အခန်း ၁၁၁၂
Vol. 106 Ch. 1112
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
"မင်း ပိုသက်တောင့်သက်သာ ရှိစေဖို့ ငါ ဒီအသွင်ကိုသုံးပြီး စကားပြောမယ်။" နတ်ဘုရားတို့၏ဘုရင်က တည်ငြိမ်စွာဆိုသည်။ "တုပိုင်... နတ်ဘုရားဆိုတာ ဘာလဲ မင်းသိလား။"
တုပိုင်က ဖြေ၏။ "အသက်ကို ဖန်တီးနိုင်ပြီး သေဆုံးသွားသူတွေကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်တဲ့ တည်ရှိမှုမျိုးပေါ့။"
နတ်ဘုရားတို့၏ဘုရင်က ခေါင်းညိတ်လိုက်သည်။ "အင်း... အသက်ကို ဖန်တီးဖို့ ၊ သေလွန်သူတွေကို အသက်ပြန်သွင်းဖို့နဲ့ အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်တာမျိုးပေါ့။"
တုပိုင်က မျက်မှောင်ကြုတ်လိုက်၏။ "ဒါဆို မင်းက ဘယ်လိုလုပ် နတ်ဘုရား ဖြစ်လာတာလဲ။"
နတ်ဘုရားတို့၏ဘုရင်က ခပ်တိုးတိုး ပြောလာသည်။ "ငါလား... အဆုံးမဲ့ သေဆုံးခြင်းတွေကြောင့်ပေါ့..."
အဆုံးမဲ့ သေဆုံးခြင်းမှတစ်ဆင့် နတ်ဘုရား ဖြစ်လာသည်လော... တုပိုင် အတွေးများသွား၏။ ကမ္ဘာမြေပေါ်၌ နတ်ဘုရားများက လူသားတို့၏ ယုံကြည်မှုကြောင့် တည်ရှိနေကြခြင်း ဖြစ်သည်။ သူတို့သည် သန်းဆယ်ဂဏန်း ၊ သန်းရာဂဏန်းမှစ၍ သန်းထောင်ပေါင်းများစွာသော လူများအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားများပင်။
ရုတ်တရက် နတ်ဘုရားတို့၏ဘုရင် လက်ထဲ၌ နာရီတစ်ခု ပေါ်လာ၏။ သူက ထိုနာရီကို ညင်သာစွာ လှုပ်ရမ်းလိုက်သည်။
"ချလွင်... ချလွင်... ချလွင်... ချလွင်..."
ကမ္ဘာပျက်ခေါင်းလောင်းသံ.... ထိုအသံသည် တုပိုင်အတွက် ရင်းနှီးနေသည်ထက်ပင် ပိုကာ မေ့ဖျောက်၍မရနိုင်သည့် အရာဖြစ်၏။ ထိုကံကြမ္မာဆိုး ကျရောက်သည့် နေ့ရက်၌ ခေါင်းလောင်းသံ မြည်ဟည်းလာချိန်၌ သူ၏ မိဘနှစ်ပါး၏ စိတ်ဝိညာဉ်များ ဖျက်ဆီးခံလိုက်ရသည်။
ထို့နောက် သူ၏ ဇနီးနှင့် သားသမီးများ အပါအဝင် ကမ္ဘာမြေပေါ်ရှိ ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများနှင့် တာ့နင်အင်ပါယာရှိ ရေတွက်၍မရနိုင်သော လူသားအားလုံး အမြစ်ပြတ် ချေမှုန်းခံခဲ့ရ၏။
နတ်ဘုရားတို့၏ဘုရင်က ပြုံးသည်။ "အရှင်တုပိုင်... မင်း ဒီခေါင်းလောင်းသံနဲ့ တော်တော်လေး ရင်းနှီးနေလောက်ပြီ။"
"ချလွင်... ချလွင်... ချလွင်..."
ကမ္ဘာပျက်ခေါင်းလောင်းသံက ဆက်လက် မြည်ဟည်းနေဆဲပင်။ နေသုံးစင်းကြားရှိ ဝေဟင်၌ ရပ်နေရင်း တုပိုင်က သူ၏ စိတ်စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ထား၏။ သူ၏ စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် အမှန်တရားတစ်ခုကို မျက်မြင်တွေ့လိုက်ရသည်။
မရေမတွက်နိုင်သည့် သက်ရှိပေါင်းများစွာတို့က သေကြေပျက်စီးနေကြရ၏။ ဟင်းလင်းပြင် ကမ္ဘာလောက တစ်ခုပြီးတစ်ခုရှိ ယဉ်ကျေးမှုများမှာ လုံးဝ အမြစ်ဖြတ် ချေမှုန်းခံနေရသည်။
ကမ္ဘာပျက်ခေါင်းလောင်းသံက အကြောင်းပြချက်မရှိဘဲ ဘယ်သောအခါမျှ မြည်ဟည်းလေ့မရှိချေ။ ထိုအသံ ထွက်ပေါ်လာချိန်တိုင်း မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာ မျိုးသုဉ်းခြင်းနှင့် ယဉ်ကျေးမှုတစ်ခုလုံး ပျက်သုဉ်းခြင်းကို နိမိတ်ပြနေခြင်းပင်။
နေမင်းပမာ နွေးထွေးပြီး နွေဦးလေပြေလို သက်တောင့်သက်သာရှိလှသည့် အပြုံးမျိုးဖြင့် နတ်ဘုရားတို့၏ဘုရင်က ပြော၏။ "အရှင်တုပိုင်... မင်းရဲ့လူတွေ ၊ ရေတွက်မရနိုင်တဲ့ မိစ္ဆာတွေနဲ့ နဂါးတွေအားလုံးအတွက် လက်စားချေချင်တယ်ဆိုရင် မင်း ရှာရမှာ ငါ့လူတွေကို မဟုတ်ဘူး။ ငါ့ကိုပဲ။ ဘာလို့လဲဆိုတော့ အခြေခံအားဖြင့် သူတို့က နတ်ဘုရားမျိုးနွယ် လုံးဝ မဟုတ်လို့ပဲ။ သူတို့က စက်ရုပ်တွေ သက်သက်ပဲ။"
သူက လက်ကို ညင်သာစွာ မြှောက်လိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်ရှိနေသေးသည့် သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များမှာ နေရာမှာပင် အေးခဲသွားပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ဤမြင်ကွင်းက တုပိုင်အတွက် အလွန်တရာ ရင်းနှီးနေ၏။ ရုပ်ရှင်တစ်ခုကို ခေတ္တရပ်ထားလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
နတ်ဘုရားတို့၏ဘုရင်က သက်ပြင်းချလိုက်သည်။ "အရှင်တုပိုင်... မင်း လက်စားချေချင်ရင် ငါ့ဆီကိုပဲ လာရမယ်။ ငါ့ရဲ့ ဒီ လူတွေက ငါဖန်တီးထားတဲ့ ကိရိယာတွေထက် မပိုဘူး။ သူတို့က အလုပ်သမား ပုရွက်ဆိတ်တွေ ဒါမှမဟုတ် စက်ရုပ်တွေလိုပဲ။ မင်း နားလည်မယ့် စကားနဲ့ပြောရရင် သူတို့က နတ်ဘုရားအဆင့် ဉာဏ်ရည်တုနဲ့ ညီမျှတယ်။ ပြဿနာက သူတို့ ဒီအချက်ကို လုံးဝ မသိကြတာပဲ။ သူတို့ကိုယ်သူတို့ သက်ရှိတွေ ၊ အစစ်အမှန် နတ်ဘုရားမျိုးနွယ်တွေလို့ တကယ် ယုံနေကြတာ။"
ယခုအခါ မျက်လုံးများကိုပင် မလှုပ်ရှားနိုင်တော့သည့် သန်းပေါင်းများစွာသော မသေမျိုး နတ်ဘုရားမျိုးနွယ်များကို တုပိုင် လှမ်းကြည့်လိုက်မိရာ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။
နတ်ဘုရားတို့၏ဘုရင်က ဆက်ပြောသည်။ "မင်းရဲ့ ဦးနှောက်ကိုသုံးပြီး စဉ်းစားကြည့်စမ်း။ သောင်းနဲ့ချီတဲ့ ဟင်းလင်းပြင် ကမ္ဘာလောကတွေကို ခြယ်လှယ်နိုင်စွမ်းရှိတဲ့ နတ်ဘုရားမျိုးနွယ်က တကယ်ပဲ ဒီလောက် ပျော့ညံ့ပါ့မလား။ မင်းရဲ့ အလွယ်တကူ သတ်ဖြတ်တာကို ခံရပါ့မလား။ ထပ်ပြီး စဉ်းစားကြည့်ပါဦး..."
သူက ရယ်မောလိုက်၏။ "ဟားဟား... ရေတွက်မရနိုင်တဲ့ ဂြိုဟ်တွေနဲ့ ဟင်းလင်းပြင် ကမ္ဘာလောကတွေကို ထိန်းချုပ်ထားတဲ့ နတ်ဘုရားမျိုးနွယ်ရဲ့ အိမ်က သာမန် နေသုံးစင်းရဲ့ အလွယ်တကူ ဆွဲဖြဲတာကို ခံရပါ့မလား။"
နတ်ဘုရားတို့၏ဘုရင်က သက်ပြင်းချလိုက်ပြန်၏။ "တုပိုင်... မင်းရဲ့ တွေးခေါ်ပုံက အရမ်း တည့်တိုးဆန်လွန်းတယ်။ နတ်ဘုရားတစ်ပါးမှာ ဇီဝရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်တစ်ခု ရှိရမယ်လို့ မင်း အမြဲတမ်း ယူဆနေတယ်။ လူပဲဖြစ်ဖြစ် ၊ ပင်လယ်လိပ်စိမ်းတစ်ကောင်ပဲဖြစ်ဖြစ် ၊ ရေဘဝဲတစ်ကောင် ဒါမှမဟုတ် အလင်းနဲ့ အရိပ်အစုအဝေး တစ်ခုပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းရှေ့မှာ မြင်နေရတဲ့ ပိရမစ်ကြီးက ငါပဲ။ ပိရမစ်တစ်ခုက ဘာလို့ နတ်ဘုရား မဖြစ်နိုင်ရမှာလဲ။"
ထို့နောက် နတ်ဘုရားတို့၏ဘုရင်က သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားပြီး အစစ်အမှန် ပုံစံဖြစ်သည့် ပျက်စီးယိုယွင်းခြင်းမရှိသော ဧရာမ ပိရမစ်ကြီးတစ်ခုအဖြစ် ထင်ရှားလာ၏။ မမြင်ရသည့် အင်အားတစ်ခုက လက်ချောင်းဖြင့် ခေါက်လိုက်သကဲ့သို့ လေထုထဲ၌ လှိုင်းထသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင် ယခုလေးတင် သတ်ဖြတ်လိုက်သည့် မရေမတွက်နိုင်သော နတ်ဘုရားမျိုးနွယ်များမှာ တစ်ဦးပြီးတစ်ဦး ပြန်လည် ပေါ်လာကြသည်။ ယခင်က ဖုန်မှုန့်အဖြစ် ပေါက်ကွဲသွားခဲ့သူများပင် ပါဝင်၏။
တုပိုင်က အမှုန့်ဖြစ်သည်အထိ ထိုးသတ်ခဲ့သည့် ဆိုဖီယာပင်လျှင် ပြန်လည် ဖွဲ့စည်းလာ၏။ သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ်များမှာ စက်မဖွင့်ရသေးသော စက်ရုပ်များနှင့် အတိအကျတူညီစွာ ဝေဟင်၌ အေးခဲလျက် ပြန်လည် ပေါ်လာကြသည်။
နတ်ဘုရားတို့၏ဘုရင်က တည်ငြိမ်စွာ ပြော၏။ "တုပိုင်... မင်းမှာ လွဲမှားတဲ့ အယူအဆတွေ အများကြီး ရှိနေတယ်။ ယဉ်ကျေးမှုတစ်ခုဆိုတာ အသက်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားရမယ်လို့ မင်း အမြဲတမ်း ယူဆနေတယ်။ ဒါပေမဲ့ နတ်ဘုရားဆိုတာ အမြဲတမ်း အထီးကျန်ဆန်တယ်။ အနည်းဆုံးတော့ ငါတစ်ယောက်တည်းက ယဉ်ကျေးမှုတစ်ခုလုံးကို ကိုယ်စားပြုတယ်။"
တုပိုင်က သူ၏ အစောပိုင်း အတွေးကို ထပ်မံ ရေရွတ်လိုက်၏။ "အဆုံးမဲ့ သေဆုံးခြင်းမှတစ်ဆင့် နတ်ဘုရား ဖြစ်လာသည်..."
နတ်ဘုရားတို့၏ဘုရင်က ခေါင်းညိတ်သည်။ "အင်း... အတိအကျပဲ။"
တုပိုင်က တင်းမာသည့် လေသံဖြင့် မေးသည်။ "ဒါဆို မင်း ဘာလို့ ရေတွက်မရနိုင်တဲ့ ဟင်းလင်းပြင် ကမ္ဘာလောကတွေကို သတ်ဖြတ်ပြီး ရေတွက်မရနိုင်တဲ့ ယဉ်ကျေးမှုတွေကို အမြစ်ဖြတ်နေတာလဲ။ ပြီးတော့ မရေမတွက်နိုင်တဲ့ အသက်တွေကို သတ်နေတာလဲ။"
နတ်ဘုရားတို့၏ဘုရင်က အေးအေးလူလူပင် ပြော၏။ "အသက်တစ်ခုကို အဆုံးသတ်ဖို့ အကြောင်းပြချက် လိုလို့လား။ အသက်ဆိုတာ အမြင့်မားဆုံး စွမ်းအင်ပုံစံပဲ။ တချို့ နတ်ဘုရားတွေက မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ ယုံကြည်မှုကို ခံရပြီး အဲဒီကနေ ဧရာမ စွမ်းအားတွေကို ရရှိကြတယ်။ ဒါပေမဲ့ တခြား နတ်ဘုရားတွေကျတော့ ရေတွက်မရနိုင်တဲ့ အသက်တွေကို သတ်ဖြတ်ခြင်းကနေ အားကောင်းလာကြတယ်... ငါ့လို နတ်ဘုရားမျိုးတွေပေါ့။"
တုပိုင် ချက်ချင်းပင် သဘောပေါက်သွား၏။ "ဒါဆို ယုံကြည်မှု လမ်းစဉ်လိုပဲ သတ်ဖြတ်ခြင်း လမ်းစဉ်ကလည်း မသေမျိုးဖြစ်ခြင်းဆီ ဦးတည်တာပေါ့။"
နတ်ဘုရားတို့၏ဘုရင်က လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ "အရှင်တုပိုင်... မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်။ ငါဖန်တီးထားတဲ့ ဒီအဆင့်မြင့် စွမ်းအင်စက်ရုပ်တွေက မင်းကို လုံးဝ မယှဉ်နိုင်ခဲ့ဘူး။ သန်းနဲ့ချီတဲ့ ဉာဏ်ရည်တုတွေကို မင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခဲ့လို့ ငါကိုယ်တိုင် ထွက်လာရတဲ့အထိ ဖြစ်သွားတာပဲ။"
ထို့နောက် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "ကဲ... မင်းကို ငါ သတ်ရမယ့် အချိန်ရောက်ပြီ။ မင်းရဲ့ မသေမျိုးဖြစ်ခြင်းဆိုတဲ့ နည်းလမ်းကလည်း မဆိုးပါဘူး။ မင်းက မင်းရဲ့ စိတ်ဝိညာဉ်ကို လုံးဝ တည်ငြိမ်နေတဲ့ နေရာတစ်ခုထဲမှာ... အချိန်တောင် ရပ်တန့်နေတဲ့ ဟင်းလင်းပြင် တစ်ခုထဲမှာ ပိတ်လှောင်ထားတာကိုး။"
"ဒါကြောင့် မင်းရဲ့ စိတ်ဝိညာဉ်က သဘာဝအရကို ပျက်သုဉ်းသွားလို့ မရဘူး။ တစ်ချိန်တည်းမှာပဲ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အပြင်ကမ္ဘာမှာ သွားလာနေတယ်။ ဘယ်လောက်ပဲ ဖျက်ဆီးခံရပါစေ ၊ အနက်ရောင် တွင်းနက်ထဲ ပစ်ချခံရရင်တောင်မှ အသက်ပြန်ရှင်လာနိုင်တယ်။ ဒါတွေအားလုံးက အချိန်ရပ်တန့်နေတဲ့ အဲဒီနေရာထဲမှာ မင်းရဲ့ စိတ်ဝိညာဉ်က မပျက်မစီး ဆက်ရှိနေလို့ပဲ။"
တုပိုင် ဆွံ့အ တိတ်ဆိတ်သွား၏။
နတ်ဘုရားတို့၏ဘုရင် ပြောသည်မှာ မှန်ကန်၏။ အရာအားလုံးက မိခင်ဖြစ်သူ ပေးထားခဲ့သည့် ထိုလျှို့ဝှက်ဆန်းကြယ်သော ဆွဲကြိုးလေးကြောင့်ပင်။ ထိုစဉ်က ကမ္ဘာပျက်ခေါင်းလောင်းသံ မြည်ဟည်းလာချိန်၌ နဂါးများနှင့် မိစ္ဆာများအားလုံးက သူတို့၏ စွမ်းအားများကို တုပိုင်ထံသို့ စတေးခဲ့ကြသည်။ ထိုအချိန်က တုပိုင်သည် မှန်တစ်ချပ်ကို ကြည့်နေရသကဲ့သို့ ခံစားခဲ့ရ၏။ မှန်ထဲ၌ ရှိနေသည်က မိစ္ဆာတုပိုင်ဖြစ်ပြီး အပြင်ဘက်၌ ရှိနေသည်က နဂါးတုပိုင် ဖြစ်သည်။
တုပိုင် နှစ်ယောက် တစ်သားတည်း ပေါင်းစည်းတော့မည့်ဆဲဆဲမှာပင် သူ၏ မိဘနှစ်ပါး၏ စိတ်ဝိညာဉ်များက ဆွဲကြိုးထဲမှ ထွက်ပေါ်လာပြီး ပျက်စီးမှုဒဏ်ကို အပြည့်အဝ ခံယူသွားခဲ့ကြသည်။ တစ်ဖန် တုပိုင်၏ ကိုယ်ပိုင် စိတ်ဝိညာဉ်မှာလည်း ဆွဲကြိုးထဲသို့ ဝင်ရောက်သွားခဲ့၏။
ဤစွမ်းအင်ဆွဲကြိုးက ဘယ်ကနေ ရောက်လာသနည်း။ သူ မသိချေ။ သူ၏ မိခင်ထံမှ အမွေရရှိထားသည့် မှတ်ဉာဏ်များထဲ၌ပင် ထိုအရာ၏ မူလအစနှင့် ပတ်သက်သော မှတ်တမ်း မရှိပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုးကို တုပိုင်နှင့် သူ၏မိခင်တို့ နှစ်ဦးစလုံး၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည့် အရာဝတ္ထုတစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
မိဘများ၏ စိတ်ဝိညာဉ်များက ဆွဲကြိုး၏ အပြင်ဘက်၌သာ ကပ်တွယ်နိုင်ခဲ့ကြသည်။ သို့သော် တုပိုင်၏ စိတ်ဝိညာဉ်ကမူ အတွင်းဘက် ဟင်းလင်းပြင်ထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့၏။
ဆွဲကြိုး၏ အတွင်းဘက် နယ်ပယ်မှာ တုပိုင်၏ နားလည်နိုင်စွမ်းထက် များစွာ ကျော်လွန်နေသည်။ ထိုနေရာထဲ၌ အချိန် အပါအဝင် အရာအားလုံးက လုံးဝ တည်ငြိမ်နေ၏။ အချိန်က ရပ်တန့်နေသောကြောင့် တုပိုင်၏ စိတ်ဝိညာဉ်မှာလည်း ထာဝရ အေးခဲသွားပြီး သဘာဝအလျောက်ပင် ထာဝရ အသက်ကို ရရှိသွားခြင်း ဖြစ်သည်။
တုပိုင်က သူ၏ စိတ်ဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုး၏ ဟင်းလင်းပြင်ထဲ၌ ဖျောက်ကွယ်ထားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အပြင်ကမ္ဘာ၌ လှုပ်ရှားခွင့် ပေးထားသည်။ ဆွဲကြိုးကိုယ်တိုင်ကမူ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုထဲ၌ လုံခြုံစွာ ပုန်းကွယ်နေ၏။ ဤသည်က တုပိုင်၏ မသေမျိုးဖြစ်ခြင်းဟု ဆိုအပ်သည့် အရာနောက်ကွယ်မှ လျှို့ဝှက်ချက်ပင်။
ယခုအခါ နတ်ဘုရားတို့၏ဘုရင်က ထိုအရာကို အကဲခတ်မိသွားလေပြီ။
ထို့အတွက်ကြောင့်ပင် မကြာသေးမီက မိုဟန်ကို ကမ္ဘာမြေသို့ အမြန်ပြန်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်၏။ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ လျှို့ဝှက်ဆန်းကြယ်သည့် ထိုဆွဲကြိုးကို ယူဆောင်ပြီး ကမ္ဘာမြေနှင့် အဝေးဆုံး နေရာတစ်ခု၌ ဖျောက်ထားရန် သူမအား တုပိုင် ညွှန်ကြားခဲ့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။