← Chapters

အခန်း ၁၁၁၀

Vol. 106 Ch. 1110

အခန်း ၁၁၁၀

Vol. 106 Ch. 1110

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ဧရာမ ပိရမစ်ကြီးထဲ၌ နေထိုင်သည့် နတ်ဘုရားမျိုးနွယ်ဝင် သန်းနှင့်ချီ ရှိနေ၏။ သန်းပေါင်းများစွာသော ရန်သူများကို တုပိုင် တစ်ယောက်တည်းဖြင့် သတ်ဖြတ်နိုင်မည်လား။ သေချာပေါက် မဖြစ်နိုင်ချေ။ လုံးဝကို မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင်။

ဆွဲငင်အား အကျဉ်းထောင်အကြောင်း သူ မသိဘူးလား ဟု မေးရလျှင် သေချာပေါက် သိထားပြီးဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဤစွမ်းအင်ပိရမစ်ကြီးက ကီလိုမီတာ တစ်ထောင်ကျော် အချင်းရှိသည့် ဂြိုဟ်ရံလတစ်ခုကို အသေးစား အနက်ရောင်တွင်းနက်လေးတစ်ခု ဖြစ်သွားသည်အထိ ဖိသိပ်ပစ်သည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ရသည် မဟုတ်ပါလား။

ဆွဲငင်အားဖြင့် ဖန်တီးထားသည့် အကျဉ်းထောင်တစ်ခုထဲမှ အလွယ်တကူ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိထားသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဆန္ဒအလျောက် ရောက်လာရသည်နည်း။ သူရူးသွားပြီလော...။ သေချာပေါက် မဟုတ်ချေ။

ဤနယ်ပယ်သည် ကြယ်သုံးပွင့် ဒေသထဲ၌ တည်ရှိနေ၏။ ပရမ်းပတာဖြစ်နေသည့် နေသုံးစင်းက ထာဝရ မတည်ငြိမ်သော အခြေအနေတစ်ခု၌ တည်ရှိနေကြပြီး သူတို့၏ လမ်းကြောင်းများကို ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ ဆွဲငင်အား အကျဉ်းထောင်ကို စွမ်းအင်ပိရမစ်ကြီးက တည်ဆောက်ထားခြင်းဖြစ်ပြီး ဤနေသုံးစင်း၏ ဧရာမ ဆွဲငင်အားကို တိုက်ရိုက် ရယူထားခြင်း ဖြစ်သည်။

သို့သော်... သီးသန့် အခိုက်အတန့်တစ်ခုတော့ ရှိနေ၏။ နေသုံးစင်းက ထူးခြားသည့် လမ်းကြောင်းတစ်ခုတည်း၌ တန်းစီသွားချိန်၌ နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးက နေသုံးစင်း၏ ပတ်ကြောင်းစနစ်၏ အကြွင်းမဲ့ ဆွဲငင်အား ဗဟိုချက်ထဲ၌ ကျရောက်သွားမည် ဖြစ်သည်။

ထိုစက္ကန့်လေးမှာပင် နေသုံးစင်း၏ ဆွဲငင်အားများက အချင်းချင်း ပြီးပြည့်စုံစွာ ချေဖျက်သွားကြမည် ဖြစ်သဖြင့် ပိရမစ်ကြီးအပေါ် ကျရောက်နေသည့် ဆွဲငင်အားများက ချက်ချင်း သုညအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုစက္ကန့်လေးမှာပင် တုပိုင်အား ချည်နှောင်ထားသော ဆွဲငင်အား အကျဉ်းထောင်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ်အတွက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အချက်မှာ စွမ်းအင်ပိရမစ်ကြီးက နေစွမ်းအင်ကို စုပ်ယူနိုင်ဆဲဖြစ်သော်လည်း သူ၏ ဆွဲငင်အား အူတိုင်ကိုတော့ လုံးဝ ဆုံးရှုံးသွားမည် ဖြစ်ခြင်းပင်။ ဆိုလိုသည်မှာ ပိရမစ်ကြီးသည် အကြွင်းမဲ့ စွမ်းအားနှင့် ထိုးဖောက်၍မရနိုင်သော ကာကွယ်မှု နှစ်ခုလုံးကိုပါ ဆုံးရှုံးသွားရမည် ဖြစ်သည်။

ထိုခဏတာ အချိန်လေးအတွင်းမှာပင် နတ်ဘုရားမျိုးနွယ်တစ်ခုလုံးကို မျိုးဖြုတ်သတ်ဖြတ်ရန် တုပိုင်ထံ၌ အခွင့်အရေး ရရှိလာမည် ဖြစ်၏။

**--**--**--**--**--**--**--**

ထိုသို့ဆိုလျှင် ပိရမစ်ကြီးက ထိုအကြွင်းမဲ့ ဆွဲငင်အား ဗဟိုချက်ထဲသို့ မည်သည့်အချိန်၌ ဝင်ရောက်မည်နည်း။ အတိအကျဆိုရလျှင် နောက်ထပ် ဆယ့်ကိုးစက္ကန့်အကြာ၌ ဖြစ်၏။

ဤအချက်ကို တုပိုင်က မည်သို့ သိရှိနေသနည်း။ အကြောင်းမှာ သူကိုယ်တိုင် မြင်တွေ့ရသောကြောင့်ပင်။ ဟုတ်သည်။ သူ အနာဂတ်ကို မြင်တွေ့ခဲ့ရ၏။

အနက်ရောင်တွင်းနက်ထဲသို့ ပထမဆုံး ဝင်ရောက်သွားချိန်က တုပိုင် မည်သည့်အရာကိုမျှ မသိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ ချက်ချင်းပင် သေဆုံးသွားခဲ့သောကြောင့် ဖြစ်၏။

သို့သော် ထိုတွင်းနက်လေး သက်တမ်းကုန်ဆုံးသွားချိန်၌ အဖြူရောင်တွင်းနက်တစ်ခုအဖြစ် ပြိုကျသွားပြီး ဝါးမျိုထားသမျှ အရာအားလုံးကို အကြမ်းပတမ်း ပေါက်ကွဲထွက်ကာ ပြန်လည်ထုတ်လွှတ်ခဲ့သည်။ ထိုအထဲ၌ တုပိုင်လည်း အပါအဝင်ပင်။

အလွန်အမင်း ပြင်းထန်လှသည့် အရှိန်အဟုန်ဖြင့် ထုတ်လွှတ်ခံရပြီးနောက် တုပိုင်သည် အလွန်တရာ ဆန်းကြယ်ပြီး ထူးဆန်းလှသော ဖြစ်တည်မှုအခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုခဏတာ အခြေအနေလေးအတွင်း၌ သက်ရှိများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည့် အရာများ ၊ နတ်ဘုရားမျိုးနွယ်၏ အမြင့်မားဆုံး ဉာဏ်ပညာထက်ပင် ကျော်လွန်သော အရာများကို မြင်တွေ့ခဲ့ရသည်။

ထိုအမြင်အာရုံများကြား၌ သူ အနာဂတ်ကို မြင်တွေ့ခဲ့ရ၏။ ပရမ်းပတာဖြစ်နေသည့် နေသုံးစင်း၏ လမ်းကြောင်းများကို မြင်တွေ့ရသလို နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးက အကြွင်းမဲ့ ဆွဲငင်အား ဗဟိုချက်ထဲသို့ ကျရောက်သွားပြီး ဆွဲငင်အား စွမ်းအင်အားလုံး ချက်ချင်း ဆုံးရှုံးသွားမည့် အတိအကျ အချိန်အခါကိုပါ မြင်တွေ့ရသည်။

သူတို့၏ သမိုင်းကြောင်း တစ်လျှောက်လုံး၌ ပိရမစ်ကြီးက ဤအကြွင်းမဲ့ ဗဟိုချက်ထဲသို့ နှစ်ကြိမ်သာ ရောက်ရှိခဲ့ဖူးပြီး အနီးစပ်ဆုံး အကြိမ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးသောင်းကျော်က ဖြစ်၏။

ထိုသည်မှာ နတ်ဘုရားမျိုးနွယ်အတွက် အထိခိုက်အလွယ်ဆုံး အချိန်အခိုက်အတန့်ပင်။ ပိရမစ်ကြီးက ဆွဲငင်အား အကာအကွယ်ကို ဆုံးရှုံးသွားသည့် စက္ကန့်လေး၌ လုံးဝ ကာကွယ်နိုင်စွမ်းမဲ့ သွားမည် ဖြစ်သည်။ သို့သော် ထိုအချိန်လေးက ခဏသာ ကြာမြင့်ပြီး နေသုံးစင်းက သူတို့၏ လမ်းကြောင်းများကို လျင်မြန်စွာ ထပ်မံပြောင်းလဲသွားမည် ဖြစ်၏။ ထို့ကြောင့် နတ်ဘုရားမျိုးနွယ်က ပုံမှန်အားဖြင့် အစစ်အမှန် အန္တရာယ်ကို ရင်ဆိုင်ရလေ့ မရှိကြချေ။

လက်ရှိအချိန်၌ ထိုအရေးကြီးသည့် အလှည့်အပြောင်း မရောက်မီ အတိအကျ ဆယ့်ငါးစက္ကန့်သာ လိုတော့သည်။

ဆိုဖီယာက လှောင်ပြောင်လိုက်သည်။ "ဟမ့်... အောက်တန်းကျတဲ့ မျောက်... နင့်ရဲ့ မျောက်မလေး ပေါ်လာမှာကို မျှော်လင့်နေတာလား။ ကိုယ်ပွားလေးတစ်ခု သက်သက်ဆိုရင်တောင်မှလား။"

သူမက လှည့်ထွက်သွားရင်း အမိန့်ပေးလိုက်သည်။ "ရန်ယဲ့ရှောင်ရဲ့ ကိုယ်ပွားကို စတင် ဖန်တီးလိုက်တော့..."

တုပိုင်က တိတ်ဆိတ်စွာပင် ဆက်လက် ရေတွက်နေ၏။

"ကိုး ၊ ရှစ် ၊ ခုနစ်..."

ရန်ယဲ့ရှောင်၏ ကိုယ်ပွားတစ်ခုကို ဖန်တီးရန် သူ ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ချေ။

ဆိုဖီယာက ခနဲ့တဲ့တဲ့ လှောင်ပြောင်လိုက်သည်။ "သူ အခု ပေါ်လာတော့မယ်... ပြီးတော့ ဒီအပြင်ဘက် အတိအလင်းကြီးမှာပဲ။ မကြာခင် ငါ့ပတ်ဝန်းကျင်မှာ စုဝေးနေကြတဲ့ ကောင်စီက အမျိုးသားအဖွဲ့ဝင်တွေ အများကြီး သူ့ရဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ခံစားကြည့်ရှုရတော့မယ်။ ဒါပေမဲ့ ဝန်ခံရရင် မျောက်မတစ်ကောင်ရဲ့ အဝတ်ဗလာ ခန္ဓာကိုယ်မှာ ဘာတွေများ သဘောကျစရာ ရှိလဲဆိုတာ ငါတော့ မသိပါဘူးလေ။"

"ထွက်လာစမ်း။"

ဆိုဖီယာက ထိန်းချုပ်မျက်နှာပြင်ပေါ်သို့ လက်ဖြင့် ရုတ်တရက် ဖိချလိုက်၏။

ထိုအချိန်လေးမှာပင်... နေသုံးစင်းက သူတို့၏ အကြွင်းမဲ့ လမ်းကြောင်းများထဲသို့ သော့ခတ် ဝင်ရောက်သွားကြလေပြီ။ နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးတစ်ခုလုံးက အကြွင်းမဲ့ ဆွဲငင်အား၏ ဗဟိုချက်ထဲသို့ ကျဆင်းသွား၏။

ဧရာမ ဆွဲငင်အားကြီးက ချက်ချင်း သုညအဖြစ်သို့ ကျဆင်းသွားပြီး ပိရမစ်ကြီး၏ အကြွင်းမဲ့ ကာကွယ်မှုကလည်း ပျောက်ကွယ်သွားလေပြီ။

ရလာဒ်အနေဖြင့် တုပိုင်အား ပိတ်လှောင်ထားသည့် ဆွဲငင်အား အကျဉ်းထောင်သည်လည်း တစ်စစီ ကွဲကြေသွား၏။

"ဘုန်းးး။"

မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်က လုံးဝ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၌ရှိသမျှ စွမ်းအားအားလုံးကို ထုတ်လွှတ်ပြီး ပိရမစ်ကြီးအား တိုက်ခိုက်လိုက်သည်။

စိတ်ကူး၍မရနိုင်လောက်သော စွမ်းအားကြီးတစ်ခု ပေါက်ကွဲထွက်လာ၏။

အက်ကွဲကြောင်း တစ်ခုပေါ်လာသည်။

ပိရမစ်ကြီးက အကာအကွယ်များ ကင်းမဲ့နေချိန်၌ပင် တုပိုင်၏ အစွမ်းကုန် တိုက်ခိုက်မှုက ထိုအရာကို အက်ကွဲသွားစေရန်သာ တတ်နိုင်ခဲ့သည်။

သို့သော် ထိုအက်ကွဲကြောင်းတစ်ခုကပင် သူ လိုအပ်နေသည့် အရာဖြစ်၏။ ပိရမစ်ကြီးက အကြွင်းမဲ့ ပြီးပြည့်စုံမှုအပေါ် မှီခိုနေရခြင်း ဖြစ်သည်။ အပြစ်အနာအဆာ တစ်ခုရှိခြင်းက လုံးဝ ပျက်သုဉ်းခြင်းကို ဆိုလို၏။

ဤသည်က အာကာသဟင်းလင်းပြင်ထဲ၌ မျောလွင့်နေသော အာကာသယာဉ်မှူးတစ်ဦးနှင့် ဆင်တူကာ သူတို့၏ ဦးထုပ်ပေါ်ရှိ အသေးငယ်ဆုံးသော ဆံခြည်မျှင် အက်ကွဲကြောင်းလေး တစ်ခုကပင် သေချာပေါက် သေဆုံးခြင်းကို ဖြစ်ပေါ်စေမည်သာ။

ခဏတာမျှသာ အချိန်ယူလိုက်ရ၏။

နေသုံးစင်းက သူတို့၏ ပရမ်းပတာ လှုပ်ရှားမှုကို ပြန်လည်စတင်ပြီး ပိရမစ်ကြီးကလည်း အကြွင်းမဲ့ ဆွဲငင်အား ဗဟိုချက်ထဲမှ လွတ်ထွက်သွားကာ ဧရာမ ဆွဲငင်အားကို ချက်ချင်း ပြန်လည်ရရှိသွားသည်။

သို့သော် ကပ်ဘေးဆိုးကြီးက စတင်နေလေပြီ။

ပိရမစ်ကြီးက ပြည့်စုံတော့ချေ။ ရလာဒ်အနေဖြင့် ဆွဲငင်အားများက ထိုအရာကို ထပ်မံ မကာကွယ်ပေးတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် အဆောက်အအုံကြီးကို အတွင်းဘက်မှနေ၍ တစ်စစီ စတင် ဆွဲဖြဲပစ်လိုက်သည်။

အက်ကွဲကြောင်း တစ်ခုက ပိရမစ်ကြီး၏ ပြီးပြည့်စုံသည့် မျှတမှုကို လုံးဝ ချိုးဖျက်ပစ်လိုက်ခြင်းပင်။

**--**--**--**--**--**--**--**

"မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ မဖြစ်ဘူး။"

ဆိုဖီယာနှင့် အခြား ကောင်စီ ခေါင်းဆောင်များမှာ ကျယ်ပြန့်လာနေသော အက်ကွဲကြောင်းကြီးကို ကြောက်လန့်တကြား စိုက်ကြည့်နေကြ၏။ ကမ္ဘာပျက်မည့် နေ့ရက်ကို မျက်မြင်တွေ့နေရသကဲ့သို့ပင်။

မျှော်လင့်ချက်မဲ့နေသည့် အော်ဟစ်သံများက လေထုထဲ၌ ပြည့်နှက်သွားသည်။

"မဖြစ်ဘူး ၊ မဖြစ်ဘူး ၊ မဖြစ်ဘူး။"

နတ်ဘုရားမျိုးနွယ်ဝင် တစ်ဦးက သန့်စင်သည့် စွမ်းအင်တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားကာ သူ၏ ကိုယ်ပိုင်စွမ်းအင်တို့ဖြင့် အသည်းအသန် ပိတ်ဆို့ရန် ကြိုးစား၏။

လုံးဝ အချည်းနှီးသာ ဖြစ်၏။

နေသုံးစင်းက သူတို့၏ မမှန်ကန်သည့် လည်ပတ်မှုကို ဆက်လက်လုပ်ဆောင်နေပြီး ပိရမစ်ကြီးကို အကြမ်းပတမ်း ဆွဲငင်နေသည့် ပရမ်းပတာ ဆွဲငင်အား လှိုင်းများကို ထုတ်လွှတ်နေသည်။ အက်ကွဲကြောင်းများက ပျံ့နှံ့သွားပြီး စက္ကန့်နှင့်အမျှ ပိုမို ကျယ်ပြန့်လာကာ ပိုမို နက်ရှိုင်းလာ၏။

ဆိုဖီယာက တုပိုင်အား စူးရှစွာ အော်ဟစ်လိုက်သည်။ "နင် ရူးနေပြီ။ နင် လုံးဝ ရူးသွပ်နေပြီပဲ။ နင်က ပိရမစ်ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို့လား။ နင် ငါတို့လူမျိုး သန်းပေါင်းများစွာကို သတ်တော့မယ်။ နင် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးကို မျိုးဖြုတ်တော့မယ်။"

"ဝုန်းးး ဝုန်းးး" နေရာတစ်ခုလုံး အကြမ်းပတမ်း တုန်လှုပ်သွား၏။ ကပ်ဘေးဆိုးကြီး စတင်လေပြီ။ နတ်ဘုရားမျိုးနွယ်၏ အဆုံးသတ် ရောက်ရှိလာလေပြီ။

နေသုံးစင်း၏ ပရမ်းပတာဖြစ်ကာ လွှမ်းမိုးနိုင်လွန်းလှသော ဆွဲငင်အားများက ပိရမစ်ကြီးကို ရက်စက်ကြမ်းကြုတ်စွာ ဆွဲဖြဲပစ်လိုက်သည်။ အက်ကွဲကြောင်းများ များပြားလာသည်နှင့်အမျှ ဧရာမ အဆောက်အအုံကြီးမှာ တစ်စစီ ဆွဲဖြဲခံရမည့် ဆဲဆဲအခြေအနေသို့ ရောက်ရှိလာ၏။

တုပိုင်က ဆိုဖီယာထံသို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။ သူ၏ မျက်လုံးများက အကြွင်းမဲ့ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေကာ လှောင်ပြုံးပြုံး၏။

"ဟားဟား... မင်းတို့က ဉာဏ်ကောင်းတဲ့ သေမျိုးသာသာပါပဲ။ ဒါကို နတ်ဘုရားမျိုးနွယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သရဖူဆောင်းပြီး အမြင့်မှာ နေရာယူရဲတယ်ပေါ့။ ငါ့ကို အောက်တန်းကျတဲ့ မျိုးနွယ်က မျောက်တစ်ကောင်လို သဘောထားပြီး အထင်သေးရဲတယ်ပေါ့။ ဒါပေမဲ့... ကိုယ်ပိုင် ဉာဏ်ပညာကို အားကိုးပြီး ဒီမျောက်ကပဲ မင်းတို့ နတ်ဘုရားမျိုးနွယ် သန်းပေါင်းများစွာထဲက နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ သတ်တော့မယ်။"

"ဒီပိရမစ်ကြီးထဲကို ငါ မဝင်လာခင်တုန်းက ကံကြမ္မာကို ခြယ်လှယ်ဖို့ ရဲဝံ့သူတိုင်းကို... သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလို့ ခေါ်ရင်တောင်မှ စစ်ခင်းမယ်လို့ ငါ သစ္စာဆိုခဲ့တယ်။ ငါ တုပိုင်က မင်းတို့ မျိုးနွယ်တစ်ခုလုံးကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ ကြေညာခဲ့တယ်။"

"အခု... ငါကိုယ်တော်က... မင်းတို့ ဖျက်ဆီးခဲ့တဲ့ နဂါးတွေအားလုံး ၊ မိစ္ဆာတွေအားလုံးနဲ့ လူသားတွေအားလုံးအတွက် လက်စားချေမယ်။"

ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် တုပိုင်က လက်ကို မြှောက်ကာ သူမအပေါ်သို့ အကြမ်းပတမ်း ထိုးချလိုက်၏။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

ဤသည်က သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု မဟုတ်ချေ။ ဧရာမ စွမ်းအားများဖြင့် ပြည့်နှက်နေသည့် ထိုးနှက်ချက်တစ်ခုပင်။ လက်သီးချက်တိုင်းက ကပ်ဘေးဆိုက်စေမည့် နျူကလီးယား ပေါက်ကွဲမှုတစ်ခုကဲ့သို့ ကျဆင်းလာသည်။ တုပိုင်က အဆုံးမဲ့ ဒေါသများကို ထုတ်လွှတ်ကာ ဆိုဖီယာအား အဆက်မပြတ် ထိုးကြိတ်၏။

ခဏတာအတွင်းမှာပင် ဆိုဖီယာမှာ တုပိုင်၏ လက်ဖြင့် သေသည်အထိ အရိုက်ခံရလေပြီ။ အမှုန့်ကြိတ်ခံရပြီး ပြာနှင့် ဖုန်မှုန့်များအဖြစ် လွင့်စင်သွားကာ တည်ရှိမှုမှ လုံးဝ ဖျက်ဆီးခံလိုက်ရ၏။

ပြိုကျနေသည့် ဟင်းလင်းပြင်ကြီးထဲသို့ တုပိုင်က အော်ဟစ် ကြုံးဝါးလိုက်သည်။ "အဖေ ၊ အမေ ၊ နဂါးတွေအားလုံးနဲ့ နတ်ဘုရားတွေအားလုံး... ခင်ဗျားတို့အတွက် ကျွန်တော် လက်စားချေပေးမယ်။ ဒီ နတ်ဘုရားအတုတွေကို မျိုးသုဥ်းအောင် သတ်ဖြတ်ပစ်မယ်။"

တုပိုင်၏ ကြုံးဝါးသံကြီးနှင့်အတူ ဧရာမ ပိရမစ်ကြီးမှာ နေသုံးစင်း၏ ပရမ်းပတာ ဆွဲငင်အားကြောင့် ထက်ပိုင်း ဆွဲဖြဲခံရလိုက်၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters