← Chapters

အခန်း ၁၁၀၁

Vol. 106 Ch. 1101

အခန်း ၁၁၀၁

Vol. 106 Ch. 1101

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

နတ်ဘုရားမျိုးနွယ်၏ စွမ်းအင်နိယာမများအရ သူ့စိတ်ဝိညာဉ်ထဲသို့ သေလောက်သော စွမ်းအင်များ ထိုးသွင်းခံလိုက်ရသည့် အခိုက်အတန့်၌ တုပိုင် သေဆုံးသွားသင့်ပြီ ဖြစ်သည်။

မည်မျှများပြားသည့် နဂါးစွမ်းအင် သို့မဟုတ် မိစ္ဆာစွမ်းအားကမှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။

ထိုသို့တိုင် ထိုအရာအားလုံးနှင့် ဆန့်ကျင်စွာပင် သူ သေဆုံးမသွားပေ။ နောက်ဆုံးအခိုက်အတန့်လေး၌ သူ၏ မျက်လုံးများ ပွင့်လာ၏။

နတ်ဘုရားမျိုးနွယ်ဝင် တစ်ယောက်ယောက်ကများ သနားညှာတာသွားပြီး သူ့အသက်ကို ချမ်းသာပေးလိုက်ခြင်း ဖြစ်နိုင်မည်လော။ သေချာပေါက်ပင် ထိုအရာက လုံးဝ မဖြစ်နိုင်ချေ။

"ဝုန်းးး။"

နတ်ဘုရားမျိုးနွယ် ပိရမစ်ကြီး၏ စွမ်းအင် ပြန်လည်အသုံးချရေး ဗဟိုဌာနက ရုတ်တရက် အလင်းတိုင်ကြီးတစ်ခုကို အောက်သို့ ပစ်ချလိုက်သည်။

မျက်စိကျိန်းမတတ် တောက်ပနေသည့် အလင်းရောင်က သောင်းနှင့်ချီသော အလောင်းများကို ဝါးမျိုသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန်လုံးကို ပြာကျသွားစေ၏။

တုပိုင် အပါအဝင်ပင်။ မှန်ပေသည်။ တုပိုင် နောက်တစ်ကြိမ် လုံးဝ ဖျက်ဆီးခံလိုက်ရပြန်ပြီ ဖြစ်၏။ သူ မျက်လုံးများ ဖွင့်လိုက်သည့် အခိုက်အတန့်မှာပင် အလုံးစုံ ဖျောက်ဖျက်ခံလိုက်ရသည်။

ထိုသောင်းနှင့်ချီသည့် အလောင်းများထဲ၌ အလွန်အမင်း အစွမ်းထက်သည့် စွမ်းအင်များ ပါဝင်နေ၏။ ထိုအလောင်းများမှာ မရေမတွက်နိုင်သော စမ်းသပ်မှုများမှ မတော်တဆ ထွက်ပေါ်လာသည့် သက်ရှိများ ဖြစ်ကြပြီး တစ်ချိန်က မျိုးနွယ်စုပေါင်းစုံ၏ ဘုရင်များ ဖြစ်ကြဖူးသည်။

ပြာများ လွင့်စဉ်သွားချိန်၌ ပိရမစ်ကြီးက စွမ်းအင် ပြန်လည်ရယူခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်၏။

အလောင်းများ၏ အကြွင်းအကျန်များမှာ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားသည်။ ပြန်လည်အသုံးချရေး ဗဟိုဌာနက ထိုအလင်းမှုန်များကို ဖိသိပ်စုစည်းလိုက်ပြီး မရေမတွက်နိုင်သည့် စွမ်းအင်အမှုန်လေးများကို အတွင်းဘက်သို့ ထပ်တလဲလဲ ဖိသိပ်ပေါင်းစပ်သွားစေ၏။

နောက်ဆုံး၌ လူကြီးတစ်ယောက်၏ လက်မအရွယ်ခန့်ရှိသည့် တြိဂံပုံစံ စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ်သို့ စုစည်းသွားတော့သည်ါ

ဤသည်မှာ နတ်ဘုရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော ယဉ်ကျေးမှုပင်။ ကြီးမားပြီး အစွမ်းထက်သည့် စွမ်းအင်များက ထိုမျှ သေးငယ်သော ကျောက်သလင်းလေးတစ်ခုအဖြစ် စုစည်းသွား၏။

