အခန်း ၁၁၀၃
Vol. 106 Ch. 1103
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နတ်ဘုရားမျိုးနွယ်ဝင်များက အစစ်အမှန် နတ်ဘုရားများလားဟု မေးရလျှင် သေချာပေါက် မဟုတ်ပေ။ သူတို့သည် ရိုးရှင်းစွာပင် ဉာဏ်ရည်မြင့်မားသော သက်ရှိများဖြစ်ပြီး အခြေခံအားဖြင့် လူသားများနှင့် ကွာခြားမှု မရှိချေ။
လူ့ယဉ်ကျေးမှုက နှစ်တစ်သောင်းခန့်သာ ကြာမြင့်သေးသော်လည်း ဤနတ်ဘုရားမျိုးနွယ်ဟု ခေါ်ဆိုကြသည့် မျိုးနွယ်ကမူ နှစ်တစ်သန်းကျော်တိုင်အောင် ဆင့်ကဲတိုးတက်လာခဲ့ခြင်း ဖြစ်သည်။
စကြာဝဠာကြီးက လူသားများကို ဂရုတစိုက်ဖြင့် ပြုစုပျိုးထောင်ပေးခဲ့ပြီး ကမ္ဘာမြေကို အလွန်သာယာလှပသော ပတ်ဝန်းကျင်တစ်ခုအဖြစ် လက်ဆောင်ပေးခဲ့၏။
သက်သောင့်သက်သာရှိသည့် အပူချိန် ၊ အံ့သြဖွယ်ကောင်းသည့် ဂေဟစနစ်များနှင့် ငြိမ်းချမ်းသည့် အာကာသနေရာတစ်ခုကို ပိုင်ဆိုင်ထားသည်။ ရံဖန်ရံခါ ဥက္ကာပျံ ဝင်တိုက်မှုများ ရှိလျှင်ပင် ထိုဖြစ်ရပ်များကြားရှိ အချိန်ကာလများမှာ အလွန်တရာ ရှည်လျားလှသည်။
ကမ္ဘာမြေနှင့် နေမင်းကြီးကြားရှိ အကွာအဝေးမှာလည်း လုံးဝကို ပြီးပြည့်စုံနေ၏။ သိပ်မနီးသကဲ့သို့ သိပ်လည်း မဝေးချေ။ သောကြာဂြိုဟ်က သိပ်နီးလွန်းနေပြီး အင်္ဂါဂြိုဟ်က သိပ်ဝေးလွန်းနေသည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်ရှိ လူသားများမှာ ပေါက်ဖွားစက်ထဲရှိ ကလေးငယ်များနှင့် အမှန်တကယ် တူညီနေပြီး သက်သောင့်သက်သာရှိမှုထဲ၌ ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ယဉ်ကျေးမှုတစ်ခု၏ ရှင်သန်ရပ်တည်မှုကို ဗီဒီယိုဂိမ်းတစ်ခုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အခက်အခဲအဆင့်များက အလွန်လွယ်ကူသည်မှစတင်၍ ငရဲအဆင့်အထိ ရှိမည်ဖြစ်ကာ ကမ္ဘာ့ယဉ်ကျေးမှုအတွက် အခက်အခဲအဆင့်မှာတော့ အလွန်လွယ်ကူသည်ဆိုသည့် အဆင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် နေအဖွဲ့အစည်းမှ အလင်းနှစ် ၄.၂ ခန့် အကွာအဝေး၌ အယ်ဖာစင်တောရီ ကြယ်အဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်ယဉ်ကျေးမှုတစ်ခုအတွက် အခက်အခဲအဆင့်မှာ အကြွင်းမဲ့ အိပ်မက်ဆိုးတစ်ခုပင်။ ငရဲအဆင့်နီးပါး ဖြစ်နေ၏။
သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်ပေါ်ရှိ ပတ်ဝန်းကျင်များက ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်သော်လည်း အယ်ဖာစင်တောရီရှိ ဂြိုဟ်များနှင့် ယှဉ်လျှင် လက်တွေ့အားဖြင့် ပရဒိသုဘုံများပင် ဖြစ်ကြသည်။
အဘယ်ကြောင့်နည်း။ အကြောင်းမူကား ထိုကြယ်အဖွဲ့အစည်းထဲ၌ နေသုံးစင်း ရှိနေသောကြောင့်ပင်။
ဤကြယ်သုံးပွင့် ဒေသ၏ လှည့်ပတ်မှု ယန္တရားများမှာ လုံးဝ ကမောက်ကမ ဖြစ်နေ၏။ ခန့်မှန်း၍ရနိုင်ပဲ ပုံသေ လုံးဝမရှိချေ။ ဤဂြိုဟ်ပေါ်၌ ကောင်းကင်ယံတွင် နေတစ်စင်းသာ ရှိနိုင်သကဲ့သို့ တစ်ခါတစ်ရံ၌ နှစ်စင်းဖြစ်နိုင်ပြီး ရံဖန်ရံခါ၌ သုံးစင်းလည်း ဖြစ်နိုင်သည်။
နေတစ်စင်းတည်း ရှိနေချိန်၌ နေ့ရက်များက အတော်လေး သက်သောင့်သက်သာ ရှိ၏။ နှစ်စင်း ဖြစ်လာချိန်၌ ရှင်သန်ရန် လုံးဝနီးပါး မဖြစ်နိုင်တော့ချေ။ သို့သော် နေသုံးစင်း ထွက်ပေါ်လာချိန်၌မူ အလုံးစုံ ပျက်သုဉ်းခြင်းကို ယူဆောင်လာတော့သည်။
နှစ်ဘီလီယံနှင့်ချီသော အချိန်ကာလများအတွင်း၌ ဤဂြိုဟ်ပေါ်တွင် မရေမတွက်နိုင်သော ယဉ်ကျေးမှုများ မွေးဖွားလာခဲ့သော်လည်း အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရသည်။ ယဉ်ကျေးမှုတိုင်းက ကောင်းကင်ထက်၌ နေသုံးစင်း တွဲလွဲခိုနေသည့် ဤပျက်သုဉ်းခြင်း ကျိန်စာကို ရှောင်လွှဲ၍မရဘဲ ရင်ဆိုင်ခဲ့ရ၏။
မရေမတွက်နိုင်သည့် ခေတ်ကာလများ၏ တိုးတက်မှုများ ၊ ပျက်သုဉ်းခြင်း သံသရာများနှင့် ပြန်လည်မွေးဖွားမှုများ အပြီး၌ ယဉ်ကျေးမှုတစ်ခုက နောက်ဆုံးတွင် ဤကပ်ဘေးဆိုက်စေမည့် ကျိန်စာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။
သူတို့သည် စွမ်းအင်အခြေခံသည့် ယဉ်ကျေးမှု လမ်းကြောင်းကို ရွေးချယ်ခဲ့ကြ၏။
ပထမဆုံးအနေဖြင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို စွန့်ပစ်ခဲ့ပြီး စွမ်းအင်ပုံစံများအဖြစ်သို့ ဆင့်ကဲပြောင်းလဲခဲ့ကြကာ လွန်ကဲသော အပူနှင့် အအေးတို့၏ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လုံးဝနီးပါး ကိုယ်ခံစွမ်းအားရှိသွားစေရန် ဖန်တီးခဲ့ကြသည်။
ထို့နောက် သူတို့၏ မိခင်ဂြိုဟ်ကို အလုံးစုံ စွန့်ပစ်ခဲ့ကြ၏။ မရေမတွက်နိုင်အောင် နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်၌ ကြမ်းတမ်းလှသော ကြယ်သုံးပွင့်နှင့် ရင်ဆိုင်ရချိန်တွင် ဂြိုဟ်များမှာ အလွန်အမင်း ပျက်စီးလွယ်လွန်းကြောင်းကို သူတို့ သဘောပေါက်သွားခဲ့ကြသည်။
ထိုအတွက်ကြောင့် သူတို့သည် ထာဝရ ခိုလှုံရာတစ်ခုကို တည်ဆောက်ခဲ့ကြ၏။ ထိုအရာမှာ စွမ်းအင် ပိရမစ်ကြီးတစ်ခုပင်။ တစ်ခုလုံးသော ယဉ်ကျေးမှုကြီးက ဤပိရမစ်ထဲသို့ ပြောင်းရွှေ့သွားခဲ့ကြပြီး ပိရမစ်ကြီးကိုယ်တိုင်က အကန့်အသတ်မဲ့ စွမ်းအားများကို ဝါးမျိုနိုင်စွမ်းရှိသည့် ဧရာမ စွမ်းအင်ဝင်္ကပါကြီးတစ်ခု ဖြစ်နေခဲ့သည်။
ကြယ်သုံးပွင့်မှာ တစ်ခုလုံးသော ပိရမစ်ကြီးအတွက် အမြင့်ဆုံး စွမ်းအင်အရင်းအမြစ်များ ဖြစ်လာခဲ့ပြီး ကုန်ဆုံးသွားနိုင်ခြင်းမရှိသော အဆုံးအစမဲ့ စွမ်းအင်များကို ထောက်ပံ့ပေးနေတော့သည်။
**--**--**--**--**--**--**--**
ဤယဉ်ကျေးမှု၌ တစ်ချိန်က နာမည်များစွာ ရှိခဲ့သော်လည်း သူတို့သည် ထိုအမည်များကို စွန့်ပစ်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
ထာဝရအသက်ကို ရှာဖွေမှုနှင့် စကြာဝဠာ၏ နိယာမများကို အောင်နိုင်လိုသော ဆန္ဒများကြောင့် သူတို့သည် မရေမတွက်နိုင်သော စမ်းသပ်မှုများကို စတင် ပြုလုပ်ခဲ့ကြသည်။ အနီးအနားရှိ ဂလက်ဆီများကို ရှာဖွေမွှေနှောက်ခဲ့ကြပြီး စမ်းသပ်ကွင်းများနှင့် အာကာသ သင်္ချိုင်းများအဖြစ်သို့ ပြောင်းလဲခဲ့ကြ၏။
နေအဖွဲ့အစည်းမှာလည်း ဤများပြားလှသော စမ်းသပ်ကွင်းများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။
ဟင်းလင်းပြင်အတိုင်းအတာများ၏ နိယာမများနှင့် အာကာသ ခုန်ပျံကျော်လွှားခြင်းကို ကျွမ်းကျင်ပိုင်နိုင်ထားကြသဖြင့် သူတို့သည် စမ်းသပ်ကွင်းများ၏ အပင်များနှင့် တိရစ္ဆာန်များကို ဖန်တီးပုံဖော်ခဲ့ကြသည်။
နေအဖွဲ့အစည်း၏ စမ်းသပ်ကွင်းထဲ၌ အဘယ်ကြောင့် နဂါးများနှင့် မိစ္ဆာများ ရှိနေရသနည်း။ ရိုးရှင်းစွာပင် ထိုအရာက လူသားများ၏ စိတ်ကူးယဉ်မှုနှင့် ကိုက်ညီနေသောကြောင့် ဖြစ်၏။
မရေမတွက်နိုင်သော လူသားတို့၏ ဒဏ္ဍာရီများနှင့် ပုံပြင်များထဲ၌ နဂါးများနှင့် မိစ္ဆာများမှာ အထွတ်အထိပ် သတ္တဝါများ ဖြစ်ကြပြီး တစ်ခုက တရားမျှတမှုကို ကိုယ်စားပြုကာ အခြားတစ်ခုက မကောင်းဆိုးဝါးကို ကိုယ်စားပြုနေသည်။
ထို့အတွက်ကြောင့် သူတို့က နဂါးများနှင့် မိစ္ဆာများကို လက်တွေ့ ဖန်တီးခဲ့ကြခြင်းပင်။
မရေမတွက်နိုင်သည့် စမ်းသပ်မှုများကြား၌ မတော်တဆမှုများက ရှောင်လွှဲ၍မရဘဲ ဖြစ်ပေါ်လာခဲ့၏။
တစ်ခါတစ်ရံ၌ စမ်းသပ်မှုတစ်ခု ပြီးဆုံးသွားချိန်တွင် စမ်းသပ်ခံများက သေဆုံးမသွားခဲ့ကြချေ။ ထိုအစား သူတို့ ဖန်တီးရှင်များ၏ တံခါးဝဆီသို့ သွားရာလမ်းကို ရှာတွေ့သွားခဲ့ကြသည်။
ခြွင်းချက်မရှိပင် ထိုဓာတ်ခွဲခန်းကြွက်များက သူတို့၏ ဖန်တီးရှင်များကို နတ်ဘုရားများအဖြစ် ရှုမြင်ခဲ့ကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ယဉ်ကျေးမှုကြီးက ဤအမှတ်အသားကို အပြည့်အဝ လက်ခံလိုက်ကြပြီး သူတို့၏ မူလအမည်ကို စွန့်လွှတ်ကာ သူတို့ကိုယ်သူတို့ နတ်ဘုရားမျိုးနွယ်ဟု ခေါ်ဆိုခဲ့ကြပြီး ပိရမစ်ကြီးကို နတ်ဘုရားတိုင်းပြည်ဟု အမည်ပြောင်းလဲခဲ့ကြသည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသော အာကာသဟင်းလင်းပြင်ထဲ၌ နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီး ဆိုဖီယာက မိုဟန်၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် အေးစက်စွာ မေးလိုက်သည်။ "နင် ဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ။"
မိုဟန်က သူမ၏ မေးစေ့ကို မော့လိုက်ပြီး နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးကို လုံးဝ အထင်အမြင်သေးမှုများဖြင့် စိုက်ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးထဲတွင် မျက်စိကျိန်းမတတ် အလင်းရောင်တစ်ခု ဖြာထွက်လာ၏။
သောက်ကျိုးနည်းလှ၏။ ဤကဲ့သို့ အရေးကြီးနေသည့် အချိန်မျိုး၌ပင် အခြားသူများအားလုံးထက် ပိုမို လှပနေရန် လိုအပ်သေးသည်ဟု သူမက ခံစားနေရဆဲပင်။
ဆိုဖီယာက လှောင်ပြောင်လိုက်သည်။ "နင် မပြောရုံနဲ့ ငါ မသိဘူးလို့ တကယ် ထင်နေတာလား။ နင် ကြယ်သုံးပွင့် ဒေသဆီကို သွားနေတာပဲ။ နင်တို့လို အဆင့်နိမ့် သက်ရှိတွေက ငါတို့ဆီကနေ ဘာလျှို့ဝှက်ချက်မှ ဖုံးကွယ်ထားလို့မရဘူး။"
မိုဟန်က ပြန်အော်လိုက်သည်။ "နင် သောက်ချေးမှ မသိတာ။ ငါ ကြယ်သုံးပွင့် ဒေသကို သွားနေတာ မဟုတ်ဘူး။"
တုပိုင်က သူမကို နေသုံးစင်းရှိသည့် နေရာတစ်ခုဆီသို့ သွားရန်သာ ပြောခဲ့ခြင်းဖြစ်ပြီး ကြယ်သုံးပွင့် ဒေသဟု ခေါ်ဆိုခြင်းမှာ ရယ်စရာကောင်းလှကြောင်း မိုဟန်က စိတ်ထဲ၌ တွေးလိုက်၏။
ဆိုဖီယာ ခေတ္တမျှ အံ့အားသင့်သွားသည်။ ဤသည်မှာ သူတို့ ကိုယ်တိုင် ဖန်တီးထားခဲ့သည့် မျိုးနွယ်တစ်ခုပင်။ ဤနမူနာကောင်က မည်သို့လုပ်၍ ဤမျှ ဉာဏ်ရည် ချို့တဲ့နေရသည်နည်း။
တုပိုင်က မိုဟန်ကို ကြယ်သုံးပွင့် ဒေသအကြောင်း အမှန်တကယ်ပင် ပြောပြခဲ့ဖူးသော်လည်း သူမက ထိုကဲ့သို့ ရှုပ်ထွေးပြီး နားလည်ရခက်သော ဝေါဟာရများကို မှတ်သားထားရန် အလုပ်မရှုပ်ချင်ခဲ့ရုံသာ ဖြစ်၏။
ဆိုဖီယာက လှောင်ပြောင်လိုက်သည်။ "နင် နေသုံးစင်းရှိတဲ့ နေရာကို သွားနေတာ မဟုတ်ဘူးလား။ နင် ဒီလောက် အသည်းအသန် ပျံသန်းနေစရာ မလိုပါဘူး။ ငါ ကိုယ်တိုင် နင့်ကို အဲဒီကို ခေါ်သွားပေးမယ်။ ဒါမှ နင် အဲဒီ အဆင့်နိမ့် အထီးကောင်တိရစ္ဆာန်နဲ့ ပြန်ဆုံနိုင်မှာပေါ့။"
မိုဟန်၏ လည်ပင်းကို ဆုပ်ကိုင်ထားမှုအား ပိုမို တင်းကျပ်လိုက်လျက် သူမက ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပျောက်ကွယ်သွား၏။
ထိုအရာက အာကာသ ခုန်ပျံကျော်လွှားခြင်းပင်။ နောက်တစ်စက္ကန့်မှာပင် သူတို့သည် ခရီးပန်းတိုင်ဆီသို့ ရောက်ရှိလာကြသည်။ ဆိုဖီယာနှင့် မိုဟန်တို့မှာ ဆန်းကြယ်သော အာကာသနေရာတစ်ခု၌ ထွက်ပေါ်လာ၏။
မိုဟန်က သူမ၏ လှပသည့် မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝ အံ့သြမှင်တက်သွားသည်။ သူမ အမှန်တကယ်ပင် နေသုံးစင်းကို မြင်လိုက်ရ၏။ နေသုံးစင်းရှိသည့် ကမ္ဘာတစ်ခု အမှန်တကယ် ရှိနေသည်လား။
နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီး၏ အလင်းနှစ် ၄.၂ ကို ဖြတ်ကျော်သွားသည့် တစ်ကြိမ်တည်းသော အာကာသ ခုန်ပျံကျော်လွှားမှုနှင့်အတူ လက်တွေ့အချိန် လေးနှစ်ကျော် ကြာမြင့်သွားခဲ့လေပြီ။
မိုဟန်က ထိုရှုခင်းကို စွဲလမ်းစွာ စိုက်ကြည့်နေ၏။ နေသုံးစင်းက သူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ထဲ၌ တွဲလွဲခိုနေကြသည်။ တစ်စင်းက ရှေ့၌ ၊ တစ်စင်းက ဘယ်ဘက်၌ နှင့် နောက်တစ်စင်းက သူမ၏ အနောက်ဘက်၌ ဖြစ်၏။
သူတို့ ဖန်တီးထားသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပနေသော်လည်း ထိုနေသုံးစင်း၏ အလယ်၌ ပိတ်မိနေမည့် မည်သည့် ဂြိုဟ်အတွက်မဆို အကြွင်းမဲ့ ကပ်ဘေးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် မိုဟန်အတွက်မူ ဤနေရာက ကောင်းကင်ဘုံပင် ဖြစ်နေ၏။
သူမ၏ စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားနေနိုင်ပြီး စက္ကန့်နှင့်အမျှ ပိုမို အစွမ်းထက်လာလျက် ခန္ဓာကိုယ်ထဲ၌ လှိုင်းတက်လာသည်။
အရှေ့တိုင်းနဂါးများ၏ စွမ်းအင်မှာ နေမင်းကြီးထံမှ မြစ်ဖျားခံ၏။ သူတို့ နေမင်းကြီးနှင့် ပိုနီးကပ်လေ ၊ စွမ်းအင်များကို ပိုမို စုပ်ယူနိုင်လေပင်။ ဤနေရာ၌ စုစုပေါင်း နေသုံးစင်း၏ ဝန်းရံခြင်းကို ခံထားရသည်ဖြစ်ရာ လက်တွေ့အားဖြင့် နဂါးများ၏ ပရဒိသုဘုံပင် ဖြစ်နေတော့သည်။
သို့သော် အရေးကြီးသည့် အသိတစ်ခုက ဝင်ရောက်ရိုက်ခတ်လာသောအခါ မိုဟန်က သူမ၏ မိန်းမောနေမှုထဲမှ အလျင်အမြန် ရုန်းထွက်လိုက်၏။ သူမသည် နေသုံးစင်း၏ ဗဟိုချက်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း နောက်ထပ် မည်သည်ကို ဆက်လုပ်ရမည်နည်း။ တုပိုင်က သူမကို တစ်ခါမှ မပြောပြခဲ့ချေ။
ဆိုဖီယာက လှောင်ပြောင်လိုက်သည်။ "နင် နေသုံးစင်းရဲ့ ဗဟိုချက်ကို ရောက်သွားပြီ။ နင် လုပ်ချင်တာတစ်ခုခု ရှိရင် ရှေ့ဆက်ပြီး လုပ်လိုက်လေ။"
မိုဟန်က ခေါင်းယမ်းလိုက်၏။ သူမ အမှန်တကယ်ပင် ဘာမှ မသိချေ။ တုပိုင်က သူမကို ဤနေရာသို့ ပျံသန်းလာရန်သာ ရိုးရှင်းစွာ ပြောခဲ့ခြင်းဖြစ်ပြီး အစီအစဉ်၏ နောက်တစ်ဆင့်က မည်သည်ဖြစ်သည်နည်းကို တစ်ခုလေးမှပင် ထည့်မပြောခဲ့ပေ။
ဆိုဖီယာက လှောင်ပြောင်လိုက်သည်။ "တကယ်ကို ဦးနှောက်မရှိတဲ့ မျိုးနွယ်ပဲ။"
ထို့နောက် သူမက မိုဟန်၏ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး နောက်ထပ် အာကာသ ခုန်ပျံကျော်လွှားခြင်းတစ်ခုကို စတင်လိုက်၏။
**--**--**--**--**--**--**--**
နောက်တစ်စက္ကန့်မှာပင် မိုဟန်မှာ နတ်ဘုရားမျိုးနွယ် ပိရမစ်ကြီးအတွင်းရှိ ဓာတ်ခွဲခန်းတစ်ခုထဲ၌ ထွက်ပေါ်လာတော့သည်။ နောက်ထပ်တစ်ကြိမ် အချိန် လေးနှစ်ကျော် ကြာမြင့်သွားခဲ့ပြန်ပြီ ဖြစ်၏။
လက်ရှိအချိန်၌ တုပိုင်မှာ ကုတင်တစ်ခု၌ ချည်နှောင်ခံထားရဆဲဖြစ်ပြီး လုံးဝ မလှုပ်ရှားနိုင်ဘဲ စွမ်းအင်ဝင်္ကပါတစ်ခု၏ အကျဉ်းချခြင်းကို ခံထားရသည်။
အချိန်အနည်းငယ် ကြာပြီးနောက်၌ နတ်ဘုရားမျိုးနွယ်ဝင် ဒါဇင်နှင့်ချီ၍ အခန်းထဲသို့ ဝင်ရောက်လာကြ၏။ ပိန်လှီသော အစိမ်းရောင်အသားအရေနှင့် နတ်ဘုရားမျိုးနွယ်ဝင်က ခေါင်းဆောင်ဖြစ်သည့်ပုံ ပေါ်သည်။ သူက တစ်ချက် လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။ "ခေါ်လာခဲ့ပြီလား။"
ဆိုဖီယာက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့။ ဒါက စမ်းသပ်ခံ တုပိုင်နဲ့ စိတ်ဝိညာဉ်ရော စွမ်းအင်အရပါ ချိတ်ဆက်ထားတဲ့ အမတိရစ္ဆာန်ပါ။ ဒီချိတ်ဆက်မှုကြောင့် သူတို့ထဲက တစ်ယောက် အသက်ရှင်နေသရွေ့ အခြားတစ်ယောက်က သေဆုံးလို့ မရနိုင်ပါဘူး။ သူတို့က အသက်ကို မျှဝေတယ် ၊ စွမ်းအင်ကို မျှဝေတယ် ပြီးတော့ စိတ်စွမ်းအားကိုလည်း မျှဝေသုံးစွဲကြတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီအမတိရစ္ဆာန်လေးက ဦးနှောက် ပြင်းပြင်းထန်ထန် ပျက်စီးနေတာပါပဲ။"
အစိမ်းရောင် နတ်ဘုရားမျိုးနွယ်ဝင်က ခေါင်းညိတ်လိုက်၏။ "သူက ရိုးအလွန်းလို့သာ စိတ်ဝိညာဉ် ချိတ်ဆက်မှုကို ခြွင်းချက်မရှိ လက်ခံခဲ့တာ အတိအကျပဲ။ အကြွင်းမဲ့ ရာခိုင်နှုန်းပြည့် ယုံကြည်မှု မရှိဘဲနဲ့ သက်ရှိနှစ်ကောင်က စိတ်ဝိညာဉ် ချိတ်ဆက်မှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်မှာ မဟုတ်ဘူး။"
"ကောင်းပြီ။ အခု ဒီပဟေဠိကို ဖြေရှင်းပြီးသွားပြီဆိုတော့ ဒီပိုးကောင်တွေကို ရှင်းပစ်လိုက်ကြစို့။"
ဆိုဖီယာက အသိအမှတ်ပြုလိုက်၏။ "နားလည်ပါပြီ။ ဖျက်ဆီးခြင်း စွမ်းအင်ဝင်္ကပါတွေကို ပြင်ဆင်လိုက်ပါ။ သူတို့ကို တစ်ပြိုင်တည်း ကွပ်မျက်ဖို့အတွက် တစ်ထပ်တည်းတူညီတဲ့ ဝင်္ကပါနှစ်ခု လိုအပ်ပါလိမ့်မယ်။"
ရုတ်တရက် သူတို့၏ ပတ်လည်၌ မရေမတွက်နိုင်သော စွမ်းအင်ဝင်္ကပါများ ထွက်ပေါ်လာပြီး တုပိုင်နှင့် မိုဟန် နှစ်ယောက်လုံးကို တင်းကျပ်စွာ ပိတ်လှောင်လိုက်တော့သည်။
မိုဟန်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် မေးလိုက်သည်။ "ယောက်ျား... ဒီလူတွေက ဘယ်သူတွေလဲ။"
တုပိုင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ "တောသားတွေ"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။