← Chapters

အခန်း ၁၀၉၉

Vol. 106 Ch. 1099

အခန်း ၁၀၉၉

Vol. 106 Ch. 1099

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၉

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"နဂါးတွေအားလုံး ၊ မိစ္ဆာတွေအားလုံးနဲ့ ဆုံးရှုံးသွားတဲ့ သက်ရှိတိုင်းအတွက် ငါ ကလဲ့စားချေမယ်။"

"ငါ့ဇနီးနဲ့ ငါ့ကလေးတွေ လုံးဝ ဖျက်ဆီးခံလိုက်ရရင်တောင် ငါ သူတို့ကို ပြန်လုယူမယ်။"

"ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ သူတွေက နတ်ဘုရားတွေ ဖြစ်နေရင်တောင် ငါ သူတို့ကို စစ်ကြေညာမယ်။"

တုပိုင် ထိုကတိသစ္စာသုံးခုကို ထပ်တလဲလဲ ရေရွတ်ရင်း သက်တံရောင် တံခါးပေါက်ထဲသို့ လှမ်းဝင်သွားလိုက်၏။

လည်ပတ်နေသည့် အနီရောင် တံခါးပေါက်ကို ဖြတ်သန်းသွားပြီးနောက်၌ သူ လုံးဝစိမ်းသက်နေသည့် ကမ္ဘာလောကတစ်ခုဆီသို့ ရောက်ရှိလာသည်။

ဤသည်မှာ... နတ်ဘုရားများ၏ တိုင်းပြည်လော။

သက်တံရောင် တံခါးပေါက်၏ အလွန်၌ ဧရာမ သက်တံရောင် တံတားကြီးတစ်ခု ရှိနေ၏။ ထိုတံတားကြီးမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ရှည်လျားကာ အံ့မခန်း ကျယ်ဝန်းလှသည်။ ဤနေရာ၌ အလျားနှင့် အနံဟူသည့် သဘောတရားများပင် အဓိပ္ပာယ် ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေ၏။

အလျား ကီလိုမီတာ တစ်ထောင်ကျော်နှင့် အနံ ကီလိုမီတာ တစ်ရာကျော် ရှည်လျားကျယ်ဝန်းသည့် ထိုတံတားကြီးမှာ ခုံးနေခြင်းမရှိဘဲ လုံးဝ ပြန့်ပြူးနေသည်။

အစစ်အမှန် သက်တံရောင် တံတားကြီးတစ်ခု ဖြစ်ကာ မျက်နှာပြင်ထက်၌ အနီ ၊ လိမ္မော် ၊ အဝါ ၊ အစိမ်း ၊ အပြာ ၊ မဲနယ်နှင့် ခရမ်း စသည့် ထင်ရှားသော အရောင်ခုနစ်ရောင်ဖြင့် တောက်ပနေ၏။

ဤခမ်းနားထည်ဝါလှသည့် တံတားကြီး၏ အဆုံး၌ နတ်ဘုရားတိုင်းပြည် တည်ရှိနေသည်။

ထိုနေရာသည် ဂြိုဟ်တစ်ခု မဟုတ်သကဲ့သို့ တိုက်ကြီးတစ်ခုလည်း မဟုတ်ဘဲ ဧရာမ ပိရမစ်ကြီးတစ်ခုပင်။

ထိုပိရမစ်ကြီး၏ ဧရာမအရွယ်အစားကို ဖော်ပြရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ အောက်ခြေမှာ ကီလိုမီတာ ၃၀၀၀ ကျော်အထိ ကျယ်ပြန့်ကာ အမြင့်မှာ ကီလိုမီတာ ၂၅၀၀ ကျော် ရှိသည်။ လတစ်စင်းထက် သေးငယ်သော်ငြား ဂြိုဟ်တစ်ခု၏ တည်ရှိမှုနှင့် ဆွဲငင်အားကို ပိုင်ဆိုင်ထား၏။

အဆောက်အအုံတစ်ခုလုံးမှာ ကြည်လင်ပြတ်သားနေပြီး အပြစ်အနာအဆာကင်းသည့် ကျောက်မျက်ရတနာ တစ်ပွင့်တည်းမှ ထွင်းထုထားသကဲ့သို့ပင်။ တုပိုင် ခန့်မှန်းရမည်ဆိုလျှင် ဤပိရမစ်ကြီးကို စွမ်းအင်ကျောက်သလင်းများဖြင့်သာ လုံးလုံးလျားလျား တည်ဆောက်ထားခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်မှာ နတ်ဘုရားတိုင်းပြည်ပင်။ ဂြိုဟ်တစ်ခု ၊ ကုန်းမြေနှင့် သမုဒ္ဒရာများ မလိုအပ်ဘဲ ဤပိရမစ်ကြီးအသွင်ဖြင့်သာ တည်ရှိနေခြင်း ဖြစ်သည်။ နေမင်းကြီးပင် လိုအပ်ပုံမပေါ်ချေ။

ဝန်းရံနေသည့် ဗလာနယ်ဆီသို့ ငေးကြည့်လိုက်ချိန်၌ တုပိုင် ကြယ်တစ်ပွင့်ကိုမျှ ရှာမတွေ့ပေ။ ပိရမစ်ကြီးက နေမင်းကြီးသဖွယ် နေရာယူထားပြီး မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းရောင်များ ဖြာထွက်နေ၏။

စကြာဝဠာထဲ၌ ပေါလောပေါ်နေသည့် ဧရာမ စိန်ပွင့်ကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူညီနေသည်။

သို့သော် ဤမျှ ခမ်းနားလှပနေသော်ငြား စိတ်ကူးယဉ်ဆန်မှုတော့ ကင်းမဲ့နေ၏။ သာမန်လူသားများ၏ ဒဏ္ဍာရီများထဲ၌ နတ်ဘုရားများသည် တိမ်တိုက်များကြား၌ ပေါလောပေါ်နေသော လှပသည့် ကောင်းကင်နန်းတော်များထဲ၌ နေထိုင်ကြသည်။

ထိုသို့တိုင် နတ်ဘုရားနယ်ပယ်ဟူသည့် အခြေခံသဘောတရားနှင့်မူ အနည်းငယ် ကိုက်ညီနေဆဲပင်။ အနည်းဆုံးတော့ ဖုန်မှုန့်များနှင့် ဂြိုဟ်များ၏ ချည်နှောင်မှုမှ ကင်းလွတ်ကာ အမြင့်ဆုံးနေရာ၌ တည်ရှိနေသေးသည်။

**--**--**--**--**--**--**--**

ဧရာမ သက်တံရောင် တံတားကြီးတစ်လျှောက် တုပိုင် လျှောက်လှမ်းသွားလိုက်၏။ ကီလိုမီတာ တစ်ရာ ကျယ်ဝန်းပြီး ကျယ်ပြန့်သည့် နေရာကြီးထက်၌ တစ်ယောက်တည်း ရှိနေစဉ် သူသည် ကြီးမားသည့် မြစ်ကြီးတစ်ခုကို ဖြတ်ကူးနေရသော အရေးမပါသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။

တံတားကြီး တစ်ခုလုံးမှာ အလုံးစုံ ဗလာကျင်းနေ၏။

အံ့မခန်း အမြန်နှုန်းဖြင့် တစ်နာရီခန့် ခရီးနှင်ပြီးနောက် တုပိုင် ကီလိုမီတာ ၁၀၀၀ အကွာအဝေးကို ဖြတ်ကျော်ကာ တိုင်းပြည်၏ တံခါးပေါက်များဆီသို့ ရောက်လာသည်။

တံခါးပေါက်များကို တင်းကြပ်စွာ ပိတ်ထား၏။

တုပိုင် ရှေ့သို့ လှမ်းသွားပြီး တံခါးခေါက်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ သူ အော်ခေါ်လိုက်သော်ငြား တိတ်ဆိတ်မှုကသာ သူ့ကို ကြိုဆိုနေသည်။

သလင်းကျောက် ပိရမစ်ကြီးထဲသို့ အကဲခတ်ကြည့်လိုက်ရာ မည်သည့်ပုံရိပ်ကိုမှ မတွေ့ရသကဲ့သို့ သက်ရှိတစ်ယောက်၏ အရိပ်အယောင်ကိုမျှပင် မမြင်ရပေ။ ပိရမစ်ကြီး၏ မျက်နှာပြင်မှာ အပြစ်အနာအဆာကင်းစွာ ချောမွေ့နေပြီး လုံးဝ တိကျသည့် တြိဂံပုံစံ ဖြစ်နေ၏။

စကြာဝဠာ ဗလာနယ်ထဲ၌ တွဲလောင်းဖြစ်နေပြီး အပြစ်အနာအဆာကင်းသည့် ဧရာမ စိန်ပွင့်ကြီးတစ်ခုနှင့် အမှန်တကယ်ပင် တူညီနေသည်။

အကြိမ်ပေါင်းများစွာ ဝင်ရောက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သွားပြီးနောက် တုပိုင် အော်ဟစ်နေခြင်းကို ရပ်တန့်လိုက်ကာ ကြမ်းပြင်ပေါ်၌ ထိုင်ချရင်း စောင့်ဆိုင်းနေလိုက်၏။

နာရီအနည်းငယ် ကြာလွန်သွားသည်။

နောက်ဆုံး၌ ပိရမစ်ကြီး၏ တံခါးပေါက်များ ပွင့်လာပြီး ပုံရိပ်ငါးခု ထွက်ပေါ်လာ၏။ ထိုအထဲမှ တစ်ယောက်သာလျှင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး လူသားတစ်ယောက်နှင့် အနည်းငယ် တူညီနေသည်။

ထိုသူ၏ မျက်နှာကို တောက်ပနေသည့် ရွှေရောင် စွမ်းအင်မျက်နှာဖုံးတစ်ခုဖြင့် ဖုံးကွယ်ထား၏။ သူမသည် နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်လော။

ကျန်သည့် လေးယောက်နှင့် ပတ်သက်၍မူ သက်ရှိများအဖြစ် သတ်မှတ်၍ ရမရ တုပိုင် သေချာ မသိပေ။ သူတို့၌ မျက်နှာများ မရှိသကဲ့သို့ ထင်ရှားသည့် လိင်လက္ခဏာများလည်း မရှိချေ။ ခန္ဓာကိုယ်များကို သန့်စင်သည့် အဖြူရောင် စွမ်းအင်များဖြင့်သာ ဖွဲ့စည်းထား၏။

ထိုသည်တို့မှာ စွမ်းအင်စက်ရုပ်များ ဖြစ်ပုံရသည်။

နတ်ဘုရားမျိုးနွယ်မှ ရွှေရောင်မျက်နှာဖုံးရှင် အမျိုးသမီးက တုပိုင်ကို အထင်အမြင်သေးစွာ ငုံ့ကြည့်လာ၏။ သူမ၏ အကြည့်မှာ လူဝံတစ်ကောင်ကို ကြည့်နေသကဲ့သို့ အေးစက်နေသည်။ သူမက တိတ်ဆိတ်စွာပင် တုပိုင်၏ ခေါင်းထက်၌ ဆောင်းထားသည့် သရဖူကို လက်ညှိုးထိုးပြလိုက်၏။

စွမ်းအင်စက်ရုပ် လေးခုက ရှေ့သို့ တိုးလာပြီး တုပိုင်၏အပေါ်၌ ညင်သာစွာ ပွတ်ဆွဲသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် တုပိုင်၏ ခေါင်းထက်မှ သရဖူမှာ ပုံစံပြောင်းလဲသွားပြီး လည်ပတ်တစ်ခုအဖြစ် လည်ပင်း၌ တင်းကြပ်စွာ ပတ်ရစ်သွား၏။

သရဖူတစ်ခုမှနေ၍ လည်ပတ်တစ်ခုအဖြစ်သို့လော။

ဧကရာဇ်တစ်ပါးသည် သရဖူကို ဆောင်းပြီး ကျွန်တစ်ယောက်က လည်ပတ်ကို ဝတ်ဆင်ရသည်။ သူ၏ သရဖူကို လည်ပတ်အဖြစ် ပြောင်းလဲလိုက်ခြင်းမှာ သူ၏ အချုပ်အခြာအာဏာကို ရုပ်သိမ်းလိုက်ပြီး ကျွန်တစ်ယောက်အဖြစ် လျှော့ချလိုက်သည်ဟု ဆိုလိုခြင်းလော။

တုပိုင်၏ သရဖူမှာ အနက်ရောင် သရဖူနှင့် နဂါးသရဖူတို့ကို ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်သည်။

စွမ်းအင်စက်ရုပ်များထဲမှ တစ်ခုက လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲ၌ ဟိုလိုဂရမ် မှန်ပြင်တစ်ခု ထွက်ပေါ်လာ၏။ ထိုအပေါ်၌ ပြသထားသည်မှာ တုပိုင်၏ ဖြစ်တည်မှု တစ်ခုလုံးပင် ဖြစ်သည်။

စွမ်းအင်အညွှန်းကိန်းများ ၊ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် အတိတ်အတွေ့အကြုံများမှ လှုပ်ရှားနေသည့် ပုံရိပ်များကို ပြသထားသည်။ သူတို့ရှေ့၌ တုပိုင်ထံတွင် လျှို့ဝှက်ချက်ဟူ၍ မရှိတော့ချေ။

စွမ်းအင်စက်ရုပ်က တုပိုင်၏ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် မှတ်ဉာဏ်များ တစ်လျှောက်ကို အလျင်အမြန် ဖတ်လိုက်၏။

ရွှေရောင်မျက်နှာဖုံးရှင် အမျိုးသမီးက မှန်ပြင်ကို တစ်ချက်သာ အကဲခတ်ကြည့်လိုက်ပြီး အချက်အလက်များ အားလုံးကို ချက်ချင်း စုပ်ယူလိုက်ကာ ဂရုမစိုက်သည့်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

စွမ်းအင်စက်ရုပ်က မှန်ပြင်ကို ပုတ်လိုက်၏။

ရုတ်တရက် တုပိုင် သူ၏ ကိုယ်ပိုင်ဆန္ဒနှင့် လုံးဝ ဆန့်ကျင်လျက် ရှေ့သို့ စတင် လျှောက်လှမ်းသွားသည်။ သူ၏ ခန္ဓာကိုယ်ကို စိတ်ဝိညာဉ် သို့မဟုတ် စိတ်အသိက ထိန်းချုပ်မထားတော့ဘဲ လည်ပင်း၌ ပတ်ထားသည့် လည်ပတ်ကသာ ထိန်းချုပ်ထား၏။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က တစ်ခါက သူ့ကို ပြောခဲ့ဖူးသည်။ အနက်ရောင် သရဖူမှာ ကြီးမားသည့် စွမ်းအားကို ပေးအပ်သော်ငြားလည်း ဝတ်ဆင်သူ၏ စိတ်ဝိညာဉ်ကို အကျဉ်းချထားပြီး လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာတို့ကို ဖယ်ရှားပစ်သည်ဟု ဆိုခဲ့၏။ မိစ္ဆာဘုရင်သည် ထိုချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကြိုးစားရင်း သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။

အခြားတစ်ဖက်၌ ကံကြမ္မာ မိစ္ဆာဘုရင်ကမူ ဆုံးရှုံးသွားပြီးဖြစ်သည့် လွတ်လပ်ခွင့်ကို ရှာဖွေနေခဲ့သည့် အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို လှောင်ပြောင်ခဲ့၏။

ကံကြမ္မာ မိစ္ဆာဘုရင်က မတူညီသည့် ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

အံ့မခန်း အစွမ်းထက်သည့် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် စွမ်းအင်ကို အသုံးချကာ အနက်ရောင် သရဖူထံသို့ သူ ဆန္ဒအလျောက် လက်နက်ချခဲ့ပြီး ကမ္ဘာမြေ၏ အမြုတေထဲသို့ တိုးဝင်လျက် စွမ်းအားကို ဝါးမျိုခဲ့၏။

အနက်ရောင် သရဖူမှာ ဆွန်းဝူခုန်း၏ ခေါင်းထက်မှ ခေါင်းပတ်နှင့် တူညီနေသည်။ သရဖူများဟု ခေါ်ဆိုကြသည့် အရာများမှာ လည်ပတ်များသာ ဖြစ်ကြပြီး နတ်ဘုရားများက နဂါးများနှင့် မိစ္ဆာများကို ချည်နှောင်ရန် ဖန်တီးထားခြင်း ဖြစ်သည်။

အဆင့်မြင့် မိစ္ဆာများနှင့် နဂါးများက သူတို့၏ လက်အောက်ခံဖြစ်မှုကို လက်ခံရန် အလွန် ဂုဏ်မောက်နေကြသဖြင့် သူတို့၏ လည်ပတ်များကို သရဖူများကဲ့သို့ ဖြစ်စေရန် ရိုးရှင်းစွာပင် ပုံစံပြောင်းထားခဲ့ကြခြင်း ဖြစ်၏။

တစ်ကြိမ် ဝတ်ဆင်ပြီးသည်နှင့် ရာသက်ပန် ဖယ်ရှားပစ်၍ မရတော့ချေ။ ရုပ်ပိုင်းဆိုင်ရာအရ ချွတ်လိုက်လျှင်ပင် ဝတ်ဆင်သူ၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာ၌ ထာဝရ စွဲထင်နေဆဲပင်။ ယခုအခါ တုပိုင်၏ လည်ပင်း၌ရှိသော လည်ပတ်မှာ နဂါးများအားလုံးနှင့် မိစ္ဆာများအားလုံး၏ လည်ပတ်များကို ပေါင်းစပ်ထားသည့် ရလဒ်တစ်ခု ဖြစ်နေလေပြီ။

လက်ရှိအခြေအနေက အိပ်မက်ဆိုး မိစ္ဆာဘုရင် မှန်ကန်ကြောင်းကို သက်သေပြနေ၏။ ခန္ဓာကိုယ်အပေါ် အပြည့်အဝ ထိန်းချုပ်ထားသည်မှာ သူ၏ စိတ်ဝိညာဉ် သို့မဟုတ် လွတ်လပ်သည့် ဆန္ဒ မဟုတ်ဘဲ ဤလည်ပတ်သာ ဖြစ်သည်။

**--**--**--**--**--**--**--**

တုပိုင် ပိရမစ်ကြီးထဲသို့ ဝင်ရောက်လာသော်ငြား အခြား နတ်ဘုရားမျိုးနွယ်ဝင်များကို မမြင်ရသေးချေ။

တောက်ပနေသည့် စွမ်းအင်နံရံများဖြင့် ပြုလုပ်ထားပြီး အကျဉ်းထောင် အဆောက်အအုံတစ်ခုနှင့် အလွန်အမင်း တူညီနေသည့် စင်္ကြံတစ်ခုဆီသို့ သူ့ကို ခေါ်ဆောင်လာကြသည်။

လည်ပတ်၏ အမိန့်ပေးမှုအောက်၌ တုပိုင် အကျဉ်းသားစင်္ကြံ၏ အဆုံးအထိ လျှောက်သွားပြီး စွမ်းအင်အကျဉ်းခန်းတစ်ခုထဲသို့ ခြေလှမ်းဝင်လိုက်၏။

စွမ်းအင်စက်ရုပ်က အမိန့်ပေးလိုက်သည်။ "လှဲအိပ်လိုက်။"

တုပိုင်၏ ခန္ဓာကိုယ်မှာ အလိုအလျောက် လှုပ်ရှားသွားပြီး တဝီဝီ မြည်နေသည့် စွမ်းအင်ကုတင်တစ်ခုပေါ်၌ လှဲလျောင်းလိုက်သည်။

"အိပ်လိုက်။"

ညွှန်ကြားချက် ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် တုပိုင် ချက်ချင်း အိပ်ပျော်သွားတော့၏။

ရွှေရောင်မျက်နှာဖုံးရှင် အမျိုးသမီးက စွမ်းအင်စက်ရုပ် လေးခုကို ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။ ကျယ်ဝန်းပြီး တိတ်ဆိတ်နေသော ဓာတ်ခွဲခန်း အကျဉ်းထောင်ကြီးထဲ၌ အိပ်မောကျနေသည့် တုပိုင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

**--**--**--**--**--**--**--**

မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို မသိချေ။

ခံစားချက်ကင်းမဲ့နေသည့် အသံတစ်သံက အမိန့်ပေးလာ၏။

"နိုးထစမ်း။"

တုပိုင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့၌ ရပ်နေသည်မှာ နတ်ဘုရားမျိုးနွယ်ဝင် ငါးယောက် ဖြစ်၏။ ချွင်းချက်မရှိ သူတို့အားလုံး၏ မျက်နှာများကို တောက်ပနေသည့် စွမ်းအင်မျက်နှာဖုံးများနောက်၌ ဖုံးကွယ်ထားကြသည်။

ရွှေရောင်မျက်နှာဖုံးရှင် အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

"ဒါက စမ်းသပ်မှု အမှတ် ၄၉၆၈ ကနေ ထွက်လာတဲ့ မူမမှန်မှုတစ်ခုပဲ။"

"စမ်းသပ်မှု အမှတ် ၄၉၆၈ ရဲ့ ရည်ရွယ်ချက်က ဒီအန်အေက ရာနှုန်းပြည့် နီးပါးတူပြီး လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မျိုးနွယ်စု နှစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွေနဲ့ သူတို့ ဖန်တီးလာမယ့် ဆင့်ပွား ယဉ်ကျေးမှုတွေကို အတည်ပြုဖို့ပဲ။ ဘယ်ယဉ်ကျေးမှု ၊ ဘယ်မျိုးနွယ်က နောက်ဆုံးမှာ အနိုင်ရမလဲ ကြည့်ဖို့ပဲ။ ဝါးမျိုတဲ့ မျိုးနွယ်လား ၊ ဒါမှမဟုတ် ဆင့်ကဲတိုးတတ်လာတဲ့မျိုးနွယ်က နိုင်မှာလားဆိုတာ ဆုံးဖြတ်မယ့် စမ်းသပ်ချက်တစ်ခုပဲ။"

တုပိုင်၏ စိတ်များ ချာချာလည်သွား၏။

နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် နဂါးများနှင့် မိစ္ဆာများကြားက ကမ္ဘာပျက်စစ်ပွဲကြီး... မရေမတွက်နိုင်သည့် ယဉ်ကျေးမှုများ ပျက်စီးသွားခြင်း ၊ ဟင်းလင်းပြင်လောကများနှင့် ဂြိုဟ်များ ပြိုကွဲသွားခြင်း... အရာအားလုံးမှာ စမ်းသပ်မှု အမှတ် ၄၉၆၈၉၉ တစ်ခုတည်းသာ ဖြစ်နေခဲ့သည်လော။

ဒီအန်အေက ရာနှုန်းပြည့် နီးပါး တူညီသော်လည်း သဘာဝချင်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည့် မျိုးနွယ်စု နှစ်ခုဆိုသည်မှာ... သူမက နဂါးများနှင့် မိစ္ဆာများကိုသာ ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်ပေလိမ့်မည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters