← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 25 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 25 Ch. 497-498

အခန်း (၄၉၇) ရှေးဟောင်း နတ်မိမယ် နန်းတော် (၁၈)

ထိုသိုင်းပညာရှင်သည် ဝိညာဉ်အဆောင်ပုံရိပ်များ တဖြည်းဖြည်း လောင်ကျွမ်းပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း မိမိအတွက် ရတနာသိုက်ကြီး တိုးတော့မည်ဟု တွေးတောကာ မျက်လုံးများ ဝိုင်းစက်နေချေသည်။

ယင်းကဲ့သို့သော အချိန်၌ပင် ဝိညာဉ်အဆောင်ပုံရိပ်များ ရှိခဲ့သည့်နေရာမှ မီးခိုးရောင် သဏ္ဌာန်တူသော ဝေဝါးဝါးအရာတစ်ခုသည် အရိပ်တစ်ခုကဲ့သို့ တရွေ့ရွေ့ ထွက်ပေါ်လာပြီးလျှင် ထိုသိုင်းပညာရှင်၏ ရှေ့မှောက်၌ မတ်တတ်ရပ်လျက် ပေါ်ထွက်လာလေသည်။

“ဒါ... ဒါက ဘာကြီးလဲ” ထိုသိုင်းပညာရှင်သည် မျက်လုံးအစုံ ပြူးကျယ်သွားရပေရာ ထိုအရိပ်ဆိုးကြီးထံမှ အလွန်တရာ ယုတ်မာညစ်ထေးလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတစ်ခု ဖြာထွက်နေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်တန်ရာသည်။

ထိုအရိပ်သည် လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကဲ့သို့ပင် မလှုပ်မယှက် ရပ်တန့်နေချေသည်။

သိုင်းပညာရှင်သည် အဝေးသို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း ခြေထောက်များ ခွေယိုင်ကာ အားအင်ချိနဲ့သွားရုံမျှမက နှလုံးသားတစ်ခုလုံး၌လည်း ကြီးစွာသော ကြောက်ရွံ့ထိတ်လန့်မှုများ လွှမ်းမိုးသွားရချေသည်။

“ဟီးဟီး... နောက်ဆုံးတော့... နောက်ဆုံးတော့ ငါအပြင်ကို ရောက်လာခဲ့ပြီပေါ့။ အချိန်တန်ပြီလား”

ထိုအရိပ်ဆိုးကြီးထံမှ ခြောက်ကပ်ကပ် အသံတစ်သံ ထွက်ပေါ်လာသောအခါ သိုင်းပညာရှင်သည် စူးစူးဝါးဝါး အော်ဟစ်လျက် ခြေဦးတည့်ရာသို့ လှည့်ပြေးလေတော့သည်။

“မိစ္ဆာ... မိစ္ဆာကြီး” သိုင်းပညာရှင်သည် ကြီးစွာသော ကြောက်ရွံ့မှုများ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် အော်ဟစ်အော်မြည်နေချေသည်။

သူသည် ဤမျှလောက် ယုတ်မာညစ်ထေးလှသောအရာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးခဲ့ချေ။

ထိုအသံသည် ငရဲဘုံမှ ငိုကြွေးမြည်တမ်းသံနှင့်ပင် တူလှပေသည်။

ထိုအရိပ်သည် ရုတ်ခြည်း လှုပ်ရှားသွားပြီးလျှင် အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားချေသည်။

သိုင်းပညာရှင်၏ မျက်ဆန်များသည် တဖြည်းဖြည်း မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားပြီးနောက် ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားလေတော့သည်။

ထိုခဏချင်း၌ပင် သူ၏ ဝိညာဉ်သည် စုပ်ယူခြင်း ခံလိုက်ရပြီး ခြောက်ကပ် သွေးခြောက်သွားရချေပြီ။

သဘာဝ နတ်စမ်းရေ ရှိရာသို့ ပြန်လည်ရောက်ရှိနေသော ချင်ယွမ်ဖုန်းသည် နှလုံးသားထဲ၌ ရုတ်တရက် တုန်လှုပ်ခြောက်ခြားမှုကို ခံစားလိုက်ရသဖြင့် ခေါင်းကို အမြန်လှည့်၍ ကြည့်ရှုသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။

“အကိုဖုန်း... ဘာဖြစ်လို့လဲ” မာထျန်းသည် ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာကို မြင်သောအခါ မေးမြန်းလိုက်ချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းကို ရမ်းခါလျက် “ဘာမှမဖြစ်ပါဘူး၊ ရှောင်ပိုင်တို့တစ်ဖွဲ့ ဘယ်လိုနေလဲဆိုတာ မသိရလို့ပါ” ဟု ဆိုသည်။

“စိတ်မပူပါနဲ့” မာထျန်းက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်လျက် “ရှောင်ပိုင်က စီနီယာအစ်မတွေ၊ စီနီယာအကိုတွေနဲ့ အတူရှိနေတာပဲ။ ငါတို့ထက် အဆပေါင်းများစွာ ပိုပြီး ဘေးကင်းပါတယ်” ဟု အားပေးစကား ဆိုချေသည်။

“အဲ့ဒီလိုပဲ မျှော်လင့်ရတာပေါ့။ ငါ့စိတ်ထဲမှာ တစ်ခုခုကို မတင်မကျနဲ့ စိုးရိမ်စိတ် ဝင်နေတယ်၊ ဒီလို ခံစားချက်မျိုး ဘယ်ကနေ ရောက်လာမှန်းလည်း မသိဘူး” ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

“ဒါ မင်းရဲ့ စရိုက်မဟုတ်ပါဘူး” မာထျန်းက ရယ်မောရင်း “လာပါ... ဒီတစ်ခါတော့ ငါတို့ ဘယ်ဘက်အခြမ်းကို သွားပြီး ဘာတွေရှိလဲ ကြည့်ရအောင်။ ကံကောင်းရင် ရတနာတစ်ပါး၊ နှစ်ပါးလောက် လုယူနိုင်ဦးမှာ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်လက်ခံလိုက်ချေသည်။

ထိုသို့သောအချိန်၌ လုရှနှင့် အခြားသူများသည်လည်း အမီလိုက်လာကြကုန်သည်။

“သခင်လေးချင်... ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ငါတို့ အခု တောင်ထိပ်ပေါ်က အဓိကခန်းမကို သွားပြီး စီနီယာအစ်မတို့နဲ့ သွားပူးပေါင်းတော့မယ်” လုရှက ပြောဆိုချေသည်။

ဤလူငါးယောက်စလုံးသည် ချင်ယွမ်ဖုန်း၏ ထောက်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သိရှိထားကြပြီး ဖြစ်သဖြင့် သူ၏အပေါ်၌ ရိုသေခန့်ညားစိတ်များ ဝင်နေကြပြီ ဖြစ်တန်ရာသည်။

“ကောင်းပါပြီ... ငါတို့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့။ မုန့်ချီလော့ကို တွေ့ရင်လည်း ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလေသည်။

လုရှက ခေါင်းညိတ်ပြပြီး တောင်ထိပ်ဆီသို့ ခြေလှမ်းပြင်၍ ထွက်ခွာသွားချေသည်။

ချွေရုံ၊ မြောင်ဟယ်နှင့် အခြားသူများသည်လည်း ချင်ယွမ်ဖုန်းကို အနည်းငယ် ဦးညွှတ်ဂါရဝပြုကြရင်း မျက်စိတစ်ဖက် မှိတ်ပြကာ ကျီစယ်လိုသော သဘောကို ပြသသွားကြကုန်သည်။

ချင်ယွမ်ဖုန်းအတွက်မူ မည်သို့မျှ မခံစားရသော်လည်း မာထျန်း၏ အသက်ရှူသံများသည် မြန်ဆန်လာပြီး မျက်နှာတစ်ခုလုံး နီမြန်းလျက် မိမိကိုယ်ကိုမနည်း ထိန်းချုပ်နေရချေသည်။

“အကိုဖုန်း... ငါတော့ အချစ်စစ်နဲ့ တွေ့ပြီ ထင်တယ်” မာထျန်းသည် လုရှနှင့် အခြားသူများ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မျက်တောင်မခတ်တမ်း ငေးမောနေချေသည်။

“မင်းက အချစ်စစ်နဲ့ တွေ့တာ မဟုတ်ဘူး၊ ရောဂါရနေတာ” ချင်ယွမ်ဖုန်းက အေးစက်စက် ပြောလိုက်သည်။

မာထျန်းသည် ကြောင်အမ်းသွားပြီး “ရောဂါ... ဘာရောဂါလဲ” ဟု ပြန်မေးချေသည်။

“မဖြစ်နိုင်တာကို လျှောက်တွေးတဲ့ စိတ်ကူးယဉ် ရောဂါပေါ့” ချင်ယွမ်ဖုန်းသည် မာထျန်း၏ ပုခုံးကို ပုတ်ကာ သဘာဝ နတ်စမ်းရေ၏ ဘယ်ဘက်လမ်းအတိုင်း လျှောက်လှမ်းသွားချေသည်။

မာထျန်းလည်း သက်ပြင်းချရင်း ချင်ယွမ်ဖုန်း၏ နောက်သို့ အပြေးအလွှား လိုက်ပါသွားရလေတော့သည်။

စမ်းရေတွင်း၏ ဘယ်ဘက်လမ်း၌လည်း ဖြူဖွေးသော ကျောက်သားလမ်းတစ်ခု ရှိနေဆဲဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည့်ရင်ပြင်မျှ မရှိချေ။

ချင်ယွမ်ဖုန်းနှင့် အခြားသူသည် တစ်ဆယ့်ငါးမိနစ်ခန့် လျှောက်လှမ်းပြီးနောက် အနည်းငယ် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာ၏ မြေပြင်ပေါ်၌ ပူးပေါင်းယှက်နွယ်နေသော အနက်နှင့် အဖြူရောင် ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ထိုက်ကျိပုံရိပ် အလယ်တွင် ပါရှိသော အဌဂံ အစီအရင်တစ်ခု ရှိနေချေသည်။

မြေပြင်ပေါ်၌ အလောင်းကောင်များစွာ လဲလျောင်းနေကြပြီး ထိုသူအားလုံးသည် ကိုယ်ရံစွမ်းအင်၏ တိုက်ခိုက်ခြင်းကို ခံရကာ အလွန်တရာ အခြေအနေ ဆိုးဝါးလှစွာ သေဆုံးနေကြသည်ဟု ထင်မှတ်ရပေသည်။

“ဒီနေရာမှာလည်း တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံပဲ” မာထျန်းက ရေရွတ်လိုက်သည်။

သို့သော် ချင်ယွမ်ဖုန်းက ခေါင်းကို ရမ်းခါလျက် “ဒါက တိုက်ပွဲမဟုတ်ဘူး၊ အစီအရင်တစ်ခု ဖြစ်ရမယ်” ဟု ဆိုချေသည်။

“အစီအရင် ဟုတ်လား” မာထျန်း မျက်လုံး ပြူးသွားရသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ရင်း “မှန်တယ်... ဒီလူတွေအားလုံးက အစီအရင်ထဲမှာ သေဆုံးသွားခဲ့ကြတာ” ဟု ဆိုသည်။

ရှေ့သို့ ဆက်လက်လျှောက်လှမ်းရာ ထိုအစီအရင်မှ ပင်လယ်ပြင်ဆီသို့ တိုက်ရိုက်ဦးတည်ထားသော ကျောက်လှေကားတစ်ခုကို တွေ့ရှိရပေရာ ဤနေရာသည် မသေမျိုးနန်းတော်၏ အစွန်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။

အစီအရင်၏ အစွန်းနားတွင် ချင်ယွမ်ဖုန်းသည် မီးလောင်ကျွမ်းထားသော ပြာမှုန့်ကဲ့သို့ ဖြူဖျော့ဖျော့ အရောင်ရှိသည့် ပြာပုံများစွာကိုလည်း တွေ့မြင်လိုက်ရသည်။

ထိုပြာပုံများ၏ ဘေးနား၌မူ အမွှေးတိုင်အိုးများနှင့် အခြားသော ပူဇော်ပသသည့် ပစ္စည်းအချို့ ရှိနေချေသည်။

မာထျန်းသည် စူးစမ်းလိုစိတ်ဖြင့် အမွှေးတိုင်အိုးများကို သွားရောက်ကိုင်တွယ်ကြည့်ရာ မထင်မှတ်ဘဲ ထိုအိုးများသည် ထိတွေ့လိုက်ရုံမျှဖြင့် ပြာမှုန့်ဘဝသို့ တိုက်ရိုက်ပြောင်းလဲသွားရပေသည်။

ယခုမှပင် မာထျန်းသည် အခြားသော ပြာမှုန့်များ မည်သို့ဖြစ်လာသည်ကို နားလည်သွားရတော့သည်။

“အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီမို့လို့ ထိလိုက်တာနဲ့ ပြာမှုန့်ဖြစ်သွားတာပဲ။ ဒါ ဘယ်လောက်တောင် ကြာမြင့်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဖြစ်မလဲမသိဘူး” ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်မိသည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာမှ အစီအရင်သည် ပျက်စီးသွားခဲ့ပြီဖြစ်ရာ သို့မဟုတ်ပါက ချင်ယွမ်ဖုန်းနှင့် မာထျန်းတို့ ပိတ်လှောင်ခြင်း ခံရလျှင် အလွန်တရာ ဒုက္ခရောက်ပေလိမ့်မည်။

အနောက်ဘက်၌ ပင်လယ်ပြင် ရှိနေပြီး မြောက်ဘက်၌မူ လမ်းမကြီးတစ်ခု ရှိနေချေရာ ထိုလမ်းမ၏ အဆုံးတွင် ထူထပ်လှသော မြူနှင်းများကြားမှ မြင့်မားလှသော မျှော်စင်တစ်ခုကို ဝေဝါးဝါး တွေ့မြင်နေရသည်။

“အဲ့ဒီကို သွားကြစို့၊ အဲ့ဒီမှာ ကောင်းမွန်တဲ့ ရတနာတွေ အများကြီး ရှိလိမ့်မယ်လို့ ငါယုံကြည်တယ်” ချင်ယွမ်ဖုန်းသည် ရတနာများ၏ ရနံ့ကို ရရှိထားပြီးဖြစ်သဖြင့် ပြုံးလျက် ဆိုလိုက်သည်။

ထိုစကားကို ကြားရသောအခါ မာထျန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ချင်ယွမ်ဖုန်း၏ နောက်သို့ အပြေးအလွှား လိုက်ပါသွားလေတော့သည်။

မကြာမီအချိန်၌ပင် သူတို့သည် ကျောက်လှေကားထစ်များ၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး ရှေ့ဘက်ဆီမှ ပြင်းထန်လှသော တိုက်ပွဲသံများကို ကြားရသဖြင့် လှေကားထစ်များအတိုင်း အမြန်ဆုံး တက်လှမ်းခဲ့ကြကုန်သည်။

ထူထပ်လှသော မြူနှင်းများ၏ အလွန်မှ မြင်ကွင်းသည် သူတို့၏ မျက်စိရှေ့မှောက်၌ ရှင်းလင်းစွာ ပေါ်ထွက်လာချေပြီ။

သူတို့၏ ရှေ့တွင် ငါးထပ်မျှ မြင့်မားလှပြီး ရွှေရောင်အတိပြီးသော အမိုးပြားများဖြင့် ဖုံးလွှမ်းထားကာ ခန့်ညားထည်ဝါလှသော မျှော်စင်ကြီးတစ်ခု ရှိနေချေသည်။

မျှော်စင်၏ ဝင်ပေါက်အထက်တွင် ချိတ်ဆွဲထားသော ကမ္ပည်းပြားပေါ်၌ ‘ကောင်းကင်ဘုံမျှော်စင်’ ဟူသော စာလုံးသုံးလုံးကို ရေးထိုးထားသည်ကို တွေ့ရပေသည်။

သို့သော်လည်း ထိုမျှော်စင်၏ တံခါးများနှင့် ပြတင်းပေါက်အားလုံးသည် တင်းကြပ်စွာ ပိတ်ဆို့ထားရုံမျှမက တစ်ပိုင်းတစ်စ လင်းလက်နေသော အလင်းကာရံအတားအဆီးတစ်ခုဖြင့် ဖုံးအုပ်ထားသဖြင့် လူတိုင်းကို အပြင်ဘက်၌သာ ပိတ်ဆို့တားဆီးထားချေသည်။

မျှော်စင်၏ အပြင်ဘက် အရပ်လေးမျက်နှာလုံး၌ စစ်မှန်သော နဂါးပုံရိပ် ကျောက်ဆစ်ရုပ်တုတစ်ခုစီ ရှိနေကြပြီး ယခုအချိန်၌ ထိုနဂါးရုပ်တုများသည် အသက်ဝင်နိုးထလာကြကာ မျှော်စင်ရှေ့တွင် ရပ်တန့်နေကြသော သိုင်းပညာရှင်များကို တိုက်ခိုက်နေကြကုန်သည်။

ထိုနဂါးရုပ်တုများ၏ အောက်ခြေတစ်ဝက်သည် မျှော်စင်အပြင်ဘက် နံရံ၏ တိုင်လေးတိုင်ပေါ်၌ ကျောက်ဆစ်ရုပ်တုများအဖြစ် တွယ်ကပ်နေဆဲဖြစ်ပြီး ပန်းပုလက်ရာများကဲ့သို့ ရှိနေချေသည်။

သို့သော်လည်း နဂါးရုပ်တုများ၏ အထက်ပိုင်းတစ်ဝက်မှာမူ စစ်မှန်သော နဂါးများအဖြစ် ပြောင်းလဲသွားကာ နဂါးလက်သည်းနှစ်ဖက်ကို ထိုးထွက်ပြသနေကြသည်။

ဤသည်မှာ ချင်ယွမ်ဖုန်းအတွက် စစ်မှန်သော နဂါးတစ်ကောင်ကို ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ရာ သူသည် ကြီးစွာသော အံ့ဩတုန်လှုပ်ခြင်း ဖြစ်ရပေသည်။

ဤကဲ့သို့သော နဂါးအမျိုးအစားသည် သူ၏ မှတ်ဉာဏ်ထဲ၌ ရှိနေသော စစ်မှန်သော နဂါးမျိုးနွယ်ပင် ဖြစ်ချေသည်။

ရှန်းဝူအကယ်ဒမီမှ မွေးမြူထားသော ဖေးရွှယ်၏ မိသားစုမှာမူ အနောက်တိုင်း ပျံလွှားနဂါးများမျှသာ ဖြစ်ကြပေသည်။

ယခုကြည့်ရသည်မှာ စစ်မှန်သော နဂါးများသည် အမှန်တကယ်ပင် ပိုမိုခန့်ညားထည်ဝါပြီး ခန့်ညားလှပေရာ ခန္ဓာကိုယ် ထက်ဝက်မျှသာ ရှိနေသော်လည်း အလွန်တရာ ကြီးမားလှသော အရှိန်အဝါကို ထုတ်လွှတ်နေဆဲ ဖြစ်တန်ရာသည်။

ကောင်းကင်ဘုံမျှော်စင်၏ အရပ်လေးမျက်နှာလုံး၌ တံခါးများ ရှိနေကြပြီး နဂါးရုပ်တုတစ်ကောင်စီသည် တံခါးတစ်ချပ်စီကို စောင့်ကြပ်နေကြချေသည်။

ယခုအချိန်၌ ဤနေရာသို့ ရောက်ရှိလာကြသော သိုင်းပညာရှင်များ အားလုံးသည်လည်း အဖွဲ့လေးဖွဲ့ခွဲကာ ထိုနဂါးလေးကောင်ကို အဆက်မပြတ် တိုက်ခိုက်နေကြကုန်သည်။

မျှော်စင်၏ အောက်ခြေမြေပြင်ပေါ်၌ အလောင်းကောင်များစွာ လဲလျောင်းနေကြပြီး ဖြစ်သဖြင့် ဤနေရာမှ အခြေအနေဆိုးဝါးလှပုံသည် ဓားအလုပ်အကျွေးနှင့် ဓားအစောင့်အရှောက်တို့ ရှိခဲ့ရာနေရာထက် မလျော့နည်းလှပေ။

ထို့အပြင် ဤနေရာ၏ ကောင်းကင်ယံ၌လည်း မည်းမှောင်လှသော တိမ်တိုက်ကြီးများစွာ စုဝေးရောက်ရှိနေကြပြီး ချင်ယွမ်ဖုန်းနှင့် သူ၏ အဖော် ရောက်ရှိလာပြီးသည်နှင့် တစ်ပြိုင်နက် မိုးသည်းထန်စွာ ရွာသွန်းဖြိုးချလာလေတော့သည်။

အခန်း(၄၉၈)ရှေးဟောင်း နတ်မိမယ် နန်းတော် (၁၉)

စစ်မှန်သော နဂါးတို့သည် လေပြင်းမုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းစေနိုင်သော အနန္တတန်ခိုးတော်များကို ပိုင်ဆိုင်ကြသည်ဟု အစဉ်အဆက် ပြောစမှတ်ပြုကြပေရာ ချင်ယွမ်ဖုန်းသည် ယနေ့တွင် ယင်းကို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရချေပြီ။

ကောင်းကင်ယံမှ မိုးသည်းထန်စွာ ရွာသွန်းဖြန်းပက်လာသောကြောင့် ထိုနေရာရှိ လူတိုင်းမှာ ခဏချင်းအတွင်း၌ပင် ရေစိုရွှဲနေသော ကြွက်စုတ်များကဲ့သို့ ဖြစ်သွားကြရသည်။

သို့သော်လည်း မည်သူမျှ မပေါ့ဆရဲကြပေ။ ထိုသူတို့သည် စစ်မှန်သော နဂါးတစ်ကောင်နှင့် တိုက်ခိုက်နေရခြင်း ဖြစ်ချေသည်။

ယင်းသတ္တဝါသည် လက်နက်သွန်းလုပ်ခြင်းအတတ်ဖြင့် ဖန်တီးထားသော အရာ သို့မဟုတ် အခြားသော နည်းလမ်းတစ်ခုခုဖြင့် မွေးဖွားလာသော စစ်မှန်သော နဂါးတစ်ကောင် ဖြစ်နိုင်သော်လည်း နဂါးအရှိန်အဝါကမူ အတုအယောင် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။

ထိုသို့သော နဂါးအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် စစ်မှန်သော နဂါးအား ဝိုင်းရံတိုက်ခိုက်နေကြသည့် သိုင်းပညာရှင်များ၏ စွမ်းအားမှာ များစွာ လျော့ကျသွားရပေရာ ယင်းက ရွှေရောင်လက်တံဆိပ်တော်၏ သက်ရောက်မှုနှင့် အလားသဏ္ဌာန် တူလှပေသည်။

ထို့အပြင် ထိုစစ်မှန်သော နဂါးသည် ခန္ဓာကိုယ် ထက်ဝက်သာ ရှိသော်လည်း ၎င်း၏ နဂါးအကြေးခွံများမှာ အလွန်တရာ မာကျောလှသည်။

သာမန် ရတနာလက်နက်များဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို ခုတ်မွှန်းတိုက်ခိုက်သော်လည်း အစအနမျှပင် ထင်ကျန်ရစ်ခြင်း မရှိချေ။

၎င်း၏ နဂါးပါးစပ်အတွင်းမှလည်း နဂါးအသက်ရှူမီးလျှံများ စဉ်ဆက်မပြတ် မှုတ်ထုတ်နေသည်။

ချော်ရည်ပူများကဲ့သို့ တောက်လောင်နေသော ထိုမီးလျှံများနှင့် ထိမှန်မိသော သိုင်းပညာရှင်ဟူသမျှသည် တစ်ဝက်မကသော အသက်ဇီဝ ခြွေဒဏ်ခတ်ခြင်းကို ခံကြရမည် ဖြစ်သည်။

နဂါးအသက်ရှူမီးလျှံပေါ်သို့ ကျရောက်လာသော မိုးရေများသည် ချက်ချင်းပင် ပူပြင်းလှသော ရေနွေးငွေ့များအဖြစ်သို့ ပြောင်းလဲသွားချေသည်။

မကြာမီ ထိုနေရာ၌ ရေနွေးငွေ့ အမြောက်အမြား ထွက်ပေါ်လာပြီး လူတို့၏ အမြင်အာရုံကို မှုန်ဝါးသွားစေသည်။

ကောင်းကင်ဘုံမျှော်စင်၏ တံခါးများကို မဖွင့်လှစ်နိုင်မီ ဤနဂါးလေးကောင်ကို အရင်ဆုံး ရှင်းလင်းရမည် ဖြစ်တန်ရာပြီး နဂါးတစ်ကောင်သည် တံခါးတစ်ချပ်နှင့် အပြန်အလှန် ဆက်နွှယ်နေပုံရသည်။

“သွားကြစို့၊ ငါတို့လည်း ကူညီပြီး ကောင်းကင်ဘုံမျှော်စင်တံခါးကို မြန်မြန်ဖွင့်ရအောင်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

မာထျန်းက ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ နောက်မှ လိုက်ပါ၍ ရှေ့သို့ တိုက်ရိုက် ပြေးဝင်သွားချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် အနီးဆုံးဖြစ်သော အရှေ့ဘက် တံခါးမကြီးကို မရွေးချယ်ဘဲ ကောင်းကင်ဘုံမျှော်စင်၏ နောက်ဘက် တံခါးဆီသို့ ကွေ့ပတ်သွားခဲ့သည်။

အခြားအကြောင်းကြောင့် မဟုတ်ဘဲ မြူနှင်းဂိုဏ်းမှ အမျိုးသမီး တပည့်ငါးယောက်လုံး ထိုနေရာ၌ ရှိနေသောကြောင့်သာ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် မုန့်ချီလော့အား ကတိပေးခဲ့ဖူးသည်ဖြစ်ရာ မိမိပြုခဲ့သော ကောင်းမှုကိစ္စကို အဆုံးတိုင်အောင် ကူညီစောင့်ရှောက်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

“သခင်လေးချင်ယွမ်ဖုန်း၊ နင်ပါလား” ဟု မြူနှင်းဂိုဏ်းမှ တပည့်တစ်ယောက်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ စစ်မှန်သော နဂါးက နဂါးအသက်ရှူမီးလျှံကို ထပ်မံ မှုတ်ထုတ်လိုက်သည်ကို မြင်လျှင် မြင်ချင်း သူသည် လျင်မြန်စွာ ရှေ့သို့ လှမ်းတက်လိုက်ပြီး ထိုအမျိုးသမီးတပည့်ကို ဆွဲခေါ်ကာ နဂါးအသက်ရှူမီးလျှံ၏ ဘေးမှ ရှောင်တိမ်းလိုက်သည်။

ထိုအမျိုးသမီးတပည့်သည် အနည်းငယ် တုန်လှုပ်နေဆဲ ဖြစ်ပြီး ချင်ယွမ်ဖုန်းအား ကြည့်ကာ ခေါင်းညိတ်ရင်း “သခင်လေး၊ ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ချီလော့က နင်တို့ကို စောင့်ရှောက်ပေးဖို့ ငါ့ကို တောင်းဆိုထားတာမလို့ ဒါက ငါလုပ်သင့်လုပ်ထိုက်တဲ့ အရာပါ” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် မာထျန်းသည် ရှေ့သို့ ပြေးဝင် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူ ရောက်ရှိလာခြင်းက နောက်ဘက်တံခါးရှိ သိုင်းပညာရှင်အားလုံးကို ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားစေသည်။

အခြားသော တံခါးသုံးချပ်နှင့် နှိုင်းယှဉ်ပါက နောက်ဘက်တံခါးတွင် သိုင်းပညာရှင် အရေအတွက် များစွာ နည်းပါးလှပေရာ ယင်းက မြူနှင်းဂိုဏ်းမှ တပည့်များ ဤနေရာကို ရွေးချယ်ခဲ့ကြသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

အရပ်မျက်နှာ သုံးခုမှ ရောက်ရှိလာကြသော သိုင်းပညာရှင်များသည် မည်သည့်ဂိုဏ်းမှ ဖြစ်သည်ကို ဂရုမစိုက်နိုင်ကြတော့ဘဲ ယခုအချိန်တွင် ကောင်းကင်ဘုံမျှော်စင်၏ တံခါးကို ချိုးဖျက်ရန်အတွက်သာ အာရုံစိုက်နေကြသည်။

၎င်းတို့သည် တစ်ကောင်တည်းသော နဂါးပြာကို အတူတကွ ဝိုင်းဝံမတိုက်ခိုက်ချင်ကြ၍ မဟုတ်ဘဲ လူဦးရေ များပြားလွန်းပြီး နဂါးပြာတစ်ကောင်စီ၏ ရှေ့မှောက်ရှိ ဟင်းလင်းပြင် နေရာလွတ်မှာ ကန့်သတ်ချက် ရှိနေသောကြောင့် ဖြစ်သည်။

အချင်းချင်း မှားယွင်း တိုက်ခိုက်မိနိုင်သဖြင့် ယခုကဲ့သို့ အုပ်စုလေးစုအဖြစ် ကွဲပြားသွားရခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်း ဤနေရာသို့ မရောက်ရှိမီကပင် ၎င်းတို့သည် အစီအရင်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး လူအများအပြား ဆုံးရှုံးခဲ့ရချေပြီ။

ယခုလည်း ဤကောင်းကင်ဘုံမျှော်စင် ရှေ့မှောက်တွင် အချိန်အတော်ကြာအောင် ထပ်မံ နှောင့်နှေးနေရပြန်သည်။

လူအများအပြားမှာ စိတ်မရှည် ဖြစ်လာကြပြီး ဒေါသတကြီး ဟိန်းဟောက်သံများမှာလည်း မစဲတသုန် ထွက်ပေါ်နေသည်။

မာထျန်း ရောက်ရှိလာခြင်းက ဤနေရာ၌ ရုန်းကန်နေရသော သိုင်းပညာရှင်များကို စိတ်လှုပ်ရှားသွားစေသည်မှာ မာထျန်း၏ ထူးခြားသော ခန္ဓာကိုယ်က ၎င်းတို့အား မျှော်လင့်ချက် ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။

သူသည် ချော်ရည်ပူများဖြင့် ဖွဲ့စည်းထားသော လူတစ်ယောက်ကဲ့သို့ စစ်မှန်သော နဂါး၏ နဂါးအသက်ရှူမီးလျှံအတွင်း၌ တိုက်ရိုက် မတ်တပ်ရပ်နေပြီး စိုးရွံ့ထိတ်လန့်ခြင်း အလျဉ်းမရှိချေ။

သူသည် သူ၏လက်သီးကို မြှောက်ကာ ၎င်း၏ ရင်ဘတ်ကိုပင် ထိုးနှက်တိုက်ခိုက်ရဲသေးရာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်ဟု ဆိုရမည် ဖြစ်သည်။

“သခင်လေးချင်၊ နင့်ရဲ့ အဖော်က တကယ်ကို အစွမ်းထက်တာပဲ” ဟု ထိုအမျိုးသမီးတပည့်က ချင်ယွမ်ဖုန်း၏ ဘေးတွင် ရပ်နေရင်း ဝမ်းသာအားရ ပြောသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “ဟုတ်တယ်၊ သူက တကယ်ကို ကြမ်းတမ်းတဲ့ လူတစ်ယောက်ပဲ” ဟု ဆိုသည်။

“ဪ၊ ဒါနဲ့ မေ့တော့မလို့၊ ငါ့နာမည်က ရှန်ကျင်းပါ” ဟု ထိုအမျိုးသမီးတပည့်က လျင်မြန်စွာ ထပ်လောင်း ပြောကြားသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ရှန်ကျင်းသည် မိမိအပေါ် ကောင်းမွန်သော အထင်အမြင် ရှိပုံရပေရာ အနည်းဆုံးတော့ ချင်ယွမ်ဖုန်းအပေါ် စတင်တွေ့ရှိကတည်းကပင် ပြင်းထန်သော ရန်လိုမုန်းတီးမှုကို ပြသခဲ့ကြသည့် လုရှတို့ အုပ်စုနှင့် မတူချေ။

“ကောင်းပါပြီ၊ ရှန်မိန်းကလေး၊ ငါတို့လည်း မြန်မြန်သွားကူရအောင်” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး တစ်ချက် ခုန်ပျံလိုက်ရာ စစ်မှန်သော နဂါး၏ ရှေ့မှောက်သို့ ရောက်ရှိသွားချေပြီ။

သူသည် လီတာကျွဲ့၏ ကျင့်စဉ်ကို စုပ်ယူပြီးနောက် သူ၏ ကိုယ်ပိုင်ကျင့်စဉ်မှာ ပထမအဆင့် ဘိုးဘေးနယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ဒုတိယအဆင့် ဘိုးဘေးနယ်ပယ် ကျင့်ကြံသူ တစ်ယောက်တည်းကိုသာ စုပ်ယူခဲ့ခြင်းကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် ယခုရှိနေသော ကျင့်စဉ်အဆင့်ကို ကျော်ဖြတ်ကာ အဆင့်တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

သို့သော်ငြားလည်း ယင်းက ချင်ယွမ်ဖုန်းအတွက် လပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံရမည့် အချိန်များကို သက်သာစေခဲ့သည်။

ရှန်ကျင်းသည်လည်း လျင်မြန်စွာ ရှေ့သို့ လှမ်းတက်လာခဲ့သည်။ ဤနေရာတွင် လူဦးရေ နည်းပါးလှရာ အကယ်၍ အခြားသော တံခါးမကြီးများအားလုံး ပွင့်သွားပြီး ၎င်းတို့၏ တံခါးမပွင့်သေးပါက ကြည့်ရဆိုးပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် နဂါးပြာ၏ ရှေ့မှောက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နဂါးပြာသည် ချက်ချင်းပင် နဂါးအသက်ရှူမီးလျှံ တစ်ခုကို မှုတ်ထုတ်လိုက်ရာ ပူပြင်းလှသော မီးလျှံများကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် လိမ်တွန့်သွားရသည်။

“အကိုဖုန်း”

မာထျန်းက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုက်ရိုက် ပြေးဝင်ကာ ချင်ယွမ်ဖုန်း၏ ရှေ့မှ ကာကွယ်ပေးပြီး နဂါးအသက်ရှူမီးလျှံကို ကြားဖြတ် တားဆီးလိုက်ချေသည်။

“မာထျန်း၊ တကယ့်ကို အထင်ကြီးစရာပဲ၊ မင်းက နဂါးအသက်ရှူမီးလျှံကိုတောင် တားဆီးနိုင်တာလား” ဟု ချင်ယွမ်ဖုန်းက ချီးကျူးလိုက်သည်။

မာထျန်းက ရယ်မောလိုက်ပြီး “ဒီနဂါးအသက်ရှူမီးလျှံရဲ့ အပူချိန်က ငါ့ရဲ့ အပူချိန်ထက်တောင် နိမ့်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး” ဟု ဆိုသည်။

ထိုသို့ ပြောဆိုလိုက်သော်လည်း သူသည် ကြီးမားသော ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးပြာနှင့် နီးကပ်လာပြီးနောက် နဂါးပြာ၏ နယ်ပယ်အတွင်းသို့ ခြေချလိုက်သကဲ့သို့ ဖြစ်သွားပြီး မိမိ၏ စွမ်းအားများ ဖိနှိပ်ခံရကာ များစွာ လျော့ကျသွားသောကြောင့် ဖြစ်သည်။

တစ်ပြင်လုံးတွင် ချင်ယွမ်ဖုန်းတစ်ယောက်သာ နဂါးအရှိန်အဝါ၏ သက်ရောက်မှုကို မခံရခြင်း ဖြစ်တန်ရာသည်။

“အရင်ဆုံး တားထားလိုက်”

ချင်ယွမ်ဖုန်းက ထိုအချိန်တွင် တိုးညင်းသော အသံဖြင့် ပြောလိုက်ပြီး သူ၏ လက်မောင်းပေါ်၌ အေးစက်လှသော ချီစွမ်းအားများ စတင် စုစည်းလာခဲ့သည်။

လူတိုင်း ကောင်းကင်ဘုံမျှော်စင်ကို ဖွင့်လှစ်ရန် ကြိုးပမ်းနေကြစဉ်မှာပင် ချင်ယွမ်ဖုန်း အစောပိုင်းက ဖြတ်သန်းခဲ့သော အစီအရင်၏ မြေပြင်ပေါ်၌ ဝိညာဉ်အဆောင်ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။

ယင်းက ယခင် ချန်ခွန်းခန်းမရှိ ကျောက်ဆစ်ရုပ်တု၏ အောက်ခြေတွင် ရှိသော ဝိညာဉ်အဆောင်ပုံရိပ်နှင့် ထပ်တူထပ်မျှ အတူတူပင် ဖြစ်သည်။

ထိုအချိန်တွင် ဝိညာဉ်အဆောင်ပုံရိပ်သည် လျင်မြန်စွာ လောင်ကျွမ်းသွားပြီး မြေပြင်ပေါ်ရှိ ၎င်း၏ လိုင်းကြောင်းများတစ်လျှောက် နက်ရှိုင်းသော အမှတ်အသားများကို ချန်ရစ်ကာ မြေပြင်ပေါ်ရှိ ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

ကွက်တိပင် သိုင်းပညာရှင်တစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ ထူးခြားဆန်းပြားမှုကို မြင်တွေ့လိုက်ရသဖြင့် သူ၏ နှလုံးခုန်သံများ မြန်ဆန်လာရသည်။

“ဒါက ရတနာတစ်ခုလား”

သို့သော် သူ ရယ်မောခြင်းပင် မပြုနိုင်သေးမီ ဝိညာဉ်အဆောင်ပုံရိပ် တည်ရှိရာ နေရာမှ အမည်းရောင် အရိပ်တစ်ခု ဖြည်းညှင်းစွာ လွင့်မျောထွက်ပေါ်လာပြီး ထိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ဖောက်ထွင်းသွားခဲ့သည်။

ထိုသိုင်းပညာရှင်၏ မျက်ဝန်းများသည် မီးခိုးရောင် သန်းနေသော အမြှေးပါးတစ်ခုဖြင့် ဖုံးလွှမ်းသွားပြီး သူ၏ မျက်နှာမှာ ခန္ဓာကိုယ်အတွင်းရှိ သွေးအားလုံး ခန်းခြောက်သွားသကဲ့သို့ အလွန်တရာ ဖြူဆုတ်သွားချေသည်။

သို့သော် ဤသိုင်းပညာရှင်သည် ကံဆိုးလှပေရာ ဤနေရာရှိ ဝမ်းနည်းဖွယ် မြင်ကွင်းကို မည်သူမျှ မျက်ဝါးထင်ထင် မတွေ့မြင်လိုက်ကြရချေ။

ထိုသိုင်းပညာရှင်ကို စုပ်ယူပြီးနောက် အမည်းရောင် အရိပ်သည် တောင်ထိပ်ပေါ်ရှိ အဓိကခန်းမဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ဘုံမျှော်စင်၏ ရှေ့မှောက်၌ ချင်ယွမ်ဖုန်းသည် မာထျန်း၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် တိတ်တဆိတ် ရေတွက်နေသည်။

နောက်ဆုံးတွင် နဂါးအသက်ရှူမီးလျှံတစ်ခု ကုန်ဆုံးသွားပြီး လူတိုင်းသည် နဂါးပြာကို ထပ်မံ ဝိုင်းရံကာ တိုက်ခိုက်ရန် ပြင်ဆင်ကြပေရာ ကိုယ်ရံစွမ်းအင် အလင်းတန်းများမှာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

သို့သော် အရင်ဆုံး တိုက်ခိုက်လိုက်သူမှာ နောက်ကွယ်၌ ပုန်းကွယ်နေသော ချင်ယွမ်ဖုန်းပင် ဖြစ်သည်။

“အခုပဲ”

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် အပေါ်သို့ ပျံတက်သွားကာ နဂါးပြာ၏ ဦးခေါင်းပေါ်သို့ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်ချေသည်။

ကြီးမားလှသော အေးစက်သည့် ချီစွမ်းအားများသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး သူ၏ လက်ဝါးမှတစ်ဆင့် နဂါးပြာထံသို့ စီးဆင်းသွားကာ နဂါးပြာကို ရေခဲရုပ်တုတစ်ခုအဖြစ်သို့ ချက်ချင်းပင် ခဲသွားစေသည်။

“မာထျန်း”

ချင်ယွမ်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ကို အသာအယာ တွန်းကန်ကာ နောက်သို့ ဆုတ်ခွာလိုက်သည်။

မာထျန်းသည်လည်း ချင်ယွမ်ဖုန်း၏ အသံကို ကြားလျှင် ကြားချင်း ချင်ယွမ်ဖုန်း၏ ဆိုလိုရင်းကို နားလည်လိုက်သည်။ သူသည် ချင်ယွမ်ဖုန်း၏ ဘေးမှ တိုက်ရိုက် ဖြတ်ကျော်သွားပြီး ပြင်းထန်လှသော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်ချေသည်။

ပူပြင်းလှသော အပူချိန်နှင့် အလွန်အမင်း အေးစက်လှသော အအေးဓာတ်တို့ ထိတွေ့မိသောအခါ ထူးဆန်းသော တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာသည်။

မာထျန်း၏ လက်သီးချက် ထိမှန်သွားသောကြောင့် ရေခဲရုပ်တု တစ်ပြင်လုံးသည် ဝုန်းကနဲ မြည်ဟည်းကာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရချေသည်။

All Chapters