အခန်း ၆၇-၆၈
Vol. 7 Ch. 67-68
Chapter 67+68
~
အခန်း ၆၇+၆၈ : ယန်ဖူကွေ့... ငါ ဒီကြက်သားကို သေချာပေါက် စားမှာ..
~
" တာမော့.. မင်း ဒီနေ့ ဒီအရက်ကို သေချာပေါက် သောက်ဖြစ်စေရမယ်.. "
ယန်ဖူကွေ့က ပြုံး၍ ပြောလိုက်သည် ။ သူ့တွင် အကြံကောင်း ရှိပြီးသား ဖြစ်၏ ။ ဒီည တာမော့၏ ကြက်သားကို သေချာပေါက် စားရမည်ဟု သံန္နိဋ္ဌာန် ချမှတ်ထားသည် ။
ဒုတိယသားက အရက်ကောင်းတစ်လုံး ဝယ်လာ၍ ဤကြက်သားနှင့် တွဲဖက်လိုက်လျှင် ပြည့်စုံသွားပေမည် ။
" သြော်.. ဦးလေး ဘာပြောမလဲ ဆိုတာ ကျွန်တော် နားထောင် ကြည့်ရမှာပေါ့.. "
ရွှီတာမော့ စိတ်ဝင်စား သွား၏ ။ သူ အလှည့်စား ခံရမည်ကို မလိုလားခြင်းသာ ဖြစ်ပြီး ကြက်တစ်ကောင်ဟူသည်က သူ့အတွက် ဘာမှ မဟုတ် ။ သူဂရုမစိုက်ချေ ။
သူ ရွာများသို့ ရုပ်ရှင်သွားပြတိုင်း ရွာသားများက တံစိုးလက်ဆောင်များ ပေးအပ်ရ၏ ။ မဟုတ်လျှင် ဇာတ်ကား ကောင်းကောင်းမွန်မွန်ပြမည် မဟုတ်ချေ ။
ဝန်ဆောင်မှုအလုပ် ၈ မျိုးတွင် လုပ်ကိုင်နေကြသူများက လစာနည်းသော်လည်း ကြားပေါက်ရငွေက ပိုများသည် ။
တာမော့သည် ရှာကျူးအား မည်သို့ကြောင့် အထင်သေးရသနည်း ။ ဤသည်က အကြောင်းပြချက်ဖြစ်သည် ။
( ရွှီတာမော့နဲ့ ရှာကျူးက ရန်ဘက်တွေ.. )
ရှာကျူးသည် သံမဏိစက်ရုံတွင် ခေါင်းဆောင်စာဖိုမှူးဖြစ်ပြီး အဆင့် ၈ စာဖိုမှူးဖြစ်ကာ လစာ ၃၅.၅ ယွမ်ရရှိသည် ။
သူ ကန်တင်း၌ပင် စားသောက်နိုင်ပြီး တချို့အား အိမ်သို့ပင် ပြန်ယူလာနိင်သေး၏ ။
နောက်သုံးနှစ် အငတ်ဘေး ကျမည့် အချိန်၌ သူ ငတ်သေရန် မဖြစ်နိုင်ပေ ။
အငတ်ဘေးကျနေလျှင်ပင် စားဖိုမှူးများ ငတ်မည်မဟုတ် ဟူသော ဆိုရိုးက မှန်လေသည် ။
သို့ရာတွင် ရွှီတာမော့နှင့် ယှဥ်လျှင် ရှာကျူးက ဘာမှ မဟုတ်တော့ပေ ။
ထို့ကြောင့် ရွှီတာမော့က ရှာကျူးအား အထင်သေးပြီး လူအများအား ဝန်ဆောင်မှု ပေးနေရသူဟု လှောင်ပြောင်လေ့ရှိသည် ။
ယန်ဖူကွေ့ ပြုံးလိုက်ပြီး...
" တာမော့.. မင်း ရုပ်ရှင်ပြ သွားနေလို့ ဒီရက်ပိုင်း ခြံဝင်းထဲမှာ ဖြစ်ခဲ့တာတွေကို လွတ်သွားပြီ.. ငါ့မှာ မင်း သေချာပေါက် စိတ်ဝင်စားမယ့် သတင်းတစ်ပုဒ်ရှိတယ် .."
" ဘာလဲ.. "
" ရှာကျူး အထိုးခံ လိုက်ရတယ်.. "
" ဘာ......"
ရွှီတာမော့ ဆွံ့အသွားပြီးနောက် လက်ခုပ်တီးကာ ပျော်ရွှင်စွာဖြင့်...
" ဒါ သတင်းကောင်းကြီးပဲ...ဘယ် သူရဲကောင်းက လုပ်လိုက်တာလဲ..မဟုတ်ဘူး... ကျွန်တော် သူ့ကို တဝိုင်း တကာခံမယ်...သေချာပေါက် မူးအောင် သောက်ရမယ်.. "
ရွှီတာမော့ နှင့် ရှာကျူး ဟူသည်က ဖျင်တုံးလုံး ပတ်ပြေးသည့် အရွယ်ကပင် စပြီး ရန်ဖြစ်လာကြသူများ ဖြစ်သည် ။ သေရာပါ ရန်ငြိုး ရှိသည်ဟု ပြောလျှင်ပင် မှားမည်မထင် ။
သို့သော်လည်း တစ်သက်လုံး အရိုက်ခံလာရသူက ရွှီတာမော့သာ ဖြစ်၏ ။ ရွှီတာမော့သည် စကားပြောကောင်းပြီး နှုတ်သွက်သည် ။ စကားဖြင့် ရန်စသူမှာ သူသာ ဖြစ်ပြီး ရှာကျူးက လက်သီးဖြင့်သာ တုန့်ပြန်လေ့ရှိသည် ။
ရွှီတာမော့သည် ပါးစပ်စည်း ရှိသူ မဟုတ်၍ မကြာခဏပင် အရိုက်ခံခဲ့ရသည် ။
သူ ပြန်၍ တိုက်ခိုက်သော်လည်း ရှာကျူး၏ ခြံဝင်းစစ်နတ်ဘုရားဘွဲ့က အလကား ရထားခြင်း မဟုတ်ပေ ။ ရှာကျူးက တခြားသူများကိုသာ အမြဲအနိုင်ယူခဲ့သူ ဖြစ်သည် ။
ထို့ကြောင့် ရှာကျူး အထိုးခံလိုက်ရသည်ဟု ကြားလျှင် ရွှီတာမော့ အရမ်းပျော်သွားပြီး အောင်ပွဲခံရန် မီးရှူးမီးပန်းများ ချက်ချင်းပင် သွားဝယ်ချင်မိသွား၏ ။
ယန်ဖူကွေ့က ပါးစပ်ဟောင်းလောင်းဖြင့် ဆွံ့အနေသော ယန်ကျီဝမ်ကို တစ်ချက်ကြည့်လိုက်သည် ။
ဤအဘိုးကြီး က တကယ့်ကို မလွယ် ။ သားဖြစ်သူအား ကြက်တစ်ကောင်အတွက် ရောင်းစားလိုက်၏ ။
ရွှီတာမော့က ယန်ဖူကွေ့၏ အကြည့်ကို သတိထားမိလိုက်ပြီး မေးလိုက်သည် ။
" ဦးလေးယန်.. နောက်နေတာတော့ မဟုတ်ဘူးမလား.. ယန်ကျီဝမ်က ရှာကျူးကို ထိုးလိုက်တာလား.. "
သူ ၏သို့ မေးသည်မှာ မဆန်း ။ ယန်ကျီဝမ်ကဲ့သို့ ပျော့တိပျော့ဖက် လေးက မည်သို့လျှင် နွားရိုင်းရှာကျူး၏ ပြိုင်ဘက် ဖြစ်နိုင်မည်နည်း ။
ညီအကို သုံးယောက်ပေါင်းပြီး ဝိုင်းရိုက်ကြသည်ဆိုလျှင် ယုံနိုင်စရာ ရှိသေးသည် ။
သို့သော် ယန်ကျီချန်းက ကြောက်တက်လွန်းပြီး လုပ်ရဲမည်မဟုတ် ။ ယန်ကျီဖန့်က ငယ်လွန်းနေ၍ ပို၍ပင် မဖြစ်နိုင်ချေ ။
ထို့ကြောင့် ရွှီတာမော့ မယုံနိုင် ဖြစ်သွားသည် ။
" ငါ့ကို မယုံဘူးလား.. "
ယန်ဖုကွေ့က ယန်ကျီဝမ်ကို ကြည့်လိုက်ပြီး...
" ဒုတိယသား.. မင်းရဲ့ ကျွမ်းကျင်မှုကို မင်း အကို တာမော့ သိအောင်ပြလိုက်.. "
" ပျင်းစရာကောင်းလိုက်တာ.. "
ယန်ကျီဝမ်က သူ့အဖေကို အလွန်နာခံမှု ရှိစွာဖြင့် ပုံးများကို ဆွဲ၍ အိမ်ထဲသို့ လှည့်ဝင်သွားသည် ။ သူ နောက်သို့ပင် ပြန်လှည့် မကြည့်ချေ ။
" ဒီကလေး .. ငါ့စကားကို နားမထောင်တော့ဘူး .."
ယန်ဖူကွေ့ အကူအညီမဲ့ဟန်ဖြင့် ခေါင်းခါလိုက်ပြီး..
" တာမော့.. ငါပြောတာ အမှန်ဆိုတာ မင်း ခြံဝင်းထဲရောက်ရင် သိလိမ့်မယ်.. မင်း မယုံရင် တခြားလူတွေကို မေးကြည့်.. ရှာကျူး သတိလစ်သွားတာကို ခြံဝင်းတစ်ခုလုံး မြင်လိုက်ကြတယ်.. "
" ဟုတ်ပါပြီ.. ဒါဆိုလည်း ကျွန်တော် ကြက်သား ထားခဲ့မယ်.. အရက်တော့ လာမသောက်တော့ဘူး.. "
ရွှီတာမော့က စဥ်းစားပြီး သဘောတူလိုက်၏ ။ ယန်ဖူကွေ့က ဉာဏ်များသော်လည်း ခြံဝင်းတစ်ခုလုံး သိကြသော ကိစ္စဖြစ်၍ လိမ်၍ ရမည် မဟုတ်ချေ ။ ထို့ကြောင့် နောက်တွင် ချီထားသော ကြက်ကို ဖြုတ်ပေးလိုက်သည် ။
" ကျန်တဲ့ကိစ္စ ဦးလေးယန် လုပ်လိုက်မယ် ..မင်း အိမ်ပြန်ပြီး အနားယူတော့လေ.. ပြီးရင် အရက်လာသောက်ဖို့ မမေ့နဲ့အုံး.. "
ယန်ဖူကွေ့သည် ကြက်ရလိုက်သည်နှင့် အလွန်ပင် ပျော်ရွှင်သွား၏ ။ သူ့ကိုယ်သူ တွေးလိုက်သည် ။
' တော်လိုက်တဲ့ငါ.. စကားနဲနဲ ပြောရုံနဲ့ ကြက်တစ်ကောင် ရလိုက်တယ်..ဟီဟီးး...ငါတော့ ထောပြီ.. "
" ဟုတ်ကဲ့ပါ.. အဲ့တာဆိုလည်း ခု ကျွန်တော် သွားတော့မယ်နော်.. "
ရွှီတာမော့ စက်ဘီးတွန်းပြီး ခြံထဲသို့ ဆက်ဝင်လာသည် ။ ဤကိစ္စအား သူ အတည်ပြုရ ပေအုံးမည် ။
ရှာကျူး ပြန်ရောက်နေလျှင် ရှာကျူး၏ သနားစရာကောင်းသော မျက်နှာကိုပင် သူမြင်ရနိုင်သည် ။
..................
ယန်မိသားစု အိမ်တွင်...
ရန်ရွေ့ဟွားက ယန်ကျီဝမ် ယူလာသော ငါးကိုမြင်လျှင် ညည်းလိုက်၏ ။
" ဒီနေ့လည်း ငါးချက်ပြန်ပြီလား.. ဆီဘယ်လောက် ကုန်အုံးမှာလဲ .."
ယန်ကျီဝမ်သည် ရန်ရွေ့ဟွား၏ ဆီမပါ ငါးပြုတ်ကို မကြိုက်၍ ကိုယ်တိုင်ချက်ရန် အတင်းအကျပ် တောင်းဆိုခဲ့သည် ။
သို့သော်လည်း ရန်ရွေ့ဟွား စိတ်မကောင်းဖြစ်ခဲ့ရ၏ ။ သူမ စုဆောင်းထားသော ဆီများ အတော်ပင် လျော့ပါးသွားခဲ့သည် ။
ယန်ကျီဝမ်က ရယ်လိုက်ပြီး...
" ဟားဟားဟား..ဒီည သားတို့ ငါးမစားပါဘူး.. ငါးကို မနက်ဖြန် ညစာအတွက်ပဲ ချန်ထားလိုက်တော့ ..ဒီနေ့ည ကြက်သား စားကြမယ်.. "
" ဘာ...နင်ကြက်သားရော ဝယ်လာတာလား.. အမလေး ဘုရားရေ.. နင် နေ့တိုင်း ကြက်သားစားလိုက် ငါးစားလိုက်နဲ့.. ဒီခေတ်ကြီးမှာ ဘယ်သူက ဒါမျိုး တက်နိုင်လို့လဲ.. ဖြုန်းတီးတဲ့ကောင်.. နင့်အမေကို သွေးတိုးပြီး သေအောင် သတ်နေတာလား.. "
ရန်ရွေ့ဟွားက စကားပြော၍ ပြီးသည်နှင့် လက်ကိုမြှောက်ကာ ယန်ကျီဝမ်၏ နှဖူးကို ခေါက်လိုက်သည် ။
ယန်ကျီဝမ်က ရှောင်လိုက်ပြီး အကူအညီမဲ့စွာဖြင့်...
" အမေ သားကို အထင်လွဲနေပြီ.. သားဝယ်လာတာ မဟုတ်ဘူး ရွှီတာမော့ ပေးသွားတာ.. "
ထိုအခိုက် ယန်ဖူကွေ့က ကြက်ကိုဆွဲ၍ ဝင်လာပြီး ပြုံးလိုက်ကာ..
" အဘွားကြီး.. ဒီနေ့ည ရှာလကာရည်နဲ့ ဂေါ်ဖီထုပ် ကြော်လိုက်.. ပြီးတော့ ဒီကြက်လည်း ချက်လိုက်.. "
ရန်ရွေ့ဟွားက ကြက်ကိုယူပြီး စိတ်လှုပ်ရှားစွာဖြင့်...
" ဟယ်.. တကယ်ကြီးလား.. ရွှီတာမော့က ကျုပ်တို့ကို ကြက်တစ်ကောင်လုံး ပေးသွားတာပေါ့.. သူ ဒီတစ်ခါ ရက်ရောလိုက်တာ.. "
" ဒါအတွက် စိတ်ပူမနေနဲ့ ချက်သာချက်လိုက်.. ပြောင်းဖူးပေါင်းလဲ ပိုလုပ်ထားအုံး.. ဒီနေ့ည တာမော့လည်း လာစားမှာ.. "
" အင်းပါ.. ခု ကျုပ် ကြက်သွား သတ်လိုက်အုံးမယ်.. "
ရန်ရွေ့ဟွားက ပျော်ရွှင်စွာဖြင့် ကြက်ကိုယူပြီး မီးဖိုချောင်ထဲ ဝင်သွားသည် ။
" ကဲ ဘယ်လိုလဲ ဒုတိယသား.. မြင်ပြီးလား ..မင်းသင်ယူရမှာတွေ အများကြီး ရှိသေးတယ်.. "
ယန်ဖူကွေ့က ယန်ကျီဝမ်အား ဆရာကြီး စတိုင်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ပြောလိုက်၏ ။ သူ၏ မျက်နှာထက်တွင် ဂုဏ်ယူမှုများက အတိုင်းသား ပေါ်လွင်နေသည် ။
သူ့အဖေကို ဆိုလိုရင်းကို ယန်ကျီဝမ် နားလည်ပေသည် ။ စကားအနည်းငယ်ဖြင့် ကြက်တစ်ကောင်ကို ကုန်းဆင်းနိုင်ခဲ့၍ ကြွားနေခြင်းပင် ။
ရွှီတာမော့ ခြံဝင်းထဲသို့ ရောက်သည်နှင့် ဤအကြောင်းကို ချက်ချင်း သိသွားမည်ဖြစ်သော်လည်း ယန်ဖူကွေ့က ကြိုတင်ပြောပြလိုက်ပြီး ကြက်တစ်ကောင်ရအောင် ကုန်းဆင်းနိုင်ခဲ့၏ ။
ဤသည်က သတင်းအချက်အလက် ကွာဟမှုကို အသုံးချပြီး အကျိုးအမြတ် ရှာသည်ဟု ဆိုနိုင်သည် ။
ထို့အပြင် ရွှီတာမော့က နှမြောတက်သူ မဟုတ်၍ ယန်ဖူကွေ့က ယုံကြည်မှု အပြည့်ရှိနေခြင်းပင် ။
သုံးသပ်ရလျှင် ရွှီတာမော့၏ စရိုက်လက္ခာကို အတိအကျ သိထား၍ အခြေအနေကို အခွင့်ကောင်းယူသည် ဟု ပြောရပေမည် ။
" ပျင်းစရာကြီး.. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ငါးမျှားတံကို သိမ်းဆည်းရန် အခန်းတွင်းသို့ ဝင်သွားသည် ။
ဤသည်က သူ၏ အသက်မွေးဝမ်းကြောင်း လက်နက်ဖြစ်၍ လှုံခြုံစွာ ထားရမည်ပင် ။
................
" တာမော့ ..စားစား..ရှက်မနေနဲ့ ကိုယ့်အိမ်လိုပဲ သဘောထား.. "
ယန်ဖူကွေ့က ဖော်ရွေသော အပြုံးဖြင့် ရွှီတာမော့ အတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ကြက်ချေထောက်တစ်ချောင်း ထည့်ပေးလိုက်၏ ။
ရွှီတာမော့ ဆွံ့အသွားသည် ။ ကြက်သည် သူ၏ ကြက်ဖြစ်သော်လည်း ကုန်းလာဆင်းသည့် လူတစ်ယောက်သဖွယ် ဆက်ဆံခံနေရလေသည် ။
သို့သော်လည်း သူ၏ ခွက်ထဲ ရှိ ကြက်ခြေထောက် ကို ငုံ့ကြည့်လိုက် စားနေကြသော ယန်မိသားစုဝင်များကို ကြည့်လိုက်နှင့် ဤသည်က ယန်မိသားစု အိမ်မဟုတ်သလို ခံစားလာမိသည် ။
' ဦလေးယန်တို့ မိသားစုက သပ်သပ်စီ စားကြတာ မဟုတ်ဘူးလား.. '
' ဟုတ်ပါတယ်.. ဒါကို ခြံထဲက လူတိုင်း သိပါတယ်ဟ..'
' ဘာလို့ ဒီနေ့ အတူတူ စားနေကြတာလဲ.. ဦလေးယန်က ငါ့ထဲတောင် စေတနာ အပြည့်နဲ့ ထည့်ပေးနေသေးတယ်.. '
သူ အရင်က ဤအိမ်သို့ ထမင်းလာစားဖူးသော်လည်း ယနေ့တွင် ကွာခြားနေလေ၏ ။
ဤသို့နေ့များတွင် ယန်ဖူကွေ့က မိန်းမနှင့်ကလေးများကို အိပ်ခန်းထဲ ဝင်စားခိုင်းပြီး အစားအစာ အများစုက ယန်ဖူကွေ့၏ ဗိုက်ထဲသို့သာ ရောက်သွားသည်က များသည် ။
ယနေ့တွင်တော့ ယန်ဖူကွေ့က သူ့အား ထည့်ပေးနေသလို မိသားစုအားလုံး အတူတူ စားနေကြသည် ။ သူ ဤသို့ တစ်ခါမှ မမြင်ဖူးချေ ။
" ရော့ ကျီတိ ယူလိုက်.. ကျွန်တော်က ကြက်ခြေထောက် သိပ်မကြိုက်ဘူး.. "
ရှီတာမော့က ကြက်ခြေထောက်ကို ကျီတိ၏ ပန်းကန်ထဲ ထည့်ပြီးနောက် အရက်ခွက်ကို မြှောက်ကာ ယန်ကျီဝမ်ကို ပြောလိုက်သည် ။
" ကျီဝမ် လာ..ငါမင်းကို ဒီတစ်ခွက် ဂုဏ်ပြုမယ်.. "
သူ ခြံဝင်းအတွင်း စုံစမ်း ကြည့်ပြီးနောက် ယန်ကျီဝမ်က ရှာကျူးအား သတိလစ်အောင် ရိုက်ခဲ့ခြင်းမှာ အမှန်ပင် ဖြစ်ကြောင်း သိလိုက်ရ၏ ။
ထို့နောက် ရှာကျူး ၏ အိမ်သို့သွားပြီး ရယ်စရာကောင်းသော ရှာကျူး၏ မျက်နှာကို မြင်ရပြီးနောက် သူအလွန်ပင် ပျော်ရွှင်သွားသည် ။ သူကိုယ်တိုင် ထိုးလိုက်ရသည် မဟုတ်သော်လည်း လက်စားချေနိုင်ခဲ့သလို ခံစားလိုက်ရပေသည် ။