အခန်း ၆၅-၆၆
Vol. 7 Ch. 65-66
Chapter 65+66
~
အခန်း ၆၅+၆၆ : ဝယ်တာက အလကားရတာလောက် အရသာမရှိဘူး..
~
နေ့ခင်း...
ယန်ကျီဝမ်သည် ပုံးနှစ်လုံးနှင့် ငါးမျှားတံကို သယ်၍ ခြံဝင်းသို့ ပြန်ရောက်လာ၏ ။
ပုံးတစ်ခုထဲတွင် နှစ်ကျင်းခန့် ရှိမည့် ငါးတစ်ကောင်နှင့် ကျန်ပုံးထဲတွင် အရက်ပုလင်းတစ်လုံး ပါလာသည် ။
' ဒီနေ့ ငါးကိုက်ချက်ကတော့ ရှယ်ပဲ.. စုစုပေါင်း ကျင်း ခြောက်ဆယ်တောင်.. အရက်ဝယ်ပြီး ဆယ်ယွမ်တောင် ပိုနေသေးတယ်.. '
စနစ်မှ ပေးသော ငါးစာက အစွမ်းထက်လွန်းလှ၏ ။ ငါးမျှားသွားသည်ဟုပင် ပြော၍ မရတော့ဘဲ ငါးကောက်ထွက်လာသည်နှင့်ပင် တူနေသည် ။
' ငါးဖမ်းပိုက်နဲ့ ဖမ်းရင်ရော အမှတ်ရမလား မသိဘူး.. '
' နောက်ရက်ကျ စမ်းကြည့်ရမယ်.. '
' ဒီနေ့ အမှတ်တစ်ရာကျော် ရခဲ့ပေမယ့် ခုထိ အဆင့်မတက်နိုင်သေးဘူး ..'
အဆင့် ၁ မှ အဆင့် ၂ သို့ရောက်ရန် အတွေ့အကြုံရမှတ် ၁၀၀ သာ လိုသော်လည်း အဆင့် ၂ မှ အဆင့်၃ သို့ တက်နိုင်ရန်မူ အတွေ့အကြုံရမှတ် ၅၀၀ ခန့် လိုနေသည် ။
နေ့တိုင်း ရမှတ် ၁၀၀ ရမည်ဆိုလျှင်ပင် အဆင့် ၃ သို့ ရောက်ရန် ငါးရက်ခန့် ကြာပေမည် ။
သို့သော်လည်း ယန်ကျီဝမ် အလျင်မလို ။ ယခုအချိန်၌ သူ့အတွက် အပေါဆုံးက အချိန်ပင် ဖြစ်၏ ။
ယန်ကျီဝမ် ခြံထဲသို့ ဝင်လိုက်သည်နှင့် ပန်းပင်ရေလောင်းနေသော ယန်ဖူကွေ့အား မြင်လိုက်ရသည် ။
ယန်ကျီဝမ်က စပ်ဖြီးဖြီးဖြင့်...
" အော်.. အဘိုးကြီး ..အိုးထဲက အပင်တွေ့နဲ့ ဆော့နေပြန်ပြီလား.. သားသာဆိုရင် ဂျင်းနဲ့ ကြက်သွန်ဖြူပဲ စိုက်ထားလိုက်မှာ မီးဖိုချောင်မှာ လိုတဲ့အချိန်သုံးလို့ရတယ်.. ပိုပြီး အကုန်သက်သာ သွားမယ်မလား.. "
" မင်း ဘာသိလို့လဲ.. "
ယန်ဖူကွေ့က မတ်တပ်ထရပ်လိုက်ပြီး ဘေးပတ်ကျင်ကို စစ်ဆေးကာ ဘယ်သူ့ကိုမ မမြင်မှ အသံတိုးတိုးဖြင့်...
" ဒီပန်းတွေက ကျောင်းက ခေါင်းဆောင်တွေကို ပေးဖို့ စိုက်ထားတာ.. ဒီနှစ် ထူးချွန်ဆုက ငါ့အတွက် သေချာနေပြီ.. "
" အဖေ.. လစာတိုးချင်ရင် ပိုပြီး လက်တွေ့ကျတဲ့ တစ်ခုခု ပေးလိုက်ပါလား.. ဥပမာ.. "
ယန်ကျီဝမ်က စကားပြောရင်း လက်ကိုမြှောက်၍ လက်မနှင့် လက်ညိုးကို ပွတ်ချေပြလိုက်၏ ။
" အဲ့တာ လာဘ်ထိုးတာ ဖြစ်သွားမှာပေါ့ဟ.. အတိုင်ခံရမှ ဒုက္ခနဲ့ လှလှ တွေ့သွားမယ် .."
ယန်ဖူကွေ့က အထင်သေးဟန်ဖြင့် ကြည့်လိုက်ပြီး...
" ဒီပန်းတွေကို အထင်မသေးနဲ့.. ပုံမှန် ပန်းတစ်အိုးကို တစ်ယွမ် အေးဆေးရတယ်.. ကြိုက်တက်တဲ့ သူနဲ့တွေ့ရင် နှစ်ယွမ်တောင်းရင်တောင် ငြင်းမှာ မဟုတ်ဘူး.. "
ယန်ဖူကွေ့ ပန်းစိုက်နေခြင်းသည် စိတ်ပျော်ရွှင်ရန်ဟု သင် ထင်မှတ်ပါက မှားသွားပေလိမ့်မည် ။ ယန်ဖူကွေ့ ကဲ့သို့ စီစစ်တွက်ချက်တက်သူက အလကားဖြစ်မည့်အရာ ဘာမှ မလုပ်ပေ ။
ယန်ကျီဝမ်ပြောသော ဂျင်းနှင့် ကြက်သွန်ဖြူထက်စာလျှင် ပန်းများ စိုက်ပျိုးခြင်းက ပိုကောင်း၏ ။ ခေါင်းဆောင်များကို လက်ဆောင်ပေး၍ ရသလို ငွေဖြင့်လည်း ရောင်းချနိုင်သည် ။
ယန်ဖူကွေ့က တစ်လလျှင် ယွမ် ၂၀ ကျော်သာ ရပြီး မိသားစု ကြီးကို ထောက်ပံ့နေရသည်ဟု အမြဲညည်းတွားလေ့ရှိသည် ။
ဤစကားအား အရူးများသာ ယုံကြပေမည် ။
ယန်ဖူကွေ့သည် မူလတန်းကျောင်းဆရာ ဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်က အဆင့် ၈ ဆရာ အဆင့်သို့ ရောက်ခဲ့ကာ တစ်လ လျှင် ၃၇ ယွမ် ရရှိသည် ။
ယခုနှစ်အစတွင် အဆင့် ၇ သို့ရာထူးတိုးခဲ့ပြီး ၄၁.၅ ယွမ် ရရှိ၏ ။ ယခုခေတ်တွင် လစာများသူဟု သတ်မှတ်နိုင်ပေသည် ။
မဟုတ်လျှင် ဤမိသားစုအား ကျွေးထားနိုင်မည် မဟုတ်ချေ ။
သို့သော်လည်း ယန်ဖူကွေ့က အလွန်လိမ္မာပါးနပ်၏ ။ အိမ်နီးချင်းများကို အခွင့်ကောင်းယူနိုင်ရန် အတွက် တစ်လလျှင် ယွမ် ၂၀ ကျော်သာ ရသည်ဟု အမြဲပြောခဲ့သည် ။
ဤခြံဝင်းအတွင်း ယီကျုံးဟိုင်လို လူမျိုးက ယန်ဖူကွေ့၏ လစာကို သိသော်လည်း ထုတ်ဖော်ရန် ပျင်းရိလွန်း၍ ထုတ်မပြောခဲ့ပေ ။
" အဲ့အကြောင်း ထားလိုက်တော့.. ဒီနေ့ အခြေအနေ ဘယ်လိုလဲ .."
ယန်ဖူကွေ့က စကားပြောရင်း ပုံးထဲသို့ ကြည့်ပြီးနောက် ဝမ်းသာအားရဖြင့်...
" အိုး..အိုးး.အိုးးး..ရှီးဖုန်း အရက်ပါလားဟ ..ဒုတိယသား..ဒါ ငါ့အတွက် ဝယ်လာတာလား.. "
ထို့နောက် ပုံးထဲမှ ပုလင်းကို ကောက်ယူလိုက်သည် ။
ဤအရက်က စျေးကြီးသောကြောင့် သူ၏ နှလုံးသားအား အနည်းငယ် နာကျင်စေသော်လည်း ဤသည်က ဒုတိယသား၏ သိတက်မှုဖြစ်၍ သူ အလွန်ပင် ပျော်ရွှင်နေလေသည် ။ ဤသည်က ကလေးများထံမှ ပထမဆုံးအကြိမ် ရခဲ့သော လက်ဆောင်ပင် ။
" ဟုတ်တယ်.. ဟောက်ဟိုင်မှာ ငါးမျှားနေကြလူတစ်ယောက်ဆီက အရက်ကူပွန် လဲလာခဲ့တာ.. "
ယန်ကျီဝမ်က...
" ဒီနေ့ အခြေအနေက သိပ်တော့ မဆိုးပါဘူး.. ရော့ ဒီမှာ သုံးလစာ စားစရိတ်.. ဒါမှ အကိုကြီးက မတရားဘူးလို့ အတွန့်တက်လို့ မရမှာ.. "
ယန်ကျီဝမ်က အနက်ရောင် ဆယ်ယွမ်တန် အရွက်ကြီးနှင့် တစ်ယွမ်တန်များကို ရေတွက်၍ ယန်ဖူကွေ့ကို ပေးလိုက်သည် ။
ယန်ဖူကွေ့ အံ့အားသင့်စွာဖြင့် လျင်မြန်စွာ ယူလိုက်ပြီး...
" ဒုတိယသား.. မင်း ငါးမျှားသွားတာ မဟုတ်ဘူးလား ..ပစ္စည်းဝယ်ဖို့ သွားတာမလား.. ဒီလောက် အချိန်တိုအတွင်း ဘယ်က ဆယ်ယွမ် ရလာတာလဲ.. "
ငါးမျှားထွက်သည့် အရင်အခေါက်က အိမ်အတွက် အသားတစ်ကျင်း ဝယ်လာပေး၏ ။
ဤသည်က လမ်းပေါ်တွင် ပိုက်ဆံကောက်ရသည်ထက်ပင် မြန်နေချေသေးသည် ။
နှစ်ရက်သုံးရက်တိုင်း ဆယ်ယွမ် ရရှိနေလျှင် တစ်ပတ်ကျော်လွန်သည်အခါ ဒုတိယသား၏ ဝင်ငွေ က သူ၏ တစ်လ ဝင်ငွေ ထက်ပင် ပိုများနေပေတော့မည် ။
ယန်ကျီဝမ်က ဆရာကြီးလေသံဖြင့်...
" အဖေက သားရဲ့ ငါးစာကို ဟာသမှတ်နေတာလား.. ဒီလောက် မကောင်းရင် ဘာလို့ ဒုက္ခခံပြီး ငါးစာ လုပ်နေမှာလဲ.. "
ယန်ဖူကွေ့က အံ့သြနေဟန်ဖြင့်...
" အမှန်အတိုင်း ပြောရရင်.. ငါတောင် အလုပ်ထွက်ပြီး မင်းနဲ့ ငါးမျှားလိုက်ချင်စိတ် ပေါက်လာပြီ .."
" တကယ် လုပ်ရဲလို့လား.. "
ယန်ကျီဝမ်က ရယ်ကျဲကျဲဖြင့် ပြန်မေးသည် ။
" ဒါပေါ့.. ငါ တကယ် ဘယ်လုပ်ရဲမလဲ .."
ယန်ဖူကွေ့က လက်ယမ်းပြီး ပြန်ဖြေလိုက်၏ ။
ဤသည်က နောက်လိုက်ခြင်းသာ ဖြစ်သည် ။ သူ၏ ဆရာအလုပ်မှာ လေးစားခံရသည့် အလုပ်ဖြစ်သည့်အပြင် ခိုင်မာသော အလုပ်လည်း ဖြစ်၏ ။ မည်သို့လျှင် စွန့်လွှတ်နိုင်ပါမည်နည်း ။
ဒုတိယသားက ငါးမျှား၍ ဝင်ငွေကောင်းနေသော်လည်း ဤသည်က ပုံသေ ဝင်ငွေရမည် မဟုတ်ပေ ။
သို့သော်လည်း ယန်ဖူကွေ့က...
" ဒုတိယသား.. စနေပိတ်ရက်ကျရင် ငါတို့အတူ ငါးမျှားပြီး များနိုင်သမျှ များများ ရအောင် ရှာရမယ်.. "
အလုပ်ထွက်ရန် မဖြစ်နိုင်သော်လည်း အားလပ်ချိန်၌ အပိုဝင်ငွေ ရှာနိုင်သေးသည် ။
ပိတ်ရက်တိုင်း ငါးမျှားမည်ဆိုလျှင်ပင် ဒုတိယသား၏ ငါးစာဖြင့်ဆိုလျှင် ငွေအမြောက်အများ ရနိုင်ပေ၏ ။
" အဖေ ပျော်ရင် ပြီးတာပဲ.... "
ယန်ကျီဝမ် ရယ်လိုက်ပြီး...
" သား စက်ဘီး ဝယ်ဖို့ ငွေစုမလို့.. နေ့တိုင်း လမ်းလျှောက်နေရတာက အဆင်မပြေဘူး.. ပြီးတော့ ငါးရောင်းဖို့ သွားရင် အလေးကြီး သယ်ရတာ.. "
" စက်ဘီး ဝယ်မလို့လား.. အဲ့တာက ယွမ် ၁၅၀ အထက်နော်.. အရမ်းစျေးကြီးတာ.. "
ယန်ဖူကွေ့ ခေါင်းခါလိုက်၏ ။ ဤမျှ စျေးကြီးသော အရာတစ်ခုကို ဝယ်ရန် သူ၏ နှလုံးသားက တောင့်မခံနိုင်ပေ ။
သို့ပေသိ သူလည်း လိုချင်နေသည် ။
ယန်ကျီဝမ်က သတိပေးလိုက်သည် ။
" အဖေ.. ခုက စက်ဘီးဝယ်ဖို့ ကူပွန် မလိုသေးဘူးနော်.. သား ကြားထားတာတော့ နောက်တစ်နှစ် နှစ်နှစ် ဆိုရင် စက်ဘီးဝယ်ဖို့ ကူပွန် လိုတော့မယ်တဲ့ ..ဝယ်ချင်ရင် စောစောဝယ်တာ အကောင်းဆုံးပဲ.. "
" မင်း ဘယ်က ကြားလာတာလဲ.. "
" အဲ့တာ စဥ်းစားမနေနဲ့.. "
ယန်ကျီဝမ်က ဆင်ခြေပေးရန် ပျင်းရိနေ၍ မဖြေပေ ။
ယန်ဖူကွေ့ ခဏတာ စဥ်းစားလိုက်ပြီး...
" ထားလိုက်ပါတော့.. "
ဤမျှများပြားသော ငွေကြေး ထုတ်သုံးရမည်ကို သူ မစွန့်လွှတ်နိုင် ။
ယန်ကျီဝမ်က ဘာမှ ပြန်မပြောချေ ။ ဘာပဲဖြစ်ဖြစ် သူအမြန်ဆုံး ဝယ်နိုင်အောင် ကြိုးစားမည်ပင် ။
" ကလင်..ကလင်.."
ထိုအခိုက် စက်ဘီးဘဲလ်တီးသံ ပေါ်ထွက်လာ၏ ။
သားအဖ နှစ်ယောက် လှည့်ကြည့်လိုက်လျှင် မျက်နှာခပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက်က စက်ဘီးကို တွန်းပြီး ဝင်လာသည် ။ စက်ဘီး၏ နောက်တွင် ပရိုဂျက်ရှင်း ပစ္စည်းများ၊ မှိုကဲ့သို့ ဒေသထွက်ပစ္စည်းများနှင့် ကြက်တစ်ကောင်ချိတ်ဆွဲထား၏ ။
ထိုသူက နောက်ခြံမှ ရွှီတာမော့ပင် ။ အမျိုးသမီးများ၏ သူငယ်ချင်းဟုလည်း ခေါ်ကြသော်လည်း ယခုတွင်တော့ မဟုတ်သေးပေ ။ သူသည် အဖေဖြစ်သူ၏ အလုပ်ကို လွဲပြောင်း ယူထားသည်က နှစ်အနည်းငယ်သာ ရှိသေး၏ ။
ရွှီတာမော့၏ အဖေသည် သူ့အလုပ်အား သားဖြစ်သူထံသို့ လွှဲပြောင်းပြီးနောက် ဤခြံဝင်းတွင် သားဖြစ်သူအား တစ်ယောက်ထဲ ချန်ထားခဲ့ကာ လင်မယားနှစ်ယောက်လုံး ထွက်သွားကြသည် ။ ထို့နောက် ရုပ်ရှင်ရုံ တစ်ခုတွင် အလုပ်ဝင်နေကြသည်ဟု ကြားသိရ၏ ။
ယန်ဖူကွေ့၏ မျက်လုံးများက ချက်ချင်း ကျဥ်းမြောင်းသွားပြီး နှုတ်ဆက်လိုက်သည် ။
" အိုး.. တာမော့.. ပြန်လာပြီလားဟ..ကျေးလက်ကနေ ပြန်လာတာလား.. "
" ဟုတ်တယ်.. ရွာမှာ ဇာတ်ကားနှစ်ရက်ပြပြီး ပြန်လာတာ.. တောင်တက်လမ်းတွေက သွားရတာခက်လိုက်တာဗျာ.. လူတစ်ကိုယ်လုံးကို သေချင်စော်နံရော.. "
သူ စကားပြောနေရင်း ယန်ဖူကွေ့က သူ၏ စက်ဘီးနောက်တွင်ပါလာသော ပစ္စည်းများကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏ ။
ရှီတာမော့က ရက်ရောစွာဖြင့် မှိုတစ်စည်းကို ထုတ်ယူလိုက်ပြီး...
" ဦးလေး.. ဒါ ရွာသားတွေက ကျွန်တော့်ကို ကျေးဇူးတင်ပြီး ပေးလိုက်တဲ့ ဒေသထွက် ပစ္စည်းလေးပါ.. ကျေးဇူးပြုပြီး မြည်းကြည့်လိုက်ပါအုံး.. "
" အိုး..အိုး.. တာမော့က ရက်ရောလိုက်တာ.. ကျေးဇူးတင်ပါတယ်.. "
ယန်ဖူကွေ့ အလွန်ပျော်ရွှင်သွား၏ ။ နှုတ်ဆက်စကားအနည်းငယ်ကြောင့် သူ မှိုတစ်စည်း ရခဲ့သည် ။
သို့သော်လည်း သူ ကျေနပ်မှု မရှိသေးပေ ။ သူ က ကြက်ကို စိုက်ကြည့်လိုက်ပြီး သူကိုင်ထားသော ရှီးဖုန်း အရက်ပုလင်းကို မြှောက်ပြကာ ဖိတ်ခေါ်လိုက်သည် ။
" တာမော့.. ဒီနေ့ ငါ့ ဒုတိယသားက ငါ့အတွက် လက်ဆောင် အရက်ပုလင်းတစ်လုံး ဝယ်ပေးထားတယ်.. ဒီနေ့ည မင်း ဦးလေးနဲ့အတူ လာသောက်ချင်လား.. "
ရွှတာမော့က ယန်ကျီဝမ်အား အံ့သြဟန်ဖြင့် ကြည့်လိုက်သည် ။
" အကိုတာမော့.. "
ယန်ကျီဝမ်က ပြုံး၍ နှုတ်ဆက်လိုက်၏ ။
" အင်း.."
ထိုအခါမှသာ ရွှီတာမော့က ပြန်ဖြေလိုက်သည် ။ ယန်လောင်အာက အလွန်ပင် ကွဲပြားနေသည်ဟု သူခံစားမိလိုက်၏ ။
အရင်က ယန်လောင်အာသည် နှုတ်ဆက်လေ့ရှိသော်လည်း အလွန်ပင် ပျင်းရိဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည် ။ ယခု မတူတော့ ။ ထိုခံစားချက်က ပျောက်ဆုံးနေလေပြီ ။
ယန်ဖူကွေ့က သူ့ကြက်ကို ဆွဲယူရန် ပြင်နေသည်ကို သူသတိထားမိလိုက်၍ အမြန်ပင် တားလိုက်ရပြီး ...
" ဦးလေး.. မလုပ်နဲ့.. မလုပ်နဲ့ ..နောက်မှပဲ သောက်ရအောင်.. ဒီအရက်က ဦလေးကို ယန်ကျီဝမ် သိတက်ထားတာဆိုတော့ ကျွန်တော် အခွင့်ကောင်း မယူတော့ပါဘူး.. နောက်တစ်ကြိမ်မှပေါ့.. "
ယန်ကျီဝမ် ရပ်မကြည့်နိုင်တော့ဘဲ...
" အဖေ.. ကြက်သားစားချင်ရင် နောက်ရက်ကြ သားဝယ်ပေးမယ်.. "
ယန်ဖူကွေ့က ယန်ကျီဝမ်အား မျက်ဖြူလှန်ပြလိုက်သည် ။
သူ ကြက်သား စားချင်နေသည်လော ။ မဟုတ်ပေ ။ သူ တစ်ခုခု ကုန်းဆင်းနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည် ။
ဝယ်စားသော ကြက်သားအရသာထက် အလကားရသော ကြက်သား၏ အရသာက ပိုကောင်းပေသည် ။
ဤကလေးက ငယ်လွန်းသဖြင့် ဘာမှ မသိသေးချေ ။