**--**--**--**--**--**--**--**

စွမ်းအင် ပြန်လည်ရယူခြင်း ပြီးစီးသွားပြီ ဖြစ်သည်။

သေးငယ်သော တြိဂံပုံစံ စွမ်းအင်ကျောက်သလင်းကို နတ်ဘုရားမျိုးနွယ်၏ ဓာတ်ခွဲခန်းဆီသို့ ပြန်လည် ပို့ဆောင်လိုက်၏။

စွမ်းအင်စက်ရုပ်တစ်ခုက ရိုသေစွာ လျှောက်တင်လိုက်သည်။

"အရှင်မ... ဒါက အလောင်း သုံးသောင်းကနေ စုစည်းထားတဲ့ စွမ်းအင်ကျောက်သလင်းပါ။"

ထို့နောက် ဗန်းတစ်ခုကို ကိုင်ဆောင်ထားသော ထိုစက်ရုပ်က ရွှေရောင်မျက်နှာဖုံး တပ်ဆင်ထားသည့် နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးထံသို့ ကျောက်သလင်းကို ဆက်သလိုက်သည်။

ရွှေရောင်မျက်နှာဖုံးရှင် အမျိုးသမီးက လက်ကို ဝှေ့ယမ်းလိုက်ရာ စက်ရုပ်က နောက်ဆုတ်ထွက်ခွာသွား၏။

ရုတ်တရက် တံခါးများ တင်းကျပ်စွာ ပိတ်သွားသည်။ ကျယ်ဝန်းလှသော အခန်းကြီးထဲ၌ အမျိုးသမီး တစ်ယောက်တည်းသာ ကျန်ရစ်၏။ ဤနေရာမှာ သန့်စင်နေပြီး လုံးဝ ဗလာကျင်းနေသည့် နေရာတစ်ခုဖြစ်သည်။

အမျိုးသမီးက သူမ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်၏။ နေရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သဘာဝအတိုင်း လှပနေသည့် ကမ်းခြေတစ်ခုအဖြစ်သို့ ကူးပြောင်းသွားသည်။

စိမ်းပြာရောင် ရေပြင်မှာ လုံးဝ ညစ်ညမ်းမှု ကင်းစင်နေပြီး ဖြူလွှလွှ သဲနုလေးများက ငွေရောင်ကဲ့သို့ပင် တောက်ပနေ၏။

အမျိုးသမီးက သူမအဝတ်အစားများကို ညင်သာစွာ ချွတ်ချလိုက်ပြီး မျက်နှာထက်မှ မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ လုံးဝ ကိုယ်လုံးတီးအခြေအနေ ဖြစ်သွားသည်။

အပေါ်ယံကြည့်လျှင်တော့ သူမသည် လူသားတစ်ယောက်နှင့် လုံးဝ တူညီနေ၏။ နတ်ဘုရားများနှင့် လူသားများက အမှန်တကယ်ပဲ တူညီနေကြခြင်းလော။ မဖြစ်နိုင်ပေ။ နတ်ဘုရားမျိုးနွယ်ဝင်များက သူတို့ လိုချင်သော မည်သည့် ပုံသဏ္ဌာန်ကိုမဆို ပြောင်းလဲယူဆောင်နိုင်ကြသည်။ အကယ်၍ လူသားပုံစံက လှပသည်ဟု သူမ ထင်မြင်ပါက ရိုးရှင်းစွာပင် လူသားအသွင်ဆီသို့ ပြောင်းလဲလိုက်မည်သာ ဖြစ်၏။

သူမက ခြေဗလာလေးများဖြင့် နူးညံ့သည့် သဲပြင်ထက်သို့ ဖွဖွလေး နင်းလျှောက်သွားပြီးနောက် သွယ်လျသည့် ခြေတံများဖြင့် ပင်လယ်ရေထဲသို့ ဆင်းသက်သွားလိုက်သည်။ ထို့နောက် ရေသူမလေး တစ်ကောင်ကဲ့သို့ ရေပြင်ကို ဖြတ်သန်းကာ ရေကူးလိုက်၏။

တစ်နာရီနီးပါးခန့် ရေကူးပြီးနောက်၌ သူမ ရေထဲမှ ထွက်လာပြီး ကမ်းခြေဆီသို့ ပြန်လာသည်။

လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်မှုနှင့်အတူ ကောင်းကင်ထက်မှ နူးညံ့သည့် တိမ်တိုက်တစ်ခု ဆင်းသက်လာကာ ထိုအပေါ်၌ သူမက သက်သောင့်သက်သာ လှဲလျောင်းလိုက်၏။

အပြာရောင် ကောင်းကင်ကြီး ၊ ဖြူလွှလွှ တိမ်တိုက်များ ၊ သဲကမ်းခြေနှင့် စိမ်းပြာရောင် ပင်လယ်ပြင်... ဤအရာအားလုံးက အတုအယောင်များ ဖြစ်နေမည်လော။ မဟုတ်ချေ ၊ အားလုံးက အစစ်အမှန်ပင်။ သူတို့သည် နတ်ဘုရားမျိုးနွယ်ဝင်များ ဖြစ်ကြသောကြောင့် လိုချင်သည့် မည်သည့်အရာကိုမဆို ဖန်တီးနိုင်ကြသည်။ ဇိမ်ကျမှုနှင့် ပျော်ရွှင်မှုတိုင်းက သူတို့ထံသို့ လုံးဝ အားစိုက်ထုတ်စရာမလိုဘဲ ရောက်ရှိလာတတ်၏။

သူမ ညင်သာစွာ ဆင့်ခေါ်လိုက်ရာ သေးငယ်လှသည့် စွမ်းအင်ကျောက်သလင်းလေးက လက်ဖဝါးထဲသို့ ချက်ချင်း ရောက်ရှိလာသည်။

လှပသည့် ထိုကျောက်သလင်းကို နေမင်းကြီးဆီသို့ မြှောက်ကိုင်လိုက်ပြီး အလင်းရောင်ကို ဖြတ်သန်း တောက်ပခွင့် ပေးလိုက်၏။

ညင်သာစွာ လေတစ်ချက် မှုတ်ထုတ်လိုက်သည်နှင့် လက်စွပ်တစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်ကျောက်သလင်းမှာ လက်စွပ်ကွင်းထဲသို့ ပြီးပြည့်စုံစွာ ကွက်တိ မြုပ်ဝင်သွားသည်။ သူမ ထိုလက်စွပ်ကို လက်ချောင်းလေးထဲသို့ စွပ်လိုက်၏။

သို့သော် သိပ်ကြည့်ကောင်းမနေချေ။ စွမ်းအင်ကျောက်သလင်းက အလွန် ကြီးမားနေသည်။

လက်ချောင်းကို တစ်ချက် ခေါက်လိုက်သည်နှင့် လက်စွပ်မှာ ပျောက်ကွယ်သွားပြီး စွမ်းအင်ကျောက်သလင်း မြှုပ်နှံထားသော သရဖူငယ်လေးတစ်ခု အစားထိုး ထွက်ပေါ်လာ၏။ သူမ ထိုသရဖူကို ခေါင်းထက်၌ ဆောင်းလိုက်သည်။

သူမ ညင်သာစွာ လေမှုတ်ထုတ်လိုက်ပြန်၏။ ရုတ်တရက် သူမနှင့် တစ်ထပ်တည်းတူညီသည့် ကိုယ်ပွားတစ်ခု ဘေး၌ ထွက်ပေါ်လာသည်။ သူမသည် မှန်ပင် မလိုအပ်ဘဲ သူမအပေါ်၌ သရဖူက မည်မျှ ကြည့်ကောင်းနေမည်ကို ကြည့်ရှုချင်ရုံသာ ဖြစ်၏။

အရုပ်ဆိုးနေဆဲပင်။ စွမ်းအင်ကျောက်သလင်းက သရဖူတစ်ခုအတွက် သင့်တော်သော်ငြားလည်း တြိဂံပုံသဏ္ဌာန်ဖြစ်နေခြင်းက ထူးဆန်းသည့်ပုံ ပေါက်နေစေသည်။

ထို့နောက် စွမ်းအင်ကျောက်သလင်းကို ဆွဲကြိုး ဆွဲသီးတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ကြိုးစားလိုက်ပြီး ထိုမှတစ်ဆင့် နားကပ်တစ်ခုအဖြစ်သို့ ထပ်မံပြောင်းလဲလိုက်သော်လည်း မည်သည့်ဒီဇိုင်းကမျှ အဆင်ပြေသည့်ပုံ မပေါ်ချေ။

တြိဂံပုံစံ ကျောက်မျက်ရတနာများက လက်ဝတ်ရတနာများအတွက် မသင့်တော်ဟု ထင်ရ၏။

အမျိုးသမီးက စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။

"အာ..."

ထို့နောက် စွမ်းအင်ကျောက်သလင်းကို ကမ်းခြေပေါ်သို့ ပစ်ချလိုက်၏။

မည်မျှ ထိုင်းမှိုင်းပြီး ပျင်းရိစရာကောင်းသော ဘဝမျိုးနည်း။ အရာအားလုံးက အရသာ ကင်းမဲ့နေသည်။ နတ်ဘုရားမျိုးနွယ်ဝင်များ၏ ဘဝများမှာ ငြီးငွေ့စရာကောင်းရန် ဖန်တီးခံထားရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လိုချင်သော မည်သည့်အရာကိုမဆို လုံးဝ အားစိုက်ထုတ်စရာမလိုဘဲ ရရှိနိုင်ကြသောကြောင့်ပင်။

ရင်သပ်ရှုမောဖွယ် ရှုခင်းတိုင်း ၊ အရသာရှိသည့် အစားအစာတိုင်း ၊ ဆန္ဒတိုင်း... လိုအင်ဆန္ဒတိုင်း ချက်ချင်း ပြည့်ဝသွားသောအခါ ဘဝကြီးက အလွန်အမင်း ဗလာကျင်းသွားရလေပြီ။

သို့သော် နတ်ဘုရားမျိုးနွယ်ဝင်များက လောဘကြီးကြသည်။ သူတို့ ပိုင်ဆိုင်ထားသော မည်သည့်အရာကိုမျှ ဆုံးရှုံးရန် ဆန္ဒမရှိကြချေ။

သာမန်ကမ္ဘာများထဲက မဟာဘီလီယံနာကြီးများကဲ့သို့ပင် သူတို့သည် မည်သည့် အလှမယ်မျိုးကိုမဆို လွယ်ကူစွာ ရယူနိုင်ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်များကို ပိုင်ဆိုင်ကာ အကန့်အသတ်ထွက် ကားများကို စုဆောင်းလျက် သူတို့ဆန္ဒများကို လှုံ့ဆော်ရန် ဘာမှ မကျန်တော့သည့်တိုင် စိတ်ကူးနှင့်ပင် မှန်းဆ၍ရနိုင်သော ဇိမ်ကျမှုတိုင်းကို ခံစားနိုင်ကြ၏။

ထိုအကြောင်းကြောင့် သူတို့ နေ့ရက်များမှာ သိသာထင်ရှားစွာပင် ဗလာကျင်းနေကြသည်။ ထိုသို့တိုင် လူတစ်ယောက်ယောက်က သူတို့ ချမ်းသာကြွယ်ဝမှုများထဲမှ ဆယ်ပုံတစ်ပုံလောက်ကိုပင် လက်လွှတ်ရန် တောင်းဆိုလာသော အခိုက်အတန့်မျိုး၌ ထိုအရာကို ဆက်လက်ထိန်းသိမ်းထားရန် အသေအလဲ တိုက်ခိုက်ကြပေလိမ့်မည်။

ဘဝဆယ်ဆက်စာ ခံစားရန် လုံလောက်သည့် ချမ်းသာကြွယ်ဝမှု ကိုးဆယ်ရာခိုင်နှုန်း ကျန်ရှိနေသေးလျှင်ပင် သူတို့ စွန့်လွှတ်ရန် ငြင်းဆန်ကြဆဲပင်။ နတ်ဘုရားမျိုးနွယ်ဝင်များအတွက်မူ ဤဗလာကျင်းမှုနှင့် လောဘက ဆယ်ဆ ၊ ဖြစ်နိုင်သည်က အဆတစ်ရာလောက်ပင် ပို၍ ကြီးမားနေသည်။

ယနေ့အချိန်အထိ နတ်ဘုရားမျိုးနွယ်၏ တစ်ခုတည်းသော အစစ်အမှန် ရန်သူမှာ အချိန်ပင် ဖြစ်၏။ သူတို့ လိုချင်သည့်အရာမှာ... ထာဝရအသက်ပင်။

သို့သော် ထာဝရအသက်အတွက် အဆုံးအစမဲ့သည့် စွမ်းအင်ကို လိုအပ်သည်။ သူတို့သည် စကြာဝဠာ၏ နိယာမများကိုပင် ကျော်လွှားရန် လိုအပ်၏။

သို့သော်ငြား ကြယ်များ သေဆုံးသွားမည်ဖြစ်ကာ ဂလက်ဆီများ သေဆုံးသွားမည်ဖြစ်ပြီး နောက်ဆုံး၌ စကြာဝဠာကြီး တစ်ခုလုံး သေဆုံးသွားမည် ဖြစ်သည်။

ထို့ကြောင့် မလွဲမသွေပင် နတ်ဘုရားမျိုးနွယ်ဝင်များသည်လည်း နောက်ဆုံး၌ ကျိန်းသေပေါက် သေဆုံးသွားရပေလိမ့်မည်။

ထို့အတွက်ကြောင့် သူတို့၏ ထာဝရ ရည်မှန်းချက်မှာ စကြာဝဠာ၏ နိယာမများကို အနိုင်ယူရန်ပင်။ ဤသည်ကပင် နတ်ဘုရားမျိုးနွယ်ဝင်များက အဆက်မပြတ် စမ်းသပ်မှုမျိုးစုံတို့ကို ပြုလုပ်ကာ ထာဝရအသက်ရှင်ခြင်းဆီသို့ သွားရာလမ်းကို ရှာတွေ့ရန် မျှော်လင့်ရင်း သူတို့ ဆင့်ကဲတိုးတက်ဖွံ့ဖြိုးမှုအတွက် နောက်ထပ် ခြေလှမ်းတစ်ရပ်ကို ရှာဖွေနေကြခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

နတ်ဘုရားမျိုးနွယ်ဝင်များက ပြိုင်ဘက်ကင်းနေကြခြင်းလော။ သေချာပေါက် မဟုတ်ပေ။

တွင်းနက်တစ်ခု၏ ဆွဲငင်အားကို သူတို့ မလွတ်မြောက်နိုင်ကြသကဲ့သို့ ဘက်စုံဟင်းလင်းပြင်ကိုလည်း မအောင်နိုင်ကြချေ။

အကယ်၍ သူတို့၏ ကိုယ်ပိုင် ကြယ်ကြီးသာ ပေါက်ကွဲကာ သေဆုံးသွားလျှင် သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ထွက်ပြေးရန်သာ ဖြစ်သည်။

သို့သော် အနည်းဆုံးတော့ လက်ရှိအချိန်၌ သူတို့၌ သေမင်းတမန် ရန်သူများ မရှိနေသေးချေ။

**--**--**--**--**--**--**--**

ထာဝရအသက်ရှင်ခြင်း ရည်မှန်းချက်က လုံးဝ လက်လှမ်းမမီနိုင်သောပုံ ပေါ်နေပြီး ထာဝရ ယဉ်ကျေးမှုတစ်ခုဆီ သွားရာလမ်းမှာလည်း ဝေဝါးနေဆဲပင်။

ထိုသို့တိုင် သူတို့သည် သေဆုံးခြင်းမှ အလွန်အမင်း ကွာဝေးနေသေး၏။ ဤရှည်လျားလှသည့် နှစ်ကာလများအတွင်း၌ သူတို့ ဘဝများက အလွန်အမင်း ငြီးငွေ့စရာကောင်းရန် ဖန်တီးခံထားရသည်။

အမျိုးသမီးက ညည်းတွားလိုက်၏။ "သိပ်ပျင်းစရာကောင်းတာပဲ။ အရမ်းကို ပျင်းစရာကောင်းတာပဲ။"

အမျိုးသမီးက ရင်ထဲ၌ သက်ပြင်းချလိုက်သည်။

ရုတ်တရက် သူမ မျက်လုံးများ ပြူးကျယ်သွား၏။ သူမဘေးရှိ ကမ်းခြေထက်၌ လူတစ်ယောက် အပို ရောက်နေသည်ကို သတိထားမိလိုက်ခြင်းပင်။

ထိုသူကား စမ်းသပ်မှု အမှတ် ၄၉၆၈၉၉ မှ မမျှော်လင့်ဘဲ ထွက်ပေါ်လာသော သက်ရှိပင် ဖြစ်နေ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters