အခန်း (၄၉၃-၄၉၄)
Vol. 25 Ch. 493-494
အခန်း(၄၉၃)ရှေးဟောင်း နတ်မိမယ် နန်းတော် (၁၄)
ဝေချောင်သည် မျက်လုံးများ ပြူးကျယ်သွားရုံမျှမက ချင်ယွမ်ဖုန်း၏ လက်ထဲရှိ တစ္ဆေခေါင်းပါ ဓားမကြီးမှာ သာမန်ရတနာလက်နက်တစ်ခု မဟုတ်သည်ကိုလည်း ကောင်းစွာ ရိပ်မိလိုက်ချေသည်။
သို့သော်လည်း ချင်ယွမ်ဖုန်း၏ စိတ်အစဉ်၌မူ အတိုင်းထက်အလွန် ဝမ်းမြောက်လှိုက်လှဲနေမိသည်။ ဤနဂါးကျောရိုးဓားမကြီးမှာ လီတာကျွဲ့က ကမ္ဘာဦးအမွေအနှစ်တစ်ခုထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းခေတ်ကာလမှ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော တန်ဖိုးဖြတ်မရသည့် ရတနာတစ်ပါးဟု ဆိုနိုင်သည်။
ယင်းသည် ပဉ္စမအဆင့် ရတနာလက်နက်မျှသာ ဖြစ်သော်ငြားလည်း အမှန်စင်စစ်တွင် ဆဋ္ဌမအဆင့် ရတနာလက်နက်တစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် ထိုဆဋ္ဌမအဆင့်လက်နက်သာ အထိနာပေလိမ့်မည်။
ရှောင်ထျန်းတုတ်ရှည်ကြီးကို နဂါးကျောရိုးဓားမကြီးနှင့် လဲလှယ်လိုက်ခြင်းမှာ စင်စစ်အားဖြင့် အလွန်တရာ အမြတ်ထွက်လှသော အရောင်းအဝယ်တစ်ခုပင် ဖြစ်တော့သည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ သက်ဆင်းလိုက်သည့်အချိန်၌ ထိုဧရာမကျောက်ဆစ်ရုပ်တုကြီးမှာ ခါးလယ်ပိုင်းမှနေ၍ အောက်ဘက်သို့ ပြတ်တောက်လျှောကျလာချေပြီ။
ဓားဖြင့်အဖြတ်ခံလိုက်ရသော မျက်နှာပြင်မှာ မှန်သားပြင်ကဲ့သို့ ချောမွေ့လွန်းလှရာ ရုပ်တု၏ အထက်ပိုင်းတစ်ဝက်မှာ တိုက်ရိုက်လျှောကျကာ မြေပြင်ပေါ်သို့ ပြိုကျပျက်စီးသွားပြီး မီးခိုးနှင့် ဖုန်မှုန့်များ ဝေဝါးစွာ လွင့်ပျံသွားတော့သည်။
ကျောက်ဆစ်ရုပ်တု၏ အပြင်ပန်းမှာ ရွှေရောင်ဝင်းပနေသော်လည်း အတွင်းပိုင်းကိုမူ ကျောက်တုံးများဖြင့် ထုဆစ်ထားခြင်း ဖြစ်ပေသည်။
ထိုရုပ်တုကြီး နှစ်ပိုင်းပြတ်၍ လဲပြိုသွားသည်နှင့် တစ်ပြိုင်နက် တားမြစ်ချက်အစီအရင်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာချေသည်။
ယင်းသည် ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေသော တားမြစ်ချက်အစီအရင်တစ်ခုပင် ဖြစ်သည်။
ထိုတားမြစ်ချက်အစီအရင် ပေါ်လာပြီးနောက်တွင် ဖန်ခွက်တစ်ခွက် ကွဲအက်သွားသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်ခေါင်းလောင်းကြီးမှာ မြေပြင်ပေါ်သို့ ပြိုကျသွားသော ကျောက်ဆစ်ရုပ်တုကြီးကဲ့သို့ပင် ရုတ်ချည်း အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။
ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ဝင်းပသွားချေသည်။ ဤတားမြစ်ချက်အစီအရင်သည် နှစ်ပရိစ္ဆေဒ ကြာမြင့်လှပြီဖြစ်၍ အလွန်တရာ ချည့်နဲ့အားနည်းနေဟန် တူပေသည်။
တားမြစ်ချက်အစီအရင် ကွဲကြေသွားသည်နှင့် အမျှ ယင်း၏အတွင်း၌ ဝှက်ကွယ်ထားသော ရတနာပစ္စည်းမှာလည်း နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပေါ်ထွက်လာချေပြီ။
ထိုနေရာရှိ လူအားလုံးတို့သည် အသက်ရှူပင် မဝံ့ကြဘဲ အစီအရင်အတွင်း၌ မည်သည့်အရာ ရှိနေသည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသလို တစ်ဖက်တွင်လည်း အခြားသူများ ရုတ်တရက် လုယူသွားမည်ကို အထူးသတိထား စောင့်ကြပ်နေကြသည်။
ယင်းမှာ ရွှေရောင်လက်တံဆိပ်တော်တစ်ခုပင် ဖြစ်ချေသည်။ တားမြစ်ချက်အစီအရင် ပျက်စီးသွားပြီးနောက် ရွှေရောင်လက်တံဆိပ်တော်သည် ဟင်းလင်းပြင်ထဲ၌ လွင့်မျောလျက် လူတိုင်း၏ မျက်စိရှေ့မှောက်သို့ ဆိုက်ဆိုက်မြွက်မြွက် ပေါ်လာခဲ့သည်။
ထိုရွှေရောင်လက်တံဆိပ်တော် ပေါ်လာသည့် ခဏ၌ လူတိုင်း၏ ရင်ထဲ၌ ထိတ်ကနဲ ဖြစ်သွားကြရသည်။
အကြောင်းမူကား ပြင်းထန်လှသော ဖိနှိပ်မှုအရှိန်အဝါတစ်ခုသည် ထိုရွှေရောင်လက်တံဆိပ်တော်ထံမှ အရှိန်အဟုန်ဖြင့် ဖြာထွက်လာပြီး လူတိုင်း၏ မျက်နှာအမူအရာကို ညှိုးမှိန်သွားစေသောကြောင့် ဖြစ်ပေသည်။
ဤဖိနှိပ်ချုပ်ချယ်မှု စွမ်းပကားမှာ
တစ်မျိုးတစ်ဖုံသော တားမြစ်ချက်ပညာရပ်နှင့် တူလှသကဲ့သို့ ယခင်က ချင်ယွမ်ဖုန်း ရရှိခဲ့သော အမည်းရောင် တုတ်ရှည်ကြီးနှင့်လည်း ဆင်တူလှပေရာ သိုင်းပညာရှင်များ၏ စွမ်းအား၊ ကိုယ်တွင်းစွမ်းအင်နှင့် အခြားသောအရာများကိုပါ လုံးဝ ဖိနှိပ်ချုပ်ချယ်ထားခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဝမ်းမြောက်မိချေသည်။ ဤအချိန်၌ ရှိနေသမျှသော လူများအနက် သူတစ်ယောက်တည်းသာ လုံးဝသက်ရောက်မှုမရှိဘဲ ပုံမှန်အတိုင်း တည်ငြိမ်နေနိုင်ခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ အထူးလေ့ကျင့်ရေးကာလများအတွင်း ထိုသို့သော အခြေအနေမျိုးကို ရိုးအီနေအောင် ကြုံတွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။
“ကဲ... တားမြစ်ချက်အစီအရင်လည်း ပျက်စီးသွားပြီဆိုတော့ ဒီနေရာမှာ ဒီရွှေရောင်လက်တံဆိပ်တော် တစ်ခုပဲ ရှိတော့တဲ့ပုံပဲ၊ လူတိုင်း ကိုယ့်အစွမ်းနဲ့ကိုယ် လုယူနိုင်ကြပြီဗျာ” ချင်ယွမ်ဖုန်းသည် ခေါင်းကိုလှည့်၍ လူအုပ်ကြီးအား ပြုံးလျက် ပြောဆိုလိုက်သည်။
ဤအဓိကခန်းမအတွင်းသို့ ဝင်ရောက်လာနိုင်သူများမှာ အနည်းဆုံး နဝမအဆင့် မဟာဆရာနယ်ပယ် ကျင့်ကြံခြင်းရှိသူများ ဖြစ်ကြပြီး အမြင့်မားဆုံးဖြစ်သော ဝေချောင်မှာမူ ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်အထိ ကျင့်ကြံခြင်း ရောက်ရှိနေပြီ ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ စကားကို ကြားရသောအခါ လူတိုင်းသည် ရွှေရောင်လက်တံဆိပ်တော်ကို ကြည့်ရင်း ယင်းအတွက်နှင့် တိုက်ခိုက်ရကျိုး နပ်၊ မနပ်ကို စတင်တွေးတော ချိန်ဆကြတော့သည်။
မကြာမီပင် ၎င်းတို့အားလုံး ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြချေပြီ။ ဤရွှေရောင်လက်တံဆိပ်တော်မှာ မည်သူတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင်မျှ မရှိသေးသော်လည်း ယင်းထံမှ ဖြာထွက်နေသော အရှိန်အဝါမျှဖြင့်ပင် မိမိတို့၏ စွမ်းအားနှင့် ကျင့်ကြံခြင်းကို များစွာ ကျဆင်းသွားစေသည်။
အကယ်၍ ယင်းကို အသုံးပြုနိုင်မည်ဆိုပါက ဧကန်မုချ သာ၍ပင် စွမ်းအားထက်မြက်ပေလိမ့်မည်။
မည်သည့်ဂိုဏ်းမှန်းမသိရသော တပည့်တစ်ဦးက ပထမဦးဆုံး စတင်လှုပ်ရှားလိုက်သည်။ သူ၏ မျက်လုံးများထဲ၌ ထိုရွှေရောင်လက်တံဆိပ်တော်မှတစ်ပါး အခြားအရာမရှိတော့ဘဲ ဝုန်းကနဲ ခုန်ပျံလျက် ယင်းထံသို့ ရှေးရှုတိုးဝင်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် လုံးဝဝင်ရောက်မစွက်ဖက်ဘဲ ဘေးဘက်သို့ လျှောကနဲ ရှောင်ထွက်လိုက်ရာ ယင်းမှာ တောင်ပေါ်ကနေပြီး ကျားနှစ်ကောင် သတ်ပွဲကို ထိုင်ကြည့်မည့် သဘောပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် စိတ်အေးလက်အေးဖြင့် သူ၏ အရည်အချင်းပြကွက်ကိုပင် လှည့်လည်စစ်ဆေးနေမိသေးသည်။
ပိုင်ရှင် - ချင်ယွမ်ဖုန်း
အသက် - ၁၉ နှစ်
ကျင့်စဉ်အဆင့် - ပထမအဆင့် ဘိုးဘေးနယ်ပယ်၊ ပဉ္စမအဆင့် ဆေးဖော်စပ်သူ၊ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ
တိုက်ခိုက်ရေးပညာ - ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ ဘတ်ငှက်အသွင်ပြောင်းလဲခြင်းပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်
၊ - ခရမ်းရောင်မီး၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ ရေခဲ၊ နဂါးအရှိန်အဝါ
ကျင့်ကြံခြင်းပညာရပ် - စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
ယုံကြည်မှုတန်ဖိုး - ၆၉,၆၅၈,၇၄၂
ချင်ယွမ်ဖုန်းသည် ပြုံးလိုက်မိချေသည်။ လီတာကျွဲ့၏ ကျင့်ကြံခြင်းကို စုပ်ယူပြီးနောက်တွင် လီတာကျွဲ့၏ တိုက်ခိုက်ရေးပညာတစ်ခုဖြစ်သော နဂါးသတ်ချက်ကိုပါ သူက စုပ်ယူရရှိခဲ့ခြင်း ဖြစ်ပေသည်။
နဂါးသတ်ချက်သည် ကမ္ဘာမြေအဆင့်နိမ့် တိုက်ခိုက်ရေးပညာတစ်ခု ဖြစ်သည်။ ယင်းကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ပါက တစ်ချက်ခုတ်ရုံမျှဖြင့် ကောင်းကင်နှင့် မြေကမ္ဘာကိုပင် တုန်ဟီးသွားစေနိုင်ချေသည်။
ဤအရာသည် ချင်ယွမ်ဖုန်း ရရှိခဲ့သော ပဉ္စမမြောက် ကမ္ဘာမြေအဆင့် တိုက်ခိုက်ရေးပညာဖြစ်ပြီး ယင်း၏ စွမ်းအားမှာ ချင်ယွမ်ဖုန်း၏ မီးလျှံကောင်းကင်ခုတ်ချက်ကိုပင် ကျော်လွန်ပေသည်။
ထို့အပြင် သားရဲမီးလျှံနှင့် နဂါးအသက်ရှူမီးလျှံတို့ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော မီးလျှံကို စနစ်က ခရမ်းရောင်မီးဟု အမည်ပေးထားသည်။ ရေခဲနှင့် နဂါးအရှိန်အဝါတို့သည်လည်း ချင်ယွမ်ဖုန်း၏ ကိုယ်ပိုင်ဓာတ်စွမ်းအင်များ ဖြစ်လာခဲ့ကြပြီ။
သို့သော်လည်း အခြားသူများကမူ ချင်ယွမ်ဖုန်းကို စိတ်တိုင်းကျ ဘေးထိုင်နားနေခွင့် ပေးကြမည်မဟုတ်ပေ။
ဤနေရာ၌ ရှိနေသူ မည်သူတစ်ဦးမျှ ဘေးလွတ်နိုင်မည်မဟုတ်ချေ။
အသက်ရှင်ကျန်ရစ်သူသာလျှင် ဤရွှေရောင်လက်တံဆိပ်တော်ကို ပိုင်ဆိုင်ခွင့် ရရှိလိမ့်မည်။
ဝေချောင်၏ ခန္ဓာကိုယ်သည်လည်း ရုတ်ချည်း ခုန်ပျံတက်သွားပြီး သူ၏ မြင်းဖြတ်ဓားမကြီးဖြင့် ရွှေရောင်လက်တံဆိပ်တော်ထံသို့ တိုးဝင်နေသော သိုင်းပညာရှင်အား ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
ထူထဲလှသော မြင်းဖြတ်ဓားမကြီးသည် လေးလံထင်ရှားလှသော အရှိန်အဝါကို သယ်ဆောင်လျက် ထိုသိုင်းပညာရှင်၏ ခါးဆီသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ထိုသိုင်းပညာရှင်သည် အရေးကြုံလာချိန်တွင် သူ၏ ဓားရှည်ဖြင့် ရှေ့မှနေ၍ ကာကွယ်လိုက်သော်လည်း ၎င်း၏ဓားရှည်မှာ မြင်းဖြတ်ဓားမကြီး၏ ရှေ့မှောက်၌ တိုက်ရိုက် နှစ်ပိုင်းကျိုးပျက်သွားရချေသည်။
သွေးများ ပန်းထွက်သွားချေပြီ။
ဝေချောင်သည် တစ်ချက်တည်းသော ခုတ်ချက်ဖြင့် ထိုသိုင်းပညာရှင်ကို ခါးမှနေ၍ နှစ်ပိုင်းပြတ်အောင် ပိုင်းဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လတ်လတ်ဆတ်ဆတ် သွေးချင်းချင်းနီမှုသည် အားလုံး၏ စိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း စတင်လှုပ်ရှားကြတော့သည်။ အချို့က ချင်ယွမ်ဖုန်းထံသို့ ဦးတည်လာကြပြီး အချို့ကမူ ရွှေရောင်လက်တံဆိပ်တော်ကို လုယူရန် ပြင်ကြတော့သည်။
လုရှနှင့် အခြားငါးယောက်တို့သည် ဤအချိန်တွင် အတူတကွ စုစည်းမိသွားကြပြီး တညီတညွတ်တည်း အတူတက် အတူဆုတ် လုပ်ဆောင်နေကြသည်။
၎င်းတို့၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လှသဖြင့် ဤအဓိကခန်းမအတွင်းရှိ အင်အားစုအားလုံးထဲတွင် အတိုင်းအတာတစ်ခုအထိ အားသာချက် ရရှိနေကြချေသည်။
သို့သော်လည်း ယခုအချိန်၌ လူတိုင်း၏ စွမ်းအားများမှာ ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသဖြင့် ၎င်းတို့၏ ခွန်အားများမှာ အနည်းဆုံး ကျင့်စဉ်နယ်ပယ်တစ်ခုစာမျှ ကျဆင်းနေကြရသည်။
ထိုအခိုက်တွင် ချင်ယွမ်ဖုန်းထံသို့ ထင်ရှားခြင်းမရှိသော ပုပုပြတ်ပြတ် လူပိန်လေးတစ်ယောက်သည် လျင်မြန်ဖြတ်လတ်သော အရှိန်ဖြင့် ပြေးဝင်လာချေသည်။
သူ၏ မျက်လုံးများထဲ၌ ချင်ယွမ်ဖုန်း တစ်ယောက်တည်းကိုသာ မြင်နေရဟန်တူပြီး လူအုပ်ကြီးကို ဝေ့ဝိုက်ရှောင်ကွင်းကာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
“သတိထားစမ်း” ချင်ယွမ်ဖုန်းသည် မာထျန်းအား သတိပေးလိုက်ပြီး သူကိုယ်တိုင်လည်း ထိုလူအား ရင်ဆိုင်ရန် ရှေ့သို့ တိုးထွက်လိုက်ချေသည်။
ထိုပုပြတ်သော လူပိန်လေးသည် ချင်ယွမ်ဖုန်း ပြေးဝင်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်၌ ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ချင်ယွမ်ဖုန်းသည် မျက်လုံးများကို မှေးစိုက်လျက် တစ္ဆေခေါင်းပါ ဓားမကြီးကို ရှေ့တွင် အသင့်ပြင်ထားသော်လည်း စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ပေါက်နေမိသည်။
ရုတ်တရက်ဆိုသလို ချင်ယွမ်ဖုန်းသည် သူ၏ ခြေကျင်းဝတ်ထံမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပေသည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မိစ္ဆာသားရဲတစ်ကောင်သည် သူ၏ခြေထောက်ကို အပြင်းအထန် ကိုက်ခဲထားသည်ကို တွေ့လိုက်ရချေသည်။
“ဒါ... ဒါက မိစ္ဆာသားရဲလား၊ ဘယ်ကနေ ထွက်လာတာလဲ” ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။
သူ၏ ဝိညာဉ်စွမ်းအား ခွဲခြမ်းစိတ်ဖြာခြင်း ခံလိုက်ရသော ထိုခဏချင်းအတွင်းမှာပင် ထိုပုပြတ်သော လူပိန်လေးသည် သူ၏ ခါးတွင်ချိတ်ထားသော အဝတ်အိတ်ကို ပုတ်လိုက်ရာ မိစ္ဆာသားရဲတစ်ကောင်သည် တိုက်ရိုက် ပြေးထွက်လာပြီး ချင်ယွမ်ဖုန်းအား လျှပ်စီးလက်သကဲ့သို့ အပြင်းအထန် တိုက်ခိုက်တော့သည်။
ယင်း၏ ထက်မြက်လှသော လက်သည်းများကြောင့် ချင်ယွမ်ဖုန်း၏ ပခုံးပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာသုံးချက် ထင်ကျန်ရစ်ခဲ့ရချေပြီ။
“အား...”
ချင်ယွမ်ဖုန်းသည် အောင့်အည်းလျက် ညည်းတွားလိုက်ပြီး လက်ထဲရှိ တစ္ဆေခေါင်းပါ ဓားမကြီးဖြင့် အောက်ဘက်သို့ တိုက်ရိုက် လွှဲခုတ်ချလိုက်ရာ ဓားအလင်းတန်းတစ်ခု ဖြာထွက်သွားပြီး သူ၏ ခြေထောက်ကို ကိုက်ထားသော မိစ္ဆာသားရဲပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
ထိုမိစ္ဆာသားရဲသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်ဆုံးတွင် ချင်ယွမ်ဖုန်း၏ ခြေထောက်ကို လွှတ်ပေးလိုက်ချေသည်။ ချင်ယွမ်ဖုန်းလည်း ထိုအခွင့်အရေးကို အသုံးချကာ မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလိုက်ရသည်။
သူ၏ ခြေကျင်းဝတ်ပေါ်တွင်မူ ညီညာသော သွားရာများ ထင်ကျန်ရစ်ပြီး သွေးများ စိမ့်ထွက်နေသော်လည်း အရိုးများ ထိခိုက်ခြင်းမရှိသဖြင့် ချင်ယွမ်ဖုန်း စိတ်သက်သာရာ ရသွားတော့သည်။
ထိုပုပြတ်သော လူပိန်လေးသည် ချင်ယွမ်ဖုန်း၏ မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး ၎င်း၏ ဝါကျင့်ကျင့် သွားနှစ်တန်း ပေါ်သည်အထိ ဖြဲဖြီးပြနေသည်မှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိုအခိုက်တွင် မိစ္ဆာသားရဲနှစ်ကောင်သည်လည်း ထိုလူပိန်လေး၏ ရှေ့မှောက်သို့ ရောက်ရှိလာကြချေပြီ။
မိစ္ဆာသားရဲတစ်ကောင်မှာ ချင်ယွမ်ဖုန်း၏ ရင်ဘတ်ခန့်အထိ အရွယ်အစားရှိပြီး သေးသွယ်ပိန်လှီသော ခန္ဓာကိုယ်ရှိကာ မျောက်တစ်ကောင်နှင့် သဏ္ဌာန်တူသော်လည်း အရိုးစုပေါ်တွင် အရေပြားတစ်လွှာ ခြုံလွှမ်းထားသကဲ့သို့ပင် ထင်ရပေသည်။
အခြားတစ်ကောင်မှာမူ ခွေးတစ်ကောင်ကဲ့သို့သော မိစ္ဆာသားရဲဖြစ်ပြီး ၎င်း၏ အစွယ်များကို ဖြဲပြလျက် တဟိန်းဟိန်း မာန်ဖီနေချေသည်။
ထိုမိစ္ဆာသားရဲ နှစ်ကောင်လုံးသည် နဝမအဆင့် အဆင့်မြင့် မိစ္ဆာသားရဲနယ်ပယ်တွင် ရှိကြပြီး ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါများကို ထုတ်ဖော်နေကြတော့သည်။
အခန်း (၄၉၄)- ရှေးဟောင်း နတ်မိမယ် နန်းတော် (၁၅)
“မင်းက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကလား”
ချင်ယွမ်ဖုန်းသည် သူ၏မျက်မှောင်ကို ကြုတ်ကာ အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏။
ထိုပုပြတ်သောလူပိန်လေးက နှာခေါင်းရှုံ့လျက် နှစ်ကြိမ်မျှ ရယ်မောကာ -
“အမြင်စူးရှလှပါလား၊ ဒါပေမဲ့ မင်းရဲ့အရိုးတွေက ဒီလောက်အထိ မာလိမ့်မယ်လို့ ငါမထင်ထားမိဘူး၊ ငါ့ရဲ့ အဆိပ်ချိတ်ခွေးအ တစ်ကောင်လုံး ကိုက်တာခံရတာတောင် မင်းရဲ့အရိုးတွေက တစ်စမကွဲသွားဘူးပဲ”
ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ခက်ထန်သွားတော့သည်။ ထိုပုပြတ်သောလူပိန်လေးမှာ အမှန်တကယ်ပင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ ဖြစ်နေချေသည်။
သူ၏ခါးတွင် ချိတ်ဆွဲထားသော အဝတ်အိတ်ငယ်မှာကား ဒဏ္ဍာရီလာ ဝိညာဉ်သားရဲအိတ်ပင် ဖြစ်တန်ရာ၏။
ယင်းက သိုလှောင်အိတ်နှင့် ဆင်တူသော်လည်း ဝိညာဉ်သားရဲအိတ်ကိုမူ မိစ္ဆာသားရဲများကို ထည့်သွင်းသိမ်းဆည်းရန်အတွက် သီးသန့်အသုံးပြုခြင်းဖြစ်ပြီး သားရဲများကို ထိုအိတ်ထဲတွင် အိပ်ပျော်နေစေကာ လိုအပ်သည့်အချိန်၌ ထုတ်ယူအသုံးပြုနိုင်ပေသည်။
“မင်းတို့ဂိုဏ်းက မဟာအကြီးအကဲ ဘယ်လိုနေသေးလဲ၊ ငါကတော့ သူ့ရဲ့ခွေးခေါင်းကို ဖြတ်ပစ်မယ်လို့ ပြောပြီးသားပဲ”
ချင်းယွမ်ဖုန်းက အေးစက်စွာ ဆိုလိုက်၏။
ပုပြတ်သောလူပိန်လေးက ခေါင်းညိတ်ပြလျက် -
“မဟာအကြီးအကဲက အကောင်းကြီး ရှိပါသေးတယ်၊ ဒါပေမဲ့ မင်းကတော့ ဒီနေ့ ဒီနေရာမှာ တင် သေရတော့မှာပေါ့”
“ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှာ မင်းလိုလူမျိုးလည်း ရှိနေသေးတာပဲလား၊ ငါတစ်ခါမှ မကြားဖူးပါလား၊ မင်းကိုယ်မင်း တော်တော်လေး လျှို့ဝှက်ထားနိုင်ခဲ့တာပဲ”
ချင်းယွမ်ဖုန်းသည် သူ၏လက်ထဲမှ နဂါးကျောရိုးဓားမကြီးကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားချေသည်။
ထိုလူပိန်လေးက ဟားဟားဟားဟု အကျယ်ကြီး ရယ်မောလိုက်ပြီး -
“ငါက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းရဲ့ လျှို့ဝှက်ဝှက်ဖဲပဲလေ၊ မစိုးရိမ်ပါနဲ့၊ မဟာအကြီးအကဲက မသေမျိုးနန်းတော်ထဲမှာ မင်းနဲ့တွေ့ရင် ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးလိုက်ဖို့ ငါ့ကို အထူးမှာကြားထားပြီးသားပါ”
ချင်းယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ကာ -
“ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကနေ မင်းတစ်ယောက်တည်းပဲ လာတာလား”
“ဒါပေါ့”
လူပိန်လေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းတစ်ခုလုံးတွင်မက၊ လုယွဲ့အင်ပါယာနှင့် ချင်ယွမ်အင်ပါယာ တစ်ခုလုံးမှာပင် လျှင် သူနှင့် ချင်ယွမ်ဖုန်း နှစ်ဦးတည်းသာ မသေမျိုးနန်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။
ယင်းက အမှန်တကယ်ပင် ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်ပြီး မသေမျိုးနန်းတော်ကပင် သူ၏ ကျင့်ကြံခြင်း ပါရမီကို အသိအမှတ်ပြုထားကြောင်း သက်သေပြနေခြင်းပင်။
သို့သော် ချင်းယွမ်ဖုန်းက မချင့်မရဲ လျှာသပ်လျက် ခေါင်းကို ခါယမ်းနေပြန်သည်။
“မင်းကတော့ တစ်ယောက်တည်းလာတာ၊ ငါကတော့ မဟုတ်ဘူး”
ချင်းယွမ်ဖုန်းက ပြုံးလိုက်ပြီး -
“ငါနဲ့အတူ အခြားလူ တစ်ဆယ့်ရှစ်ယောက်တောင် အတူတူ ဝင်လာကြတာ”
ပုပြတ်သောလူပိန်လေးမှာ ဆွံ့အသွားတော့၏။ ထိုအချက်ကို သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
သူက တစ်ကိုယ်တော် လှုပ်ရှားသူ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းကမူ ထိုသို့မဟုတ်ပေ။
စောစောက စိတ်လှုပ်ရှားလွန်း၍ သူ ဤအရေးကြီးသော ကိစ္စကို မေ့လျော့နေခဲ့မိသည်။ သို့သော် ချင်းယွမ်ဖုန်းက ဤအကြောင်းကို ထုတ်ပြောလာခြင်းမှာ သူ့ကို ကြောက်ရွံ့နေ၍ ဖြစ်လိမ့်မည်ဟု လူပိန်လေးက စိတ်ထဲမှ တွေးတောကာ နှာခေါင်းရှုံ့လိုက်မိသည်။
ချင်ယွမ်ဖုန်းမှာ သူ၏လက်ထဲသို့ သက်ဆင်းရတော့မည့်ပုံပင်။
သို့သော် တိုက်ခိုက်မှုက စတင်နေပြီဖြစ်ရာ နောက်ဆုတ်ရန် အချိန်မရှိတော့ပေ။
ယခုအချိန်၌ သူ လုပ်နိုင်သည်မှာ ချင်ယွမ်ဖုန်းကို သတ်ပစ်ရန်သာ ရှိတော့သည်။
လူပိန်လေး၏ မျက်နှာက ချက်ချင်း ညိုမှောင်သွား၏။
သူက ဘေးရှိ မိစ္ဆာသားရဲ နှစ်ကောင်ကို ပုတ်ခတ်ကာ အချက်ပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း ရှေ့သို့ ပြေးဝင်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် နဂါးကျောရိုးဓားမကြီးကို ကိုင်ဆွဲထားရင်း စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်မိ၏။
“မင်းရဲ့ခွန်အားတွေက အများကြီး လျော့နည်းသွားပေမဲ့ ငါ့ရဲ့ခွန်အားကတော့ လျော့မသွားဘူး”
ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာ တွေးတောလိုက်သည်။ သူက ထိုလူပိန်လေး အထင်သေးသွားစေရန်အတွက် စောစောက ရည်ရွယ်ချက်ရှိရှိ အားနည်းဟန် ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။
အရိုးစုမျောက်ဝံက ရှေ့သို့ တစ်ဖန် ပြန်လည်ပြေးဝင်လာပြန်ရာ ၎င်း၏ ထက်မြက်လှသော လက်သည်းများမှာ ဓားမြှောင် တစ်ဆယ်စင်းကဲ့သို့ မြေပြင်ပေါ်တွင် နက်ရှိုင်းသော အစင်းကြောင်း ဆယ်ကြောင်းကို ထင်ကျန်ရစ်စေသည်။
၎င်း၏အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် ပုံရိပ်ယောင်များကိုသာ မြင်တွေ့ရတော့၏။
“မြန်လှချည်လား”
ချင်းယွမ်ဖုန်းသည် ဓားမကြီးကို မကာ သူ၏ ပေါင်ရှေ့တွင် ကာကွယ်လိုက်သည်။
ထို့နောက် မီးပွားများ ဖြတ်ခနဲ လွင့်စင်သွားကာ အရိုးစုမျောက်ဝံသည် သူ့ဘေးမှ ဖြတ်ကျော်သွားပြီး ၎င်း၏ ထက်မြက်လှသော လက်သည်းဆယ်ချောင်းလုံးမှာ ဓားမကြီးအပေါ်သို့ ကျရောက်သွားတော့သည်။
“သူက သရဲမျောက်ဝံရဲ့ တိုက်ခိုက်မယ့် လမ်းကြောင်းကို ကြိုတင်သိနေတာလား”
လူပိန်လေး လန့်ဖျတ်သွားရ၏။
“မဖြစ်နိုင်တာ၊ သရဲမျောက်ဝံရဲ့အရှိန်က ပထမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်ကိုတောင် ကျော်လွန်နေတာ၊ ဒါ တိုက်ဆိုင်တာပဲ ဖြစ်ရမယ်”
သို့သော် လူပိန်လေး မသိသည်မှာ ချင်ယွမ်ဖုန်းသည် သရဲမျောက်ဝံထက် အရှိန်အဟုန် သာလွန်နေရုံသာမက ၎င်း၏ တိုက်ခိုက်မှု လမ်းကြောင်းကိုပါ ရှင်းလင်းစွာ မြင်တွေ့နေရခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ ဝိညာဉ်စွမ်းအားကို ခွဲခြမ်းစိတ်ဖြာကာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ခဲ့ချေပြီ။
ကြိုတင်သိမြင်ခြင်း။
ယင်းက ချင်ယွမ်ဖုန်း ကိုယ်ပိုင်ဖန်တီးထားသော ပညာရပ်တစ်ခု ဖြစ်သည်။ ဤအခိုက်အတန့်တွင် ခန်းမအတွင်းရှိ လူတိုင်း၏ လှုပ်ရှားမှုတိုင်းမှာ ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ထင်ဟပ်နေလေပြီ။
ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ရွှေရောင်လက်တံဆိပ်တော်ကိုပင် လှမ်းမျှော်စစ်ဆေးရန် အချိန်ရနေသေးသည်။
အဆိပ်ချိတ်ခွေးအသည်လည်း ဤအခိုက်အတန့်တွင် ချင်းယွမ်ဖုန်း၏ ရှေ့မှောက်သို့ ပြေးဝင်လာပြီး ၎င်း၏ ဧရာမအစွယ်ကြီးများဖြင့် ချင်းယွမ်ဖုန်း၏ လက်မောင်းကို ရက်စက်စွာ ကိုက်ခဲရန် ပြင်လိုက်သည်။
၎င်း၏ ပြင်းထန်လှသော ကိုက်အားအောက်တွင် သံမဏိတုံးတစ်ခုပင် ဖြစ်ပါစေဦးတော့၊ သကြားခဲလေးကဲ့သို့ ချက်ချင်း ကြေမွသွားရပေလိမ့်မည်။
ချင်းယွမ်ဖုန်း၏ လက်ထဲမှ နဂါးကျောရိုးဓားမကြီးမှာ ချက်ချင်းပင် ဘယ်လက်သို့ ပြောင်းလဲသွားရာ အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် လူပိန်လေးပင် လိုက်မကြည့်နိုင်တော့ပေ။
ရှေ့သို့ အရှိန်ပြင်းစွာ ခုန်အုပ်လာသော အဆိပ်ချိတ်ခွေးအမှာလည်း သဘာဝကျစွာပင် တုံ့ပြန်ရန် အချိန်မရရှိခဲ့ချေ။
ဓားသွားမှာ အတိုင်းထက်အလွန် ထက်မြက်လှပေသည်။ ချင်းယွမ်ဖုန်းသည် ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ဘယ်လက်ဖြင့် ဓားကို ဆွဲကိုင်ကာ ရှေ့သို့ ပြင်းထန်စွာ တွန်းလွှတ်လိုက်၏။
နဂါးကျောရိုးဓားမကြီးသည် အဆိပ်ချိတ်ခွေးအ၏ ပါးစပ်ထောင့်မှနေ၍ နောက်ဘက်သို့ လျှောခနဲ ဖြတ်သန်းသွားသည်။
အဆိပ်ချိတ်ခွေးအ၏ ကိုယ်ပိုင်အရှိန်အဟုန်ကိုပင် ပြန်လည်အသုံးချလျက် ပဲပြားကို လှီးဖြတ်လိုက်သကဲ့သို့ အဆိပ်ချိတ်ခွေးအအား ဘာမျှမခက်ခဲဘဲ နှစ်ပိုင်းအဖြစ် တိတိကျကျ ပိုင်းဖြတ်ပစ်လိုက်တော့သည်။
သွေးချင်းချင်းနီနေသော ခန္ဓာကိုယ် အပိုင်းအစ နှစ်ခုမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်သွား၏။ ချင်းယွမ်ဖုန်းကမူ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေပြီး အဆိပ်ချိတ်ခွေးအအား လှည့်၍ပင် မကြည့်တော့ပေ။
သူ၏ ခန္ဓာကိုယ်ထဲမှ အေးစက်သော အလင်းတန်း သုံးခု ဖြတ်ခနဲ ပျံထွက်သွားကာ နောက်ဘက်သို့ တိုက်ရိုက် ဦးတည်သွားရာ သရဲမျောက်ဝံ၏ ပုံရိပ်မှာ လေထဲတွင်ပင် အတင်းအဓမ္မ ရပ်တန့်သွားရတော့သည်။
ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားဖြင့် အလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်းကို ထိန်းချုပ်ထားခြင်း ဖြစ်ပြီး သရဲမျောက်ဝံအား သူ့ကို တိုက်ခိုက်ခွင့် မပေးရုံမျှမက အလင်းမဲ့ ပျံလွှားဓားမြှောင်များဖြင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ အမြောက်အမြားကိုပါ ထင်ကျန်စေခဲ့ချေပြီ။
“မင်း…”
လူပိန်လေးသည် ချက်ချင်းပင် ဆွံ့အသွားရတော့သည်။ ချင်ယွမ်ဖုန်းက သူ၏ အဆိပ်ချိတ်ခွေးအအား တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်းကြောင့် ထိုလူပိန်လေးသည် ချင်ယွမ်ဖုန်းအား အသစ်တစ်ဖန် ပြန်လည်သုံးသပ်ရတော့၏။
ချင်းယွမ်ဖုန်းသည် စောစောက သရဲမျောက်ဝံ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ၎င်း၏ တိုက်ခိုက်မှုလမ်းကြောင်းကို ထိုးဖောက်မြင်ရခြင်းကြောင့် ဖြစ်တန်ရာသည်။
“မဖြစ်နိုင်တာ၊ ဒီနေရာမှာ လူတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အနှိမ်ခံထားရတာလေ”
လူပိန်လေးက စူးရှစွာ အော်ဟစ်လိုက်မိသည်။
ချင်ယွမ်ဖုန်းက ထိုလူပိန်လေးအား လုံးဝကြည့်မနေဘဲ သူ၏ အကြည့်များကို ရွှေရောင်လက်တံဆိပ်တော်ပေါ်တွင်သာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ယခုမှသာ သူ၏ အကြည့်များကို လွှဲပြောင်းလျက် လူပိန်လေးကို ကြည့်လိုက်တော့သည်။
“တစ်ခါတလေကျရင် ပြိုင်ဘက်ကို အထင်သေးမိတာက အသက်နဲ့ ရင်းရတတ်တယ်”
ချင်ယွမ်ဖုန်း၏ မျက်နှာပေါ်တွင် သွေးဆာနေသော အပြုံးတစ်ခု ပေါ်ပေါက်လာချေပြီ။
“မဖြစ်နိုင်ဘူး”
လူပိန်လေးက အော်ဟစ်လိုက်ရင်း ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။
သူ၏ တစ်ကိုယ်လုံးတွင် ကိုယ်တွင်းစွမ်းအင်များ တရိပ်ရိပ် စီးဆင်းနေပြီး ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်များ ထင်ဟပ်နေ၏။ သူ၏ လက်ထဲရှိ ဓားမြှောင်နှစ်စင်းမှာ အဆိပ်ပြင်းမြွေဟောက်များကဲ့သို့ အေးစက်လှပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။ နဂါးကျောရိုးဓားမကြီးသည် ချင်ယွမ်ဖုန်း၏ လက်ထဲသို့ ချက်ချင်းပင် ပျံသန်းဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ချက်ချင်းပင် လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာတော့သည်။
ရှေးဟောင်းကာလကတည်းက လက်ဆင့်ကမ်းလာခဲ့သော နဂါးကျောရိုးဓားမကြီးသည် မူလကပင် သွေးအမြောက်အမြား စွန်းထင်ခဲ့ဖူးပြီး ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ စုစည်းနေခြင်း ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် ချင်းယွမ်ဖုန်း၏ မျက်ဝန်းများမှာ နှင်းခဲကဲ့သို့ အေးစက်နေတော့၏။
“သေစမ်း”
လူပိန်လေး၏ မျက်နှာမှာ မဲ့ရွဲ့နေချေပြီ။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လည်ပတ်သွားကာ ပြင်းထန်လှသော ကိုယ်တွင်းစွမ်းအင်များမှာ လွန်ပူတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ချင်းယွမ်ဖုန်းထံသို့ ပြင်းထန်စွာ တိုးဝင်လျက် လက်ထဲမှ ဓားမြှောင်နှစ်စင်းဖြင့် ထိုးစိုက်ပစ်လိုက်သည်။
“နဂါးသတ်ချက်”
ချင်ယွမ်ဖုန်းက တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ နဂါးကျောရိုးဓားမကြီးကို ရုတ်တရက် ခုတ်ချလိုက်တော့သည်။
ဓားမကြီးထဲမှ စစ်မှန်သော နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဟိန်းဟောက်လျက် ရှေ့သို့ ပြေးဝင်သွားချေပြီ။
“ဘုန်း”
စစ်မှန်သော နဂါးပုံရိပ်သည် လူပိန်လေး၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လည်ပတ်နေသော ကိုယ်တွင်းစွမ်းအင်များကို ရိုက်ခွဲပစ်လိုက်ကာ သူ၏ လည်ပတ်နေသော လှုပ်ရှားမှုကိုလည်း အလိုအလျောက် ရပ်တန့်သွားစေတော့သည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ဤအခိုက်အတန့်တွင် မြားတစ်စင်းကဲ့သို့ ပျံထွက်သွားချေပြီ။ သူ၏ လက်ထဲမှ နဂါးကျောရိုးဓားမကြီးသည် အေးစက်သော ဓားအလင်းတစ်ခုအဖြစ် လက်ခနဲ ဖြစ်သွားပြီး လူပိန်လေး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
သူနှင့် လူပိန်လေးသည် တစ်ယောက်ကိုတစ်ယောက် တိုက်ရိုက် ဖြတ်ကျော်သွားကြ၏။
လူပိန်လေး၏ မျက်ဝန်းများမှာ မယုံကြည်နိုင်လွန်းသဖြင့် ပြူးကျယ်သွားရသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲပြိုသွားကာ သွေးများ ဖြည်းညှင်းစွာ စီးကျလာတော့သည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ လူပိန်လေးကို သတ်ဖြတ်ပြီးနောက် ချင်ယွမ်ဖုန်း၏ ဓားမကြီးပေါ်တွင် သွေးတစ်စက်မျှပင် တင်ကျန်ရစ်ခြင်း မရှိသလို၊ ချင်ယွမ်ဖုန်းအတွက်လည်း ကြီးမားသော အားစိုက်ထုတ်မှုမျိုး မလိုခဲ့ချေ။