← Chapters

အခန်း ၁၁၁၁

Vol. 106 Ch. 1111

အခန်း ၁၁၁၁

Vol. 106 Ch. 1111

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

စကြဝဠာကြီးကိုပင် တုန်ဟည်းသွားစေသည့် အသံကြီးများက ဟင်းလင်းပြင် အပြင်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ထိုသည်မှာ ပေါက်ကွဲမှု မဟုတ်ဘဲ အကြမ်းပတမ်း ဆွဲဖြဲခံရခြင်းပင်။

နေသုံးစင်း၏ ကြမ်းကြုတ်လှသည့် ဆွဲငင်အားထဲ ကျရောက်ပြီးနောက် ဧရာမ နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးမှာ ဆွဲဖြဲခံရတော့သည်။ ပိရမစ်ကြီးအတွင်းရှိ ဓာတ်ခွဲခန်းများ ၊ စွမ်းအင် အခင်းအကျင်းများနှင့် ကျယ်ပြန့်လှသည့် အတွင်းပိုင်း နေရာများမှာ လုံးဝကို ပျက်စီးသွား၏။

ထိုသို့တိုင် အတွင်း၌ ရှိနေကြသည့် သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များမှာ အသက်ရှင်လျက် ရှိနေဆဲပင်။ သူတို့ တစ်ဦးချင်းစီ၏ ဒြပ်ထုမှာ သေးငယ်လွန်းသောကြောင့် နေသုံးစင်း၏ ဧရာမ ဆွဲငင်အားကြီးက သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု အနည်းငယ်သာ ဖြစ်စေသည်။

ရှင်းလင်းစွာ နှိုင်းယှဉ်ပြရလျှင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ကို အနီးကပ် ဆွဲငင်လိုက်ပြီး ထိုကြားထဲ၌ လကို ပိတ်လှောင်ထားပါက လမှာ တစ်စစီ ဆွဲဖြဲခံရမည် ဖြစ်၏။ သို့သော် ထိုဟင်းလင်းပြင် ကွက်လပ်ထဲသို့ လူတစ်ယောက်ကိုသာ ထည့်ထားပါက လုံးဝ အထိအခိုက်မရှိဘဲ ကျန်ရှိနေမည် ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုမှ အသက်ရှင်ကျန်ရစ်သော်ငြား နတ်ဘုရားမျိုးနွယ်များ၏ မျက်နှာထက်၌ အကြွင်းမဲ့ မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းနေသည်။ စွမ်းအင်ပိရမစ်ကြီးက သူတို့၏ အရာအားလုံး ဖြစ်၏။

ဤသည်က သူတို့၏ အိမ်သက်သက် မဟုတ်ချေ။ သုတေသန ခိုလှုံရာနှင့် အနာဂတ်လည်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ တစ်ခုတည်းသော စွမ်းအင်အရင်းအမြစ် ဖြစ်နေခြင်းပင်။

နတ်ဘုရားမျိုးနွယ်များသည် ခမ်းနားကြီးကျယ်သည့် အာကာသဟင်းလင်းပြင် ခုန်ပျံမှုများနှင့် ဧရာမ စမ်းသပ်မှုများကို မည်သို့ လုပ်ဆောင်နိုင်ကြသည်နည်း။ အကြောင်းရင်းမှာ ပိရမစ်ကြီးက အကန့်အသတ်မဲ့ စွမ်းအားများ ထောက်ပံ့ပေးထားသောကြောင့်ပင်။ ထိုပိရမစ်ကြီးက နေသုံးစင်း၏ စွမ်းအင်များကို ရယူကာ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားဟု ခေါ်ဆိုကြသူ သန်းပေါင်းများစွာထံ တိုက်ရိုက် ပေးပို့ပေးခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် နတ်ဘုရားမျိုးနွယ် တစ်ဦးစီ ရရှိနိုင်သည့် စွမ်းအင်မှာ အဆုံးအစမဲ့လုနီးပါး ဖြစ်နေ၏။ ဆိုဖီယာကဲ့သို့သော နတ်ဘုရားမျိုးနွယ်ဝင် အမျိုးသမီးတစ်ဦးသည် အပန်းဖြေရန်သက်သက်ဖြင့် ပင်လယ်ပြင်တစ်ခုလုံးနှင့် သဲသောင်ပြင်တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်စွမ်း ရှိ၏။

နတ်ဘုရားမျိုးနွယ် တစ်ဦး ပျင်းရိလာပါက သန်းနှင့်ချီသည့် ထူးဆန်းသော မျိုးစိတ်များကို ချက်ချင်း ဖန်တီးနိုင်ပြီး ထိုမျိုးစိတ်များ ဆင့်ကဲပြောင်းလဲလာသည်ကို စောင့်ကြည့်ရင်း အချိန်ဖြုန်းနိုင်သည်။

ဤအရာအားလုံးက ပိရမစ်ကြီး၏ နေစွမ်းအင် စုဆောင်းမှုမှ ဆင်းသက်လာခြင်း ဖြစ်၏။ ယခုအခါ အဆောက်အအုံကြီး ပျက်စီးသွားသဖြင့် ထိုအရေးကြီးသည့် ဗဟိုချက်ကြီး ပျောက်ကွယ်သွားလေပြီ။

ကိုယ့်ဘာသာ ရပ်တည်ရပါက နတ်ဘုရားမျိုးနွယ် တစ်ဦးသည် စွမ်းအင် မည်မျှအထိ စုပ်ယူနိုင်မည်နည်း။

ပတ်ဝန်းကျင်ရှိ နေစွမ်းအင်များကို စုဆောင်းရန် ကိုယ်ပိုင်ခန္ဓာကိုယ်ကိုသာ အားကိုးရပါက အလင်းနှစ် လေးနှစ်အကွာအဝေးကို တစ်ကြိမ် ခုန်ပျံရုံဖြင့် သူတို့၏ စွမ်းအင်အားလုံး ခန်းခြောက်သွားကြမည်သာ။

ရိုးရှင်းစွာ ဆိုရလျှင် စွမ်းအင်ပိရမစ်ကြီးသာ မရှိပါက နတ်ဘုရားမျိုးနွယ်များအနေဖြင့် စကြဝဠာကို ဆက်လက် စူးစမ်းနိုင်တော့မည် မဟုတ်ချေ။ အလင်းနှစ် အနည်းငယ်ခန့်သာ ပျံသန်းပြီး စွမ်းအင် ပြန်လည်ဖြည့်တင်းရန် ကြယ်တစ်ပွင့်ကိုမျှ မတွေ့ပါက စွမ်းအင်များ ကုန်ခမ်းသွားကာ ဟင်းလင်းပြင်ထဲ၌ သေဆုံးသွားကြမည် ဖြစ်သည်။

"ဘုန်းးး ဘုန်းးး ဘုန်းးး"

ပိရမစ်ကြီးမှာ ဆက်လက် အက်ကွဲနေပင်။ ဧရာမ အပိုင်းအစကြီး နှစ်ခုအဖြစ် ကွဲထွက်သွားပြီးနောက် လေးခု ၊ ရှစ်ခု ၊ ဆယ့်ခြောက်ခု... နေသုံးစင်း၏ ဖိချေပစ်မတတ် ဆွဲငင်အားအောက်၌ အပိုင်းအစတိုင်း၏ ဒြပ်ထုမှာ လျစ်လျူရှုနိုင်သည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသည်အထိ ဆက်လက် ကွဲကြေနေမည် ဖြစ်၏။

"အရှင်တုပိုင် သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ရာကျော် ရှည်ပါစေ"

ပိရမစ်ကြီး ပြိုကျသွားပြီးနောက် အကျဉ်းချခံထားရသည့် ထောင်ပေါင်းများစွာသော နတ်ဘုရားတစ်ပိုင်းများလည်း နောက်ဆုံး၌ သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိသွားကြလေပြီ။

တုပိုင်ကဲ့သို့ပင် သူတို့သည်လည်း ရက်စက်ကြမ်းကြုတ်သည့် နတ်ဘုရားမျိုးနွယ်များ၏ စမ်းသပ်မှုများမှ သားကောင်များ ဖြစ်ကြသည်။

ဤနတ်ဘုရားတစ်ပိုင်းများကို ကမ္ဘာပျက်ခေါင်းလောင်းသံ၏ ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် သူတို့၏ မိခင်ဟင်းလင်းပြင် လောကများက မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာကို စတေးခဲ့ကြရ၏။

သူတို့သည် တစ်ချိန်က ဘုရင်များထဲမှ ဘုရင်များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် တုပိုင်ကဲ့သို့ပင် သူတို့သည်လည်း သတ်ဖြတ်ခံခဲ့ရသော ဆွေမျိုးသားချင်းများအတွက် လက်စားချေလိုသည့် ဆန္ဒများဖြင့် တောက်လောင်နေကြ၏။

သို့သော် ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားဟု ခေါ်ဆိုထားသူများ၏ ကမ္ဘာလောကသို့ တက်လှမ်းလာသည့် အခိုက်အတန့်မှာပင် သူတို့ ချက်ချင်း အကျဉ်းချခံလိုက်ရသည်။ လက်စားချေရန် ဝေးသည့်အပြင် သူတို့၏ လွတ်လပ်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရ၏။

ယခုအခါ တုပိုင်က နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ လက်စားချေခွင့် နောက်ဆုံး၌ သူတို့လက်ထဲ ရောက်ရှိလာလေပြီ။ သူတို့ မည်သို့ ဝမ်းမသာဘဲ နေနိုင်မည်နည်း။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် နတ်ဘုရားမျိုးနွယ်၏ ကောင်စီခေါင်းဆောင်ဖြစ်သည့် ပိန်လှီသော အစိမ်းရောင်အသားအရေနှင့် နတ်ဘုရားမျိုးနွယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေသည်။ သူက တုပိုင်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"မင်း ငါတို့ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါတို့ ဘယ်လောက် ပေးဆပ်ခဲ့ရလဲဆိုတာ မင်းသိလား။ ဘယ်လောက် စတေးခဲ့ရလဲဆိုတာရော သိလား။ ဒီဘုန်းကျက်သရေကို ရဖို့ ခေတ်ကာလပေါင်းများစွာ အချိန်ကုန်ခံခဲ့ရတာ... အခုတော့ မင်းက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။" ကောင်စီခေါင်းဆောင် အစိမ်းရောင်ကောင်၏ အသံမှာ တစ်ဆက်ဆက်ဖြင့် တုန်ယင်နေကာ ငိုသံပေါက်နေသည်။

တုပိုင်က နှာခေါင်းရှုံ့လိုက်၏။

"ဟက်...။ မင်းတို့ရဲ့ ရူးကြောင်ကြောင် ကစားပွဲတွေနဲ့ စမ်းသပ်မှုတွေကြောင့် ယဉ်ကျေးမှုပေါင်း ဘယ်လောက်တောင် ပျက်စီးခဲ့ရပြီလဲ။"

ကောင်စီခေါင်းဆောင်က ဒေါသတကြီး ပြန်ပြောသည်။

"အဲဒီ စမ်းသပ်ယဉ်ကျေးမှုတွေကို ငါတို့ ဖန်တီးခဲ့တာ။ အသက်ပေးခဲ့မှတော့ ပြန်ရုပ်သိမ်းဖို့ အခွင့်အရေး အပြည့်အဝ ရှိတယ်ကွ။"

တုပိုင်က လှောင်ပြုံး ပြုံးလိုက်သည်။

"နဂါးမျိုးနွယ်ကို မင်းတို့ ဖန်တီးခဲ့တာ ဟုတ်တယ်။ မိစ္ဆာတွေကိုလည်း မင်းတို့ ဖန်တီးခဲ့တာပဲ။ ဒါပေမဲ့ ကမ္ဘာမြေပေါ်က လူသားတွေကျတော့ရော... မင်းတို့ ဖန်တီးခဲ့တာလား။ မဟုတ်ဘူး။ သူတို့က စကြဝဠာထဲမှာ သဘာဝအတိုင်း မွေးဖွားလာတဲ့ ယဉ်ကျေးမှုတစ်ခုပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ စမ်းသပ်မှုတွေကြောင့် သူတို့လည်း မျိုးသုဉ်းသွားခဲ့ရတယ်လေ။ မဟုတ်ဘူးလား"

ကောင်စီခေါင်းဆောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အားကြီးတဲ့သူက အားနည်းတဲ့သူကို စားသုံးတာ ဓမ္မတာပဲ။ အဆင့်နိမ့် ယဉ်ကျေးမှုတစ်ခု အားနည်းနေတာက သူတို့ရဲ့ အပြစ်ပဲ။ သူတို့ မျိုးသုဉ်းသွားတာ သဘာဝကျတယ်။"

တုပိုင်က မျက်နှာသေဖြင့် ပြောလိုက်သည်။

"ဒါဆိုရင် အဲဒီစကား အခု မင်းတို့ကို ပြန်ပေးမယ်။"

ကောင်စီခေါင်းဆောင်၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပုံပျက်သွား၏။ မှန်သည်။ သူတို့၏ ယဉ်ကျေးမှုက အမှန်တကယ်ပင် အမြင့်မားဆုံးဖြစ်နေလျှင် တုပိုင်၏ လက်ထဲ၌ ဘာကြောင့် ဤမျှ လွယ်လွယ်ကူကူ ကျဆုံးသွားရသနည်း။ ဤသည်မှာ သူတို့ အစကတည်းက လုံလောက်အောင် အားမကြီးခဲ့ကြောင်း သက်သေပြနေခြင်းပင်။

ကောင်စီခေါင်းဆောင်က ရူးသွပ်စွာ ရယ်မောလိုက်၏။

"တုပိုင်... မင်းက ငါတို့ရဲ့ အိမ်နဲ့ ပိရမစ်ကြီးကို ဖျက်ဆီးနိုင်ပေမဲ့ ဒါနဲ့တင် ပြီးပြီလို့ တကယ် ထင်နေတာလား။"

ရုတ်တရက် သူက ဟင်းလင်းပြင်ထဲ၌ ဒူးထောက်ချလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များကလည်း သူလုပ်သည့်အတိုင်း လိုက်လံ ဒူးထောက်ကြ၏။

ကောင်စီခေါင်းဆောင်က လွတ်ဟာနေသည့် ဟင်းလင်းပြင်ဆီ ဦးညွှတ်ကာ ရိုသေစွာ ဆုတောင်းလိုက်သည်။

"အို... ကြီးမြတ်လှတဲ့ ဘုရင်... ကြီးမြတ်လှတဲ့ ဉာဏ်ပညာဘုရင်။ ကျွန်တော်မျိုးတို့ ယဉ်ကျေးမှုရဲ့ အမြင့်ဆုံး လမ်းပြရှင်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျွန်တော်မျိုးတို့လူမျိုးတွေ မျိုးသုဉ်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ကိုယ်တော် လမ်းပြပေးခဲ့တယ်။ ကိုယ်တော်က ကျွန်တော်မျိုးတို့ကို ပြန်လည်မွေးဖွားခြင်းနဲ့ အလင်းရောင် ယူဆောင်လာပေးခဲ့တယ်။ အခု ကိုယ်တော့်လူတွေ နောက်တစ်ကြိမ် ဖျက်ဆီးခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ထပ်ပေါ်လာပေးပါ။ လမ်းပျောက်နေတဲ့ သိုးသူငယ်လေးတွေကို လမ်းညွှန်ပေးတော်မူပါ။"

ပျက်စီးသွားသည့် ပိရမစ်၏ လွင့်မျောနေသည့် အပိုင်းအစများကြား၌ သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များက ထိုရွတ်ဆိုသံကို လိုက်ဆိုကြပြီး လျှို့ဝှက်ဆန်းကြယ်သော အကတစ်ခု၏ စည်းချက်ကျကျ လှုပ်ရှားမှုများ ပြုလုပ်ရင်း အဆက်မပြတ် ရှိခိုးဦးညွှတ်ကြ၏။

"ကြီးမြတ်လှတဲ့ နတ်ဘုရားတို့ရဲ့ ဘုရင်... ကျွန်တော်မျိုးတို့ရဲ့ ကြီးမြတ်လှတဲ့ ယုံကြည်ရာ။ ကျေးဇူးပြုပြီး ပေါ်လာပေးပါ။ လမ်းပျောက်နေတဲ့ သိုးသူငယ်လေးတွေကို လမ်းညွှန်ပေးတော်မူပါ။"

သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များမှာ ဟင်းလင်းပြင်အား ခေါင်းများဖြင့် တဖုန်းဖုန်း ဆောင့်ကာ အဆက်မပြတ် ရှိခိုးနေကြသည်။

"စတေးမှု စတင်ကြစို့။"

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော နတ်ဘုရားမျိုးနွယ်များက ကိုယ့်ကိုယ်ကိုယ် စတင် ဖောက်ခွဲလိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် တည်ရှိမှုမှ ဖျက်ဆီးခံလိုက်ရ၏။

ဒါဇင်ပေါင်းများစွာ ၊ ရာပေါင်းများစွာ ၊ ထောင်ပေါင်းများစွာ ၊ သောင်းပေါင်းများစွာ ၊ သိန်းပေါင်းများစွာ ၊ သန်းပေါင်းများစွာ... သူတို့၏ ဘုရင် ပေါ်လာသည်အထိ ပေါက်ကွဲမှုများကို ရပ်တန့်ကြမည် မဟုတ်ချေ။

နောက်ဆုံး၌ နတ်ဘုရားမျိုးနွယ် ၁.၉ သန်းတိတိက သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်ကြသည်။

အစုလိုက်အပြုံလိုက် ပေါက်ကွဲမှုအပြီး၌ ထွက်ပေါ်လာသည့် အကြွင်းအကျန် စွမ်းအင်များမှာ ဟင်းလင်းပြင်ထဲ၌ စတင် စုဝေးလာကာ ဖိသိပ်ခံလိုက်ရ၏။

ရုတ်တရက် ပေါင်းစပ်သွားသည့် စွမ်းအားများမှတစ်ဆင့် ထင်ရှားသည့် ပုံရိပ်တစ်ခု ဖြစ်တည်လာ၏။

ဤသည်မှာ နတ်ဘုရားတို့၏ ဘုရင်လော။

ထိုပုံရိပ်၌ လူတစ်ဦးနှင့်ဆင်တူသည့် ခေါင်း ၊ ခန္ဓာကိုယ်နှင့် ခြေလက်များ ပါရှိသည်။ သို့သော် မျက်နှာမှာ လုံးဝ ပြောင်ရှင်းနေပြီး မည်သည့် မျက်နှာအသွင်အပြင်မှ မရှိချေ။

လက်များ၌ လက်ချောင်းများ မပါရှိသလို ခြေထောက်များ၌လည်း ခြေချောင်းများ မရှိပေ။ ပို၍ ကျောချမ်းစရာကောင်းသည်မှာ ထိုဖြစ်တည်မှုကြီးက အလင်းနှင့် အရိပ်သက်သက်ဖြင့်သာ ဖွဲ့စည်းထားပြီး အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိခြင်းပင်။

အရွယ်အစားမှာ အဆုံးအစမဲ့ ကြီးမား၏။ တောက်ပနေသည့် ပုံရိပ်ကြီးက တုပိုင်၏ အမြင်အာရုံ တစ်ခုလုံးကို လုံးဝ လွှမ်းမိုးထားသည်။ မျက်လုံးများ မရှိသော်ငြား ထိုဖြစ်တည်မှုကြီးက ပျက်စီးသွားသည့် ပိရမစ်ကြီး၏ ရေတွက်၍မရနိုင်သည့် လွင့်မျောနေသော အပိုင်းအစများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသကဲ့သို့ ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။

လက်ရှိအချိန်၌ ပိရမစ် အပိုင်းအစများမှာ ကြယ်များ၏ ဆွဲငင်အားဖြင့် ထပ်မံ ဆွဲဖြဲရန် မဖြစ်နိုင်တော့လောက်အောင် သေးငယ်သည့် ဒြပ်ထုများအဖြစ် ရောက်ရှိသွားလေပြီ။

တောက်ပနေသည့် ဖြစ်တည်မှုကြီးက သူ၏ လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအင်ပိရမစ်ကြီး၏ ကျန်ရှိနေသေးသည့် အပိုင်းအစတိုင်းတို့က ဖိချေခံလိုက်ရသည်။ အချင်း ကီလိုမီတာ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းခန့် ကျယ်ဝန်းသေးသော အပိုင်းအစများမှာ ချက်ချင်းပင် သေးငယ်သည့် ဖုန်မှုန့်များအဖြစ် အမှုန့်ကြိတ်ခံလိုက်ရ၏။

လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်နှင့် ဖုန်မှုန့်များအားလုံး မျက်စိကျိန်းမတတ် အလင်းရောင်အဖြစ် တောက်လောင်သွားကြသည်။ ထိုအလင်းတန်းများက လျှင်မြန်စွာ ရွေ့လျားသွားပြီး နတ်ဘုရားတို့၏ ဘုရင်ပုံရိပ်ထဲသို့ တိုက်ရိုက် ပေါင်းစပ်သွားသည်။

အလင်းနှင့် အရိပ် ပုံရိပ်ယောင်သက်သက် မဟုတ်တော့ချေ။ သူက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးလိုက်လေပြီ။ ကီလိုမီတာ သုံးထောင်ခန့် ကျယ်ဝန်းသည့် ဧရာမ ပိရမစ်ကြီးမှာ အက်တမ်အဆင့် ဖုန်မှုန့်များအဖြစ် ကြိတ်ချေခံလိုက်ရပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တည်ဆောက်ရန် စုပ်ယူခံလိုက်ရခြင်းပင်။

ဧရာမ ပုံရိပ်ကြီးက ဆက်လက် ပြောင်းလဲကာ ပုံဖော်နေ၏။ နောက်ဆုံး၌ ပုံသဏ္ဌာန်တစ်ခုဖြင့် တည်ငြိမ်သွားပြီး ထင်ရှားသည့် လူသားမျက်နှာတစ်ခုကို ယူလိုက်သည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters