများ ချက်ချင်း ထွက်ပေါ်လာတော့သည်။
“ငါ့အဖေကတော့ ဒီပညာရပ်က ဒီလောက်တောင် နာကျင်ရမယ်လို့ ငါ့ကို တစ်ခါမှ မပြောခဲ့ဘူး” မာထျန်းမှာ နာကျင်လွန်းသဖြင့် စကားပင် ကောင်းမွန်စွာ မပြောနိုင်တော့ချေ။
ချင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး “အရိုးတွေကို အရည်ပျော်စေပြီး ပြန်သွန်းလောင်းတယ် ဟုတ်လား၊ မင်းတို့ မိသားစုက ဒီလိုနည်းလမ်းမျိုးကို ကြံကြံဖန်ဖန် တွေးမိတာ တကယ့်ကို အထင်ကြီးစရာပဲ” ဟု ဆိုသည်။
မာထျန်းသည် နောက်ထပ် စကားမဆိုနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရင်လာပြီးနောက် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ နာကျင်စွာ အော်ဟစ်ညည်းတွားနေတော့သည်။
ချင်ယွမ်ဖုန်းသည် ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေကို ကြည့်ရှုရင်း ဤဆေးပင်ဆေးဖော်များနှင့်တကွ အပေါ်ယံမြေဆီလွှာများကိုပါ တစ်ပါတည်း မည်သို့ ယူဆောင်သွားရမည်နည်းဟု စိုးရိမ်ပူပန်နေမိချေသည်။
အတန်ကြာမှသာ မာထျန်းသည် ဖြည်းညင်းစွာ ထရပ်နိုင်တော့သည်။ ယခုအချိန်တွင် သူ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲရွှဲစိုနေပြီး များစွာ အားအင်ချိနဲ့နေပုံရ၏။
သို့သော် သူပြောခဲ့သည့်အတိုင်း သူ၏ ကျိုးပဲ့နေသော အရိုးများမှာမူ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကာ ဒဏ်ရာများလည်း ဖြည်းဖြည်းချင်း ပိတ်သွားပြီ ဖြစ်ချေသည်။
အခန်း(၄၈၈)ရှေးဟောင်း နတ်မိမယ် နန်းတော်(၉)
“အားပါးပါး… နာလိုက်တာ” မာထျန်းက မချိမဆံ့ ညည်းတွားလိုက်ရှာသည်။
ချင်ယွမ်ဖုန်းကမူ ပြုံးရွှင်လျက် မြေပေါ်တွင် ပြန့်ကျဲနေသော ခွေးနက်ကြီး၏ အရိုးစုများကို လိုက်လံကောက်ယူနေ၏။
ထို့ပြင် ဆွေးမြည့်ခြင်းမရှိသေးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပါ စင်ကြယ်အောင် နွှာခွာပစ်လိုက်ရာ ဖြူဖွေးကျစ်လျစ်သော အရိုးစုတစ်ခုလုံးသာ ကျန်ရစ်တော့သည်။
ထိုခွေးနက်ကြီးမှာ ဝမ်ချိုင်နှင့် အရွယ်အစားချင်း နီးပါးတူညီလှပေသည်။ နံရိုးတစ်ချောင်းလျှင် တစ်မီတာခန့် ရှည်လျားပြီး ရှည်လျားလှသော ကျောရိုးမကြီးမှာ သုံးမီတာကျော်မျှ ရှိ၏။
ထူးခြားသည်မှာ ထိုအရိုးများမှ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေခြင်းပင် ဖြစ်ချေသည်။
ယင်းက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသော သတ္တဝါတို့၏ ထူးခြားချက်လက္ခဏာ ဖြစ်တန်ရာ၏။
“အကိုဖုန်း… မင်းက ဒီအရိုးတွေကို ဘာလုပ်မလို့ ကောက်နေရတာလဲ” မာထျန်းက ချင်ယွမ်ဖုန်းအား ရွံရှာဖွယ်ရာအလား ကြည့်ရှုရင်း မေးမြန်းလိုက်သည်။
“မင်းက နားမလည်ပါဘူး၊ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့်ရှိတဲ့ ခွေးဘုရင်ရဲ့ အရိုးစုလေ၊ သူ့ရဲ့ ကြံ့ခိုင်မှုက မင်းတစ်ကိုယ်လုံးမှာရှိတဲ့ အစွမ်းကုန်ထုတ်သုံးရင်တောင် အနာအဆာလေးတစ်ခု ဖြစ်အောင် မတတ်နိုင်ဘူး၊ အဲဒါက သူ့ရဲ့ ခိုင်ခံ့မှုကို သက်သေပြနေတာပဲ မဟုတ်လား” ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေသည်။
“ထူးဆန်းတဲ့လူပဲ… အရိုးတွေကိုတောင် စိတ်ဝင်စားနေသေးတယ်” မာထျန်းက မျက်လုံးအဝိုင်းသားဖြင့် စောင်းငဲ့ကြည့်လိုက်၏။
ချင်ယွမ်ဖုန်းက အသာပြုံးလိုက်မိသည်။
မာထျန်းက ထိုအရိုးများကို အလိုမရှိခြင်းမှာ ကောင်းလှပေစွ။ အခွင့်အခါသင့်ပါက ယင်းအရိုးစုကို အသုံးပြု၍ အလွန်အသုံးတည့်မည့် ရတနာလက်နက်တစ်ခု သွန်းလုပ်ရပေမည်။
သူသည် ခွေးနက်ကြီး၏ အရိုးစုနှင့် ကြေးညိုရောင် တံခါးကြီးကို သိမ်းဆည်းလိုက်ပြီးနောက် ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေကို ငေးမောကြည့်နေမိပြန်သည်။
ထိုဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေမှာ ဆယ်မုထက်မနည်း ကျယ်ဝန်းလှချေသည်။ ထိုနေရာတွင် အဆင့်ရှစ် ဝိညာဉ်ဆေးပင် တစ်မျိုး၊ အဆင့်ခုနစ် နှစ်မျိုး၊ အဆင့်ခြောက် ငါးမျိုး၊ အဆင့်ငါး ဆယ်မျိုး ရှိနေပြီး ကျန်ရှိသောအပင်များမှာ အဆင့်မမြင့်မားလှသော်လည်း အပြင်လောကတွင် မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သော ဆေးပင်များစွာ ပါဝင်နေပေသည်။
အကယ်၍ ထိုဝိညာဉ်ဆေးပင်များကို အပြင်လောကသို့ ယူဆောင်သွားနိုင်ပါက ကြီးမားလှသော စည်းစိမ်ဥစ္စာ ရတနာတိုက်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့ရာတွင် ယခုအချိန်၌ သူတို့နှစ်ဦးသား ဆေးပင်များကို တစ်ပင်ချင်း လိုက်လံခူးဆွတ်နေပါက အခြားသော ကျင့်ကြံသူများသည် နန်းတော်တစ်ခုလုံးကို စူးစမ်းရှာဖွေပြီးစီးသွားသော်လည်း သူတို့မှာ ပြီးပြတ်နိုင်ဦးမည်မဟုတ်ချေ။
“အကိုဖုန်း… ငါတို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဒီအရာတွေကို ဒီအတိုင်း ထားခဲ့ရမှာ ဆိုတော့ ငါ့စိတ်ထဲ တကယ်ပဲ မချင့်မရဲ ဖြစ်နေမိတယ်”
မာထျန်းက လောဘဇော အနည်းငယ် တက်ကြွနေသော အသံဖြင့် ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက ဦးခေါင်းကို ဖြည်းညှင်းစွာ ရမ်းခါလိုက်ပြီး “ငါလည်း ကောင်းကောင်းမသိသေးဘူး၊ ဒါပေမဲ့ ငါတို့ အဆင့်လေးထက်မြင့်တဲ့ ဝိညာဉ်ဆေးပင်တွေကို အရင်ဆုံး အကုန်သိမ်းဆည်းထားကြတာပေါ့၊ ကျန်တဲ့အပင်တွေကိုတော့ အချိန်ရမှပဲ ပြန်လာသိမ်းကြတာပေါ့” ဟု ဆို၏။
“ကောင်းပြီလေ… ဒီနည်းလမ်းပဲ ရှိတော့တာပေါ့” မာထျန်းက သက်ပြင်းချရင်း မတတ်သာသလို သဘောတူလိုက်ရရှာသည်။
ထို့နောက် ချင်ယွမ်ဖုန်းက ချက်ချင်းပင် လက်တွေ့လုပ်ဆောင်တော့၏။
မာထျန်းမှာ ဒဏ်ရာကြောင့် အားအင်ချိနဲ့နေသဖြင့် ချင်ယွမ်ဖုန်းက သူ့အား ဘေးတစ်ဖက်၌ နားနေစေခဲ့သည်။
အဆင့်လေးထက်မြင့်သော ဝိညာဉ်ဆေးပင် အမျိုးအစားနှင့် အရေအတွက်မှာ များပြားလှခြင်းမရှိဘဲ တစ်နေရာတည်းတွင် စုစုစည်းစည်း ရှိနေသဖြင့် ချင်ယွမ်ဖုန်းသည် ထိုဆေးပင်ခင်းငယ်ကို သူ၏ သိုလှောင်အိတ်အတွင်းသို့ လျင်မြန်စွာ ရွှေ့ပြောင်းထည့်သွင်းလိုက်လေသည်။
“ကဲ… ဒီဝိညာဉ်ဆေးပင်တွေကို ငါ့ဆီမှာ ခေတ္တထိန်းသိမ်းထားလိုက်မယ်၊ အပြင်ကို ရောက်တဲ့အခါကျမှ ကျောင်းတော်ကို အပ်နှံပြီး ခွဲဝေခိုင်းကြတာပေါ့” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်၏။
မာထျန်းက ဦးခေါင်းကို ခါယမ်းကာ “ငါကတော့ ဒါတွေကို စိတ်မဝင်စားပါဘူး၊ မင်းဘာသာမင်း သိမ်းထားချင်ရင်လည်း သိမ်းထားလိုက်ပါ၊ ငါကတော့ ဘာမှ စကားအပိုပြောမှာ မဟုတ်ဘူး” ဟု ဆိုလေသည်။
“ဟားဟား… ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး” ချင်ယွမ်ဖုန်းက မာထျန်းကို ဆွဲထူလိုက်ရင်း “ဒါနဲ့… ဟိုခွေးကြီးရဲ့ ခန္ဓာကိုယ်တစ်ဝက်ပဲ ဘာလို့ ပုပ်သိုးသွားရလဲဆိုတာ မင်းသိလား” ဟု မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ” မာထျန်းက နားမလည်နိုင်စွာဖြင့် ပြန်လည်မေးမြန်း၏။
“သေချာ စဉ်းစားကြည့်စမ်းပါ၊ အကြောင်းအရင်းမရှိဘဲ သေဆုံးနေတဲ့ ခန္ဓာကိုယ်တစ်ဝက်က ဘာလို့ မပုပ်မသိုးဘဲ ကျန်နေရမှာလဲ” ချင်ယွမ်ဖုန်းက မျက်ခုံးတစ်ဖက်ကို ပင့်တင်လျက် ဆိုလိုက်သည်။
ထိုအခါမှ မာထျန်း၏ မျက်ဝန်းများ ဝိုင်းစက်သွားပြီး “မင်းပြောချင်တာက… ဒီနေရာမှာ ရတနာတစ်ခုခု ရှိနေတယ်ပေါ့ ဟုတ်လား” ဟု မေးလေသည်။
“ဖြစ်နိုင်ချေရှိတယ်” ချင်ယွမ်ဖုန်းက ထင်ရှားလှသော အပြုံးဖြင့် “လာပါ… ငါတို့ သွားကြည့်ကြတာပေါ့” ဟု ခေါ်ဆောင်လိုက်၏။
ခွေးနက်ကြီး ပြေးထွက်လာခဲ့သော အရပ်မျက်နှာမှာ သူတို့၏ နောက်ကွယ်တွင် ရှိပေသည်။
ချင်ယွမ်ဖုန်းနှင့် မာထျန်းတို့သည် ထိုနောက်ဖက်ဆီသို့ ခြေလှမ်းကျကျ လျှောက်လှမ်းသွားကြသည်။
အတန်ကြာ လျှောက်လှမ်းပြီးနောက် သူတို့နှစ်ဦးသည် သစ်သားတံခါးတစ်ချောင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကြ၏။
မာထျန်းက စူးစမ်းလိုစိတ်ဖြင့် ထိုသစ်သားတံခါးကို တွန်းဖွင့်လိုက်ရာ တံခါးနောက်ကွယ်၌ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကိုသာ တွေ့ရှိရလေတော့သည်။
“ငါတို့က အစွန်းဆုံးအထိ လျှောက်လာမိတာလား” မာထျန်းက မျက်မှောင်ကုတ်လျက် ဆိုသည်။
“ဟုတ်တယ်… ငါတို့ ရေပန်းစမ်းကနေ စတင်လျှောက်လာတာ သုံးကီလိုမီတာလောက် ရှိပြီဆိုတော့ ဒီနတ်မိမယ် နန်းတော်က ဒီလောက်ပဲ ကျယ်ဝန်းတာ ဖြစ်ရမယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ တွေးဆလိုက်သည်။
မာထျန်းက ခေါင်းညိတ်ကာ “ဒီနတ်မိမယ် နန်းတော်က ဒီထက်မက ပိုပြီးကျယ်ဝန်းလိမ့်မယ်လို့ ငါထင်ထားတာ၊ ဒါပေမဲ့ မင်းပြောတဲ့ ရတနာကို ဘာလို့မတွေ့ရသေးတာလဲ” ဟု မေးမြန်းပြန်သည်။
ချင်ယွမ်ဖုန်းလည်း မျက်မှောင်ကုတ်မိသွား၏။ ယခုနေရာမှာ နန်းတော်၏ အစွန်းဆုံး နယ်နိမိတ် ဖြစ်ချေပြီ။ သို့ဆိုလျှင် ထိုခွေးနက်ကြီးက မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့သနည်း။
ထိုစဉ် ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်၌ ထင်ကျန်နေသော ခွေးခြေရာများကို အမှတ်မထင် တွေ့ရှိလိုက်ရသည်။ သူသည် ထိုခြေရာများအတိုင်း လိုက်လံကြည့်ရှုရာ ခြံစည်းရိုးတစ်ခု၏ အောက်ခြေသို့ ရောက်ရှိသွား၏။
ထိုနေရာတွင် ကျင်းငယ်တစ်ခု ရှိနေပြီး ကျင်းထဲ၌ ကြည်လင်လှသော ရေအနည်းငယ် တင်ကျန်နေသည်ကို တွေ့ရပေသည်။ ထို့ပြင် အပေါ်ဖက်တွင် ခွေးနက်ကြီး ဝပ်စင်းနေခဲ့သည့် ပုံသဏ္ဌာန်အတိုင်း ချိုင့်ခွက်တစ်ခု ထင်ကျန်နေသည်ကိုလည်း မြင်တွေ့ရ၏။
“ဒါပဲ… သေချာတယ်” မာထျန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် “မှန်တယ်… ဒါက အဲဒီနေရာပဲ၊ ဒါက အမှန်အကန် နတ်သက်ကြွေဆေးရည်ပဲ ဖြစ်ရမယ်” ဟု ဆို၏။
“နတ်သက်ကြွေဆေးရည် ဟုတ်လား” မာထျန်းက အနည်းငယ် ဝေခွဲမရဖြစ်လျက် မေးမြန်းသည်။
ချင်ယွမ်ဖုန်းက မာထျန်းအား ထိုအကြောင်းအရာကို ရှင်းလင်းပြသပြီးနောက် ချက်ချင်းပင် ထိုစမ်းရေများကို သိမ်းဆည်းလိုက်ရာ မာထျန်းနှင့် သူသည် တစ်ယောက်တစ်ဝက်စီ ခွဲဝေယူခဲ့ကြသည်။
တစ်ဝက်မျှသာ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းအတွက် ပုလင်းကြီးတစ်လုံး အပြည့် ရရှိလေသည်။
လူတစ်ယောက်လျှင် ထိုဆေးရည် တစ်စက်မျှ သောက်သုံးရုံဖြင့် မိမိ၏ ခန္ဓာကိုယ်ကို အိုမင်းရင့်ရော်ခြင်းမရှိစေဘဲ ထိန်းသိမ်းထားနိုင်ပေရာ ယခုရရှိသော ပုလင်းကြီးမှာ လူပေါင်းများစွာအတွက် အကျိုးထူးစေမည် ဖြစ်ချေသည်။
ထို့ပြင် ချင်ယွန်းဖုန်းနှင့် မာထျန်းတို့နှစ်ဦးစလုံးသည် ထိုအရာကို အခြားသော အကျိုးအာနိသင်မရှိသဖြင့် အထက်သို့ အပ်နှံခြင်းမပြုရန် တိတ်တဆိတ် သဘောတူညီခဲ့ကြသည်။
“ခွေးတစ်ကောင်က ဒီစမ်းရေထဲမှာ အမြဲတမ်း စိမ်နေခဲ့တာလို့ တွေးမိတိုင်း ငါတကယ် အန်ချင်ချင် ဖြစ်လာတယ်” မာထျန်းက ထိုနတ်သက်ကြွေဆေးရည်ကို ရွံရှာဖွယ်ရာသဖွယ် ကြည့်ရင်း ပြောဆိုလိုက်သည်။
“ကဲပါ… မင်းလည်း အဲဒါကို ဆက်မတွေးနဲ့တော့ပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆေးရည်တစ်စက်ကို လက်ညှိုးဖြင့် ခတ်ကာ သူ၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။
ထိုစမ်းရေမှာ အနည်းငယ် ချိုမြိန်သော အရသာရှိပြီး ထူးခြားသော အနံ့အသက်မရှိသကဲ့သို့ သောက်သုံးပြီးနောက်တွင်လည်း ထူးခြားသော တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိချေ။
မာထျန်းလည်း ပျို့အန်ချင်စိတ်ကို အောင့်အီးကာ ဆေးရည်တစ်စက်ကို သောက်သုံးလိုက်ရှာသည်။
ချင်ယွမ်ဖုန်းက ထိုပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းလေ့လာကြည့်ရာ ယခုနေရာမှာ ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေတစ်ခုလုံးတွင် ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံးနေရာ ဖြစ်ကြောင်းနှင့် ခွေးနက်ကြီးမှာလည်း ယခုနေရာ၌ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သဘောပေါက်သွား၏။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ နိယာမတို့အကြား ထိုနတ်သက်ကြွေဆေးရည် အနည်းငယ် ဖြစ်တည်လာခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလှပေသည်။ ထိုသို့သော အရာမျိုးမှာ လောကတွင် အလွန်တရာ ရှားပါးလှပြီး ရရှိရန် ခဲယဉ်းလှပေစွ။
နတ်သက်ကြွေဆေးရည်ကို သိမ်းဆည်းပြီးနောက် ချင်ယွမ်ဖုန်းနှင့် မာထျန်းတို့သည် ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေကို တစ်ခေါက်ပြန်လည် စစ်ဆေးခဲ့ကြသော်လည်း
ထိုဝိညာဉ်ဆေးပင်များမှတစ်ပါး အခြားသော ရတနာများကို မတွေ့ရှိရတော့ချေ။
“ကဲ… ငါတို့ ပြန်ကြစို့၊ မြောက်ဘက်မှာရှိတဲ့ အဓိကခန်းမဆောင်ကြီးဆီကို သွားလို့ရမလား ကြည့်ရအောင်၊ အဲဒီ ခန်းမဆောင်ကြီးထဲမှာ ကောင်းမွန်တဲ့ ရတနာတွေ ရှိနေနိုင်တယ်” ချင်ယွန်းဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
မာထျန်းက ခေါင်းညိတ်ထောက်ခံ၏။ သူ၏ လက်မောင်းတွင် ဒဏ်ရာရရှိထားဆဲ ဖြစ်သော်လည်း သွားလာလှုပ်ရှားရန်အတွက်မူ အနှောင့်အယှက် မဖြစ်တော့ချေ။
သူတို့နှစ်ဦးသည် လာခဲ့သော လမ်းအတိုင်း ပြန်လည်လျှောက်လှမ်းလာကြရာ အဝေးမှပင် ဓားအလုပ်အကျွေးနှင့် ဓားအစောင့်အရှောက် ကျောက်ဆစ်ရုပ်တုကြီးများမှာ ထိုနေရာ၌ပင် ဆက်လက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်ကို မြင်တွေ့ရသည်။
ထိုကျောက်ဓားကြီးနှင့် ဓားမကြီးများပေါ်တွင် သွေးစက်များ စွန်းထင်နေချေပြီ။
ထိုစဉ် ချင်ယွမ်ဖုန်းသည် ဓားအစောင့်အရှောက် ရုပ်တုကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်လှသော အသံကြီးနှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
မြေပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ဓားအစောင့်အရှောက် ရုပ်တုကြီးမှာ ကျောက်ခဲပုံကြီးအဖြစ်သို့ ပြောင်းလဲကာ မြေပေါ်သို့ ပြိုကျသွားပြီး ဖုန်မှုန့်တိမ်တိုက်ကြီးတစ်ခု ထကြွသွားချေသည်။
ခဏအကြာတွင် အလင်းတန်းနက်တစ်ခုသည် မိုးကောင်းကင်ထက်သို့ ဒုန်းစိုင်းပျံတက်သွားပြီးနောက် သိုင်းပညာရှင်တစ်ဦး၏ လက်တွင်းသို့ ပြန်လည်ကျရောက်သွားတော့သည်။
“ဒီလောက်တောင် အစွမ်းထက်တာလား… သူတို့က ဒီကျောက်ဆစ်ရုပ်တုကြီး နှစ်ခုကိုတောင် အနိုင်ယူနိုင်ကြတယ်ပေါ့” မာထျန်းက ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်လျက် ဥဒါန်းကျူးရရှာသည်။
ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေဖက်ရှိ မြေမျက်နှာသွင်ပြင်မှာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ မြင့်မားသဖြင့် အောက်ခြေ ရင်ပြင်ထက်၌ တိုက်ခိုက်နေကြသော မြင်ကွင်းကို အတိုင်းသား ထင်ရှားစွာ မြင်တွေ့နေရခြင်းပင် ဖြစ်၏။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ “သူတို့က တကယ်ပဲ အစွမ်းထက်ကြပါတယ်၊ ဒါပေမဲ့ ဒီကျောက်ဆစ်ရုပ်တုကြီး နှစ်ခုက ခန္ဓာကိုယ် ပိုမိုကြီးမားပြီး သန်မာရုံသက်သက်ပဲ ရှိတာ၊ သူတို့ရဲ့ စွမ်းရည်က လူသားတွေထဲက စတုတ္ထအဆင့် မဟာဆရာနယ်ပယ်လောက်နဲ့ပဲ ညီမျှတာမို့ အမြင့်ကြီးတော့ မဟုတ်ပါဘူး” ဟု ရှင်းပြလိုက်သည်။
“ဒါတောင်မှ အလွန်ပဲ အထင်ကြီးစရာ ကောင်းလှပါတယ်၊ ငါတို့ဆိုရင် သူတို့လက်ချက်နဲ့ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရတာလေ” မာထျန်းက သက်ပြင်းချရင်း ရယ်မောကာ ပြောဆိုလိုက်လေတော့သည်။