← Chapters

အခန်း ၇၁-၇၂

Vol. 7 Ch. 71-72

အခန်း ၇၁-၇၂

Vol. 7 Ch. 71-72

Chapter 71+72

~

အခန်း ၇၁+၇၂ : သားအဖ အတူတကွ ငါးမျှားထွက်ခြင်း...

~

အချိန်ကုန်သည်က မြန်လှ၏ ။ ရက်အနည်းငယ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည် ။

" ဒုတိယသား မပြီးသေးဘူးလား.. မြန်မြန်စားဟ.. ဒီနေ့ စနေနေ့ နော်.. ငါတို့ မြန်မြန်မသွားရင် နေရာကောင်းတွေ အကုန်ကုန်သွားလိမ့်မယ်.. "

ယန်ဖူကွေ့က တံခါးဝမှနေ၍ မနက်စာထိုင်စားနေသော ယန်ကျီဝမ်အား ဆော်သြနေသည် ။

ရက်အတော်ကြာခဲ့ပြီးနောက် ယခု ပိတ်ရက်သို့ ရောက်လာ၍ သူ၏ စွမ်းရည်ကို ပြသရန် မစောင့်နိုင်တော့ပေ ။

မှန်ပေသည် ။ အဓိက အကြောင်းမှာ အပိုဝင်ငွေ လိုချင်၍ပင် ။

ယန်ဖူကွေ့သည် ယန်ကျီဝမ်၏ တစ်နေ့ဝင်ငွေကို မသိသော်လည်း နေ့တိုင်း ကောင်းသည့်အရာများ အိမ်သို့ ပြန်သယ်လာနိုင်၍ နည်းမည်မဟုတ်မှန်း ခန့်မှန်းမိ၏ ။

ယန်ကျီဝမ် ထိုင်မစားနိုင်တော့ ။ ကျန်သည့် ပြောင်းဖူးပေါင်းတစ်ဝက်ကို ကိုက်၍ အပြင်သို့ ထွက်လာရတော့သည် ။ ထို့နောက် အကူအညီ မဲ့ဟန်ဖြင့်...

" အဖေ.. ဘာလို့ အဲ့လောက် လောနေတာတုန်း.. သား ငါးစာတောင် မပြင်ရသေးဘူး..ဟောက်ဟိုင်က အကြီးကြီးပါ.. နေရာမရှိမှာ ပူနေသေးတာလား.. "

ယန်ဖူကွေ့က တိုက်တွန်းသည် ။

" ပျင်းမနေနဲ့တော့.. လုပ်လုပ် မြန်မြန်ငါးစာပြင်.. "

" ဟုတ်ကဲ့ပါ.."

ယန်ကျီဝမ် ပျင်းရိစွာ ခေါင်းညိတ်လိုက်ပြီး ငါးစာ စတင်ပြင်ဆင်လေတော့၏ ။

ယန်ဖူကွေ့က ဘေး၌ လာရပ်ပြီး...

" ဒုတိယသား များများ ပိုလုပ်နော်.. ဒီနေ့ ငါတို့ တစ်နေကုန် မျှားကြမယ်.. "

" ဒါဆို နောက်ထပ် ပုံးနှစ်ပုံး ထပ်ယူလာမှ ရမယ်.. "

" အဲ့လောက်အများကြီး ဖမ်းမိမှာ သေချာလို့လားဟ.."

ယန်ကျီဝမ်က ယုံကြည်မှု အပြည့်ဖြင့်...

" ဒါပေါ့.. သား နေ့တိုင်း ပုံးနှစ်ပုံး ယူသွားတာ ဟန်ပြလို့ ထင်နေတာလား.. "

ယန်ဖူကွေ့က ခေါင်းညိတ်၍ သဘောတူလိုက်သည် ။ မကြာမီ အခြေအနေကို မြင်တွေ့ရမည်ဖြစ်၍ ဒုတိယသားက နောက်နေသည်ဟု မထင်ပေ ။

" ဒါဆို ငါ ဝမ်ကြီး ဆီကနေ ပုံးသွားငှားလိုက်မယ်.. "

ထို့နောက် ပုံးငှားရန် ထွက်သွား၏ ။

ဆယ်မိနစ် ကြာပြီးနောက် ယန်ကျီဝမ် ငါးစာ ပြင်ပြီးသည်နှင့် သားအဖနှစ်ယောက် ဟောက်ဟိုင်ဆီသို့ ချီတက်ခဲ့ကြသည် ။

နာရီဝက် အကြာတွင်....

သားအဖနှစ်ယောက် ဟောက်ဟိုင်သို့ ရောက်လာခဲ့ကြ၏ ။

ကန်ဘောင်တစ်လျောက် လူများပြည့်ကျပ်နေသည်ကို ကြည့်ပြီး ယန်ဖူကွေ့က ညည်းတွားလိုက်သည်

" ဒုတိယသား.. ငါ မင်းကို မြန်မြန်လုပ်ဖို့ မပြောဘူးလား.. ခုကြည့်အုံး.. နေရာကောင်းတွေအကုန် ပါသွားပြီ.. "

ဟောက်ဟိုင်ကန်၏ အခြေအနေက ပိတ်ရက်ဆိုလျှင် ဤသို့သာဖြစ်သည် ။ အလုပ်ပိတ်ရက်တွင် လူအများက မနက်လေးငါး နာရီလာပြီး နေရာ ကြိုဦးထားကြ၏ ။

ယခုခေတ်တွင် အပန်းဖြေစရာ သိပ်မရှိ၍ ငါးမျှားခြင်းက ရွေးချယ်စရာ အနည်းငယ်ထဲက တစ်ခုပင် ။

တစ်ပတ်လုံး ပင်ပန်းစွာ အလုပ်လုပ်ကြပြီး ပိတ်ရက်တွင် ဤနေရာသို့လာကာ ငါးမျှားရင်း အပန်းဖြေကြ၏ ။ ကံကောင်း၍ ငါးမိလျှင် အိမ်အတွက် အပိုဝင်ငွေ ရှာနိုင်ပေသေးသည် ။ ခဲတစ်နှစ်ဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပင် ။

မှန်ပေသည် ။ ယန်ကျီဝမ်၏ စျေးပေါသော အဖေကဲ့သို့ ပိုက်ဆံရှာရန် အဓိကထားပြီး လာကြသူများလည်း ရှိသည် ။

" ဟုတ်ပါ့.. ဒီနေ့ လူများလွန်းနေတယ်.. "

ယန်ကျီဝမ်လည်း ထောက်ခံလိုက်သည် ။ အရင်အပတ် ပိတ်ရက်တုန်းက ဤမျှ မများချေ ။

" ချီးကို ဒီနေ့များပါလား.. အပတ်တိုင်း ဒီလိုပဲကို.. "

ယန်ဖူကွေ့က စိတ်ပျက်လက်ပျက်ဖြင့်...

" ငါတို့ ဘာဆက်လုပ်ကြမလဲ.. "

ယန်ဖူ​ကွေ့သည် အပတ်တိုင်း ငါးမျှားလာသည်မှာ နှစ်များစွာ ကြာပြီဖြစ်၍ မနက်တည်းက လောနေခြင်းပင် ။

ယန်ကျီဝမ်က ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လျှင် အဘိုးကြီးဝမ်အား တွေ့လိုက်ရ၏ ။ သူ့ဘေးတွင် နေရာလွတ်အနည်းငယ် ရှိနေသည် ။

" အဖေ သားတို့ ဟိုနား သွားထိုင်ကြမယ်.. "

ယန်ကျီဝမ်က ပြောပြီးနောက် သူ၏ လက်နက်များကို သယ်၍ အဘိုးကြီးဝမ် ထံသို့ လျှောက်သွားသည် ။

" အဲ့မှာ လူပြည့်နေပြီ မဟုတ်ဘူးလား.. "

ယန်ဖူကွေ့ ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်မှ လိုက်ပါသွားသည် ။

ယန်ကျီဝမ်က အဘိုးကြီးဝမ်၏ ဘေးသို့ရောက်လျှင် ခပ်တည်တည်ဖြင့် ပြောလိုက်၏ ။

" အဘိုးကြီးဝမ်.. ဘေးနည်းနည်းတိုးအုံး.. "

အဘိုးဝမ်က လှည့်ဆဲရန် ပြင်လိုက်သော်လည်း ယန်ကျီဝမ်အား မြင်လိုက်ရသည် ။ သူက...

" ဘာလို့ ခုမှ ရောက်လာတာလည်း.. ငါရောက်နေတာ ၂ နာရီလောက်တောင် ရှိပြီ.. "

ထိုသို့ ပြောပြီး​နောက် နေရာဖယ်ပေးလိုက်၏ ။

" အဘိုးကြီးဝမ်.. "

ယန်ဖူကွေ့က နှုတ်ဆက်လိုက်သည် ။

အဘိုးကြီးဝမ် အံ့အားသင့်သွားပြီး...

" ယန်ကြီး.. ဒီကလေးက မင်းရဲ့သားလား.. "

ယန်ဖူကွေ့က ခေါင်းညိတ်လိုက်သည် ။

ထိုအခုမှသာ အဘိုးကြီးဝမ် သဘောပေါက်သွားသည် ။

" ငါ လခွီး.. မင်းတို့က မျိုးရိုးနာမည် တူနေတာပဲ.. ခေါင်းမာတာလဲ တူတယ်.. ငါ စောစောတည်းက သိသင့်တာ.. "

ယန်ဖူကွေ့က ရှက်ပြုံး ပြုံးလိုက်သည် ။ ဤသည်က ချီးကျူးစကားနှင့် မတူပေ ။

အဘိုးကြီးဝမ်က ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

" ယန်ကြီး.. မင်းလည်း ဒီမှာ ငါးမျှားနေကြပဲ.. ဒီက အခြေအနေကို မင်းသိသင့်တယ် ..ဘာလို့ နောက်ကျနေကြတာလဲ.. "

" ဒီအကြောင်းကို စဥ်းစားလေ ဒေါသထွက်​​လေပဲ .. ဘာဖြစ်ရမှာလဲ ဒီကောင်စုတ်လေးကြောင့်ပဲပေါ့.. မြန်မြန်သွားမယ်ဆိုတာကို နားမထောင်ဘူး.. "

ယန်ဖူကွေ့က ယန်ကျီဝမ်ကို မကျေမနပ် တစ်ချက်ကြည့်ပြီး ညည်းတွားလိုက်သည် ။

ယန်ကျီဝမ်က မသိဟန်ဆောင်ကာ ငါးစာ ပြင်ဆင်နေလေ၏ ။

အဘိုးကြီးဝမ်က စပ်ဖြီးဖြီးဖြင့် ...

" ယန်လေး ..ငါ မင်းကို နေရာ ဦးပေးထားတယ်နော်.. ငါ့ကို ငါးစာ နဲနဲလောက် မျှပါလား.. "

ယန်ကျီဝမ်က ခေါင်းညိတ်၍ လောက်စာလုံးလောက် ပေးလိုက်သည် ။

ထို့နောက် ငါးစာ တစ်ဝက်ကို ယန်ဖူကွေ့အား ခွဲပေးပြီး သူတို့ သုံးယောက်အဖွဲ့ ငါးမျှားခြင်းကို စတင်လိုက်ကြတော့၏ ။

ယန်ဖူကွေ့ ငါးမျှားကြိုး ပစ်ပြီးသည်နှင့် ချက်ချင်း အော်လိုက်မိသည် ။

" ဒုတိယသား.. မင်းရဲ့ ငါးစာက ကောင်းတာသေချာရဲ့လား.. "

ယနေ့ ပုံးလေးလုံး ယူလာ၍ ငါးမမိလျှင် ရှက်စရာကောင်းလှ၏ ။ အထူးသဖြင့် ကန်ထဲက ငါးထက် ငါးမျှား သူက ပိုများသော ဤကဲ့သို့ နေ့မျိုးတွင် ငါးရရန် ပို၍ ခက်ခဲလေသည် ။

ယန်ကျီဝမ် ပြန်မပြောခင်ပင် အဘိုးကြီးဝမ်၏ အသံက ထွက်လာသည် ။

" ယန်ကြီး လျှောက်မေး မနေနဲ့.. ငါးသာ အေးဆေးမျှားနေ ..ငါ အာမခံတယ်.. "

ယခုအခါ၌ ယန်ဖူကွေ့ ယုံကြည်သွားသည် ။

ဒုတိယသား တစ်ယောက်ထဲပြောလျှင် ကြွားဝါနေခြင်း ဖြစ်နိုင်သော်လည်း အပြင်လူ ပါ ဝင်ပြောနေ၍ အမှန်ဖြစ်ကြောင်း လက်ခံလိုက်တော့သည် ။

" ငါး ဆွဲပြီ.."

မိနစ်အနည်းငယ် ကြာလျှင် ယန်ဖူကွေ့ ၏ ငါးမျှားဖော့က ရေထဲသို့ နစ်မြုပ်သွား၏ ။ သူချက်ချင်း ဆွဲတင်လိုက်သည် ။

" ဟားဟား..ခံစားချက်အရဆိုရင် အကောင်သေးမယ် မထင်ဘူး.. "

ယန်ဖူကွေ့ အလွန်စိတ်လှုပ်ရှား သွား၏ ။ သူ ငါးကြီး ဖမ်းမမိ သည်မှာ ကြာလေပြီ ။

ယန်ဖူကွေ့သည် အတွေ့အကြုံရင့် ငါးမျှားသူ ဖြစ်၍ ငါးမောအောင် ဆယ်မိနစ်ကြာ ကစားပြီး​နောက် ငါးကို ကမ်းပေါ်သို့ တဖြည်းဖြည်း ဆွဲတင်လိုက်သည် ။

ငါးအရွယ်အစားကို မြင်လိုက်ရသည်နှင့် သူ စိတ်လှုပ်ရှားစွာ အော်လိုက်မိ၏ ။

" ဟားဟားဟား.. လောင်အာ.. မင်းရဲ့ ငါးစာက ကောင်းလှချည်လား.. ဒီငါးက အနည်းဆုံး သုံးကျင်း ရှိတယ်.. "

" လောင်အာ မြန်မြန် ကူပေး.. "

ယန်ကျီဝမ်က ကမ်းစပ်သို့ တိုး၍ ငါးကို ဖမ်းလိုက်၏ ။

ရေပုံးထဲသို့ ရေအနည်းငယ်ထည့်လိုက်ပြီး ငါးထည့်ထားလိုက်သည် ။

ယန်ဖူကွေ့က ငါးမျှားကြိုးကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည် ။ အချိန်ရှိခိုက် လုံ့လစိုက်ရမည် ။

သိပ်မကြာမီ ယန်ကျီဝမ်က ငါးမျှားတံကို ဆွဲတင်လိုက်လျှင် တစ်ကျင်းခန့်ရှိမည့် ငါးတစ်ကောင်ပါလာသည် ။

အဘိုးကြီးဝမ်လည်း နောက်ကျန် မနေရစ်ချေ ။ သူလည်း ဖမ်းမိလိုက်သည် ။

ဤသို့ဖြင့် လူသုံးယောက်၏ ငါးမျှားပြိုင်ပွဲက တရားဝင် စတင်လေတော့သည် ။

ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ ငါးမျှားသူများ ဆွဲဆောင်ခံလိုက်ရပြီး တဖြည်းဖြည်း ကြည့်ရှုနေသူများက လူအုပ်ကြီး ဖြစ်လာသည် ။

တစ်နာရီကျော် အတွင်းမှာပင် ယန်သားအဖ ယူလာသော ပုံးနှစ်ပုံး ပြည့်သွားသည် ။

ယန်ဖူကွေ့က စိတ်လှုပ်ရှားစွာဖြင့်...

" ဒုတိယသား.. ငါတို့ နေ့လည်မတိုင်ခင် လေးပုံး ပြည့်သွားမယ်ထင်တယ်.. "

ပုံးထဲရှိ အရာများကို အသင်တို့ ငါးထင်နေကြသည်လော ။ ဤအရာများသည် ကူးခတ်နေသော ပိုက်ဆံများသာ ဖြစ်ကြ၏ ။

အဘိုးကြီးဝမ်၏ အမူအရာက ယန်ဖူကွေ့ထက် အများကြီး တည်ငြိမ်နေသည် ။

စိတ်တည်ငြိမ်တက်လွန်း ၍တော့ မဟုတ်ချေ ။ ယန်ကျီဝမ် နေ့တိုင်းမျှားနေသည်ကို မြင်နေရ၍ ကျင့်သားရနေလေပြီ ။ သို့မဟုတ်လျှင် သူလည်း အော်ဟစ်နေမိပေမည် ။ သူ့အတွက် ပိုက်ဆံက အရေးမကြီးသော်လည်း အပြန်တွင် မျက်နှာပန်း ပွင့်မည်ဖြစ်၍ ဂုဏ်သိက္ခာက အရေးကြီး၏ ။

" ဆရာယန်.. ငါးတွေ ဒီလောက်ဆွဲနေတာ ဘာငါးစာ သုံးထားလို့လဲ .."

" အဘိုးကြီးဝမ်.. နည်းလမ်းကောင်းလေး ရှိရင် မစပါအုံးဗျား.. "

သူတို့နှစ်ယောက်ကို မျက်မှန်းတမ်းမိသူများ၏ အသံများ ထွက်လာကြသည် ။

ယန်ဖူကွေ့က မိုက်မဲသူ မဟုတ်၍ ဆင်ခြေပေးလိုက်သည် ။

" ဘာမှ မထူးခြား ပါဘူးဗျာ.. ပြောင်းဖူးမှုန့်လေး ကျဲပြီး ငါးအုံ လုပ်ထားလို့ပါ .."

သူ ယနေ့တွင် ထင်ပေါ် သူ တစ်ယောက် ဖြစ်ရသည့် ခံစားချက်ကို နားလည်သွားသည် ။ ဤ သည်က အလွန်ကျေနပ်ဖွယ် ကောင်းလှချေသည် ။

ငါးစာလုပ်နည်းအား ထုတ်ဖော်ရမည်နှင့် ပက်သက်လျှင်တော့ ။ ထိုသည်က မဖြစ်နိုင် ။ ငါးစာပြုလုပ်နည်းသည် သူ့မိသားစု လျှို့ဝှက်နည်းပင် ။ သူ မသိသော်လည်း ယန်ကျီဝမ် သိနေသဖြင့် အတူတူပင် မဟုတ်ပါလော ။

" ပြောင်းဖူးမှုန့် သုံးတာလား.. မထူးဆန်းတော့ပါဘူး.. သူတို့က ငါးမြူရအောင် သုံးနေကြတာကိုး.. ငါလက်လျော့လိုက်ပြီ.. "

" ငါ ယူမလာမိတာ နာတာပဲ.. ငါးတွေ ဒီလောက်သာ ဖမ်းမိရင် ပြောင်းဖူးမှုန့် ကုန်ကျစရိတ်ထက် အများကြီး ပြန်ရနိုင်တယ်ဟ.. "

" မဖြစ်ဘူး ..လောင်လီ.. ငါ့ နေရာကို ခဏ ကြည့်ပေးထား ငါ ပြေးဝယ်လိုက်မယ် .. "

" ဟေး.. ငါ့အတွက်လည်း ပိုဝယ်ခဲ့ဦး.. "

All Chapters