အခန်း ၁၁၁၃
Vol. 106 Ch. 1113
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
နတ်ဘုရားတို့၏ဘုရင် အက်ကွဲကြောင်းတစ်ခုကို ညင်သာစွာ ဆွဲဖြဲလိုက်ပြီး အတွင်းသို့ လက်လှမ်းကာ လူတစ်ယောက်ကို ဆွဲထုတ်လိုက်၏။
ထိုသူမှာ လည်ပင်း၌ လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုးတစ်ကုံး ဆွဲထားသော မိုဟန်ပင်။
မိုဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အားးး ဒါ ဘယ်နေရာလဲ။ ငါ ဘယ်ရောက်နေတာလဲ။"
နတ်ဘုရားတို့၏ဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ သာမန်လူတစ်ယောက်၏ အရွယ်အစားနှင့် တူညီသွားသည်အထိ ဆက်တိုက် သေးငယ်လာ၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သည့် ဆွဲကြိုးကို ညင်သာစွာ ကောက်ယူလိုက်သည်။
နတ်ဘုရားတို့၏ဘုရင်က မေးသည်။
"တုပိုင်...။ ဒါ ဘာလဲဆိုတာ မင်း သိလား။ ဒါက ကမ္ဘာမြေပေါ်မှာ ငါချန်ခဲ့တဲ့ ငါ့ရဲ့ ဆွဲကြိုးပဲ။ ကျယ်ပြောလှတဲ့ စကြဝဠာကြီးက အရမ်းကို ကြီးမားလွန်းလို့ ကမ္ဘာလောကတွေကို မှတ်သားဖို့အတွက် အမှတ်အသားတွေ ချထားဖို့ လိုအပ်တယ်။ ဒီအပေါ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အမှတ်အသားကို မင်း မြင်လား။ မင်းတို့ရဲ့ ဘာသာစကားနဲ့ဆိုရင် ဒါက ၄၉၆၈၉၉ လို့ အဓိပ္ပာယ်ရတယ်။"
နတ်ဘုရားမျိုးနွယ်၏ ပိရမစ်ကြီးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့စဉ်က သူ့ကို နံပါတ် ၄၉၆၈၉၉ ဟု ခေါ်ဆိုခဲ့သည်ကို တုပိုင် မှတ်မိသွား၏။
နတ်ဘုရားတို့၏ဘုရင်က ပြုံးသည်။
"ဒါက ငါ လွှင့်ပစ်လိုက်တဲ့ အမှတ်အသားသက်သက်ဆိုတာ ရှင်းနေပေမဲ့ မင်းကတော့ အသက်ကယ်တင်ရှင်လိုကို ဆုပ်ကိုင်ထားခဲ့တယ်။ ဘယ်လောက်တောင် အသိဉာဏ်ကင်းမဲ့ပြီး ချစ်စရာကောင်းလိုက်သလဲ။ ဒီလိုမျိုး အမှတ်အသားတွေ ငါ့ဆီမှာ အများကြီး ရှိသေးတယ်။"
ချက်ချင်းပင် မရေမတွက်နိုင်သည့် ဆွဲကြိုးများက တုပိုင်၏ မျက်စိရှေ့၌ ထွက်ပေါ်လာ၏။
ထိုအရာများပေါ်၌ လျှို့ဝှက်ဆန်းကြယ်သည့် အမှတ်အသားများ ရှိနေသည်။ ထောင်ပေါင်းများစွာ ၊ သောင်းပေါင်းများစွာ ၊ သိန်းပေါင်းများစွာသော ဆွဲကြိုးများပင်။
သူ၏ ယဉ်ကျေးမှုများကို ဖျက်ဆီးပြီး အသက်များကို အဆုံးသတ်သည့် ကစားပွဲထဲ၌ ဟင်းလင်းပြင် ကမ္ဘာလောကများ ၊ ဂြိုဟ်များနှင့် ကမ္ဘာများ အရမ်းကို များပြားလွန်းသည်။
ထို့ကြောင့် သူက ထိုအရာများကို တစ်ခုချင်းစီ မှတ်သားထားရခြင်း ဖြစ်၏။
ဤသည်မှာ စွမ်းအင်ချိတ်ဆက်မှုတစ်ခုအဖြစ်လည်း အလုပ်လုပ်ပြီး သူ၏ စွမ်းအင်စက်ရုပ်များကို နေအဖွဲ့အစည်းအတွင်းရှိ ဟင်းလင်းပြင် စစ်ပွဲအား အလင်းနှစ် ၄.၂ နှစ်အကွာအဝေးမှနေ၍ ထိန်းချုပ်နိုင်စေသည်။
နတ်ဘုရားတို့၏ဘုရင်က ပြုံးလျက် ပြောသည်။
"ဒီဆွဲကြိုးရဲ့ အတွင်းပိုင်းက အချိန်ရပ်တန့်နေတဲ့ သီးခြား စကြဝဠာတစ်ခုလိုပဲ။ ဒီလောက် အဆင့်မြင့်တဲ့ အရာတစ်ခုကို ငါကလွဲပြီး တခြားဘယ်သူကများ ဖန်တီးနိုင်မယ်လို့ မင်း ထင်နေတာလဲ။ ကဲ... အရှင်တုပိုင် ၊ မင်းက အရမ်း ဆော့ကစားတတ်ပြီး ပြဿနာတွေ အများကြီး ဖန်တီးခဲ့ပေမဲ့ မင်းနဲ့ပတ်သက်တဲ့ ကစားပွဲကတော့ နောက်ဆုံးမှာ ပြီးဆုံးသွားပြီ။ နှုတ်ဆက်လိုက်ပါတော့။"
နတ်ဘုရားတို့၏ဘုရင်သာ ဆွဲကြိုးကို ဖိချေပစ်လိုက်ပါက တုပိုင် လုံးဝ သေဆုံးသွားရမည်သာ။
ထိုအခိုက် တုပိုင်က ရုတ်တရက် ပြောလိုက်သည်။
"နေဦး။ နတ်ဘုရားတို့ရဲ့ဘုရင်... မင်းကို မေးခွန်းနှစ်ခု မေးချင်တယ်။"
နတ်ဘုရားတို့၏ဘုရင်က ခေါင်းညိတ်၏။
"အင်း...။ ပြောလေ။"
တုပိုင်က ဆိုလိုက်သည်။ "ငါ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို အသက်ပြန်ရှင်လာစေချင်တယ်။ နည်းလမ်းနှစ်ခု ငါ တွေးထားတယ်။ ပထမနည်းလမ်းက အချိန်ကို နောက်ပြန်ဆုတ်ဖို့ပဲ။ ငါက အလင်းထက် မြန်တဲ့အလျင်နဲ့ သွားမယ်ဆိုရင် အချိန်က နောက်ပြန်လည်သွားပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ဆီ ငါ ပြန်သွားနိုင်မယ်။ အဲဒီအခါကျရင် ကမ္ဘာကြီး ပျက်စီးရမယ့် ကံကြမ္မာကို ငါ ပြောင်းလဲပစ်နိုင်မယ်။ ဒီနည်းက အလုပ်ဖြစ်ပါ့မလား။"
တုပိုင်၏ အဆိုပြုချက်ကိုကြားသော် နတ်ဘုရားတို့၏ဘုရင်က ခေါင်းရမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး။"
တုပိုင်က ထပ်မေးသည်။
"ဒုတိယနည်းလမ်းက စကြဝဠာထဲက တွင်းပေါက်တစ်ခုကို ရှာပြီး အတိတ်ကို ပြန်သွား ၊ ကမ္ဘာကြီးကို ကယ်တင်ဖို့ပဲ။ ဒါရော အလုပ်ဖြစ်မလား။"
နတ်ဘုရားတို့၏ဘုရင်က ထပ်မံ၍ ခေါင်းခါလိုက်၏။
"ဒါလည်း မဖြစ်နိုင်ဘူး။"
တုပိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။
"ဒါဆိုရင်... မင်းကို သတ်လိုက်မယ်ဆိုရင် ငါ့မိသားစုကို အသက်ပြန်ရှင်လာအောင် လုပ်ပြီး ကမ္ဘာမြေ ပျက်စီးမယ့်အရေးကို တားဆီးနိုင်မလား။"
နတ်ဘုရားတို့၏ဘုရင်က ပြုံးသည်။
"သေချာတာပေါ့။ အရင်က မင်းကို ငါ ပြောဖူးသားပဲ။ တချို့ နတ်ဘုရားတွေက မရေမတွက်နိုင်တဲ့ သက်ရှိတွေရဲ့ ယုံကြည်မှုဆီကနေ စွမ်းအားတွေကို ရကြတယ်။ တခြား နတ်ဘုရားတွေကျတော့ ရေတွက်လို့ မရနိုင်တဲ့ အသက်တွေကို သတ်ဖြတ်ခြင်းကနေ စွမ်းအားတွေ ရကြတယ်။ ငါက ဒုတိယအမျိုးအစားပဲ။ ဒါကြောင့် ငါ ဆက်ပြီး သတ်ဖြတ်နေရမယ်။ နေအဖွဲ့အစည်းထဲက လူသားတွေကို သတ်ရုံနဲ့ မလုံလောက်ဘူး။ မိစ္ဆာမျိုးနွယ်နဲ့ နဂါးမျိုးနွယ်ကို ဖန်တီးဖို့အတွက် လူသား မျိုးဗီဇတွေကို အသုံးပြုဖို့လည်း ငါ လိုအပ်ခဲ့တယ်။ ဒါက အသားပိုရဖို့အတွက် ဝက်တွေကို မသတ်ခင် အဆီတက်အောင် ကျွေးမွေးရတာနဲ့ အတူတူပဲ။"
"နံပါတ် ၄၉၆၈၉၉ ၊ မင်းရဲ့ ကစားပွဲ လုံးဝ ပြီးဆုံးသွားပြီ။"
မိုဟန်၏ လက်ကို တုပိုင် ဆုပ်ကိုင်ထားလိုက်၏။ သူ အဆင်သင့် ဖြစ်နေလေပြီ။
နတ်ဘုရားတို့၏ဘုရင်က ဆွဲကြိုးကို ညင်သာစွာ ညှစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆွဲကြိုးမှာ လုံးဝ ပျက်စီးသွားတော့၏။
အတွင်းရှိ ဟင်းလင်းပြင်မှာ အက်ကွဲသွားပြီး တုပိုင်၏ စိတ်ဝိညာဉ်က လွင့်မျောထွက်လာသည်။
ထို့နောက် နတ်ဘုရားတို့၏ဘုရင်က မည်သည့် လှုပ်ရှားမှုမျှ မလုပ်တော့ချေ။ တုပိုင်အား သတ်ရန်အတွက် လှုပ်ရှားစရာ မလိုအပ်ချေ။
သူက ပြုံးရုံသာ ပြုံးပြီး တုပိုင်အား နွေးထွေးသည့် မျက်ဝန်းများဖြင့် ကြည့်နေ၏။ တုပိုင်နှင့် မိုဟန်၏ စိတ်ဝိညာဉ်များမှာ တစ်လက်မချင်းစီ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လာကြသည်။
တစ်ချိန်တည်းမှာပင် သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်းများမှာ မီးထဲသို့ ပျံဝင်သွားသည့် ပိုးဖလံများကဲ့သို့ တုပိုင်ဆီသို့ ပြေးဝင်လာကြ၏။ သို့သော် သူတို့ကို နတ်ဘုရားတစ်ပိုင်းများဟု ခေါ်ရန် မမှန်ကန်လှချေ။ အတိအကျ ဆိုရလျှင် သူတို့သည် နတ်ဘုရားများ၏ ကျရှုံးသွားသည့် စမ်းသပ်ခံများပင်။
သူတို့တွေအနေဖြင့် တုပိုင်ကို ကယ်တင်ရန် သူတို့၏ အသက်များကို စတေးလိုကြသည်။
"ဝှီးးး ဝှီးးး ဝှီးးး" နတ်ဘုရားတစ်ပိုင်း တစ်ဦးစီတိုင်းသည် တစ်ချိန်က ဘုရင်များထဲမှ ဘုရင်များ ဖြစ်ခဲ့ဖူးကြ၏။ သူတို့သည် ဟင်းလင်းပြင် ကမ္ဘာလောကတိုင်းရှိ ဘီလီယံနှင့်ချီသည့် သက်ရှိများ၏ မျှော်လင့်ချက်များနှင့် ယုံကြည်မှုများကို သယ်ဆောင်ထားကြသည်။
ယခုအခါ သောင်းနှင့်ချီသည့် စမ်းသပ်ခံတို့က သူတို့၏ ယုံကြည်မှုနှင့် မျှော်လင့်ချက်အားလုံးကို တုပိုင်ထံ ပေးအပ်လိုက်ကြသည်။
သူတို့၏ အသက်များနှင့် စိတ်ဝိညာဉ်များကို တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ထိုးသွင်းပေးလိုက်ကြ၏။
နတ်ဘုရားတို့၏ဘုရင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်းက ရေတွက်လို့မရနိုင်တဲ့ ဟင်းလင်းပြင် ကမ္ဘာလောကတွေရဲ့ ယုံကြည်မှုကို သုံးပြီး နတ်ဘုရားအသစ်တစ်ပါး ဖန်တီးချင်နေတာလား။ နောက်ကျသွားပြီ။"
ဟင်းလင်းပြင် ကမ္ဘာလောက သောင်းပေါင်းများစွာ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည့် ဘုရင်များ ဖြစ်ကြသော သောင်းနှင့်ချီသည့် စမ်းသပ်ခံများ အားလုံးသည် တုပိုင်ကို ကယ်တင်ရန် သူတို့ကိုယ်သူတို့ စတေးလိုက်ကြသည်။
နတ်ဘုရားတို့၏ဘုရင်သည်လည်း လက်မြှောက်ကာ ရိုက်ချရန် အသင့်ပြင်လိုက်၏။
သို့သော် တုပိုင်က ထိုတိုက်ခိုက်မှုကို စောင့်မနေချေ။ သူသည် ကိုယ့်အသက်ကို အရင်ဆုံး အဆုံးသတ်ရန် ရွေးချယ်လိုက်သည်။
"ဘုန်းးး" မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်နှင့် မိုဟန်၏ ခန္ဓာကိုယ်များမှာ လုံးဝ ပျက်စီးသွားတော့၏။
ဤတစ်ကြိမ်၌မူ သူ ဘယ်တော့မှ အသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်ချေ။
နတ်ဘုရားတို့၏ဘုရင်က သူ၏ မျက်လုံးတို့ကို မှိတ်ကာ ထိုခံစားချက်ကို ခံစားလိုက်သည်။ ဤသည်မှာ စွမ်းအား၏ အရသာပင်။
သေဆုံးခြင်းက မသေမျိုးဖြစ်ခြင်းကို ယူဆောင်လာသည်။ ရေတွက်၍ မရနိုင်သည့် အသက်များ သေဆုံးခြင်းက သူ့ကို ပို၍ပို၍ အားကောင်းလာစေ၏။
"တုပိုင် ၊ မင်း သိလား။ အဲဒီ နောက်ဆုံးအခိုက်အတန့်မှာ မင်းက ရေတွက်လို့ မရနိုင်တဲ့ ဟင်းလင်းပြင် ကမ္ဘာလောကတွေရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ထားခဲ့တယ်။ ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး မင်းက အစစ်အမှန် နတ်ဘုရားတစ်ပါး နီးပါးတောင် ဖြစ်သွားခဲ့တယ်...။ အင်း...။ နှမြောစရာပဲ...။"
**--**--**--**--**--**--**--**
အချိန်အတန်ကြာပြီးနောက် နတ်ဘုရားတို့၏ဘုရင်သည် ကီလိုမီတာ ၃၀၀၀ ရှည်လျားသည့် ဧရာမ စွမ်းအင်ပိရမစ်ကြီးအဖြစ် ပြန်လည် ပြောင်းလဲသွား၏။ ပိရမစ်ကြီးအတွင်းရှိ သန်းပေါင်းများစွာသော အဆင့်မြင့် ဉာဏ်ရည်တုများမှာ အေးခဲနေဆဲပင်။
ရုတ်တရက် သူတို့၏ မျက်လုံးများ လှုပ်ရှားလာကာ ပြန်လည် အသက်ဝင်လာကြသည်။ ဆိုဖီယာက သူမ၏ အခန်းထဲ၌ ထွက်ပေါ်လာပြီး သက်ပြင်းချလိုက်၏။
"နတ်ဘုရားမျိုးနွယ်က ပြိုင်ဘက်ကင်းတယ်။ အရမ်းကို အထီးကျန်ပြီး ပျင်းစရာကောင်းတာပဲ။"
ထို့နောက် သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သူမ၏ အခန်းမှာ သမုဒ္ဒရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝတ်အစားများ ပျောက်ကွယ်သွားကာ ရေကူးရန် ရေထဲသို့ ခုန်ချလိုက်၏။
တုပိုင်နှင့် ပတ်သက်သမျှ အရာအားလုံးအပြင် ပိရမစ်ကြီး ဆွဲဖြဲခံလိုက်ရသည့် မှတ်ဉာဏ်များအားလုံး လုံးဝ ပျောက်ကွယ်သွားလေပြီ။
မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ဖူးသကဲ့သို့ပင်။
သန်းပေါင်းများစွာသော အဆင့်မြင့် ဉာဏ်ရည်တုများသည် သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်း နတ်ဘုရားမျိုးနွယ်ဟု ဆက်လက် ယုံကြည်နေကြဆဲပင်။ သူတို့သည် ရေတွက်၍မရနိုင်သည့် ဟင်းလင်းပြင် ကမ္ဘာလောကများ ပျက်စီးခြင်းကို စနစ်တကျ ပြန်လည် ထိန်းချုပ်နေကြ၏။
**--**--**--**--**--**--**--**
တုပိုင်၏ မျက်လုံးများ ပွင့်လာပြန်သည်။ တုပိုင် အံ့ဩသွားရသည်။ သူ့ရှေ့ရှိ မြင်ကွင်းမှာ ငရဲမျှော်စင်၏ ကိုးလွှာမှ ထွက်လာပြီး နတ်ဘုရားအဆင့် ပိရမစ်ကြီးကို ပထမဆုံးအကြိမ် တွေ့လိုက်ရစဉ်ကထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေ၏။
ဤနေရာက မည်သည့်နေရာနည်း။ ငရဲ၏ ဂလက်ဆီတစ်ခုလော။ စကြဝဠာ၏ မြေအောက်ကမ္ဘာနယ်မြေလော။
ရေတွက်၍မရနိုင်သည့် သေလွန်သူတို့၏ စိတ်ဝိညာဉ်များသည် အဆုံးအစမဲ့ စီးဆင်းနေသည့် ကြယ်မြစ်ကြီး တစ်စင်းကို ဖြစ်တည်နေစေသည်။
သေလွန်သူတို့၏ စိတ်ဝိညာဉ် မည်မျှ ရှိနေသည်နည်း။ သူ မသိချေ။
သန်းပေါင်းများစွာ ၊ ဘီလီယံပေါင်းများစွာ သို့မဟုတ် ဘီလီယံဆယ်ဂဏန်းပေါင်းများစွာမျှ မကဘဲ ထိုထက် များစွာ ပိုမို၏။ လူသားများ ၊ နဂါးများ ၊ မိစ္ဆာများ ၊ ဝိညာဉ် သက်ရှိများ ၊ စွမ်းအင် သက်ရှိများနှင့် အခြားအရာများစွာ ပါဝင်၏။
အတိုချုပ်ဆိုရလျှင် မတူညီသည့် သက်ရှိပုံစံ သောင်းပေါင်းများစွာ ရှိနေခြင်းပင်။ ထိုသူတို့ အားလုံးမှာ တစ်ချိန်က ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှုများကို တည်ဆောက်ခဲ့ဖူးသော အသိဉာဏ်မြင့်မားသည့် သက်ရှိများ ဖြစ်ကြသည်။
ဤရေတွက်၍မရနိုင်သည့် သေလွန်သူတို့၏ စိတ်ဝိညာဉ်တို့က ပေါင်းစုကာ အဆုံးအစမဲ့ စီးဆင်းနေသည့် ဂလက်ဆီတစ်ခုကို ဖြစ်တည်နေကြ၏။ တချို့ နတ်ဘုရားများသည် သက်ရှိများ၏ ယုံကြည်မှုမှတစ်ဆင့် အားကောင်းလာကြသည်။
တချို့ နတ်ဘုရားများကမူ သက်ရှိများကို သတ်ဖြတ်ခြင်းဖြင့် အားကောင်းလာကြ၏။ ဤသေလွန်သူတို့၏ စိတ်ဝိညာဉ် ဂလက်ဆီကြီးမှာ နတ်ဘုရားတို့၏ဘုရင်၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအရင်းအမြစ်ပင်။
အကယ်၍ သူသာ အားကောင်းနေလိုပါက ဆက်တိုက် သတ်ဖြတ်နေရမည်သာ။ အသက်ဆိုသည်မှာ အမြင့်မားဆုံး စွမ်းအင်ပုံစံပင်။ ဤနေရာ၌ နေအဖွဲ့အစည်းနှင့် ကြယ်သုံးပွင့် ဒေသတို့၏ ရောင်ပြန်ဟပ်မှုများကို တုပိုင် မြင်တွေ့လိုက်ရသည်။
ဤသည်မှာ ထာဝရ သေခြင်းတရား၏ နယ်မြေလော။
ဤနေရာရှိ သေလွန်သူတို့၏ စိတ်ဝိညာဉ်များအားလုံးမှာ မြစ်တစ်စင်းထဲရှိ ရေပေါက်လေးများကဲ့သို့ပင်။ သူတို့သည် အဆုံးအစမဲ့ ရှေ့သို့သာ စီးဆင်းနေနိုင်၏။ သူတို့အနေဖြင့် မျက်လုံးဖွင့်ခြင်း သို့မဟုတ် လှုပ်ရှားခြင်းများ မပြုလုပ်နိုင်ကြချေ။
တစ်ဦးတည်းသော လှုပ်ရှားနိုင်သူမှာ တုပိုင်ပင်။ တုပိုင် ထာဝရ စိတ်ဝိညာဉ်မြစ်ကြီးထဲသို့ ဖြတ်သန်း ပျံသန်းသွားလိုက်သည်။ သူ၏ ဇနီးနှင့် သားသမီးများကို ရှာရန် ကြိုးစားနေခြင်းပင်။
အချိန်တစ်ခုကြာပြီးနောက် ရန်ယဲ့ရှောင်၏ စိတ်ဝိညာဉ် ၊ တုရှောင်၏ စိတ်ဝိညာဉ်နှင့် ဖန်ရှောင်၏ စိတ်ဝိညာဉ်တို့ကို တွေ့လိုက်သည်။ အားလုံးကို တွေ့၏။
နင်းရွှဲ့၏ စိတ်ဝိညာဉ်ကိုလည်း တွေ့၏။ သူမလေးသည် လအနည်းငယ်သာ အရွယ်ရှိသေးသည့် ကလေးလေးတစ်ဦးကို သူမ၏ ရင်ခွင်ထဲ၌ ပိုက်ထားသည်။
သူ၏ ဇနီးများနှင့် သားသမီးများ အားလုံးကို တုပိုင် တွေ့သွားလေပြီ။ သို့သော်... တုပိုင်အနေဖြင့် သူတို့ကို ကြည့်ရုံသာ ကြည့်နေနိုင်၏။ သူတို့ကို အသက်ပြန်ရှင်လာအောင် ၊ နိုးထလာအောင်မပြောနှင့် ထိပင် မထိနေနိုင်ချေ။
ရေတွက်၍မရနိုင်သည့် အခြား သေလွန်သူတို့၏ စိတ်ဝိညာဉ်များနှင့်အတူ သူတို့က ကြယ်တာရာမြစ်ကြီးကို ဖြစ်တည်ကာ အဆက်မပြတ် စီးဆင်းနေကြသည်။
"ငါ သူတို့ကို အသက်ပြန်ရှင်လာစေချင်တယ်။ အရာအားလုံးကို နောက်ပြန်လှည့်ချင်တယ်။ အရာအားလုံးကို ကယ်တင်ချင်တယ်။"
တချို့ နတ်ဘုရားများက ရေတွက်၍ မရနိုင်သည့် အသက်များကို သတ်ဖြတ်ခြင်းဖြင့် အားကောင်းလာကြ၏။
တချို့ နတ်ဘုရားများကမူ ရေတွက်၍ မရနိုင်သည့် အသက်များ၏ ယုံကြည်မှုမှတစ်ဆင့် အားကောင်းလာကြသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။