အခန်း ၆၃-၆၄
Vol. 7 Ch. 63-64
Chapter 63+64
~
အခန်း ၆၃+၆၄ : ယီကျုံးဟိုင် အတိုင်ခံရပြီ...
~
( စာစဥ်လေးက တိုသွားလို့ အားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်ဗျ တရုတ်မူရင်းအပိုင်းအတိုင်း ထည့်လိုက်မိတာပါ .. ဒီ စာစဥ် ၇ ကို free ချပေးလိုက်ပါတယ်.. စာစဥ် ၈ ကနေ စပြီး မတိုအောင် အပိုင်းများများ ထည့်ပေးပါမယ်ဗျ.. များများ ပိုရေးနိုင်အောင် အများကြီး အားပေးကြပါဦးဗျ 🥰🥰.. )
ဟောက်ဟိုင်သို့ ရောက်သည်နှင့် ယန်ကျီဝမ်က ကျွမ်းကျင်စွာဖြင့် ငါးအုံလုပ်ပြီး ငါးမျှားကြိုးပစ်ကာ ငါးဖမ်းခြင်းကို စတင်လိုက်သည် ။
သိပ်မကြာမီပင် အဘိုးကြီးဝမ်လည်း ရောက်လာ၏ ။
ယန်ကျီဝမ်၏ အနီးသို့ လာထိုင်ပြီး စပ်စုစွာ ဖြင့် မေးသည် ။
" ယန်ပေါက်စ.. မနေ့က ဘာလို့ ငါးမျှား မလာတာလဲ.. "
" အိမ်မှာ ကိစ္စလေး ရှိလို့ပါဗျာ.. "
အဘိုးကြီးဝမ် ခေါင်းညိတ်လိုက်၏ ။ နောက်ထပ် မေးခွန်းများ မမေးတော့ချေ ။
နောက်ဆယ်မိနှစ် ကြာလျှင် ယန်ကျီဝမ်က ငါးမျှားတံကို အမြန်မြှောက်လိုက်ပြီးနောက် အဘိုးကြီး မနာလိုရမည့် နောက်ထပ် နေ့ရက်တစ်ခု စတင်ခဲ့လေတော့သည် ။
နောက်ထပ် နာရီဝက်အကြာတွင် ...
အဘိုးကြီးဝမ်သည် ယန်ကျီဝမ်ယူလာသော ရေပုံးနှစ်ပုံးထဲမှ တစ်ပုံးတွင် ငါးများပြည့်နေသည်ကို ကြည့်ပြီး ထိုင်ကြည့်မနေနိုင်တော့ချေ ။
တခြားသူများ လက်ဗလာဖြင့် ပြန်နေရချိန်တွင် အနှီကလေးက မည်သို့ကြောင့် ငါးများစွာ ဖမ်းမိနေရသနည်း ။ သူပင်လျှင် ငါးဖြူလေး နှစ်ကောင်သာ မိသေး၏ ။
ခဏနေလျှင် အဘိုးကြီးဝမ်က ရှက်ရွံ့စွာဖြင့်...
" ရှောင်ယန်လေး.. မင်း လုပ်ထားတဲ့ ငါးစာလုပ်နည်းက တကယ်ကောင်းတာလား .."
ယန်ကျီဝမ်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့်...
" ကျုပ် ငါးစာလုပ်နည်းကို ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး.. အဲ့ အကြံကို လက်လျော့လိုက်စမ်းပါ.."
' ငါ ဘယ်တုန်းက အဲ့လိုပြောခိုင်းလို့လဲ.. '
အဘိုးကြီးဝမ် စိတ်ဓာတ်ကျစွာတွေးလိုက်၏ ။ ဤကလေးက ကပ်စေးနှဲလွန်းလှသည် ။
အသက်မွေးဝမ်းကြောင်းနှင့် ဆိုင်သော လျှို့ဝှက်ချက်အား ထုတ်မပြောနိုင်ခြင်းကို သူ နားလည်ပေးနိုင်သည် ။
အဘိုးကြီးဝမ်က လက်ခါပြလိုက်ပြီး...
" လုပ်နည်းတောင်းမလို့ မဟုတ်ပါဘူးဟ.. ငါးစာနည်းနည်းလောက် ရနိုင်မလား မေးမလို့ပါ.. အများကြီး မဟုတ်ဘူး ဒီမနက်ငါးမျှားဖို့လောက်ဆို အဆင်ပြေတယ်.. "
ယန်ကျီဝမ်က လှည့်ပင် မကြည့် ။ ငါးမျှားခြင်းကိုသာ အာရုံစိုက်နေလေ၏ ။
' ဒီကောင်စုတ်လေး .. ငွေအသပြာမြင်မှ လင်တော်မယ်ဆိုတဲ့ လူစားမျိုးပဲ.. '
အဘိုးကြီးဝမ်က ရွေးချယ်စရာ မရှိတော့၍ မေးလိုက်သည် ။
" ငါ ကူပွန်နဲ့ လဲပေးမယ်လေ.. ဘယ်လိုလဲ.. "
ထိုအခါမှ ယန်ကျီဝမ် ခေါင်းလှည့်လာပြီး...
" ဘယ်လိုလဲ မှာလဲ.. "
အဘိုးဝမ်က စိတ်တိုတိုဖြင့် ရယ်လိုက်သည် ။ ဤကလေးက လက်တွေ့ကျလွန်းလှ၏ ။
အကျိုးအမြတ် မမြင်ရလျှင် လှည့်ပင် မကြည့်ချေ ။
ယန်ကျီဝမ် ဘက်မှ ကြည့်လျှင်လည်း မှန်နေပြန်သည် ။ သူ၏ အမြင်အရ အဘိုးဝမ်သည် ငါးမျှား ဝါသနာရှင် တစ်ယောက်သာ ဖြစ်၍ ဤမျှရက်ရောနေသည်ကို နားမလည်နိုင်ပေ ။
ထို့အပြင် ငါးစာ ပြုလုပ်ရန် များစွာ ကုန်ကျခဲ့၍ အလကားပေး၍ မဖြစ်နိုင် ။ တစ်ခုခုနှင့် လဲသည်က တော်သေး၏ ။
အဘိုးဝမ်က....
" အကောင်ပေါက်လေး.. ဘာကူပွန် လိုချင်လဲ.. "
သူ စကားပြောရင်းနှင့်ပင် ကူပွန်မျိုးစုံပါသော အထပ်လိုက်ကို ဆွဲထုတ်လိုက်၏ ။ ကူပွန် အများကြီး ယူလာရသည်တော့ ။ ယန်ကျီဝမ် ငါးကြီးကြီး ဖမ်းမိလျှင် လဲရန်အတွက် ဆောင်ထားခြင်းပင် ။
ယန်ကျီဝမ်က တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး...
" အရက်ကူပွန် တစ်ခုဆို ရပါပြီ.. "
ထို့နောက် ယန်ကျီဝမ်က အရက်ကူပွန်ကို လှမ်းယူလိုက်၏ ။ သူ့အဖေအား ကတိပေးခဲ့သဖြင့် အရက်ဝယ်ရန် ကူပွန်လိုအပ်နေသည် ။
ကူပွန်ကို ယူပြီးနောက် ငါးစာကို လက်နှင့်ဆုပ်၍ ပြန်ပေးလိုက်သည် ။
" ဟားဟား.. ကလေး မင်းက လောဘ မကြီးဘူးပဲ.. "
အဘိုးဝမ်က ထိုသည်ကို ကြည့်ပြီးရယ်လိုက်၏ ။ ယန်ပေါက်စက သူ့အား မတန်တဆ စျေးတောင်းမည်ကို ကြိုတင်ပြင်ဆင်ခဲ့သော်လည်း အရက်ကူပွန်တစ်ခုသာ ယူသည် ။
ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့်...
" ထိုက်သင့်တာပဲ လိုချင်ပါတယ်ဗျာ.. "
အဘိုးဝမ်က ပြုံးလိုက်ပြီး ငါးစာကို အနံ့ခံကြည့်လိုက်၏ ။
" ဟမ်.. အရက်နံ့ ရတယ်.. အရက်တွေထည့်ထားတာလား.. ပြောင်းဖူးမှုန့် အနံ့တွေရောပဲ.. "
ထို့ထက်ပို၍ ဘာအနဲ့မှ မရတော့ချေ ။
ယန်ကျီဝမ်က ပြန်မဖြေ ။ ဖော့ ကိုသာ အာရုံစိုက်နေသည် ။ အဘိုးကြီးဝမ်က ဉာဏ်နီ ဉာဏ်နက် များလှ၏ ။ ငါးစာ၏ ပါဝင်ပစ္စည်းများကို သိချင်၍ အနံ့ခံကာ တမင် အသံထွက် ပြောနေခြင်းပင်။
သို့သော်လည်း ဤသည်က သူ စိတ်ကူးယဥ်နေခြင်းသာဖြစ်သည် ။ သူ့ ကိုယ်သူ နတ်ဘုရားအနံ့ခံအာရုံ ရှိနေသည်ဟု ထင်နေသည်လော ။ ရှူကြည့်လိုက်ရုံဖြင့် ခွဲခြားသိနိုင်မည်လော ။
တစ်နှစ်လောက် အနံ့ခံခွင့် ပေးလိုက်လျှင်ပင် ပါဝင်ပစ္စည်းများကို ခွဲခြားနိုင်မည် မဟုတ်ပေ ။
ယန်ကျီဝမ်က ယုံကြည်မှု အပြည့်ရှိ၏ ။ သူ ကိုယ်တိုင်ပင် ပြုလုပ်နည်းမမြင်ခဲ့လျှင် ငါးစာအတွက် ဤအရာများ အသုံးပြုနိုင်သည်ကို ယုံနိုင်မည် မဟုတ်ချေ ။
ယန်ကျီဝမ်က ဂရုမစိုက်သည်ကို မြင်လျှင် အဘိုးဝမ် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည် ။
ဤငါးစာ ပြုလုပ်နည်းက အံ့သြဖွယ်ကောင်းသည်ကို သူဝန်ခံရပေမည် ။ ပါဝင်ပစ္စည်း သုံးလေးမျိုးကိုသာ သူခွဲခြားသိနိုင်သည် ။
' မဖြစ်သေးဘူး.. အိမ်ပြန်ရောက်ရင် သေချာ စစ်ဆေးကြည့်ရမယ်.. '
သို့မဟုတ်လျှင် သူ ငါးမျှားထွက်တိုင်း လေတပ်သားဖြစ်နေ၍ သူငယ်ချင်းများ ဝိုင်းရယ်သည်ကို ခံနေရမည်ပင် ။
ယန်ကျီဝမ်အား ငါးစာလုပ်နည်း ရောင်းရန်ပြောသောလည်း ဤကပ်စေးနဲ ပေါက်စက မရောင်းချေ ။
သူ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အနှီကလေးက ခေါင်းမာလွန်းနေ၍ ငါးစာပြုလုပ်နည်း ရရန် မျှော်လင့်ချက် နည်းပါးသွားလေပြီ ။
ထို့နောက် အဘိုးဝမ်သည် ယန်ကျီဝမ်ပေးသော ငါးစာကို သုံး၍ ငါးမျှားခြင်းကို စတင်လိုက်တော့သည် ။
ယန်ကျီဝမ်၏ အံ့သြစရာ အဆင့်ကို မရောက်သော်လည်း ငါးအတော်များများ ဖမ်းမိခဲ့ချေသည် ။
အကြောင်းရင်းသည်တော့ သူ့ကြောင့်သာ ဖြစ်၏ ။ ငါးအုံ ပြုလုပ်ရန် ယန်ကျီဝမ် ပေးသော ငါးစာကို မသုံးဘဲ ပြောင်းဖူးမှုန့်ကိုသာ သုံးလိုက်ခြင်းကြောင့်ပင် ။ ငါးစာ လက်ကျန်ထားရန် သူ ချွေတာ နေရသည် ။
...
နေ့လည်ခင်း...
သံမဏိစက်ရုံ ၊ ပထမ တပ်ဆင်ရုံ....
လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ယီကျုံးဟိုင်၏ အလုပ်စားပွဲနားလာ၍ ပြောသည် ။
" ဆရာယီ ..အပြင်မှာ ဆရာ့ကို လာရှာတဲ့သူရှိတယ် .."
' ဘယ်သူငါ့ကို လာရှာတာလဲ.. '
" ငါ မသိလိုက်ဘူး.. "
" ကျေးဇူးတင်ပါတယ်.. "
ထို့နောက် ထိုအလုပ်သမားက သူ့အလုပ်ရှိရာကို ပြန်လှည့်သွားသည် ။
ယီကျုံးဟိုင်က လုပ်လက်စ အစိတ်အပိုင်းတစ်ခုကို လက်စဖြတ်၍ စက်ကို ရပ်ကာ အပြင်ဘက်သို့ ထွက်လာခဲ့၏ ။
ဤချိန်မျိုး၌ သူ့အား မည်သူ လာရှာပါသနည်း ။
စက်ရုံတံခါးသို့ ရောက်သောအခါ လာရှာသည့်သူကို ယီကျုံးဟိုင် မြင်လိုက်ရလျှင် အံ့အားသင့်သွားပြီး...
" ရှောင်ကော်.. ဘာကိစ္စ ရှိလို့လဲ.. "
ရှောင်ကော် ဆိုသူက လမ်းရုံးမှ တရားဝင် ဝန်ထမ်း တစ်ယောက်ပင် ။ ဤအချိန်၌ မည်သည့်အတွက်ကြောင့် သူ့အား လာရှာပါသနည်း ။
ယီကျုံးဟိုင် ရှုပ်ထွေး သွားသည် ။
" ဆရာယီ.. ဟိုဘက်နား ခဏ သွားရအောင်.. "
သူတို့နှစ်ဦး လူရှင်းသည့် နေရာသို့ ရောက်လာကြသည်နှင့် ရှောင်ကော်က အသံ တိုးတိုးဖြင့်...
" ဆရာယီ.. ကျွန်တော့် ဦးလေးက လွှတ်လိုက်လို့ လာတာ.. တစ်ယောက်ယောက်က ဆရာ့ကို တိုင်စာ ပို့ထားတယ်တဲ့.. "
' တိုင်စာလား..'
ယီကျုံးဟိုင် ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်၏ ။
" ငါ့ကို ဘာတိုင်ထားတာလဲ.. "
သူသည် စက်ရုံ၏ အကြီးတန်း အလုပ်သမား ဖြစ်သလို ခြံဝင်းအတွင်း၌လည်း အလွန်အလေးစားခံရသော အကြီးအကဲ တစ်ယောက်ဖြစ်သည် ။ သူ့အား မည်သည့်အကြောင်းနှင့် တိုင်စရာ ရှိမည်နည်း ။
' နေစမ်းပါအုံး .. တစ်ခုခု ဆို အဲ့ကိစ္စပဲ.. '
ယီကျုံးဟိုင် ခန့်မှန်းမိသွားသည် ။
သေချာပေသည် ။ ရှောင်ကော်က...
" တစ်ယောက်ယောက်က ဆရာ့ကို အာဇာနည်မိသားစု ဟန်ဆောင်မှုနဲ့ တိုင်ထားတယ်.. ဆရာယီ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်.. "
ယီကျုံးဟိုင်က အေးစက်စွာ မေးလိုက်သည် ။
" ရှောင်ကော်.. လာတိုင်တဲ့သူက အသက် ၁၈ ၁၉ အရွက်လောက် ယောကျ်ားလေးလား.. "
' ဒီကောင် ယန်လောင်အာ.. မနေ့က ဖြစ်ပြီးတာနောက်ကို မရပ်သေးဘူးလား.. လမ်းရုံးကိုတောင် သွားတိုင်တာလား.. '
' လမ်းရုံးမှာ အဆက်အသွယ် ရှိတာ ကံကောင်းတာပဲ.. မဟုတ်ရင် သူ့အကွက်ထဲ ဝင်သွားတော့မယ်.. '
" မဟုတ်ဘူး.. "
ရှောင်ကော် ခေါင်းခါလိုက်သည် ။
" မဟုတ်ဘူးလား.. "
ယီကျုံးဟိုင် အံ့သြသွားပြီး...
" အဲ့တာဆို ဘယ်သူလဲ.. "
ယန်မိသားစုမှ လွဲ၍ သူနှင့် ပြဿနာတက်နေသည့်သူ မရှိချေ ။
ရှောင်ကော်က...
" သူက ဆရာတို့ ခြံဝင်းထဲက ဝဝနဲ့လူလေ.. ခြံဝင်းလူကြီး တွေထဲ ပါတယ်ထင်တယ်.. "
" လျှိုဟိုင်ကျုံးလား.. "
" ဟုတ်တယ်.. ဟုတ်တယ်.. သူပဲ.. "
ရှောင်ကော်က ခေါင်းညိတ်ပြလိုက်သည် ။
ယီကျုံးဟိုင် ခေါင်းတဆက်ဆက် ညိတ်၍...
" အေးပါ.. ငါနားလည်ပြီ.. မင်း ဒုက္ခခံပြီး လာပြောပေးတာ ကျေးဇူးတင်ပါတယ်.. ဒါရိုက်တာ ကော်ကို ပြောလိုက်ပါ.. ငါ အချိန်ရရင် အရက်သောက်ဖို့ ဖိတ်အုံးမယ်လို့.. "
" ဟုတ်ကဲ့ပါ ဆရာ.. အဲ့တာဆို ကျွန်တော် ပြန်တော့မယ်နော်.. "
" အေးအေး.. ဂရုစိုက်သွားအုံး.. "
ပြန်သွားသော ရှောင်ကော်၏ နောက်ကျောကို ကြည့်ပြီး ယီကျုံးဟိုင် အတွေးနက်သွားသည် ။
လျှိုဟိုင်ကျုံး တိုင်ကြားသည်ကို သူ မအံ့သြပေ ။ ထိုဖက်တီးက သူ၏ ပထမဦးလေး နေရာကို လိုချင်နေသည်မှာ ကြာလေပြီ ။
သို့ပေသိ ထိုဖက်တီး၏ ဦးနှောက်က သူ့ကို မယှဥ်နိုင်ပေ ။
ထို့ကြောင့် လျှိုဟိုင်ကျုံးသည် ယီကျုံးဟိုင်၏ ဖိနှိပ်မှုကို နှစ်များစွာ ခံလာခဲ့ရ၏ ။
ယီကျုံးဟိုင်တွင် လမ်းရုံး၌ အချိတ်အဆက်ရှိပြီး တိုင်စာရောက်နေသော်လည်း သက်သေခံမည့်သူ ရှိမှ တရားဝင်မည်ဖြစ်သည် ။
ခြံဝင်းထဲမှ သက်သေ ထွက်လာကြမည်လော ။ ဤသည်က မဖြစ်နိုင် ။ သူအား စော်ကားရဲသူမရှိ ။ သူ ယုံကြည်မှု အပြည့်ရှိ၏ ။
ထို့အပြင် ဒါရိုက်တာကော်က ယခုကိစ္စအား ဖိနှိပ်ပေးထားလိုက်ပြီဖြစ်သည် ။
ဒါရိုက်တာကော် ဆိုသူက လမ်းရုံး၏ လက်ထောက် ဒါရိုက်တာ ( လမ်းရုံးဆိုတာက မြို့နယ် ထွေအုပ်ရုံးနဲ့ ဆင်တူမယ်ဗျ.. ဒုတိယ ဒါရိုက်တာဆိုတော့ ဒုဦးစီးပေါ့.. ) ဖြစ်ပြီး သူနှင့် ခင်မင်လာသည်မှာ ကြာလှပြီဖြစ်သည် ။
သူ သိချင်နေသည်မှာ ဤသည်က လျှိုဟိုင်ကျုံး၏ အကြံအစည်လော သို့တည်းမဟုတ် ယန်သားအဖ၏ စနက်ဖြစ်မည်လောကိုပင် ။
ပထမ အကြောင်းပြချက်ကိုတော့ သူ ဂရုမစိုက်ပေ ။ ဒတိယအကြောင်းဆိုလျှင်တော့ သူ သတိထားရမည်ဖြစ်သည် ။
မနေ့ညက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအရ ယန်ကျီဝမ်သည် ပေါ့ပေါ့ဆဆ ဆက်ဆံ၍ ရမည့်သူ မဟုတ်ဘဲ ယန်ဖူကွေ့ပါ ပေါင်းလျှင် တကယ့်ပြဿနာ ဖြစ်နိုင်သူများ ဖြစ်ပေသည် ။
သို့သော်လည်း လက်ရှိတွင် ထိုသားအဖအား ကိုင်တွယ်ရန် နည်းလမ်း စဥ်းစား၍ မရသေးပေ ။
ထို့ကြောင့် ယခုအချိန်၌ ခေါင်းဖွက်ထားသည်သာ အကောင်းဆုံးဖြစ်၏ ။ အာဇာနည်မိသားစုဟူသော ကျားအရေကို အသုံးပြုရန် မသင့်တော့ချေ ။