← Chapters

အခန်း ၁၁၀၈

Vol. 106 Ch. 1108

အခန်း ၁၁၀၈

Vol. 106 Ch. 1108

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

နတ်ဘုရားမျိုးနွယ် ကောင်စီအတွင်း၌ မရေမတွက်နိုင်သည့် အဖွဲ့ဝင်များမှာ လေးလံသော တိတ်ဆိတ်မှုထဲ၌ နစ်မြုပ်နေကြပြီး စကားဆိုရန် သို့မဟုတ် ထွက်ခွာရန် ဆန္ဒမရှိကြချေ။

နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီး ဆိုဖီယာက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။ သူမက ပြုံးယောင်သန်းလျက် ချိုသာစွာ ပြောသည်။ "အရှင်တို့... စိတ်ဓာတ်ကျနေစရာ မလိုဘူး။ အနက်ရောင်တွင်းနက်ကြီးက စမ်းသပ်ခံ တုပိုင်နဲ့ မိုဟန်တို့ကို သတ်ပစ်လိုက်ပြီလေ။ ဒါက ဝမ်းသာစရာ ကိစ္စတစ်ခု မဟုတ်ဘူးလား။"

စမ်းသပ်ခံနှစ်ဦး သေဆုံးသွားသော်လည်း ထိုအရာက သူတို့၏ ထာဝရအသက်ရှင်ခြင်းဆီသို့ သွားရာ လမ်းကြောင်း ပြတ်တောက်သွားခြင်းကိုလည်း ဆိုလိုနေ၏။

သူမက နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... အဲဒီစမ်းသပ်ခံနှစ်ယောက်က အောက်တန်းကျတဲ့ မျိုးနွယ်ကလေ။ ဒါကို ငြင်းလို့မရဘူးမလား။"

နတ်ဘုရားမျိုးနွယ် အဖွဲ့ဝင်အားလုံးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ လူသား သိပ္ပံပညာရှင်များက စမ်းသပ်ခံ ကြွက်များ သို့မဟုတ် ဓာတ်ခွဲခန်းသုံး မျောက်များကို ဂရုစိုက်ကောင်း ဂရုစိုက်နိုင်သော်လည်း မျိုးနွယ်ချင်း တန်းတူအဖြစ် ဘယ်သောအခါမျှ သတ်မှတ်မည် မဟုတ်သည်နှင့် အတူတူပင်။

ဆိုဖီယာက အခိုင်အမာ ပြောသည်။ "တကယ်လို့ ငါတို့သာ အဲဒီ အောက်တန်းကျတဲ့ သက်ရှိနှစ်ကောင်ဆီကနေ မသေနိုင်ခြင်း လျှို့ဝှက်ချက်ကို ရှာတွေ့မယ်ဆိုရင် ရှက်စရာမကောင်းဘူးလား။ ငါတို့က အဲဒီ နှိမ့်ကျတဲ့ မျောက်တွေထက် နိမ့်ကျတယ်လို့ သက်သေပြနေသလို ဖြစ်မနေဘူးလား။ ဒါကြောင့် သူတို့သေသွားတာက ငါတို့ကို လမ်းမှန်ပေါ် ပြန်ရောက်သွားစေတာပဲ။"

"တုပိုင်က ငါတို့ စမ်းသပ်မှုရဲ့ မတော်တဆမှု သက်သက်ပဲ။ ဒါပေမဲ့ မတော်တဆ ဖြစ်လာတဲ့ မျောက်ကလည်း မျောက်ပါပဲ။ အခု သူ သေသွားပြီဆိုတော့ ငါတို့ ပြန်စုစည်းပြီး နောက်ထပ် စမ်းသပ်မှုအဆင့်ကို ဆက်လုပ်ကြမယ် ၊ လမ်းကြောင်းသစ် ရှာကြမယ်။"

စကားအဆုံး၌ ဆိုဖီယာက ထွက်ခွာရန် လှည့်ထွက်သွား၏။ ကျန်ရှိနေသည့် ကောင်စီဝင်များကလည်း ဆိုဖီယာနောက်သို့လိုက်ရန် အပြင်ဘက်သို့ ရွေ့လျားသွားကြသည်။

သို့သော် ထိုအချိန်လေးမှာပင် တုပိုင်၏ မျက်နှာက သူတို့ရှေ့၌ ရုတ်တရက် ပေါ်လာ၏။

တုပိုင်မှာ လုံးဝ သတိပေးချက်မရှိဘဲ ပေါ်ပေါက်လာကာ လူတိုင်းကို အလွန်အမင်း အံ့ဩတုန်လှုပ်သွားရသည်။ အထူးသဖြင့် ဆိုဖီယာမှာ တုန်လှုပ်မှုကြောင့် အကြောသေသွားသကဲ့သို့ ဖြစ်သွား၏။

'တုပိုင်က အခုထိ မသေသေးဘူးလား။'

တုပိုင် ရုတ်တရက်ကြီး ပြန်ပေါ်လာမည်ဟု သူမ အနေဖြင့် စိတ်ကူးထဲပင် ထည့်​ မယဥ်မိချေ။ အနက်ရောင်တွင်းနက်တစ်ခု ဆိုသည်မှာ စကြဝဠာအတွင်း သိရှိထားသမျှ အဖျက်စွမ်းအား အကြီးမားဆုံး လက်နက်တစ်ခု ဖြစ်၏။ နတ်ဘုရားမျိုးနွယ်တစ်ဦးကို ထိုအထဲသို့ ပစ်ချလိုက်လျှင်လည်း သေချာပေါက် သေဆုံးရမည်သာ။

ထိုသို့တိုင် ထိုမျောက်က ဤနေရာ၌ အသက်ရှင်လျက် ရှိနေ၏။ ထို့အပြင် စွမ်းအင်အဆင့်များကလည်း အရှိန်အဟုန်ဖြင့် ထိုးတက်နေသည်။ မျောက်သည် နတ်ဘုရားမျိုးနွယ်ဝင်တစ်ဦး ဖြစ်လာလေပြီ။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။

တစ်စက္ကန့်အကြာ၌ ဆိုဖီယာက တုန်လှုပ်မှုမှ သတိပြန်ဝင်လာ၏။ သူမက စူးရှစွာ အော်ဟစ်လိုက်သည်။ "သူ့ကို ချက်ချင်း ဖမ်း"

သူတို့ ယခင်က တုပိုင်ကို မသတ်နိုင်ခဲ့လျှင်ပင် ဖမ်းဆီးနိုင်ဆဲပင်။ သူ့ကို အိပ်မွေ့ချကာ ခွဲစိတ်လေ့လာနိုင်ပြီး ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ဖိချေဖျက်ဆီးကာ လွတ်လပ်ခွင့်ကို ထာဝရ ရုပ်သိမ်းပစ်နိုင်၏။

ရုတ်တရက်ဆိုသလို စွမ်းအင်စက်ရုပ် ဒါဇင်ပေါင်းများစွာက အခန်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသည်။

တုပိုင်က သူ၏ လက်ကို ဝှေ့ယမ်းရုံသာ ဝှေ့ယမ်းလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုစွမ်းအင်စက်ရုပ် ဒါဇင်ပေါင်းများစွာမှာ လုံးဝ ပျက်သုဉ်းသွားကြလေပြီ။

ထိုစက်ရုပ်များ၏ နောက်မှ ချက်ချင်းဆိုသလိုပင် နတ်ဘုရားမျိုးနွယ် စစ်သည် ရာပေါင်းများစွာက ပြေးဝင်လာကြသည်။ တုပိုင်က သူ၏ ဖြန့်ထားသည့် လက်ချောင်းလေးများကို ရုတ်တရက် ဆုပ်လိုက်၏။

ရုတ်တရက် စစ်သည်များ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိအားတစ်ခုကျဆင်းလာသည်။

ဖိအားက ရက်စက်ကြမ်းကြုတ်လွန်းလှ၏။ နတ်ဘုရားမျိုးနွယ်၌ပင် သေဆုံးနိုင်သည့် သတ်မှတ်ချက်တစ်ခု ရှိသည်။ အကယ်၍ သူတို့၏ ခန္ဓာကိုယ်များက သတ်မှတ်ချက်တစ်ခုကို ကျော်လွန်ကာ အဖြူရောင်ကြယ်ပုတစ်ခု၏ သိပ်သည်းဆထက် ကျော်လွန်သွားသည်အထိ ဖိသိပ်ခံရလျှင် သေဆုံးသွားကြမည်သာ။

တုပိုင် အနက်ရောင်တွင်းနက်ထဲသို့ ပစ်ချခံလိုက်ရချိန်က အမှန်တကယ်ပင် လုံးဝ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

သို့သော် ထိုကမောက်ကမဖြစ်စဉ်က တုပိုင်၏ အတွင်းပိုင်းတည်ဆောက်ပုံကို အခြေခံကျကျ ပြောင်းလဲသွားစေပြီး အဖြူရောင်တွင်းနက်တစ်ခုထဲမှ ပြန်လည်ထုတ်လွှတ်ကာ အသစ်တစ်ဖန် ပြန်လည်မွေးဖွား ရှင်သန်လာစေ၏။

သူသည် အခြား တိုက်ခိုက်ရေးနည်းလမ်းများကို လေ့လာရန် ဂရုမစိုက်သော်လည်း ဆွဲငင်အားကိုမူ ကျွမ်းကျင်ပိုင်နိုင်နေလေပြီ။ အနက်ရောင်တွင်းနက်တစ်ခု၏ ခန့်မှန်း၍မရနိုင်လောက်အောင် ကြီးမားလှသည့် ဧရာမ ဆွဲငင်အားများက သူ့ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

အနက်ရောင်တွင်းနက်၏ ပျက်သုဉ်းမှုမှတစ်ဆင့် ပြန်လည်မွေးဖွားလာချိန်၌ ထိုအရာ၏ အံ့မခန်းစွမ်းအား တစ်စိတ်တစ်ပိုင်းက တုပိုင်နှင့်အတူ ပြန်လည်မွေးဖွားလာ၏။ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သော်ငြား ထိုပမာဏက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းနေဆဲပင်။

"ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။"

နတ်ဘုရားမျိုးနွယ် စစ်သည် ရာပေါင်းများစွာမှာ သာမန်မျက်စိဖြင့် လုံးဝ မမြင်နိုင်တော့သည့်အထိ ဖိသိပ်ခံလိုက်ကြရသည်။ ထို့နောက် သူတို့သည် ပြာအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားကြ၏။ သူတို့ လုံးဝ သေဆုံးသွားကြလေပြီ။

ဆိုဖီယာက အသည်းအသန် အော်ဟစ်လိုက်သည်။ "အားလုံးပဲ ၊ အတူတူ တိုက်ခိုက်ကြ။ သူ့ကို သတ်။ သူ့ကို သတ်ပစ်။"

သူတို့၏ တုံ့ပြန်မှုက နတ်ဘုရားမျိုးနွယ်ဆိုသည့် အမည်နှင့် လုံးဝ မထိုက်တန်ချေ။ နတ်ဘုရားမျိုးနွယ်ဆိုသည်မှာ အထွတ်အထိပ် ဉာဏ်ပညာရှိသည့် ဖြစ်တည်မှုများ ဖြစ်သင့်၏။

တုပိုင် နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားကြောင်း သိလိုက်ရချိန်၌ သူတို့သည် အတိတ်က နာကြည်းမှုများကို ဘေးဖယ်ထားကာ သူ့အား အဖွဲ့အစည်းအတွင်းသို့ ကြိုဆိုသင့်ပြီး မသေနိုင်ခြင်း လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အရင်းအမြစ်များကို အသုံးပြုသင့်သည်။

သို့သော် ထိုသို့မဟုတ်ဘဲ ပထမဆုံး အသိစိတ်မှာ အကြောင်းပြချက်မဲ့သည့် သက်သက်သော ဒေါသသာ ဖြစ်နေ၏။ သူ့ကို သတ်ဖြတ်ရန် အသည်းအသန် ကြိုးပမ်းမှုအတွင်း၌ ထိုသူတို့ အသိဉာဏ် ကင်းမဲ့သွားကြလေပြီ။

အကယ်၍ တုပိုင်သာ နတ်ဘုရားအဆင့်သို့ မတက်လှမ်းနိုင်ဘဲ သာမန် ပြန်လည်ရှင်သန်လာခြင်းမျိုးဆိုလျှင် သူတို့၏ တုံ့ပြန်မှုက ဤမျှလောက် အစွန်းရောက်မည် မဟုတ်ချေ။ သို့သော် သူက နတ်ဘုရားတစ်ပါး... ထိုအထဲ၌မှ အားကောင်းသည့် နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းက ထိုသူတို့၏ မာနကို တစ်စစီ ရိုက်ချိုးပစ်လိုက်ခြင်းပင်။

ရုတ်တရက်ကြီး မျောက်တစ်ကောင်က ကိုယ့်ထက် ပိုဉာဏ်ကောင်းသွားသလိုပင်။ မာနကို ထိခိုက်သွား၏။

"ရွှစ်။ ရွှစ်။ ရွှစ်။"

မရေမတွက်နိုင်သည့် နတ်ဘုရားမျိုးနွယ် စစ်သည်များက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နေရာရွှေ့ပြောင်းလာကြပြီး တုပိုင်၏ ပတ်ပတ်လည်၌ ထွက်ပေါ်လာကာ အပြည့်အဝ ဝန်းရံလိုက်ကြ၏။

နေရာရှိ ထောင်ပေါင်းများစွာသော ကောင်စီဝင်များက သူ့အား သတ်ဖြတ်ရန် စွမ်းအားများကို အသည်းအသန် ထုတ်လွှတ်လိုက်ကြသည်။

တုပိုင်သည်လည်း မျ​က်နှာသေဖြင့်ပင် ထိပ်တိုက် ရင်ဆိုင်လိုက်၏...။ ထောင်နှင့်ချီသည့် နတ်ဘုရားမျိုးနွယ်ဝင်များကို တစ်ယောက်တည်း ရင်ဆိုင်လိုက်ခြင်းပင်...။

တုပိုင်က ကျယ်လောင်စွာ ဟိန်းဟောက် ကြုံးဝါးလိုက်သည်။ "နျူကလီးယား ပေါင်းစပ်တိုက်ခိုက်မှု။"

ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် ထရီတီယမ် ဒြပ်စင်များကို အတင်းအကျပ် ထုတ်ယူလိုက်၏။ ထိုအရာများကို ပိုမိုများပြားစွာ စုစည်းလာစေပြီး သိပ်သည်းလှသည့် ရုပ်ပိုင်းဆိုင်ရာ စက်လုံးတစ်ခုအဖြစ်သို့ လျင်မြန်စွာ ဖိသိပ်ပစ်လိုက်သည်။ ထရီတီယမ်ဒြပ်စင်များကို အဆုံးစွန်အထိ ဖိသိပ်ပစ်လိုက်ရာ ဘတ်စကတ်ဘောအရွယ်အစားရှိသည့် ဘောလုံးတစ်လုံး ဖြစ်ပေါ်လာ၏။

ထို့နောက် တုပိုင် ထိုစက်လုံးကို စတင် မီးညှိလိုက်၏။

"ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။ ဘုန်းးး။"

ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေမည့် နျူကလီးယား ပေါင်းစပ်ပေါက်ကွဲမှုကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ဘတ်စကတ်ဘောအရွယ် စက်လုံးလေးက သေးငယ်သည့် နေတစ်စင်း၏ ပြင်းအားဖြင့် ပေါက်ကွဲထွက်သွားသည်။

ထိုသေးငယ်လှသည့် နေလေး၏ ပေါက်ကွဲမှုစွမ်းအားမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားလှပြီး ကမ္ဘာမြေပေါ်ရှိ မည်သည့် ဟိုက်ဒရိုဂျင်ဗုံးထက်မဆို မရေမတွက်နိုင်အောင် အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ဤပေါက်ကွဲမှုက အနက်ရောင် သရဖူကို တစ်စစီ ရိုက်ချိုးပစ်ရန် မလုံလောက်ချေ။ အနက်ရောင် သရဖူမှာ နတ်ဘုရားများ၏ ဒြပ်ပစ္စည်းတစ်ခု ဖြစ်ပြီး သေးငယ်သော နေတစ်စင်း၏ ပေါက်ကွဲမှုက ထိုနတ်ဘုရားများကို ချက်ချင်း လက်ငင်း သတ်ဖြတ်ပစ်နိုင်မည် မဟုတ်ပေ။ သို့သော် ထိုပေါက်ကွဲမှုက ခန္ဓာကိုယ်များကို လျင်မြန်စွာ ပြန့်ကားသွားစေပြီး ပြန့်ကျဲသွားစေနိုင်၏။ အခြေခံအားဖြင့် ထိုအရာက သူတို့ကို အလွန်အမင်း အပူပေးလိုက်ခြင်းပင်။

ပေါက်ကွဲမှုအပြီး ချက်ချင်းဆိုသလိုပင် တုပိုင်က ဆွဲငင်အားဖိအားကို ထုတ်လွှတ်လိုက်ပြီး အလွန်အမင်း အပူပေးခံထားရသည့် နတ်ဘုရားမျိုးနွယ်များကို လျင်မြန်စွာ ဖိသိပ်ပစ်ရန် အတင်းအကျပ် လုပ်ဆောင်လိုက်၏။

ဤသည်မှာ အရာဝတ္ထုတစ်ခုကို အလွန်အမင်း အပူပေးပြီးနောက် ချက်ချင်း အေးခဲပစ်လိုက်ခြင်းနှင့် တူညီကာ မူလစွမ်းအားများ ပေါင်းစပ်ထားသည်ထက် များစွာ ပိုမို ကြီးမားလှသော အဖျက်စွမ်းအားတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

ပိုမို ရိုးရှင်းသည့် ဥပမာတစ်ခုကို သုံးရလျှင် အကယ်၍ သံမဏိချောင်းတစ်ခုကို အနုတ် တစ်ရာ ဒီဂရီစင်တီဂရိတ်ရှိ အေးခဲနေသော ပတ်ဝန်းကျင်၌ ထားရှိပါက တစ်စစီ ကွဲကြေလောက်အောင် ကြွပ်ဆတ်သွားရန် နာရီပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။ သို့သော် အရည်ပျော်နေသည့် သံမဏိရည်အဖြစ် အရင် အရည်ဖျော်ပြီးနောက် ချက်ချင်း အေးခဲပစ်လိုက်မည်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်စစီ ကွဲကြေသွားပေလိမ့်မည်။

ရလဒ်ကတော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လှပလှသည့် မြင်ကွင်းတစ်ခုပင်။

နတ်ဘုရားမျိုးနွယ်များမှာ ပထမဦးစွာ တုပိုင်၏ နျူကလီးယား ပေါင်းစပ်ပေါက်ကွဲမှုကြောင့် ပြန့်ကားသွားရပြီးနောက် ဆွဲငင်အားဖိအားကြောင့် ရက်စက်ကြမ်းကြုတ်စွာ ဖိသိပ်ခံလိုက်ကြရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားမျိုးနွယ် စစ်သည်များမှာ တစ်ယောက်ပြီး တစ်ယောက် တည်ရှိမှုမှ ဖျက်ဆီးခံလိုက်ရ၏။ ကောင်စီဝင်များမှာလည်း လေထဲ၌ လုံးဝ ပျောက်ကွယ်သွားကြရ၏။

ဤသည်မှာ ပြန်လည်ရှင်သန်ရန် အခွင့်အရေး လုံးဝမရှိတော့သည့် အစစ်အမှန် သေဆုံးခြင်းပင်။

**--**--**--**--**--**--**--**

နတ်ဘုရားအဆင့် တိုက်ပွဲများမှာ ရက်စက်ကြမ်းကြုတ်လောက်အောင် ရိုးရှင်းလှပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးကျယ်ခမ်းနားလှ၏။

တုပိုင်က နျူကလီးယား ပေါင်းစပ် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဆွဲငင်အားဖိအားတို့ကို အဆက်မပြတ် တစ်လှည့်စီ အသုံးပြုနေသည်။ ထို့အပြင် သူသည် သူ့ကိုယ်သူကို ကာကွယ်ရန်ပင် ဂရုမစိုက်ချေ။ မရေမတွက်နိုင်သည့် နတ်ဘုရားမျိုးနွယ်များ၏ ပေါင်းစပ်စွမ်းအားများကို သူ့အား လာရောက်ထိမှန်ရန် ရိုးရှင်းစွာပင် ခွင့်ပြုထားလိုက်၏။

ခန္ဓာကိုယ် ဖိချေခံလိုက်ရလျှင်ရော ဘာဖြစ်သနည်း။ သူသည် အမှန်တကယ်ပင် မသေနိုင်သည့် ဖြစ်တည်မှုတစ်ခုပင်။

တုပိုင်မှာ အမှုန့်ကြိတ်ခံလိုက်ရသော်လည်း အကြိမ်ကြိမ်အခါခါ ပြန်လည်ရှင်သန်လာ၏။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများက ရပ်တန့်မသွားချေ။

လက်ရှိ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာရန် မရေမတွက်နိုင်သည့် ကပ်ဘေးဆိုးကြီးများမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ရှေးဟောင်း နတ်ဘုရားမျိုးနွယ်များမှာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားကြ၏။

တုပိုင်က သူတို့ထက် အလွန်အမင်း ပိုမို အားကောင်းနေရန် မလိုအပ်ပေ။ မသေနိုင်ခြင်းကပင် လုံလောက်သည်ထက် ပိုနေ၏။ တုပိုင် သူ၏ ရှေ့မှောက်၌ ရပ်တန့်နေသည့် နတ်ဘုရားမျိုးနွယ်ဝင်တိုင်းကို သတ်ဖြတ်ပစ်လိုက်သည်။

နာရီအနည်းငယ်အတွင်း၌ပင် သတ်ဖြတ်မှုကြီး ပြီးဆုံးသွား၏။ ကောင်စီခန်းမထဲရှိ နတ်ဘုရားမျိုးနွယ်ဝင်တိုင်း အသတ်ခံလိုက်ရလေပြီ။ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်တော့သည်။ ဆိုဖီယာပင်။

တုပိုင်က ထိုနတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးထံသို့ ချဉ်းကပ်သွားလိုက်၏။ ထို့နောက် ဆိုဖီယာ၏ လည်ပင်းကို ဆုပ်ကိုင်လျက် မဲ့ပြုံးပြုံးလိုက်သည်။ "အို... မွန်မြတ်တဲ့ နတ်ဘုရားမျိုးနွယ် မင်းသမီး ဆိုဖီယာ။ ငါ့လက်ထဲ ရောက်သွားပြီ ထင်တယ်။"

ထို့နောက် ဆိုဖီယာ၏​ ခေါင်းအား အောက်သို့ အတင်းအကျပ် ဖိချလိုက်ပြီး အေးစက်ခက်ထန်စွာ ပြောလိုက်သည်။

"ဒူးထောက်စမ်း။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၀၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters